အပိုင်း ၉
Viewers 610

တို့ကို ဗီလိန်ကြီးက ကယ်တင်လှည့်ပါတဲ့

 

အပိုင်း ၉

 

 

 

 

နောက်တစ်နေ့နံနက်တွင်တော့ ကျန်းယွီသည် ‘တင်” ဆိုသော မက်ဆေ့ချ်သံလေးဖြင့် နိုးထလာခဲ့သည်။

 

 

ခေါင်းအုံးအောက်မှဖုန်းကို ထုတ်လိုက်ပြီး ကြည့်လိုက်သောအခါ app မှ သတိပေးစာပို့ထားသည်ကို တွေ့လိုက်ရသည်။ (လမ်းပျောက်နေသော ကောင်မလေးအား ကယ်တင်ခြင်း) တာဝန်ကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့သဖြင့် ဆုကြေးငွေ ယွမ်၁၆,၀၀၀ ရရှိပါသည်။

 

 

တစ်ချိန်တည်းမှာပဲ system သည် ကျန်းယွီဆီသို့ ယဲ့ကျီထံမှ စာပိုဒ်၂ပိုဒ် ပေးပို့လာသည်။

 

 

“ငါ့ဘက်က နေပေးပြီး ငါ့ဘဝတစ်လျှောက်လုံး နောင်တရနေရမယ့်ကိစ္စကို မလုပ်မိတော့အောင် ကူညီပေးခဲ့လို့ ကျေးဇူးအများကြီး တင်ပါတယ်..။ နင်ပြောတာမှန်တယ်.. အဲ့လိုအလကားကောင်မျိုးအတွက် ငါ့ဘဝကို ဖျက်ဆီးပစ်ရတာ မတန်ဘူး”

 

 

“အခုချိန်ကစပြီး ငါ့ဘဝကို စိတ်သစ်လူသစ်နဲ့ အကောင်းဆုံးဖြတ်သန်းသွားတော့မယ်”

 

 

ကျန်းယွီ၏ နှုတ်ခမ်းထောင့်များမှာ အလိုလိုကွေးတက်သွားပြီး သူမအတော်ကို ဝမ်းသာပီတိဂွမ်းဆီထိနေလေသည်။

 

 

ပိုက်ဆံရဖို့အတွက် သူများတွေကို ကူညီပေးရတာက ဒီလိုမျိုး အောင်မြင်မှုမျိုးကို ခံစားရအောင်လည်း လုပ်ပေးနိုင်တာပါပဲလား..။

 

 

ကျန်းယွီသည် ဖုန်းကိုချလိုက်ပြီး သီချင်းလေးညည်းကာ ရေမိုးချိုးရန် ထသွားလိုက်သည်။ ထို့နောက် အဝတ်အစားဝတ်ကာ မိတ်ကပ်အနည်းငယ်ပြင်လိုက်ပြီး သူမ၏ အကဖိနပ်၊ အကအင်္ကျီများကိုယူ၍ လင်းချူစင်တာသို့ ထွက်သွားလိုက်သည်။

 

 

ဒီနေ့မှာတော့ လင်းချူတွင် နှစ်ကုန်ပွဲအတွက် အတန်းတစ်တန်းချင်းစီမှ အတော်ဆုံးများကို ရွေးချယ်ပေလိမ့်မည်။

 

 

ကျန်းယွီသည် Esmeralda သို့ဝင်ရောက်ခွင့်ရနိုင်ရန် ဒီနေရာကို ရအောင်ယူရပေလိမ့်မည်။

 

 

အကဖိနပ်ကို လဲစီးကာ၊ အကဝတ်စုံကို ပြောင်းဝတ်လိုက်ပြီး လေ့ကျင့်ရေးခန်းထဲသို့ ကျန်းယွီဝင်သွားလိုက်သည်။

 

 

အတန်းဖော်များကတော့ သူမကိုမြင်လျှင်မြင်ချင်း ပဟေဠိဖြစ်နေသော မျက်နှာထားများဖြင့် တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ကြပေသည်။

 

 

“သူဘာလို့ရောက်လာတာလဲ”

 

 

“သင်တန်းကြေးမပေးနိုင်လို့ ကျောင်းထွက်ရတော့မယ်ဆိုပြီး ပြောနေကြတာ မဟုတ်ဘူးလား”

 

 

“သူရောက်လာတယ်ဆိုတော့ ဒီနေ့ရွေးချယ်မှုမှာ စီလင်းတစ်ယောက် အကြပ်တွေ့တော့မှာပဲ”

 

 

ကျန်းယွီ အကခန်းထဲသို့ ဝင်လာချိန်တွင်တော့ အားလုံးသည် မှန်ရှေ့တွင် ခြေထောက်အကြောဆန့်နေသော ကောင်မလေးကို ဝိုင်းကြည့်လိုက်ကြပေသည်။

 

 

ထိုကောင်မလေးရဲ့ နာမည်ကတော့ စီလင်းဖြစ်ပြီး သူမသည် အတန်းထဲတွင် ကျန်းယွီ၏ အကြီးမားဆုံးပြိုင်ဘက် ဖြစ်လေသည်။

 

 

သူတို့နှစ်ယောက်စလုံးသည် တကယ်ကို အနေအထားတစ်ခုအထိ ထူးချွန်ကြတာဖြစ်ပြီး အတန်းပိုင်ဆရာမ၏ သဘောကျခြင်းကို ခံရသူများဖြစ်သည်။ နှစ်ယောက်စလုံး၏ ကြံ့ခိုင်မှုနှင့် ခွန်အားသည်လည်း အတူတူပင်။

 

 

ထိုအရာသည် တစ်ခြားသောနေ့ရက်များတွင် ကောင်းသည့်အရာဆိုသော်ငြားလည်း ယနေ့လို အကဲဖြတ်စီစစ်ပွဲမှာဆိုရင်တော့ အဆင်မပြေပါ။ နှစ်ကုန်ရှိုးပွဲအတွက် အတန်းတစ်ခုချင်းစီမှ ကျောင်းသားတစ်ယောက်စီသာ ရွေးချယ်မည် ဖြစ်သောကြောင့်ပင်။

 

 

ထို့ကြောင့် သူမနှင့် ကျန်းယွီတို့ နှစ်ဦးစလုံးအတွက် ဒီကိစ္စသည် သေရေးရှင်ရေးလိုပင်...။

 

 

ဒီ့အပြင် နွေရာသီ ကျောင်းပိတ်ရက်တစ်လျှောက်လုံးတွင်လည်း ဒီကိစ္စကြောင့် စီလင်းတစ်ယောက် ပူပန်နေခဲ့သည်ပင်။

 

 

ထို့ကြောင့်လည်း ကျောင်းမဖွင့်ခင်ကတည်းက သူမသည် တီချယ်ဟွမ့်ကို လက်ဆောင်ဝယ်ပေးခဲ့ပြီး ထိုကိစ္စနှင့် ပတ်သတ်ပြီးမေးခဲ့သည်ပင်။ ရလာသည့်အဖြေကတော့ - ကျန်းယွီသည် သင်တန်းကြေးများကို အချိန်တော်ကြာအောင် မပေးနိုင်ဖြစ်နေသည့်အတွက် ဒီစာသင်နှစ်တွင် ကျောင်းထုတ်ခံရလိမ့်မည် ဟူ၍ပင်။

 

 

ဒါကြောင့် စီလင်းတစ်ယောက် ယုံကြည်မှုအပြည့်ရှိနေကာ ဒီနေ့ရဲ့ ရွေးချယ်ခံရမည့်သူဟု ကျိန်းသေတွက်ထားခဲ့လေသည်။

 

 

မထင်မှတ်ထားသည်ကား ကျန်းယွီရောက်လာခဲ့ခြင်းပင်။

 

 

အတန်းဖော်တွေအားလုံးကလည်း ဒီနေ့ပွဲတော့ ကြည့်ကောင်းပြီဆိုပြီး တစ်ယောက်နှင့်တစ်ယောက် မျက်စပစ်နေကြလေ၏။

 

 

မည်သို့ပင်ဆိုစေ လင်းချူအနုပညာကျောင်းက ကျောင်းသားအများစုမှာမူ ဒီရှိုးပွဲအတွက် အဲ့လောက်ကြီး စိတ်ဝင်စားစရာမကောင်းလှပေ။

 

 

သို့သော် စီလင်းနှင့် ကျန်းယွီတို့ နှစ်ဦး၏ အားပြိုင်မှုသည်ကတော့ နတ်ဘုရားများကြားက တိုက်ပွဲနှင့် တူလှသည်။

 

 

မကြာခင်တွင် ဟွမ်ရှင်းနှင့် လင်းချူမှ ဒိုင်လူကြီးများ အခန်းတွင်းသို့ ဝင်လာကြပြီး ကျောင်းသားများကို အသင့်ပြင်ခိုင်းလိုက်ကာ အမှတ်ပေးစီစစ်ပွဲကို စတင်လိုက်လေသည်။

 

 

ကျန်းယွီသည် အနည်းငယ်တော့ စိတ်လှုပ်ရှားနေပြီး သွေးပူအနေနှင့် မှန်ကိုကြည့်ကာ ခြေထောက်အကြောလျော့လိုက်လေသည်။

 

 

သူမကဲ့သို့ပင် ဝူစီလင်းသည်လည်း စိတ်လှုပ်ရှားနေသည်ပင်။

 

 

ဒါပေမယ့် သူမကျိန်းသေပေါက် သိတာတစ်ခုကတော့ ကျန်းယွီသည် အဓိကဒိုင်လူကြီးဖြစ်သော ဟွမ်ရှင်းနှင့် အမြဲတမ်း ဆက်ဆံရေးမကောင်းခဲ့ပြီး သူမကတော့ ဟွမ်ရှင်းကို လက်ဆောင်များ ခဏခဏပေးတတ်သည်ပင်။

 

 

ဒုတိယအနေနှင့် သူမတွေးမိသည်က သူမကိုယ်သူမ ကျန်းယွီလောက် မတော်ဘူးလို့ မထင်မိပါ။ သူမ၏ ခွန်အားမှာ ကျန်းယွီထက် ပေါင်တစ်ဝက်ပင် ပိုနေသဖြင့် ကျန်းယွီသည် သူမ၏ပြိုင်ဘက်မဖြစ်လာနိုင်ပေဟု တွေးမိလိုက်သည်။

 

 

ဝူစီလင်း၏ သူငယ်ချင်းများကတော့ သူ့နားတွင်ဝိုင်းဝိုင်းလည်နေကြကာ မဲ့ကာရွဲ့ကာဖြင့် ပြောဆိုနေကြသည်။

 

 

“စီလင်း ဘာမှစိတ်ပူမနေနဲ့သိလား..။ သူက နင့်ပြိုင်ဘက်ကို မဟုတ်ဘူး”

 

 

“မှန်တော့လည်းမှန်ပါသည်..။ ကျန်းယွီ၏ အကဖိနပ်များကိုပင် ကြည့်လေ..။ အမြဲတမ်း ဒီတစ်စုံတည်းပင်။ ထို့ကြောင့်လည်း အနည်းငယ်တောင် ချောနေပြီဖြစ်သည်။ ချုပ်ရိုးကြောင်းကလည်း ဖြတ်ထားရပြီး အစားထိုးလည်း ပြန်မချုပ်ထားချေ။

 

 

“သေစမ်း.. စုတ်ပြတ်သတ်လွန်းနေတယ်”

 

 

ဝူစီလင်းကတော့ သူမသူငယ်ချင်းတွေကို ပြန်ပြောလိုက်သည်။

 

 

“သူများရဲ့ မိသားစုနောက်ခံကို မလှောင်ကြရဘူးလေ သူငယ်ချင်းတို့ကလဲ.. ဆင်းရဲတာက သူ့အပြစ်မှ မဟုတ်တာ..။ ပြီးတော့ ပြောရရင် ကျန်းယွီက အရမ်းစိတ်ဓာတ်ခိုင်မာတာပဲကို”

 

 

“စီလင်းရယ်.. နင်က အရမ်းကြင်နာတတ်တာပါပဲ။ ငါတစ်ခုတော့ ပြောဦးမယ်နော်။ သူ့ဟာသူ တော်ချင်ရင်တော်မှာပေါ့ ဒါပေမယ့် နင့်ကိုတော့ လာယှဉ်လို့မရဘူးလေ”

 

 

“စီလင်းက ငယ်ငယ်လေးထဲက ဘဲလေးအကကို ပရော်ဖက်ရှင်နယ်ဆန်ဆန် လေ့ကျင့်သင်ကြားပေးခံလာရတာ..။ နာမည်ကြီးဆရာမတွေကို ဌားပြီး သင်ထားခဲ့တာလေ။ အဲ့တော့ ကျန်းယွီရဲ့ သူလိုငါလိုပုံစံလေးနဲ့ ဘယ်သွားယှဉ်လို့ ရမှာတဲ့လဲ”

 

 

ကျန်းယွီအား သွားပုတ်လေလွင့်ပြောနေကြသော်လည်း သူတို့၏ လေသံထဲတွင်တော့ ကျန်းယွီအား မနာလိုသည့် အရိပ်အယောင်များ ပါနေသည်ပင်..။ အဘယ်ကြောင့်ဆိုသော် လင်းချူမှ မိန်းကလေးအများစုသည် သူမတို့ ငယ်ရွယ်စဉ်ကတည်းကပင် ဘဲလေးအကကို စသင်ခဲ့ကြသူများဖြစ်လေသည်။

 

 

ကျန်းယွီကတော့ သူတို့ကဲ့သို့ မဟုတ်ခဲ့ပါ။ သူသည် လွန်ခဲ့သည့်နှစ်အနည်းငယ်ကမှ ဘဲလေးအကကို စသင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ဘယ်သူမှ မထင်မှတ်ထားလောက်အောင်ပင် သူမက နောက်ကလိုက်နိုင်ခဲ့သည်။ ထို့နောက် နောက်နှစ်အနည်းငယ်မှာပင် သူမသည် ထိုသူများအားလုံးကို ကျော်တက်သွားကာ ထိပ်တန်းကျောင်းသူ ဝူစီလင်းနှင့်ပါ အပြိုင်ဖြစ်လာခဲ့လေသည်။

 

 

ဤကဲ့သို့ ပါရမီထူးခြားပုံမျိုးကို မည်သူက မနာလိုဘဲ နေပါမည်နည်း..။

 

 

ကောင်မလေးများ တီးတိုးတီးတိုးပြောနေကြတုံးပင် လူရွေးချယ်မှုလည်း စတင်နေလေပြီ။

 

 

ဆရာများသည် ကျောင်းသူတစ်ဦးချင်းစီကို အချိန် ၃မိနစ် အတွင်း သူမတို့၏ အကောင်းဆုံးသော ဖျော်ဖြေမှုကို စင်ပေါ်တွင် ပြခိုင်းလိုက်သည်။

 

 

၃မိနစ်ဆိုသောအရာသည် ဆရာများအတွက် ထိုကျောင်းသားအား အဆုံးအဖြတ်ပေးရန် လုံလောက်သောအချိန် ဖြစ်လေသည်။

 

 

မိန်းကလေးများသည်လည်း စင်ပေါ်သို့ တစ်ယောက်ချင်း အလှည့်ကျတက်သွားနေလေသည်။

 

 

ဒိုင်များသည်လည်း ဖျော်ဖြေမှုများကို ကြည့်နေရင်းပင် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါရမ်းလာကြသည်။

 

 

Esmeralda မှ သူတို့၏ စံသတ်မှတ်ချက်များကို လျော့ချပေးလိုက်လျှင်တောင် ဒီလိုအဆင့်မျိုးက မလုံလောက်သေးပေ။

 

 

သို့သော်လည်း ဤအရာသည် ဝူစီလင်းတစ်ယောက် သူမ၏အတော်ဆုံးဖြစ်သော Split (ခြေနှစ်ဖက်ကို ကြမ်းပြင်နှင့် အလျားလိုက် တစ်သားတည်းဖြစ်သည်အထိ လေထဲတွင် ကားရားခွပြသည့်ပုံစံ) ဖျော်ဖြေမှုကို မလုပ်ခင်အထိသာဖြစ်သည်။

 

 

သီချင်း၏ တီးလုံးနှင့်အတူ သူမ၏ ခန္ဓာကိုယ်အပေါ်ပိုင်းကို တောင့်ထားလိုက်ပြီး ပထမဆုံး ဒူးထောက်သည့်ပုံစံ၊ ခြေတစ်ဖက်ကို နောက်တစ်ဖက်အပေါ်သို့ ဆန့်လိုက်သည့်ပုံစံ၊ ထို့နောက်split ပုံစံတို့ကို လွယ်လွယ်ကူကူဖြင့်ပင် လုပ်ပြလိုက်လေသည်။

 

 

အလွန်တရာမှ လှပပေသည်။

 

 

ဒိုင်လူကြီးများသည်လည်း အလွန်ကောင်းသော ဖျော်ဖြေမှုတစ်ခုကို ကြည့်လိုက်ရသောကြောင့် ကျေနပ်သွားကြကာ အမှတ်ပေးလိုက်ကြသည်။

 

 

ဝူစီလင်းသည် စင်ပေါ်မှ ယုံကြည်မှုအပြည့်ဖြင့် ဆင်းလာလိုက်သည်။

 

 

“အရမ်းမိုက်တာပဲ စီလင်းရယ်”

 

 

“split ကတအားကိုလှတာပဲ.. အဲ့ဒါကို ကြည့်ရတာ အလွန်ရိုးရှင်းတဲ့ပုံပေါ်အောင် လုပ်ပြသွားနိုင်တယ်”

 

 

“နင်တစ်ယောက်ပဲ ဒါမျိုးလုပ်နိုင်တာ”

 

 

ကောင်မလေးများကတော့ စီလင်းအနားကပ်ကာ နားသကာရည် လောင်းနေကြလေသည်။ ဝူစီလင်းကြည့်ရတာလည်း ဒါကို ကျေနပ်နေပုံရ၏။ ထို့နောက် သူမသည် ကျန်းယွီကို စိုက်ကြည့်လိုက်သည်။

 

 

သူ့နောက်တွင်တော့ ဆရာမက ကျန်းယွီနာမည်ကို ခေါ်လိုက်လေသည်။

 

 

ကျန်းယွီလည်း သူမ၏ခြေတံလက်တံများကို လှုပ်လှုပ်ရှားရှားလေးလုပ်လိုက်ပြီး စင်နားသို့ လျှောက်သွားလိုက်သည်။

 

 

ဝူစီလင်းရှေ့က အဖြတ်တွင်တော့ ဝူစီလင်းသည် တမင်သက်သက်ပင် သူမ၏ခြေတံရှည်ကြီးများကို ဆန့်ထုတ်ကာ ကျန်းယွီကို ခြေထိုးခံလိုက်သည်။

 

 

ကျန်းယွီသည် ဝူစီလင်းဆိုသူမှာ အရင်ကတည်းက မျက်နှာနှစ်ဖက်နှင့် မိန်းမဖြစ်ကြောင်း သိပြီးသားဖြစ်သည်။ အတိတ်ဘဝက ဒီနေ့တွင် ကျန်းယွီသည် သူမကြောင့် ခြေချော်လဲခဲ့ရပြီး အရိုးကျိုးမတတ်ပင် လဲကျသွားခဲ့ရသည်။

 

 

ထို့ကြောင့်လည်း သူမ၏ဖျော်ဖြေမှုသည် စိတ်ကျေနပ်စရာမကောင်းခဲ့ပါ..။ ဒါကြောင့်လည်း သူမအရွေးမခံရသည့်အခါတွင်လည်း စောဒက တက်စရာရှိမနေပေ။ ဒီလိုဖြင့် အတိတ်ဘဝက ကျန်းယွီသည် Esmeralda သို့ ဝင်ရောက်ရန် အခွင့်အရေးကို ဆုံးရှုံးခဲ့ရသည်ပင်..။

 

 

ဒါကြောင့် ဝူစီလင်း ဒီအကွက်သုံးမည်ဆိုတာကို သူမသိနေပြီးသားပင်..။ ဒီလိုဖြင့် ဝူစီလင်းသူမကို ခြေထိုးခံရန် ခြေထောက်ကို ဆန့်ထုတ်လိုက်သည်နှင့် ကျန်းယွီသည် သူမခြေထောက်ကို တက်နင်းချပလိုက်သည်။

 

 

ဝူစီလင်းသည်လည်း နာကျင်လွန်း၍ အော်လိုက်ချင်သော်လည်း သူမဘေးကလူများ သူမလုပ်ရပ်ကို ရိပ်မိသွားကြမည်စိုးသောကြောင့် ပါးစပ်ကိုလက်နဲ့ပိတ်လိုက်ကာ မငိုမိအောင် ကြိုးစားလိုက်ရသည်။

 

 

ကျန်းယွီကတော့ ရွဲ့ပြုံးပြုံးပြလိုက်ပြီး စင်ပေါ်ကိုသာ တည့်တည့်ဆက်လျှောက်သွားလိုက်သည်။

 

 

ဝူစီလင်းသည် ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီး ကျန်းယွီတစ်ယောက် သူမလုပ်နိုင်တာမှန်သမျှဘအကုန်လုပ်ပြရင်တောင် သူမကိုကျော်နိုင်ဦးမှာ မဟုတ်ဘူးဟု တွေးကာ သူ့ကိုယ်သူဖြေသိမ့်လိုက်သည်။

 

 

သီချင်းသံစဉ်သည်ကား ‘ဘဲငန်းရေကန်’ ၏ မယ်လိုဒီနှင့် ဆင်တူလှသည်။ ကျန်းယွီသည်လည်း ဒီခံစားချက်သံစဉ်နောက်ကပင် အလွန်ဂန္တဝင်ဆန်လှပြီး ခက်ခဲလှစွာသော အနက်ရောင်ဘဲငန်း လှည့်ပတ်မှုကို စတင်လိုက်လေသည်။

 

 

သူမသည် ခြေထောက်တစ်ဖက်ကို ခြေဖျားလေးဖြင့်ထောက်၍ နောက်တစ်ဖက်ကိုတော့ အပေါ်သို့မြှောက်ထားပြီး ဒူးလေးကိုတော့ ကွေးညွတ်ထားလိုက်သည်။ ထို့နောက် သူမ၏လက်များအား စက်ဝိုင်းပုံသဏ္ဌာန်လှည့်ပတ်လိုက်ပြီး မျက်လုံးများကတစ်နေရာကို ဦးတည်စိုက်ကြည့်လိုက်ကာ အလွန်မြန်သောအရှိန်နှုန်းဖြင့် စတင်ပတ်လိုက်လေသည်။

 

 

အနက်ရောင်ဘဲငန်းတစ်ကောင်၏ ခွန်အားဖြစ်သော ပြင်းပြလှသော စိတ်ခံစားမှုများနှင့်အတူ၊ ညို့ဓာတ်နှင့် ကလူမြူဆွယ်ပုံလေးများကို သူမအကောင်းဆုံး သရုပ်ဖော်ပြနိုင်ခဲ့ပေသည်။

 

 

ဝူစီလင်းသည် သူမကိုယ်သူမ မသိလိုက်ခင်မှာပဲ အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။ သူမသည် ဒိုင်လူကြီးများနှင့် ဆရာများကို လှည့်ကြည့်လိုက်သောအခါတွင်တော့ သူတို့တစ်ယောက်ချင်းစီကလည်း အမှတ်ပေးဖို့ပင် မေ့နေကြပြီး စင်ပေါ်မှ လှည့်ပတ်နေသောအနက်ရောင် ဘဲငန်းလေးကိုသာ စူးစိုက်ကြည့်နေကြလေသည်။

 

 

နောက်ဆုံးတွင်တော့ သီချင်းလည်း ရပ်သွားပြီး ကျန်းယွီသည်လည်း တည်ကြည်စွာဖြင့်ပင် မတ်တပ်ရပ်လိုက်ကာ ခန္ဓာကိုယ်ကိုကိုင်း၍ အားလုံးကိုနှုတ်ဆက်လိုက်ပြီး ကျေးဇူးတင်စကားဆိုလိုက်လေသည်။

 

 

“ဖြောင်း” “ဖြောင်း”

 

 

ဆရာများနှင့် ဒိုင်များထံမှ လက်ခုပ်အောဘာသံများ တဖြောင်းဖြောင်းနှင့်အတူ တစ်တန်းလုံးထံမှ ချီးကျူးသံများသည်လည်း ချက်ချင်းဆိုသလိုပင် တဝေါဝေါထွက်လာလေသည်။

 

 

ဝူစီလင်းတစ်ယောက် လုံးဝမယုံကြည်နိုင် ဖြစ်နေလေ၏။ နွေရာသီကျောင်းပိတ်ကာလတစ်ဖြတ်လေးအတွင်းမှာ ကျန်းယွီ၏ အကစွမ်းရည်က ဒီလောက်ပင် တိုးတက်လာခဲ့သည်တဲ့လား..။

 

 

အရင်စာသင်နှစ်တုံးကပင် ကျန်းယွီသည် သူမနှင့် မတိမ်းမယိမ်းသာ ဖြစ်နေသေးသည်။ ယခုတွင်တော့ စီလင်းသည် သူမနှင့် level တန်းတူပင် ဟုတ်မနေတော့ချေ။

 

 

ကျန်းယွီသည်လည်း ရင်တွေမတရားခုန်နေကာ စင်ပေါ်မှ ဆင်းလာခဲ့လိုက်သည်။

 

 

သူမ၏အတိတ်ဘဝတွင်တော့ ဒါသည် ၁၇နှစ်အရွယ်တစ်ဦး၏ level မဟုတ်ခဲ့ပေ။

 

 

ယခုတွင်တော့ သူမတွင် အားလုံးထက် နှစ်အနည်းငယ်ပိုသည့် အတွေ့အကြုံရှိနေလေပြီ..။ သူမ၏ level မှာ ပရော်ဖက်ရှင်နယ် တစ်ယောက်လိုပင် ဆိုရပေတော့မည်။ ဝူစီလင်းလိုဟာမျိုးဆိုတာက သူမနှင့် ယှဉ်စရာကို မရှိတော့ပေ။

 

 

ဝူစီလင်းသည်လည်း အံကိုကြိတ်၍ ကျန်းယွီကို မလိုတမာဖြစ်သော မနာလိုအကြည့်ဖြင့် ကြည့်လိုက်လေသည်။

 

 

သို့သော်ငြားလည်း သူမ၏သူငယ်ချင်းများကတော့ သူ့နားရောက်လာပြီး အောက်သိုးသိုးစကားများ ဆိုကြလေသေး၏။

 

 

“ကောင်းကောင်းကနိုင်ခဲ့တော့ရော ဘာအရေးလဲ..။ ဒိုင်တွေရော ဆရာတွေရောက သူ့ကိုရွေးမှာမှ မဟုတ်ပါ”

 

 

“ဒါပဲလေ.. သူ့မိသားစုနောက်ခံနဲ့ ကျောင်းစရိတ်ကို ဘယ်တတ်နိုင်မှာတဲ့လဲ။ သူသာ Esmeralda ကိုဝင်ခွင့်ရခဲ့ရင် ငါတို့လင်းချူအတွက်ပါ အရှက်ရစရာကြီး ဖြစ်နေတော့မှာပဲ”

 

 

“ဟုတ်တယ်..။ ဆရာတွေက သူ့ကိုရွေးမှာမဟုတ်ဘူး”

 

 

ဤသို့ဖြင့် ဝူစီလင်းတစ်ယောက် အနည်းငယ် စိတ်သက်သာရာ ရသွားလေသည်။

 

 

သူတို့ပြောတာမှန်ပေသည်။ ဒိုင်တွေနှင့် ဆရာတွေက ကျန်းယွီကို ဒီပွဲအတွက် ပါဝင်ခွင့်ပေးမှာ မဟုတ်ချေ။ လင်းချူတွင်တောင်မှ ကျောင်းစရိတ်တွေကို အချိန်အကြာကြီးနေတာတောင် မပေးနိုင်တဲ့လူပဲ မဟုတ်လား..။

 

 

ထို့အပြင် လင်းချူ၏ ကျောင်းစရိတ်မှာ Esmeralda ၏တစ်ဝက်ပင် ရှိမနေချေ။ ထို့ကြောင့်လည်း ကျန်းယွီတစ်ယောက် ဒါကိုအိပ်မက်မက်ရုံသာ ရပေလိမ့်မည်။

 

 

ထိုသို့တွေးလိုက်ပြီးသည့်နောက်မှာတော့ ဝူစီလင်းတစ်ယောက် သူ့ကိုယ်သူကျေနပ်အားရသွားပြီး ကျန်းယွီကို မထီမဲ့မြင်ပြုသော အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။

 

 

ကျန်းယွီကတော့ သူမကိုလစ်လျူရှုပြီး အတန်းဖော်တစ်ယောက်ချင်းစီ၏ ဖျော်ဖြေမှုကိုသာ သေချာလိုက်ကြည့်နေလိုက်သည်။

 

 

မကြာခင်မှာပင် ပြိုင်ပွဲလည်း ပြီးဆုံးသွားလေသည်။ ကျောင်းသားတစ်ယောက်ချင်းစီသည် အကောင်းဆုံးဖျော်ဖြေပြသခဲ့သော်လည်း အရွေးခံရမည်ကတော့ လူတစ်ယောက်တည်းပင်..။

 

 

ထိုအကောင်းဆုံးလုပ်ပြခဲ့သူများထဲမှ တစ်ယောက်သည်သာ နှစ်ကုန်ရှိုးပွဲတွင် ဖျော်ဖြေခွင့်ရမည်ဖြစ်သည်။

 

 

ဟွမ်ရှင်းသည် ဖိုင်နယ်စာရင်းကို ကြေငြာပေးရန် စင်ပေါ်သို့ တက်လာလိုက်သည်။

 

 

သူမသည် ကျန်းယွီ၊ ထို့နောက် ဝူစီလင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ သူမလက်ထဲကစာရွက်ကို မျက်လုံးရောက်သွားလေသည်။

 

 

ကျန်းယွီကိုကြည့်ရတာ တကယ်မလွယ်ကြောပင် ဖြစ်နေ၍ သူမလက်တွေပင် အနည်းငယ် တုန်ခါလာလေသည်။ ဝူစီလင်းကတော့ ဒါကိုရယ်စရာကောင်းသည်ဟု ထင်ပေလိမ့်မည်။

 

 

သူမလိုမိသားစုနောက်ခံမျိုးနဲ့ Esmeralda ကိုဝင်ခွင့်ရရန်နှင့် ဒီလိုတစ်ခုခုကိုမျှော်လင့်နေဖို့ဆိုတာ ဖြစ်နိုင်လို့လား?

 

 

အရူးထနေတာပဲဖြစ်ရမယ်..။

 

 

ဝူစီလင်းကတော့ ဟွမ်ရှင်းထံမှ သူမနာမည်ခေါ်လိုက်သည်ကိုကြားရန် ယုံကြည်ချက်အပြည့်နှင့် စောင့်နေလိုက်လေသည်။ သို့သော်ငြားလည်း အမှန်တကယ် သူမကြားလိုက်ရသည်ကတော့ သူမ,မကြားချင်ဆုံးနာမည်ဖြစ်သည့် ‘ကျန်းယွီ’ ပင်..။

 

 

“ဒိုင်တွေနဲ့ ဆရာတွေအကုန်လုံး သေချာဆွေးနွေးဆုံးဖြတ်ပြီးတဲ့ နောက်မှာတော့ ကျောင်းသူကျန်းယွီကို ပြိုင်ပွဲဝင်ရောက်ရန် ဆုံးဖြတ်လိုက်ပါတယ်”

 

 

ပြောပြီးပြီးချင်းပင် ဟွမ်ရှင်းမှ ဦးဆောင်၍ လက်ခုပ်တီးပေးလိုက်လေသည်။

ကျောင်းသားများသည်လည်း လှိုက်လှိုက်လှဲလှဲပင် လက်ခုပ်ဩဘာတီးလိုက်ကြ၏..။

 

 

မည်သို့ပင်ဆိုစေ တင်ဆက်ခဲ့သမျှထဲတွင် ကျန်းယွီသည် အကောင်းဆုံးဖြစ်သည်ကို သူတို့အားလုံးလည်း ကိုယ်တိုင်မြင်ခဲ့ရသည် မဟုတ်ပါလား..။

 

 

အမြဲတမ်း သူမနှင့်တန်းတူဖြစ်ခဲ့သူ သို့မဟုတ် အနည်းငယ်ပိုသာသည်ဟု ဆိုရလောက်သော ဝူစီလင်းသည်ပင် ဒီပြိုင်ပွဲမှာတော့ ငါးမျက်လုံးနှင့် ပုလဲကဲ့သို့ပင် ကွာခြားနေလေ၏..။

 

 

ထို့ကြောင့် ရှိုးပွဲအတွက် ကျန်းယွီအရွေးခံရခြင်းသည် တကယ်ကို ထိုက်တန်ပေသည်။

 

 

ဝူစီလင်းကတော့ ဘာမှပြန်မတုံ့ပြန်နိုင်ဖြစ်နေပြီး ကျန်းယွီပြန်မကြည့်မချင်း လူအုပ်ထဲမှ ကျန်းယွီကိုသာ စူးစူးစိုက်စိုက်ပင် စိုက်ကြည့်နေလိုက်သည်။

 

 

ဝူစီလင်းသည် ကျန်းယွီ၏ မျက်ဝန်းများထဲမှ သူမတစ်ခါမှ မမြင်ဖူးသော အလင်းတန်းလေးတစ်ခုကို တွေ့လိုက်ရသည်။

 

 

ဒီလိုမျိုးသည် အရင်က သူရဲဘောကြောင်၍ အငုံံစိတ်အပြည့်နှင့် ကျန်းယွီနှင့် လားလားမျှမဆိုင်သည့် အလင်းရောင်မျိုးဖြစ်ပေသည်။

 

 

ကျန်းယွီကြည့်ရတာ တကယ်ကို လူစားလဲသွားသည့်အတိုင်းပင်..။