တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့
အပိုင်း ၅
ယွင်ရှီးအထက်တန်းကျောင်းမှာ ပေချန်မြို့တွင် အကောင်းဆုံး
ပုဂ္ဂလိက ကျောင်းတစ်ကျောင်းဖြစ်သည်။ ဒါကြောင့်လည်း ကျန်းမန့်ယီက သူပိုက်ဆံရှာလို့ သေရင်သေသွားပစေ
ကျန်းယွီကတော့ ထိုကျောင်းကို တက်ရမည်ဟူ၍ ဖြစ်နေသည်ပင်..။
ထိုကျောင်းဆင်းသည်နှင့် တက္ကသိုလ်ဝင်ခွင့်ရရန်
၁၀၀% ကျိန်းသေသည့် အချက်မှာလည်း စွဲမက်ဖွယ်ကောင်းလှလေသည်။ အဆိုးအသွမ်းဘောစိကလေးများပင်
ဒီကျောင်း၌ ၃နှစ်ပညာသင်ပြီးသည်နှင့် တက္ကသိုလ်ဝင်ခွင့် ရရန်မှာ မခက်ခဲတော့ပေ..။
ကျောင်းသည် စာအသင်အပြအလွန်ကောင်းမွန်ပြီး ပညာရေးသင်ထောက်ကူကောင်းများ
စုံလင်လှသော်လည်း ကျောင်းတွင်းလူ့အဖွဲ့အစည်းငယ်လေးကတော့ ဘက်၂မျိုးကွဲနေလေသည်။
၎င်းသည် အမှတ်များကြောင့် မဟုတ်ရဘဲ နောက်ခံကြောင့်သာဖြစ်သည်။
ဤကျောင်းသည် မြို့၏အတော်ဆုံးသော ကျောင်းသားများစုဝေးရာနေရာ
ဖြစ်သလို အချမ်းသာဆုံးသော မြို့မျက်နှာဖုံး သူဌေးမိသားစုများမှ သားသမီးများ စုဝေးရာနေရာလည်း
ဖြစ်ပေသည်။
ထို့ကြောင့် ထိုလူငယ်လေးများ အားလုံးသည် သူတို့မိဘများ၏
အရှိန်အဝါနှင့် နောက်ခံကို အားကိုးအားထားပြုကာ ကျောင်းပိတ်ရက်များတွင် အားနည်းသောကလေးများအား
အနိုင်ကျင့်၍ အပျော်ရှာလေ့ရှိကြသည်။
ဥပမာအားဖြင့် ယနေ့လိုနေ့မျိုးပင်..။ ကျောင်းဂိတ်ပေါက်အပြင်ဘက်တွင်
ပြသနာရှာတတ်သော ကောင်မလေးတစ်စုက ကောင်မလေးတစ်ယောက်အား လမ်းကြားထဲသို့ ဆွဲခေါ်သွားကြလေသည်။
“ဘာလို့ အဲ့အဘွားကြီးကို အတိုင်အကြောသွားထူနေတာလဲ”
“နင့်ကိုငါ သောက်ထင်မကြီးလို့ ငါ့အိမ်စာတွေ နင့်ကိုလုပ်ခိုင်းတာလေ”
“နင်ယွီရှီးကို ဘယ်လိုဝင်လာလဲ ငါသိတာပေါ့”
လမ်းကြားကိုဖြတ်သွားချိန်တွင် နံရံနားထောင့်ကပ်ကာ
ပုံလျက်သားလေး ကွေးနေသော ကောင်မလေးအား ကျန်းယွီမြင်လိုက်သည်။ ကလေကချေမလေးများကတော့
သူမအား ဆံပင်ဆောင့်ဆွဲပြီး အနိုင်ကျင့်နေလေသည်။
ဒီလိုနှင့် သူမ၏ အတိတ်ဘဝကိုပင် ပြန်၍ သတိရသွားသည်။
ကျောင်းတွင် နေ့တိုင်းအနိုင်ကျင့်ခံခဲ့ရသည်မှာ သူမဘဝ၏ အိပ်မက်ဆိုးပင်ဖြစ်သည်။
ပျော့ညံ့ပြီး သိမ်ငယ်စိတ်ရှိသူများက သူများတကာ
အလွယ်တကူ အနိုင်ကျင့်လို့ရအောင် ဆွဲဆောင်နိုင်သည် ထင်ပါရဲ့..။
အတိတ်ဘဝတွင် ကျန်းယွီသည် ဒီအဆိုးအသွမ်းမလေးများ၏
အနိုင်ကျင့်မှုကို မရေမတွက်နိုင်အောင် ခံခဲ့ရသည်။ သူမကို ဆံပင်ဆောင့်ဆွဲရန်နှင့် ပါးရိုက်ရန်မှာ
သူတို့အတွက် အလွယ်ကူဆုံး အလုပ်တစ်ခုပင်။ တစ်ကြိမ်တွင်တော့ သူမအား အရှက်ခွဲရန် အင်္ကျီများကိုပင်ဆွဲချွတ်၍
ဓာတ်ပုံများ ရိုက်ခဲ့ကြသည်ပင်..။
မိမိကိုယ်ကိုယ် တန်ဖိုးမထားတတ်သူများဟာ အနိုင်ကျင့်ခံရနေတာတောင်
ဘာဆိုဘာမျှ ပြန်မတုံ့ပြန်ရဲကြပေ.. ထိုသို့ ပြန်တုံ့ပြန်လျှင်လည်း မည်သူတစ်ဦးတစ်ယောက်ကမှ
ဂရုမစိုက်ကြသည့် အတွက်ပင်။
ကျန်းယွီသည် အံကိုတင်းတင်းကြိတ်ကာ အများကြီး စဉ်းစားမနေတော့ဘဲ
လမ်းကြားထဲသို့ တဇွတ်ထိုးဝင်သွားကာ အော်လိုက်လေ၏။
“ရပ်လိုက်တော့”
အမိုက်မလေးများလည်း လုပ်လက်စများကိုရပ်ကာ လှည့်ကြည့်လိုက်၏။
ကျန်းယွီကို တွေ့လိုက်ရသောကြောင့် သူတို့မျက်နှာများ၌ ချက်ချင်းပင် ခနဲ့ပြုံးများပေါ်လာကြလေသည်။
“အော်.. ဘယ်သူများလဲလို့ ငန်းဖြူလေးပါလား”
ဟဲ့ကျစ်လူဟုခေါ်သော အဖွဲ့ခေါင်းဆောင်ငတိမလေးသည်
ကျန်းယွီကို တအားအနိုင်ကျင့်ခဲ့သူပင်..။ ကျန်းယွီ ဘဲလေးအကသင်နေသည်ကို သိသဖြင့် သူမအားလှောင်ပြောင်ရန်
‘ငန်းဖြူလေး’ ဟု အမည်မှည့်ပေးထားခြင်းဖြစ်သည်။
“ငါအခုတလော နင့်ကိုမေ့နေတာ.. ဒီနေ့ကျမှ တိုက်တိုက်ဆိုင်ဆိုင်ကို
နင်က ငါ့ဆီ တန်းတန်းမတ်မတ် ရောက်ချလာတာပဲ”
ဒီနေ့ ဆရာမက သူမအား ရုံးခန်းခေါ်၍ ဆူပူကြိမ်းမောင်းခဲ့သည်ပင်။
ထို့ကြောင့် ဟဲ့ကျစ်လူသည် သူမဒေါသများအား ပုံချရန် ကျန်းယွီနားသို့ တိုးသွားလိုက်လေသည်။
သို့သော်လည်း ကျန်းယွီ၏ လည်ပင်းကော်လံအား ဆွဲတော့မည်အလုပ်
ကျန်းယွီမှ ခြေတစ်လှမ်းဆုတ်ကာ သူမလက်ကောက်ဝတ်ကို လှမ်းဆောင့်ဆွဲ၍ ကျောကိုနံရံနှင့်
ကပ်ချလိုက်သည်။ သူမအားတင်းတင်းကြပ်ကြပ်ပင် တွန်းဖိထားပြီး သူမအိတ်ထဲမှ မီးခြစ်ကို ထုတ်လိုက်လေသည်။
ကလစ်!
မီးခြစ်လိုက်လေသည်..။
ထို့နောက် ထိုတဖျပ်ဖျပ် တောက်လောင်နေသော မီးတောက်လေးများအား
ဟဲ့ကျစ်လူ၏ နူးညံ့လှသောပါးလေးများနား ကပ်သွားလိုက်လေသည်။
ဟဲ့ကျစ်လူသည်လည်း ရုတ်တရက်ကြီး ဖြစ်သောကြောင့်
ကြက်သေသေနေလေသည်။
သူမရှေ့တွင်ရှိနေသော ကျန်းယွီ၏ မျက်ဝန်းများသည်တော့
ခက်ထန်မှုများနှင့် ပြည့်နှက်နေကာ မျက်ခုံးများသည်လည်း တင်းမာနေ၏။
သူမသိခဲ့သော အရင်က ကျန်းယွီမှာ ကြောက်ရွံ့တတ်ပြီး
သနားစရာအတိပင်ဖြစ်သည်။ ယခုတွင်တော့ သူမသည် လုံးဝကိုပြောင်းလဲနေ၏။
မသိရင် တစ်စုံတစ်ယောက်နှင့် လူစားလဲသွားသည့်အတိုင်းပင်..။
“ပျော်ဖို့ကောင်းလား”
အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သော်လည်း အာဏာသုံးကာ
ခြိမ်းခြောက်နေတဲ့ လေသံလေးပင်ဖြစ်သည်။
“လူတွေကိုအနိုင်ကျင့်ရတာ ပျော်ဖို့ကောင်းတယ်ပေါ့လေ”
သူမလက်ထဲမှမီးခြစ်အား ဟဲ့ကျစ်လူပါးနားသို့ ပိုနီးနီးကပ်ကပ်
တိုးလိုက်လေသည်။ မီးတောက်များ၏ အပူရှိန်ကို သူမအရေပြားထဲကပါ ခံစားနေရသည်အထိပင်။
အစတွင်တော့ ဟဲ့ကျစ်လူသည် ကျန်းယွီသူမအား တကယ်လုပ်ရဲလိမ့်မည်ဟု
မထင်ထားပါ။ သို့သော် သူမနားရွက်နောက်က ဆံပင်တစ်ချို့ မီးလောင်သွားသည့်အချိန်ကျမှ တကယ်ကြောက်စိတ်ဝင်လာလေတော့သည်။
“မလုပ်နဲ့နော်..ဒါပျော်ဖို့ကောင်းမနေဘူး”
“ပျော်ဖို့မကောင်းဘူး ဟုတ်လား.. အဲ့ဒါဆို နင်ဘာလို့
ဒီလိုတွေလုပ်ပြီး ပျော်ပါးနေခဲ့တာလဲ?
ကျန်းယွီသည် အေးစက်ရင့်သီးသော လေသံဖြင့် မေးလိုက်၏။
“ကျောင်းမှာရော လက်တွေ့ဘဝမှာပါ အရှုံးသမားလေးဖြစ်နေတော့
သူများတွေကိုအနိုင်ကျင့်ပြီးတော့ စိတ်ဖြေဖျောက်တယ်ပေါ့လေ ဟုတ်လား”
နင်… နင်ပေါက်ကရတွေ လျှောက်ပြောမနေနဲ့ ငါမလုပ်..”
မီးတောက်များ သူမအနားသို့ ထပ်ကပ်လာ၍ ဟဲ့ကျစ်လူလည်း
ကြောက်ဒူးတုန်လွန်း၍ မျက်ရည်များပင် ဝဲတက်လာပေတော့သည်။
“ငါတောင်းပန်တယ်! ငါတောင်းပန်တယ် ရပြီလား.. နောက်ဆို
အဲ့လိုတွေမလုပ်တော့ပါဘူး!”
ကျန်းယွီလည်း ဖုန်းထုတ်လိုက်ကာ သူမ၏ သနားစဖွယ်ကောင်းစွာ
အသနားခံနေရပုံကို ဓာတ်ပုံရိုက်နေလေ၏။ ထို့နောက် ဖုန်းဖြင့် သူမမျက်နှာကို ပုတ်လိုက်ကာ
“ငိုမနေစမ်းပါနဲ့ ရုပ်ဆိုးလိုက်တာ..။ နောက်တစ်ခါ
အတန်းဖော်တွေကို အနိုင်ကျင့်ရင် နင်ငါ့ကိုဘယ်လိုတောင် ငိုပြီးအသနားခံနေတယ်ဆိုတဲ့ ဗီဒီယိုကို
ကျောင်း forum မှာ အကုန်လုံးမြင်အောင် တင်ပေးလိုက်မှာ.. နားလည်တယ်မလား”
ပြောပြီးသည်နှင့် ဟဲ့ကျစ်လူကို လွှတ်ပေးလိုက်၏။
အနောက်မှာရပ်ကြည့်နေသော ငတိမလေး၃ကောင်သည်လည်း
အသက်မရှိကြတော့ချေ။ ကိုယ့်မျက်စိကိုယ်ပင် မယုံနိုင်လောက်တော့အောင် ဖြစ်နေကြကာ ကျန်းယွီကိုကြည့်နေကြပေသည်။
အရင်က သူများအနိုင်ကျင့်သမျှ ခေါင်းငုံ့ခံခဲ့ရသော
နုံချာချာကောင်မလေးသည် ယခုတွင် တစ်ခြားလူတစ်ဦးအဖြစ် ပြောင်းလဲသွားလေသည်။
ထို့နောက် ငတိမလေးတွေလည်း ခြေထောက်ပင်မခိုင်တော့သော
ဟဲ့ကျစ်လူကိုထူ၍ ထွက်သွားလိုက်ကြ၏။
ကျန်းယွီသည် သက်ပြင်းတစ်ချက်ချကာ မီးခြစ်ကို အိတ်ထဲ
ပြန်ထည့်လိုက်လေသည်။ သို့သော် သူမခေါင်းလှည့်ကြည့်မိသောအခါ လမ်းကြားအဝင်ဝနားတွင် အဖြူရောင်နှင့်
မိုးပြာရောင်ကျောင်းဝတ်စုံ ဝတ်ဆင်ထားသော ကောင်ငယ်လေးအား တွေ့လိုက်ရသည်။ ထိုကောင်လေးသည်
သူမအား ရပ်ကြည့်နေသည်ပင်။
ကောင်ငယ်လေး၏ မျက်ဝန်းများမှာ နက်မှောင်လှပြီး
မျက်လုံးထောင့်လေးများမှာ အပေါ်သို့ သဘာဝဆန်ဆန် ကွေးတက်နေကြသည်။ သူများနှင့် မတူခြားနားသည်ဟုဆိုရလောက်အောင်လည်း
ထူးကဲမနေသလို၊ နူးညံ့သိမ်မွေ့သည်ဟု ပြောရလောက်အောင်လည်း ထိုကဲ့သို့ဖြစ်မနေချေ။
ထိုကောင်ငယ်လေးမှာ ချူးလီပင်ဖြစ်သည်။
သူ့ကို ယွီရှီးကျောင်းဝတ်စုံနှင့် မြင်လိုက်ရသည့်အတွက်
ကျန်းယွီတခဏလောက် ကြောင်သွားမိသည်။
သူက ငါနဲ့တစ်ကျောင်းတည်းလား?
သူမ တွေးဖို့အချိန်မရခင်မှာပင် ချူးလီကတော့ သူမကို
မသိသလိုသာ လမ်းဆက်လျှောက်သွားလေ၏။
ကျန်းယွီလည်း သူ့အား ဂရုမစိုက်အားသေးပါ။ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး
နံရံထောင့်က ကောင်မလေးကို ကူ၍ထူပေးကာ မြေပေါ်တွင် ပြန့်ကျဲနေသော အိမ်စာစာရွက်များနှင့်
စာမေးပွဲစာရွက်များကို ကောက်ပေးလိုက်သည်။
ထိုကောင်မလေး၏ နာမည်သည်ကား ချန်းဝေဖြစ်သည်။ သူမသည်
ကျန်းယွီနှင့် တတန်းတည်းပင်။
ချန်းဝေလည်း မိသားစုနောက်ခံ မကောင်းမွန်လှဘဲ စာတော်လွန်း၍သာ
ယွီရှီးကို ရောက်လာခဲ့သူ ဖြစ်သည်။
ထိုကဲ့သို့ နောက််ခံနှင့် အမှတ်အမြင့်များကြောင့်
သူတပါးကို နိုင်ထက်စီးနင်းပြုတတ်တဲ့ ဟဲ့ကျစ်လူကဲ့သို့ လူမျိုးများ၏ ပစ်မှတ်ဖြစ်လာခဲ့ရခြင်း
ဖြစ်သည်။
အတိတ်တွင်လည်း ကျန်းယွီနှင့် ချန်းဝေတို့သည် တစ်ဦးအပေါ်တစ်ဦး
စာနာထောက်ထားခဲ့ကြသည်။ ထို့နောက် သူမတို့နှစ်ဦး စကားအနည်းငယ် ပြောလိုက်ကြသည်။
“လာ.. ငါနင့်ကို အိမ်ပြန်လိုက်ပို့ပေးမယ်”
ကျန်းယွီမှ ချန်းဝေကိုပြောလိုက်သည်။
“တော်ကြာနေ ဟဲ့ကျစ်လူ ပြန်လာနေမှာစိုးလို့”
ချန်းဝေလည်း ခေါင်းငြိမ့်ပြကာ ကျန်းယွီနှင့်အတူ
လမ်းလျှောက်၍ အိမ်ပြန်လာခဲ့သည်။
“ဒီနေ့ နင့်ကြည့်ရတာ အတော်လေး ပြောင်းလဲသွားတာပဲ”
“ပြောင်းလဲသွားပြီလေ”
သူမခြေဖဝါးနားမှ ကျောက်စရစ်ခဲလေးကို ကန်ကာ ပြန်ပြောလိုက်သည်။
“ငါနောက်ထပ် အနိုင်ကျင့်ခံနေတော့မှာ မဟုတ်ဘူး”
အတိတ်မှာတော့ သူမသည် သိမ်ငယ်စိတ်ဝင်ကာ သတ္တိကြောင်လွန်းလှသဖြင့်
ဘာပြဿနာမှ မရှာရဲပေ။ သို့သော်ငြားလည်း ဤလောကကြီးသည်ကား အင်အားပိုကြီးသူကို လူတိုင်းကြောက်ကြ၍
အားနည်းသူသည် အနိုင်ကျင့်ခံရမည်ကို ဖြစ်သည်။
သည်းခံခြင်းသည် ကိုယ့်ကိုယ်ကိုယ် ချောက်ထဲတွန်းပို့နေသကဲ့သို့သာ
ဖြစ်နေပေမည်။
“စကားမစပ်!”
ချန်းဝေသည် ကျောပိုးအိတ်ကိုချွတ်ကာ ကြေမွနေပြီဖြစ်သော
ပိုစတာတစ်စောင်ကိုထုတ်၍ ကျန်းယွီအား ပေးလိုက်လေသည်။
“ဒီမှာလေ နင့်အိုင်ဒေါ..။ တနေ့က ငါစာနယ်ဇင်းဆိုင်မှာ
တွေ့မိတာနဲ့ ဝယ်လာလိုက်တာ။ ဒီနေ့ငါ့ကိုကူညီပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ နင့်ကိုပေးမယ်”
ကျန်းယွီလည်း အဖြူအမည်း ပိုစတာလေးကို ဖွင့်ကြည့်လိုက်၏။
ပုံ၏အလယ်တွင်တော့ အဖြူရောင်ဘဲငန်းလေးကဲ့သို့ ခြေဖျားလေးထောက်ကာ ကနေသည့် အမျိုးသမီးတစ်ဦး
ရှိနေလေသည်။
ထိုအမျိုးသမီးမှာ ခြေထောက်တစ်ဖက်တည်းဖြင့် ခြေဖျားထောက်ထားပြီး၊
နောက်ခြေထောက်တစ်ဖက်ကိုအား သူမ၏ ခေါင်းနောက်တွင် မြှောက်ထားလေသည်။ ပျံသန်းတော့မည့်
လှပတင့်တယ်လှသော အဖြူရောင်ဘဲငန်းလေးတစ်ကောင်ကဲ့သို့ပင် သူမ၏ လည်တိုင်လေးမှာလည်း လှပကျော့မော့နေပေ၏။
ပုထျန်းယန်
သူမသည် တရုတ်ပြည်တွင် အောင်မြင်မှုအမြင့်မားဆုံးသော
ဘဲလေးကချေသည်တစ်ဦးဖြစ်သည်။ ကမ္ဘာ့အဆင့်ပြိုင်ပွဲအား အသက်၁၈နှစ်မှာပင် အနိုင်ရခဲ့သူတစ်ဦးဖြစ်လေသည်။
နောင်နှစ်အနည်းငယ်အကြာမှာလည်း နိုင်ငံတကာ ဘဲလေးအကပြိုင်ပွဲများတွင် ဆုများကို သိမ်းကြုံးနိုင်ခဲ့ပြီး
ယခုအချိန်ထိပင် ပြိုင်ဘက်မရှိသေးသော အထင်ကရအကျော်အမော်တစ်ဦးပင် ဖြစ်သည်။
သို့သော်လည်း သူမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် ၁၉၉၀ပြည့်နှစ်တွင်
ကွယ်လွန်ခဲ့လေသည်။ ထို့ကြောင့်လည်း သူမဘဝ၏ ထူးခြားအပြောင်မြောက်ဆုံးသောအရွယ်ဖြစ်သည့်
၂၆နှစ်မှာပဲ သူမသည် ထာဝရရပ်တန့်သွားလေတော့သည်။
သူမသည် ကျန်းယွီ၏ စံပြပုဂ္ဂိုလ်ဖြစ်ပြီး ကျန်းယွီသွားနေသော
လမ်းကြောင်း၏ ပန်းတိုင်လည်းဖြစ်သည်။
သူမသည် ပုထျန်းယန်၏ ပိုစတာအား သဲသဲမဲမဲစိုက်ကြည့်ပြီးသည့်နောက်
ကျေးဇူးတင်စွာဖြင့် ပြန်ပြောလိုက်သည်။
“ကျေးဇူးပါပဲ ချန်းဝေရယ်… ငါတအားကြိုက်တာပဲ”
“ကြိုက်ရင်ပြီးတာပါပဲ”
ချန်းဝေသည် သူမပခုံးလေးအား လှမ်းပုတ်လိုက်ကာ ဆက်ပြောလိုက်၏။
“ကျန်းယွီ.. နင်တကယ်ကို ကြိုးစားပြီး အိပ်မက်ကိုဖြစ်မြောက်အောင်
လုပ်ရမယ်သိလား..။ ပုထျန်းယန်လို ဘဲလေးကချေသည် တစ်ယောက်ဖြစ်လာအောင် လုပ်ရမယ်။ ငါတို့ကို
အနိုင်ကျင့်ခဲ့တဲ့ လူတွေအကုန်လုံးကို ဘယ်သူကမှ တကယ့်အောင်နိုင်သူ အစစ်လဲဆိုတာ ပြလိုက်စမ်းပါ”
ကျန်းယွီလည်း အားတက်သရော ခေါင်းငြိမ့်လိုက်ကာ
ပြန်ပြောလိုက်သည်။
“ငါကြိုးစားမှာပါ”
“ဒီလိုဆိုမှလေ.. နင်နဲ့ ပုထျန်းယန်နဲ့က အတော်ကိုဆင်ကြတာပဲ”
ချန်းဝေသည် ပိုစတာမှမိန်းကလေးအား သေချာကြည့်လိုက်သည်။
“အထူးသဖြင့် နင်ဘဲလေးအကဝတ်စုံဝတ်ပြီး ကြော့ကြော့မော့မော့လေး
ကနေချိန်ဆိုရင် နင်ကတကယ်ကို ပုထျန်းယန် ကိုယ်ပွါးကျနေရောပဲ”
“တကယ်လား”
ကျန်းယွီအတွက်တော့ အလွန်ကြီးမားသည့် ချီးကျူးခံရခြင်းတစ်မျိုး
ဖြစ်သည့်အတွက် ပျော်မြူးကာ ရီလိုက်လေသည်။
“အင်း ငါပုထျန်းယန်ရဲ့ ဓာတ်ပုံတွေလည်း ရှာကြည့်ခဲ့သေးတယ်။
နင်တကယ် သူနဲ့တော်တော်တူတာသိလား.. မသိရင် သူ့သမီးအရင်းအတိုင်းပဲ”
“ဒါကို ငါ့အမေကြားရင်တော့ သွားပါပြီ.. ငါ့အမေက
သိပ်သဝန်တိုတတ်တာလေ။ ပြီးတော့ ငါချောတာက သူ့အမွေကိုဆက်ခံထားလို့ဆိုပြီး အမြဲပြောနေတာ”
“နင့်အမေက အတော်ရီရတာပဲ”
ချန်းဝေသည် အနားနားကပ်ကာ တိုးတိုးလေးဆက်ပြောလိုက်၏။
“ငါ Tianya ပေါ်မှာ အတင်းတစ်ခုကြားထားတယ်..။ ပုထျန်းယန်မသေခင်ကလေ…
သူတစ်နှစ်လောက် ပျောက်မသွားပါဘူးလား..။ အဲ့ဒါ သူကလေးမွေးခဲ့လို့တဲ့”
“သူ့မှာကလေးရှိတာလား.. ဘာလို့အဲ့အကြောင်း သတင်းတွေမတက်တာလဲ..
သူ့ကလေးက ဘယ်သူလဲ”
ကျန်းယွီလည်း သူမအိုင်ဒေါ၏ အတင်းအဖျင်းဖြစ်သဖြင့်
အတော်လေး စိတ်ထဲရောက်သွား၏။
ချန်းဝေကတော့ ခေါင်းခါကာ ပြန်ပြောလိုက်သည်။
“ငါလည်းမသိဘူးလေ။ ဒီအတိုင်း အတင်းအဖျင်းသက်သက်ပါ..
မှန်လားမှားလားတောင် မသိဘူး”
“ဖြစ်နိုင်ချေရှိတာကတော့ ကောလဟာလသက်သက်ပါပဲ”
ကျန်းယွီသည် ချန်းဝေ၏ ပခုံးကိုပုတ်ကာ ပြောလိုက်၏။
“ကောလဟာလတွေကို မယုံဘူးဆိုရင် နင်ကိုယ်တိုင်လည်း
အဲ့ဒါတွေကို ပြန်လိုက်ဖြန့်မနေနဲ့ဦး”
ချန်းဝေးလည်း ခေါင်းငြိမ့်ပြလိုက်ပြီး“စကားမစပ်..
သိပ်မကြာခင်တုံးက သတင်းတစ်ခုကြားသေးတယ်။ ပုထျန်းယန်ရဲ့ Elieta ဘဲလေးဖိနပ်ကို လေလံတင်ရောင်းတာ
ဒေါ်လာတစ်သန်းနဲ့ ရောင်းထွက်သွားတယ်တဲ့။ ဘယ်သူဝယ်သွားတယ်လို့နင်ထင်လဲ”
“ဘယ်သူလဲ”
“ဖန့်မိသားစုလေ.. ဖန့်တန်းရှီက အကသင်တန်းမှာ နင့်အတန်းဖော်မဟုတ်ဘူးလား။
သူ့မိသားစုက ဝယ်သွားတာလေ”
ကျန်းယွီတစ်ယောက် နှလုံးသားထဲတွင် မနာလိုအားကျစိတ်များ
ပေါက်ဖွားလာလေသည်။ ဖန့်မိသားစုဆိုသည်မှာ မြောက်ပိုင်းမြို့တွင် အချမ်းသာဆုံးသော စီးပွါးရေးလုပ်ငန်းရှင်များထဲက
တစ်ခုဖြစ်လေသည်။ ထို့အပြင် ဖနိ့တန်းရှီသည်လည်း သင်တန်းတွင် အတော်ဆုံးထဲက တစ်ယောက်ဖြစ်ပေသည်။
သူမသာ ပုထျန်းယန်၏ Elieta ဘဲလေးဖိနပ်ကို စီးနိုင်ခဲ့မည်ဆိုလျှင်
ဖန့်တန်းရှီသည် ယခုထက်ပို၍ပင် အရှိန်အဝါကြီးမားလာပေလိမ့်မည်။
“ဒါပေမယ့်.. ငါကြားတာတော့ အဲ့ဒါအတုကြီးတဲ့”
“ဘာ?”
“ဟုတ်တယ် အတုကြီးတဲ့..။ သက်ဆိုင်ရာက အတည်ပြုပြီးသွားပြီ။
သူတို့မိသားစု စျေးအမြင့်ကြီးပေးပြီး ဝယ်သွားတဲ့ဟာက အတုတဲ့လေ..။ တကယ့်အစစ်က ပုထျန်းယန်မသေခင်
နှစ်အနည်းငယ်လောက်ကတည်းက ပျောက်သွားတာတဲ့”
“နှမြောစရာကြီးနော်”
သူမသည် နောက်လပြိုင်ပွဲတွင် ပုထျန်းယန် ထိုဖိနပ်များစီးသည်ကို
မြင်ရလျှင်ပင် ကံကောင်းလှပြီဟု တွေးနေခဲ့သည်ပင်။
ချန်းဝေသည် နှမြောတသဖြစ်သော လေသံလေးနှင့် ဆက်ပြောလိုက်သည်။
“ပုထျန်းယန် သေသွားပြီးကတည်းက သူ့ Elieta ဖိနပ်ရယ်၊
သူ့ဘဲငန်းဂါဝန်ရယ်ကို တစ်ကမ္ဘာလုံးအနှံ့လိုက်ရှာနေကြတာပဲ.. အခုထိကို ဘယ်ဆီဘယ်နားရောက်နေလဲ
သတင်းအစအနကို မရသေးဘူး”
“ငါ့ဘဝမှာ ဒီဖိနပ်ကို တစ်ခါလောက်ပဲဖြစ်ဖြစ် မြင်ဖူးချင်မိတယ်”
ကောင်မလေးနှစ်ယောက်သည် သူတို့စိတ်ဝင်စားသော အကြောင်းအရာများအကြောင်း
ပြောဆိုကာ အိမ်ပြန်ခဲ့ကြသည်။
ကျန်းယွီသည် ပုထျန်းယန်၏ ပိုစတာကို ဧည့်ခန်းထဲက
ထင်သာမြင်သာရှိသော နံရံပေါ်တွင် ကပ်လိုက်ပြီး အချိန်ခဏကြာအောင် ကြည့်နေမိလိုက်သည်။
သူ့အမေ ကျန်းမန့်ယီ အိမ်ပြန်ရောက်လာသည်ကိုပင် မသိလိုက်သည်အထိ စျာန်ဝင်စားနေခဲ့သည်။
အစကတော့ ကျန်းမန့်ယီသည် ကျန်းယွီအား အနောက်မှခြောက်လန့်ဖို့
လုပ်နေသည်ပင်။ ထိုစဉ် နံရံပေါ်မှ ပုထျန်းယန်၏ ပိုစတာကို ဧည့်ခန်းထဲ ဝင်ဝင်လာချင်းပင်
မြင်လိုက်ရသဖြင့် တစ်ခဏလောက် မိန်းမောသွားလေသည်။ သူမဝိဉာဉ်ကပါ ခန္ဓာကိုယ်က လွင့်ထွက်သွားတော့မည့်
အလားပင်။
“ဘယ်သူက သူ့ပုံကို ကပ်ခိုင်းလို့လဲ!”
ကျန်းမန့်ယီတစ်ယောက် အသံပြာပြာနှင့် အော်လိုက်မိ၏။
ကျန်းယွီလည်း နောက်လှည့်ကာ ကျန်းမန့်ယီကို အံ့ဩတကြီးကြည့်လိုက်ပြီး
“အမေ သူ့ကိုသိတာလား?”
“ငါ..”
ကျန်းမန့်ယီတစ်ယောက် ပြာယာခတ်လာလေသည်။
“ငါကဘယ်လိုလုပ်သိမှာလဲ! မသိဘူး”
“သူကသမီးရဲ့အိုင်ဒေါ ပုထျန်းယန်လေ”
ကျန်းယွီသည် ကျန်းမန့်ယီအား မိတ်ဆက်ပေးလိုက်လေသည်။
“သူမ ၁၅နှစ်အရွယ်တုံးက ဘဲလေးအကကို နိုင်ငံတော်အဆင့်ရွှေရခဲ့တာလေ..
အရမ်းအံ့ဩဖို့ကောင်းတာပဲ ဟုတ်တယ်မလား”
ကျန်းမန့်ယီသည် စိတ်ပျက်လက်ပျက်နှင့် လျှောက်လာလိုက်ကာ
“သူနိုင်ငံတော်အဆင့်ရွှေရတော့ရော ဘာဖြစ်လဲ.. နင်ရွှေရတာမဟုတ်သရွေ့ အဲ့ဒါနင့်ကိစ္စမဟုတ်ဘူး။
အခုလုပ်ရမှာတစ်ခုတည်းရှိတယ်.. စာကိုအာရုံစိုက်ဖို့ပဲ။ ကျန်တာဘာမှစိတ်မဝင်စားနဲ့”
“ဒါပေမယ့်သမီးက ပုထျန်းယန်လို ဘဲလေးကချေသည်တစ်ယောက်
ဖြစ်ချင်တာလေ”
“မဖြစ်ရဘူး!”
ကျန်းမန့်ယီတစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ပြန်ပြောလိုက်သည်။
“နင် မကရဘူး”
“ဘာလို့လဲ”
“အထွန့်တက်မနေနဲ့.. မရဘူးဆိုမရဘူးပဲ”
ကျန်းမန့်ယီလည်း သူမ စကားပြောမှားသွားတာကို ရိပ်မိလိုက်သဖြင့်
လေသံကိုလျော့ကာ ပြန်ပြောလိုက်၏။
“ကတာက ပညာရေးကို ထိခိုက်လိမ့်မယ်..။ ပြီးတော့
အမေလည်း အဲ့စရိတ်တွေ မတတ်နိုင်ဘူး။ ကျောင်းစရိတ်တောင် အနိုင်နိုင်ရှာနေရတာ.. ဘဲလေးသင်တန်းအတွက်
ပေးရမယ့်ပိုက်ဆံကို ဘယ်ကနေသွားရှာရမှာလဲ”
ကျန်းယွီတစ်ယောက် နှုတ်ခမ်းထော်လိုက်ကာ စိတ်ထဲကသာပြောလိုက်မိသည်။
ဒီလောက် ကျောင်းလခစျေးကြီးတဲ့ ယွင်ရှီးအလယ်တန်းကျောင်းကို တက်ခိုင်းခဲ့သည်မှာ အမေပဲမဟုတ်ပါလား..။
“ထားလိုက်ပါတော့ မပြောချင်တော့ဘူး..။ အိမ်စာသွားလုပ်တော့မယ်”
သူမသည် အမေနှင့် ရန်မဖြစ်တော့ရန် ဆုံးဖြတ်ထားပြီးပြီလေ။
ပြန်လည်မွေးဖွားပြီးကတည်းက ကျန်းယွီသည် ကျန်းမန့်ယီနှင့်
ဆက်ဆံရေးအား သေချာလေးထိန်းသိမ်းချင်မိသည်။ မည်သို့ပင်ဆိုစေ ဒီလောကကြီးမှာရှိတဲ့ သူမရဲ့တစ်ဦးတည်းသော
မိသားစုမဟုတ်ပါလား။
ဒီ့အပြင် ယခုသူမတွင် ပိုက်ဆံရှာရန် နည်းလမ်းရှိနေပြီဖြစ်သဖြင့်
ဘဲလေးသင်တန်းအတွက် သင်တန်းကြေးအား သူမစိတ်ပူရန်မလိုတော့ပါ။
ကျန်းယွီသည် သူမအခန်းထဲသို့ ပြန်ဝင်သွားပြီး ကျန်းမန့်ယီကတော့
ဧည့်ခန်းထဲမှာပင် နံရံမှပိုစတာကိုကြည့်ကာ ငူငူငိုင်ငိုင်ကြီး ကျန်ရစ်ခဲ့လေသည်။ ပိုစတာထဲက
အဖြူရောင်ဘဲငန်းပုံစံလေးနှင့် အမျိုးသမီးသည် ပုံထဲမှပင် ထပျံတော့မည့်အလား အလွနိတရာမှ
လှပပေသည်။
ထိုအချိန်မှာပင် ကျန်းမန့်ယီ၏ မျက်ဝန်းထဲမှ မျက်ရည်များ
စီးကျလာခဲ့လေသည်။ သူမအခန်းထဲသို့ ပြန်သွားကာ ဗီရိုထဲက သေတ္တာတစ်ခုကို ယူလိုက်၏။ ထိုသေတ္တာလေးအား
ဖွင့်လိုက်သောအခါ လှပလှသောဖဲပြားလေးနှင့် နူးညံ့အိစက်နေသာ ဘဲလေးဖိနပ်တစ်စုံက သေသပ်လှပစွာရှိနေသည်ပင်။
သူမသည် ထို Elieta ဘဲလေးဖိနပ်လေးအား သူမလက်မောင်းထဲတွင်
ရတနာလေးတစ်စုံလို ပွေ့ပိုက်ထားကာ စီးကျနေသည့် မျက်ရည်များကို ချုပ်ထိန်းနေလေသည်။
ထို့နောက် ရှိုက်ရင်းပင် စကားတစ်ခွန်းအား ပြောလိုက်လေသည်။
“စိတ်မပူပါနဲ့.. ငါသေချာပေါက် သူ့ကိုကာကွယ်ပေးမှာပါ”