Volume 3 : သင်္ချာဌာန
Chapter 52 (သေခြင်းကုဒ် ၁၂)
လျှိုကျောက်ချင်းသည် ရေကန်ထဲမှ အရိုးစုကို သစ်ပင်ရိပ်အောက်တွင် ထားခဲ့ပြီး ယွဲ့ရှင်းဝမ်က ခဏကြာအောင် ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ အဝတ်အစားများက ဆွေးမြေ့နေသော်လည်း ၎င်းအပေါ်တွင် ချည်ထိုးထားသော ပုံစံများကိုကြည့်ပြီး ဒုတိယထပ်ရှိ သိုလှောင်ခန်းတွင် တွေ့ရသော သတို့သမီး 6 ယောက်နှင့် တူညီသော မင်္ဂလာဝတ်စုံဖြစ်သည်။
ယွဲ့ရှင်းဝမ်: "ဒီဝတ်စုံက စူးဝမ်ရှင်းရဲ့ မင်္ဂလာဝတ်စုံနဲ့ အတူတူပဲ… လူသတ်သမားက မင်္ဂလာဝတ်စုံ 9 စုံကို ပြင်ဆင်ထားပြီး တစ်စုံက စူးဝမ်ရှင်းအတွက်၊ 7 စုံက သတို့သမီး 7 ယောက်အတွက်ဖြစ်ပြီး ကျန်တစ်စုံကိုက အလှပြသဖို့လား?"
သိုလှောင်ခန်းထဲတွင် အပိုမင်္ဂလာဝတ်စုံကို မတွေ့ခဲ့ရဘဲ လူသတ်သမားသည် သူ၏လူသတ်မှု အောင်မြင်နှုန်းကို သိသိသာသာ ယုံကြည်ထားသည်။
လျှိုကျောက်ချင်းက လှည့်ကြည့်ကာ မေးသည်။
"အရုပ်မှာပါတဲ့ ကုဒ်တွေက ဒီ 7 ယောက်မြောက် သတို့သမီး ချန်ခဲ့တာလား?"
ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် မင်္ဂလာဦးည၏ ပုံရိပ်ကို တွေးကြည့်ကာ
"မဖြစ်နိုင်ဘူး… မင်္ဂလာဦးညမှာ သတို့သားက နာမကျန်းဖြစ်နေပြီး မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သတို့သမီးက မင်္ဂလာခန်းထဲမှာ တစ်ယောက်တည်း နေလိမ့်မယ်… ကုတင်ဘေးက အလောင်းထားခန်းနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတာကို သူမသတိပြုမိပြီး ကမန်းကတန်းထွက်ပြေးရင်း အချိန်အတော်ကြာ မျက်စိကျနေတဲ့ လူသတ်သမား လိုက်ဖမ်းတာခံရပြီး ထိတ်လန့်တကြားနဲ့ ရေထဲပြုတ်ကျသွားတာဖြစ်မယ်… သူမက အရုပ်ကိုဖွင့်ပြီး ကိန်းဂဏန်းကုဒ်တွေနဲ့ သဲလွန်စတစ်ခုကို ထားခဲ့ဖို့ အချိန်မရှိနိုင်ဘူး…"
လျှိုကျောက်ချင်းက မေးစေ့ကိုပွတ်ကာ မေးသည်။
"ဒါပေမယ့် သူမက သိုလှောင်ခန်းထဲမှာ ဝှက်ထားတဲ့ အလောင်းတွေကို တွေ့ပြီး အော်လိုက်မယ်ဆိုရင် အခြားလူတွေလည်း သတိထားမိသွားမှာမဟုတ်ဘူးလား? သူမက ဘာလို့ အခြားကစားသမားတွေကို မခေါ်ဘဲ ထိတ်လန့်တကြား ထွက်ပြေးရတာလဲ?"
ယွဲ့ရှင်းဝမ်: "အခြားသူတွေက သေချာပေါက် သတိထားမိလိမ့်မယ်… ဒါပေမယ့် သူတို့က အဲဒီအချိန်မှာ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို ကစားနေတာ မမေ့နဲ့ဦး… အဲဒါက သတို့သမီးအတွက် အော်ရမယ့် ဇာတ်ညွှန်းဖြစ်မယ်လို့ပဲ တွေးကြမှာ… သူမရဲ့ မင်္ဂလာဦးညမှာ သတို့သမီးက တစ်ယောက်တည်းရှိနေပြီး အခြားကစားသမားတွေက သူမနဲ့ ခဏလောက် ခွဲခွာနေလိမ့်မယ်… သူတို့က အော်သံတွေကို ကြားလိုက်တဲ့အခါ သူမက ဇာတ်ညွှန်းထဲအတိုင်း သရုပ်ဆောင်နေတာလို့ ထင်တဲ့အတွက် သူတို့က စိတ်မဝင်စားဘဲ ကူညီဖို့လည်း အလျင်စလို မလုပ်ခဲ့ကြဘူး…"
ဤဇာတ်ညွှန်းတွင် သေဆုံးမည့်သူကို သတ်ရန် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို အသုံးပြုတာက လူသတ်သမား၏ ဉာဏ်အကောင်းဆုံး အပိုင်းဖြစ်ပြီး မူလဇာတ်ညွှန်းထဲတွင် ‘သတို့သမီးသည် မင်္ဂလာဆောင်အခန်းထဲတွင် တစ်ယောက်တည်းနေ၍ အခန်းတွင်းမှ အော်သံ ထွက်လာသည်’ဟူသော ပုံစံရေးထားပြီး အခြားကစားသမားများသည် အော်သံကြားရလျှင်တောင် ‘သူမက သရုပ်ဆောင်ကောင်းတယ်’ဟု စိတ်ထဲကနေ ထင်ကောင်းထင်နေပေလိမ့်မည်—— သူမ တကယ် အသတ်ခံရလိမ့်မည်ဟု မထင်ပေ။
လျှိုကျောက်ချင်းက ရုတ်တရက် သဘောပေါက်သွားသည်။
"တကယ်ကို အဲဒါက သရုပ်ဆောင်နေတာနဲ့ တူနေတာပေါ့… လူတိုင်းက သရုပ်ဆောင်ဖြစ်လာပြီး ပထမဆုံးတုံ့ပြန်မှုကတော့ သူမက ဇာတ်ညွှန်းအတိုင်း သရုပ်ဆောင်နေတယ်လို့ ထင်ကြမှာဖြစ်ပြီး ‘လူသတ်သမားက ငါတို့ဘေးမှာရှိတယ်’ဆိုတဲ့ ကြောက်စရာကောင်းတဲ့အချက်ကို တွေးမိမှာ မဟုတ်ဘူး…"
ကျန်းဖျင်စစ်က ခွဲခြမ်းစိတ်ဖြာသည်။
"ဒီကိန်းဂဏန်းကုဒ်က သတို့သမီးသေဆုံးပြီးနောက် ပြဿနာကို သတိထားမိပြီး ကျန်ရှိတဲ့ကစားသမားတစ်ယောက်က လျှို့ဝှက်ချန်ထားခဲ့တဲ့ ကိန်းဂဏန်းကုဒ်ဖြစ်နိုင်တယ်… အဲဒီကစားသမားက အရမ်းသတိရှိပြီး ဘယ်သူ့ကိုမှ လွယ်လွယ်မယုံဘူး… လူသတ်သမားက သူတို့နဲ့အနီးမှာ ရှိနေတယ်လို့ မှန်းဆထားတာကြောင့် သူ့/သူမရဲ့ထင်မြင်ယူဆချက်တွေကို ဘယ်သူ့ကိုမှ မပြောရဲဘဲ ဒီနည်းနဲ့ သဲလွန်စတချို့ကို ချန်ထားရုံပဲတတ်နိုင်ခဲ့တယ်…"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့် သဘောတူသည်။
"ဒါ့အပြင်က လူသတ်သမားက အရမ်းကြောက်စရာကောင်းလွန်းပြီး သူ/သူမက အချိန်မရွေး အသတ်ခံရနိုင်တယ်… အပေါ်ယံမှာတော့ တိတ်တိတ်လေးဟန်ဆောင်ပြီး အမှောင်ထဲမှာ သဲလွန်စတွေကို ချန်ထားခဲ့တယ်… အဲဒီနောက် ဇာတ်ညွှန်းပြီးဆုံးသွားတဲ့အခါ ရဲကိုခေါ်ဖို့ နည်းလမ်းရှာတာက အလုံခြုံဆုံးပဲ…"
ဒါကလည်း အသိဉာဏ်အရှိဆုံး ချဉ်းကပ်မှုတစ်ခု ဖြစ်ပါသည်။ အဲဒါကို နေရာမှာတင် ဖော်ထုတ်လိုက်ပါက အခြားသူတွေ ယုံချင်မှယုံလိမ့်မည်။ အကယ်၍ သူ/သူမသာ လူသတ်သမားကို မှားယွင်းစွာ ခန့်မှန်းမိလျှင် သူ/သူမ ချက်ချင်း အသတ်ခံရလိမ့်မည်။ ဤအခြေအနေတွင် စိတ်တည်ငြိမ်အောင်ထားပြီး စကားဝှက်များထားခဲ့နိုင်သည့် ကစားသမားသည် ပထမတန်းစား စိတ်ပိုင်းဆိုင်ရာအရည်အသွေးရှိသည်။
အားလုံးက ခဏလောက် နှုတ်ဆိတ်နေကြပြီးနောက် လျှိုကျောက်ချင်းက ပြောလာသည်။
"တည်းခိုခန်းဇာတ်ကွက်မှာ အဲဒါက နောက်ဆုံးစကားဝှက်ပဲ၊ အဲဒီကိန်းဂဏန်းကုဒ်တွေက ဘာကိုဆိုလိုတာလဲ?"
သူခေါင်းလှည့်လိုက်ရာ ခယ်ရှောင်ပင်းက စိတ်မသက်မသာဖြင့် သူ့ဘေးမှာထိုင်နေပြီး အန်ချင်ပေမယ့် မလုပ်နိုင်ပေ။ သူက အတော်လေး စိတ်ထိခိုက်နေပြီး လျှိုကျောက်ချင်းက သွားကာ သူ့ပခုံးကို ပုတ်လိုက်သည်။
"မင်းကတော့ သကြားကြာစွယ်ကို မစားရတော့ဘူးထင်တယ်…"
ခယ်ရှောင်ပင်း၏မျက်နှာက ခါးခါးသီးသီးဖြစ်သွားသည်။
"စီနီယာအစ်ကို အဲဒီအကြောင်းပြောနေတာ ရပ်လို့ရမလား…"
ယခု သူသည် သကြားကြာစွယ်ကို ပြောလိုက်သောအခါ အဖြူရောင်အရိုးစုက သူ့အား ပြုံးပြနေတာကိုသာ ခယ်ရှောင်ပင်း တွေးမိလေသည်။ သူလုံးဝစိတ်မပါတော့ပေ။
ယွဲ့ရှင်းဝမ်က ရယ်လိုက်သည်။
"သွားရအောင်… အဲဒါကို စဉ်းစားမနေနဲ့တော့… နေ့လယ်စာအတွက် ခေါက်ဆွဲပြုတ်စားမယ်…"
ခယ်ရှောင်ပင်းက မတ်တတ်ရပ်ကာ သူတို့နောက်ကို လိုက်သွားသည်။ အားလုံးက ခွဲခြမ်းစိတ်ဖြာမှုကို ဆက်လက်လုပ်ဆောင်ရန် ထမင်းစားခန်းဆီသို့ ပြန်သွားကြသည်။
စားပွဲပေါ်တွင် အရုပ်၏ခန္ဓာကိုယ်ထဲမှ ထုတ်ယူထားသော အဝတ်စများဖြင့် ပြည့်နေပြီး ၎င်းပေါ်ရှိ နံပါတ်များက အလွန်ရှုပ်ထွေးနေသည်။
71–16–30
99–16–9
281–22–1
299–1–5
6–17–11
...
ခယ်ရှောင်ပင်းက ခေါင်းရှုပ်နေသည်။
"သုံးလုံးတွဲလျှို့ဝှက်ကုဒ်က သိပ်အသုံးများတာတော့ မဟုတ်ဘူးမလား?"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ခဏလောက် ဂရုတစိုက်စစ်ဆေးပြီး ဂဏန်းများပုံစံကို အကျဉ်းချုပ်ဖော်ပြခဲ့သည်။
"အားလုံး ကြည့်လိုက်… ပထမဂဏန်းက 1 မှ 299 အထိ ကျပန်းပေါ်လာတယ်… ဒုတိယဂဏန်းက 1 မှ 22 အထိ ကျပန်းပေါ်လာပြီးတော့ တတိယဂဏန်းက 1 မှ 30 အထိရှိတယ်… ဂဏန်းတွေရဲ့ အရွယ်အစားနဲ့ အစီအစဉ်တွေက အမြဲပြောင်းလဲနေပြီး ဂဏန်းချင်း ပတ်သတ်မှုတွေ၊ လုပ်ဆောင်ချက်တွေနဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေ မရှိဘူး… ဒီလိုထူးဆန်းတဲ့ ဂဏန်းတွေက ဘယ်အရာနဲ့ အတိအကျသက်ဆိုင်နေတာလဲ?"
လူတိုင်းမှာ ဘာသဲလွန်စမှမရှိချေ။
ကျန်းဖျင်စစ်က အဲဒါကို သေသေချာချာတွေးရင်း စားပွဲပေါ်ရှိ စာအုပ်ကို တစ်ချက်ကြည့်လိုက်ကာ ရုတ်တရက် ပြောလာသည်။
"အဲဒါက စာအုပ်ရဲ့ စာမျက်နှာနံပါတ်၊ စာကြောင်းနံပါတ်နဲ့ စာလုံးနံပါတ်တွေ ဖြစ်နိုင်မလား?"
ယွဲ့ရှင်းဝမ်၏စိတ်ထဲ ရုတ်တရက် ကြည်လင်လာပြီး ခရီးဆောင်အိတ်ထဲမှ ထုတ်ထားသော စာအုပ်သုံးအုပ်ကို လူတိုင်းရှေ့တွင် အမြန်ထုတ်လိုက်သည်။
"ဖျင်စစ်ပြောတာ အဓိပ္ပါယ်ရှိတယ်! သာမန်စာအုပ်တွေရဲ့အထူက စာမျက်နှာ 300 ထက်နည်းတယ်… ပထမနံပါတ်က စာမျက်နှာနံပါတ်နဲ့ ကိုက်ညီရင် စာမျက်နှာ 300 အောက် မနည်းနိုင်ဘူး… စာအုပ်တစ်အုပ်ရဲ့ တစ်မျက်နှာမှာ စာကြောင်းအရေအတွက်က အများအားဖြင့် 25 ကြောင်းခန့်ရှိပြီး စာကြောင်းတစ်ကြောင်းကို စကားလုံးအရေအတွက် 30 ခန့်ရှိတယ်…"
ခယ်ရှောင်ပင်း၏မျက်လုံးများ တောက်ပလာသည်။
"ဒီနည်းအတိုင်း ငါတို့ကြည့်လိုက်မယ်ဆိုရင် စာအုပ်ထဲက စာလုံးတွေရဲ့ အစီအစဉ်က သုံးလုံးတွဲလျှို့ဝှက်ကုဒ်ရဲ့ လက္ခဏာတွေနဲ့ ကိုက်ညီနိုင်တယ်… ပထမဂဏန်းက စာမျက်နှာအရေအတွက်ကို ကိုယ်စားပြုပြီး အများဆုံး 299 နဲ့ ဒုတိယနဲ့တတိယဂဏန်းတွေက နည်းပြီး စာကြောင်းတွေနဲ့ စကားလုံးတွေကို ကိုယ်စားပြုတယ်…"
ယွဲ့ရှင်းဝမ်သည် စာအုပ်သုံးအုပ်၏ နောက်ဆုံးစာမျက်နှာသို့ အမြန်လှန်လိုက်သည်။ နာမည်ကြီးဝတ္ထုစာအုပ်၏ စုစုပေါင်းစာမျက်နှာမှာ 275၊ ခေတ်ဘက်အချစ်ဝတ္ထု၏ စုစုပေါင်းစာမျက်နှာမှာ 245ရှိပြီး ရှေးခေတ်အချစ်ဝတ္ထု၏ စုစုပေါင်းစာမျက်နှာမှာ 299 ကွက်တိရှိသည်။
ဒါကိုမြင်ပြီး လူတိုင်း စိတ်လှုပ်ရှားသွားကြသည်။
"ဒီ 299 စာမျက်နှာရှိတဲ့ စာအုပ်က လျှို့ဝှက်ကုဒ်လား?"
ရှေးခေတ်အချစ်ဝတ္ထုသည် ရှေးခေတ်လူသတ်မှုလျှိုဝှက်ဆန်းကြယ်ဂိမ်းနှင့် ကိုက်ညီပြီး အရုပ်ထဲတွင် အကြီးဆုံးဂဏန်းမှာ 299 ဖြစ်ကာ ၎င်းသည် ဝတ္ထုပါ စာမျက်နှာ အရေအတွက်နှင့် အတိအကျ ကိုက်ညီသည်—— ကိန်းဂဏန်းကုဒ်အားလုံးသည် ဤဝတ္ထုပါ စကားလုံးများနှင့် ကိုက်ညီရမည်။
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်ဖက်လူ၏ ပခုံးကို ပုတ်ကာ ချီးကျူးလိုက်သည်။
"ငါတို့ဖျင်စစ်က အာရုံစိုက်နိုင်တဲ့သူ ဖြစ်နေတုန်းပါပဲ… နံပါတ်နဲ့ ပတ်သက်တဲ့ ပြဿနာတစ်ခုကို ကြုံတွေ့ရတိုင်း မင်းက အမြဲတမ်း အမြန်ဆုံးရှာတွေ့နိုင်တယ်…"
ငါတို့ဖျင်စစ်တဲ့လား? ဒီအခေါ်အဝေါ်နဲ့ပတ်သက်ပြီး ထူးဆန်းသော ရင်းနှီးမှု တစ်စုံတစ်ရာရှိနေခဲ့သည်။ ကျန်းဖျင်စစ်၏နှုတ်ခမ်းက အနည်းငယ် ကြွသွားပြီး စားပွဲပေါ်မှ အဝတ်စများကို စာမျက်နှာအရေအတွက် ငယ်စဉ်ကြီးလိုက်အတိုင်း အလျင်အမြန် စီလိုက်သည်။
"စပြီး ပုံဖော်ကြည့်ရအောင်… ပထမဆုံး—— စာမျက်နှာ 6၊ စာကြောင်းရေ 11၊ စာလုံးရေ 17…"
ယွဲ့ရှင်ူဝမ်က စာမျက်နှာ 6 သို့ လျင်မြန်စွာ လှန်ပြီး စာကြောင်း 11 ပါ စာလုံးရေ 17 အထိ ရေတွက်ပြီး စာရွက်တစ်ရွက်ပေါ်တွင် ချရေးလိုက်သည်။
"ဖုန်း…"
ကျန်းဖျင်စစ်က ဆက်၍ ဖတ်ခဲ့သည်။
"စာမျက်နှာ 8၊ စာကြောင်းရေ 15၊ စာလုံးရေ 1…"
ယွဲ့ရှင်းဝမ်၏ စာအုပ်ကို လှန်လိုက်သည့် လှုပ်ရှားမှုများက အလွန်ကျွမ်းကျင်သည်။
"ဘေး…"
ကျန်းဖျင်စစ်: "စာမျက်နှာ 11၊ စာကြောင်းရေ 1၊ စာလုံးရေ 15…"
ယွဲ့ရှင်းဝမ်: "သတို့သမီး…"
...
နှစ်ဦးသား ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် အဝတ်စပေါ်ရှိ နံပါတ်များကို ဖတ်ပြပြီး ယွဲ့ရှင်းဝမ်က သက်ဆိုင်သော စာလုံးများကို ရှာဖွေရန် စာအုပ်ကို အမြန်လှန်လိုက်သည်ာ ဆယ်မိနစ်ကျော်ကြာပြီးနောက်၊ ကျန်းဖျင်စစ်သည် ကိန်းဂဏန်းကုဒ်အားလုံးကို ဖတ်ပြ၍ပြီးသွားပြီး ယွဲ့ရှင်းဝမ်သည်လည်း စာရွက်ဖြူပေါ်တွင် ရာနှင့်ချီသော တရုတ်စာလုံးများနှင့် သတ်ပုံများကို ရေးခဲ့သည်။
ကျန်းဖျင်စစ်: "ဒီပြန့်ကျဲနေတဲ့ စကားလုံးတွေနဲ့ စာကြောင်းတစ်ကြောင်းရေးဖို့ တာဝန်ဖို့ ငါမင်းဆီအပ်လိုက်မယ်…"
ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး…"
ဝါကျတစ်ခုကို ဖန်တီးရန် တရုတ်စာလုံးအမြောက်အမြားကို အသုံးပြုပါ၊ ဤသည်မှာ မူလတန်းကျောင်း၏ တရုတ်ဘာသာစကားအတွက် ဝင်ခွင့်စာမေးပွဲဖြစ်သည်။ ဤတစ်ကြိမ်တွင် ပေထားသော စကားလုံးပေါင်း ရာနှင့်ချီရှိရုံမျှမက ၎င်းတို့ကို အဓိပ္ပါယ်ရှိပြီး ပြည့်စုံသော ဝါကျအဖြစ် ပေါင်းစပ်ပေးရန် လိုအပ်သည်။
ဖုန်း၊ ဘေး၊ သတို့သမီး၊ ငါ၊ ပထမဆုံး၊ ဇာတ်ညွှန်း၊ လူသတ်သမား…
စာကြောင်းတစ်ခုစီ၏ အစဉ်လိုအတိုင်းကို အဝတ်စများက မစီထားတာကြောင့် စာလုံးပေါင်းများစွာက လုံးဝရှုပ်ယှက်ခတ်နေသည်။
ယွဲ့ရှင်းဝမ်သည် ၎င်းတို့အား အမြန်ပြန်လည်စုစည်းကာ အခြားစာရွက်တစ်ရွက်ပေါ်တွင် စာပိုဒ်တစ်ခုရေးခဲ့သည်။
"ဒါက ကြောက်စရာကောင်းတယ်… ဒါက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ထဲက ဇာတ်ညွှန်းမဟုတ်ဘဲ တကယ့်လူသတ်မှုဖြစ်တယ်… လူသတ်သမားက ငါတို့ဘေးမှာ ရှိနေတယ်! သတို့သမီးအဖြစ် သရုပ်ဆောင်တဲ့ ကစားသမားက တကယ်သွားသေပြီး အရိပ်တစ်ခုက လိုက်ဖမ်းနေတာကြောင့် သူမရေကန်ထဲ ပြုတ်ကျသွားတာကို ငါမြင်လိုက်ရတယ်! ငါ့မှာ ဖုန်းမရှိတာကြောင့် အပြင်လောကနဲ့ အဆက်အသွယ်မရဘူး… ဒီအွန်လိုင်းသူငယ်ချင်းတွေနဲ့ ငါပထမဆုံးအကြိမ် တွေ့ဆုံတာဖြစ်ပြီး သတို့သမီးကို ဘယ်သူသတ်တာလဲ ငါမသိဘူး… သူ ဆက်သတ်ဦးမှာလား? ငါအသက်ရှင်လျက် ထွက်သွားချင်တယ်…"
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ကာ
"ငါတို့ရဲ့ကျိုးကြောင်းဆင်ခြင်မှုက အားလုံးမှန်နေပုံရတယ်…"
အနီးနားရှိ အတန်းဖော်များအားလုံး ပျော်သွားကြသည်။
ဤအချိန်တွင် ရုပ်ဆိုးနေသောမျက်နှာဖြင့် ခယ်ရှောင်ပင်းက နောက်ဆုံးမှာ ပြုံးလာပြီး ချီးကျူးသည်။
"ကောင်းလိုက်တာ… 7 ယောက်မြောက် သတို့သမီးသေသွားတဲ့အခါ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကစားနေတဲ့ အခြားကစားသမားတစ်ယောက်က သတိရှိသွားတယ်… အဲဒီကစားသမားက တစ်ခုခုမှားနေကြောင်း သတိပြုမိပေမယ့် ဖော်ထုတ်ဖို့ မရွေးချယ်ခဲ့ဘူး… ဒီလိုစဉ်းစားဆင်ခြင်နိုင်တဲ့သူက ဘယ်သူများလဲ?"
ကျန်းဖျင်စစ်က ခွဲခြမ်းစိတ်ဖြာသည်။
"ကိန်းဂဏန်းကုဒ်တွေရဲ့ ရင်းမြစ်က ရှေးခေတ်အချစ်ဝတ္ထုထဲကဖြစ်ပြီး ယောင်္ကျားလေးတွေက အပြင်ထွက်တဲ့အခါမျိုးမှာ ဒီလိုအချစ်ဝတ္ထုတွေ မဖတ်နိုင်ဘူး… ဒီစာအုပ်က မိန်းကလေးတစ်ယောက်ပိုင်တာ ဖြစ်နိုင်တယ်… မနေ့က ငါတို့တွေ ခရီးဆောင်အိတ်တွေကို စစ်ကြည့်လိုက်တော့ အလှပြင်ပစ္စည်းတွေ ဘာမှမယူလာဘဲ မျက်နှာသစ်ဆေးပဲ ယူလာခဲ့တာ မိန်းကလေးကို မှတ်မိသေးလား?"
ချင်လုက သတိရသွားပြီး အလျင်အမြန် ပြောလာသည်။
"ဟုတ်တယ်… အခြားမိန်းကလေးတွေက မိတ်ကပ်အောက်ခံတွေ၊ နှုတ်ခမ်းနီတွေနဲ့ မျက်ခုံးမွေးဆွဲတာတွေ ယူလာခဲ့ကြတယ်… သူမခရီးဆောင်အိတ်ထဲမှာ တစ်ကိုယ်ရေသုံးပစ္စည်းတွေပဲ ရှိတယ်… သူမက အခြားသူတွေနဲ့မတူလို့ အဲဒီတုန်းကလည်း သူမကို မိတ်ကပ်မကြိုက်တဲ့ မိန်းကလေးလို့ ငါတို့တွေ မှတ်ချက်ပေးခဲ့တယ်…"
ကျန်းဖျင်စစ်: "သူမက အခြားမိန်းကလေးတွေနဲ့ သိသိသာသာ မတူဘူး… အပြင်သွားတဲ့အခါ အလှပြင်ပစ္စည်းတွေ မယူဘူး… သူမအိတ်ထဲမှာ အဝတ်အစားတွေက ရိုးရှင်းတဲ့အဖြူအမည်းတွေဖြစ်ပြီး ကြည့်ကောင်းတဲ့ ဂါဝန်တောင် မရှိဘူး… သူမက တစ်ယောက်တည်းနေတတ်ပြီး အေးစက်တဲ့စရိုက်လက္ခဏာရှိတဲ့ မိန်းကလေးဖြစ်လိမ့်မယ်… သူမက သာမန်လူတွေထက် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး အကင်းပါးတယ်… ဒီစာအုပ်က သူမဟာ ဖြစ်နိုင်တယ်…"
ယွဲ့ရှင်းဝမ်သည် မနေ့က ခရီးဆောင်အိတ်များကို စစ်ဆေးသော မြင်ကွင်းကို သေသေချာချာ ပြန်အမှတ်ရပြီး ပြောသည်။
"ကစားသမားတွေရဲ့ ခရီးဆောင်အိတ်တွေက အားလုံးက ဒီမှာကျန်ထားတယ်… ဒါဆို ကျန်တဲ့ကစားသမား 8 ယောက်ကလည်း…"
ကျန်းဖျင်စစ်၏အမူအရာက လေးနက်နေသည်။
"အသတ်ခံရတယ်…"
လျှိုကျောက်ချင်း၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားသည်။
"သဲလွန်စတွေ ချန်ထားခဲ့တဲ့ မိန်းကလေးက မလွတ်မြောက်သွားဘူးလား?"
ခယ်ရှောင်ပင်းက အံ့အားသင့်သွားသည်။
"‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ထဲက ကစားသမားတွေအားလုံးက တိုက်ရိုက်အသတ်ခံရတယ်လို့ ဆိုလိုတာလား?"
ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ တစ်ချိန်တည်းတွင် ခေါင်းညိတ်လိုက်ကြသည်။
ယွဲ့ရှင်းဝမ်: "သတို့သမီး နံပါတ် 7 က ရုတ်တရက် ရေကန်ထဲ ပြုတ်ကျသွားတာကြောင့် လူသတ်သမားရဲ့ အစီအစဉ်ကို ထိခိုက်သွားပြီး အခြားကစားသမားတွေကို သတိပေးသလိုဖြစ်သွားတယ်… လူသတ်သမားက အရုပ်ကို တစ်ယောက်ယောက်က ထိလိုက်တယ်ဆိုတာ သတိပြုမိပြီး သူ့ကို ဖော်ထုတ်နိုင်မယ်ဆိုတာ သိတဲ့အတွက် အခြားကစားသမားတွေကို လုံးဝနှုတ်ပိတ်သွားအောင် သတ်ပစ်လိုက်တယ်…"
ခယ်ရှောင်ပင်း ကျောချမ်းသွားသည်။
"ဒီလူတွေရဲ့ ခရီးဆောင်အိတ်တွေ ဒီမှာကျန်ခဲ့တာ မဆန်းပါဘူး!"
ယွဲ့ရှင်းဝမ်: "လူသတ်သမားက သတို့သမီးသရုပ်ဆောင်တဲ့ မိန်းကလေးတွေကို သတ်လိုက်တယ်လို့ ယူဆရင် အခုထိ ပြစ်မှု 7 ကြိမ် ကျူးလွန်ခဲ့ပြီး ဇာတ်ညွှန်းတစ်ခုစီမှာ လူတစ်ယောက်ကို သတ်ခဲ့တယ်… ဒီ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’မှာ လူ 10 ယောက် ပါဝင်ပြီး လူသတ်သမားမပါရင် လူ 9 ယောက်ပဲကျန်တာကြောင့် တည်းခိုခန်းကို လာခဲ့တဲ့ အစအဆုံး ဧည့်သည်စုစုပေါင်းက 7x9 = 63 ယောက်ဖြစ်လိမ့်မယ်… လူသတ်သမားက အရင် သတို့သမီး 6 ယောက်ကို ချောချောမွေ့မွေ့ သတ်ခဲ့ပြီး ကျန်တဲ့ကစားသမားတွေကလည်း သံသယမရှိတာကြောင့် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ပြီးသွားတဲ့အခါ တည်းခိုခန်းထဲကနေ ထွက်သွားကြတယ်… သေသွားတဲ့သတို့သမီးကိုကတော့ လူသတ်သမားမှာ သတို့သမီးရဲ့ဖုန်းရှိတာကြောင့် မိသားစုဆီ ‘ငါတစ်နေရာရာကို ခရီးထွက်ဦးမယ်’ဆိုပြီး စာပို့ပြီးတော့ အဲဒီကာလအတွင်း မိသားစုနဲ့ အဆက်အသွယ်မပြတ်ခဲ့ဘူး… ရက်အနည်းကြာတဲ့အခါ သတို့သမီးကို အခြားမြို့မှာ ပျောက်သွားအောင် စီစဉ်ပေးလိုက်တော့ ရဲတွေကလည်း သူ့ကို စုံစမ်းလို့မရတော့ဘူး…"
အားလုံးက ခေါင်းညိတ် သဘောတူကြသည်။
ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။
"ရလဒ်အနေနဲ့ 7 ကြိမ်မြောက် ပြစ်မှုကျူးလွန်တဲ့အခါ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကစားသမားတချို့က ဒီတည်းခိုခန်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် လူသတ်သမားက သူတို့အားလုံးကို နှုတ်ပိတ်လိုက်တာဖြစ်လို့ တည်းခိုခန်းထဲမှာ ခရီးဆောင်အိတ် 10 လုံးကျန်ခဲ့တာ… 9 လုံးက ကစားသမားတွေရဲ့ ပိုင်တာဖြစ်ပြီး ကျန်တစ်လုံးက သူ့ဟာပဲ… သူဆက်ပြီးဖုံးကွယ်လို့မရတော့ဘူးဆိုတာ သိနေတော့ ဒီတည်းခိုခန်းကနေ စွန့်ခွာပြီး ထွက်ပြေးသွားတယ်…"
ယွဲ့ရှင်းဝမ်က စားပွဲပေါ်မှာ ကျန်ခဲ့သော ကိန်းဂဏန်းကုဒ်ကို ကြည့်ရင်း ပြောသည်။
"စိတ်မကောင်းစရာပဲ… ဒီလျှို့ဝှက်ချက်ကို ရှာတွေ့ခဲ့တဲ့ မိန်းကလေးသာ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို မကစားခင် လုံခြုံရေးအရ သူစိမ်းတစ်ယောက်ဆီကို ဖုန်းမအပ်ခဲ့ဘူးဆိုရင် သူမလွတ်မြောက်နိုင်တယ်…"
ချင်မြောင်၏မျက်နှာက လေးနက်နေသည်။
"သူတို့ကို အရမ်းသတိမဲ့လွန်းတယ်… သူတို့က ဒီလိုလူသူကင်းမဲ့နေရာကို လာပြီး ဖုန်းတွေကိုလည်း ပေးရဲတယ်… ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ရဲ့ လုပ်ငန်းစဉ်က အရမ်းအန္တရာယ်များတယ်… ငါသာဆိုရင် ဒီလိုဂိမ်းမျိုးမှာ ဘယ်တော့မှ ပါဝင်မှာ မဟုတ်ဘူး…"
ဤကဲ့သို့သောဂိမ်းက ကြားရရုံနဲ့တင် ကြောက်စရာကောင်းသည်။
စိတ်လှုပ်ရှားစရာကို လိုက်ရှာနေပါက သင်အမှန်တကယ်ယုံကြည်ရသူများနှင့် ဆော့ကစားရန် လုံခြုံသောနေရာသို့ သွားသင့်သည်။
ခယ်ရှောင်ပင်း၏နှုတ်ခမ်းက ဖြူဖျော့သွားသည်။
"ဒါဆို နောက်ဆုံးအဖွဲ့တစ်ဖွဲ့လုံးက အသတ်ခံလိုက်ရတာဆိုတော့ အခြားကစားသမား 8 ယောက်ရဲ့ အလောင်းတွေကရော?"
ကျန်းဖျင်စစ်က ခဏမျှ တိတ်ဆိတ်သွားပြီး ရုတ်တရက် ပြောလာသည်။
"မီးဖိုချောင်ထဲက မီးဖိုထဲမှာ ပြာတွေ အများကြီးရှိနေတာကို မှတ်မိလား? မီးဖိုချောင်က မသုံးတာကြာပြီလို့ ထင်ရပြီး ပြာတွေရဲ့ ပမာဏက… အရမ်းများလွန်းတယ်…"
ခယ်ရှောင်ပင်း၏မျက်နှာ ပြောင်းသွားသည်။
"အလောင်းတွေကို ပြာအဖြစ် မီးရှို့လိုက်တာလား?"
လူတိုင်း: "..."
ရေကန်ထဲတွင် အရိုးစုကို တွေ့ရှိခဲ့ပြီး မီးဖိုချောင်တွင် ပြာများဖြင့် ပြည့်နေသည်။ သူတို့သည် နောင်ကျရင် ကြာစွယ်ခူးခြင်း၊ မီးဖိုချောင်တွင် ချက်ပြုတ်ခြင်းများ လုပ်စရာမလိုတော့ပေ။ အသင့်စားခေါက်ဆွဲခြောက်များကိုသာ နောက်ရက်အနည်းငယ်ကြာအောင် နေ့တိုင်းစားရမည်။
ကံကောင်းထောက်မစွာ တည်းခိုခန်း၏ဇာတ်ကွက်ကို အပြီးအပိုင် ရှင်းထုတ်နိုင်လိုက်ပြီး ယခုအခါ ဇာတ်လမ်းအတွင်းက ဇာတ်လမ်းမှ နောက်ဆုံးလျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပဲ ကျန်ရှိတော့သည်။
‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ထဲမှ ဇာတ်ညွှန်းရဲ့ဇာတ်လမ်းက ဘယ်လိုဖြစ်သွားသလဲ? လူသတ်သမားက ဘယ်သူလဲ?
#TK