အပိုင်း ၈
Viewers 607

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၈

 

 

 

 

“အဲ့လောက်ထိလုပ်ဖို့ မလိုဘူးလေ”

 

 

မြေကြီးပေါ်တွင် သတိလစ်နေသော ယဲ့ကျီအားကြည့်၍ ကျန်းယွီတစ်ယောက် ရယ်လည်းရယ်၊ ငိုလည်းငိုမိလေသည်။

 

 

“သူမက ငါ့ကာစတမ်မာပဲ.. ပြီးတော့ ပြသနာကို ဖြေရှင်းလိုက်နိုင်ပြီ”

 

 

“အော်”

 

 

ချူးလီသည် အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်ကာ ပါးစပ်ထဲမှစုပ်လုံးကို သူ၏ဘယ်ဘယ်ပါးစောင်ထဲသို့ ထည့်လိုက်သည်။

 

 

သူဂရုမစိုက်ပါ။

 

 

နီတောက်တောက်သွေးတွေသည်သာ သူ့ကိုစိတ်ကြွလာအောင် လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရောင်ပင်ဖြစ်သည်။

 

 

ထို့ကြောင့် သွေးမြင်ချင်ရုံနှင့် သူ့ကိုယ်သူဖြစ်ဖြစ်၊ တစ်ခြားသူကိုဖြစ်ဖြစ် သူ့လက်လွတ်စပယ်လုပ်ချတတ်မှုသည် အတော်ရမ်းကားလှပေသည်။

 

 

ထိုစဉ်တွင် ရဲကားများရောက်လာပြီး သူတို့ရှေ့တွင် ရပ်လိုက်လေသည်။

 

 

ရဲများလည်း ကားပေါ်ကဆင်းလိုက်သောအခါ မြေကြီးပေါ်တွင် သတိလစ်နေသော ကောင်မလေးနှင့် ချူးလီလက်ထဲမှ အုတ်ခဲအကျိုးကို တွေ့လိုက်ရသည်။

 

 

လုမင်သည်တော့ သူ့ကိုယ်သူမလုံသဖြင့် ရဲများရောက်လာသည်နှင့် အဖမ်းခံရမည်စိုး၍ ကြောက်ချီးပန်းမတတ်ဖြစ်ကာ ထွက်ပြေးသွားလေသည်။

 

 

ရဲများသည် ဒီနေရာတွင် အကြမ်းဖက်မှုတစ်ခုဖြစ်နေသည်ဟု တိုင်ချက်ရခဲ့ပြီး ရောက်လာတော့လည်း သတိလစ်နေသည့် ကောင်မလေးကို မြင်လိုက်ရသောကြောင့် ဒီရန်ဖြစ်မှုကို အကြမ်းဖက်မှုဟု သတ်မှတ်လိုက်လေသည်။

 

 

ထို့ကြောင့် သူတို့သည် ချူးလီကို အနည်းငယ် ရင့်ရင့်သီးသီးဆက်ဆံကာ လက်ထိပ်ခတ်၍ ခေါ်သွားလေ၏။

 

 

“မဟုတ်ဘူး အထင်လွဲနေကြပြီ”

 

 

ကျန်းယွီသည် ရှင်းပြရန် အမြန်လုပ်လိုက်သည်။

 

 

“ရဲကိုခေါ်ခဲ့တာ ကျွန်မတို့ပါ”

 

 

ရဲသားတစ်ဦးမှ ပြန်ပြောလိုက်သည်ကား “ပြောစရာရှိရင် စခန်းရောက်မှပြောတော့ လာ လိုက်ခဲ့”

 

 

ချူးလီသည် ရုန်းလည်းမရုန်းကန်သလို ဘာမှလည်း မရှင်းပြပါ။ ပါးစပ်ထဲမှ စုပ်လုံးကိုစုပ်လျက်သာ ကျန်းယွီကို ပြန်လှည့်ကြည့်လိုက်သည်။

 

 

ကျန်းယွီသည် သူဟော့ချန်ကို သတ်လိုက်ပြီးနောက် ဖမ်းခေါ်ခံရသည့်မြင်ကွင်းကို မျက်စိထဲတွင် ပြန်မြင်ယောင်လာမိကာ မိန်းမောနေမိသည်။

 

 

ထိုစဉ်က သူ၏ထိုင်းမှိုင်းနေသော မျက်ဝန်းများသည် သူမအား နက်နက်နဲနဲ စိုက်ကြည့်နေခဲ့သည်။ မသိလျှင် နှုတ်ဆက်ခြင်းကို ညွှန်ပြနေသည့်အလားပင်။

 

 

အဲ့တုန်းက သူ့ကြည့်ရတာ ရယ်နေဟန်လည်းပေါက်ခဲ့သည်။

 

 

ကျန်းယွီတစ်ယောက် မျက်လုံးကို အားနှင့်မာန်နှင့် ပွတ်ချလိုက်သည်။

 

 

ထူးဆန်းတာကို ပြောရမည်ဆိုလျှင် သူမသည် အတိတ်ဘဝတုန်းက ချူးလီကို မသိခဲ့ပါ။ သူဟော့ချန်ကို သတ်ခဲ့သည်ဆိုသော်လည်း ထိုအရာသည် သူမနှင့် မသက်ဆိုင်ခဲ့သည်ပင်။

 

 

အဘယ်ကြောင့်များ ဒီစိတ်ကူးယဉ်ဆန်လှသည့် ပုံရိပ်များ သူမခေါင်းထဲတွင် ပေါ်လာလေသနည်း။

 

 

စခန်းတွင်တော့ ကျန်းယွီတစ်ယောက် ရဲများနှင့် ပူးပေါင်းကာ ဖြစ်ပျက်ခဲ့သမျှကို ပြောပြနေပြီး ဒီလိုဖြစ်သွားရသည့် အကြောင်းအရင်းကိုလည်း ရှင်းပြပေးလိုက်သည်။

 

 

သို့သော်လည်း ယဲ့ကျီနှင့် စီးပွားရေးအကြောင်းကို မပြောဘဲ ဒီအတိုင်း အဲ့နားကဖြတ်သွားခိုက် ယဲ့ကျီ၏ လူသတ်ရန် ကြိုးစားမှုကိုမြင်၍ ဝင်တားပေးခဲ့ခြင်းသာဖြစ်ကြောင်း ပြောလိုက်သည်။

 

 

ထို့နောက် သူမ၏သူငယ်ချင်းဖြစ်သော ချူးလီမှာ သူမအန္တရာယ်ဖြစ်နေသည်ကိုမြင်၍ သူမကို ကယ်တင်လိုသောကြောင့်သာ တစ်ခြားလူကို ထိခိုက်အောင်လုပ်မိခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။

 

 

ရဲများသည်လည်း အဖြစ်မှန်ကို ရှာတွေ့သွားကြပြီး သူတို့နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြသည်။ မည်သို့ပင်ဆိုစေ သူတို့သည် မှုခင်းဖြစ်တော့မည့် အခြေအနေကို ဝင်ကူညီခဲ့ခြင်းသာ ဖြစ်သောကြောင့်ပင်။

 

 

သို့သော်လည်း ချူးလီသည် ကောင်မလေး၏ ဦးခေါင်းအား အုတ်ခဲနှင့် တိုက်ရိုက်ကြီး ရိုက်လိုက်တာဖြစ်သောကြောင့် အတော်ကို အကြင်နာကင်းမဲ့သည်ပင်။

 

 

ယဲ့ကျီသည်လည်း ဆေးရုံတွင်ရှိနေပြီး သတိရလာပြီဖြစ်သည်။ ရဲများသည်လည်း သူမ၏ထွက်ဆိုချက်ကိုယူရန် အလျင်လိုနေကြသဖြင့် သူတို့နှစ်ဦးကို ပြန်လွှတ်လိုက်သည်။

 

 

သူတို့နှစ်ယောက်စခန်းမှ ပြန်ထွက်လာသည့်အချိန်တွင်တော့ ညသန်းခေါင်ရှိနေပြီဖြစ်သည်။

 

 

လေတဖြူးဖြူးတိုက်ခတ်နေကာ လမ်းတစ်လျှောက်တွင်လည်း ရံဖန်ရံခါ ဝှီးခနဲဖြတ်သွားသော ကားများနှင့် လူသွားလူလာအနည်းငယ်သာ ရှိနေသည်။

 

 

ချူးလီသည် သူတို့မှာသူစိမ်းတွေအလားပင် သူမကိုလစ်လျူရှုချင်သဖြင့် ရှေ့မှလျှောက်လာလိုက်သည်။

 

 

သို့သော် နောက်ခြေလှမ်းအနည်းငယ် လျှောက်ပြီးသည့်နောက်တွင်တော့ သူမကို အမှုမဲ့အမှတ်မဲ့ လှည့်ကြည့်မိလိုက်၏။

 

 

“နင်မလာလောက်ဘူးလို့ ငါထင်နေတာ”

 

 

ကျန်းယွီသည် သူမကြောင့် သူအဖမ်းရခြင်းဖြစ်သဖြင့် စိတ်မကောင်းဖြစ်ကာ ရှင်းပြလိုက်သည်။

 

 

“အဲ့ဒါကြောင့် ငါရဲခေါ်လိုက်တာ”

 

 

ချူးလီကတော့ လမ်းဆက်လျှောက်သွားလိုက်ပြီး အေးတိအေးစက်ဖြင့် ပြန်ပြောလိုက်သည်။

 

 

“စုပ်လုံးဝယ်ဖို့ အောက်ဆင်းလာရင်းကနေ မင်းကို အမှတ်မထင်တွေ့လိုက်ရုံပဲ”

 

 

“တကယ်လား?”

 

 

“မဟုတ်ရင်ရော?”

 

 

ကျန်းယွီလည်း ရယ်လိုက်ကာ “နင်ငါ့ကို စိတ်ပူနေတာ ထင်လို့လေ”

 

 

ချူးလီသည် မျက်စောင်းထိုးလိုက်ကာ “ငါက စိတ်မမှန်နေလို့လား”

 

 

ကျန်းယွီလည်း စူတူတူမျက်နှာပေးလေးဖြင့် သူမစိတ်ထဲတွင်သာ ပြောလိုက်မိသည်.. နင်ကတော်ရုံစိတ်မမှန်တာတောင်မဟုတ်ဘူး အတော်ဆိုးဆိုးဝါးဝါးကို စိတ်မမှန်နေတာ..။

 

 

“ဘာပဲဖြစ်ဖြစ်ပါ.. နင်သာရောက်မလာဘူးဆိုရင် ငါဘယ်လိုဖြစ်သွားမလဲတောင် မသိဘူး”

 

 

ကျန်းယွီသည် သူ့နောက်ပြေးလိုက်ကာ ပခုံးကိုပုတ်လိုက်ပြီး စိတ်ရင်းအမှန်ဖြင့် ပြောလိုက်သည်။

 

 

“မောင်လေးက အချိန်မှီရောက်လာတာပဲ”

 

 

ချူးလီသည် အခြေအနေကို အခွင့်ကောင်းယူကာ သူမဒဏ်ရာရထားသော ဘယ်ဘက်လက်ကို ဆွဲလိုက်ပြီး

 

 

“ဒါပေါ့”

 

 

သူသည် ကျန်းယွီလက်မောင်း၏ ဒဏ်ရာကို ကိုင်ထားသောကြောင့် သူမလည်း နာလွန်း၍ ပြန်အော်လိုက်သည်။

 

 

“အား.. နာတယ်ဟ”

 

 

အစတုံးကတော့ ဒဏ်ရာသည် အရမ်းမနက်ပါ။ အပေါ်ယံအရေပြားသာ ခြစ်မိသွားခြင်းဖြစ်ပြီး သွေးလည်းမရှိတော့ပါ။ ချူးလီ ဆွဲကိုင်လိုက်ပြီးနောက်မှ သွေးများစိမ့်ထွက်လာကာ အင်္ကျီလက်မောင်းအစတွေနှင့် ချူးလီ၏ လက်ချောင်းထိပ်တွေပါ ပေကုန်လေသည်။

 

 

ကျန်းယွီသည် နာကျင်မှုဒဏ်ကို ခံနိုင်သည့်လူစားမျိုးထဲ မပါပါ။ သို့သော် မျက်ရည်မကျအောင် အံကိုကြိတ်၍ အောက်နှုတ်ခမ်းကို အဖြူရောင်သမ်းလာသည့်အထိ ကိုက်ထားကာ အတတ်နိုင်ဆုံး ထိန်းထားလိုက်သည်။

 

 

ဒီကောင်က တကယ်ရူးနေတာပဲ။

 

 

တာဝန်ကြောင့်သာ မဟုတ်ဘူးဆိုရင် ပိုက်ဆံကို ယီလီယံချီပြီးပေးရင်တောင် ဒီလိုလူမျိုးနှင့် သူမပတ်သတ်မှာ မဟုတ်ပေ။

 

 

ချူးလီသည် ထိုကောင်မလေး၏ ဒဏ်ရာကိုကြည့်ကာ သူ့ကိုယ်သူတောင် မသိလိုက်ခင်မှာပဲ သူလည်းတစ်ခုခုဖြင့် ထိုးခံရသလို ခံစားလိုက်ရသည်။

 

 

သူမ သူ့ကို ရိုက်လိုက်သောအခါကလည်း သူနာကျင်မှုကို ခံစားခဲ့ရသလို ယခု သူမနာကျင်နေသောအခါတွင်လည်း သူ့နှလုံးသားက သူမနှင့်အတူ လိုက်နာကျင်နေလေသည်။

 

 

ဒါသည် ချူးလီအတွက် ပထမဆုံးအကြိမ် နှလုံးသားနာကျင်မှုကို ခံစားရခြင်းပေတည်း။

 

 

သူမကို ကာကွယ်ပေးရမယ်ဆိုသည့် အတွေးများမှာ သူ့သွေးကြောများထဲသို့ ဖောက်ဝင်သွားသည့်အလားပင်။

 

 

ချူးလီသည် ကျန်းယွီအားလွှတ်လိုက်ပြီး သူ့အင်္ကျီပေါ်မှ သွေးများကိုသုတ်ကာ တည်ကြည်လေးနက်စွာဖြင့် ဆိုလိုက်သည်။

 

 

“ငါ့နောက်က လိုက်ခဲ့”

 

 

ပြောပြီးသည်နှင့် ချူးလီကတော့ လမ်းကို ခြေလှမ်းကျဲကျဲများဖြင့် လျှောက်သွားလေသည်။

 

 

သူလျှောက်သွားတာ လမ်းအလယ်သို့ရောက်စဉ် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ ကျန်းယွီမှ လိုက်မလာသည်ကို တွေ့လိုက်ရသည်။ ထို့နောက် အမိန့်ပေးသောလေသံဖြင့် ထပ်ပြောလိုက်သည်၊။

 

 

“လိုက်လာခဲ့”

 

 

ကားများဖြတ်သန်းနေသည့် လမ်းလယ်ခေါင်တွင် ရပ်နေသောကြောင့် ကျန်းယွီသည်လည်း မတတ်နိုင်တော့ဘဲ လူကူးမျဉ်းကြားကိုဖြတ်ကာ သူ့နောက်လိုက်ခဲ့ရလေသည်။

 

 

ချူးလီသည် ကျန်းယွီအား သူ့အိမ်သို့ ခေါ်သွားလိုက်သည်။

 

 

ချူးလီ၏ အိမ်သည် နန်းယန်လမ်းထဲတွင်ရှိသည့် ရွှေရှီးတိုင်ဟုခေါ်သော အိမ်ရာများထဲတွင် တည်ရှိသည်။

 

 

ဤအိမ်ရာများသည် တည်ရှိနေသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်သည်..။ အိမ်ရာဒီဇိုင်းများမှာလည်း ခေတ်နောက်ကျနေပြီဖြစ်ပြီး ဓာတ်လှေကားပင် မရှိချေ။

 

 

ပုံမှန်အခြေအနေသာဆိုလျှင် ကျန်းယွီသည် ထိုကဲ့သို့ အန္တရာယ်များလှသည့် ယောင်္ကျားတစ်ဦးအိမ်သို့ လိုက်သွားမည်မဟုတ်ပေ။ သို့သော် (လူဆိုးလေးအား ကယ်တင်ရန်)ဆိုသည့် တာဝန်ကြီးက ရှိနေသည့်အတွက် အံကိုကြိတ်ကာသာ သူ့နောက်ကိုလိုက်လာခဲ့ရခြင်း ဖြစ်သည်။

 

 

မည်သို့ပင်ဆိုစေ သူမသည် တစ်ကြိမ်သေဖူးပြီးသားဖြစ်သည်..။ ထို့ကြောင့် ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲဟု သူမတွေးလိုက်မိသည်။

 

 

ချူးလီ၏ အိမ်သည် လူ၃ယောက်နေဖို့ လုံလောက်လှပေသည်။ ထို့ကြောင့် အခန်းမှာကျယ်သော်ငြားလည်း အလွန်ခြောက်ကပ်နေလေသည်။ အိမ်ထောင်ပရိဘောဂများမှာလည်း ဟောင်းနွမ်းနေပြီး၊ စာအုပ်များအပြည့်ထည့်ထားကာ နံရံကိုကပ်ထားသော စာအုပ်စင်အကြီးကြီးလည်း ရှိပေသည်။

 

 

ကျန်းယွီသည် စာအုပ်စင်နားကို လျှောက်သွားလိုက်ပြီး တဝဲဝဲတလည်လည် လုပ်နေလိုက်သည်။ စာအုပ်စင်တစ်ခုလုံးမှာ ပြည်တွင်းပြည်ပမှ စိတ်ပညာဆိုင်ရာနှင့် စိတ်စီစစ်မှု (စိတ်ရောဂါရခြင်းတို့တွင် ဝေဒနာရှင်၏ နောက်ကြောင်းဖြစ်စဉ်များကို ပြန်လည်ဖော်ထုတ်ခြင်းဖြင့် ကုစားနည်း) စာအုပ်များဖြင့် အပြည့်ဖြစ်နေလေသည်။

 

 

အတိတ်ဘဝက သတင်းစာများထဲတွင် သူ့အကြောင်းဖော်ပြထားသည့် အကြောင်းများ ကျန်းယွီခေါင်းထဲတွင် ဝိုးတိုးဝါးတားပေါ်လာလေသည်။ သူ့အဖေသည် တရုတ်ပြည်၏ ထိပ်တန်းစိတ်ပညာရှင်တစ်ဦးဖြစ်ပြီး ထို့နောက် လူထု့ကို မဖွင့်ပြထားသော အကြောင်းအရာတစ်ချို့ကြောင့် ထောင်ချခံလိုက်ရသည်။

 

 

ဒီစာအုပ်များအားလုံးသည် ချူးလီအဖေ ပိုင်ဆိုင်သောစာအုပ်များ ဖြစ်ပေလိမ့်မည်။

 

 

“အိမ်မှာ နင်တစ်ယောက်တည်းလား?”

 

 

ကျန်းယွီမှ ချူးလီအား မေးလိုက်သည်။

 

 

ချူးလီကတော့ ဘာမှပြန်မဖြေဘဲ ဗီရိုထဲမှ အရေးပေါ်ဆေးအိတ်ကိုသာထုတ်ကာ ပြောလိုက်သည်။

 

 

“ဒီကိုလာခဲ့”

 

 

ကျန်းယွီသည် ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သို့သော် ချူးလီကတော့ သူမအား ဆောင့်ဆွဲခေါ်လိုက်သဖြင့် သူမ၏ အင်္ကျီလက်ပင် ပြဲသွားလေ၏။

 

 

“ဟဲ့”

 

 

ကျန်းယွီတစ်ယောက် ကော်ဇောပေါ်သို့ ဒူးထောက်ကျသွားပြီး နောက်သို့ကျုံ့လိုက်ကာ ပြောလိုက်သည်။

 

 

“နာတယ်ဟ”

 

 

ချူးလီကတော့ ကျန်းယွီငိုပြနေသမျှကို မသိချင်ယောင်ဆောင်လိုက်ပြီး ယွင်နန်ပိုင်ယောင်းဗူးကို ထုတ်လိုက်ကာ သူမအနာပေါ်သို့ အမှုန့်တွေ လောင်းချပစ်လိုက်ပြီး သန့်ရှင်းပါးလွှာသော ပတ်တီးတစ်ခုဖြင့် စည်းပေးလိုက်လေသည်။

 

 

လှုပ်ရှားမှုတိုင်းသည် အသေးစိတ် ကျလှသော်လည်း နူးနူးညံ့ညံ့လုပ်ပေးခြင်းမျိုးတော့ မဟုတ်ပေ။

 

 

“မင်းမှာ တစ်ခြားလုပ်စရာတွေ ရှိမနေလို့လား.. တစ်နေကုန်အလုပ်များတာလား”

 

 

ကျန်းယွီသည် မကျေမနပ်လေသံဖြင့် ပြန်ဖြေလိုက်သည်။

 

 

“ဟုတ်တယ် ငါအလုပ်များတယ်”

 

 

လက်စားချေသည့်ပုံစံဖြင့် ချူးလီသည် အားအနည်းငယ် ထည့်သုံးလိုက်ကာ ဒဏ်ရာကို တင်းတင်းကြပ်ကြပ် စည်းလိုက်သည်။

 

 

ကျန်းယွီသည်လည်း အတော်နာလာသဖြင့် သူမလက်ကိုပြန်ရုတ်သိမ်းရန် ကြိုးစားလိုက်သော်လည်း ချူးလီသည် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသောကြောင့် သူမရုန်းမရဖြစ်နေလေသည်။

 

 

“နာတယ်ဟ.. နင်ဖြည်းဖြည်း လုပ်လို့မရဘူးလား”

 

 

ကျန်းယွီသည် သူ့အားစိုက်ကြည့်၍ ဒေါသတကြီးနှင့် ပြောလိုက်သည်။

 

 

“နာမှာကြောက်ရင် အစထဲက ကိုယ့်ကိစ္စပဲ ကိုယ်အာရုံစိုက်သင့်တယ်”

 

 

“ငါလည်း လုပ်ချင်လွန်းလို့များ ထင်နေသလား”

 

 

ကျန်းယွီသည် စိတ်ကောက်သောလေသံဖြင့် ပြန်ပြောလိုက်သည်။

 

 

“ငါပိုက်ဆံရှာချင်တယ်.. ပိုက်ဆံမရှိရင် ကျောင်းစရိတ်တွေ သွင်းနိုင်မှာမဟုတ်ဘူး”

 

 

ချူးလီကတော့ ပတ်တီးကို နောက်တစ်ထပ် ထပ်စည်းလိုက်ကာ သူမခေါင်းကိုတစ်ချက်ခေါက်လိုက်သည်။

 

 

“ဒါဖြင့်လည်း ကျောင်းစရိတ်ရှာတဲ့အပေါ်မှာသာ အာရုံစိုက်ထား.. ငါ့ကို အနှောင့်အယှက် လာမပေးနဲ့”

 

 

ကျန်းယွီသည် သူမလက်ကို ပြန်ဆွဲသိမ်းလိုက်ပြီး ရှက်ကိုးရှက်ကန်းအကြည့်ဖြင့် ကြည့်လိုက်လေသည်။

 

 

“နင်သာသူများတွေကို ရန်သွားမစရင် သူများကလည်း နင့်ကိုလာလုပ်မလား”

 

 

ဒီနေ့ ကျန်းယွီတစ်ယောက် လက်မောင်းတွင် ဒဏ်ရာရထားသည်ဖြစ်သဖြင့် သူမတွင် ပြန်ရန်ဖြစ်ရန် အင်အားရှိမနေပါ။ ထို့ကြောင့် အခုတော့ သူ့ကိုအလိုက်အထိုက် လွှတ်ထားလိုက်ဦးမည်။

 

 

ချူးလီကတော့ ပတ်တီးစည်းပေးပြီးသည်နှင့် စာကြည့်ခန်းထဲသို့ ထထွက်သွားကာ သူမကို တစ်ယောက်တည်း ထားခဲ့လိုက်သည်။

 

 

ကျန်းယွီလည်း စားပွဲပေါ်မှ သွေးစွန်းရာများကို လိုက်သုတ်ကာ ရှင်းလင်းလိုက်ပြီး ခဏနေရင် အဆင်သင့်ထွက်သွားဖို့ရာ သူမလွယ်အိတ်ကို အသင့်ပြင်ထားလိုက်ပြီး တံခါးနားတွင် သွားထား,ထားလိုက်သည်။

 

 

“ချူးလီ ငါပြန်တော့မယ်”

 

 

သူမသည် စာကြည့်ခန်းတံခါးနားသို့ သွားလိုက်ကာ ချူးလီကို နှုတ်ဆက်လိုက်သည်။

 

 

ချူးလီကတော့ ခုံမှာထိုင်ကာ အိမ်စာလုပ်နေလေသည်။ စာရေးစားပွဲပေါ်မှ အဝါနုရောင်အလင်းရောင်နွေးနွေးလေးက သူ့ခန္ဓာကိုယ်အနေအထားကို အကြမ်းဖျဉ်းပေါ်လွင်နေစေသည်။ ဒီအချိန်အခိုက်အတန့်တွင်တော့ ချူးလီသည် အတိတ်ဘဝကနှင့် မတူခြားနားစွာ နူးညံ့ဟန်ပေါ်သည့် ခံစားချက်ကို ပေးစွမ်းနေလေသည်။ သူ့ကြည့်ရတာတော့ အတော်လေး အာရုံစူးစိုက်နေပုံပေါ်သည်။

 

 

ဒီလိုဆိုပြန်တော့လည်း လူဆိုးလူမိုက်တစ်ကောင်မဟုတ်ဘဲ တကယ့်ကျောင်းသားလေးတစ်ယောက်အတိုင်းပင်။

 

 

အတိတ်တုန်းက ချူးလီထိုလူသတ်မှုကို ကျူးလွန်ခဲ့သောအခါက သူသည်၂၄နှစ်သာ ရှိသေးသော်လည်း စိတ်ပညာတွင် ဒေါက်တာဘွဲ့ပါ ရပြီးနေပြီဖြစ်ကြောင်း သတင်းစာထဲတွင် ဖတ်ဖူးသည်ကို ပြန်သတိရမိသွားသည်။

 

 

အတော်ကို ဉာဏ်ရည်မြင့်မားသည့်ကောင်လေးပင်။

 

 

“မမ သွားတော့မယ်နော် မောင်လေး”

 

 

“ငါ့ကိုမောင်လေးလို့ မခေါ်နဲ့.. ငါ မင်းထက် မငယ်ဘူး”

 

 

“ငါ့ထက်တစ်မိနစ်နောက်ကျမှ မွေးရင်တောင် မောင်လေးပဲလေ”

 

 

ထို့နောက် ကျန်းယွီ ပခုံးကိုကျုံ့လိုက်ကာ မေးလိုက်သည်။

 

 

“စကားမစပ်.. ငါတို့ ပထမဆုံးတွေ့တဲ့ညက နင်ဘာဖြစ်လို့ အရိုက်ခံနေရတာလဲ”

 

 

“မေ့သွားပြီ”

 

 

“အဲ့လူမိုက်ကောင်တွေနဲ့ သိလို့လား”

 

 

သူ့ရဲ့ဒီလိုဒေါသနှင့် ကျောင်းတွင်ရန်ဖက်အများအပြားရှိနိုင်ပြီး ခဏခဏလည်း အရိုက်ခံရနိုင်ကြောင်းကိုတော့ ကျန်းယွီခန့်မှန်းမိပါသည်။

 

 

သို့သော် ယွီရှီးအထက်ကျောင်းသည်လည်း အမှတ်၁၂၊အထက်တန်းကျောင်းထက် ဘာမှပိုသာမနေပါ။ ဒီကမ္ဘာပေါ်တွင် အနိုင်ကျင့်တတ်သူများ မရှိသည့်နေရာဟူ၍ မရှိပေလေ။

 

 

(T/N : ရှေ့အပိုင်းတွေတုံးက အလယ်တန်းကျောင်းလို့ပဲ eng translation မှာရေးထားလို့ သူ့အတိုင်းသာ လိုက်ပြန်ပေးလိုက်တာပါ.. နောက်အပိုင်းတွေမှာကျ အထက်တန်းကျောင်း၊ အထက်တန်းကျောင်းသားဆိုပြီးပဲ ပြောင်းသုံးလာတာမလို့ chinese to english trans မှာ လိုအပ်ချက်ရှိသွားတာ ထင်ပါတယ်..၊၊ ဒါပေမယ့် အခုအပိုင်းကစပြီး အထက်တန်းကျောင်းနဲ့ အထက်တန်းကျောင်းသားတွေလို့ပဲ ပြောင်းသုံးပေးပါတော့မယ်။ )

 

 

ကျန်းယွီလည်း ဆက်ပြောလိုက်လေသည်။

 

 

“နောက်ကျ ကျောင်းမှာအနိုင်ကျင့်ခံရရင် ဒီမမကို လာရှာလိုက်လေ”

 

 

ချူးလီလည်း ခေါင်းကိုမော့၍ စိုက်ကြည့်လိုက်လေသည်။ ဒီမိန်းကလေးမှာ သူ့ထက်ကြီးခဲ့ရင်တောင် လအနည်းငယ်လောက်ပဲ ပိုကြီးပေလိမ့်မည်လေ။

 

 

“ငါက မင်းကိုလာရှာရမယ်ပေါ့လေ”

 

 

“သူများကိစ္စကို ဝင်ပါတာတော့ မဟုတ်ပါဘူး”

 

 

ကျန်းယွီသည် အတည်ပေါက် ဆက်ပြောလိုက်သည်။

 

 

“ဒါပေမယ့် နောင်ကျရင် ဒီမမက နင့်ကိုကာကွယ်ပေးမှာပါ”

 

 

“ကိုယ့်ကိုယ်ကိုယ်သာ အရင်ဂရုစိုက်စမ်းပါ”

 

 

ကျန်းယွီသည် သူမအိတ်ထဲမှ Ferrero Rocher ချောကလတ်ကိုထုတ်လိုက်ပြီး သူ့ကိုလှမ်းပေးလိုက်သည်။

 

 

“ဘာပဲဖြစ်ဖြစ် ဒီနေ့လာပေးတဲ့အတွက်ရော ဆေးထည့်ပေးတဲ့အတွက်ရော ကျေးဇူးတင်ပါတယ်”

 

 

Ferrero Rocher  ချောကလတ်ကို တွေ့သည်နှင့် ချူးလီ၏ မျက်နှာထားမှာ ချက်ချင်းပင် အေးစက်သွားလေသည်။

 

 

“ငါမကြိုက်ဘူး.. ပြန်ယူသွား”

 

 

“နင်အချိုကြိုက်တယ် ထင်ထားတာ..ဒါစျေးကြီးတယ်နော် ငါတစ်ခုတည်းဝယ်လာတာ စားစမ်းပါ”

 

 

“မင်း ဒီက ထွက်သွားလို့ရမလား”

 

 

“ဘာဖြစ်လို့လဲ.. နင်ယူပြီးတာနဲ့ ငါသွားတော့မှာ”

 

 

သူမလက်ထဲမှ Ferrero Rocher  ချောကလတ်ကို ဆွဲယူလိုက်ပြီး တံခါးကို အရှိန်ဖြင့် လက်နောက်ပြန်ဖွင့်လိုက်လေသည်။ ထို့နောက် သူမအား စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။

 

 

“သွားတော့”

 

 

ကျန်းယွီလည်း ရုတ်တရက်ဆိုတော့ ထိတ်လန့်သွားသဖြင့် အမြန်ပဲ သူ့ကိုရှောင်လိုက်ကာ ထွက်သွားလိုက်သည်။

 

 

ဘယ်လိုတောင် စိတ်အပြောင်းအလဲမြန်တဲ့ ဆိုက်ကိုကောင်လဲ..။

 

 

ကျန်းယွီထွက်သွားပြီးနောက် ချူးလီ စားပွဲကို စိတ်ဆိုးဆိုးဖြင့် ကန်လိုက်တာ စားပွဲမှာနောက်ကို မီတာအနည်းငယ်ပင် ဆုတ်သွားလေ၏။

 

 

သူအတော်ကို စိတ်အနှောင့်အယှက်ဖြစ်သွားသည်ပင်..။

 

 

Ferrero Rocher  သည် သူ့ငယ်ဘဝတစ်ခုလုံးကို အိပ်မက်ဆိုးတစ်ခုထဲမှာ ပိတ်လှောင်ထားခဲ့သော ထိုလူအား ပြန်သတိရသွားစေလေသည်။

 

 

ချူးလီ၏ အဖေသည် စိတ်ပညာနယ်ပယ်တွင် တကယ့်ထိပ်တန်းပညာရှင်တစ်ဦး ဖြစ်ပေသည်။

 

 

သို့သော် တစ်ဖက်စွန်းရောက်နေသူတစ်ယောက်ပင်..။

 

 

သူထောင်ကျသွားခဲ့ရသော အဖြစ်မှန်မှာ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုကြောင့် ဖြစ်ပေသည်။ ထိုနှိပ်စက်ခံရမှု၏ သားကောင်မှာတော့ သူ၏ တစ်ဦးတည်းသောသားဖြစ်သည့် ချူးလီပင်ဖြစ်လေသည်။

 

 

ချူးလီ၏ အချိုအရမ်းစားသော အကျင့်ဆိုးအား ဖျောက်ဖျက်ရန် သူ့အဖေသည် ကလေးတစ်ယောက်အတွက် အလွန်ပြင်းထန်သော စိတ်ပိုင်းရာစမ်းသပ်မှုများကို ပြုလုပ်ခဲ့လေသည်။

 

 

ထိုအကျိုးဆက်များကြောင့် Ferrero Rocher  ချောကလက်သည် ချူးလီငယ်စဉ်တုံးက အကြိုက်ဆုံးတစ်ခုဖြစ်ခဲ့သော်လည်း ယခုတွင်တော့ ထိုချောကလတ်ကို ဘယ်အချိန်တွေ့တွေ့ အစာအိမ်အောင့်လာကာ အန်ချင်လာပေသည်။

 

 

ထိုစဉ်တုံးက ချူးလီငယ်လေးသည် နေ့ရက်တိုင်းတွင် အတောမသတ်နိုင်သည့် နှိပ်စက်မှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။

 

 

သို့သော် ထိုနှိပ်စက်မှုများမှာ ကိုယ်ထိလက်ရောက်နှိပ်စက်ခြင်းမျိုး မဟုတ်ခဲ့ဘဲ စိတ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုများသာ ဖြစ်ပေသည်။

 

 

ထို့နောက်တွင်တော့ သူ့အဖေလည်း ဤကိစ္စနှင့် ထောင်ချခံခဲ့ရပြီး ချူးလီလေးလည်း အဖေ့လက်မှ လွတ်မြောက်ခဲ့ရသည်။

 

 

သို့သော်ငြားလည်း ဒီလိုငရဲတွင်းမျိုးတွင် နှစ်ပေါင်းများစွာ နေခဲ့ရသူတစ်ယောက်အဖို့ ပြန်လွတ်လာချိန်မှာတော့ သာမန်လူသားတစ်ဦး၏ အခြေခံသဘောသဘာဝများ ပျောက်ဆုံးသွားလေပြီ။

 

 

စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ပညာဆိုင်ရာ အနှောင့်အယှက်များစွာကြောင့် ချူးလီ၏ အာရုံခံစားနိုင်သောအသိမှာ လုံးဝထုံထိုင်းသွားကာ၊ ကရုဏာတရားနှင့် စာနာထောက်ထားတတ်မှုတို့လည်း ပျောက်ဆုံးသွားခဲ့ရသည်။

 

 

သူအချိုတွေကို တရစပ်စားလျှင်တောင် အချိုကိုအရသာခံနိုင်စွမ်း လုံးဝရှိမနေတော့ပေ။ ထို့အပြင် နာကျင်မှုနှင့် ပျော်ရွှင်မှုကိုပါ ဘာခံစားချက်မှ မရှိတော့ခြင်းပင်..။

 

 

ညတိုင်း တစ်ချို့သောအရာတွေကို ပြုလုပ်ကြည့်ပြန်သော်လည်း သူ့တွင် ဘာသာယာမှုမှ ရှိမနေပါ။

 

 

ဘာဆိုဘာမှပင် မခံစားရတော့သည့်အတွက် လူသေနှင့် မခြားမနားပင် ဖြစ်လာခဲ့၏။

 

 

ချူးလီတစ်ယောက် အမှောင်ထဲတွင် အချိန်အတော်ကြာအောင် ထိုင်နေလိုက်ပြီးသည့်နောက်တွင်တော့ မြေကြီးပေါ်တွင်ကျနေသော Ferrero Rocher  ချောကလတ်ကို ကောက်ယူလိုက်သည်။

 

 

သူမသည် ဒီချောကလက်ကို သူမအိတ်ထဲတွင် တစ်ချိန်လုံးထည့်ထားတာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တစ်ချို့တစ်ဝက်ပင် အရည်ပျော်နေလေပြီ။

 

 

ချူးလီသည် ပတ်ထားသောခဲပတ်ကို ခွာလိုက်ပြီး အရည်ပျော်ကျကာ ပုံပျက်ပန်းပျက်ဖြစ်နေသော ချောကလတ်အား သူ့ပါးစပ်ထဲသို့ မျှော်လင့်ချက်မဲ့စွာဖြင့် ထည့်လိုက်သည်။

 

 

သို့သော် ချက်ချင်းဆိုသလိုပင် ချိုမြလှပြီး ချောကျိကျိဖြစ်လာသည်ကို လျှာပေါ်တွင် ခံစားလိုက်ရသည်။ သူ့အရသာခံနိုင်စွမ်းများ ပေါက်ထွက်လာသည့် အလားပင်..။

 

 

ချူးလီသည်လည်း မျက်စိမျက်ဆံပြူးသွားလေ၏။

 

 

ဤသည်မှာ အဲ့နေ့ညက သူမဆီက အရိုက်ခံလိုက်ရသည့် ခံစားချက်အတိုင်းပင်။

 

 

ဆယ်နှစ်ကျော်ကာလပတ်လုံး ခံစားချက်များ ထုံထိုင်းနေခဲ့ပြီးနောက် ဒီမိန်းကလေးသည် သူ့အားအသိစိတ်ကို ပြန်လည်ပေးစွမ်းနေလေသည်။

 

 

အတော်လေးကို ထူးဆန်းစရာဖြစ်နေသည်ပင်။

 

 

ချူးလီသည် ရွှေရောင်ခဲပတ်လေးကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုတ်ထားလိုက်ပြီး၊ နောက်ဆုံးအချိုအရသာ သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားသည့်နောက်မှ တဖြည်းဖြည်းချင်း လက်ကိုလျော့ချလိုက်သည်။

 

 

ဒီလောက်အချိန်တွေ အများကြီးကြာပြီးမှ သူလိုလိုလားလား ပြုံးလိုက်မိသည်။ ထို့နောက် အရင်ကတစ်ခါမှ မကြုံခဲ့ဖူးသော စိတ်ဝင်စားမှုတစ်ခု ရှိလာခြင်းကို သူ့မျက်ဝန်းနက်များက ဖော်ကြူးနေလေ၏။

 

 

ချူးလီသည် စကားလုံးနှစ်လုံးအား ရေရွတ်လိုက်သည်..။

 

 

“မမ”