အပိုင်း ၆
Viewers 671

  တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၆.၁

 

 

 

နှစ်ကုန်တွင် ကျင်းပမည့် ဘဲလေးအကရှိုးပွဲအတွက် ပြင်ဆင်နေရင်းပင် ကျန်းယွီသည် Esmeralda အနုပညာစင်တာသို့ ဝင်ရောက်နိုင်ရန် သင်တန်းကြေးကို စတင်စုဆောင်းနေလေ၏။

 

 

စင်ပေါ်သို့ တက်ခွင့်ရသည်နှင့် ကျိန်းသေပေါက် သူမရွေးချယ်ခံရနိုင်သည်ဟူ၍လည်း ယုံကြည်ထားလေသည်။

 

 

(လူဆိုးလေးအား ကယ်တင်ခြင်း) တာဝန်အတွက်တော့ ကျန်းယွီတစ်ယောက် လတ်တလော ဘာမှမလုပ်ဖြစ်ချေ။

 

 

တာဝန်သည် အလွန်ကြီးမားသော်ငြားလည်း ရရှိမည့် ဆုငွေသည်လည်း ယွမ်သန်း၃ရာသာ ဖြစ်ပေသည်။

 

 

သို့သော် ထိုဆုလာဒ်သည် ရက်ပိုင်းအတွင်း ရနိုင်လောက်သည့်အရာမျိုးလည်း မဟုတ်ပေ။ ရက်ပေါင်းများစွာမှသည် ရက်သတ္တပတ်ပေါင်းများစွာ.. ထိုမှပင် လပေါင်းများစွာအထိ ကြာမြင့်နိုင်လေသည်။ ဒီ့အပြင် သူမမျက်စိရှေ့တွင်ရှိနေသော ထိုဘဝတစ်ခုအား ဂရုစိုက်ကာ စောင့်ရှောက်ပေးရဦးမည်ပင်။

 

 

သို့သော်လည်း ကျန်းယွီ လုံးဝမမျှော်လင့်ထားသည့်အရာကား နေ့လယ်ကျောင်းမဆင်းခင် မိနစ်အနည်းငယ်အလိုတွင် app မှရောက်လာသော စာတစ်စောင်ပင်ဖြစ်သည်။

 

 

“ပြန်လည်မွေးဖွားလာသူသည် တာဝန်ကို အချိန်အတော်အတန်ကြာနေသည့်တိုင်အောင် ခရီးပေါက်အောင် မလုပ်နိုင်သေးသည့်အတွက်, ဘဏ်အကောင့်ထဲမှ ယွမ် ၅၀၀ နှုတ်ပါမည်။ ကျန်ရှိနေသေးသော လက်ကျန်ငွေမှာ ယွမ် ၄၃၀၀ ဖြစ်ပါသည်။

 

 

ကျန်းယွီလည်း အံ့အားသင့်သွားကာ ဘဏ်အကောင့်ကို စစ်ကြည့်လိုက်သည်။ တကယ်ကိုပင် သူမသင်တန်းကြေးသွင်းပြီး ကျန်သေးသော ပိုက်ဆံထဲမှ ယွမ် ၅၀၀ လျော့နေလေသည်။

 

 

ဒီ app စောက်စုတ်ကတော့ တကယ်ကြီး ပိုက်ဆံဖြတ်လိုက်တာပဲ

 

 

ကျန်းယွီသည် ? အနည်းငယ်ကို ပြန်ပို့ပေးလိုက်သည်။

 

 

အက်မင်အကောင့်မှ ကျန်းယွီအား စာပြန်ပို့လာလေသည်။

 

 

“တာဝန်ကို လက်ခံပြီးသည်နှင့် လုပ်ဆောင်ဖို့ကို အချိန်အကြာကြီး နှောင့်နှေးနေခြင်းသည် ကာစတမ်မာ၏ တန်ဖိုးရှိသော အချိန်ကို ဖြုန်းနေသည်ဟု သတ်မှတ်ပါသည်။ အပြစ်ဒဏ်အနေနှင့် နှောင့်နှေးနေသည့်ရက်တိုင်းတွင် ယွမ်၅၀၀ နှုတ်ယူသွားမည်ဖြစ်သည်။ အကောင့်ထဲမှ ငွေအားလုံးအနှုတ်ခံလိုက်ရလျှင် ပြန်လည်မွေးဖွားလာသူ၏ ဘဝလည်း အဆုံးသတ်သွားမည်ဖြစ်သည်။

 

 

ကျန်းယွီ - …

 

 

အက်မင်အကောင့် - “ပြန်လည်မွေးဖွားလာသူမှ တာဝန်အား ၁၂နာရီအတွင်း ပြန်စတင်လျှင် နှုတ်ခံထားရသောငွေများ ပြန်ရမည်ဖြစ်သည်။

 

 

ကျန်းယွီ - အိုခေ လုပ်ထားဦးပေါ့!

 

 

သူမသည် ဖုန်းကိုချလိုက်ကာ ကျောပိုးအိတ်ထဲ ပစ္စည်းတွေသိမ်းဆည်းနေပြီး ထွက်ဖို့ပြင်နေသော ချန်းဝေအား လှမ်းကြည့်လိုက်သည်။

 

 

“ရှောင်ဝေ.. ငါ နင့်ကိုတစ်ခုမေးစရာရှိလို့”

 

 

( T/N : တရုတ်တွင် ကိုယ်နှင့်ရင်းနှီးကျွမ်းဝင်သူများကို နာမည်ရှေ့တွင် Xiao ထည့်ကာ ချစ်စနိုးဖြင့် ခေါ်ဆိုကြသည်။ “လေး” ဟုအဓိပ္ပာယ်ရသည်။ ဥပမာ - ရှောင်ဟွား - ပန်းကလေး )

 

 

ချန်းဝေ - ပြောလေ

 

 

ကျန်းယွီလည်း ဘေးပတ်ဝန်းကျင်ကို တစ်ချက်ရှိုးလိုက်ပြီး သူမအနားသွားကာ နား,နားကပ်၍ တိုးတိုးလေးမေးလိုက်သည်။

 

 

“နင်ချူးလီကို သိလား”

 

 

ချန်းဝေလည်း သူမအသံကိုနိမ့်၍ ပြန်ဖြေလိုက်သည်။

 

 

“ကြားဖူးတယ်လေ.. ဘာလို့အဲ့လောက် တိုးတိုးလေးမေးနေတာလဲ”

 

 

“သူက နည်းနည်းအန္တရာယ်များတယ်လေ.. အဲ့တော့ တိုးတိုးလေးပြောမှပေါ့..။ သူဘယ်အခန်းမှာလဲဆိုတာရော သိလား”

 

 

“အခန်း၃ကလေ..။ သူက အရင်စာသင်နှစ်ကမှ ကျောင်းပြောင်းလာတာမဟုတ်ဘူးလား။ ငါကြားတာတော့ ကျောင်းအုပ်ကြီးကိုယ်တိုင် အမှတ်၁၂အလယ်တန်းကျောင်းကိုသွားပြီး သူ့ကိုခေါ်လာခဲ့တာတဲ့။ IQ တအားမြင့်တယ်ပြောတယ်.. ငါတို့ကျောင်းက ဘယ်သူကမှ သူနဲ့မယှဉ်နိုင်ဘူးတဲ့”

 

 

ကျန်းယွီလည်း ဒီကိစ္စကို ကောင်းကောင်းသိသည်။ အတိတ်ဘဝတွင် ချူးလီ ထိုကဲ့သို့ ဉာဏ်ရည်မြင့်မားလှခြင်းကြောင့်လည်း သတင်းများတွင် ၁၀ရက်ဆက်တိုက် ဖော်ပြခြင်းခံခဲ့ရသည်ပင်။

 

 

“သူက အမှတ်၁၂ကျောင်းကလား”

 

 

“ဟုတ်တယ်လေ အံ့ဩဖို့မကောင်းဘူးလား”

 

 

“ငါကြားဖူးတာတော့ အမှတ်၁၂ကျောင်းက ပေချန်တစ်မြို့လုံးမှာ အဆိုးဆုံးကျောင်းပဲ”

 

 

“ချူးလီသာ အဲ့လောက်အမှတ်တွေ ကောင်းမနေခဲ့ရင် ငါတို့ကျောင်းအုပ်ကြီးက ဘယ်လိုလုပ် သူကိုယ်တိုင်သွားခေါ်ပြီး သူ့ကိုကျောင်းလခ စကော်လာတွေပါ ပေးမှာတဲ့လဲ”

 

 

ချန်းဝေသည် ဆက်ပြောလိုက်သည်။

 

 

“ဒါပေမယ့် အဲ့ကျောင်းက ငါ့သူငယ်ချင်းတွေ ပြောတာကတော့ ချူးလီက လူတွေနဲ့ ဆက်ဆံရေးမကောင်းဘူးတဲ့”

 

 

ထို့နောက် ချန်းဝေသည် သူမခေါင်းအား လက်ညိုးလေးဖြင့် ထိပြကာ “သူကဒီနေရာနည်းနည်းထိနေတာတဲ့.. သူတို့ပြောတာတော့ စိတ်ကျန်းမာရေးကြောင့် ဆေးကုသမှုပါ ခံယူထားရတာဆိုပဲ..။ နင် သူနဲ့ သွားမပတ်သတ်နဲ့နော်”

 

 

ဒါပေါ့.. ကျန်းယွီလည်း သူနှင့် မပတ်သတ်ချင်ပါ။ သို့သော်လည်း သူမသာ ဒီတာဝန်ကို မလုပ်နိုင်လျှင် အခုလက်ရှိထက်ပို၍ပင် သူမ ဆင်းရဲသွားပေလိမ့်မည်။

 

 

လုံးဝအကူအညီမဲ့နေသလို ကျန်းယွီ ခံစားလိုက်ရသည်။

 

 

ချူးလီတွင် စိတ်ရောဂါရှိသည်။

 

 

အထူးသဖြင့် သူသည် သာမာန်လူများကဲ့သို့ ခံစားချက်များရှိမနေဘဲ မတူကွဲပြားလေသည်။ ထို့အပြင် တစ်ကိုယ်ကောင်းဆန်၍ သနားငဲ့ညှာတတ်သည့်စိတ်မရှိပေ။ ထို့ကြောင့် သမားရိုးကျကိစ္စများမှ ပျော်ရွှင်မှုရရန်မှာ သူ့အတွက် အလွန်ပင်ခက်ခဲလှလေသည်။

 

 

တီဗီတွင် ကျွမ်းကျင်ပညာရှင်များ လေ့လာဆန်းစစ်ပြသွားသည်ကိုကြည့်လျှင် သူ၏အတွေးအခေါ်သည် ပုံမှန်အတိုင်းမဟုတ်ဘဲ လူတွေကိုနှိပ်စက်ရခြင်း သို့မဟုတ် သတ်ဖြတ်ရခြင်းကိုပင် သူ့အတွက် ဘယ်လိုမှ မခံစားရပေ။

 

 

ဒီလိုစိတ်ရောဂါမျိုး ရှိနေသူကို အရိုးရှင်းဆုံးဖော်ပြကြသည်မှာ “သွေးအေးလူသတ်သမား” ပင်။

 

 

ကျန်းယွီလည်း သူ့ကို တကယ်ကြောက်ရွံ့ပေသည်။

 

 

သို့သော်လည်း သူမဘယ်လောက်ပဲကြောက်ပစေ ရွေးချယ်စရာလမ်းမရှိတော့ပေ.. ကျည်ဆန်ကို ကိုက်ရင်းသာ တာဝန်ကို ဆက်လုပ်ရမည်ဖြစ်သည်။

 

 

သူမသည် ကျောင်းဂိတ်ပေါက်သို့ မြန်မြန်ထွက်လာလိုက်ပြီး ချူးလီကို လမ်းတစ်ဖက်ခြမ်းမှ စောင့်နေလိုက်သည်။ ခဏအကြာတွင်တော့ သူတစ်ယောက်တည်း လမ်းလျှောက်ထွက်လာသည်ကို တွေ့လိုက်ရသည်။

 

 

ချူးလီသည် ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်ပြီး သူ့နဖူးပေါ်တွင်တော့ အညိုရောင် ပလာစတာလေး အုပ်ထားလေသည်။ ကျောပိုးအိတ်ကို လွယ်ထားကာ မိုးပြာရောင်နှင့် အဖြူရောင် ကျောင်းဝတ်စုံကို ဝတ်ဆင်ထားလေသည်။

 

 

တစ်ချက်အကြည့်တွင်တော့ သူသည် သာမာန်အထက်တန်း ကျောင်းသားလေးနှင့် တူလှသည်။

 

 

ထိုလူငယ်လေးမှာ အနာဂတ်တွင် လူသတ်သမားတစ်ယောက်ဖြစ်လာလိမ့်မည်ဆိုတာ ဘယ်သူက ထင်ထားမှာတဲ့လဲ..။

 

 

ကျန်းယွီသည် သူမတာဝန်ကိုသာ သတိကပ်လိုက်ကာ သူ့နောက်သို့ မြန်မြန်လိုက်သွားလိုက်၏။

 

 

သူ့ဆီတိုက်ရိုက်သွား၍ စကားမပြောရဲသဖြင့် နောက်ကလိုက်ရုံသာ တတ်နိုင်ပေသည်။ ဒီ့အပြင် သူ့တွင်ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကိုလည်း ရှာဖွေရဦးမည်ပင်။

 

 

ချူးလီသည် ခါတိုင်းလိုပင် စတိုးဆိုင်သို့ဝင်သွားကာ ရေခဲမုန့်ဝယ်လိုက်သည်။

 

 

ပြီးနောက် လမ်းလျှောက်ရင်းနှင့်ပင် စားသွားလေ၏။

 

 

ဒီလိုရေခဲမုန့်စားရင်း လမ်းလျှောက်နေသော အထက်တန်း ကျောင်းသားလေးတစ်ယောက်က အနာဂတ်မှာ ကြက်သီးထစရာကောင်းလှသည့် လူသတ်သမားတစ်ဦးအဖြစ် ပြောင်းလဲသွားမည်ကို မည်သူမှ စဉ်းစားမိလိမ့်မည်မဟုတ်ချေ။

 

 

လမ်းကြားကွေ့လေးထဲမှာတော့ အသက်ကြီးကြီးကောင်လေးတစ်အုပ်က ကောင်ငယ်လေးတစ်ယောက်ကို အုပ်စုလိုက်အနိုင်ကျင့်နေလေသည်။ မြေကြီးပေါ်တွင် ထိုးကြိတ်နေကြပြီး ထိုကောင်လေးလက်ထဲမှ အရုပ်ကားလေးအား အတင်းလုယူနေကြသည်။

 

 

ပြီးနောက် နောက်သို့တွန်းထုတ်လိုက်သည့်အတွက် ငိုနေသောထိုကောင်လေးမှာ ချူးလီ၏ခြေထောက်နားသို့ လဲကျသွားလေသည်။ ထို့ကြောင့် ချူးလီအား ကူညီပေးစေလိုသော အမူအရာလေးဖြင့် အချက်ပြလိုက်၏။

 

 

“အကိုကြီး ကျွန်တော့်ကိုကူညီပါဦး.. ကျွန်တော့်ကိုကူညီပေးပါ”

 

 

သို့သော်လည်း ချူးလီသည် ပါးစပ်ထဲ ရေခဲမုန့်စားမပြတ်ကာ ထိုကောင်လေးကိုကျော်၍ ဖြတ်လျှောက်သွားလေ၏။

 

 

တကယ်ကို နှလုံးသားမရှိတဲ့ လူစားမျိုးပဲ.. မျက်ခုံးလေးတစ်ချက်တောင် တွန့်မသွားဘူး။

 

 

အကြမ်းဖက်မှုများနှင့် အနိုင်ကျင့်မှုများသည် ဤကမ္ဘာကြီးပေါ်တွင် နေ့စဉ်ဖြစ်ပျက်နေသောအရာများပေတည်း။

 

 

ဒီကမ္ဘာကြီးပေါ်တွင် ဖြစ်ပျက်နေသမျှအရာအားလုံးအား သူမခံစားနိုင်သည့်အတွက် တစ်ပါးသူ၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်းများမှာ သူနှင့်မဆိုင်ပေ။

 

 

လမ်းထောင့်နားကိုရောက်ခါနီးမှာတော့ ကြည်လင်ပြတ်သားလှသည့် အော်သံတစ်ခုကို ကြားလိုက်ရသည်။

 

 

“ရပ်လိုက်ကြစမ်း”

 

 

ချူးလီ ခေါင်းလေးကို အနည်းငယ်လှည့်ကြည့်လိုက်သောအခါတွင်တော့ အနိုင်ကျင့်ခံနေရသည့်ကောင်လေးအား သူရဲကောင်းလုပ်ကာ ဝင်ကယ်နေသည့် ကျန်းယွီကို တွေ့လိုက်ရသည်။

 

 

“အားနည်းတဲ့လူကိုမှ အနိုင်ကျင့်နေကြတာ.. နင်တို့အဲ့လောက်တောင်ပဲ အဖြစ်မရှိဘူးလား”

 

 

ထိုလူဆိုးငတိလေးများမှာ အထက်တန်းကျောင်းတွင် ဂျုနီယာတန်းသာ ရှိကြဦးမည်။ သို့သော်လည်း လူအင်အားတောင့်သည်ဖြစ်၍ ခေါင်းဆောင်ငတိလေးက ကျန်းယွီကို လုံးဝမကြောက်ပါ။

 

 

“အမကြီး.. သူများကိစ္စဝင်ပါမနေနဲ့။ လူကြည့်တော့ဖြင့် ငါတို့နဲ့ပြိုင်ဘက်တောင် ဟုတ်မနေဘူး”

 

 

“ဒါပေါ့ ငါကတော့ နင်တို့ကို ဘယ်လိုလုပ် ပြန်ရိုက်နိုင်မလဲ..။ ဒါပေမယ့် ငါ့အကိုကြီးပါတယ်လေ။ သူဘယ်လောက်တော်လဲ နင်တို့သိလို့လား..။ နင်တို့မှာ လူ၁၀မက ရှိနေရင်တောင် သူ့ပြိုင်ဘက်အဆင့်မဟုတ်သေးဘူး”

 

 

ပြောရင်းဆိုရင်းပင် ကျန်းယွီသည် လမ်းထောင့်တွင်ရပ်နေသော ချူးလီအား လက်ညိုးထိုးပြလိုက်သည်။

 

 

ယောင်္ကျားလေးများ အချင်းချင်းကြားတွင် သူတို့အချင်းချင်းသာ နားလည်နိုင်သော ညို့ဓာတ်တစ်ခုရှိပုံရသည်။ ဘာစကားတစ်ခွန်းမှမပြောဘဲ ဖြတ်လျှောက်ရုံသာ လျှောက်သွားသော်လည်း ချူးလီထံတွင် ကြောက်စရာအရှိန်အဝါများ ရှိနေသည်ကို ငတိလေးများလည်း ခံစားမိလေသည်။ သေချာပေါက် သွားရှုပ်လို့မရတဲ့လူပေ။

 

 

ငတိလေးများလည်း တစ်ယောက်နှင့်တစ်ယောက် ကြောင်အမ်းအမ်းနှင့် ကြည့်နေကြကာ နောက်ဆုံးတွင်တော့ ထွက်သွားရန်သာ ရွေးချယ်လိုက်ကြသည်။

 

 

ကျန်းယွီသည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ကလေးလေးအား တစ်ရှူးဖြင့် မျက်ရည်သုတ်ပေးလိုက်သည်။

 

 

“နောက်ဆို သူတို့တွေအနိုင်ကျင့်ရင် ငြိမ်ခံမနေဘဲ ပြန်တုန့်ပြန်ရမယ်နော်”

 

 

ကောင်ငယ်လေးသည်လည်း ကျန်းယွီအားကြည့်ကာ ငိုပြီးပြန်ပြောလိုက်သည်။

 

 

“ကျွန်တော်.. မလုပ်ရဲဘူး”

 

 

“လုပ်ရဲရမယ်”

 

 

ကျန်းယွီသည် တည်ငြိမ်လေးနက်စွာဖြင့် ဆက်ပြောလိုက်သည်။

 

 

“အရိုက်ခံရတယ်ဆိုရင်တောင် မင်းပြန်တိုက်ခိုက်ရမယ်..။ သူများကို အနိုင်ကျင့်တတ်တဲ့လူတွေက တန်ရာတန်ကြေးတော့ ပြန်ပေးရမှာပဲ။ ဒီလိုမှ မင်းသူတို့ကိုပြန်မရိုက်နိုင်ရင်တောင် ကြာလာရင် သူတို့မင်းကိုလွယ်လွယ်လေး လျော့တွက်ရဲကြတော့မှာ မဟုတ်ဘူး”

 

 

ကောင်ငယ်လေးလည်း သေချာစဉ်းစားတွေးခေါ်ပြီး ခေါင်းငြိမ့်ပြကာ သူမကိုကျေးဇူးတင်၍ ထွက်ခွါသွား၏။

 

 

 

 

 

 

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၆.၂

 

 

 

 

ချူးလီသည် ကျန်းယွီအား စိတ်ဝင်စားဟန်ဖြင့် လှမ်းကြည့်လိုက်သည်။

 

 

ကျန်းယွီလည်း ချူးလီအား မျက်ခုံးပင့်ပြလိုက်ကာ “ဟေး.. တိုက်ဆိုင်လှချည်လား ထပ်တွေ့ပြန်ပြီနော်”

 

 

ချူးလီသည် ရေခဲမုန့်အား လက်ထဲတွင်ကိုင်၍ ပုံမှန်အတိုင်းသာ ပြန်ပြောလိုက်သည်။

 

 

“မင်းပဲ တမင်သက်သက် ငါ့နောက်ကိုလိုက်လာတာလေ”

 

 

“…”

 

 

သူမသည် ခေါင်းလေးကို ပွတ်လိုက်ကာ “ငါတမင်လုပ်တာမဟုတ်ပါဘူး”

 

 

“ဘာဖြစ်ချင်လို့လဲ”

 

 

“ငါနင့်အကြောင်းကို သိချင်တယ်.. ငါ့နာမည်က ကျန်းယွီ”

 

 

သူမသည် သူ့အား လက်ဆွဲနှုတ်ဆက်ရန် လက်ကိုဆန့်ထုတ်ပေးလိုက်ပြီး ဆက်ပြောလိုက်သည်။

 

 

“နင်ကတော့ ချူးလီဆိုတာ ငါသိပြီးသား.. ဘယ်လိုပဲဖြစ်ဖြစ် တွေ့ရတာ ဝမ်းသာပါတယ်”

 

 

ချူးလီ၏ လှပသောမက်မွန်သီးပုံမျက်ဝန်းလေးများက သူမအား အရွတ်အနောက်အကြည့်လေးဖြင့် ကြည့်လိုက်ကာ ခနဲ့ပြုံးလေးပြုံးလိုက်သည်။

 

 

“ဘာကများ ဝမ်းသာစရာကောင်းနေလို့လဲ”

 

 

“…”

 

 

လုံးဝကို ဒဲ့ကြီးဖြဲလိုက်သဖြင့် သူမလည်း သေလောက်အောင် စိတ်တိုသွားသည်။

 

 

ထို့နောက် ကျန်းယွီသည် သူမရှေ့တွင်ရှိနေသော ထိုမှုန်ကုပ်ကုပ်ကောင်လေးအား သေချာကြည့်လိုက်သည်။ သူ့ရှေ့မှာစကားပြောချိန်တွင် အလွန်သတိရမည်ဖြစ်ကြောင်းကို သူမသတိထားမိလိုက်၏။

 

 

“ငါ နင်နဲ့ သူငယ်ချင်းဖြစ်ချင်ရုံပါ”

 

 

ကျန်းယွီသည် ချူးလီအနည်းငယ်မျှ အလျော့ပေးလာမလားဆိုသည့် အတွေးဖြင့် တတ်နိုင်သမျှ စကားကိုယဉ်ကျေးချိုသာစွာ ပြောလိုက်သည်။

 

 

သို့သော် ချူးလီပါးစပ်မှ ထွက်လာသည်မှာ တစ်ခုတည်းပင်..။

 

 

“သွားစမ်းပါ”

 

 

ချူးလီသည် ပြောပြီးပြီးချင်း အိတ်ကပ်ထဲကို လက်ထည့်ကာ ပျင်းရိလေးလံစွာဖြင့်ပင် လမ်းဆက်လျှောက်သွားလေ၏။

 

 

ကျန်းယွီသည် သူ့နောက်ကျောကိုကြည့်ကာ ဒါတကယ်ကို ယွမ်သန်း၃ရာတန် တာဝန်ပဲဟု စိတ်ထဲကပင် ပြောလိုက်လေသည်။

 

 

ဒါပေမယ့် သူမ လက်မလျော့နိုင်ပါ။

 

 

တာဝန်ကိုလက်ခံလိုက်ပြီး အောင်မြင်အောင်မလုပ်နိုင်လျှင် ပိုက်ဆံတစ်ခုတည်း အနှုတ်ခံရမှာမဟုတ်ဘဲ သူမဘဝပါ ထိခိုက်လာမည်ဖြစ်သည်။

 

 

သူမသည် ထိုအရာ၂ ခုစလုံးကို အဖြစ်မခံနိုင်ပါ။ အသက်လည်း အသေမခံနိုင်ပေ။

 

 

ကျန်းယွီသည် ချူးလီနောက်သို့ အမြန်ပြေးလိုက်သွားကာ ပြောလိုက်လေသည်။

 

 

“အခုဘယ်သွားနေတာလဲ.. အိမ်ပြန်နေတာလား? ငါ့ကိုညစာစားဖို့ မဖိတ်ချင်ဘူးလား”

 

 

ချူးလီလည်း ရပ်လိုက်ကာ သူမဘက်သို့ လှည့်လိုက်ပြီး သူမဆံပင်ကို ဆွဲလိုက်လေသည်။ ကျန်းယွီအတော်ပင် မျက်စိမျက်ဆံပြူးသွားလေ၏။

 

 

ချူးလီ၏ မျက်ဝန်းနက်များကို ကြည့်လိုက်သည်နှင့် သူ့ထံမှ အန္တရာယ် အငွေ့အသက်များကို အလိုလိုပင် ခံစားမိလိုက်လေသည်။ သူမ၏နှလုံးသည်လည်း အပြင်သို့ ပေါက်ထွက်တော့မတတ်ပင် ခုန်နေပြီး တကယ်ကို ရှိသမျှအားသုံးကာ ထွက်ပြေးချင်လှလေပြီ။

 

 

သို့သော်လည်း ချူးလီသည် သူမ၏ခေါင်းအား အတော်တင်းတင်းကြပ်ကြပ် ညှစ်ထားပြီး သူဆံပင်လှမ်းဆွဲလိုက်သောနားက ဦးရေခွံသည်လည်း နာနေလေသည်။

 

 

ချူးလီသည် အေးတိအေးစက်လေသံဖြင့် မေးလိုက်သည်။

 

 

“မင်း ငါ့ဆီက ဘာလိုချင်နေတာလဲ”

 

 

“ဟင့်အင်း… လိုချင်နေတာမရှိပါဘူး”

 

 

ကျန်းယွီသည် စိတ်လှုပ်ရှားလွန်းလှသဖြင့် သူမ၏အသံပင်လျှင် ပြောင်းသွား၏။

 

 

“ဒီအတိုင်း.. နင့်ကိုသိချင်ရုံပဲ”

 

 

ပြက်လုံးတစ်ခုကြားလိုက်ရသည့်အတိုင်းပင် ချူးလီ၏ နှုတ်ခမ်းထောင့်လေးများ အပေါ်သို့ ကွေးတတ်သွားလေသည်။

 

 

“ငါ့ကို သိချင်တယ်?”

 

 

ယုတ်တိမတန်သည့် ဆင်ခြေတစ်ခုသာ ပေးလိုက်မိလျှင် သူနှင့်နီးကပ်ဖို့မှာ အင်မတန်ခက်ခဲသွားမည်ဖြစ်ကြောင်းကို ကျန်းယွီနားလည်သည်။

 

 

အနာဂတ်မှချူးလီက သူမအား သူ့ကိုကယ်တင်ရန် လွှတ်လိုက်သည်ဆို၍လည်း ပြောလို့မရနိုင်ပေ။

 

 

ချူးလီ၏ လက်ချောင်းလေးများက သူမ၏မေးလေးကို ဆွဲမော့လိုက်ပြီး မေးလိုက်လေသည်။

 

 

“အကြာကြီး စဉ်းစားပြီးပြီဆိုတော့ ပေးစရာ ဆင်ခြေကောင်းကောင်း ထွက်လာပြီလား”

 

 

ကျန်းယွီသည် သူ၏လက်ချောင်းထိပ်လေးများမှတစ်ဆင့်ပင် ဒီလူသည် မလွယ်ကြောဆိုတာကို ခံစားမိလိုက်သည်။

 

 

ထို့နောက် ဟိုတနေ့ညက မြစ်မှာဖြစ်ခဲ့သည့်ကိစ္စကို ရုတ်တရက် စဉ်းစားမိသွားပြီး သက်ပြင်းတစ်ချက်ချကာ ဒေါသအိုးလေးနှင့် ပြန်ပြောလိုက်သည်။

 

 

“နင်မကောင်းတဲ့ကောင်.. ငါ့ပထမဆုံးအနမ်းကို ခိုးသွားတယ်!”

 

 

ချူးလီ - ?

 

 

ကျန်းယွီသည် သူ့အားစိုက်ကြည့်ကာ အံကိုကြိတ်ပြပြီး ဆက်​ပြောလိုက်သည်။

 

 

“နင် ငါ့ကို တာဝန်မယူသင့်ဘူးလား ပြော”

 

 

ချူးလီ -  …

 

 

ဒါကိုတော့ ချူးလီတကယ်ကို မထင်မှတ်ထားခဲ့ပေ။

 

 

ကျန်းယွီသည် ပြောချင်တာမှန်သမျှကို ပြောပြီးနောက်မှတော့ သူမရှေ့က အေးစက်စက်လူကြီးကို ရင်ဆိုင်ရပေတော့မည်။ ထိုစဉ် ချမ်းမြသည့်လေညှင်းလေးကလည်း တိုက်ခတ်နေပြီး သူမနောက်ကျောကပင် အေးမြသည့်ချွေးစေးများ စီးကျလာသည်ကို ခံစားလိုက်ရသည်။

 

 

ကျန်းယွီတစ်ယောက် ချူးလီအား ကြိုက်မိသွားသည်ဆိုသည်ကလွဲ၍ တစ်ခြားဘယ်အကြောင်းပြချက်ကိုမှ မတွေးတတ်တော့ပါ။ သူ့အား ချဉ်းကပ်ဖို့ဆိုလျှင် ဒါသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်ပေလိမ့်မည်။

 

 

ချူးလီ တစ်ယောက်ကတော့ အတော်ရယ်ရတဲ့ ဟာသတစ်ခုကို ကြားလိုက်ရသည့်အလားပင်။ နှုတ်ခမ်းထောင့်လေးများဟာ ကောက်ကွေးတတ်သွားပြီး အေးတိအေးစက် အပြုံးလေးဖြင့်သာ ပြန်ပြောလိုက်သည်။

 

 

“ဘာလဲ.. မင်းက မူလတန်းကလေးမို့လို့လား”

 

 

“ဟမ်”

 

 

“နမ်းတာနဲ့ အသက်ရှုသွင်းပြီး လေမှုတ်ထုတ်ပေးတာနဲ့ရော ကွဲရဲ့လား”

 

 

“ကွဲတာပေါ့”

 

 

ချူးလီသည် သူမကို သူ့နားဆွဲလိုက်လေကာ သူတို့နှစ်ဦးမှာ အလွန်ပင်နီးကပ်သွားပြီး အသက်ရှုသံများပင် ရောယှက်ကုန်ကြသည်။

 

 

“ငါထင်တာတော့ မင်း အဲ့ဒါကို မသဲကွဲပါဘူး”

 

 

သူ၏ မျက်ဝန်းနက်များမှာ အန္တရာယ်အတိ ပြည့်နှက်နေသည့်အလားပင်..။

 

 

“ငါ မင်းကိုတာဝန်ယူမယ်ဆိုရင်ရော မင်းလက်ခံရဲမှာတဲ့လား”

 

 

ကျန်းယွီသည် သူ၏နှုတ်ခမ်းပါးလေးများ သူမကိုထိတော့မည်ကို သိလိုက်သည်နှင့် တစ်ဖက်သို့ ခေါင်းကိုအတင်းလှည့်လိုက်ကာ ကြက်သေသေသွားလေ၏။

 

 

သူမ မှားသွားပြီ.. တကယ်ကို မှားသွားလေပြီ။

 

 

သူမက အတွေ့အကြုံမရှိတဲ့ သိုးငယ်လေးတစ်ကောင်ပင်။ ဒီလိုလူစားမျိုးကို ပရောပရည် သွားမလုပ်သင့်ပေ။

 

 

ကျန်းယွီတစ်ယောက် အခြေအနေတွေကို မထိန်းချုပ်နိုင်တော့သည့်အတွက် တတ်နိုင်သမျှ အမြန်ပင်လှည့်ထွက်ပြေးကာ ဒီဘဝတွင် သူနှင့်လုံးဝမပတ်သတ်တော့ဘဲ ဝေးနိုင်သမျှသာ ဝေးဝေးနေချင်မိတော့သည်။

 

 

ချူးလီသည် ထိုကောင်မငယ်လေး၏ တွန့်ထားသောမျက်ခုံးအောက်မှ မျက်ဝန်းတစ်စုံကြားတွင် ကြောက်လန့်မှုများ ဝင်းလက်နေသည်ကို တွေ့လိုက်ရသဖြင့် လွှတ်ပေးလိုက်သည်။

 

 

ကျန်းယွီလည်း အတော်လန့်သွားကာ အနားရှိ ပရုတ်ပင်နောက်သို့ သွားပုန်းလိုက်ပြီး ချူးလီအား အကာအကွယ်မဲ့နေသော သမင်လေးတစ်ကောင်ကဲ့သို့ ကြည့်နေလိုက်သည်။

 

 

ချူးလီကတော့ အိတ်ကပ်ထဲသို့ လက်ထည့်ကာ ထွက်သွားတော့သည်။

 

 

ကျန်းယွီသည် သူနှင့်အနည်းငယ်ဝေးသော အကွာအဝေးကနေပင် နေလိုက်သည်။ ထို့နောက် စိတ်ရှုပ်စွာနှင့်ပင် လှမ်းအော်လိုက်၏။

 

 

“ငါသိတာပေါ့ နမ်းတာနဲ့ အသက်ရှုသွင်းပြီး လေမှုတ်ထုတ်ပေးတာနဲ့ ဘာကွာလဲဆိုတာ”

 

 

ချူးလီ နောက်သို့ လှည့်ကြည့်လိုက်သောအခါ ထိုကောင်မလေးသည် ၁၀မီတာအကွာက ပရုတ်ပင်အောက်တွင်ပုန်း၍ သူ့အားလှမ်းအော်နေခြင်းဖြစ်သည်။

 

 

“လူကိုကယ်ရုံပဲဆိုရင် လျှာကိုထုတ်ဖို့လိုလို့လား လူလိမ်ကောင်ရဲ့! ပြီးတော့ဖြင့် ဝန်မခံရဲဘူး”

 

 

“ငါဘယ်တုံးက လျှာကိုထုတ်မိလို့လဲ?..”

 

 

သူပြော၍မဆုံးခင်မှာပင် သူ့ဘေးနားက လူများလည်း တစ်ပြိုင်တည်း လှမ်းကြည့်နေကြလေပြီ။

 

 

ချူးလီလည်း ရှင်းပြရမှာကို ပျင်းလွန်းသဖြင့် စိတ်ထဲကနေသာ ကျိန်ဆဲမိလိုက်သည်။

 

 

ကျန်းယွီကတော့ အဝေးကိုထွက်ပြေးသွားလေပြီ။ ချူးလီသည် သူ့နဖူးပေါ်မှ ပလာစတာကို ချွတ်လိုက်ကာ သေချာကြည့်နေလိုက်ပြီး ထိုနေ့ညက အကြောင်းအရာများအား သေချာပြန်စဉ်းစားနေမိတော့သည်။

 

 

"ငါ့လျှာကိုထုတ်လိုက်တယ်… မဖြစ်နိုင်တာ”

 

 

ကျန်းယွီအိမ်ပြန်ရောက်တော့ app ထဲက ဘဏ်အကောင့်ကို စစ်ကြည့်လိုက်သည်။ နှုတ်ခံထားရသော ယွမ်၅ရာပြန်ရောက်နေပြီ ဖြစ်သည့်အတွက် သူမစိတ်ချမ်းသာရာရသွားသည်။

 

 

ချူးလီ၏ စီးပွါးရေးကို လက်ခံလိုက်သော်လည်း သူမအပျင်းတစ်ကာ သူနဲ့ဝေးဝေးသာနေခဲ့သဖြင့် အခကြေးငွေ ယွမ်သန်း ၃ရာ မရခဲ့လျှင်လည်း သူမဘဝကို မထိခိုက်သရွေ့ အဆင်ပြေသည်ဟု ကျန်းယွီထင်ခဲ့မိသည်။

 

 

အခုကြည့်ရတာတော့ တာဝန်ကို လက်ခံပြီသည်နှင့် ပြီးအောင်လုပ်ရပေမည်။

 

 

သေချာစဉ်းစားကြည့်လျှင်လည်း ယုတ္တိရှိလှ၏။ အနာဂတ်မှ လူများသည် မျှော်လင့်တကြီးနှင့် စောင့်နေကြသည်သာဖြစ်သည်။ သူမသာ အလုပ်ကိုသေချာမလုပ်မိပါက ဒါအကျိုးသင့်အကြောင်းသင့် မဟုတ်တော့ပေ။

 

 

ကျန်းယွီသည် ချန်းဝေအား အခန်း၃သို့သွားကာ ချူးလီ၏ Wechat ကိုတောင်းခိုင်းခဲ့ပြီး သူ့အား friend request ပို့လိုက်သည်။

 

 

၅ကြိမ်လုံး သူမ၏ friend request ကို ပယ်ချခဲ့သည်။

 

 

ကျန်းယွီဘဝတွင် ကောင်လေးတစ်ယောက်ဆီမှ ဒီလောက်ငြင်းပယ်တာ မခံရဖူးပါ။ အတိတ်ဘဝတွင်ဆိုလျှင် ကျောင်းမှာဖြစ်စေ အကသင်တန်းမှာဖြစ်စေ ကောင်လေးများက သူမ၏ Wechat ကိုအရင်စတောင်းတတ်ကြသည်။

 

 

ဒီကောင် ချူးလီကတော့ အတော်လေးမာနကြီးသည်ပင်။

 

 

ဒါပေမယ့်လည်း ယွမ်သန်း၃ရာတန်သော စီးပွါးရေးတစ်ခုပါဆိုမှ ဘယ်လွယ်ကူမလဲ..။

 

 

ကျန်းယွီသည် သူမအိမ်စာများကို လုပ်နေရင်းနှင့်ပင် friend request ကို ဆက်ပို့နေလိုက်သည်။

 

 

၁၈ကြိမ် အငြင်းခံရပြီး နောက်ဆုံး၁၉ကြိမ်မြောက်တွင်တော့ ချူးလီ သူမကို လက်ခံလိုက်သည်။

 

 

သူမသမ်းလိုက်ကာ ဖုန်းကိုကောက်ကိုင်လိုက်ပြီး ‘ဟယ်လို’ ဆိုသည့် ကြောင်ပုံ meme လေးကိုပို့လိုက်သည်။

 

 

ချူးလီ - “ဘာလိုချင်လို့လဲ?”

 

 

ကျန်းယွီ - “နင့်အကြောင်း သိချင်တာလေ”

 

 

ချူးလီ - “ငါ မင်းကို စိတ်မဝင်စားဘူး”

 

 

ကျန်းယွီ - “မသေချာနိုင်သေးပါဘူး”

 

 

ချူးလီ -  …

 

 

အချိန်အတော်ကြာပြီးနောက် ချူးလီစာတစ်စောင်ကို ပို့လိုက်သည်။

 

 

“အဲ့ဒါ ငါ့ရဲ့ပထမဆုံးအကြိမ် အသက်ရှုသွင်းပြီး လေမှုတ်ထုတ်ပေးခြင်းပဲ။ အဲ့တော့ ငါလည်းအရမ်းတော်နေတတ်မနေဘူး.. အရမ်းကြီး တွေးမနေနဲ့တော့”

 

 

ကျန်းယွီလည်း ထိုစာကိုမြင်မြင်ချင်း အော်ရယ်ချင်မိသွား၏။

 

 

ဒီလိုဆိုမှ ချူးလီတစ်ယောက် အဲ့ညက သူလျှာထုတ်မထုတ်ကို တကယ်ပဲထိုင်စဉ်းစားနေခဲ့တာပဲ၊

 

 

ဒီကောင်လေး ချစ်ဖို့တော့ကောင်းသားဟု သူမတွေးလိုက်မိသည်။

 

 

ကျန်းယွီ - “ဘာပဲဖြစ်ဖြစ် အဲ့ဒါ ငါ့ပထမဆုံးအနမ်းပဲ”

 

 

ချူးလီ - “အဲ့လောက်ထိ အရေးကြီးနေလို့လား?”

 

 

ကျန်းယွီ - “ဒါပေါ့!”

 

 

နောက်ထပ်အချိန်အတော်ကြာပြီးနောက် ချူးလီစာတစ်စောင်ကို ထပ်ပို့လိုက်သည်။

 

 

ချူးလီ - “မင်းဘာလိုချင်လို့လဲ”

 

 

သူ့စာကိုကြည့်ပြီး ကျန်းယွီရယ်လိုက်မိသည်..။ သူမရဲ့ ပထမဆုံးခြေလှမ်းတော့ အောင်မြင်သွားလေပြီ။

 

 

ကျန်းယွီ - “အရမ်းကြီး တွေးဖို့မလိုပါဘူး..။ ငါနင့်ကိုသိခွင့်ရရင်ကို ပျော်နေရမှာ”

 

 

ချူးလီ - …

 

 

ထိုကောင်စုတ်လေး၏ မျက်နှာဖြစ်ပျက်နေမည့်ပုံကို တွေးကြည့်မိတာနဲ့တင် ကျန်းယွီအင်မတန်ကို အူမြူးမိ၏။

 

 

အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ချူးလီငယ်လေးက အရမ်းကြောက်ဖို့မကောင်းပေ။

 

 

သူတို့ဆက်ဆံရေးကို ခြေလှမ်းစနိုင်ခဲ့ပြီဖြစ်သောကြောင့် ကျန်းယွီလည်း စိတ်ခံစားချက် ကောင်းနေလေ၏။ ခြေဖျားလေးထောက်ကာ သူမလက်ကလေးများအား စက်ဝိုင်းပုံစံဝိုင်းလျှက် အခန်းကို အကြိမ်များစွာ ပတ်လျှောက်နေလိုက်သည်။

 

 

ထိုအချိန်တွင် app မှ စာတစ်စောင်ဝင်လာ၏။

 

 

“တိန်.. အော်ဒါအသစ်ရောက်လာပါတယ်..။ လက်ခံမည်လား လက်မခံဘူးလား”

 

 

ကျန်းယွီသည် ဖုန်းကိုကောက်ကိုင်လိုက်ကာ အက်မင်အကောင့်မှ ပို့ထားသော ယွမ်၂သောင်းတန် တာဝန်၏ အချက်အလက်များကို ဖတ်လိုက်သည်။

 

 

သူမ၏ ပထမဆုံးသော ယွမ်၂သောင်းတန်တာဝန်ဖြစ်သည့် မေ့ကျိုက်အကြောင်းကို ပြန်တွေးလိုက်မိ၏။ တာဝန်၏ ခက်ခဲမှုအဆင့်နှင့် ဆုကြေးငွေသည် သာတူညီမျှပင် ဖြစ်ရပေမည်။

 

 

ထို့ကြောင့် ဒီတစ်ခေါက် တာဝန်သည်လည်း အရမ်းကြီးမခက်ခဲလောက်ပေ။

 

 

ကျန်းယွီသည် Esmeralda သင်တန်းကြေးတွေအတွက် အလုပ်ပို လုပ်ရမည်ဖြစ်သဖြင့် တွေဝေခြင်းမရှိဘဲ တာဝန်ကိုလက်ခံလိုက်လေသည်။

 

 

ခဏအကြာတွင်တော့ ‘ယဲ့ကျီ’ ဆိုတဲ့ ကောင်မလေးတစ်ယောက် ကျန်းယွီအား သူငယ်ချင်းအဖြစ် လာ add လေသည်။

 

 

ကျန်းယွီ _ “ဟယ်လို.. ဘာကူညီပေးရမလဲ”

 

 

ယဲ့ကျီ - “ကျေးဇူးပြုပြီး ငါ့ကိုကယ်ပေးပါ! ငါ့ကိုကယ်ပေးမှရမယ်!”

 

 

ယဲ့ကျီသည် အသံမက်ဆေ့ချ်ပို့လိုက်သည်။ ကျန်းယွီ သူမအသံကိုကြားသောအခါ သူမ၏ စိတ်အခြေအနေမှာ ဂဏာငြိမ်နေပုံမပေါက်ဘဲ အထိန်းအချုပ်မဲ့နေပုံပေါက်သည်။

 

 

ကျန်းယွီ - “အရင်ဆုံး စိတ်ကိုအေးအေးထား.. ငါ့အကူအညီလိုတယ်ဆိုရင် ငါအကောင်းဆုံးကူညီပေးမှာပါ”

 

 

ယဲ့ကျီ - “စက်တင်ဘာ၂၃ရက်နေ့၊ ည၉နာရီကျရင် ညပိုင်းအတန်းပြီးတာနဲ့ ငါပိတ်ရက်တွေဆိုရင် ပြန်နေကျလမ်းကနေ မပြန်ပါနဲ့လို့ အတိတ်က ငါ့ကို ကျေးဇူးပြုပြီး ပြောပေးပါနော်!”

 

 

ကျန်းယွီသည် စားပွဲပေါ်မှ alarm နာရီလေးကိုလှမ်းကြည့်လိုက်သောအခါ ယခုသည် စက်တင်ဘာ၂၃ရက်နေ့၊ ည၇:၁၅ ရှိနေပြီကို တွေ့ လိုက်သည်။ ထို့ကြောင့် ၂နာရီတောင် အချိန်မကျန်တော့ပေ။

 

 

ဆိုးရွားလိုက်တာ..။

 

 

ဒီကာစတမ်မာတွေ ဘာလို့များ ၁ရက်၂ရက် ကြိုမပြောနိုင်ရတာလဲ!

 

 

“တာဝန်ပြီးမြောက်နိုင်ဖို့ သွက်သွက်လေး လုပ်ရတော့မှာပဲ”