အပိုင်း ၃
Viewers 672

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၃.၁

 

 

အကောင့်ထဲသို့ဝင်၍ အသေးစိတ်များကို ဖတ်ကြည့်လိုက်သောအခါ ဒီတာဝန်၏ ခက်ခဲမှုနှင့် အန္တရာယ်ရှိနိုင်ချေများကြောင့် app သည် ဒီတစ်ခုအား ရေရှည်လုပ်ဆောင်ရမည့်အရာဟု သတ်မှတ်ထားကြောင်း တွေ့ရသည်။ သည့်အပြင် ဒီတာဝန်ကို လုပ်ဆောင်နေစဉ်မှာပင် အခြားသောတာဝန်များကို ကျန်းယွီလက်ခံနိုင်ပေသည်။

 

 

မည်သို့ပင်ဆိုစေ လက်ရှိသူမ၏ ငွေရေးကြေးရေးအခြေအနေကတော့ အတော်ကို ဆိုးရွားနေသည်ပင်။

ဤတာဝန်အောင်မြင်သည်နှင့် ဆုကြေးယွမ်သန်း၃ရာရမည် ဆိုသော်ငြားလည်း ဒီကိစ္စတကယ်ပဲ အောင်မြင်နိုင်မည်လားဆိုတာ မည်သူမှမသိနိုင်ပေ။

 

 

သို့သော်ငြားလည်း ကျန်းယွီတစ်ယောက် သူမ၏လက်ရှိရင်ဆိုင်နေရသော အခြေအနေကို သေချာလေးစဉ်းစားဆင်ခြင်မိလေ၏။ ညနေမှာတော့ ကျန်းမန့်ယီသည် ဘဲလေးအကသင်တန်းအတွက် သင်တန်းကြေးသွင်းမည့်အစား ကျောင်းစရိတ်သွင်းလိုက်ရန် ကျန်းယွီအား ပြောနေလေသည်။

 

 

ကျန်းယွီ၏ ကျောင်းသည် ပေချန်မြို့တွင် အကောင်းဆုံးပုဂ္ဂလိကကျောင်းတစ်ခု ဖြစ်လေသည်။ ထို့အတူ ကျောင်းစရိတ်သည်လည်း အတော်ကို တနင့်တပိုးပင်။

 

 

ကျန်းမန့်ယီသည် ကျန်းယွီ၏ ပညာရေးနှင့်ပတ်သတ်လာလျှင် အတော်ကိုခေါင်းမာလှ၏။ ကျန်းယွီသာ အကောင်းဆုံးကျောင်းနှင့် အကောင်းဆုံးတက္ကသိုလ်ကိုသာ တက်ခွင့်ရမည်ဆိုလျှင် သူမဘဝကိုပါ ပေးဆပ်ဖို့ဆန္ဒရှိနေသည်ပင်။

 

 

ကျန်းယွီအက,ကခြင်းကို အမေမနှစ်သက်ကြောင်းကိုလည်း ကျန်းယွီသိ၏။ အတိတ်ဘဝကလည်း ထိုအကြောင်းကြောင့်ပင် သားအမိနှစ်ယောက် မကြာခဏ ရန်ဖြစ်ခဲ့ရသေးသည်။ ယခုအချိန်တွင်တော့ စကားများခြင်းဟာ မည်သည့်အရာကိုမျှ မဖြေရှင်းနိုင်ကြောင်း ကျန်းယွီသိလာခဲ့ပြီ။ ထို့ကြောင့်လည်း အမေ့သဘောအတိုင်းပင် သင်တန်းကြေးအစား ကျောင်းစရိတ်သွင်းရန်ကိစ္စကို အလွယ်တကူပင် ခေါင်းငြိမ့်လက်ခံလိုက်လေတော့သည်။

 

 

ယခု သူမတွင် ပိုက်ဆံရှာရန်နည်းလမ်းရှိနေပြီ ဖြစ်သောကြောင့် သင်တန်းကြေးအတွက် သူမကြံဖန်နိုင်မည် ဖြစ်သောကြောင့်ပင်။ ကျန်းမန့်ယီလည်း သူ့သမီးတစ်ယောက် ယခုလို အလွယ်တကူလက်ခံလိုက်ခြင်းအပေါ် အနည်းငယ်တော့ သံသယဝင်မိလေ၏။

 

 

“နင် အဲ့ကောင်လေးကို သွားရှာပြန်ဦးမလို့လား? သူကနင့်ကို ပိုက်ဆံပေးတယ်လား?”

 

 

ကျန်းယွီလည်း အမေ့အား ချစ်ဖို့ကောင်းသည်ဟု တွေးမိကာ ပြုံးပြ၍ ပြန်ဖြေလိုက်လေသည်။

 

 

“မဟုတ်ပါဘူး မေမေရယ်”

 

 

သို့သော်လည်း ကျန်းမန့်ယီမှာ သူမကိုမယုံပါ။

 

 

“အမေ သမီးကို အရင်ထဲကပြောပြီးသားနော်.. အဲ့ကောင်လေးက သိပ်ကောင်းတာမဟုတ်ဘူး။ သမီးက ငယ်ပါသေးတယ်.. အခုချိန်မှာ အချစ်ကျွံထဲ နွံနစ်နေမယ့်အစား ကိုယ့်စာကိုယ်ပဲ အာရုံစိုက်သင့်တာ”

 

 

ကျန်းမန့်ယီပြောနေသော ‘အဲ့ကောင်လေး’ မှာ သူမ၏ အတိတ်ဘဝက သူဌေးယောင်္ကျားဖြစ်သူ ဟော့ချန်သာ ဖြစ်ပေသည်။ မြောက်ပိုင်းမြို့က ချမ်းသာကြွယ်ဝလှသော လူချမ်းသာများအကြားတွင် ထိုသူသည် ဆိုးရွားအကျည်းတန်လှသော သူ၏စိတ်ရင်းအား ဖုံးကွယ်ထားသူတစ်ဦးသာ။

 

 

အထက်တန်းကျောင်းတက်နေစဉ်မှာပင် ဟော့ချန်သည် ကျန်းယွီအား အသေအကြေပိုးပန်းခဲ့သည်။ သူမအတွက်လည်း ပိုက်ဆံအမြောက်အမြားသုံးပေးခဲ့ပြီး သူမကို အတော်လေးချစ်ပုံလည်း ပေါက်ခဲ့သည်။ နောက်ပိုင်းမှ သိလာခဲ့ရသည်မှာ သူမသည် သူ့အချစ်ဦးနေရာမှာ အစားထိုးခံသက်သက်သာ ဖြစ်နေခဲ့ကြောင်းပင်။

 

 

သူ့အချစ်ဦးဖြစ်သူ ထောင်ယူရှင်း၏ မိသားစုနောက်ခံသည် သူမထက်ပင် နိမ့်ကျနေသေး၏။ သို့သော်ငြား ယူရှင်းသည်ကား အမြဲတမ်း သူမကိုယ်သူမအတွက် ကြိုးစားရုန်းကန်နေသော သူတစ်ဦးပင်။ အာဏာကြီးသူများကိုလည်း မချဉ်းကပ်သလို ဟော့ချန်၏ မိသားစုနောက်ခံကြောင့်လည်း သူမကိုယ်သူမ တန်ဖိုးလျော့ချမပေးခဲ့ပေ။

 

 

ဟော့ချန်သည် ယူရှင်းအား မရနိုင်ခဲ့သော်လည်း သူမနှင့် အလွန်တရာမှ ဆင်တူပြီး၊ တူညီသော ဘဝပေးအခြေအနေရှိသည့် ကျန်းယွီအား ရှာတွေ့ခဲ့လေသည်။ ထို့ကြောင့်ပင် ကျန်းယွီအား သွေးဆောင်ဖြားယောင်းကာ ပိုးပန်းခဲ့ပြီး နောက်ဆုံးတွင် သူမကို ရခဲ့ပေသည်။

 

 

အတိတ်ဘဝက ကျန်းယွီသည် သိမ်ငယ်စိတ်အလွန်များပြား၍ သူရဲဘောကြောင်တတ်ကာ အငုံစိတ်ရှိသူတစ်ဦးပငိ ဖြစ်သည်။ ထို့ကြောင့် သူမဘဝ၏ ကယ်တင်ရှင်ဖြစ်နိုင်သော ဟော့ချန်အပေါ် သူမမှီခိုခဲ့မိသည်။ လက်ထပ်ပြီးမှသာ ဟော့ချန်၏ စရိုက်အမှန်ကို သိခဲ့ရသည်ပင်။

 

 

ဟော့ချန်သည် ထောင်ယူရှင်း၏ အချစ်ကို မရနိုင်ခဲ့သည့်အတွက် ကျန်းယွီအား အိမ်ထဲမှာပင် ပိတ်လှောင်ထားကာ ထစ်ခနဲရှိတိုင်း သူမအားရိုက်နှက်၊ ဆဲဆို၍ သူ့ဒေါသများအားလုံးကို ကျန်းယွီအပေါ် ပုံချခဲ့လေသည်။

 

 

လက်ထပ်ပြီးချိန်မှစ၍ ကျန်းယွီသည် အတော်ပင် နှိပ်စက်ခံခဲ့ရသည်ပင်။ ထို့နောက် ကံကောင်းထောက်မစွာဖြင့် ဟော့ချန်တစ်ယောက် ချူးလီလက်ထဲတွင် သေခဲ့ရလေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် သူမကိုကယ်တင်ခဲ့သူမှာ ချူးလီမဟုတ်ပါပေလား။

 

 

ချူးလီအား လူမှုဆက်ဆံရေးညံ့ဖျင်းပြီး လက်လွတ်စပယ် ထင်တိုင်းကြဲတတ်သော လူသတ်သမားဟု သတင်းများက ဆိုကြလေသည်။ သို့သော်လည်း ဟော့ချန်လိုလူမျိုးကို သတ်ရခြင်းအတွက် အကြောင်းအရင်းလိုခဲ့သည်ဟုလည်း သူမ,မထင်ပေ။ အရှိကိုအရှိတိုင်းပြောရလျှင် သူမကို ငရဲခန်းထဲမှ ဆွဲထုတ်ပေးခဲ့သည်မှာ ချူးလီပေတည်း။

 

 

“ငါပြောတာကို နားထောင်နေရဲ့လား”

 

 

ကျန်းမန့်ယီတစ်ယောက် ကျန်းယွီ၏ နဖူးကိုတောက်လိုက်ပြီး စိတ်ရှုပ်နေဟန်ဖြင့် ဆက်ပြောလိုက်သည်။

 

 

“အဲ့ကောင်လေးကို ထပ်သွားမရှာနဲ့တော့လို့ ငါပြောနေတာ။ ဟုတ်တယ် သူကချမ်းသာတာမှန်တယ်.. အခုချိန်မှာ နင့်ကိုအလိုလိုက်နေနိုင်တယ်။ ဒါပေမယ့် အနာဂတ်မှာ နင့်အပေါ် သူဘယ်လိုဆက်ဆံမလဲဆိုတာ ဘယ်သူကသိနိုင်မှာတဲ့လဲ”

 

 

ဒီလိုစကားမျိုးများသာ အတိတ်မှာကြားခဲ့ရသည်ဆိုလျှင် ကျန်းယွီသည် အမေ့ကို ပြန်ခံငြင်းမိပေလိမ့်မည်။ အခုတွင်တော့ အရာအားလုံးကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီဖြစ်သဖြင့် အမေ့၏ လူကဲခတ်ဖြတ်နိုင်စွမ်း ဘယ်လောက်မှန်ကြောင်း သိလာခဲ့ပြီ။ ဘယ်သူဟာ ဘယ်လိုဖြစ်ကြောင်း အမေ့၏ အကဲဖြတ်မှုက အမြဲတမ်းပင် မှန်ကန်ခဲ့ပါသည်လား။

 

 

“သမီး ဟော့ချန်ကို စိတ်ထဲက ထုတ်လိုက်ပြီးပါပြီ”

 

 

ဆက်လက်၍ အမေ့အား ကျန်းယွီတစ်ယောက် စိတ်ရှည်လက်ရှည်ရှင်းပြလိုက်၏။

 

 

“သူများကို အားကိုးတာထက် ကိုယ့်ကိုယ်ကိုယ်အားကိုးတာကသာ အကောင်းဆုံးဆိုတာကို သမီးနားလည်လာပြီလေ”

 

 

ကျန်းမန့်ယီ ထင်နေခဲ့သည်မှာ ဟော့ချန်အကြောင်းပါသည်နှင့် သားအမိနှစ်ယောက် အချေအတင်ဖြစ်တော့မည်ဟုပင်။ ယခုတွင်ကား မည်သည့်ကတ်သီးကတ်ဖဲ့ စကားမျိုးမှလည်း မပြောသလို တည်ငြိမ်စွာဖြင့်ပင် ပြန်တုံ့ပြန်နေသဖြင့် ကျန်းယွီတကယ်ကို မှင်သက်နေမိသည်။

 

 

အရင်က အလွန်တရာကို ဆတ်ဆတ်ထိမခံ၊ သိမ်ငယ်စိတ်များပြီး ဒေါသပေါက်ကွဲလွယ်သော ကျန်းယွီတစ်ယောက် ဒီရက်ပိုင်း အများကြီးပြောင်းလဲသွားသည်ကို ကျန်းမန့်ယီ သတိထားမိသည်။ အရင်ကနှင့် လားလားမျှမဆိုင်သော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်းပင်။

 

 

ကျန်းမန့်ယီလည်း သူမ၏သမီးအား မယုံသင်္ကာစွာဖြင့် ကြည့်လိုက်၍ မေးလိုက်သည်။

 

 

“တကယ်ပြောနေတာလား”

 

 

“တကယ်ပေါ့… သမီးကတိပေးတယ်”

 

 

နောက်ဆုံးတွင်တော့ ကျန်းမန့်ယီလည်း စိတ်သက်သာရာ ရသွားကာ သက်ပြင်းတစ်ချက်ချလိုက်၍ ကျန်းယွီ၏ ခေါင်းလေးအား ပုတ်လိုက်လေသည်။

 

 

“လိမ်လိမ်မာမာနေနော်… ပြီးတော့ စာပဲသေချာကြိုးစား။ ဘဲလေးအကဆိုတာ အမေတို့လို ဆင်းရဲတဲ့မိသားစုတွေ စိတ်ကူးယဉ်သင့်တဲ့အရာ မဟုတ်ဘူး။ သေချာတွေးပါဦးကလေးရယ်”

 

 

ကျန်းယွီတစ်ယောက် ဘာမှပြန်မပြောဘဲ အေးအေးဆေးဆေးသာ အစားစားနေလိုက်သည်။

 

 

နောက်တစ်နေ့တွင်တော့ ကျန်းယွီ အကသင်တန်းကိုသွားကာ သူမရခဲ့သောပိုက်ဆံဖြင့် နောက်တစ်ဖြတ်အတွက် ငွေပေးချေလိုက်လေသည်။ တစ်ချိန်တည်းမှာပင် အရင်တစ်ဖြတ်က ပေးရန်ကျန်သော သင်တန်းကြေးများကိုလည်း ပေးချေနေလေ၏။

 

 

ဤအကသင်တန်းအား လင်းချူဟုခေါ်ပြီး ၎င်းသည် ပေချန်မြို့တွင် အကျော်ကြားဆုံးသော ဘဲလေးအကသင်တန်းသာ ဖြစ်လေသည်။ သူမ၏အတိတ်ဘဝတွင် သင်တန်းကြေးများအတွက် ပိုက်ဆံမရှိခဲ့သောကြောင့် ဟော့ချန်ကိုသာ အားထားခဲ့ရလေသည်။

 

 

ဒီတစ်ကြိမ်တွင်တော့ ကျန်းယွီတစ်ယောက် ထိုကဲ့သို့ ကိုယ်တိုင်မရပ်တည်နိုင်သည့် ဘဝအခြေအနေသို့ ပြန်သွားမည်မဟုတ်ပါ။ ဘဲလေးအကသည် သူမ၏ အိပ်မက်ဖြစ်ပြီး ဤအရာကို ဆုံးခန်းတိုင်အောင် လုပ်ချင်သည်။

 

 

ငွေရှင်းကောင်တာ၌ သူမ၏ နည်းပြဟောင်းဖြစ်သော ဟွမ်ရှင်းအား တွေ့လိုက်ရသည်။ ဟွမ်ရှင်းသည် အသက် ၃၀ ဝန်းကျင်ရှိပြီး နိုင်ငံတွင်းဘဲလေးအကပြိုင်ပွဲတွင် ပထမရခဲ့ဖူးသူ ဖြစ်သည်။ ပေချန်တွင်ရှိသော ဘဲလေးအကနည်းပြများအနက်လည်း နာမည်အကြီးဆုံးပင်။

 

 

သို့သော်ငြားလည်း ကမ္ဘာကိုထိုးဖောက်နိုင်လောက်မည့် အရည်အချင်းများ မရှိလေသဖြင့် ကျော်ကြားသောဘဲလေးကချေသည်တစ်ဦး မဖြစ်လာခဲ့ပေ။ မည်သို့ပင်ဆိုစေ ဤနယ်ပယ်ထဲက လူတစ်ယောက်အတွက်မူ ထမင်းစား လက်မှတ်ကောင်းတစ်ခု ရှာနိုင်ဖို့သည် လွယ်ကူသည့်ကိစ္စတစ်ရပ်ပင်။

 

 

ကံကောင်းထောက်မစွာဖြင့်လည်း သူမ၏ ဘဲလေးအကစွမ်းရည်များကြောင့် ပေချန်မြို့၏ ချမ်းသာကြွယ်ဝသော စီးပွါးရေးသမားတစ်ဦးအား ဆွဲဆောင်နိုင်ခဲ့ပြီး ချမ်းသာသောအသိုင်းအဝိုင်းထဲသို့ ဝင်ဆန့်နိုင်ခဲ့ပေသည်။ ဘဲလေးအကမှ ချီးမြင့်သော သူမဘဝ၏ အကြီးမားဆုံးဆုလာဒ်တစ်ခုပင်။

 

 

ထို့ကြောင့် ဟွမ်ရှင်းသည် ဆရာမတစ်ဦးဖြစ်နေသော်လည်း အလွန်တရာမှ ပါရမီထူးလှသော ကျန်းယွီအား မနာလိုဖြစ်လေသည်။ ဒီ့ထက်ပို၍ ကျန်းယွီအား မနှစ်သက်ရသည့်အချက်မှာ သူမအပေါ် ဆက်ဆံပုံကြောင့်ပင်။

 

 

လင်းချူမှ ကျောင်းသားတိုင်းသည် ဆရာများအား လေးစားစွာဖြင့် ဆက်ဆံကြသည်။ ပွဲတော်များ၊ အားလပ်ရက်များ ရောက်သည့်အခါတိုင်းလည်း ဆရာများအတွက် စာအိတ်အနီပေးကြသည်မှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်။ သို့သော်လည်း ကျန်းယွီသည်တော့ သူမအား တစ်ခါလေးမှပင် စာအိတ်အနီမပေးခဲ့ဖူးပေ။

 

 

ဟွမ်ရှင်းခံစားရသည််မှာ ကျန်းယွီသည် သူမကိုယ်သူမ ပါရမီထူးသည်ဟု ခံယူထားသည့်အတွက် ဟွမ်ရှင်းကို အထင်မကြီးခြင်း ဟူ၍ပင်။

 

 

ထို့ကြောင့် ကျန်းယွီတစ်ယောက် ငွေရှင်းကောင်တာသို့ သွားနေတာကို မြင်သဖြင့် ဟွမ်ရှင်းလည်း နောက်မှလိုက်သွားလေသည်။

 

 

အချိန်ထပ်ပေးရန် ဘဏ္ဍာရေးဆရာမအား တောင်းတောင်းပန်ပန်နှင့် ပြောဆိုဦးမည်ဟု ထင်မိသဖြင့်၊ သူမကိုယ့်ဆန္ဒအလျောက် ကျောင်းထွက်သွားတော့လည်း အကောင်းဆုံးပေါ့ဟုဆိုကာ မထီမဲ့မြင်လုပ်၍ အရှက်ခွဲဦးမည်ဟု တွေးလိုက်သည်။

 

 

ကျန်းယွီလည်း ငွေရှင်းကောင်တာတွင် လုပ်ရိုးလုပ်စဉ်များကို လုပ်ဆောင်နေလေသည်။ ဟွမ်ရှင်းတစ်ယောက် အနားရောက်လာ၍ တံခါးကိုမှီကာ သရော်သောလေသံဖြင့် စပြောလိုက်သည်။

 

 

“ကျန်းယွီ သင်တန်းကြေးတွေ အကြွေးတင်နေပြန်ပြီလား? ပိုက်ဆံမရှိဘူးဆိုရင်လည်း ဆက်ကမနေပါနဲ့တော့။ အချိန်တိုင်း နင့်သင်တန်းကြေးတွေကို အချိန်ဆွဲပြီးစောင့်ပေးရလောက်အောင် ငါတို့လင်းချူက ပရဟိတစင်တာလည်းမဟုတ်ဘူး”

 

 

သူမ၏စကားများအား ကျန်းယွီ မကြားချင်ယောင်သာဆောင်နေလိုက်ပြီး ခေါင်းကိုသာငုံ့၍ ဖောင်ကိုဖြည့်နေလိုက်သည်။

 

 

ဟွမ်ရှင်းလည်း ကျန်းယွီရှက်သွားသည်ထင်သဖြင့် ဆက်ပြောလိုက်လေသည်။

 

 

“ငါတို့ကျောင်းက တစ်ခြားကျောင်းသားတွေကို ကြည့်လိုက်စမ်းပါ.. နောက်ခံမကောင်းတဲ့ ကျောင်းသားရှိလို့လား? အခုတော့ နင့်ကိုကြည့်လိုက်စမ်းပါဦး.. ဒီလောက်ဆင်းရဲနုံချာနေတာကို ဒီလိုအနုပညာကို မှန်းရဲသေးတယ်။ အတော်ရီရတဲ့ဟာပဲ”

 

 

ကျန်းယွီသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြုံးလိုက်လေသည်။

 

 

သူမပြောနေတာတွေကို ဂရုမစိုက်ဟန်ဖြင့် ပြုံးနေသောကြောင့် ဟွမ်ရှင်းလည်း စိတ်ကသိကအောက်ဖြစ်သွားကာ မကျေမနပ်ပြန်မေးလိုက်သည်။

 

 

“ဘာပြုံးစရာရှိလို့လဲ”

 

 

ကျန်းယွီလည်း အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြကာ“တီချယ်က ရီစရာတွေပြောနေတာကိုး.. အဲ့တော့ ပြုံးမိတာပေါ့”

 

 

“နင်..”

 

 

ဟွမ်ရှင်းအတော်ကို အံ့အားသင့်မိသွား၏။ ကျန်းယွီ၏ နဂိုအကျင့်အရဆိုလျှင် အချိန်အတန်ကြာသည်အထိ ဒေါသကြောင့် ငိုနေပေလိမ့်မည်ပင်။

 

 

‘ဒီနေ့ သူဘယ်လိုတောင် တည်ငြိမ်နေတာလဲ’

 

 

ဟွမ်ရှင်းလည်း သူမအရှိုက်မထိသေးဘူးထင်၍ ဆက်ပြောလိုက်လေသည်။

 

 

“ဒါပေါ့ နင့်လိုဆင်းရဲတဲ့လူတစ်ယောက်က ဘဲလေးအကကို ဘယ်လိုလုပ် တတ်နိုင်မှာတဲ့လဲ။ ဒီဟာကိုသာကောင်းကောင်းသင်နိုင်ခဲ့ရင် ရွှေလိပ်လေးတစ်ကောင်

ဖမ်းမိပြီးတော့ ယောင်္ကျားကောင်းကောင်းရမယ်လို့ ထင်နေတာမလား.. နင်ဘဲလေးအကကို သင်ချင်ရတဲ့ တကယ့်အကြောင်းအရင်းက ဒါကြောင့်မို့လေ.. ဟုတ်တယ်မလား”

 

 

ကျန်းယွီသည် သိမ်မွေ့စွာဖြင့်ပင် “တီချယ်ဟွမ်က ဒီလိုကိစ္စမျိုးကို ကိုယ်တိုင်လုပ်ခဲ့ဖူးလို့ထင်တယ်နော်.. ဘာလို့လဲဆိုတော့ ဘယ်သူကမှ ဒီလိုတွေးမိမှာမဟုတ်ဘူးလေ”

 

 

“နင်!”

 

 

အရှိုက်ထိသွားသော ဟွမ်ရှင်းလည်း ရုတ်တရက်ဆိုသလိုပင် မျက်နှာတစ်ခုလုံး ဒေါသများဖြင့် မွှန်ထူလာလေသည်။ ကျန်းယွီသည် လူစားထိုးခံလိုက်ရသလိုပင်။ အရင်က ကျန်းယွီသာဆိုလျှင် သူမ၏ မထိမဲ့မြင်လုပ်သမျှ၊ သရော်လှောင်ပြောင်သမျှကို အတော်ခံစားနေမည်ဖြစ်သည်။ ဒီနေ့တွင်တော့ သူမ၏ထိုးနှက်မှုမှန်သမျှကို ခံနိုင်ရည်ရှိနေလေ၏။

 

 

ဟွမ်ရှင်းသည် ဆက်ပြောချင်သေးသော်လည်း ကျန်းယွီက မသိချင်ယောင်ဆောင်သွားလေသည်။ ဖောင်ဖြည့်ပြီးနောက် ငွေရှင်းကောင်တာကို ပေးလိုက်ကာ ငွေရှင်းလိုက်လေသည်။

 

 

လင်းချူ၏ သင်တန်းကြေးများမှာ တစ်ဖြတ်လျှင် ယွမ်၁သောင်းဖြစ်၏။ ယခုတွင်တော့ ကျန်းယွီတစ်ယောက် နောက်တစ်ဖြတ်အတွက်ပါ တစ်ဝက်ကြိုသွင်းခဲ့လေသည်။

 

 

ဟွမ်ရှင်းလည်း သူမ တကယ် ပိုက်ဆံသွင်းနေသည်ကို တွေ့ရသဖြင့် အံ့ဩတကြီးနှင့် မေးလိုက်လေသည်။

 

 

“နင်ပိုက်ဆံတွေ ဘယ်ကရလာတာလဲ”

 

 

 

 

 

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၃.၂

 

 

 

“တီချယ်ဟွမ့်ကို အရာအားလုံး လိုက်ရှင်းပြနေဖို့ လိုသေးတာလား?”

 

 

ဟွမ်ရှင်းလည်း သူမ ယခုကဲ့သို့ ထူးထူးဆန်းဆန်းပြုမူနေသဖြင့် ပို၍ပင် မခံနိုင်ဖြစ်လာကာ စကားကိုခပ်ကျယ်ကျယ်ပြောလာလေသည်။

 

 

“စက်ဆုပ်ဖို့ကောင်းလိုက်တာ တကယ်ပါပဲ.. နင့်လိုအရှက်မရှိတဲ့ လူမျိုးတွေက ဘဲလေးအနုပညာကို ထိခိုက်စေမှာ”

 

 

ကျန်းယွီ သူမအား လျစ်လျူရှု၍ ငွေရှင်းသည့် လုပ်ငန်းစဉ်ကိုသာ ဆက်လုပ်နေလေသည်။ အားလုံးပြီးနောက် ကိုယ့်ဟာကိုယ် လှည့်ထွက်လာလိုက်၏။ ဟွမ်ရှင်းသည်တော့ သူမနားမှာရပ်နေကြသော လုပ်ဖော်ကိုင်ဖက်များအား ကျန်းယွီအကြောင်း မကောင်းပြောရင်း ကျန်ခဲ့လေသည်။

 

 

ကျန်းယွီလည်း သူမအိတ်ကပ်ထဲမှ ဖုန်းကိုထုတ်ကာ ဖြေးဖြေးချင်း ဟွမ်ရှင်းနားသွား၍ ပြောလိုက်လေသည်။

 

 

“အော် ဒါနဲ့လေ.. စောနက တီချယ်ပြောသမျှကလေ အသရေဖျက်မှုနဲ့ စော်ကားမှုလို့ သတ်မှတ်လို့ရတယ်သိလား။ တီချယ့်ရဲ့ မဟုတ်မမှန်ပြောဆိုခဲ့တာတွေအကုန်လုံးကို ဒါကသက်သေအနေနဲ့ ကျွန်မရဲလက်အပ်မှာ။ ဒါနဲ့တင်မပြီးသေးဘူးနော်.. လင်းချူအုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေဆီကိုပါ ကျွန်မအီးမေးလ်ပို့ပြီး တိုင်ပေးဦးမှာ။ အဲ့တော့ တီချယ် စိတ်ကိုခိုင်ခိုင်ထားပြီးသာ စောင့်နေတော့နော်”

 

 

ပြောချင်တာပြောပြီးသည့်နောက် ကြက်သေသေနေသော ဟွမ်ရှင်းအပါအဝင် အနီးနားက အံ့ဩတုန်လှုပ်နေကြသောဆရာများကိုပါ မသိကျေးကျွန်ပြု၍ ကျန်းယွီတစ်ယောက် လှည့်ထွက်လာခဲ့လိုက်သည်။

 

 

ဟွမ်ရှင်းလည်း ဒီကိစ္စသည် ပေါ့သေးသေးမဟုတ်ကြောင်း ကောင်းကောင်းသိလေသည်။ ကျန်းယွီနောက်ကို အမြန်ပြေးလိုက်၍ ခက်ခက်ခဲခဲဖြင့် ညှစ်ပြုံးကာ ပြောလိုက်လေသည်။

 

 

“ကျန်းယွီ.. ဒီဆရာမက မကောင်းတာ ဟုတ်ပါတယ်။ အဲ့အသံသွင်းထားတာလေးကို ဖျက်ပေးလို့ရမလား… တီချယ်မှားသွားတာကို ဝန်ခံပါတယ်”

 

 

ဟွမ်ရှင်းတကယ်ကို တုန်လှုပ်ခြောက်ခြားပြီး ကြောက်နေသည်ဆိုတာကို ကျန်းယွီသိလေသည်။ ဒီလိုကိစ္စမျိုးသာ ပေါ်ထွက်လာခဲ့ပါက လင်းချူ၏ နာမည်ကြီးမှုနှင့်အတူ အင်တာနက်တခွင် ဟိုးလေတကျော်ကျော် ဖြစ်သွားပေလိမ့်မည်။

 

 

လင်းချူမှ နည်းပြတစ်ဦးအနေဖြင့် သူမအလုပ်ထုတ်ခံရမှာကျိန်းသေပင်။ ထိုမျှမကဘဲ ဘဲလေးအကနယ်ပယ်ထဲမှလည်း ဖယ်ကြဉ်ခံရပေလိမ့်မည်။

 

 

“ကျန်းယွီ.. တီချယ် သူများတွေကို ဒီလိုနာကျင်စေတဲ့ စကားမျိုးတွေ မပြောသင့်ဘူးဆိုတာကို တကယ်နားလည်ပါပြီ။ အဲ့ဒါကြောင့် သမီးကပဲ သဘောထားကြီးကြီးနဲ့ အဲ့အသံဖိုင်ကို ချမပြလိုက်ပါနဲ့နော်”

 

 

ဟွမ်ရှင်း၏ အတော်ဖြစ်ပျက်နေသော မျက်နှာကို မြင်ရသည်မှာ အတော်ပင်ရီစရာကောင်းလှသည်ဟု ခံစားမိလိုက်သည်။

 

 

သူများကိုတော့ စိတ်ကြိုက်အနိုင်ကျင့်တတ်ပြီး သူတို့လုပ်ရပ်ကြောင့် ဖြစ်လာတဲ့နောက်ဆက်တွဲတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရမည်ကိုကျ သေမလိုကြောက်တတ်ကြသည်လား။

 

 

အတိတ်က သူမကတော့ ဘာပြသနာမှမဖြစ်လိုသဖြင့် အမြဲလိုလို အလျော့ပေးတတ်သည်ပင်။ ထို့ကြောင့်လည်း လူများက သူမကိုပို၍ အနိုင်ကျင့်ခဲ့ကြလေသည်။

 

 

အခုတွင်လည်း နည်းနည်းလေးသာ တန်ပြန်တိုက်ခိုက်လိုက်သည်ကို ဒီလူများက ဖင်တုန်အောင်ကြောက်ပြနေကြသည်တဲ့။

 

 

ဒီအတိုင်းသာ ဆက်လုပ်လိုက်မည်ဆိုလျှင် ခဏတာ စိတ်ကျေနပ်မှုသာရပြီး တစ်ခြားမည်သည့်အကျိုးကျေးဇူးမျှ မရနိုင်ကြောင်းကိုလည်း သူမကောင်းကောင်း နားလည်လာလေပြီ။

 

 

ပြန်လည်မွေးဖွားပြီးကတည်းက သူမအတွက် အကြီးမားဆုံး ပြောင်းလဲမှုမှာ အခြေအနေတိုင်းကို လူကြီးတစ်ယောက်ကဲ့သို့ ဖြေရှင်းလာနိုင်ခြင်းပင်ဖြစ်သည်။

 

 

ကလေးတွေသာ သူတို့စိတ်ခံစားချက်တစ်ခုတည်းအတွက် လုပ်ချင်ရာကိုဇွတ်လုပ်လိုက်ကြလိမ့်မည်။ အရွယ်ရောက်ပြီးသူတွေကတော့ သူတို့အတွက် အကျိုးဖြစ်စေမည့်အရာကိုသာ ဦးစားပေးကြမည်ဖြစ်သည်။

 

 

ကျန်းယွီလည်း ဟွမ်ရှင်းအား ဝေ့မနေဘဲ ဒဲ့သာပြောလိုက်လေ၏။

 

 

“အခြေအနေနှစ်ရပ်ရှိမယ်။ တစ်.. ဒီ၃ရက်အတွင်း ကျွန်မကို တီချယ်ပြောခဲ့ဖူးသမျှ ယုတ်ညံ့လှတဲ့စော်ကားမှုတွေအတွက် တီချယ့်ရဲ့အပေါင်းအပါတွေကြားထဲ ပေါ်ပေါ်ထင်ထင် ပြန်တောင်းပန်ပေး”

 

 

“ဒါပေမယ့်…”

 

 

“ဘာလဲ မလုပ်ချင်ဘူးလား”

 

 

“ရပါတယ် ကိစ္စမရှိပါဘူး… တောင်းပန်တာလေးပဲ မဟုတ်လား”

 

 

ဟွမ်ရှင်းသည် အံကိုတင်းတင်းကြိတ်ကာ ဆက်ပြောလိုက်၏။

 

 

“ကောင်းပြီ။ အဲ့တော့ ဒုတိယတစ်ခုကဘာလဲ”

 

 

“နှစ်.. နှစ်ကုန်ကျရင်လုပ်မယ့်ပွဲမှာ ကျွန်မပါဝင်ချင်တယ်”

 

 

“ဘာ! နင်က ပွဲမှာပါချင်တယ်ပေါ့လေ?!”

 

 

ကျန်းယွီ ခေါင်းငြိမ့်ပြလိုက်၏။

 

 

“မရဘူးလေ မဖြစ်နိုင်တာတွေ! နင်ကဘယ်လိုလုပ် အဲ့ဒီ talent show မှာ ပါနိုင်မှာတဲ့လဲ?!”

 

 

နှစ်ကုန်တိုင်းတွင် Esmeralda အနုပညာစင်တာမှ ဆရာမများလာရောက်၍ လူလာရွေးတတ်ကြသည်။

 

 

Esmeralda ဆိုသည်မှာ တရုတ်ပြည်တွင် ဩဇာအာဏာအကြီးမားဆုံးသော ဘဲလေးအကစင်တာပင်ဖြစ်သည်။ တရုတ်ပြည်မှ နာမည်ကြီး ဘဲလေးကချေသည်အများစုသည် Esmeralda မှသာဖြစ်ကြသည်။ လင်းချူကဲ့သို့သော အကသင်တန်းကျောင်းနှင့်ယှဉ်လျှင် သူတို့သည် တကယ့်ကိုပင် အဆင့်အတန်းအများကြီး ကွာဟသည်ပင်။

 

 

ကျန်းယွီ လေးစားအားအကျရဆုံးသော ပုထျန်းယန်ပင် Esmeralda မှဖြစ်သည်။

 

 

Esmeralda အနုပညာစင်တာမှ ဆရာမများသည် တိုင်းပြည်အနှံ့သွား၍ ပါရမီအရှိဆုံးကျောင်းသားများအား လိုက်ရှာကာ သေချာလေ့ကျင့်သင်ကြားပေးရန် ရွေးချယ်သွားကြသည်။

 

 

ထို့ကြောင့် နှစ်ကုန်တွင်ကျင်းပမည့် ထိုပွဲသည် ကျန်းယွီ၏ တစ်ခုတည်းသော အခွင့်အရေးသာဖြစ်ပေသည်။

 

 

“ဒါက… နင်ကဘယ်လိုလုပ် ပွဲမှာပါဝင်နိုင်မှာလဲ? အဲ့ဒါကငါ့ဆုံးဖြတ်ချက်မှမဟုတ်တာ”

 

 

ဟွမ်ရှင်းသည် ချီတုံချတုံဖြင့်သာ ဆက်ပြောလိုက်လေသည်။

 

 

“ငါက အရေးကြီးဆုံးဖြတ်ချက်တွေကို ချနိုင်တဲ့ လူမှမဟုတ်ဘဲ”

 

 

“အောက်တိုဘာကျရင် အတန်းတွင်းလူရွေးပွဲရှိမှာပဲ မဟုတ်လား။ ကျွန်မအမှတ်တွေသာ မြင့်နေသရွေ့၊ ကျွန်မကလည်း လူရွေးပွဲအတွက်စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီနေသရွေ့၊ တီချယ်ဟွမ် ကျွန်မကို ဝင်ပြိုင်လို့ရအောင် ကူညီပေးနိုင်တယ်လေ.. ဟုတ်တယ်မလား?”

 

 

ဟွမ်ရှင်းသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်လေသည်။

 

 

“အဲ့တော့ နင်က Esmeralda ကိုဝင်ချင်တယ်ပေါ့.. ဒါပေမယ့် အဲ့ဒါနဲ့ပတ်သတ်ပြီးရော နင်သေချာသိရဲ့လား? သင်တန်းကြေးက အဆမတန်ကိုမြင့်တာနော်။ နင်ဝင်ခွင့်ရသွားတယ်ပဲ ထားပါဦး.. နင့်မိသားစုက တတ်နိုင်မှာတဲ့လား”

 

 

“သင်တန်းကြေးအတွက် တီချယ်ဟွမ် ပူပေးနေစရာမလိုပါဘူး.. ကျွန်မဘာသာ နည်းလမ်းရှာနိုင်ပါတယ်”

 

 

ထိုအချိန်၌ ကျန်းယွီလက်ထဲမှ အသံဖိုင်ကိုသာ စိုးရိမ်နေသဖြင့် ဟွမ်ရှင်းလည်း သူမအား သဘောတူရုံမှအပ မတတ်နိုင်ခဲ့ချေ။

 

 

ကျန်းယွီတစ်ယောက် ဘယ်လိုဖြစ်လို့ ညတွင်းချင်း တစ်ခြားလူတစ်ယောက်လို ပြောင်းလဲသွားလဲဆိုတာကို သူမ အဖြေမရှာနိုင်ခဲ့ပါ။ ကျန်းယွီသည် ဆရာများပြောစကားကို အလွန်နားထောင်သူဖြစ်ပြီး တစ်ခါမှပင် ပြန်မပြောခဲ့ဖူးချေ။ ဒီနွေရာသီကာလတစ်လျှောက်လုံး သူမဘာလို့များ သတိမမူမိသလဲဆိုတာကိုလည်း မသိတော့ပေ။

 

 

မည်သို့ပင်ဆိုစေ သူမကျန်းယွီကို အထင်မသေးရဲတော့ပါ။ ကျန်းယွီထွက်သွားသည်နှင့် သူမ၏သူငယ်ချင်းအသိုင်းအဝိုင်းဆီသို့ တောင်းပန်စာတစ်စောင်ပို့လိုက်လေသည်။

 

 

“ကျွန်မ ကျန်းယွီကို စိတ်ရင်းနဲ့တောင်းပန်ချင်ပါတယ်။ အရင်တုံးက ကျွန်မသူ့အပေါ် မသင့်လျော်သောအရာများကိုပြုလုပ်မိပြီး ဒုက္ခရောက်စေခဲ့ပါတယ်။ အမှားတွေကို သေချာပြန်သုံးသပ်ပြီးတဲ့နောက်မှာတော့ ကျန်းယွီကို စိတ်ရင်းအမှန်နဲ့ တောင်းပန်ချင်ပါတယ် - တီချယ်တောင်းပန်ပါတယ် ကျန်းယွီ”

 

 

ထိုတောင်းပန်စာလည်း ချက်ချင်းပြန့်သွားပြီး ကျန်းယွီရဲ့ ဖုန်းလည်း ဆက်တိုက်ဆိုသလို တဝီဝီနဲ့ တုန်ခါနေလေတော့သည်။ မက်ဆေ့ချ်များအားလုံးသည် ထိုအကြောင်းအရာအား ဆွေးနွေးနေကြသော အတန်းဖော်များထံမှပင်ဖြစ်သည်။

 

 

အတိတ်ဘဝတုန်းက ကျန်းယွီသည် အကသင်တန်းတွင် တကယ်ကို ဟန်ဆောင်မှုကင်းသောသူတစ်ဦး ဖြစ်ခဲ့သည်။ သူမ၏ ဆိုးရွားလှသော သိမ်ငယ်စိတ်ကြောင့် လူတိုင်းက သူမကိုနိုင်ထက်စီးနင်းပြုနိုင်ခဲ့ကြသည်။ ထိုအခိုက်အတန့်တိုင်းတွင်လည်း သူမသည် အံကိုတင်းတင်းကြိတ်ကာ ငုံ့ခံခဲ့သည်ပင်။

 

 

ထို့ကြောင့်လည်း သူမကဲ့သို့ သေးသိမ်လှသော လူတစ်ဦးက နည်းပြဟွမ်ကဲ့သို့သော လူစားမျိုးကို တောင်းပန်နိုင်အောင် ဘယ်လိုတောင်လုပ်နိုင်ခဲ့ပါသနည်း။

 

 

အတန်းထဲမှ လူတိုင်းလည်း ဤအရာအား မယုံနိုင်လောက်အောင် အံ့အားသင့်နေကြပြီး ခန့်မှန်းချက်မျိုးစုံလည်း ပေးနေကြသည်။ သို့သော်လည်း ကျန်းယွီကတော့ အကုန်လုံးကို လစ်လျူရှုကာ ဖုန်းကိုပိတ်ထားလိုက်သည်။ သူမသည် အတိတ်ဘဝတွင် တစ်ခါသေဆုံးပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ဒီဘဝကိုတော့ အသစ်တဖန်ပြန်စကာ ကောင်းမွန်စွာ ရှင်သန်ချင်မိ၏။

 

 

အိမ်ပြန်လမ်းတွင် app မှစာတစ်စောင် ရောက်လာသဖြင့် ကြည့်လိုက်ရာ ချူးလီထံမှ ဖြစ်နေလေသည်။

 

 

“ငါ့ကိုရှာတွေ့ပြီလား”

 

 

“မတွေ့သေးဘူး” ကျန်းယွီလည်း မျက်မှောင်ကြုံ့ကာ ပြန်ဖြေလိုက်သည်။

 

 

ချူးလီ - “ကျေးဇူးပြုပြီး မြန်မြန်လေးလုပ်ပေးပါလား.. ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံထားရတာ လွယ်ကူမနေဘူး”

 

 

အမှန်အတိုင်းပြောရလျှင် ဤတာဝန်ကို လက်ခံထားသော်လည်း ကျန်းယွီစိတ်ထဲတွင်တော့ အနည်းငယ်အရှက်ရမိသည်။

 

 

ချူးလီသည် လူသတ်သမားတစ်ယောက်ဖြစ်ပြီး သူမ၏ ခင်ပွန်းဟောင်းဟော့ချန်အား ဘာအကြောင်းပြချက်မှမရှိဘဲ သတ်ခဲ့သူလည်းဖြစ်သည်။

 

 

ချူးလီငယ်လေးသည်လည်း ဘာတွေကြုံတွေ့ခဲ့ရကြောင်းကို ဘုရားသာလျှင် သိလိမ့်မည်။ ဒီလိုလူမျိုးနှင့် နှစ်ပါးသွားရမည်ကို မကြောက်ဖို့မှာ မဖြစ်နိုင်သောအရာသာ ဖြစ်သည်။

 

 

သို့သော်ငြားလည်း တာဝန်ကိုလက်ခံပြီးနေပြီ ဖြစ်သောကြောင့် ကျည်ဆန်ကိုကိုက်ပြီးသာ သူမရှေ့ဆက်တိုးရတော့မည်။

 

 

“ငါ့ကိုနင့်ရဲ့ အတိတ်က အချက်အလက်တွေ ပို့ပေးလို့ရလား”

 

 

သိပ်မကြာခင်တွင် ချူးလီသည် သူမအား အိမ်လိပ်စာတစ်ခုပို့လိုက်သည်။ အမှတ်၃၄၊ နင်းယန်လမ်း ဟုဆို၏။

 

 

အမှတ်၃၄၊ နင်းယန်လမ်းသည် သူမ ရှိသောနေရာနှင့် သိပ်မဝေးပေ။ ဒီလိုနှင့် အဆောက်အအုံတစ်ချို့ကို ကျော်ဖြတ်ကာ ထိုနေရာသို့ လမ်းလျှောက်သွားခဲ့လေသည်။

 

 

ထိုနေရာသည် မြို့ဟောင်းမှ ပိုင်ဆိုင်သောနေရာဖြစ်ပြီး အိမ်ဟောင်းအများစုနှင့် ဖွဲ့စည်းထားလေသည်။ ကွေ့ပတ်ကျဉ်းမြောင်းလှသည့် လမ်းကြိုလမ်းကြားများဟာလည်း လူအများကို မျက်စိလည်စေနိုင်သေး၏။

 

 

လမ်းဘေးမှ မီးသီးများဟာလည်း အလွန်ကိုမှိန်လှ၏။ ကျန်းယွီသည် ဖုန်းမှတစ်ဆင့် ရှာကြည့်လိုက်သောအခါ နင်းယန်လမ်း၏ အနီးပတ်ဝန်းကျင်ကို ရောက်တော့မည်ဖြစ်သည်။

 

 

သို့သော် အရှေ့နားတွင် တစ်ခုခုဖြစ်နေပုံရ၏။ ကျန်းယွီရှေ့ကို မြန်မြန်လျှောက်သွားကြည့်လိုက်သောအခါ လူရမ်းကားတစ်အုပ်က ကောင်ငယ်လေးတစ်ယောက်ကို ဖယောင်းပန်းပင်အောက်တွင် ရိုက်နှက်နေသည်ကို သူမမျက်စိနှင့် တပ်အပ်မြင်လိုက်ရသည်။

 

 

ထိုကောင်ငယ်လေးသည် ၁၆နှစ် ဒါမှမဟုတ် ၁၇နှစ်သာ ရှိဦးမည်။ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီသည် ထင်ရှားပေါ်လွင်လှပြီး စူးရှသောမျက်ဝန်းတစ်စုံနှင့် ထိုကောင်ငယ်လေးသည် ရန်လိုနေသည့်အရိပ်အယောင်လေးတော့ ရှိနေလေသည်။

 

 

မြေပြင်ပေါ်တွင် လဲနေကာ ရိုက်နှက်ထိုးကြိတ်မှုများကြားတွင် ပုဇွန်ထုပ်လေးတစ်ကောင်ပမာ ကွေးညွတ်နေလေသည်။ သို့သော်လည်း သွေးများဖြင့် ပြည့်လျှံနေသော သူ၏ပါးစပ်နားတွင်ကား အေးစက်စက်အပြုံးတစ်ခုကလည်း ရှိနေသည်ပင်။

 

 

“မင်းရီရဲသေးတယ်ပေါ့ ဟုတ်လား!”

 

 

လူရမ်းကားအုပ်စု၏ ခေါင်းဆောင်ဖြစ်သူမှ သူ့အားကော်လံမှဆွဲကာ မလိုက်ပြီး မျက်နှာကို အဆက်မပြတ်ထိုးနေလေသည်။

 

 

“ရီအုံးလေ ရီ.. ထပ်ရီတာနဲ့ သတ်ပစ်မယ်!”

 

 

သို့သော်လည်း ထိုကောင်လေးမှ ရီနေဆဲဖြစ်ပြီး ရီသံမှာ ပို၍ပို၍ပင် ကျယ်လောင်လာလေသည်။ ကြားရတာပင် ရူးချင်လာစရာကောင်းလှ၏။ ငရဲ၏ အနက်ရှိုင်းဆုံးတွင်ရှိသော မကောင်းဆိုးဝါးတစ်ကောင်၏ ဟစ်ကြွေးသံအတိုင်းပင် ကြက်သီးထဖွယ်ကောင်းလွန်းသည်။

 

 

ခေါင်းဆောင်ကောင်လေးမှလည်း ထပ်ခါထပ်ခါ ထိုးကာ “လုပ်ဦးလေ ရီကြည့်စမ်းပါဦး! လုပ်လေ ဆက်ရီ!”

 

 

ထိုကဲ့သို့ အဆက်မပြတ် ရိုက်နေခြင်းကြောင့် ဘေးနားတွင် ရပ်ကြည့်နေသော ကောင်လေးများကလည်း သူတို့ခေါင်းဆောင်အား အလျင်အမြန်ဝင်ဆွဲရလေတော့သည်။

 

 

“သူသေမသွားခင် တော်လိုက်တော့”

 

 

“အမှိုက်လိုကောင်”

 

 

ခေါင်း​ဆောင်ငမိုက်လေးမှ နောက်ထပ်တစ်ချက် ဆောင့်ကန်လိုက်ကာ ဆဲဆို၍ ထွက်သွားလေသည်။

 

 

ကျန်းယွီသည်ကား လမ်းမီးတိုင်နောက်တွင် ပုန်းနေပြီး ဖုန်းကိုထုတ်ကာ ရဲကိုခေါ်ရန်ပြင်နေချိန်မှာပင် ခေါင်းဆောင်ငတိလေးထံမှ အော်ပြောသံတစ်ခုကို ကြားလိုက်ရသည်။

 

 

“ချူးလီ မင်းကလူတိုင်းကို ကိုက်ပစ်မယ့်ခွေးရူးတစ်ကောင်ပဲ.. ငရဲကိုသာသွားလိုက်စမ်းပါ”

 

 

သိပ်မကြာခင်မှာပဲ ထိုငမိုက်လေးများ အဝေးသို့ထွက်သွားကြလေသည်။ ဆူညံသံများအားလုံး ပျောက်ကွယ်သွားသဖြင့် ညသည် ပို၍ပင် တိတ်ဆိတ်လာကာ ကမ္ဘာကြီးတစ်ခုလုံး အိပ်မောကျသွားသယောင်ပင်။

 

 

ချူးလီ၏ မျက်နှာတစ်ဝက်မှာ ရွှံထဲတွင် နစ်မြှုပ်နေပြီး သွေးများကြားမှ မျက်လုံးကို ဖွင့်ကြည့်လိုက်သောအခါ မနီးမဝေးတွင်ရှိနေသော အဖြူရောင်ဂါဝန်လေးနှင့် ကောင်မလေးအား တွေ့လိုက်ရသည်။ လမ်းမီးတိုင်နောက်တွင်ပုန်းနေပြီး ကြောက်လန့်နေသည်မှာ သမင်ငယ်လေးတစ်ကောင်နှင့်ပင် တူလှသည်။ သူ့ကိုလည်း စိုးရိမ်ထိတ်လန့်ကာ ကြောက်ရွံ့နေသောအကြည့်များနှင့် ကြည့်နေလေ၏။

 

 

သွေးများကြောင့် သူ့မျက်လုံးအကြည့်များသည် ဝေဝါးနေခဲ့ပြီး သူမြင်နိုင်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ရှည်လျားဖြောင့်စင်းနေသော ခြေထောက်တစ်စုံသာဖြစ်၏။

 

 

ကြွက်သားများကို ရေခဲဖြင့်တည်ဆောက်ထား၍ အရိုးများကိုတော့ ကျောက်စိမ်းဖြင့် ပြုလုပ်ထားသလိုပင်။ လလေးတစ်စင်းကဲ့သို့ အဖြူရောင်လွှမ်းခြုံနေကာ အလွန်တရာမှ လှပပေသည်။ ထို့ကြောင့်လည်း သူငရဲမှာလားဟူသည့် ထင်ယောင်ထင်မှားဖြစ်နေခြင်းများအားလုံးပင် ပျောက်သွားခဲ့ရလေသည်။