အန္တရာယ်များသောနန်းတော်ထဲတွင်ပြန်လည်မွေးဖွားခြင်း
"နင်ပဲငါ့ကိုကြိုက်တယ်ဆို... အဲဒါကြောင့်ငါပြောတာနားထောင်ပြီး သွားသေလိုက်တော့!"
လင်းရှောင်တစ်ယောက် ဆိုးရွားသောအိပ်မက်ကြောင့် နောက်ကျောတစ်ခုလုံးချွေးများစိုရွှဲလျက်လန့်နိုးလာခဲ့သည်။
သူကမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီး
အာရုံစူးစိုက်လိုက်သည်။ အခန်းသည် ကျယ်၀န်းသော်လည်း
နံရံနှင့်ကြမ်းပြင်တို့တွင် မသင်္ကာဖွယ်အနီရဲရဲသွေးများပေကျံလျက်။
ပုံစံစုံ ဆိုဒ်စုံ ဓားအမျိုးမျိုး ပြီးနောက် ကြိုးခွေတွေနှင့်အတူရှုပ်ပွနေပြီး ထူးဆန်းသော ကုတင်ကြီးတစ်ခုလည်းရှိသည်။
သူကား ဤအခန်းကိုပြောမပြတတ်အောင်ရင်းနှီးနေသလိုခံစားလိုက်ရ၏။
ဒါကကုန်းကုန်းတွေကို ဝှေးသင်းတဲ့အခန်း ကြီးမဟုတ်လား...
လင်းရှောင် အထိတ်တလန့်ဖြင့်ပင် မိမိကိုယ်ကို ငုံ့ကြည့်လိုက်မိပြီးမှ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် မှုတ်ထုတ်မိလိုက်သည်။
သူ့အောက်ပိုင်းမှအရာလေးက ဘာကိုမှဂရုမစိုက်သည့်ပုံစံလေးနှင့် သူနှင့်တွဲလျက်ပင်ရှိနေသေးသည်။
သို့သော် သူ၏လက်နှင့်ခြေတို့မှာ တုပ်နှောင်ခံထားရပြီး
အခန်းထဲတွင်မည်သူမှမရှိပေ။ ထို့အပြင် အခန်းအပြင်ဘက်၌လည်းအတော်လေးဆူညံနေသည်။
ကြိုးနှင့်တုပ်နှောင်ခံထားရသော်လည်း သူ့ခေါင်းကို လွတ်လွတ်လပ်လပ်လှုပ်ရှားလို့ရနေသေးသည်မို့
ခေါင်းကိုငုံ့ကာ လက်ကောက်၀တ်တွင်ချည်ထားသော ကြိုးကို ကိုက်ဖြတ်လိုက်သည်။ ထို့နောက်တွင် ခြေထောက်မှကြိုးကိုလည်းဖြည်လိုက်လေသည်၊
ကြိုးများကိုဖြေရှင်းပြီးနောက် ကုတင်ပေါ်မှထရပ်လိုက်သည်။
လက်ရှိသူ့ခန္ဓာကိုယ်မှာ ဘာအ၀တ်မှမရှိပေ။ ထို့ကြောင့် ဘေးတွင်တွေ့သော ကုန်းကုန်း အ၀တ်အစားတချို့ကို
ဆွဲယူကာ၀တ်ဆင်လိုက်ပြီး တံခါးနားသို့သွားကာ
အပေါက်ငယ်လေးမှတဆင့် အပြင်ဘက်ရှိ အခြေအနေကို အကဲခတ်လေသည်။
အပြင်ဘက်ရှိဆူညံနေသော လူအုပ်ကြီးမှာ အတော်ပင်များလှသည်။ သို့သော်သူ့မျက်လုံးများက
ထိုလူအုပ်ကြီးအလယ်မှပိန်ပါးကာ အားနည်းသော မိန်းကလေးတစ်ဦး၏အသွင်အပြင်ကိုချက်ချင်းသတိထား မိလိုက်သည်။
မိန်းကလေးမှာ အလွန်လှပပေသည် ။
လှပလွန်း၍သူမအတွက် နိုင်ငံများစစ်ခင်းပေးရမလိုပင် ။
ထိုသို့နူးညံ့သောအလှလေးမှာ မြေပြင်တွင် လဲကျနေပြီး မျက်ရည်လေးများဝေ့သီနေပုံမှာ မြင်ရသူတိုင်း သနားစဖွယ် မြတ်နိုးစဖွယ် ဆွဲ၍ပွေ့ယူချင်စဖွယ်..။
လင်းရောင်၏မျက်လုံးတွေ ရုတ်ချည်းပြူးကျယ်သွားသည်။
'အဲဒါ မိုရွှီပဲ! သူဘာလို့ဒီကိုရောက်နေတာလဲ...
မဟုတ်သေးဘူး
သူတို့ဘာကြောင့်ဒီကိုရောက်နေလဲမေးရမှာ...
သူမှတ်မိသလောက်တော့ သိပ်မကြာခင်တုန်းက သူနဲ့ မိုရွှီက ဝိုင်အတူတူသောက်ရင်း လရောင်ကိုခံစားနေခဲ့ကြသေးတာ။ တွေးကြည့်ရင်သိပ်ကိုလှပတယ်.။
ဒါပေမယ့် အဲဒါက အဆိပ်ခပ်ထားတဲ့ဝိုင်!
သူ့အသက်ကို မျက်စိတမှိတ်အတွင်း ချွေယူသွားတဲ့ သောက်ကျိုးနည်း အဆိပ်ခတ်ထားတဲ့ဝိုင်လို့် ...
လင်းရှောင် အယောင်ယောင်အမှားမှားနှင့် သူ့ရင်ဘတ်ကိုပြန်စမ်းလိုက်မိသည်။
နွေးနေတုန်းပဲ...
အဲဒီဝိုင်ကအဆိပ်ခတ်ထားတယ်လေ၊ သူကဘာလို့ အသက်ရှင်နေသေးတာလဲ...
သူတစ်ကိုယ်တည်းရှုပ်ထွေးနေမိစဉ် ကုန်းကုန်းတချို့ သူရှိနေသောအခန်းသို့်လျှောက်လာနေသည်ကို တွေ့လိုက်ရလေသည်။
လင်းရှောင်ထိတ်လန့်သွားမိသည်။
သူကဒီဝှေးသင်းတဲ့ အခန်းထဲမှာ အ၀တ်မပါပဲ ကြိုးတုပ်ခံထားရတဲ့ အဓိပ္ပာယ်ကဘာလဲဆိုတာ ကောင်းကောင်းသိတယ်...
သူဒါမျိုးမကြုံဖူးတာလည်းမဟုတ်ဘူး...
သူ အဘယ်ကြောင့်ဤအခန်းထဲရောက်နေရသလဲနားမလည်သော်လည်း လွတ်မြောက်ရေးကိုသာ အမြန်စဉ်းစားလိုက်ရသည်။ သူ၏အလျင်အမြန်ပြေးလွှားနေသော မျက်လုံးများက ဖွင့်ထားသော ပြတင်းပေါက်တစ်ခု၌ရပ်သွားလေသည်။
သူကအချိန်ဆွဲမနေတော့ပဲ အပြေးသွားကာ ထိုပြတင်းပေါက်မှခုန်ထွက်လိုက်တော့သည်။
သူအပြင်သို့ရောက်သွားသည်နှင့် တပြိုင်နက်
အခန်းတံခါးဖွင့်ကာ၀င်လာသော ကုန်းကုန်းများ၏ ဆူဆူညံညံအော်ဟစ်သံများကိုကြားလိုက်၏။
သူ ဟန်မပျက်နေရင်းပင် အနီးမှဖြတ်သွားသော ကုန်းကုန်းတချို့နှင့်ရောနှောက ပျောက်ဆုံးသွားသူကို လိုက်ရှာနေသယောင်ဟန်ဆောင်လိုက်သည်။
လင်းရှောင် သူ၏ ထက်မြက်သော စိတ်ကူးနှင့်အတူ
ထိုကုန်းကုန်းများသတိမမူမိချိန်တွင်ဤနေရာမှထွက်သွားမည့်ရည်ရွယ်ချက်ဖြင့် တဖြည်းဖြည်း နောက်အစွန်ဆုံးတွင် ချန်နေရစ်ခဲ့သည်။
ကုန်းကုန်းများမှာ ထိုအချင်းအရာကိုသတိမမူမိပဲ ရှေ့သို့ဆက်၍အလောတကြီးလျှောက်သွားကြမှသာ သူကသက်ပြင်းကိုချကာ ထွက်ပြေးရန်အတွက် အလျင်အမြန်နောက်သို့လှည့်လိုက်တော့သည်။
သူ၏လွတ်မြောက်ရေးလမ်းစလေးတွင် နွေးထွေးပြီးကြီးမားသောနံရံကြီးတစ်ခုက ကန့်လန့်ခံနေမည်ဟုမထင်ထားခဲ့။
သူကထိုနံရံကြီးကို သတိမမူမိပဲ ၀င်တိုက်မိလေသည်။
လင်းရှောင် အထိတ်တလန့်ဖြင့် ဝှက်ယူလာသောဓားမြှောင်ကို မြှောက်လိုက်သော်လည်း
သူ့လက်မှာအလွယ်တကူပင် ဖမ်းဆွဲခံလိုက်ရလေသည်။
သူကထိုအရပ်မြင့်သော ပုဂ္ဂိုလ်ကိုမော့ကြည့်လိုက်ရတွင်
ပို၍တုန်လှုပ်သွားရ၏။
ထိုလူ၏မျက်ခုံးတို့မှာထူထဲကာ ကျက်သရေရှိလှသည်။
ထိုလူ၏နှာတံမှာဖြောင့်စင်း ပါးလွှာသောနှုတ်ခမ်းတို့ရှိသည်။
ထိုလူ၏နက်မှောင်သောဆံပင်တို့က အလွန်သေသပ်စွာဖီးသင်စုစည်းထားပြီး တမျှင်လေးတောင်ဖွာထွက်နေခြင်းမရှိပေ။
ထိုလူသည် ရွှေချည်ကွပ်ထားသော အနက်ရောင်၀တ်ရုံကို၀တ်ဆင်ထားသည်။
လင်းရှောင်မှာ သတိလက်လွတ် နှုတ်မှအသံထွက်သွားမိသည်။
ထိုလူမှာလည်း လင်းရှောင်၏အပြုအမူကြောင့် မျက်ခုံးကိုပင့်လိုက်ပြီးလက်ကိုလွှတ်ပေးလိုက်မိလေသည်။
လင်းရှောင် အခွင့်အရေးရသည်နှင့် ထိုလူရှေ့မှ ဖလူးခနဲပြေးထွက်သွားသည်မှာ အတောင်ပံပါသည့်အတိုင်းပင်။
အနက်ရောင်၀တ်ရုံနှင့်လူမှာမူ အလျင်စလိုပျံထွက်သွားသော လူတပိုင်းငှက်တစ်ပိုင်းသတ္တဝါကို လက်နောက်ပစ်ကာ မျက်မှောင်ကျုံ့လျက်ကြည့်ရင်း ကျန်ရစ်လေသည်။
ဒီလိုအရိုအသေမဲ့ပြီး စော်ကားတဲ့ ကုန်းကုန်းမျိုး နန်းတွင်းမှာဘာလို့ရှိနေတာလဲ...
လင်းရှောင်က အတော်ကြာအသက်ရှူရပ်မတက်ပြေးလာပြီးမှ
ကျောက်တုံးတစ်တုံးကို ထောက်ကာ အသက်ကိုအမောတကော ပြန်ရှူနေရလေသည်။
သူဘယ်လောက်တောင် ကံဆိုးနေတာတုန်း...
ထွက်ပြေးပါတယ်ဆိုမှနန်းတွင်းက အကြီးမားဆုံး bossကြီးနဲ့ ထိတိုက်သွားတိုးရတယ်လို့....
ဘာပဲဖြစ်ဖြစ်ထားလိုက်ပါတော့လေ။
လောလောဆည်ဘာဖြစ်နေတာလဲက ပိုအရေးကြီးတယ်
သူက ထိုကျောက်တုံးကိုကျောမှီကာထိုင်ချလိုက်သည်။
သူ့နာမည်ကလင်းရှောင်ဖြစ်ပြီး 21ရာစုမှလူစင်စစ်ဖြစ်သည်။
သူနဲ့အတူ21ရာစုကနေ ဒီကိုအတူရောက်လာသော တခြားတစ်ယောက်လည်းရှိသေးသည်။
သူကမိုရွှီကိုဆယ်နှစ်ကျော် တိတ်တခိုးချစ်နေခဲ့ရသည်။
ထို့နောက် အက်ဆီးဒင့်တစ်ခုကြောင့် သူတို့နှစ်ယောက်လုံး ဒီကိုမတော်တဆရောက်လာခဲ့ခြင်းပင်။
ဒီနေရာမှာမိုရွှီရဲ့ ခန္ဓာကိုယ်ပိုင်ရှင်က လူအများကြီးပစ်မှတ်ထားခြင်းခံနေရတဲ့ တစ်စုံတစ်ယောက်ဖြစ်တာမို့် သူကမိုရွှီကိုတချိန်လုံးကာကွယ်ပေးနေခဲ့ရသည်။
နောက်ဆုံးသူ(မိုရွှီ)ကြိုက်တဲ့တစ်စုံတစ်ယောက်ကို တွေ့သွားတဲ့အချိန်အထိပေါ့ ။
ဒါလည်းထားလိုက်ပါ သူလက်ခံနိုင်ပါသေးတယ်...
သူမပျော်ရွှင်တာကိုမြင်ချင်တာကြောင့် သူကမိုရွှီကြိုက်တဲ့အဲဒီလူနဲ့ မိုရွှီကိုနီးစပ်အောင်လည်း ကူညီပေးခဲ့လိုက်တယ်...
ဒါပေမယ့်အဆုံးမှာ ဘာပြန်ရလဲ...
လင်းရှောင်၏လက်ရှိမျက်နှာသည်ကား အလွန်ပင် အမူအယာကင်းမဲ့ကာ ဗလာဖြစ်နေသည်။
"လင်းရှောင်...လင်းရှောင်..."
သိပ်မဝေးသောနေရာမှ မိုရွှီရဲ့ခေါ်သံထွက်ပေါ်လာသည်။
လင်းရှောင်လည်းရုတ်ချည်းထရပ်လိုက်သည်။
မိုရွှီက သူ့ကိုမြင်သွားပြီး ပျော်ရွှင်စွာနှင့် သူ့ထံသို့ပြေးလာလေသည်။
"ငါကနင်အဖမ်းခံလိုက်ရပြီထင်ပြီးစိတ်ပူနေတာ... နင်လွတ်သွားပြီဆိုလည်း ဘာလို့ငါ့ကိုလာမခေါ်တာလဲ...
လူကိုစိတ်ပူပြီးသေအောင်လို့"
လင်းရှောင် မျက်လုံးကျဉ်းမြောင်းလျက် မိုရွှီအား အလွန်အေးစက်စွာကြည့်နေလိုက်သည်။
ထိုအကြည့်ကို သတိထားမိကာ မိုရွှီက စိတ်မသက်မသာခံစားမိပြီး
သတိလက်လွတ်နှင့်နောက်သို့ခြေနှစ်လှမ်း
ဆုတ်လိုက်မိလေသည်။
"လင်း..လင်းရှောင်, ဘာ..ဘာဖြစ်လို့လဲဟင်"
လင်းရှောင် သူ၏ရှေ့မှ အမျိုးသမီးကို ရင်တွင်းမှအမုန်းတရားများပြည့်နှက်လျက် စိုက်ကြည့်လိုက်သည်။
သူက သူမ လိုချင်တာမှန်သမျှ ရအောင် ကူညီပေးခဲ့တယ်။
ဒါကိုသူမကအဆုံးမှာ အဆိပ်ခတ်ထားတဲ့ ဝိုင်ခွက်ကို
သူ့ဆီကိုအပြုံးလေးနဲ့ ကမ်းပေးခဲ့သေးတယ်။
သူမှတ်မိတယ်။ သူ့မှတ်ဉာဏ်တွေမပျက်ဆီးသေးဘူး...
သူသေခဲ့ရတယ်...
ဒီမိန်းမသူ့ကိုပြင်ဆင်ပေးတဲ့ စားပွဲသောက်ပွဲကြီးမှာ
ဒီမိန်းမသူ့ကိုကမ်းပေးခဲ့တဲ့ အဆိပ်ခပ်ထားတဲ့ဝိုင်ကိုသောက်ပြီး သူသေခဲ့ရတယ်။
သူ့ဆီကနေ လိုအပ်တဲ့အကူအညီမှန်သမျှ ယူခဲ့ပြီးတော့
လိုချင်တာရပြီးတာနဲ့ သူ့ကိုမျက်နှာတစ်ချက်မှမပျက်ပဲ အဆိပ်ခတ်ခဲ့တယ်။
ဒီမြွေဟောက်လို ရွံဖို့ကောင်းပြီးအဆိပ်ပြင်းတဲ့ မိန်းမ....
သူ့ကိုစိတ်ကျေနပ်အောင်အသုံးချပြီးတာနဲ့ ဒီလိုလွယ်လွယ်လေး ပစ်ထုတ်လိုက်တယ်ပေါ့လေ
လင်းရှောင်က မိုရွှီကို အမှုန့်ခြေပစ်ချင်တဲ့ အကြည့်တွေနဲ့အေးစက်စွာကြည့်နေပြီး ရှေ့သို့တစ်လှမ်းပြီးတစ်လှမ်းတိုးလာခဲ့သည်။
ထို့ကြောင့် မိုရွှီသည်လည်း ကြောက်လန့်စွာဖြင့် နောက်သို့တစ်လှမ်းပြီးတစ်လှမ်းဆုတ်လေသည်။
မိုရွှီ အထိတ်တလန့်ဖြင့်ပင် လင်းရှောင်အား စကားပြောရန်ကြိုးစားလိုက်သည်။
"လင်းရှောင်နင် စိတ်တိုနေတာလား...
နင်သတိမေ့နေတုန်း လန်ဝေ့ကနင့်ကို နန်းတွင်းကိုခေါ်လာတာကို စိတ်ဆိုးနေတုန်းလား..."
"အဲဒါနင်..နင် သူ့ကိုအပြစ်မတင်သင့်ဘူး။
သူကငါ့ကြောင့်လုပ်တာပာ ငါကနင့်ကိုမခွဲနိုင်လို့
နင်ငါ့အနားမှာရှိစေချင်လို့...ဒါပေမယ့် ယေက်ျားတွေက နန်းတွင်းမှာနေလို့မရဘူးလေ
အဲ..အဲဒါကြောင့် ငါကနင့်ကိုလူတွေ ကုန်းကုန်းလို့ ထင်သွားရင် အဆင်ပြေသွားမှာလို့ တွေးမိလို့..."
"လန်..လန်ဝေ့က အကုန်စီစဉ်ပြီးသား..
နင့်ကို ငါ့ရဲ့ ချူရှို့ဆောင်မှာနေလို့ရအောင်ရာထူးတစ်ခုလည်းလုပ်ပေးထားတယ်။
ငါတို့က အစ်မကြီးလင်း လာခေါ်တာကို စောင့်နေရုံပဲသိလား"
"လင်းရှောင်.. နင်နားထောင်နေရဲ့လား...
နင်ဘာဖြစ်နေတာလဲဟာ.
နင်ကအခုလိုကြီးအရမ်းကြောက်ဖို့ကောင်းနေတယ်..."
မိုရွှီကငိုမဲ့မဲ့အအသံလေးဖြင့်ပြောလိုက်သည်။
သူမ၏မျက်ရည်လေးတွေ၏ဝေ့နေသော မက်မွန်ပွင့်လိုမျက်၀န်းလေးတွေနှင့် ထိုအားငယ်နေသောအသွင်အပြင်လေးတွေကို မြင်ရတဲ့ဘယ်ယောက်ျားမဆို သူမကိုကာကွယ်ပေးချင်စိတ်ဖြစ်ပြီး အလွယ်တကူအရူးလုပ်ခံရလိမ့်မည်။
ဒါပေမယ့် သူမရှေ့ကဒီယောက်ျားဆီမှာရော အဲဒီမျက်နှာကအသုံး၀င်ဦးမယ်ထင်နေတာလား...
သူ့လက်နဲ့အဆိပ်ခတ်ပြီးသတ်ခဲ့တဲ့ ဒီကောင့်ဆီမှာလေ...
လင်းရှောင်က ရှေ့သို့တလှမ်းပြီးတစ်လှမ်းတိုးသွားနေဆဲဖြစ်ပြီး
သူ၏အတွေးထဲတွင် ဤမိန်းမကို အရှင်လတ်လတ်နာနာကျင်ကျင်သေခိုင်းလို့ရမည့် နည်းလမ်းပေါင်းသောင်းခြောက်ထောင်ကို စဉ်းစားနေမိသည်။
သို့သော် ထိုအချိန်တွင် အရိပ်အကွယ်မှာ အသံတစ်ခုထွက်လာပြန်သည်။
"နင်တို့နှစ်ယောက်လုံးရောက်နေပြီပေါ့ ကောင်းတယ်...
မြန်မြန်လိုက်ခဲ့တော့ အချိန်မရှိဘူး"
အရိပ်အကွယ်မှ လူကို သဲကွဲစွာမမြင်ရသော်လည်း
လှပနုပျိုဆဲဖြစ်သော သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးဖြစ်သည်ကိုတော့ သိနိုင်ပေသည်။
ထိုတစ်ယောက်ကိုတွေ့လိုက်သည်နှင့် မိုရွှီသည် ကယ်တင်ရှင်ကိုတွေ့သွားသလိုမျိုး
ထိုအမျိုးသမီးနောက်သို့ပြေး၀င်ကာ ပုန်းလိုက်ပြီး
"အစ်မကြီးလင်း...လင်းရှောင်ကထူးဆန်းနေတယ်။"
ထိုအမျိုးသမီးကမူစိတ်မရှည်သောပုံစံဖြစ်
"ထူးဆန်းတာပဲဖြစ်ဖြစ် မထူးဆန်းတာပဲဖြစ်ဖြစ်,
နင်တို့ ချူရှို့နန်းဆောင်ကို သွားမှာလားမသွားဘူးလား..."
မိုရွှီ အလျင်စလိုခေါင်းငြိမ့်လိုက်ကာ
အစ်မကြီးလင်းက အဖြေကိုစောင့်နေသည့်နှယ် လင်းရှောင်ထံသို့ကြည့်လာလေသည်။
လင်းရှောင်ကမူ အဖြစ်အပျက်များအားလုံး ကိုအလွန်အမင်းရင်းနှီးနေသယောင်ခံစားရပြီး နှုတ်ခမ်းကို ကိုက်လိုက်မိလေသည်။