Chapter 59
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 59 (မြို့ပြိုကျခြင်း ၀၃)


ရှင်းဟွာလမ်းဆုံသည် မူလက မြို့၏အနောက်ဘက်တွင် တည်ရှိသည်။ ကျန်းဖျင်စစ်မှ တွက်ချက်ထားသော လေဆိပ်သို့ အတိုဆုံးလမ်းကြောင်းမှာ ရှင်းဟွာလမ်း → ရှို့ရွှိန်လမ်း → တင်းရှန်းမိန်းလမ်းမ → အရှေ့ခွမ်းလွင်လမ်း → အနောက်ခွမ်းလွင်လမ်း → ခုံးကျော်လမ်းမကြီး → လေဆိပ်လမ်းမကြီးဖြစ်သည်။


စာမေးပွဲစပြီး 5 မိနစ်ရှိပြီး သူတို့က ရှို့ရွှိန်လမ်းကိုပဲ ရောက်နေသေးသည်။


ယွဲ့ရှင်းဝမ်၏ ‘အလင်းကဲ့သို့လျင်မြန်ခြင်း’စွမ်းရည်သည် အဖွဲ့တစ်ခုလုံး၏အရှိန်ကို မြင့်ရန်အတွက် 5 မိနစ်သာကြာနိုင်သည်။ ကျန်းရှောင်နျန်၏ မြေထိုးစက်က ရှို့ရွှိန်လမ်းအဆုံးသို့ တွန်းလိုက်သောအခါ အဖွဲ့တစ်ခုလုံး၏အရှိန်အဟုန်မှာ ကျသွားပြီး လူတိုင်းသည် သူတို့၏ပြေးနှုန်းမှာ များစွာနှေးကွေးသွားတာကို သိသာထင်ရှားစွာ ခံစားခဲ့ရသည်။


ရှောင်ထူက လူတိုင်းကို ဂရုတစိုက်လမ်းညွှန်နေသည်။

"အရှေ့လမ်းဆုံမှာ ညာဘက်ကွေ့ပြီး တင်းရှန်းမိန်းလမ်းမဆီ သွားပါ…"


အရှိန်ပြင်းပြင်းနဲ့ ပြေးပြီး ၅ မိနစ်လောက်ကြာတော့ အားလုံးက နည်းနည်း မောပန်းသွားကြသည်။


ယွဲ့ရှင်းဝမ်သည် သူ့နောက်က လျင်မြန်စွာပြိုကျနေသော အဆောက်အဦးတွေကို ကြည့်လိုက်ပြီး မေးသည်။

"မင်းတို့ ပြေးနိုင်သေးလား?"


လျှိုကျောက်ချင်း: "ငါ့ရဲ့ခန္ဓာကိုယ်ကြံ့ခိုင်အားက ကောင်းတာကြောင့် ပုံမှန်အားဖြင့် ကီလိုမီတာဒါဇင်ထက် ပြေးနိုင်တယ်…"


ကျန်းဖျင်စစ်၏ ခန္ဓာကိုယ်ကြံ့ခိုင်အားအတွက် ယွဲ့ရှင်းဝမ် လုံးဝစိတ်မပူချေ။ သူတို့နှစ်ယောက်သည် ကျောင်းတက်တုန်းက အတူတူ အပြေးလေ့ကျင့်ရန် အားကစားကွင်းသို့ သွားလေ့ရှိသည်။ စီနီယာအစ်ကိုရွှီကလည်း ယခုအချိန်အထိ မျက်နှောင်မပြောင်းသေးပေမယ့် ခယ်ရှောင်ပင်း၊ ကျန်းရှောင်နျန်နှင့် ချင်လုတို့သည် သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လိုက်မမီနိုင်ဘဲ အသက်မနည်းရှူနေရသည်။ သူတို့သည်လည်း အရင်က ဒီလောက် အသည်းအသန်မပြေးဖူးတာကြောင့် သူတို့ကို အပြစ်တင်လို့မရပေ။


ယွဲ့ရှင်းဝမ်၏မျက်လုံးများက တင်း‌ရှန်းမိန်းလမ်းမတစ်လျှောက် လှည့်ပတ်ကြည့်လိုက်သည်။ ကံကောင်းထောက်မစွာ တင်းရှန်းမိန်းလမ်းမ၏ ဤဘက်ခြမ်းသည် မြို့ဟောင်း၏ အစိတ်အပိုင်းဖြစ်သည်။ လမ်းတစ်လမ်းလုံးက ခုနက လမ်းမကြီးလောက် မကျယ်ပေမယ့် အားသာချက်ကတော့ လမ်းနှစ်ဘက်ခြမ်းရှိ အဆောက်အဦးအများစုမှာ 3 ထပ်တိုက်များ ဖြစ်သည်။ ထိုကဲ့သို့ နိမ့်ကျသော အဆောက်အဦးများ ပြိုကျခြင်းသည် အထပ်မြင့် အဆောက်အဦးများထက် သူတို့အပေါ် ခြိမ်းခြောက်မှု နည်းပါးသည်။


တင်းရှန်းမိန်းလမ်းမ၏ နှစ်ဖက်စလုံးရှိ အဆောက်အဦးများသည် မပြိုကျသေးဘဲ လမ်းတစ်ခုလုံး ချောမွေ့နေပြီး အုတ်ခဲများ၊ ဘိလပ်မြေများ ပြုတ်ကျခြင်းမရှိပေ။


ကျန်းရှောင်နျန်က သူ့လက်ဖြင့် ရပ်သောအမူအရာပြကာ လိမ္မော်ရောင်မြေတူးစက်က သူ့အမိန့်ကို လိုက်နာပြီး သူ့အနားမှာ ရပ်လိုက်သည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူရင်း ကျန်းရှောင်နျန်ကို ပြန်ကြည့်လိုက်သည်။

"မင်းရဲ့ အသွင်ပြောင်းစက်က ဘယ်လောက်ကြာကြာ အလုပ်လုပ်နိုင်လဲ?"


ကျန်းရှောင်နျန်: တစ်ခါဆင့်ခေါ်ရင် 10 မိနစ်ကြာနိုင်တယ်…"


ယွဲ့ရှင်းဝမ်က မေးလေသည်။

"အမြန်ဆုံးအမြန်နှုန်းက ဘယ်လောက်လဲ?"


ကျန်းရှောင်နျန်: "အမြန်ဆုံးအမြန်ဆုံးက တစ်နာရီကို ကီလိုမီတာ 50…"


တစ်နာရီကို ကီလိုမီတာ 50 သည် မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုမရှိသည့်အခါ ကိုယ်ပိုင်ကား၏ အမြန်နှုန်းနှင့် တူညီသည်။ ၎င်းကို စီးသည့်အမြန်နှုန်းက ခြေထောက်နှစ်ချောင်းနဲ့ ပြေးသည့်လူထက် ပိုမြန်ပါသည်။ ယွဲ့ရှင်းဝမ်က သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက်ချကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

"အားလုံး တက်ကြ!"


လူတိုင်း: "???"


ဒါကို ကြားသောအခါ အဖွဲ့ဝင်များက စဉ်းစားမရဖြစ်သွားပြီး ယွဲ့ရှင်းဝမ်သည် မြေထိုးစက်အစွန်းသို့ တက်ရန် ဦးဆောင်ကာ ‌သူ့ဘေးရှိ ဘီးပတ်ချိန်းကြိုးပေါ်နင်းပြီး သူ၏လက်တွေ၊ ခြေတွေဖြင့် တက်လိုက်သည်။ ထို့နောက် သူက နောက်ပြန်လှည့်ကာ သူ့လက်ကို ကျန်းဖျင်စစ်ထံ ကမ်းလိုက်သည်။ ကျန်းဖျင်စစ်က သူ့လက်ကို ဆုပ်ကိုင်ပြီး နှစ်ကြိမ်ခုန်တက်လိုက်သည်။ အခြားအဖွဲ့ဝင်များက သူဆိုလိုတာကို တုံ့ပြန်ပြီး တစ်ယောက်ပြီးတစ်ယောက် တက်ကြသည်။


ကျန်းရှောင်နျန်က အနည်းငယ် စိတ်ရှုပ်သွားသည်—— မြေထိုးစက်က လူတွေကို သယ်နိုင်တဲ့ လုပ်ဆောင်လည်း ရှိသေးတာလား?


ယွဲ့ရှင်းဝမ်က နောက်ဆုံးတွင် ကျန်းရှောင်နျန်ကို ဆွဲလိုက်ပြီး မြေထိုးစက်၏ ယာဉ်မောင်းခန်းတွင် ထိုင်စေခဲ့သည်။


ရလဒ်အနေဖြင့် လူ 7 ယောက်သည် ရှုပ်ထွေးနေသော အနေအထားဖြင့် မြေထိုးစက်ပေါ်တွင် တွဲလောင်းကျနေကြသည်။ ယာဉ်မောင်းခန်းတွင် ဘေးချင်းကပ်လျက် လူ 3 ယောက်ရှိပြီး ကျန် 4 ယောက်က အနောက်ဘက်မှာ တွဲလောင်းကျနေသည်။


လျှိုကျောက်ချင်းက မနေနိုင်ဘဲ ညည်းညူသည်။

"ငါတို့က ဆန်းပြားတဲ့အဖွဲ့ ဖြစ်လာတော့မယ်…"


ရွှီယိရှန်းက ပြုံးကာ ပြောသည်။

"ဒါက ဖြိုဖျက်ရေးရုံး ဖြစ်သင့်တာ…"


ယွဲ့ရှင်းဝမ်: "ရှောင်နျန် သွားတော့!"


ကျန်းရှောင်နျန်က သူ၏ညာဘက်လက်ဖြင့် ရှေ့သို့သွားရန် အမူအရာပြကာ လူ 7 ယောက်ကို မြေထိုးစက်ဖြင့် အမြန်ပို့ဆောင်ခဲ့သည်။


မြေထိုးစက်၏ ရွေ့လျားသံများကို နားစွင့်နေရင်း တိုက်ခတ်လာသောလေသည် လူတိုင်း၏ဆံပင်များကို လွင့်ထုတ်နေကာ အထူးသဖြင့် အနောက်တွင် တွဲလောင်းကျနေသော ရွှီယိရှန်း၏ ဆံပင်ကောက်ကောက်များက သူ့မျက်နှာတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားခဲ့သည်။ ရွှီယိရှန်းသည် သူ့မျက်လုံးများအား ဖုံးထားသော ဆံပင်များကို ဖယ်လိုက်ရင်း အပြုံးဖြင့် ပြောသည်။

"ငါမြေထိုးစက်ကို စီးတာ ဒါပထမဆုံးပဲ… ဒါက အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ်…"


လူတိုင်း: "…"


မြေထိုးစက်ကိုစီးတာ အားလုံးအတွက်လည်း ပထမဆုံးအကြိမ်ပဲ မဟုတ်ဘူးလား။


အဖွဲ့ဝင်များက ရယ်ရမလို၊ ငိုရမလို ဖြစ်နေပြီး ရှင်းဝမ်တွင် အမှန်တကယ်ပင် ထူးခြားသော အကြံကောင်းဉာဏ်ကောင်းရှိပြီး လူများကို သယ်ဆောင်ရန် မြေထိုးစက်ကို အသုံးပြုဖို့ စိတ်ကူးနိုင်သည်။


သို့သော် ဤနည်းဖြင့် ထိရောက်မှုမှာ အမှန်တကယ်ပင် မြင့်မားလာသည်။ ကျန်းရှောင်နျန်၏ မြေထိုးစက်က အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် ကီလိုမီတာ 50 အထိရောက်ရှိနိုင်ပြီး လူတိုင်းပြေးနှုန်းထက် များစွာပိုမြန်သည်။ ထို့အပြင် လူတိုင်းသည် လမ်းနှစ်လမ်းကို ပြေးပြီးနောက် အလွန်ပင်ပန်းသောကြောင့် ခဏထိုင်ပြီး အနားယူနိုင်ကြသည်။


မကြာမီတွင် အနောက်မှ နောက်ထပ် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး တင်းရှန်းမိန်းလမ်းမရှိ သုံးထပ်တိုက်လည်း ပြိုကျသွားသည်။


လူတိုင်းက ခေါင်းကို လှည့်ကြည့်လိုက်သည်—— လမ်းတစ်ခုလုံးသည် အံ့အားသင့်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ပြိုကျသွားသည်။


ထိုအဆောက်အဦးများသည် ရေမြှုပ်များကဲ့သို့ ၎င်းတို့သည် ချက်ချင်းအပျက်အစီးများအဖြစ်သို့ ပြောင်းလဲနိုင်သည်။ လမ်းဘေးနှစ်ဖက်ရှိ လမ်းမီးတိုင်များ တစ်ခုပြီးတစ်ခု ပြိုလဲသွားကာ ကြော်ငြာဘုတ်များနှင့် မီးတိုင်များသည် နှင်းမုန်တိုင်းကဲ့သို့ ပြိုကျသွားကာ ပျက်စီးနေသော မှန်ချပ်များက လမ်းတစ်ခုလုံးကို မျက်စိတစ်မှိတ်အတွင်း ဖုံးလွှမ်းသွားသည်။


အခုလေးတင် သူတို့သာ မြေထိုးစက်ပေါ်မတက်ခဲ့ပါက အဖွဲ့လိုက်အရှိန်မြင့်ခြင်းစွမ်းရည်မပါဘဲ သူတို့ပြေးနိုင်မှာမဟုတ်ပေ။


ဒါကိုတွေးလိုက်တိုင်း လူတိုင်း ကြောက်ရွံ့သွားကြသည်။


မြေထိုးစက်က လူ 7 ယောက်ကို ‌ရှေ့သို့ သယ်ဆောင်သွားခဲ့သည်။ တင်းရှန်းမိန်းလမ်းမ၏ ကီလိုမီတာများစွာကို လမ်းလျှောက်ရန် သူတို့အတွက် မိနစ်အနည်းငယ်သာ ကြာခဲ့သည်။ ကျန်းရှောင်နျန်က သတိပေးလာသည်။

"အားလုံး အမြန်ဆင်းကြတော့… ကျွန်တော့်စက်က အချိန်ကုန်တော့မယ်!"


ဗိသုကာဌာန၏ စက်ယန္တရားသည် အလွန်အင်အားကြီးပြီး မြေတူးစက်နှင့် မြေထိုးစက်များသည် Transformer များကဲ့သို့ပင် အမှန်တကယ် အသွင်ပြောင်းလဲနိုင်သည်။ အားနည်းချက်ကတော့ ဆင့်ခေါ်ခြင်းတစ်ခုချင်းစီကို 10 မိနစ်သာ အသုံးပြုနိုင်ပါသည်။ 


ယွဲ့ရှင်းဝမ်က မြေထိုးစက်ပေါ်မှ ဦးဆောင်ခုန်ချကာ အခြားသူများလည်း ခုန်ချခဲ့သည်။ ကျန်းရှောင်နျန်က စက်ကို ချက်ချင်းပြန်သိမ်းလိုက်သည်။


ရှောင်ထူး၏ ပြတ်သားသော စက်ရုပ်သံက ထွက်လာသည်။

"ဘယ်ဘက်ကိုကွေ့ပြီး အမြင့်လမ်းပေါ်တက်ပြီးတော့ အရှေ့ခွမ်းလွင်လမ်းကို ဝင်ပါ…"


ဤလမ်းကြောင်းကို အပိုင်းနှစ်ပိုင်းခွဲထားပြီး အရှေ့ခွမ်းလွင်လမ်း + အနောက်ခွမ်းလွင်လမ်း က လေဆိပ်သို့ အမြန်ဆုံးလမ်းဖြစ်သည်။


ကျန်းဖျင်စစ်ကလည်း ခုံးကျော်တံတားများ ပြိုကျတက်ကြောင်း မတိုင်မီက ပြောကြားခဲ့သည်။ ကံကောင်းထောက်မစွာ သူတို့၏ နေရာရွှေ့ပြောင်းမှုစွမ်းရည်ကို အသုံးမချရသေးပေ။ တစ်ဝက်တစ်ပျက် ပြိုကျလျှင်တောင် ကျောက်ထုလွှာလှုပ်ရှားမှု သို့မဟုတ် parabolic လှုပ်ရှားမှုဖြင့် သွားနိုင်သေးသည်။ ဒါကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က ရိုးရှင်းစွာ ပြောလိုက်သည်။

"သွားမယ်! တံတားပေါ်တက်ကြ!"


ဒီလမ်းက မီတာ 800 နီးပါးရှိသည်။ ကာယအတန်းတွင် မီတာ 800 ပြေးခြင်းက လူတိုင်းအတွက် သာမန်ဖြစ်သည်။ သူတို့သည် ခဏလောက် အနားယူရန် မြေထိုးစက်ပေါ်မှာ ထိုင်ခဲ့တာကြောင့် ဒီအချိန်မှာ သူတို့၏ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပြန်ကောင်းလာပါပြီ။ ယွဲ့ရှင်းဝမ်ဦးဆောင်မှုဖြင့် သူတို့သည် ခုံးကျော်တံတား၏ ဝင်ပေါက်ကို မျက်စိတစ်မှိတ်အတွင်း ‌သူတို့တွေ ပြေးလာခဲ့သည်။


တံတားပေါ်တက်ခါနီးအချိန်တွင် ယွဲ့ရှင်းဝမ်က အနီးအနားတွင် ကားပါကင်အကျယ်ကြီးတစ်ခုရှိနေတာကို ရုတ်တရက် သတိပြုမိကာ ကားအမြောက်အမြားရပ်ထားသည်။ ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"မင်းတို့ထဲက ဘယ်သူကားမောင်းနိုင်လဲ?"


ရွှီယိရှန်းက အရင်ဆုံး လက်မြှောက်လာသည်။

"စီနီယာအထက်တန်းကျောင်း ပြီးကတည်းက ငါ ယာဉ်မောင်းလိုင်စင်ရထားတာ ယာဉ်မောင်းအတွေ့အကြုံ လေးနှစ်ရှိပြီ…"


ယွဲ့ရှင်းဝမ်က သူ့နောက်တွင် ပြိုကျနေသော အဆောက်အဦးများကို တစ်ချက်ကြည့်လိုက်ပြီး အချိန်ကိုခန့်မှန်းကာ ပြောသည်။

"အချိန်ရှိသေးတယ်! ကျွန်တော်တို့ လူ 7 ယောက်ဆံ့မယ့် ကားရှိ၊မရှိ စီနီယာအစ်ကို ကားပါကင်မှာ သွားကြည့်ပေးပါလား…"


ကားနဲ့ပြေးတာက ခြေနှစ်ချောင်းနဲ့ ပြေးတာထက် အများကြီးပိုမြန်ပြီး အင်အားလည်း သက်သာစေသည်။


ရွှီယိရှန်းက ခေါင်းငြိမ့်ပြပြီး တစ်ခါတည်း လူငါးယောက်ခွဲသွားကာ သူတို့ထဲမှ တစ်ယောက်က ချက်ချင်းပင် မီတာများစွာအကွာမှ ပေါ်လာသည်။ တူညီသော ရွှီယိရှန်းငါးယောက်သညိ အရိပ်များကဲ့သို့ ထောင့်တစ်ဝိုက်တွင် ပျောက်ကွယ်သွားကာ လူများကို မှင်တက်စေခဲ့သည်။


ချင်လုနဲ့ ကျန်းရှောင်နျန်တို့က သူ၏စွမ်းရည်ကို အရင်က တစ်ခါမှ မမြင်ဖူးတာကြောင့် စီနီယာအစ်ကိုရွှီ၏နောက်ကျောကို သူတို့၏မျက်လုံးတွေဖြင့် တည့်တည့်ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ်က ရှင်းပြလေသည်။

"မင်းတို့ အမြင်မှားနေတာမဟုတ်ဘူး… အဲဒါက ဇီဝသိပ္ပံဌာနရဲ့ mitosis ပဲ… သူ့ခန္ဓာကိုယ်တွေကို ပွားလို့ရတယ်…"


ချင်လုက အသိစိတ်ပြန်ဝင်လာပြီး မေးသည်။

"ခန္ဓာကိုယ်ပွားလို့ရတယ်ဆိုတော့ မူလခန္ဓာကိုယ်ကို နေရာလဲလှယ်လို့ရလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အင်း… ငါတို့က 2 မီတာကို 1 စက္ကန့်ပြေးပြီး သူက ကိုယ်ပွားတွေကို အကွာအဝေးတစ်ခုစီမှာ ထားထားရင် 1 စက္ကန့်ကို 10 မီတာထက် ပိုပြေးနိုင်တယ်…"


ကျန်းရှောင်နျန်က သက်ပြင်းချသည်။

"ဒါက အရမ်းအစွမ်းထက်တာပဲ… ဘယ်တစ်ယောက်က အစစ်လည်းဆိုတာတောင် ကျွန်တော်မပြောနိုင်ဘူး…"


မိနစ်အနည်းငယ်အကြာတွင် ကား၏အသံက လူတိုင်း၏နားထဲတွင် ထွက်ပေါ်လာသည်။ ရွှီယိရှန်းသည် ကားပါကင်တွင် အများသုံးကားတစ်စီးကို တွေ့ရှိခဲ့ပြီး အဖွဲ့ဝင်များထံ မောင်းနှင်ကာ တံခါးကိုဖွင့်ပြီး 

"တက်ကြ!"


ယွဲ့ရှင်းဝမ်သည် တွဲဖက်ယာဉ်မောင်းနေရာတွင် ထိုင်လိုက်ပြီး အခြားသူများက ကားထဲသို့ အမြန်ဝင်ကာ ဒုတိယနှင့် တတိယတန်းတွင် ထိုင်ကြသည်။


7 ခုံပါသော အများသုံးကားတွင် သူတို့ 7 ယောက်အတွက် နေရာထိုင်ခင်းသာ ရှိ‌နေခဲ့သည်။ နောက်ဆုံးအတန်းဖော်က တံခါးကိုပိတ်လိုက်သောအခါ ရွှီယိရှန်းသည် လီဗာကိုနင်းကာ ကားသည် ညာဘက်မှ မြားတစ်စင်းကဲ့သို့ ပြေးထွက်သွားသည်။


နောက်တန်းမှာထိုင်နေသော ကျောင်းသားများက ထိုင်ခုံဖြင့် ဆောင့်ကန်လုနီးပါးဖြစ်နေပြီး ခယ်ရှောင်ပင်း၏မျက်မှန်က ရွဲ့သွားသည်။


ရွှီယိရှန်းက သတိပေးလိုက်သည်။

"ကိုင်ထားကြ!"


လီဗာကို အဆုံးအထိ ဖိနင်းလုနီးပါးဖြစ်ကာ မျက်စိတစ်မှိတ်အတွင်း တစ်နာရီ ကီလိုမီတာ 80 နှုန်းသို့ ရောက်ရှိခဲ့သည်။ နောက်တန်းမှာ ထိုင်နေသည့် လျှိုကျောက်ချင်းက မနေနိုင်ဘဲ ညည်းညူလေသည်။

"မြို့ဖြတ်ခြင်းကနေ Crazyracing Kartrider(အွန်လိုင်းဂိမ်း) ပြောင်းသွားတာလား?"


လူတိုင်း: "…"


အခြေအနေက တကယ်ကို Crazyracing Kartriderနဲ့ တူနေသည်။


အရှေ့ခွမ်းလွင်လမ်းသည် မျဉ်းဖြောင့်မဟုတ်ပေ။ လမ်းကွေ့တွေ အများကြီးရှိသည်။ ရွှီယိရှန်း၏ ကားမောင်းစွမ်းရည်က တော်တော်ကောင်းပြီး မျဉ်းကွေးကို ဖြတ်ကျော်သွားသောအခါ 90 ဒီဂရီ လွင့်မျောသွားသည်။ ကားထဲတွင် ထိုင်နေသော ကျောင်းသားများက စိတ်လှုပ်ရှားစွာ လက်တင်တန်းများကို ဆုပ်ကိုင်ထားကြပြီး စီနီယာအစ်ကိုရွှီ၏ စတီယာရင်ဘီးက အနည်းငယ် ဒီဂရီများလွန်းသဖြင့် တံတားကိုတိုက်မိကာ အဖွဲ့အား မတော်တဆဖြစ်သွားမည်ကို စိုးရိမ်နေကြသည်…


ကျန်းဖျင်စစ်က တင်းမာနေပြီး ကားရှေ့ကို စိုက်ကြည့်လျက်ရှိသည်။ စီနီယာရွှီသာ မထိန်းနိုင်ပါက ၎င်းကို ပြန်ထိန်းရန် coordinate system ကို ချက်ချင်း သူသုံးနိုင်သည်။


ရုတ်တရက် စွန့်ပစ်ထားသော ကုန်တင်ကားကြီးသည် လမ်းထောင့်တွင် ပေါ်လာပြီး မူလနှစ်လမ်းသွားလမ်းအများစုကို ပိတ်ဆို့ထားခဲ့သည်။ ညာဘက်ရှိ ကုန်တင်ကားကို မြင်လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်က မနေနိုင်ဘဲ အော်လိုက်သည်။

"သတိထား!"


ရွှီယိရှန်းက အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး စတီယာရင်ဘီးကို လှည့်လိုက်ကာ စိတ်လှုပ်ရှားစွာ ကုန်တင်ကားကို ပွတ်တိုက်လိုက်သည်။ လမ်းကြောင်းက ကျဉ်းလွန်းပြီး သူက ကား၏ ညာဘက်ရှိ ကုန်တင်ကားကို ရှောင်သွားကာ ဘယ်ဘက်ခြမ်းက ခုံးကျော်တံတားဘေးရှိ တိုင်များကို ပွတ်တိုက်သွားကာ မီးပွားများက တောက်လျှောက်ထွက်နေသည်။


လူတိုင်းက ထိတ်လန့်သွားပြီး လျှိုကျောက်ချင်းက မနေနိုင်ဘဲ ပြောလိုက်သည်။

"Fast and Furious လက်တွေ့ဘဝဗားရှင်းပဲ! ရွှီယိရှန်း၊ မင်း ကျိုးကြောင်းဆင်ခြင်တာမျိုး ပိုလုပ်သင့်တယ်! လူတွေအများကြီးတင်ပြီး ဘဝနဲ့မကစားနဲ့!"


ရွှီယိရှန်း: "စိတ်ချပါ… ကျွန်တော်က တောင်လမ်းပေါ်တက်ပြီး အားကစားကားတွေ မောင်းဖူးတယ်…"


အရှေ့တွင် စွန့်ပစ်ထားသော ယာဉ်ကြီး၊ငယ် အများအပြားရှိနေသည်။ ရွှီယိရှန်းသည် ဘရိတ်ကိုနင်းပြီး အရှိန်လျှော့ကာ S ပုံသဏ္ဌာန်ဖြင့် အတားအဆီးများစွာကို ကျော်ဖြတ်ကာ ကားကို မောင်းနှင်ခဲ့သည်။


ယွဲ့ရှင်းဝမ်က အလွန်လေးနက်သောအမူအရာဖြင့် တွဲဖက်ယာဉ်မောင်းနေရာတွင် ထိုင်နေသည်။ စီနီယာအစ်ကိုရွှီကို သတ္တိရှိစွာ မောင်းနှင်မယ်လို့ သူမထင်ထားဘဲ ပြိုင်ကားတစ်စီးအား မောင်းနှင်နေသလိုနဲ့တူသည်။ ကံကောင်းထောက်မစွာ စီနီယာအစ်ကိုရွှီသည် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်ခဲ့ပြီး ပြိုကျနေသောအဆောက်အဦးများ သူတို့နောက်တွင် အဝေးဆုံးမှာကျန်ခဲ့သည်။


ယခုအချိန်တွင် ရှောင်ထူ၏ ပြတ်သားသော ကလေးဆန်ဆန်အသံက သူ့နားထဲတွင် မြည်လာသည်။

"ရှေ့လမ်းက ပြိုကျနေပါပြီ… လမ်းလွှဲဖို့ အာရုံစိုက်ပါ…"

စက်ရုပ်က လူသားမျက်စိဖြင့် မြင်နိုင်သည်ထက် ပိုမြန်သည့် ရေဒါဖြင့် စောင့်ကြည့်နိုင်သည်။


ရှောင်ထူပြောပြီးတာနဲ့ ရွှီယိရှန်းက ဘရိတ်ကို ဆောင့်နင်းပြီး ကားကို ကြောက်လန့်တကြား ရပ်လိုက်သည်။


ကားပေါ်ရှိလူတိုင်း မူးဝေလုမတတ် ဖြစ်နေကြသည်။ ခယ်ရှောင်ပင်း၏ မျက်မှန်က ပြုတ်ကျသွားပြီး ကားပေါ်တွင် မျက်မှန်ကို အလျင်အမြန် ရှာကြည့်လေသည်။


ယွဲ့ရှင်းဝမ်သည် အရှေ့ခွမ်းလွင်လမ်းနှင့် အနောက်ခွမ်းလွင်လမ်းဆုံရှိ ခုံးကျော်တံတားက ကျိုးသွားခဲ့သည်။


ထိုအချိန်တွင် သူတို့သည် အမြင့်တွင်ရှိနေပြီး ရှောင်ထူက သူတို့ကို လမ်းလွှဲကသွားခိုင်းသော်လည်း ခက်ခဲသောအခြေအနေတွင် ရှိနေကြတာကြောင့် လမ်းလွှဲကသွားလို့မရပေ။ ယွဲ့ရှင်းဝမ်က ချက်ချင်း အမိန့်ပေးလိုက်သည်။

"ကျန်းရှောင်နျန် အကွာအဝေးကို တိုင်းတာလိုက်!"


ကျန်းရှောင်နျန်က အနီရောင်အောက်ရောင်ခြည် theodolite ကို ဖွင့်လိုက်သည်။ ကျိုးကျနေသော တံတားဆီသို့ အနီရောင်လေဆာဖြင့် ပစ်ခတ်လိုက်ရာ ကျန်းရှောင်နျန်က ရလဒ်ကို အလျင်အမြန် သတင်းပို့ခဲ့သည်။

"ပြိုကျနေတဲ့လမ်းအပိုင်းက 35 မီတာရှည်တယ်…"


ယွဲ့ရှင်းဝမ်: "ချင်လု နေရာပြောင်းတော့…"


ချင်လုက ကမ္ဘာလုံးကိုဆင့်ခေါ်ရန် သူမ၏ညာဘက်လက်ကို မြှောက်လိုက်သည်။ ကျောက်ထုလွှာလှုပ်ရှားမှုသည် သူမအား ရွှေ့လျားစေဖို့ ကျောက်ထုလွှာနှစ်ခုကို သတ်မှတ်ရန် လိုအပ်သည်။ သူမက အဖွဲ့ဝင် 35 မီတာထက်ဝေးသောနေရာသို့ ပြောင်းပေးရမည်ဖြစ်သည်။ မိန်းကလေး၏လက်ချောင်းသည် ကမ္ဘာလုံးပေါ်တွင် လျင်မြန်စွာရွှေ့လိုက်ပြီး သူတို့ထိုင်နေသည့်ကားနှင့်အတူ လူ 7 ယောက်သည် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားတစ်ခုဖြင့် ထိန်းချုပ်ထားပုံရပြီး ပြိုကျနေသောလမ်း၏ အခြားတစ်ဖက်စွန်းတွင် ပေါ်လာသည်။


ပထဝီဝင်ဌာနသည် ဤသင်တန်းကို အောင်မြင်ရန် သော့ချက်ဖြစ်သည်။


ရွှီယိရှန်း: သေချာထိုင်ထားကြ!"


ကားကို စတင်မောင်းနှင်ပြီး အနောက်ကွမ်းလွင်လမ်းအတိုင်း အရှိန်နဲ့ ဆက်သွားခဲ့သည်။


ပြိုကျနေသည့်အပိုင်းကို ဖြတ်ကျော်ပြီး မကြာမီ ယွဲ့ရှင်းဝမ် အနောက်ကို လှည့်ကြည့်လိုက်ရာ အရှေ့ခွမ်းလွင်လမ်း၏ ခုံးကျော်တံတားတစ်ခုလုံး ကျိုးပဲ့တို့ဟူးကဲ့သို့ ပြိုကျသွားတာကို တွေ့လိုက်ရသည်။ ခုံးကျော်တံတားကို ထောက်ထားသော တိုင်များသည် ကျိုးပဲ့ပျက်စီးသွားသဖြင့် လျှပ်တပြက်အတွင်း ဘိလပ်မြေအမှုန့်များအဖြစ်သို့ ပြောင်းလဲသွားကာ သူတို့လျှောက်လာခဲ့သော လမ်းဘေးရှိ တိုင်များ ပြိုကျကာ တံတားအောက်တွင် ရပ်ထားသော ကားအမြောက်အမြားမှာ သတ္တုအမှုန်အမွှားများကဲ့သို့ တိုက်ရိုက် ကြေမွသွားသည်။


မြို့ပြိုကျခြင်းက တကယ်ကို ကြောက်စရာကောင်းသည်။


ခုံးကျော်တံတားပြိုကျမည့်အန္တရာယ်ကြောင့် ရွှီယိရှန်းသည် ပြိုကျသောလမ်းကို ကြုံတွေ့ရသောအခါ ကားကိုရပ်၍မရမှာကို စိုးရိမ်သောကြောင့် အရှိန်လွန်စွာမမောင်းရဲပေ။ 


သူ့ရှေ့မှာ နောက်ထပ်လမ်းပြိုကျသည့်အပိုင်းတစ်ခု ပေါ်လာသောအခါတွင် သူဤသို့တွေးမိသည်။ ယခုအကြိမ်တွင် လမ်းပြိုကျခြင်းမဟုတ်သော်လည်း လမ်းဘေးမြေပြိုကျမှုကြောင့် ကျောက်တုံးအများအပြား ပြိုကျကာ လမ်းပိတ်ဆို့သွားခဲ့သည်။ လူတွေက အပျက်အစီးတွေကြားကနေ ‌ဖြည်းညင်းစွာ ပြေးနိုင်ပေမယ့် ကားတွေကတော့ ဖြတ်၍မရပေ။


ယွဲ့ရှင်းဝမ်၏ သတိပေးချက်ကို မစောင့်ဘဲ ကျန်းရှောင်နျန်သည် အနီရောင်အောက်ရောင်ခြည် theodolite ကိုထုတ်ကာ အကွာအဝေးကို သတိရှိရှိဖြင့် တိုင်းတာခဲ့သည်။

"ကျပ်သိပ်နေတဲ့လမ်းက မီတာ 50 ရှည်တယ်…"


ချင်လုက သူမ၏ကျောက်ထုလွှာလှုပ်ရှားမှုကို ဆက်လက်အသုံးပြုပြီး တစ်ဖွဲ့လုံးကို လမ်းတစ်ဖက်သို့ တယ်လီပို့ခဲ့သည်။ 


ရှောင်ထူက လမ်းညွှန်သတိပေးလာသည်။

"အနောက်ခွမ်းလွင်လမ်းရဲ့ အဆုံးမှာ ဘယ်ဘက်ကွေ့ပြီး အနောက်ဘက်မြို့ရှောင်လမ်းမကြီးကို ဝင်ပါ… 2 ကီလိုမီတာရောက်ရင် ထွက်ပေါ် 113 လမ်းမကြီးမှထွက်ပြီး လေဆိပ်လမ်းမကြီးကို ဝင်ပါ…"


လမ်းညွှန်ချက်အရ ရွှီယိရှန်းသည် မြို့ရှောင်လမ်းမကြီးပေါ် တက်ခဲ့သည်။


မြို့ရှောင်လမ်းသည် မြို့ပတ်လမ်းဖြစ်ပြီး ကွေ့လိုက်သောအခါ ကားအရှိန်က မြန်လွန်းသဖြင့် ကားပေါ်ရှိ ကျောင်းသားများသည် အနည်းငယ် မူးဝေသွားကြသည်။ 

ယွဲ့ရှင်းဝမ်: "ဟန်မပျက်အောင် ထိန်းထားကြ… ဒီလမ်းမှာ အကွေ့အကောက်တွေ အများကြီးရှိတယ်!"


မြို့ပတ်ပတ်လည် 2 ကီလိုမီတာ ဝေးသော မြို့ရှောင်လမ်းမကြီးသည် လူတိုင်း၏ မျက်လုံးများထဲတွင် ခြင်ဆေးခွေကဲ့သို့ မူးဝေလုနီးပါဖြစ်စေခဲ့သည်။


နောက်ဆုံးတွင် အဝိုင်းပတ်ကိုဖြတ်သွားကာ ရှေ့ 1 ကီလိုမီတာအကွာရှိ ဥမင်လိုဏ်ခေါင်းတစ်ခု‌ဖြစ်ကြောင်း ညွှန်ပြသော ဆိုင်းဘုတ်တစ်ခုရှိသည်။


ရွှီယိရှန်းက ဘရိတ်ကို ဆောင့်နင်းလိုက်သည်။

"ဥမင်လိုဏ်ခေါင်းရဲ့ ဝင်ပေါက်က တောင်ထိပ်က ကျောက်တုံးတွေ ပြုတ်ကျလို့ ပိတ်ဆို့နေတယ်…"


ကျန်းရှောင်နျန်: "ကျွန်တော်တူးလို့ရတယ်! ကျွန်တော့်ရဲ့မြေတူးစက်က 10 မိနစ်ပဲ စောင့်ရတာကြောင့် အခုသုံးလို့ရပြီ…"


ကျန်းဖျင်စစ်က ရုတ်တရက် မေးသည်။

"ဥမင်လိုဏ်ခေါင်းက 1 ကီလိုမီတာရှည်တယ်… အထဲမှာလည်း ပိတ်ထားတယ်ဆိုရင် တူးဖို့ ဘယ်လောက်ကြာလဲ…"


ကျန်းရှောင်နျန်က ခဏလောက် စဉ်းစားပြီး ပြန်ဖြေသည်။

"1 ကီလိုမီတာကို 5 မိနစ်လောက် ကြာနိုင်တယ်…"


ယွဲ့ရှင်းဝမ်သည် အနောက်ပြန်လှည့်ကြည့်ကာ အရှေ့ခွမ်းလွင်လမ်းပေါ်ရှိ ခုံးကျော်တံတားပြိုကျပြီးကတည်းက အတူချိတ်ဆက်ထားသည့် အနောက်ခွမ်းလွင်လမ်း၏ လမ်းမျက်နှာပြင်က အဆက်မပြတ် အက်ကွဲနေတာကို တွေ့လိုက်ရသည်။ အက်ကြောင်းတွေက ပိုကြီးလာပြီး ဧရာမပါးစပ်ကြီးက ၎င်းတို့ကို လုံးလုံးဝမျိုချသလိုဖြစ်နေသည်။


အက်ကွဲနေသောလမ်းသည် သူတို့နှင့် နီးကပ်လာသည်နှင့်အမျှ ဆက်လက်ရွေ့လျားနေပြီး မကြာမီ သူတို့ကို အမီလိုက်နိုင်မည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ကာ နှစ်ယောက်သား အကြည့်ချင်းဖလှယ်လိုက်ကြသည်။


ကျန်းဖျင်စစ်က ပြတ်ပြတ်သားသား ပြောခဲ့သည်။

"တောင်ရဲ့အမြင့်ကို တိုင်းလိုက်…"


ကျန်းရှောင်နျန်၏ အနီအောက်ရောင်ခြည် theodolite က တောင်ထိပ်ကို ထိမှန်ပြီး မကြာမီ ရလဒ်ကို သတင်းပို့ခဲ့သည်။

"အမြင့်ဆုံးတောင်ထိပ်က 532 မီတာ…"


ကျန်းဖျင်စစ်သည် သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး coordinate system ကို လျင်မြန်စွာ ဆွဲလိုက်ကာ အသံတိုးတိုးဖြင့် သတိပေးလိုက်သည်။

"အားလုံး ကိုင်ထားကြ!"


အားလုံးက သူဘာလုပ်မယ်ဆိုတာကို သဘောပေါက်ပြီး ကား၏လက်တန်းကို အမြန်ကိုင်ထားကြသည်——


နောက်အခိုက်အတန့်တွင် ကားတစ်ခုလုံး လေထဲသို့ ရုတ်တရက် ပျံတက်သွားသည်။


ကျန်းဖျင်စစ်မှ တွက်ချက်ထားသော parabolic လှုပ်ရှားမှု၏ လွှမ်းမိုးမှုအောက်တွင် ကားသည် အတောင်ပံများပါသကဲ့သို့ လေထဲကိုပျံတက်ပြီး 1 ကီလိုမီတာနီးပါး အကွာအဝေးကနေ တောင်ထိပ်ကို ပျံတက်ကာ လျင်မြန်စွာ လေထဲကနေ ပြုတ်ကျလာသည်။ 


မီတာ 500 မြင့်သော ပြတင်းပေါက်မှ ခယ်ရှောင်ပင်းလှမ်းကြည့်လိုက်သည်။ လေထီးခုန်ခြင်းထက် ပိုကြောက်စရာကောင်းသည့် အသားမုန့်ထဲသို့ ကျရောက်သွားမည်ဖြစ်သည်။ သူသည် စိတ်လှုပ်ရှားစွာ မျက်လုံးများကို မှိတ်လိုက်သည်။


ခဏအကြာတွင် ကားသည် မြေပြင်ပေါ်သို့ အခိုင်အမာ ဆင်းသက်လာသည်။


အဖွဲ့ဝင်များ : "…"


ဒါက ရိုလာကိုစတာစီးတာထက် ပိုစိတ်လှုပ်ရှားစရာကောင်းပါသည်။


ကျန်းဖျင်စစ်သည် မျဉ်းကွေးလှုပ်ရှားမှုကို အလွန်တိကျစွာ တွက်ချက်ခဲ့သည်။ parabola ၏ အမြင့်ဆုံးအမှတ်နှင့် ဥမင်လိုဏ်ခေါင်း၏ အရှည်ကို သိပြီးနောက် သူသည် ကားကို အမှန်တကယ် ထိန်းချုပ်ကာ တောင်တစ်ခုလုံးကို ဖြတ်ကျော်ပြီး တောင်၏တစ်ဖက်ခြမ်းတွင် အခိုင်အမာ ဆင်းသက်နိုင်ခဲ့သည်။


‘လေထဲခုန်တက်သွားတာ’လို့ တွေးလိုက်တော့ ကျန်းရှောင်နျန်က ထိတ်လန့်သွားပြီး ကျန်းဖျင်စစ်ကို ကြည့်လာသည်။

"စီနီယာအစ်ကိုက အရမ်းအစွမ်းထက်တာပဲ!"


လိုဏ်ခေါင်းတူးရန် မြေတူးစက်ကို သုံးသည်ထက် ပိုထူးခြားသည်မှာ ကျန်းဖျင်စစ်သည် parabola ဖြင့် တိုက်ရိုက် လေထဲကိုတည့်တည့်သွားကာ တောင်တစ်ခုလုံးကို ဖြတ်ကျော်သွားခြင်းဖြစ်သည်။


ဤသည်မှာ စာမေးပွဲအတွက် ထိပ်တန်းကျောင်းသား၏ နည်းလမ်းဖြစ်သည်။


ရွှီယိရှန်းသည် အနည်းငယ် အမြင့်ကြောက်ပြီး ဒရိုင်ဘာခုံတွင် ထိုင်နေတာဆိုတော့ ပြောစရာပင်မလိုတော့ပေ။ ကားအောက်ကိုဆင်းသွားချိန်တွင် သူ၏ခေါင်းသည် လေပေါ်ကနေပြုတ်ကျသည်ဟု ထင်ယောင်ထင်မှားဖြစ်ခဲ့ပြီး မူးဝေသွားသည်။


သူသည် နားထင်ကိုပွတ်သပ်ကာ လျင်မြန်စွာ အနေအထားပြုပြင်ပြီး ပြောလိုက်သည်။

"အရှေ့မှာ လေဆိပ်လမ်းမကြီးရှိတယ်… လမ်းရဲ့ နောက်ဆုံးအပိုင်းပဲ ကျန်တော့တယ်…"


ယွဲ့ရှင်းဝမ်က လေးလေးနက်နက် ကြည့်နေသည်။

"အားလုံး ထိုင်ခုံမှာထိုင်ပြီး အဆုံးမှတ်အထိ ပြေးဖို့ ပြင်ဆင်ထားကြ!"


#TK