Chapter 60
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 60 (မြို့ပြိုကျခြင်း ဇာတ်သိမ်း)


လေဆိပ်လမ်းမကြီး၏ စုစုပေါင်းအရှည်မှာ 15 ကီလိုမီတာဖြစ်သည်။ လမ်းက ရှင်းနေသ၍ ကားနဲ့ 10 မိနစ်အတွင်း ရောက်နိုင်သည်။ အချိန်ကိုအမိအရယူရန် ရွှီယိရှန်းသည် ကားကို ဘယ်ဘက်ဆုံးလမ်းကြားထဲသို့ မောင်းနှင်ခဲ့ပြီး အရှိန်ကို တစ်နာရီ ကီလိုမီတာ 100 နှုန်းဖြင့် တိုက်ရိုက်သွားခဲ့သည်။


သို့သော် ကားမောင်းထွက်ပြီး 1 မိနစ်မပြည့်မီတွင် ရှေ့လမ်းပေါ်ရှိ လမ်းတစ်လမ်းကို ဘုတ်ပြားဖြင့် ပိတ်ဆို့ထားကာ ‘လမ်းဖောက်လုပ်နေဆဲ’ဟူသော ဆိုင်းဘုတ်တစ်ခု ပေါ်လာသည်။ ဖြတ်သန်းသွားလာနိုင်သော အခြားလမ်းတစ်ခုမှာလည်း တွင်းပေါက်များနှင့် ပြည့်နေသည်။ ထိုကဲ့သို့ ကြမ်းတမ်းသော လမ်းပေါ်တွင် ကားသည် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်တန်းမှာ ထိုင်နေသည့် ကျောင်းသား တော်တော်များများက ဗိုက်ထဲမှာ အစာတွေ အန်ထွက်လုနီးပါး ဖြစ်ခဲ့သည်။ 


ချင်လု၏မျက်နှာက ဖြူဖျော့နေပြီး အော့အန်ချင်စိတ်ကို တွန်းလှန်ကာ ပါးစပ်ကို လက်ဖြင့် အုပ်ထားသည်။


အမြဲတမ်း တည်ငြိမ်နေသော ကျန်းဖျင်စစ်၏မျက်နှာက အနည်းငယ် ရုပ်ဆိုးနေသည်။


ရွှီယိရှန်းက ဘရိတ်ကိုနင်းလိုက်ပြီး လမ်းဘေးမှာ ရပ်ကာ ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။

"မကောင်းတော့ဘူး… လမ်းက လုံးဝကို မောင်းလို့မရလောက်အောင် ကြမ်းလွန်းတယ်… ဒီလမ်းက အပေါက်တွေနဲ့ ပြည့်နေတယ်!"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"လမ်းက လမ်းလျှောက်ရခက်တယ်… ဒီတော့ လေထဲက သွားရအောင်…"


လျှိုကျောက်ချင်းက ခေါင်းလှည့်ကာ သူ၏လေးနက်သောမျက်နှာကို ကြည့်လာသည်။ သူကမနေနိုင်ဘဲ ပြောလာ၏။

"မင်းက နောက်ထပ်ကားပျံနဲ့ သွားမှာတော့ မဟုတ်ဘူးမလား?"


ကျန်းဖျင်စစ်: "သေသေချာချာထိုင်ပြီး လက်တန်းတွေကို ကိုင်ထားကြ!"


အခုလေးတင် လေထဲက ‘ရိုလာကိုစတာ’ကားကို တွေးကြည့်လိုက်ရင်း လူတိုင်းသည် ကားထဲက လက်တန်းတွေကို ချက်ချင်းဆွဲကိုင်လိုက်ကြသည်။


ကျန်းဖျင်စစ်သည် coordinate system ကို ဆင့်ခေါ်ခဲ့ပြီး အချိန်ခဏတော့ ဆက်လက်အသုံးပြုနိုင်သည်။ သူက ကား၏အနေအထားကို လျင်မြန်စွာ တွက်ချင်ပြီး sine formula ကို ရေးခဲ့သည်။


Formula ကို ရေးသားပြီးနောက် လူ 7 ယောက်ဆံ့သော အများသုံးယာဉ်သည် ရုတ်တရက် ရပ်တန့်သွားပြီး မြေပြင်အထက် 3 မီတာအကွာ လေထုထဲတွင် တစ်စက္ကန့်မျှ ပျံဝဲသွားပြီးနောက် အလွန်လျင်မြန်သော အရှိန်ဖြင့် လှိုင်းလုံးများဖြင့် ရှေ့သို့ ပြေးသွားခဲ့သည်။


လှိုင်းလုံးများကဲ့သို့ မြင့်လိုက် နိမ့်လိုက် ရွေ့လျားမှုသည် လူတိုင်းကို ပင်လယ်ပြင်ပေါ်တွင် လှေစီးနေရကဲ့သို့ ခံစားရစေသည်။


ခန္ဓာကိုယ်သည် တစ်ခါတစ်ရံ ကောင်းကင်၌ မြင့်မားစွာ ပျံတက်ကာ တစ်ခါတစ်ရံ အောက်ဘက်သို့ လျင်မြန်စွာ ဆင်းသက်ပြီး လေထဲတွင် ကြီးမားသော sine မျဉ်းကွေးကို ထပ်ခါထပ်ခါ ဆွဲထားခဲ့သည်။ ကစားကွင်းရှိ စိတ်လှုပ်ရှားစရာ အရှိဆုံး ရိုလာကိုစတာသည် ကျန်းဖျင်စစ်၏ လက်တွေ့လူသား sine ရွှေ့လျားမှုနှင့် မယှဉ်နိုင်ပေ။ 


ချင်လုသည် မျက်လုံးများကို မှိတ်ထားလိုက်ပြီး ခယ်ရှောင်ပင်း၏မျက်နှာက ဖြူဖျော့လာကာ ကား၏လက်တန်းကို ဆုပ်ကိုင်ထားပြီး ရွှီယိရှန်းသည် သူ၏လက်များကို စတီယာရင်ဘီးမှ ခွာကာ ကျန်းဖျင်စစ်အား ထိန်းချုပ်စေရန် ကားကို လွှဲပြောင်းပေးလိုက်သည်။ ယွဲ့ရှင်းဝမ်သည် ခရီးသည်ထိုင်ခုံတွင် ထိုင်ကာ အရှေ့လမ်းကို စိုက်ကြည့်နေသည်။


ကံကောင်းထောက်မစွာ လေဆိပ်လမ်းမကြီးသည် မျဉ်းဖြောင့်ဖြစ်ပြီး ကျန်းဖျင်စစ်၏ sine ရွှေ့လျားမှုကို ဆက်လက်လုပ်ဆောင်နိုင်သည်။


လေဆိပ်လမ်းမကြီး၏ တစ်ဖက်တစ်ချက်စီတွင် အထပ်မြင့် အဆောက်အအုံများစွာရှိပြီး Hollywood Catastrophe blockbuster ဇာတ်ကားကဲ့သို့ အထပ်မြင့် အဆောက်အအုံများကြားတွင် သူတို့၏ကားက ပျံသန်းလျက် ရှိသည်။ ယွဲ့ရှင်းဝမ်သည် သူ့အနောက်ရှိ နှစ်ထပ်တိုက်အဆောက်အဦး ရုတ်တရက်ပြိုကျပြီး လမ်းမပေါ်တွင် လုံးလုံးလျားလျား နစ်မြှုပ်သွားကြောင်းကို နောက်ကြည့်မှန်ထဲမှ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤမြင်ကွင်းကြောင့် သူ့နှလုံးသည် လည်ချောင်းထဲရောက်လုနီးပါး ဖြစ်သွားစေသည်။


ရုတ်တရက် ရှေ့တွင် ဥမင်လိုဏ်ခေါင်းအပေါက်တစ်ခု ပေါ်လာပြီး ညာဘက်တွင် ‘အနောက်ဘက်တောင်ကုန်း ဥမင်လိုဏ်ခေါင်း၊ အရှည် မီတာ 2,000’ဟု အမှတ်အသားပြုထားသည်။


ယွဲ့ရှင်းဝမ်က အလျင်အမြန် သူ့အသံကိုမြင့်ကာ သတိပေးလိုက်သည်။

"ဥမင်လိုဏ်ခေါင်းကို သတိထား!"


ထိုအချိန်တွင် သူတို့၏ကားသည် လေထဲတွင် 3 မီတာခန့် ပျံသန်းနေပြီး အရှိန်မှာ အလွန်မြန်သည်။ ကားက တောင်ကို တိုက်ရိုက်ဝင်တော့မှာ မြင်လိုက်ရသဖြင့် ကားထဲက ကျောင်းသားတချို့တောင် ထအော်ကြသည်။


ကျန်းဖျင်စစ်သည် တည်ငြိမ်စွာ ကြည့်နေပြီး သူ၏ညာဘက်လက်ဖြင့် formula တစ်ကြောင်းကို အမြန်ရေးလိုက်သည်။ ကားသည် ဥမင်လိုဏ်ခေါင်းနဲ့ တိုက်ခါနီးတွင် ရုတ်တရက် ဆင်းသက်သွားကာ ဥမင်လိုဏ်ခေါင်းထိပ်ဖြင့် ပွတ်တိုက်သွားပြီး အတွင်းသို့ ဝင်သွားသည်——


မှောင်နေသောဥမင်လိုဏ်ခေါင်းတွင် အလင်းရောင်မရှိသဖြင့် ကျန်းဖျင်စစ်က ချက်ချင်း ပြောလာသည်။

"မီးတွေဖွင့်လိုက်…"


ရွှီယိရှန်းက high beam မီးများကို ဖွင့်လိုက်ပြီး ကျန်းဖျင်စစ်သည် ကားကို ဥမင်လိုဏ်ခေါင်းအတွင်း ရှေ့ဆက်သွားရန် ထိန်းချုပ်ရန်အတွက် formula များကို ဆက်လက်ရေးသားရန် မီးကိုအသုံးပြုခဲ့သည်။


အမှန်တော့ သင်္ချာဌာန၏ coordinate axis သည် အမြင်အာရုံနယ်ပယ်အတွင်းရှိ သတ်မှတ်ထားသော အရာဝတ္ထုများ၏ ရွေ့လျားမှုကိုသာ ထိန်းချုပ်နိုင်သည်။ ကျန်းဖျင်စစ်သည် တောင်တွေကိုကျော်ပြီး ဥမင်လိုဏ်ခေါင်းတွေကို ဖြတ်ကျော်ရန် ကားကိုထိန်းချုပ်နိုင်သည့် အကြောင်းရင်းက သူသွားနေသလို တွက်ချက်နေတာကြောင့် ဖြစ်သည်။


သူ ရှေ့ကို တိုးလာသည်နှင့်အမျှ သူ၏အမြင်အာရုံက ကျယ်ပြန့်လညသည်။ ကျန်းဖျင်စစ်သည် formula ပြန်လည်ပြင်ဆင်ပြီး အချက်အလက်ကို အချိန်မရွေး ချိန်ညှိနေပါသည်။ ရွေ့လျားနေစဉ် ရွေ့လျားမှုမျဉ်းကွေးကို နေရာချထားခြင်းနှင့် ချိန်ညှိခြင်းမှာ stationary coordinate များကို တိုက်ရိုက်ခြယ်လှယ်ခြင်းထက် များစွာခက်ခဲကြောင်း ယွဲ့ရှင်းဝမ်သိသည်—— သို့သော် သူသည် ကျန်းဖျင်စစ်၏စွမ်းရည်ကို ယုံကြည်၏။


ယွဲ့ရှင်းဝမ်: "ငါတို့ တိုက်ရိုက်ပျံသန်းလို့ရလား?"


ကျန်းဖျင်စစ်၏တည်ငြိမ်သောအသံက သူ့နောက်မှ ထွက်လာသည်။

"ဥမင်လိုဏ်ခေါင်းက မပြိုကျဘူးဆိုရင် ငါတို့ထွက်သွားနိုင်တယ်…"


သူပြောပြီးနောက် သူ့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ဥမင်လိုဏ်ခေါင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။


ကျန်းရှောင်နျန်က အံကြိတ်လိုက်၏။

"ဥမင်လိုဏ်ခေါင်းပြိုကျတဲ့အထိတော့ မဆိုးလောက်ဘူးမလား?!"


ဥမင်လိုဏ်ခေါင်းထိပ်မှ ရွှံ့တချို့ပြုတ်ကျလာပြီး ကားရှေ့မှန်ပေါ်သို့ ရွှံ့အမြောက်အမြား ကျဆင်းသွားကာ ယွဲ့ရှင်းဝမ်၏အမြင်အာရုံကို ပိတ်ဆို့သွားခဲ့သည်။ ဥမင်လိုဏ်ခေါင်း၏ တစ်ဖက်တစ်ချက်စီတွင် တပ်ဆင်ထားသော မီးတိုင်များလည်း ပြုတ်ကျလာပြီး နေရာတိုင်းမှာ မီးလုံးများ ပျက်စီးသွားခဲ့သည်။ 


ပတ်ဝန်းကျင်၏ တုန်ခါမှုက ပိုပြင်းထန်လာပြီး ဥမင်လိုဏ်ခေါင်းတွေ၏ တုန်ခါမှုက သူတို့၏နားထဲတွင် မြည်ဟည်းလာကာ သူတို့၏အမြင်အာရုံကိုတောင် ကမောက်ကမ ဖြစ်စေကုန်သည်။ အခြေအနေတွေက သိသာစွာ ဆိုးရွားနေသည်။


လမ်းအလယ်တွင် ဥမင်လိုဏ်ခေါင်းပြိုကျပါက လူများနှင့် ကားများသည် တစ်စစီဖြစ်ကာ ဤနေရာတွင် ချက်ချင်း မြေမြှုပ်ခံရလိမ့်မည်။


ယွဲ့ရှင်းဝမ်က အမြန်ပြောလိုက်သည်။

"ချင်လု၊ မင်းရဲ့ကျောက်ထုလွှာလှုပ်ရှားမှုကို ပြင်ဆင်တော့!"


ချင်လုက တုန်ယင်သောအသံဖြင့် ပြောသည်။

"ဥမင်လိုဏ်ခေါင်းက မီတာ 2,000 ရှည်ပြီး ငါ့ရဲ့ကျောက်ထုလွှာလှုပ်ရှားမှုက တစ်ကြိမ်ကို မီတာ 500 အထိပဲ ရွှေ့နိုင်တာ…"


ကျန်းဖျင်စစ်: "ငါတို့ အခုလေးတင် မီတာ 500 ရွှေ့သွားပြီးပြီ… သုံးကြိမ်ဆက်တိုက် ရွှေ့လိုက်ရင် ငါတို့ အပြင်ထွက်နိုင်တယ်… ဆင်းဖို့အသင့်ပြင်ထားကြ!"


သူ၏ formula တွက်ချက်မှုပြီးသွားတော့ ကားက မြေပြင်ပေါ်ကို ဘမ်းခနဲ ဆင်းသွားသည်။ ချင်လုက ချက်ချင်း ကမ္ဘာလုံးကိုထုတ်ကာ သူမ၏လက်ချောင်းတွေကို ကမ္ဘာလုံးပေါ် အမြန်ထိလိုက်သည်။

"နေရာပြောင်းစမ်း!"


ကားက သုံးကြိမ်ဆက်တိုက် တယ်လီပို့ပြီး အားလုံးက မှောင်မဲနေသည့် ဥမင်လိုဏ်ခေါင်းကနေ ထွက်သွားကြပြီး သူတို့ရှေ့မှာ အလင်းရောင်တစ်ခု ရှိနေသည်။


ရွှီယိရှန်းက စတီယာရင်ဘီးကို ကိုင်ကာ အရှိန်မြင့်ပြီး အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာခဲ့ပြန်သည်။


သူတို့နောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ လိုဏ်ခေါင်းတစ်ခုလုံး ပြိုကျသွားသည်။ လူတိုင်းက နောက်ပြန်လှည့်လိုက်တော့ ကောင်းကင်မှာ ဖုန်မှုန့်တွေဖြင့် ဥမင်လိုဏ်ခေါင်းက လုံးလုံးလျားလျား မြှုပ်သွားတာကို တွေ့လိုက်ရသည်။ ဥမင်လိုဏ်ခေါင်းပြိုကျတာကို မဆိုထားနှင့် တောင်တစ်ခုလုံး ပြိုကျသွားခဲ့သည်။ 


လူတိုင်းက အန္တရာယ်မရှိဘဲ ဥမင်လိုဏ်ခေါင်းမှ လွတ်မြောက်လာကြပြီး လူတိုင်း၏လက်ဖဝါးတွင် ချွေးများထွက်နေသည်။


ရွှီယိရှန်းက ကားကို တစ်ကီလိုမီတာမျှသာ ရှေ့သို့ မောင်းနှင်သွားရု လမ်းတွင် အပေါက်ကြီးများစွာ ရှိနေတာကို တွေ့လိုက်ရပြီး ဘီးများက ထိုသို့နက်သောချိုင့်ခွက်ထဲတွင် အလွယ်တကူ ကျွံကျပါက ရွှေ့လျားနိုင်မည်မဟုတ်တော့ပေ။ ရွှီယိရှန်းက စတီယာရင်ကို လမ်းဘေးဘက်သို့ ဆွဲလှည့်ပြီး ကားကိုရပ်လိုက်သည်။

"ဂျူနီယာညီလေးကျန်း၊ မင်း လေထဲကနေ ကားကို ထိန်းနိုင်သေးလား?"


ကျန်းဖျင်စစ်: "မရတော့ဘူး… coordinate system က စောင့်ဆိုင်းချိန် ရောက်သွားပြီ…"


ယွဲ့ရှင်းဝမ်က နောက်ပြန်လှည့်ကာ ခယ်ရှောင်ပင်းကို မေးလိုက်သည်။

"ရှောင်ခယ်၊ ရှောင်ထူးရဲ့လမ်းညွှန်ချက်ကနေ အဆုံးမှတ်ရောက်ဖို့ ဘယ်လောက်ဝေးသေးလည်း ကြည့်ကြည့်ပါလား?"


ခယ်ရှောင်ပင်းက အချက်အလက်ကို ချက်ချင်းတင်ပြခဲ့သည်။

"2 ကီလိုမီတာ(2000 မီတာ)…"


အံကြိတ်ရင်း ယွဲ့ရှင်းဝမ်ပြောလိုက်သည်။

"ကားပေါ်ကဆင်းပြီး အတူတူပြေးကြစို့!"


လမ်းက ဆိုးဆိုးရွားရွား အက်ကွဲနေပြီး ကားကို ချန်ထားကာ သူတို့တွေ လမ်းလျှောက်ခဲ့ရသည်။ ကံကောင်းထောက်မစွာ လူတိုင်း၏ခန္ဓာကိုယ်ကြံ့ခိုင်အားက လမ်းတစ်လျှောက်လုံး ပြန်လည်ကောင်းမွန်လာခဲ့ပြီး 2 ကီလိုမီတာကို ခြေလျင်ပြေးရန်မှာလည်း မခက်ခဲလှပေ။


ယွဲ့ရှင်းဝမ်၏ ဦးဆောင်မှုအောက်တွင် အားလုံးက ကားပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက်က ပြေးဆင်းကြသည်။


ယွဲ့ရှင်းဝမ်က ကျယ်လောင်စွာ သတိပေးခဲ့သည်။

"မင်းတို့ရဲ့ ခြေလှမ်းတွေကို အာရုံစိုက်ပြီး လေထဲကိုမနင်းမိအောင် သတိထားကြ… လမ်းကြောင်းထောက်လှမ်းဖို့ စီနီယာအစ်ကိုရွှီကို ဒုက္ခပေးရဦးမယ်…"


လူသွားလမ်းများတွင် အက်ကွဲကြောင်းတွေ များပြားနေပြီး အမြင်အာရုံသက်ရောက်မှုမှာ အံ့သြဖွယ်ကောင်းသည်။ လူသွားလမ်းသည် အချိန်မရွေး အက်ကွဲသွားပြီး သူတို့ကို မျိုချလိမ့်မည်ဟူသော ထင်ယောင်ထင်မှားတစ်ခု ရှိနေပါသည်။ လူတိုင်းက လမ်းပေါ်တွင် ကြောက်လန့်တကြား ပြေးလာကြရင်း ဘယ်ညာရှိ အဆောက်အဦးများကလည်း တစ်လုံးပြီးတစ်လုံးပြိုကျပြီး သူတို့ကို အားပေးနေပုံရကာ သူတို့နောက်တွင် အဆောက်အဦးများ၏ ကျယ်လောင်သော ဆူညံသံများဖြင့် အဆက်မပြတ် ပြိုကျနေကာ သူတို့အား စိတ်ပိုင်းဆိုင်ရာ ဖိအားများစွာ ဖြစ်စေသည်။


လူတို့သည် သေရေးရှင်းရေး၏ အရေးကြီးသော အခိုက်အတန့်ကို ရင်ဆိုင်ရသောအခါ သူတို့သည် ခန္ဓာကိုယ်၏ စွမ်းရည်ကို လှုံ့ဆော်ပေးလိမ့်မည်။


ယခုအချိန်တွင် အဖွဲ့တစ်ခုလုံး၌ အရှိန်အဟုန်မြင့်တာ မရှိပေမယ့်လည်း လူတိုင်းက အမြန်ဆုံးအမြန်နှုန်းဖြင့် ပြေးနေကြသည်။ ပြေးနေရင်း လျှိုကျောက်ချင်းက ပြောလာသည်။

"ငါသာ ကျောင်းမှာ ဒီလိုမျိုး ပြေးခဲ့ရင် အပြေးပြိုင်ပွဲနဲ့ တာဝေးအပြေးပြိုင်ပွဲတွေမှာ မိနစ်ပိုင်းအတွင်း ချန်ပီယံဖြစ်သွားလိမ့်မယ်…"


လျှိုကျောက်ချင်း၏ ခန္ဓာကိုယ်ကြံ့ခိုင်အားက တကယ်ကို ကောင်းမွန်ပါသည်။ သူ၏ခွဲစိတ်ဆရာဝန်တစ်ဉီးဖြစ်ပြီး သူ၏ခန္ဓာကိုယ်ကြံ့ခိုင်အား မကောင်းပါက ခွဲစိတ်စားပွဲပေါ်တွင် ရပ်နေနိုင်မည်မဟုတ်ပေ။ ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့ဩ် မကြာခဏ အတူတူ အပြေးလေ့ကျင့်ကြတာကြောင့် လျှိုကျောက်ချင်း၏ အရှိန်ကို အမီလိုက်နိုင်သည်။


ရွှီယိရှန်းက အရှေ့တွင်ရှိပြီး သူသည် ‘mitosis’စွမ်းရည်ကို တိုက်ရိုက်အသက်သွင်းကာ ခြေလျင်ပြေခြင်းက သူ့အတွက် အလွယ်ကူဆုံးဖြသ်သည်။ အခြားသူများမှာ ခြေနှစ်ချောင်းသာရှိပြီး ရွှီယိရှန်းက အချိန်မရွေး လူငါးယောက်နှင့် ခြေဆယ်ချောင်း ဖြစ်သွားနိုင်သည်။ သူက အရှေ့ရှိလမ်းကို စူးစမ်းနေပြီး လမ်းကပျော့ပြီး ပြိုကျတော့မယ်ဆိုရင် အပေါက်ထဲမကျသွားအောင် သူ၏ကိုယ်ပွားခန္ဓာကိုယ်နဲ့ အနေအထားတွေကို အချိန်မရွေး ပြောင်းနိုင်သည်။


လျှိုကျောက်ချင်း၊ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ရွှီယိရှန်း၏နောက်ကနေ အနီးကပ်လိုက်ကြသည်။


ခယ်ရှောင်ပင်း၊ ချင်လုနှင့် ကျန်းရှောင်နျန်တို့က အားကစားမကြိုက်သည့် ကျောင်းသားများ ဖြစ်ကြတာကြောင့် အဖွဲ့နောက်၌ရှိနေသည်။


အဖွဲ့တစ်ခုလုံးကို အပိုင်းသုံးပိုင်းခွဲပြီး နောက်ဆုံး 2 ကီလိုမီတာကို ပြေးနေကြကာ သူတို့အံကြိတ်ထားသ၍ ဒီစာမေးပွဲကို အောင်နိုင်မှာဖြစ်သည်။ အပြင်မှာ စောင့်နေသည့် ကျိုဖုန်းနှင့် လင်းမန့်လော်တို့အကြောင်း တွေးမိတာကြောင့် လူတိုင်းက သတိမလွတ်ရဲပေ။


ရွှီယိရှန်း၏ ကိုယ်ပွားထောက်လှမ်းမှုအောက်တွင် လမ်းများက အကောင်းပကတိ ဖြစ်ပုံပေါက်သော်လည်း အမှန်တကယ် ပြိုကျနိုင်သည့် အန္တရာယ်ရှိသော လမ်းများစွာကို ဖယ်ထုတ်ထားသည်။ ချိုင့်ခွက်များပြည့်နေသည့်လမ်းမှာ 10 မိနစ်ကျော်လောက် ပြေးလာရင်း သူတို့တွေ မောပန်းနွမ်းနယ်ပြီး အသက်ရှူမဝဖြစ်ခဲ့ရသည်။


သူတို့ခြေထောက်အောက်ရှိ လမ်းပေါ်တွင် အပေါက်ကြီးများနှင့် အက်ကွဲကြောင်းများဖြင့် ပြည့်နေ‌ပြီး ပြေးနေရင်း နှလုံးရောဂါဖောက်သွားနိုင်သည်။


2 ကီလိုမီတာအကွာအဝေးကို ပြေးပြီးနောက် ယွဲ့ရှင်းဝမ်သည် အဝေးကနေ အဆောက်အဦးတစ်ခုကို မြင်လိုက်ရပြီး ၎င်းက လေဆိပ်ဖြစ်နိုင်လေသည်။


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဒါက အနောက်ဘက်လေဆိပ်ပဲ!"


ယွဲ့ရှင်းဝမ်: "သွားကြရအောင်… အရှေ့က အဆုံးမှတ်ပဲ…" လက်မလျှော့နဲ့…"


အားလုံးက တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အံကြိတ်ကာ နောက်ဆုံးပန်းတိုင်ကို ဆက်ပြေးကြသည်။


သို့သော် သူတို့သည် လေဆိပ်အဆောက်အဦးဆီသို့သာ ပြေးခဲ့ကြပြီး မဝင်မီတွင် သုံးထပ်တိုက် လေဆိပ်အဆောက်အဦးက သူတို့ရှေ့တွင် တိုက်ရိုက်ပြိုကျခဲ့သည်။ တတိယထပ်ရှိ ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြတင်းပေါက်များသည် ရုတ်တရက် ပေါက်ကွဲသံနှင့်အတူ ကွဲကြေသွားကာ မှန်များသည် နှင်းမုန်တိုင်းကဲ့သို့ ပြိုကျလာသည်။


ယွဲ့ရှင်းဝမ်က အော်လိုက်သည်။

"သတိထား!"


ချင်လုသည် အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး မှန်များကြောင့် ထိခိုက်ခြင်းကို ရှောင်ရှားရန် 10 မီတာကျော်အကွာသို့ လူတိုင်းကို တယ်လီပို့ခဲ့သည်။ သို့သာ် ကွဲနေသော မှန်ကွဲအရေအတွက်က များလွန်း၍ နေရာအနှံ့ ပြန့်ကျဲသွားပြီး လေထဲရှိ မှန်ကွဲတွေကြောင့် လူတိုင်းက ထိခိုက်ဒဏ်ရာရခြင်းမှ ရှောင်ရှားရန် ခက်ခဲလှသည်။ 


အရှေ့ကပြေးနေသော ယွဲ့ရှင်းဝမ်က အပြင်းထန်ဆုံး ဒဏ်ရာရခဲ့ပြီး သူ့လက်မောင်းမှ သွေးများထွက်နေသည်။ သူ့လက်မောင်းမှ သွေးတွေထွက်နေတာကိုကြည့်ရင်း ကျန်းဖျင်စစ်၏မျက်နှာက အလွန်ပြောင်းလဲသွားကာ မှန်ကွဲစကြောင့် သူ၏နဖူးက ဒဏ်ရာရပြီး သွေးထွက်နေတာကိုတောင် ဂရုစိုက်ရန် အချိန်မရှိပေ။


လျှိုကျောက်ချင်းက စာကြည့်တိုက်ကို ဆဲလိုက်ပြီး လူတိုင်းအတွက် ပတ်တီးကို အမြန်ဆွဲထုတ်ကာ ပြောလိုက်သည်။

"သွေးတိတ်အောင် အရင်လုပ်လိုက်! မင်းတို့လက်မောင်းထဲက မှန်ကွဲစအကြွင်းအကျန်တွေကို စာမေးပွဲပြီးတဲ့အခါ ငါထုတ်ပေးမယ်!"


အချိန်က အကန့်အသတ်ရှိပြီး ‌ဒဏ်ရာကို နေရာမှာတင် ကုသ၍မရပေ။


လူ 7 ယောက်စလုံးက မှန်ကွဲ‌စကြောင့် အနည်းငယ် သို့မဟုတ် ပြင်းထန်စွာ အရှခံရပြီး လူတိုင်းသည် လျှိုကျောက်ချင်းဆီမှ ပတ်တီးစကို ယူကာ ဒဏ်ရာများကို ပတ်ထားကြသည်။ 


ကျန်းဖျင်စစ်၏ စိတ်ပူနေသောအကြည့်ကို မြင်လိုက်တာကြောင့် ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ရပါတယ်… ဒါက အရေပြားဒဏ်ရာရုံလေးပါ… လေဆိပ်ကို အရင်သွားရအောင်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်ပြီး ယွဲ့ရှင်းဝမ်၏လက်ကောက်ဝတ်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။


အဆောက်အဦးပြိုကျတာကြောင့် လေဆိပ်ထဲကို တိုက်ရိုက်သွား၍မရတော့ပေ။ ချင်လု၏ နောက်ဆုံးအကြိမ် ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ကို အသက်သွင်းပြီး အဖွဲ့လိုက် အထဲကို ပို့လိုက်သည်။


လေယာဉ်ရပ်နားကွင်းလည်း အက်ကွဲနေသည်။ ယွဲ့ရှင်းဝမ်က လျင်မြန်စွာ လှည့်ပတ်ကြည့်ပြီးနောက် လေယာဉ်ရပ်နားကွင်းအလယ်တွင် အမှန်တကယ်ပင် ဝေဟင်၌ ဆိုင်းငံ့ထားသော ရဟတ်ယာဉ်တစ်စင်းရှိနေတာကို တွေ့လိုက်ရသာည်။


ပန်ကာများ၏ ဆူညံသောအသံက သူတို့ကို သတိပေးနေပုံရသည်: "ဒါက အဆုံးသတ်ပဲ"


လူတိုင်းက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဆဲချင်လာသည်။


လျှိုကျောက်ချင်းက ချက်ချင်း ဆဲလိုက်သည်။

"Fuck! အဆုံးမှတ်က ဒီ‌ရဟတ်ယာဉ်ဆိုတော့ ငါတို့ အဲဒီကို ဘယ်တက်ကြမှာလဲ?!"


စာမေးပွဲလိုအပ်ချက်မှာ ပြိုကျလုနီးပါးမြို့မှ လွတ်မြောက်ရန်ဖြစ်သည်။ ဘယ်လိုလွတ်မြောက်နိုင်မည်နည်း။


လွတ်မြောက်ဖို့အတွက် လေလမ်းကြောင်းကို လူတိုင်းက တွေးရတာ လွယ်ကူသော်လည်း ယွဲ့ရှင်းဝမ်သည် လေဆိပ်သို့ ရောက်သ၍ သူတို့ကို ခေါ်ဆောင်သွားမည့် လေယာဉ်ရှိမည်ဟု တွေးထင်ခဲ့သည်။ မထင်မှတ်ပဲ ရဟတ်ယာဉ်က ရှိနေပေမယ့် ကောင်းကင်မှာ ပျံနေသည်။


ကျန်းဖျင်စစ်၏ coordinate system က စောင့်ဆိုင်ချိန်ရောက်နေတာကြောင့် ယွဲ့ရှင်းဝမ်က လူတိုင်းကို တစ်ချက်ကြည့်လိုက်သည်။

"မင်းတို့မှာ ကောင်းကင်ကိုတက်ဖို့ စွမ်းရည်ရှိသေးလား? မရှိရင်တော့ ‌အပေါ်တက်ဖို့ လှေကားရှာရအောင်!"


ကျန်းရှောင်နျန်က ရုတ်တရက် ပြောလာသည်။

"ကျွန်တော့်မှာ နည်းလမ်းရှိတယ်…"


သူက ညာဘက်လက်ကိုဆန့်လိုက်ပြီး ကြီးမားသော မြေတူးစက်က သူ့ဘေးတွင်ပေါ်လာကာ နှစ်ကြိမ်မျှအသံမြည်ကာ မြေထိုးစက်အဖြစ်သို့ ပြောင်းလဲသွားသည်။


မြေထိုးစက်က ဘာလုပ်နိုင်သလဲဟု လူတိုင်း သိချင်နေချိန်တွင် အသံမြည်ကာ ၎င်းက… ကရိန်းအဖြစ်သို့ ပြောင်းလဲသွားသည်။


ကျန်းရှောင်နျန်: "ကရိန်းနဲ့ လူတိုင်းကို အပေါ်ပို့လို့တယ်…"


လူတိုင်း: "..."


မင်းရဲ့ဗိသုကာဌာနက Transformer ဘယ်နှစ်မျိုးတောင် ပြောင်းလဲနိုင်တာလဲ?


ကျန်းရှောင်နျန်က လူတိုင်း၏ သံသယတွေကိုမြင်ပြီး လေးနက်စွာ ပြောခဲ့သည်။

"ကျွန်တော့်ရဲ့စက်ပစ္စည်းစွမ်းရည်က အဆင့် 3 အထိ အဆင့်မြင့်ထားတာကြောင့် မြေတူးစက်၊ မြေထိုးစက်၊ ကရိန်း၊ သုံးမျိုးအထိ ပြောင်းလဲနိုင်တယ်… နောက်ထပ်အဆင့်မြင့်မယ်ဆိုရင် လမ်းကြိတ်စက်နဲ့ ကွန်ကရစ်ဖျော်စက်လိုမျိုး ဆောက်‌လုပ်ရေးစက်ပစ္စည်းတွေ ရှိလာနိုင်တယ်…"


ယွဲ့ရှင်းဝမ်က လက်မထောင်ပြသည်။

"အရမ်းမိုက်တယ်! သွားရအောင်… ကရိန်းပေါ် အမြန်တက်ကြ!"


ဤကရိန်းသည် လေးလံသောအရာများစွာကို သယ်ဆောင်ရန် လုံလောက်ပြီး သူတို့လို သေးငယ်သော လူသား 7‌ ယောက်ကို သယ်ဆောင်ရန် အလွန်လွယ်ကူသည်။


လူ 7 ယောက်က ကရိန်းပေါ်သို့ စုပေါင်းတက်ခဲ့ကြသည်။ ကျန်းရှောင်နျန်၏ ထိန်းချုပ်မှုအောက်တွင် ကရိန်းသည် ချက်ချင်းစတင်ခဲ့ပြီး ကရိန်းက လေထဲသို့ လျင်မြန်စွာ တက်လာခဲ့သည်။ လူတိုင်း ကရိန်း၏အကာအရံကို ဆုပ်ကိုင်ထားပြီး အမြင့်ကြောက်သော ကျောင်းသားများက မျက်လုံးတွေကို အမြန်မှိတ်ထားကြသည်။


ကရိန်းက သူတို့ကို မတင်ပေးပြီး ရဟတ်ယာဉ်တံခါးဆီသို့ ပို့လိုက်သည်။


ကျန်းရှောင်နျန်က တံခါးလက်ရန်းကို ဖွင့်လိုက်ပြီး ယွဲ့ရှင်းဝမ်က ဦးဆောင်ကာ လူ 7 ယောက်က ရဟတ်ယာဉ်ပေါ်ကို အလှည့်ကျ တက်သွားခဲ့သည်။


သူတို့နားထဲတွင် ရင်းနှီးသော စက်ရုပ်အသံက ထွက်ပေါ်လာသည်။

"‘မြို့ပြိုကျခြင်း’သင်တန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့တဲ့အတွက် C-183 သုတေသနအဖွဲ့ကို ဂုဏ်ပြုပါတယ်…"


အားလုံးက တစ်ယောက်ကိုတစ်ယောက်ကို ကြည့်လိုက်ကြပြီး ရှုပ်ပွနေသောဆံပင်တွေ၊ ဖုံးအုပ်ထားသော ဖုန်မှုန့်တွေဖြင့် မှန်ကွဲစများကြောင့် သွေးများလည်း ရှိနေပြီး သူတို့၏အပေါင်းအပါများကို ကြည့်ကာ ‌သူတို့ခြေထောက်အောက်ရှိ လုံးလုံးပြိုကျနေသော မြို့ကို ကြည့်ရင်း ခံစားချက်များက အလွန်ပင် ရှုပ်ထွေးနေသည်။ 


လျှိုကျောက်ချင်းက အရွှန်းဖောက်သည်။

"ဒီတစ်ခေါက် ငါတို့ရဲ့ အတွေ့အကြုံ‌ကတော့ အရမ်းများသွားပြီ… မြို့ဖြတ်တယ်၊ ကားပျံစီးတယ်၊ နောက်ဆုံး ရဟတ်ယာဉ်စီးတယ်… Hollywood blockbuster လက်တွေ့ဘဝလို ခံစားရတယ်…"


ရွှီယိရှန်းကလည်း အပြုံးဖြင့် ပြောသည်။

"မြေထိုးစက်နဲ့ပြေးတာ၊ ကရိန်းနဲ့ ရဟတ်ယာဉ်ပေါ်တက်တာ၊ လေထဲကနေ တောင်တွေပေါ်ပျံပြီး ဥမင်လိုဏ်ခေါင်းတွေကိုဖြတ်တာ၊ ဒါတွေက ရုပ်ရှင်ရိုက်ရတာထက်တောင် ပိုစိတ်လှုပ်ရှားစရာကောင်းတယ်…"


ယွဲ့ရှင်းဝမ်က သက်ပြင်းချရင်း သူ၏အမြဲတမ်း လေးနက်သောမျက်နှာထက်တွင် အပြုံးပေါ်လာသည်။

"ကံကောင်း‌စွာ ငါတို့ စာမေးပွဲကို ချောချောမွေ့မွေ့ အောင်မြင်သွားပြီး နောက်ဆုံးတော့ စီနီယာအစ်ကိုကျိုနဲ့ စီနီယာအစ်မလင်းတို့ကို ကျေနပ်စရာကောင်းတဲ့ ရှင်းပြချက်တစ်ခုပေးနိုင်ပြီ!"


#TK