တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့
အပိုင်း ၄
ဤပတ်ဝန်းကျင်သည် လူသွားလူလာနည်းပြီး အကွာအဝေးတစ်ခုတွင်တော့
တံခါးတစ်ဝက် ပိတ်ထားသည့် စတိုးဆိုင်လေး တစ်ခုရှိသည်။ ထိုနေရာမှပင် မာကျောက်ဆော့နေသည့်လူများ၏
ရယ်မောသံများကိုလည်း ကြားနေရသေး၏။
ကျန်းယွီသည် ထိုကောင်လေးအား အနည်းငယ်လှမ်းသော
နေရာမှပင် ကြည့်နေလေသည်။ အနားကပ်သွားဖို့ကိုလည်း ကြောက်ရွံ့ကာ တွန့်ဆုတ်နေ၏။
ချူးလီတစ်ယောက် မြေကြီးပေါ်တွင် နောက်ပြန်လဲလျောင်းလိုက်သောအခါ
နက်ပြာရောင်ကောင်းကင်ထက်တွင် ကြည်လင်တောက်ပနေသည့် လခြမ်းကွေးလေးအား မြင်နေရသည်။
ယခုကဲ့သို့ အဖြူရောင် လခြမ်းကွေးလေးကို မမြင်ခဲ့ရသည်မှာ
ဘယ်နှနှစ်ကြာခဲ့ပြီလဲပင် သူမသိတော့ပါ။
ချူးလီခဏတာလောက် လဲလျောင်းနေပြီးမှ ဒူးထောက်ကာ
ထလိုက်လေသည်။
သူ့ပုံပန်းသဏ္ဍာန်ဟာဆိုရင်ဖြင့် အရပ်ရှည်ရှည်၊
ပိန်ပိန်ပါးပါးနှငိ့ဖြစ်ပြီး သူ၏လက်ပြတ်အင်္ကျီလေးတွင်တော့ ရွှံ့များ၊ သွေးများဗလပွဖြစ်နေလေသည်။
အင်္ကျီ၏ မူလအရောင်ကိုပင် မမြင်ရတော့ပေ။
ကျန်းယွီအတွက်တော့ ဒီခံစားချက်မှာ စိတ်ဓာတ်ကျချင်စရာကောင်းလှ၏။
ထို့နောက် သူသည် လမ်းအဆုံးဆီသို့ ဖြေးဖြေးချင်း
လျှောက်သွားသည်။
သူ့ကြည့်ရတာ ခန္ဓာကိုယ်အနှံ့တွင်ရှိနေသော ဒဏ်ရာများကို
နည်းနည်းလေးမှ မမူသည့်အတိုင်းပင်။
အစကတော့ သူဆေးရုံသွားလိမ့်မည်ဟု ကျန်းယွီထင်လိုက်မိ၏။
ထို့ကြောင့် သူ့နားနီးနီးအထိ ကပ်မလိုက်ရဲသော်လည်း အနောက်ကနေ လိုက်သွားလိုက်လေသည်။ သူ့ကိုတော့
ကျန်းယွီ ကြောက်နေဆဲဖြစ်သည်။
မည်သို့ပင်ဆိုစေ သူသည် လူသတ်သမားတစ်ဦးပေ။
သူသည် လူမှု့ဆက်ဆံရေး အင်မတန် ညံ့ဖျင်းကြောင်း
သတင်းများ၌ ဖော်ပြထားသည်ကို သူမမှတ်မိနေခဲ့သည်။
ဒီ့အပြင် ဤလူသည် ထိပ်တန်းစိတ်ညို့ပညာများကို ကောင်းကောင်းနားလည်သည့်အတွက်
အတော်ကို အန္တရာယ်များသူလည်းဖြစ်သည်။
အတိတ်တွင် သူ့အားစစ်ဆေးမေးမြန်းရန် တရုတ်တွင်
အယုံကြည်ရလောက်ဆုံးသော ကျွမ်းကျင်စိတ်ပညာရှင်အား ရဲများမှဌားရမ်းခဲ့ရသည်။ ထိုကဲ့သို့သော
ကျွမ်းကျင်ပညာရှင်ကိုပင် သူ့ကိုယ်ပိုင်လျို့ဝှက်အချက်အလက်များ ပြန်လည်ဖွင့်ဟလာသည်အထိ
လုပ်ဆောင်နိုင်ခဲ့သော ချူးလီပင်။
သို့သော် ဤအရာများအားလုံးသည် အင်တာနက်ပေါ်တွင်
တွေ့ခဲ့ရသည့် အတင်းအဖျင်းများသာ ဖြစ်သောကြောင့် အမှန်ဟုတ်မဟုတ်ကိုတော့ ကျန်းယွီမသိပါ။
ထို့ကြောင့် (လူဆိုးလေးအား ကယ်တင်ခြင်း) တာဝန်ကို
သူမလက်ခံလိုက်သော်ငြားလည်း ချူးလီ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် သူနဲ့အကွာအဝေးတစ်ခုတော့
ထားရမည်ပင်။
ပြန်လည်မွေးဖွားလာခြင်းမှာ လွယ်ကူသည့်အရာမဟုတ်သောကြောင့်
ဒီဘဝကို သူမတန်ဖိုးထားရမည်လေ။
ကျန်းယွီသည် မီတာ၂၀လောက်ခွါ၍ ချူးလီနောက်မှ လိုက်လာလိုက်သည်။
ထို့နောက် ချူးလီလမ်းဖြတ်ကူး၍ မိသားစု ကုန်စုံဆိုင်တစ်ခုကိုဝင်သွားကာ ချောကလက်ရေခဲမုန့်ဝယ်သည်ကို
တွေ့နေရသည်။
စတိုးဆိုင်မှအရောင်းသမားလေးသည် ချူးလီ၏ သွေးအလိမ်းလိမ်းဖြစ်နေသော
မျက်နှာအားကြည့်ပြီး ကြက်သေသေနေလေ၏။ ဘာမှတုန့်ပြန်မလာသောကြောင့် ချူးလီလည်း ပိုက်ဆံ၅ဒေါ်လာကို
ချပေးခဲ့ကာ စတိုးဆိုင်ထဲမှ ထွက်လာလိုက်သည်။
ရေခဲမုန့်အခွံကိုခွါလိုက်ပြီး အမှိုက်ပုံးထဲသို့
ပစ်ထည့်လိုက်ကာ ရေခဲမုန့်စားရင်း လမ်းဆက်လျှောက်သွားလေသည်။
ကျန်းယွီလည်း သူ့နောက်ကို ကုပ်ချောင်းကုပ်ချောင်းနှင့်
ဆက်လိုက်လာကာ သူနဲ့အတူ ပင်းကျန်လမ်းထဲသို့ ဝင်သွားလိုက်သည်။
လမ်းဖြတ်ပြီးသည့်နောက် ချူးလီသည် လှေကားလက်ရန်းပေါ်တက်လိုက်ကာ
မြစ်နားတွင်ရှိသော ရေကာတာပေါ်သို့ တက်သွားလိုက်သည်။
လေဟာလည်း တဝေါဝေါတိုက်နေလေ၏။ ချူးလီတစ်ယောက် ဘေးဘက်သို့လှည့်၍
သူ့လက်များကို ဘေးနှစ်ဖက်သို့ ဖြန့်ကားထားကာ ကျဉ်းမြောင်းလှသော ရေကာတာပေါ်တွင် ခြေလှမ်းအနည်းငယ်လောက်
လျှောက်လှမ်းလိုက်သည်။
သူ့ကိုကြည့်ရတာ သွေးဗလပွနှင့် သရဲတစ်ကောင်ကဲ့သို့
ဖြစ်နေသော်လည်း ဘာမျှမခံစားရသည့် အတိုင်းပင်။ သည့်အပြင် မြစ်နားမှာပါ အန္တရာယ်များတဲ့စတန့်တွေ
ထွင်နေနိုင်သေးသည်။
သူ မနာဘူးလား!
ချူးလီ ခေါင်းလေးလှည့်ကာ သူမအား တစ်ချက်ဝေ့ကြည့်လိုက်သည်။
သူ့မျက်လုံးများဟာ မက်မွန်ပန်းပွင့်လေးသယောင်
ပုံသဏ္ဍာန်ရှိပြီး ထိုမျက်ဝန်းနက်နက်တစ်စုံ၏ စူးရှနက်ရှိုင်းမှုများမှာ အသူတစ်ရာနက်သောချောက်တစ်ခုအလားပေ။
ကျန်းယွီ သူ့အားတည့်တည့်ကြည့်လိုက်မိသည်။ ထိုစဉ်မှာပင်
သူမအား စုပ်ယူဖမ်းစားသွားနိုင်သည့် ဝဲလို ဆွဲအားတစ်ခု သူ့မျက်ဝန်းများ၌ ရှိနေသည်ကိုလည်း
ချက်ချင်း ခံစားမိလိုက်လေသည်။
ရုတ်တရက်ပင် ချူးလီ၏ နှုတ်ခမ်းထောင့်လေးမှ ကတ်သီးကပ်ဖဲ့နိုင်သည့်
သရော်ပြုံးလေးတစ်ခု ပေါ်ထွက်လာလေသည်။ ထို့နောက် ချူးလီ မြစ်ထဲသို့ ခုန်ချသွားလေတော့သည်။
ကျန်းယွီသည် သူမမျက်စိရှေ့တွင် ဖြစ်ပျက်သွားသောအရာကြောင့်
ကြက်သေသေသွားမိ၏။
ဒါ… ဒါဘယ်လိုရူးကြောင်မှုမျိုးလဲ!
အများကြီးမတွေးမိခင်မှာပင် လှေကားလက်ရန်းဆီသို့
အမြန်ပြေးသွားကာ ရေကာတာပေါ် ထိုးတက်သွားလေ၏။
ပတ်ဝန်းကျင်မှာ လူခြေတိတ်ဆိတ်နေကာ မီးအလင်းရောင်လေးများဟာ
မှိန်တုတ်မှိန်တုတ်နှင့် တောက်ပနေကြသည်။ မြစ်နေသည်လည်း တက်လိုက်ကျလိုက်လေးဖြင့် ထိုမြစ်ထဲတွင်တော့
ကောင်ငယ်လေးတစ်ဦး မြုပ်ချေပေါ်ချေ ဖြစ်နေလေသည်။
“ကယ်ကြပါဦး!”
ကျန်းယွီသည် ဘက်ပေါင်းစုံမှ အကူအညီကို အော်ဟစ်တောင်းခံလိုက်သည်။
“လူတစ်ယောက် ရေထဲကျသွားလို့ပါရှင်!”