Chapter 58
Viewers 5k

Volume 4 : ဗိသုကာဌာန


Chapter 58 (မြို့ပြိုကျခြင်း ၀၂)


မနက် 8 နာရီတွင် ဗိသုကာဌာန၏ စာမေးပွဲကို တရားဝင်စတင်ခဲ့ပြီး ယွဲ့ရှင်းဝမ်တို့အဖွဲ့၏ လူ 7 ယောက်သည် ရှေ့မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ကျိုဖုန်းက သူ့ဘေးနားရှိ ကျန်အဖွဲ့ဝင်များကိုကြည့်ပြီး ပြောလိုက်သည်။

"စာမေးပွဲက နှစ်နာရီကြာလိမ့်မယ်… အနီးနားက အခန်းမှာ သွားစောင့်ရအောင်…"


ကျောင်းသားတွေက စာမေးပွဲခန်းထဲသို့ ဝင်ဖြေချိန်တွင် မိနစ်အနည်းငယ် သို့မဟုတ် ရက်အနည်းငယ်ကြာတတ်သော်လည်း စာကြည့်တိုက်ရှိအချိန်က သင်တန်းတစ်ခုကို 2 နာရီအဖြစ်သာ တွက်ချက်သည်။ ယွဲ့ရှင်းဝမ်သည် 10 နာရီ စာမေးပွဲမပြီးမချင်း အောင်မလား၊ မအောင်ဘူးလားဆိုတာ သူတို့လေးယောက် မသိနိုင်ပေ။


ကျိုဖုန်းက လူတိုင်းကို လွတ်နေသောအခန်းထဲသို့ ခေါ်သွားပြီး ထိုင်စောင့်စေသည်။ 


စာမေးပွဲခန်းအပြင်ဘက်မှာ သားသမီးတွေ၏ ‌တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို စောင့်နေသော မိဘတွေထက် လူတိုင်း၏စိတ်က ပိုလို့တောင် လှုပ်ရှားနေပါသည်။


ရှင်းယန်က ရုတ်တရက်က ခပ်ဖျော့ဖျော့ ပြောလာသည်။

"စီနီယာတို့က စာမေးပွဲတစ်ခေါက် ကျပြီးပြီဆိုတော့ သူတို့ သင်တန်းကျသွားရင် စီနီယာတို့က ရှင်းပစ်ခံရလိမ့်မယ်…" 


ကျိုဖုန်းက ပွင့်လင်းစွာ ပြောသည်။

"မှန်တယ်… မင်းမေးချင်တာက ‘ယွဲ့ရှင်းဝမ်ရဲ့လက်ထဲကို ငါ့ကံကြမ္မာထည့်ရတဲ့အထိ ဘယ်လိုလုပ် ယုံကြည်မှုရှိတာလဲ? သူတို့ကြောင့် သေသွားမှာ မကြောက်ဘူးလား?’ ဆိုတာကိုမလား?"


ရှင်းယန်က ပခုံးတွန့်ကာ ကျိုဖုန်း၏ စကားလုံးအသုံးအနှုန်းကို လက်ခံလိုက်သည်။


ကျိုဖုန်း ဘာတွေလုပ်နေလဲ သူနားမလည်ဘူး။ သူက သင်တန်း တစ်ခါမှ မကျသေးတာကြောင့် ဒီသင်တန်းကို မတက်ဘဲ ယွဲ့ရှင်းဝမ်နှင့် အခြားသူတွေ သင်တန်းကျခဲ့ရင်တောင် သူ နောက်တစ်ကြိမ် ပြန်‌ဖြန်ခွင့်ရဦးမည်။ သို့သော် ကျိုဖုန်းနှင့် လင်းမန့်လော်တို့က မတူဘူး။ သူတို့နှစ်ယောက်၏အသက်တွေကို ကြိုးတစ်ချောင်းနဲ့ ချည်နှောင်ခံထားရတာကြောင့် ထိုသို့လုပ်ခြင်းက သူတို့အသက်ကို အလောင်းအစားလုပ်ခြင်းပင်ဖြစ်သည်။


လင်းမန့်လော်က ပြုံးကာ ပြောသည်။

"ရှင်းဝမ်ကို နင်ကောင်းကောင်းသိမှာ မဟုတ်ဘူး… ငါတို့က ရှင်းဝမ်ကို သုံးနှစ်လောက် သိခဲ့တာ… ရှင်းဝမ်က သူ့ကို ယုံကြည်တဲ့သူတွေကို ဘယ်တော့မှ စိတ်ပျက်စေမှာမဟုတ်ဘူး… သူက အဖွဲ့ကို ဦးဆောင်ပြီး ဒီတစ်ခေါက် ‌မအောင်ခဲ့ဘူးဆိုရင် ငါတို့နှစ်ယောက် လိုက်သွားရင်တောင် အောင်နိုင်မှာမဟုတ်ဘူး… ငါ့နွယ်ပင်တွေနဲ့ ကျိုဖုန်းရဲ့ လျှပ်စစ်က ဒီသင်တန်းကို လုံးဝအကူအညီမဖြစ်ဘူး…"


သူမဘေးနားရှိ အေးစက်သောမျက်နှာဖြင့် ရှင်းယန်ကို ကြည့်ရန် ခေါင်းလှည့်လိုက်ကာ တည်ငြိမ်စွာ ပြောသည်။

"ရှောင်ခယ်က နင်ရဲ့အထက်တန်းကျောင်းတုန်းက အတန်းဖော်ဖြစ်လို့ ဒီအဖွဲ့ထဲ ဝင်ခဲ့မှန်း ငါသိပါတယ်… နင်က အဖွဲ့ထဲကကျန်တဲ့လူတွေကို ချစ်ခင်ယုံကြည်မှု သိပ်မရှိဘူး… ဒါကိစ္စမရှိပါဘူး… နောင်မှာ နင် ရှင်းဝမ်အကြောင်း သိလာတဲ့အခါ ငါတို့ယုံကြည်သလိုမျိုး နင် သူ့ကို ယုံကြည်သွားလိမ့်မယ်…"


ရှင်းယန်က ပြန်မဖြေပေ—— ယုံကြည်မှုတဲ့လား? သူ့နှလုံးသားထဲမှာ ဒီခံစားချက်က ရပ်တန့်နေတာ ကြာလှပြီ။


ချင်မြောင်က တည်ငြိမ်စွာ ပြောလာသည်။

"စီနီယာအစ်မရဲ့ ‌လုပ်ဆောင်ပုံကို ကျွန်မသိပ်နားမလည်ပေမယ့် စီနီယာအစ်မရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကျွန်မလေးစားတယ်…"


လင်းမန့်လော်က ကျိုဖုန်းကို တစ်ချက်ကြည့်ကာ စလိုက်သည်။

"ရှင်းဝမ်က ငါတို့နှစ်ယောက်ကို တကယ်ရှင်းပစ်ခဲ့မယ်ဆိုရင် ငါတို့… တစ္ဆေတွေဖြစ်သွားပြီး သူ့ကို မလွတ်ပေးရအောင်လား?"


ကျိုဖုန်းက ရယ်လေသည်။

"ဒီလောက် အဆိပ်မပြင်းပါနဲ့… မင်းက ရက်စက်တဲ့တစ္ဆေဖြစ်သွားမယ်ဆိုတာ ငါတွေးကြည့်လို့တောင်မရဘူး…"


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်သည်လည်း ဖိအားကြီးစွာခံနေရသည်။


လူ 7 ယောက်ကို စာမေးပွဲပြင်ဆင်သည့်နေရာသို့ စေလွတ်ထားသည်။ ၎င်းနေရာသည် လမ်းညွှန်ချက်တွင် ရေးထားသော ကျယ်ပြန့်သောလမ်းဆုံတစ်ခုဖြစ်သည်။ ဤအတန်းရှိ စာမေးပွဲ၏ အစမှတ်နှင့် အဆုံးမှတ်ကို ကျပန်းထုတ်ပေးသည်။


စာမေးပွဲမစတင်မီ 3 မိနစ်အလိုတွင် ရေတွက်ရန် အချိန်ကျန်သေးပြီး လမ်းဆုံပေါ်ရှိ ကြော်ငြာဘုတ်ပေါ်တွင် ကြီးမားသောမြို့ပြမြေပုံကို တင်ထားသည်။


ယွဲ့ရှင်းဝမ်က လူတိုင်းကို ကြည့်ကာ လေးနက်စွာ ပြောသည်။

"စီနီယာအစ်ကိုကျိုနဲ့ စီနီယာအစ်မလင်းတို့က အပြင်မှာ စောင့်နေကြတယ်… သူတို့က ဒီသင်တန်းကို တစ်ခါကျပြီးပြီဆိုတာ ငါမင်းတို့ သတိပေးချင်တယ်… ငါတို့ အမှားလုပ်မိရင် သူတို့တွေ စာကြည့်တိုက်ကနေ တိုက်ရိုက်ရှင်းပစ်ခံရလိမ့်မယ်… လူတိုင်း အမှားမလုပ်မိအောင် အာရုံစူးစိုက်ထားကြပါ! စွမ်းရည်တွေကို ရွေးချယ်ပြီးသုံးမယ်… အဖွဲ့နဲ့ အနီးကပ်နေပြီး လွတ်မြောက်ရေးလုပ်ငန်းစဉ်အတွင်း ငါ့ညွှန်ကြားချက်ကို နားထောင်ပါ… မင်းတို့ ဒါကိုမှတ်မိထားရမယ် ဟုတ်ပြီလား?"


လူတိုင်းက လေးလေးနက်နက် ခေါင်းညိတ်ပြသည်။

"မှတ်မိပါတယ်!"


ယွဲ့ရှင်းဝမ်က အားလုံးကို မြို့ပြမြေပုံဆီသို့ ခေါ်သွားခဲ့သည်။


မြို့ပြမြေပုံသည် ယခင်တောလမ်းခရီးမြေပုံနှင့် နှိုင်းယှဉ်ပါက တကယ်ကွာခြားသည်။ လမ်းဆုံပေါ်တွင် ပေါ်လာသော ပြားချပ်ချပ်မြေပုံတွင် အဆောက်အဦးများ၊ အဝေးပြေးလမ်းများ၊ ခုံးကျော်တံတားများ၊ မြို့ရှောင်လမ်းများ၊ ဥမင်တွေ အများအပြားပါရှိသည်။


၎င်းသည် တရုတ်နိုင်ငံရှိ တကယ့်တတိယအဆင့်မြို့များနှင့် နှိုင်းယှဉ်နိုင်သည်။


ပိုလို့တောင် အဆင်မပြေတာက ဘယ်အဆောက်အဦးက ပြိုကျပြီး ဘယ်လမ်းက ပြတ်တောက်သွားမယ်ဆိုတာ ဘယ်သူမှ မသိနိုင်တာဘဲဖြစ်သည်။


ယွိမင်ယွီမှပေးသော အမြန်နှုန်းစီးဆင်းမှုနည်းဗျူဟာသည် သူတို့အတွက် လုံးဝအသုံးမဝင်သည့်အပြင် ကျောက်ထုလွှာလှုပ်ရှားမှုများကို ရွှေ့ခြင်းဖြင်း တစ်မြို့လုံးကို မပတ်နိုင်ပေ။


ကျန်းရှောင်နျန်က မြေပုံကို စိတ်အားထက်သန်စွာ စိုက်ကြည့်ရင်း အနောက်ဘက်အစွန်းဆုံးကို ညွှန်ပြလိုက်သည်။

"ကျွန်တော်တို့ရဲ့ လက်ရှိတည်နေရာက ရှင်းဟွာလမ်းဆုံပဲ… အနောက်ဘက်လေဆိပ်ကို အဆုံးမှတ်အဖြစ် ရွေးချယ်တာ ပိုကောင်းမလား? မြို့ပြိုကျရင် ဥမင်လိုဏ်ခေါင်းတွေနဲ့ မီးရထားလမ်းတွေ ထိခိုက်သွားမှာ… ဒါပေမယ့် ကျွန်တော်တို့ လေကြောင်းလမ်းကနေ လွတ်မြောက်လို့ ရတယ်မလား?"


ယွဲ့ရှင်းဝမ်လည်း ဒါကိုစဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည်။

"အနောက်ဘက်လေဆိပ်က အဆုံးမှတ်ဖြစ်သွားမယ်… ဖျင်စစ်၊ မင်း လမ်းကို တွက်ချက်လို့ရပြီ…"


ကျန်းဖျင်စစ်က အကောင်းဆုံးလမ်းကြောင်းကို အမြန်ရှာဖွေခဲ့ပြီး ၎င်းကို မြေပုံပေါ်တွင် ရေးဆွဲလိုက်သည်။ 

"L ပုံစံ လမ်းကြောင်းက အနီးဆုံးလမ်းကြောင်းပဲ… ရှင်းဟွာလမ်းကနေ ရှို့ရွိန်လမ်းကို ညာဘက်ကွေ့ပြီးနောက် တင်ရှန်းမိန်းလမ်းမဆီ ဘယ်ဘက်ကွေ့ပြီး အရှေ့ခွမ်းလွင်လမ်း၊ အနောက်ခွမ်းလင်လမ်း၊ ‌မြို့ရှောင်လမ်း၊ အဲဒီနောက် လေဆိပ်အဝေးပြေးလမ်းမကြီးပေါ်ရောက်ပြီ… ခရီးတစ်ခုလုံးရဲ့ အကွာအဝေးက ကီလိုမီတာ 60 လောက်ဝေးတယ်… ငါတို့မှာ နေရာရွှေ့ပြောင်းလို့ရတဲ့ စွမ်းရည်တွေအမျိုးမျိုးရှိတာကြောင့် မတော်တဆမှုမရှိရင် တစ်နာရီအတွင်း ရောက်ဖို့ဆိုတာ ဖြစ်နိုင်ခြေရှိတယ်…"


ခယ်ရှောင်ပင်း၏လက်ချောင်းများက ကီးဘုတ်ကို လျင်မြန်စွာ နှိပ်လိုက်ကာ ကျန်းဖျင်စစ်၏ အကြံပြုချက်အတိုင်း လမ်းညွှန်မှုလမ်းကြောင်းကို တည်ဆောက်ကာ ရှောင်ထူ၏ လမ်းညွှန်မှုပရိုဂရမ်တွင် ထည့်သွင်းထားတာကြောင့် ‌ရှောင်ထူသည် လမ်းကြောင်းမှ အချိန်မရွေး သွေဖည်သွားခြင်း ရှိ၊မရှိကို ဆုံးဖြတ်နိုင်သည်။


ကျန်းဖျင်စစ်က ထပ်ပေါင်းပြောလိုက်သည်။

"ဒါပေမယ့် အရှေ့ခွမ်းလွင်လမ်းနဲ့ အနောက်ခွမ်းလွင်လမ်းတို့က ပြိုကျလွယ်တဲ့ ခုံးကျော်တံတားတွေဖြစ်တယ်…"


ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားရမည်။ ယွဲ့ရှင်းဝမ်က ဒါကိုစဉ်းစားပြီး ပြောလိုက်သည်။

"ချင်လု၊ မင်းရဲ့ကျောက်ထုလွှာလှုပ်ရှားမှုကို အာရုံစိုက်ထားပြီး ငါတို့ ပြိုကျနေတဲ့ လမ်းကြောင်းနဲ့ ကြုံတွေ့ပြီး မကျော်ဖြတ်နိုင်တော့ရင် တိုက်ရိုက် နေရေရွှေ့ပြောင်းခြင်းစွမ်းရည်ကို အသုံးပြုလိုက်ပါ…"


ချင်လုက လေးနက်စွာ ပြန်ပြောခဲ့သည်။

"ငါနားလည်ပါပြီ… နင်ငါ့ကို အချက်ပြလိုက်တာနဲ့ ငါစွမ်းရည်ကို ဖွင့်လိုက်မယ်…"


ကျန်းရှောင်နျန်က ဆက်ပြောသည်။

"စီနီယာအစ်ကို၊ လမ်းမှာ အတားအဆီးတွေနဲ့ ပိတ်ဆို့ထားရင် ကျွန်တော်ရဲ့ မြေတူးစက်ကို သုံးလို့ရတယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ

"အာရုံစိုက်ထားကြ… စာမေးပွဲစတော့မယ်…"


စာမေးပွဲအတွက် ပြင်ဆင်ချိန် 3 မိနစ်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ‌နံပါတ်စဉ် 10၊ 9၊ 8 တို့သည် ညာဘက်အပေါ်ထောင့်တွင် ပေါ်လာသည်။


တစ်ချိန်တည်းမှာပင် လေးထောင့်ဘောင်ထဲ၌ အချက်ပြတစ်ခု ပေါ်လာသည်—— ဒီမြို့ဟောင်းက Jerry-built စီမံကိန်းကြောင့် ပျက်စီးသွားကြောင်း အသိပေးချက်တစ်ခု ထွက်ပေါ်လာပြီး ဒေသခံများက နေအိမ်များမှ စွန့်ခွာခဲ့ကြရသည်။ အဆောက်အဦး၏ အခြေခံအုတ်မြစ် အားနည်းခြင်းကြောင့် အဆောက်အဦးများအားလုံး အချိန်မရွေး ပြိုကျနိုင်ပါသည်။ စာမေးပွဲစတင်ပြီဖြစ်တာကြောင့် တတ်နိုင်သမျှ မြို့ထဲကနေလွတ်အောင် ပြေးကြပါ။


‌နံပါတ်စဉ် 1 သို့ရောက်သောအခါ ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ပြေးတော့!"


ခေါင်းဆောင်က အမိန့်ပေးလိုက်သည်နှင့် လူ 7 ယောက်တို့သည် အနောက်ဘက်သို့ အပြေး‌သွားကာ လမ်းဘေးသို့ ပြေးကြသည်။ ခယ်ရှောင်ပင်းက ရှောင်ထူကို လမ်းပြရန် ဆင့်ခေါ်ခဲ့သည်။


တစ်မြို့လုံးတွင် လမ်းသွားလမ်းလာများကို မမြင်ရဘဲ မြို့အလွတ်နှင့်တူသည်။ လမ်းများနှင့် လမ်းကြားများသည် ဟာလာဟင်းလင်းဖြစ်၍ ဆိုင်ဖွင့်ထားခြင်း မရှိသောကြောင့် ရုပ်ရှင်ထဲရှိ စွန့်ပစ်ထားသောမြို့ကို အမှတ်ရစေသည်။


လျှိုကျောက်ချင်းက အတိုးတိုးနဲ့ ပြောလိုက်သည်။

"ဒါက မြို့ပြဂိမ်းတစ်ခုလား?"


သူ့ပါးစပ်မှ အသံထွက်သွားတာနဲ့ ကျန်းရှောင်နျန်က ရုတ်တရက် အော်လာသည်။

"စီနီယာအစ်ကို သတိထား!"


ကိုယ်ကာယကြံ့ခိုင်ပြီး ရှေ့ကနေပြေးနေသော လျှိုကျောက်ချင်းသည် ဘာတွေဖြစ်နေသလဲဆိုတာ မသိလိုပေ။ အထပ်မြင့် အဆောက်အဦး၏ ညာဘက်တွင် ကြီးမားသောကြော်ငြာဘုတ်ကြီးတစ်ခုက ရုတ်တရက် ‘ဘမ်းခနဲ’အသံဖြင့် ပြုတ်ကျသွားသည်။ ကျန်းရှောင်နျန်က သူ၏ညာဘက်လက်ကို မြှောက်လိုက်ပြီး 3 မီတာမြင့်သော မြေနံရံက လျှိုကျောက်ချင်းအနားတွင် ချက်ချင်းပေါ်လာကာ ပြုတ်ကျလာသော ကြော်ငြာဘုတ်ကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။


မြေနံရံသည် အလွန်ပျက်စီးယိုယွင်းနေပြီး ကြော်ငြာဘုတ်၏အလေးချိန်အောက်တွင် ပြိုကျလာကာ လူတိုင်းက ၎င်းကိုရှောင်ရန် ခြေလှမ်းအနည်းငယ်ကို အမြန်လျှောက်ခဲ့ကြသည်။


လျှိုကျောက်ချင်းက နောက်ပြန်ကြည့်ကာ သူ့မျက်နှာက ညိုမည်းနေသည်။

"ဒီလောက်ကြီးတဲ့ ကြော်ငြာဘုတ်က လူတွေကို အသေသတ်ပစ်နိုင်တယ်!"


လူတိုင်းက လမ်းဆုံကနေ ထွက်လာတာနဲ့ စာကြည့်တိုက်က သူတို့ကို ဒီလိုမျိုးလက်ဆောင်ပေးမည်ဟု ယွဲ့ရှင်းဝမ်လည်း မမျှော်လင့်ထားပေ။


ကံကောင်းထောက်မစွာ ကျန်းရှောင်နျန်က လျင်မြန်စွာတုံ့ပြန်ခဲ့ပြီး ကြော်ငြာဘုတ်ကို နံရံနှင့်တိုက်ရိုက်ဖမ်းခဲ့သည်။ ယွဲ့ရှင်းဝမ်က သူ၏ဂျူနီယာညီလေးကို ပြန်ကြည့်ကာ ချီးကျုးချင်သော်လည်း ကျန်းရှောင်နျန်၏ မျက်နှာက ပြောင်းသွားတာကို တွေ့လိုက်ရပြီး သူကအော်လာသည်။

"စီနီယာအစ်ကိုရဲ့ အရှေ့က အဆောက်အဦးက ပြိုကျတော့မယ်!"


မဝေးလှသောအရှေ့ရှိ 10 ထပ်တိုက် အဆောက်အဦးသည် အပြင်ဘက်ကကြည့်ရင် တုန်လှုပ်ခြင်းအရိပ်အယောင်မရှိဘဲ ‌ကြည့်ကောင်းသော်လည်း ယွဲ့ရှင်းဝမ်က ဗိသုကာဘာသာရပ်ကျောင်းသား၏ ဆုံးဖြတ်ချက်ကို ယုံကြည်တာကြောင့် အဖွဲ့လိုက်အရှိန်မြင့်ရန် သူ၏‘အလင်းကဲ့သို့လျင်မြန်ခြင်း’စွမ်းရည်ကို အသုံးပြုခဲ့သည်။

"ပြေးတော့!"


တစ်ဖွဲ့လုံးက 5 ဆ အရှိန်မြင့်ပြီး အားလုံးက လေကဲ့သို့ လမ်းထဲကနေ ပြေးထွက်ခဲ့ကြသည်။ နောက်အခိုက်အတန့်မှာ ဆူညံသံကို ကြားလိုက်ရသည်။


10 ထပ် အဆောက်အဦးက သူတို့နောက်မှာ လုံးဝပြိုကျသွားသည်။


အထပ်မြင့် အဆောက်အဦးကြီး ပြိုကျပြီး လေထဲတွင် ဖုန်မှုန့်များစွာ လွင့်စင်သွားကာ ပတ်ပတ်လည်တွင် ပြန့်ကျဲနေသော အုတ်ခဲအချို့ လွင့်စင်လာသည်။


ဒီလို ထိတ်လန့်စရာကောင်းသော ပုံရိပ်က လူ 7 ယောက်၏ မျက်လုံးတွေကို ပြူးကျယ်သွားစေပါသည်။


ကျန်းရှောင်နျန်က တုန်လှုပ်ချောက်ချားစွာပြောခဲ့သည်။

"အခုလေးတင် ဒီအဆောက်အဦးရဲ့ တည်ဆောက်ပုံနဲ့ ပတ်သက်ပြီး ပြဿနာတစ်ခုရှိပြီး တတိယထပ်က ဝန်ခံနံရံက ကျိုးနေတယ်… ဒီအဆောက်အဦးတွေက တစ်ခုနဲ့တစ်ခု ကပ်နေပြီး ဆက်တိုက်ဖြစ်ပွားခြင်း‌တွေ ရှိလာနိုင်ပြီးတော့ အဆောက်အဦးက ဆက်တိုက်ပြိုကျလိမ့်မယ်… ကျွန်တော်တို့ အရှိန်မြင့်ရမယ်!"


ဆက်တိုက်ဖြစ်ပွားခြင်းသည် အုတ်ခဲများကို တန်းစီထားသလို ပထမအုတ်ခဲ ပြုတ်ကျတာနဲ့ နောက်တစ်ခုလည်း ပြုတ်ကျပြီး ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေကာ အုတ်ခဲအားလုံး တစ်ခုပြီးတစ်ခု ပြိုကျလာလိမ့်မည်။


ဒီမြို့အလွတ်မှာ အဆောက်အဦးတွေက တော်တော်များပြားသည်။ အကယ်၍ ဆက်တိုက်ဖြစ်ပွားခြင်းများ အမှန်တကယ်ဖြစ်ပေါ်လာပြီး အဆက်မပြတ်ပြိုကျပါက သူတို့တွေ လျင်မြန်စွာ လွတ်မြောက်အောင် မလုပ်နိုင်လျှင် ပြိုကျနေသော အဆောက်အဦးများ၏ အပျက်အစီးများထဲတွင် တိုက်ရိုက်အမြှုပ်ခံရမည်ဖြစ်ပြီး အရိုးကြေမွေသွားအောင် ဖိခံရမည်ဖြစ်သည်။ 


ယွဲ့ရှင်းဝမ်၏မျက်နှာက လေးနက်နေသည်။

"အရှိန်မြင့်ပြီး ရှင်းဟွာလမ်းကို သွားမယ်!"


ရှောင်ထူသည် သူ့ခြေထောက်အောင်တွင် ဘီးလုံးများရှိပြီး သူတို့ထက် များစွာမြန်သည်။ ခယ်ရှောင်ပင်းက ရှောင်ထူကို အရှေ့မှာ ထောက်လှမ်းရန် ပြောလိုက်ပြီး ဘယ်ဘက်သို့လှည့်ပြီးနောက် ကျန်းဖျင်စစ်မှတွက်ချက်ထားသော အကောင်းဆုံးလမ်းကြောင်းက ပထမလမ်း— ရှင်းဟွာလမ်းဖြစ်သည်။ 


ရှင်းဟွာလမ်းသည် အထပ်မြင့် အဆောက်အဦးများဖြင့် ဝန်းရံထားပြီး နှစ်လမ်းသွား၊ လေးလမ်းသွားရှိသော မြို့၏ အဓိကလမ်းမကြီးများထဲမှ တစ်ခုဖြစ်သည်။


ဘယ်ညာမှာ အထပ်မြင့်တိုက်တွေရှိပြီး ရှင်းဟွာလမ်းသို့ လျှောက်လာရင်းနှင့် နှစ်ဖက်လုံးရှိ အဆောက်အဦးများ ပြိုကျစပြုလာသည်။ အပေါ်ထပ်မှ ကြော်ငြာဘုတ်က ပြုတ်ကျကာ လေထဲရှိ ဝိုင်ယာကြိုးများဖြင့် ပွတ်တိုက်မိပြီး လမ်းဘေးရှိ ကိုယ်ပိုင်ကားမှန်က ပေါက်ကွဲသွားခဲ့သည်။


ဝိုင်ယာကြိုးများသည် မီးပွားများကို သယ်ဆောင်သွားပြီး မကြာမီ ဆန့်ကျင်ဘက် ဒုတိယထပ်ရှိ ဝါဒဖြန့်ပိုစတာကြီးကို မီးလောင်သွားခဲ့သည်။


လေထုထဲတွင် ဖုန်မှုန့်များနှင့် မီးလောင်နေသော ပိုစတာများနှင့် ပလပ်စတစ်များ၏ ညှော်နံ့များ ပြည့်နေပါသည်။


ယွဲ့ရှင်းဝမ်သည် ဂရုတစိုက် စောင့်ကြည့်ရန် အချိန်မရှိသဖြင့် လူတိုင်းကို ရှင်းဟွာလမ်းတစ်လျှောက် အမြန်ပြေးခိုင်းလိုက်သည်။


သူ့နှလုံးက ပြင်းထန်စွာ ခုန်နေပြီး ဒါဟာ သူငယ်ငယ်လေးကတည်းက ပြေးဖူးသမျှထဲတွင်း အလျင်မြန်ဆုံးပြေးတာဖြစ်သည်။ တစ်ဖွဲ့လုံး၏အရှိန်က 5 မိနစ်သာ ကြာနိုင်ပြီး အဆောက်အဦးပြိုကျသည့်အရှိန်နဲ့ သူတို့တွေ ပြိုင်ပြေးကြရသည်။


လူ 7 ဦးသည် အသက်စွန့်၍ အရူးအမူး ထွက်ပြေးခဲ့ကြပြီး ရှင်းဟွာလမ်းအဆုံးသို့ ရောက်သောအခါ လမ်းတစ်ခုလုံးရှိ အဆောက်အဦးများသည် တစ်ခုပြီးတစ်ခု ပြိုကျကာ သူတို့နောက်မှ မြို့ကို မမြင်နိုင်တော့ဘဲ အပျက်အစီးများသဖွယ် ဖြစ်နေသည်။


ရှောင်ထူက ရှေ့သို့ ဆက်လက်ရွေ့နေသည်။


ရှို့ရွှိန်လမ်းဆီ ညာဘက်ကွေ့လိုက်သောအခါ ရှောင်ထူက ရုတ်တရက် ရပ်လိုက်ပြီး ခယ်ရှောင်ပင်းကို သတိပေးသည်။

"သခင်၊ အရှေ့လမ်းက ပိတ်ဆို့နေတယ်… လမ်းကြောင်းပြောင်းချင်လား?"


ယွဲ့ရှင်းဝမ်က အဝေးကို လှမ်းကြည့်ကာ အံ့သြသွားသည်——


အရှေ့ရှိ အဆောက်အဦးတစ်ခုပြိုကျမှုကြောင့် ရှို့ရွှိန်လမ်းသည် လုံးဝပိတ်ဆို့သွားခဲ့ပြီး ဖြတ်သန်းသွားလာရန် မဖြစ်နိုင်တော့ပေ။


ထိုအချိန်တွင် သူတို့သည် ရှင်းဟွာလမ်းနှင့် ရှို့ရွှိန်လမ်းဆုံတွင် ရှိနေသည်။ အထပ် 30 မြင့်သော မိုးမျှော်တိုက်ကြီးသည် ဘယ်နှင့်ညာဘက်တွင် ရပ်နေပြီး မနီးမဝေးတွင် ပြိုကျနေသော အဆောက်အဦးကြီးသည် အပေါ်မှ တိမ်မည်းကြီးတစ်ခုလို လျင်မြန်စွာ ဒီဘက်သို့ ပျံသန်းလာနေသည်။


ယွဲ့ရှင်းဝမ် နောက်ပြန်လှည့်ကြည့်လိုက်တော့ အထပ်မြင့်တိုက်တွေက ကောင်းကင်နဲ့ နေရောင်ကို ဖုံးအုပ်ထားပြီး ကြောက်စရာကောင်းသော တိရစ္ဆာန်တွေလိုပဲ သူတို့ကို ချက်ချင်း အပိုင်းပိုင်းအစစဖြစ်အောင် ချေမွနိုင်တာကို တွေ့လိုက်ရသည်။ 


လမ်းကြောင်းပြောင်းရန် အလွန်နောက်ကျသွားပြီ။ အခြားလမ်းကြောင်းတစ်ခုကို လျှောက်သွားခြင်းက အကွာအဝေးကို ပိုဝေးစေရုံသာမက ထိုနေရာရှိ အဆောက်အဦးများလည်း ပြိုကျနိုင်သည်။ ကျန်းရှောင်နျန်က လမ်းပိတ်ဆို့ထားသောအခါ သူ၏မြေတူးစက်ဖြင့် တူးဖော်လို့ရတယ်လို့ ပြောခဲ့ပေမယ့် ယခုအခါမှာတော့ လမ်းတစ်ခုလုံးကို ပိတ်ဆို့နေပြီး မြေတူးစက်က အချိန်အကြာကြီး တူးနေမှာမလား?


ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်က စူးစမ်းသော မျက်လုံးတွေနဲ့ ကြည့်လိုက်ပြီး ကျန်းရှောင်နျန်က ချက်ချင်း ပြောလာသည်။

"ကျွန်တော် လမ်းရှင်းပေးနိုင်တယ်… အားလုံး ဆက်ပြေးနေကြ!"


ဂျူနီယာညီလေး သူ့ညာဘက်လက်ကို မြှောက်လိုက်သည်နှင့် လူတိုင်းရှေ့တွင် မြေတူးစက်တစ်ခု ပေါ်လာတာကို တွေ့လိုက်ရသည်။


လိမ္မော်ရောင်စက်ကြီးပေါ်တွင် "စာကြည့်တိုက်၏ဗိသုကာဌာနမှ ထုတ်လုပ်သည်" ဟူသော စာလုံးများ ပါရှိနေသည်။ ၎င်းသည် Transformer ကဲ့သို့ဖြစ်ပြီး တစ်ခဏအတွင်း ပုံသဏ္ဍာန်ပြောင်းလဲကာ မြေထိုးစက်အဖြစ်သို့ ပြောင်းလဲသွားသည်။


မြေထိုးစက်၏ နှစ်ဖက်စလုံးရှိ ဘီးပတ်ချိန်းကြိုးများသည့် တင့်ကားကြီးများနှင့်တူပြီး အကျယ် 4 မီတာခန့်ရှိသော ဂေါ်ပြားမှ စူးရှသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ကျန်းရှောင်နျန်၏ အမိန့်အောက်တွင် မြေထိုးစက်သည် ပိတ်ဆို့ထားသောလမ်းကို 10 မီတာကျော်ကျော်အကွာသို့ တုန်လှုပ်ချောက်ချားသောအရှိန်ဖြင့် တွန်းလိုက်သည်။


ယွဲ့ရှင်းဝမ်: "…"


ဗိသုကာသင်တန်းကို တက်ရောက်ရန် ဗိသုကာဌာနမှ ကျောင်းသားတစ်ဦးကို ခေါ်ဆောင်တာက ဉာဏ်ရှိသောရွေးချယ်မှုတစ်ခုဖြစ်သည်။ ဤမြေတူးစက်က အလွန်အဆင့်မြင့်ပြီး လမ်းဖွင့်ရန်အတွက် မြေထိုးစက်အဖြစ် ပြောင်းလဲသွားသည်။


ယွဲ့ရှင်းဝမ်က ချီးကျူးလိုက်သည်။

"အရမ်းကောင်းတယ်… အခြားသူတွေရဲ့ စွမ်းရည်တွေကို အရင်သိမ်းထားလို့ရပြီ… ရှောင်နျန်က လမ်းကို အရှိန်မြင့်ပြီး ဖွင့်ပေးလိမ့်မယ်!"


စက်ယန္တရား၏ အသံကြောင့် လူတွေ၏နားကို အူသွားစေသည်။


ဗိသုကာဌာနမှ ထုတ်လုပ်သော စက်ယန္တရားများသည် တကယ်ကို မိုက်ပါသည်။ လမ်းတစ်ခုလုံးသည် မူလက ပြိုကျနေခဲ့သော အဆောက်အဦးတွေကြောင့် လုံးဝနှစ်မြှုပ်နေပါသည်။ ရလဒ်အနေဖြင့် မြေထိုးစက်က ရှင်းလင်းရန်ဆောင်ရွက်ခဲ့ရာ သူတို့အတွက် သန့်ရှင်းသပ်ရပ်ပြီး ကျယ်ဝန်းသောလမ်းကို ဖွင့်ပေးခဲ့သည်။


ယွဲ့ရှင်းဝမ်သည် သူ၏အဖွဲ့ဝင်များအား ရှေ့သို့ အမြန်ပြေးရန် တွန်းအားပေးခဲ့ပြီး ပြိုကျနေသော အဆောက်အဦးသည် သူတို့နောက်မှ လမ်းကို ပေါက်ကွဲသံနှင့်အတူ ထပ်မံနှစ်မြှုပ်လိုက်ရာ ပြိုကျလာသော အုတ်များက သူတို့၏နောက်ကျောကို ထိလုနီးပါး ဖြစ်ခဲ့သည်။


မြေထိုးစက်က အရှေ့က လမ်းကိုဖွင့်လိုက်ပြီး ရှောင်ထူက မြေထိုးစက်နောက်မှ လိုက်ကာ အားလုံးကရှောင်ထူနောက်ကို ပြေးလိုက်သွားကြသည်…


ပြိုကျတော့မည် ဒီမြို့မှာ သေခြင်းတရားအတွက် တိုက်ပွဲဝင်နေကြသည်။


သို့သော် သူတို့မှာ ရွေးချယ်စရာမရှိပေ။ 1 နာရီအတွင်း အနောက်ဘက်လေဆိပ်ကို ရောက်ရှိရမည်!


#TK