Chapter 61
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 61 (နည်းဗျူဟာ)


"လေယာဉ်ဆင်းခါနီးမှာ ထိုင်ခုံခါးပတ်ကို ပတ်ထားပေးကြပါ…" နားထဲတွင် သတိပေးချက်တစ်ခု ထွက်ပေါ်လာပြီး လူတိုင်းက ထိုင်ရန်နေရာကို အမြန်ရှာလိုက်သည်။ ရဟတ်ယာဉ်၏ ဝင်ပေါက်က အလိုအလျောက် ပိတ်သွားကာ ပန်ကာက အရှိန်ပြင်းပြင်းဖြင့် လှည့်ရင်း ရဟတ်ယာဉ်က လေထဲတွင် ဖြည်းညှင်းစွာ တက်လာခဲ့သည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။

"ဒဏ်ရာက နာသေးလား?"


အခုလေးတင် တတိယထပ်၏ ကြမ်းပြင်မှ မျက်နှာကျက်ရှိ ပြတင်းပေါက် မှန်များက ချက်ချင်း ပြိုကျလာပြီး ချွန်ထက်သော မှန်တွေအများအပြားက အရေးပြားထဲကို ထိုးဖောက်ဝင်ရောက်လာတာကြောင့် ထုတ်ယူရန် အချိန်မရှိပေ။ အထူးသဖြင့် ထိုအချိန်တွင် အရှေ့၌ရပ်နေသော ယွဲ့ရှင်းဝမ်သည် သူ့လက်မောင်းတစ်ခုလုံး သွေးထွက်နေပြီး ဒဏ်ရာက မည်မျှပြင်းထန်သည်ကို သူမသိပေ။


ယွဲ့ရှင်းဝမ်က ပန်းတိုင်သို့ ပြေးချင်ရုံသာ စိတ်ရှိနေသည်။ သူ့စိတ်တွေ တင်းမာနေပြီး သူ့ခန္ဓာကိုယ်မှ နာကျင်မှုကို သူလျစ်လျူရှုထားသည်။ ယခုအခါ သူသည် ရဟတ်ယာဉ်ပေါ်တွင် လုံခြုံစွာထိုင်နေပြီး စာမေးပွဲကို အောင်မြင်သွားကြောင်း သတိပေးချက်ကြောင့် စိတ်သက်သာရာရသွားကာ လက်မောင်းရှိဒဏ်ရာက ပြင်းထန်စွာ နာကျင်လာကြောင်း ရှင်းလင်းပြတ်သားလာသည်။


ပြင်းထန်သော ဝေဒနာသည် ရေစီးကြောင်းကဲ့သို့ သူ့စိတ်ထဲကို စီးဆင်းသွားသည်။ ယွဲ့ရှင်းဝမ်သည် နာကျင်မှုကို ရှူရှိုက်ရင်း နှုတ်ခမ်းများ အနည်းငယ်ဖြူဖျော့နေသော်လည်း ပါးစပ်ကိုဖွင့်လိုက်သောအခါ တည်ငြိမ်ဟန်ဆောင်နေသည်။

"ကံကောင်းစွာ ဒီဒဏ်ရာသေးသေးလေးက ဘာမှမဖြစ်ပါဘူး…"


ကျန်းဖျင်စစ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ချောင်းသွယ်သွယ်လေးတွေက လက်မောင်းတွင်ပတ်ထားသော ပတ်တီးကို အမြန်ဖယ်ရှားလိုက်သည်။


အသွေးအသားထဲတွင် မရေမတွက်နိုင်သော မှန်ကွဲစများ စိုက်ဝင်နေတာကို သူမြင်လိုက်ရပြီး သူလက်မောင်းတစ်ပြင်လုံးမှာ မှန်ကွဲစများဖြင့် ဖုံးအုပ်ထားသည်။


ကျန်းဖျင်စစ်၏မျက်နှာမှာ အလွန်ဖြူဖျော့သွားပြီး သူ၏ညာလက်သီးကို တင်းတင်းဆုပ်ကာ နာကျင်မှုကို ထိန်းထားရန် သူ့ကိုယ်သူ တွန်းလှန်ရင်း ပြောလိုက်သည်။

"မင်းဒီလောက် အခြေအနေဆိုးနေတာကို ဘာမှမဖြစ်ပါဘူးလို့ ပြောနေသေးတာလား?"


ယွဲ့ရှင်းဝမ်သည် သူ ဒီလောက်ပြင်းထန်သည့်ပုံစံကို မြင်ရခဲတာကြောင့် အသံတိုးတိုးဖြင့် ရှင်းပြသည်။

"ငါ အခုလေးတင် ဂရုမစိုက်မိလို့ပါ…"


ကျန်းဖျင်စစ်က အရှေ့ဘက်ကို ကြည့်လိုက်သည်။

"စီနီယာအစ်ကိုလျှို၊ ရှင်းဝမ်ရဲ့ဒဏ်ရာကို ကြည့်ပေးပါဦး…"


လျှိုကျောက်ချင်းက အမြန်ထပြီး ယွဲ့ရှင်းဝမ်တစ်ဖက်ခြမ်းရှိ လွတ်နေသော ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ သူက ယွဲ့ရှင်းဝမ်၏လက်မောင်းကို တစ်ချက်ကြည့်လိုက်ပြီး မတတ်နိုင်ဘဲ ပြောလာသည်။

"ရှင်းဝမ်၊ မင်းရဲ့ဒဏ်ရာက အရမ်းပြင်းထန်နေတယ်… ဒီမှန်ကွဲစတွေကို တတ်နိုင်သမျှ အမြန်ဆုံးဖယ်ထုတ်ရမယ်…"


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်၏လက်မောင်းကို ညင်သာစွာ မြှောက်လိုက်ပြီး နူးညံ့စွာပြောလိုက်သည်။

"နည်းနည်းတော့နာလိမ့်မယ်… မလှုပ်နဲ့၊ သည်းခံထား…"


ယွဲ့ရှင်းဝမ်သည် ခေါင်းငြိမ့်ပြီး မလှုပ်ရဲဘဲ ငြိမ်ငြိမ်လေးရှိနေသည်။


လျှိုကျောက်ချင်းက သူ့လက်မောင်းပေါ်ရှိ မှန်ကွဲများကို အမြန်ရွေးထုတ်နိုင်ရန် ခွဲစိတ်ဓားကို ထုတ်လိုက်သည်။ မှန်ကွဲစများကို ထုတ်လိုက်သည်နှင့် လက်မောင်းကနေ သွေးများထွက်လာပြီး အဖွဲ့ဝင်များကို ထိတ်လန့်သွားစေသည်။


ရွှီယိရှန်းက စိုးရိမ်တကြီးမေးသည်။

"ရှင်းဝမ်က တကယ်အဆင်ပြေရဲ့လား? အရမ်းပြင်းထန်မယ့်ပုံပဲ…"


ကျန်းရှောင်နျန်လည်း ပြောသည်။

"လက်မောင်းက သွေးတွေထွက်နေတယ်…"


လျှိုကျောက်ချင်းက ကျွမ်းကျင်စွာ ဆုံးဖြတ်ချက်ချခဲ့သည်။

"အဆင်ပြေပါတယ်… မှန်ကွဲစတွေက အရေးပြားအပေါ်မှာပဲ ရှိနေပြီး မှန်ကွဲစကိုထုတ်ပြီး သွေးတိတ်အောင် ပတ်တီးနဲ့စည်းလိုက်ရုံပါပဲ…"


ယွဲ့ရှင်းဝမ်သည် မှန်ကွဲကိုထုတ်ယူနေစဉ်အတွင်း ငြိမ်သက်နေသော်လည်း တချို့သော်မှန်ကွဲစများက နက်ရှိုင်းစွာ ထိုးဖောက်သွားကာ အရေပြားထဲမှ ထုတ်ယူရန် ခွဲစိတ်ဓားကို အသုံးပြုခဲ့ရသည်။ လျှိုကျောက်ချင်းသည် ခွဲစိတ်မှုကို လေ့လာထားတာကြောင့် ဤဒဏ်ရာမျိုးကို ကျွမ်းကျင်လျင်မြန်စွာ ကိုင်တွယ်ခဲ့သည်။ ယွဲ့ရှင်းဝမ်သည် အံကြိတ်ပြီး နှုတ်ဆိတ်နေ၏။


သို့သော်လည်း ကျန်းဖျင်စစ်၏နှလုံးသားကို လက်တစ်စုံက တင်းကျပ်စွာ ဆုပ်ကိုင်ထားသလို ခံစားရသည်။ ရှင်းဝမ်၏လက်မောင်းမှ ထွက်လာသော မှန်ကွဲအပိုင်းအစများကို ကြည့်ရင်း လက်တစ်ဖက်လုံးမှာ သွေးများရွှဲနေပြီး သူ၏အနူးညံ့ဆုံးနှလုံးသားအောက်ခြေကို တိုက်ရိုက်ထိုးဖောက်သွားသလို ခံစားရသည်။


အချိန်အနည်းငယ်ကြာပြီးနောက် လျှိုကျောက်ချင်းသည် မှန်ကွဲစအားလုံးကို ထုတ်ယူလိုက်ပြီး ယွဲ့ရှင်းဝမ်၏လက်မောင်းကို ပတ်တီးဖြင့် ထပ်မံရစ်ပတ်လိုက်သည်။


ကျန်းဖျင်စစ်၏မျက်နှာက ရုပ်ဆိုးနေပြီး ယွဲ့ရှင်းဝမ်၏လက်မောင်းကို သူ့ခြေထောက်ပေါ် ဂရုတစိုက် တင်ပေးလိုက်သည်။

"နာသေးလား?"


ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။

"ပိုကောင်းသွားပါပြီ…"


ဆေးပတ်တီး၏ လုပ်ဆောင်ချက်အောက်တွင် လက်မောင်းရှိနာကျင်မှုက တဖြည်းဖြည်းပျောက်ကွယ်သွားပြီး အရေးပြားက ပြန်လည်ကောင်းမွန်လာသည်။ ထိုမှသာ ယွဲ့ရှင်းဝမ်၏မျက်နှာက ကောင်းမွန်လာခဲ့သည်။ သူက ကျန်းဖျင်စစ်ကိုကြည့်ပြီး စိုးရိမ်တကြီးဖြင့် ပြောသည်။

"ဒါနဲ့ မင်းရော အဆင်ပြေရဲ့လား? မင်းရဲ့မျက်နှာက ခုနက သွေးထွက်နေတာ ငါမြင်လိုက်တယ်…"


ကျန်းဖျင်စစ်၏အသံက တိုးလျနေသည်။

"အဆင်ပြေပါတယ်… မှန်စခြစ်မိရုံလေးပါ၊ သွေးထွက်တာ ရပ်သွားပြီ…"


ယွဲ့ရှင်းဝမ်က မသေချာတာကြောင့် သူကိုယ်တိုင်ကြည့်ရန် ပတ်တီးကိုဖယ်လိုက်သည်—— ကျန်းဖျင်စစ်၏မျက်နှာက အမှန်တကယ်ပင် ခြစ်မိရုံသာရှိနေပြီး မှန်ကွဲစက အရေပြားထဲတွင် စိုက်နေတာမျိုးမရှိဘဲ ပတ်တီးကို အသုံးပြုပြီးနောက် အရေပြားက အနာကျက်သွားပြီး သွေးထွက်ခြင်းလည်း မရှိတော့သလို အမာရွတ်တောင်မကျန်တော့ပေ။


ယွဲ့ရှင်းဝမ်က သက်ပြင်းချကာ ပြောသည်။

"စာကြည့်တိုက်ကို ပြန်ရောက်ရင် ငါတို့ခန္ဓာကိုယ်က ပြန်ကောင်းလာလိမ့်မယ်… စိတ်မပူပါနဲ့… ဒီမှာ စီနီယာအစ်ကိုလျှိုရှိနေသ၍ အားလုံးရဲ့ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်ထားဘူးဆိုရင် ပြင်ပဒဏ်ရာတွေက ပျောက်ကင်းနိုင်ပါတယ်…"


ဒီစကားကိုကြားတော့ လူတိုင်းက တကယ်စိတ်သက်သာရာရသွားသည်။


လျှိုကျောက်ချင်းက ပတ်ဝန်းကျင်ကို ကြည့်ကာ သံသယဖြင့်မေးသည်။

"စာမေးပွဲပြီးပြီးကို ဘာလို့ ငါတို့ကို ပြန်ခွင့်မပြုသေးတာလဲ?"


ရွှီယိရှန်းက သူ၏နဖူးရှေ့ရှိ ဆံပင်ကောက်ကောက်များကို ပွတ်သပ်ရင်း ပြတင်းပေါက်မှ ငုံ့ကြည့်ကာ ပြောသည်။

"စာရွက်တွေကို ပေးရမယ့်အချိန်မဟုတ်သေးဘူးမလား? 1 နာရီအတွင်း မြို့ထဲကနေ လွတ်မြောက်ရမယ်လို့ ပြောထားပေမယ့် ငါတို့က 1 နာရီတောင် မကြာပါဘူး… ဒီတော့ ရဟတ်ယာဉ်က ငါတို့ကို ပြီးပြည့်စုံအောင် ဆောင်ရွက်ဖို့ မြို့ပြင်ခေါ်သွားပေးမယ်ထင်တယ်…"


ခယ်ရှောင်ပင်း: "ရှောင်ထူက အချိန်ကို ရေတွက်ထားတယ်… ရှင်းဟွာလမ်းဆုံကနေ လေဆိပ်အထိ ရောက်ဖို့ 28 မိနစ်လောက်ကြာတယ်…"


ကီလိုမီတာ 60 ရှည်လျားသောလမ်းကို 28 မိနစ်အတွင်း ပြီးစီးခဲ့ပြီး အမှန်မှာ ‘သေရေးရှင်ခြင်း’အမြန်နှုန်းတစ်ခု ဖြစ်သည်။ ရွှီယိရှန်းသည် ကားမောင်းနေစဉ် အရှိန်ကို 1 နာရီ ကီလိုမီတာ 100 အထိ တိုးခဲ့သည်။ ကျန်းဖျင်စစ်၏ သင်္ချာဆိုင်ရာရွှေ့လျားမှုများစွာနှင့် ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှုဖြင့် တယ်လီပို့ခြင်းက အချိန်ကို များစွာ သက်သာစေသည်။


ယွဲ့ရှင်းဝမ်: "ဒီတစ်ခေါက်က ငါတို့ အမှတ်ကောင်းကောင်း ရသင့်တယ်…"


လျှိုကျောက်ချင်း: "အပြင်ရောက်ရင် ရှင်းဝမ်က နည်းဗျူဟာတစ်ခု ထပ်ရေးဦးမှာလား?"


ရွှီယိရှန်း: "ကျွန်တော်တို့ရဲ့ စာမေးပွဲနည်းဗျူဟာကို ပုံတူကူးဖို့ ခက်တယ်… ဂျူနီယာညီလေးကျန်းက coordinate တွေကို တစ်ခဏချင်းတွက်ချက်ပြီး တောင်ထိပ်ကို ပျံသန်းဖို့ ကားကို တိုက်ရိုက် ထိန်းချုပ်ခဲ့တယ်… သင်္ချာဌာနက ကျောင်းသားအများစုက XYZ coordinate axis စွမ်းရည်ကို တတ်မြောက်ထားရင်တောင် သူတို့ ဒီလောက် မြန်ဆန်တဲ့ တွက်ချက်မှုကို မလုပ်နိုင်လောက်ဘူးမလား?"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်ကာ အနည်းငယ် ဂုဏ်ယူသောလေသံဖြင့် ပြောသည်။

"သင်္ချာဌာနရဲ့ coordinate axis က အမြင်အာရုံအတွင်း ရွှေ့လျားမှုမျဉ်းကွေးကိုပဲ ထိန်းချုပ်နိုင်တာ… အဲဒီအချိန်မှာ တောင်ပေါ်ကနေ ကားဖြတ်သွားစဉ် ဖျင်စစ်က တောင်ထိပ်ကိုပဲမြင်ရပြီး တောင်ရဲ့အခြားတစ်ဖက်ကို မမြင်ရတာကြောင့် တစ်ကြိမ်တည်း ရှင်းရှင်းလင်းလင်း မတွက်ချက်နိုင်ဘူး… ဒါကြောင့် ကားက လေထဲကို ပျံတက်သွားပြီးနောက် သူသွားတဲ့အတိုင်း တွက်ချက်ပြီး ကားက မြေပြင်ကို ဘေးကင်းစွာ ဆင်းသက်တဲ့အထိ formula တွေကို အဆက်မပြတ် ပြောင်းလဲနေခဲ့တာ…"


လူတိုင်း: "…"


လူတိုင်းက ပျို့အန်ချင်၍၊ အမြင့်ကြောက်၍ မျက်လုံးမှိတ်ပြီး ကားပျံစီးနေရခြင်းကြောင့် အော်ဟစ်နေတဲ့အခါ…


ကျန်းဖျင်စစ်က ဘာလုပ်နေတာလဲ? သူတကယ် အချက်အလက်တွေကို တွက်ချက်နေခဲ့တယ်…


သူက လူရောဟုတ်ရဲ့လား?


အားလုံးက ကျန်းဖျင်စစ်ကို ထိတ်လန့်စွာ ကြည့်နေကြသည်။ ယွဲ့ရှင်းဝမ်၏ ရှင်းပြချက်ကြောင့်သာ မဟုတ်ပါက တောင်ပေါ်သို့ စိတ်လှုပ်ရှားဖွယ်ရာ ကားပျံသန်းခြင်းက ထိပ်တန်းကျောင်းသား ကျန်းဖျင်စစ်သည် အချက်အလက်ကို တစ်ချိန်တည်း ပြောင်းလဲနေခြင်းကြောင်းဖြစ်သည်ဟု မည်သူမျှ တွေးတောမိမည်မဟုတ်ပေ။


ရှင်းဝမ်က ဂုဏ်ယူသောလေသံဖြင့် ချီးကျုးခဲ့ပေမယ့် ကျန်းဖျင်စစ်ကိုယ်တိုင်ကတော့ ဂရုမစိုက်ဟန်သာ ရှိနေသည်။


ရွှီယိရှန်းက သက်ပြင်းချလိုက်သည်။

"စာကြည့်တိုက်တစ်ခုလုံးမှာ ဂျူနီယာညီလေးကျန်းရဲ့ လုပ်ဆောင်ချက်တွေကို တုပနိုင်တဲ့ လူအများကြီး မရှိနိုင်လောက်ဘူး…"


လျှိုကျောက်ချင်းက စိတ်လှုပ်ရှားစွာ သက်ပြင်းချသည်။

"တကယ်လို့ စာမတော်တဲ့သူသာ coordinate system စွမ်းရည်ကို ရခဲ့တယ်ဆိုရင် သူတို့တွေ ဘယ်တော့မှ သုံးလို့ရမှာမဟုတ်တော့ဘူး…"


ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။

"ဒါကြောင့် ဒီတစ်ခေါက် ရှင်းလင်းရေးနည်းဗျူဟာကို တိုက်ရိုက်ကူးယူလို့မရဘူး… ဒါပေမယ့် အခြားအဖွဲ့တွေအတွက် အကြံဉာဏ်တချို့ ပေးစွမ်းနိုင်ပါတယ်…"

သူက ကျန်းရှောင်နျန်ကို ကြည့်ကာ

"ဗိသုကာဌာနမှာ တံတားတွေဆောက်တာလိုမျိုး စွမ်းရည်ရှိလား?"


ကျန်းရှောင်နျန်က ဂရုတစိုက် ပြန်ဖြေသည်။

"အင်း… ဗိသုကာစွမ်းရည်တွေက နှစ်မျိုးရှိတယ်… တစ်မျိုးက မြေထိုးစက်နဲ့ ကရိန်းတွေလို အင်ဂျင်နီယာပစ္စည်းတွေအဖြစ် အဆင့်မြင့်တင်နိုင်တဲ့ ကျွန်တော့်ရဲ့မြေတူးစက်လိုမျိုး စက်ပစ္စည်းတွေဖြစ်ပြီး နောက်တစ်မျိုးက ဆောက်လုပ်ရေးစွမ်းရည်တွေပဲ… ကျွန်တော်က နံရံဆောက်လုပ်ရေးကို သင်ယူထားပေမယ့် လက်ရှိမှာ အဆင့် 1 ပဲရှိသေးတာကြောင့် မြေနံရံပဲ ဆောက်နိုင်တယ်… လမ်းဆောက်လုပ်ရေးမှာ လမ်းတွေအပါအဝင်၊ တံတားတွေ၊ ဥမင်လိုဏ်ခေါင်းတွေလည်း ဆောက်လုပ်နိုင်ပြီး အဆင့်မြင့်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားလိုက်သည်။

"ဆိုလိုတာက မင်းရဲ့အမှတ်တွေကို စက်ပစ္စည်းတွေထဲမှာ ထည့်ထားတာပေါ့… တစ်ယောက်ယောက်က လမ်းဆောက်လုပ်ရေးစွမ်းရည်ကို အဆင့်မြင့်ခဲ့ရင် သူတို့က ကျိုးနေတဲ့ လမ်းတွေမှာ တံတားတွေ တိုက်ရိုက်ဆောင်နိုင်မှာမလား?"


ကျန်းရှောင်နျန်က ခေါင်းငြိမ့်ပြသည်။

"အင်း! ဆောက်လုပ်ရေးစွမ်းရည်က အမှတ်တွေ ပိုလိုတယ်… အစမှာ စက်ပစ္စည်းတွေစွမ်းရည်ကို အဆင့်မြင့်ထားပေမယ့် ဆောက်လုပ်ရေးစွမ်းရည်ကို အဆင့်မြင့်မယ်ဆိုရင် ပထမထပ်နဲ့ ဒုတိယထပ်မှာ စုဆောင်းထားတဲ့ အမှတ်တွေကို တံတားဆောက်လုပ်ရေးစွမ်းရည်အတွက် အသုံးပြုနိုင်တယ်…" 


စာကြည့်တိုက်ရှိ စွမ်းရည်များသည် အမှန်တကယ် ကွဲပြားကြပြီး ကျောင်းသားများသည် မည်သည့် ဘာသာရပ်အား အဓိကသင်ကြားမည်ကို လွတ်လပ်စွာ ရွေးချယ်နိုင်သည်။


ခယ်ရှောင်ပင်းက ဒါကိုကြားတော့ မနာလိုဘဲ မနေနိုင်ပေ။

"ဗိသုကာဌာနရဲ့ စွမ်းရည်တွေက အရမ်းအထင်ကြီးစရာပဲ… ငါတို့ကွန်ပျူတာဌာနကတော့ ငါ့ဆီ စက်ရုပ်တစ်ရုပ် ပို့လိုက်ပေမယ့် ငါ့ရှောင်ထူက ဘယ်တော့မှာ ကြီးလာမှာလဲ?"


ယွဲ့ရှင်းဝမ်: စိတ်မပူပါနဲ့… ရှောင်ထူကြီးလာတဲ့အခါ သေချာပေါက် သန်မာလာမှာပါ…"


ကျန်းရှောင်နျန်က ကျိုဖုန်း၏အဖွဲ့နဲ့ သင်္ချာဌာနမှတစ်ဆင့် လိုက်ခဲ့သည်။ ကျိုဖုန်းတို့သုံးယောက်က ပြန်လည်ဖြေဆိုခြင်းဖြစ်တာကြောင့် အမှတ်မရရှိခဲ့သော်လည်း ကျန်းရှောင်နျန်က ပြန်လည်ဖြေဆိုခြင်းမဟုတ်တာကြောင့် ‘သုဒ္ဓကိန်းဝင်္ကပါ’နှင့် ‘သေခြင်းကုဒ်’သင်တန်းနှစ်ခုမှ အမှတ် 1,000 ကျော်ရရှိခဲ့ပြီး ၎င်းတို့အားလုံးကို စက်ပစ္စည်းများအား အဆင့်မြင့်တင်ရန် အသုံးပြုခဲ့ကာ အဆင့် 3 စက်ပစ္စည်းများသည် တကယ်ကို အထောက်အကူဖြစ်ခဲ့သည်။ အနာဂတ်တွင် သူသည် ဆောက်လုပ်ရေးစွမ်းရည်ကို အဆင့်မြင့်တင်နိုင်ပြီး သူ၏ဂျူနီယာညီလေးမှာ စွမ်းရည်များစွာရှိနေသေးသည်။


အခြားသူတွေ၏ စွမ်းရည်တွေလည်း ပိုအားကောင်းလာမှာဖြစ်ပြီး ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ဗိသုကာဌာနရဲ့ သင်တန်းတွေအားလုံးပြီးရင် အားလုံး ကိုယ့်ရဲ့စွမ်းရည်တွေကို အဆင့်မြင့်တင်ကြမယ်… အမှတ်အပိုတွေရှိရင် အရေးပေါ်လိုအပ်နေတဲ့ စွမ်းရည်တချို့ကို အဆင့်မြင်တင်ဖို့အတွက် ဖျင်စစ်ဆီ ပေးပြီး စုဆောင်းခိုင်းထားလိုက်မယ်…"


လူတိုင်းက ခေါင်းညိတ်ကြသည်။


ယွဲ့ရှင်းဝမ်က ကောက်ချက်ချက်သည်။

"ဒီတော့ ‘မြို့ပြိုကျခြင်း’သင်တန်းအတွက် အမှတ်များများမရချင်ဘူးဆိုရင် ဗိသုကာဌာနက တံတားဆောက်လုပ်ရေးကို အဆင့်မြင့်တင်ထားတဲ့ ကျောင်းသားကို ခေါ်လာပြီးတော့ ပြိုကျနေတဲ့လမ်းနဲ့ ကြုံတဲ့အခါ တံတားဆောက်ခိုင်းလိုက်ရုံပဲ…"


လျှိုကျောက်ချင်း: "အဖွဲ့ထဲမှာ ကားမောင်းနိုင်တဲ့ ‌အတန်းဖော်တစ်ယောက်ရှိတာက အကောင်းဆုံးပါပဲ… ကားတစ်စီးကို မောင်းနှင်တာက အားထုတ်မှုကို အများကြီး သက်သာစေတယ်…"

သူက ရွှီယိရှန်းကိုကြည့်ကာ စလေသည်။

"ဒါပေမယ့် ရွှီယိရှန်းလို ထောင့်တစ်ဝိုက်မှာ ပျံဝဲနေအောင် မောင်းနိုင်တဲ့ ကားမောင်းသမားကတော့ ရှာရခက်နိုင်တယ်…"


ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။

"စီနီယာအစ်ကိုရွှီက အများသုံးကားကို ပြိုင်ကားတစ်စီးလို မောင်းနေခဲ့တာပဲ… ကားက အကြိမ်ကြိမ် မောက်တော့မယ်လို့ ကျွန်တော်ခံစားရပေမယ့် စီနီယာအစ်ကိုက စတီယာရင်ကို ထိန်းထားနိုင်တုန်းပဲ… အရမ်းအံ့ဩစရာကောင်းတယ်…"


ရွှီယိရှန်းက ရယ်ကာ ပြောသည်။

"ငါ့ကို မြှောက်မနေပါနဲ့… ငါက ပုံမှန်အတိုင်း မောင်းခဲ့ရုံပါ…"


ယွဲ့ရှင်းဝမ်က သူ၏အတွေးတွေကို ဂရုတစိုက် ရှင်းထုတ်ပြီး အပြင်ထွက်ရင် ရိုးရှင်းသော နည်းဗျူဟာပုံစံကိုတင်ရန် ဆုံးဖြတ်ခဲ့သည်။


စီနီယာအစ်ကိုယွိ၏ အမြန်ဆုံးနည်းလမ်းသည် ပထဝီဝင်ဌာနရှိ ကျောက်ထုလွှာလှုပ်ရှားမှု၏ အဆင့် 3 ဖြင့် 12 ကြိမ်တိုင်တိုင် လျင်မြန်သော တယ်လီပို့နိုင်ခြင်းကြောင့် အဖွဲ့ထဲတွင် ပထဝီဝင်ဌာနက ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည် အဆင့် 3 ရှိသော ကျောင်းသားများရှိသနေ၍ ဒီနည်းလမ်းကို တိုက်ရိုက်ကူးယူနိုင်ပြီး စာမေးပွဲဖြေဆိုနိုင်သည်။


သို့သော် ယွဲ့ရှင်းဝမ်တို့အဖွဲ့၏ နည်းဗျူဟာက ထိပ်တန်းကျောင်းသားရှိနေခြင်း ဖြစ်သည်။ ရွှီယိရှန်း၏ ကားမောင်းစွမ်းရည်ကို ကူးယူရန် ခက်ခဲသလို ပျံသန်းနေစဉ်အတွင်း formula ပြောင်းပြီး ကျန်းဖျင်စစ်၏တွက်ချက်ခြင်းကို ကူးယူရန်က ပို၍ပင်မဖြစ်နိုင်ပေ။ တွက်ချက်ရာတွင် တစ်ခုမှားယွင်းသွားပါက ကားပျက်စီးသွားနိုင်သည်။ သူတို့၏နည်းဗျူဟာကို အခြားသူတွေက ကူးယူလို့မရတာက ရိုးရှင်းပါသည်။ နောက်ထပ်အဖွဲ့များ သင်တန်းကို အောင်မြင်နိုင်အောင် ကူညီချင်တယ်ဆိုရင် သူက လုပ်ငန်းစဉ်ကို ရိုးရိုးရှင်းရှင်းနဲ့ လူတိုင်းနားလည်နိုင်သည့်အရာတစ်ခုကို ရေးရမည်။


ရဟတ်ယာဉ်က မြို့နှင့်ဝေးရာသို့ ရွေ့လျားသွားသည်။ စာမေးပွဲအချိန်ပြီးဆုံးသောအခါ လေးထောင့်ဘောင်ထဲတွင် အချက်ပြတစ်ခုထွက်ပေါ်လာသည်——


သုတေသနအဖွဲ့: C-183


သင်တန်း: မြို့ပြိုကျခြင်း


Credit: 3


ရှင်းလင်းရေးရမှတ်: 95 မှတ် (အောင်မှတ် +60၊ နာရီဝက်အောက်လျော့ခြင်း +25၊ စိုးရိမ်ရသော ဒဏ်ရာမရခြင်း +10)


စုစုပေါင်းအမှတ်: 3x95 = 285 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါတယ်။ လူတစ်ဦးစီက နောက်ဆုံးအမှတ် 428 မှတ် ရရှိပါတယ်။ 


Credit မျှဝေခြင်း လုပ်ဆောင်ချက် ဖြေရှင်းခြင်:


ကျိုဖုန်း၊ လင်းမန့်လော်နှင့် ရွှီယိရှန်းတို့က ပြန်လည်ဖြေဆိုခြင်းဖြစ်တာကြောင့် credit 3 မှတ်ကိုသာ ရရှိခဲ့ပြီး အမှတ်တွေကို မရခဲ့ပေ။


ရှင်းယန်နှင့် ချင်မြောင်တို့က ပထမဆုံး စာမေးပွဲဖြေတာကြောင့် credit 3 မှတ်နှင့် အမှတ် 428 ကို ရရှိခဲ့သည်။


သင်တန်းကျရှုံးမှုနှုန်း: 45%


အခန်းလွတ်ထဲတွင် ရလဒ်ကိုစောင့်နေသော လူလေးယောက်ကလည်း ဒီအချက်ပြကို မြင်ခဲ့သည်။


ကျိုဖုန်းနှင့် လင်းမန့်လော်တို့သည် နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်သည်—— သူတို့ရှင်းပစ်မခံရတော့ပေ။


လင်းမန့်လော်က ပြုံးကာပြောလိုက်သည်။

"ရှင်းဝမ်က စာမေးပွဲကို ကျိန်းသေပေါကိ အောင်လိမ့်မယ်လို့ ငါပြောခဲ့တယ်လေ… 95 မှတ်က အရမ်းမြင့်တာပဲ… သူတို့ဘယ်‌ကျော်ဖြတ်ခဲ့လဲ မသိဘူး…"


ကျိုဖုန်းက ခန့်မှန်းသည်။

"ကျန်းဖျင်စစ်က သင်္ချာဆိုင်ရာရွှေ့လျားမှုကို အသုံးပြုခဲ့တာလို့ ငါခန့်မှန်းမိတယ်…"


ရှင်းယန်နှင့် ချင်မြောင်တို့သည် အခန်းထဲတွင်ထိုင်ကာ တိုက်ရိုက် မျှဝေလာသော အမှတ် 428 ကို ရရှိခဲ့သည်။ သူတို့နှစ်ယောင်သည် ဘာမှမလုပ်ရဘဲ အဖွဲ့ဝင်များကြောင့် လဲလျောင်းအနိုင်ရပြီး သင်တန်းကို တိုက်ရိုက် အောင်သွားခဲ့သည်။ ဒီလိုအတွေ့အကြုံမျိုးက နည်းနည်းတော့ သိမ်မွေ့ပြီး နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စကားမပြောကြပေ။


ခဏအကြာတွင် ယွဲ့ရှင်းဝမ်သည် စာမေးပွဲဖြေဆိုပြီးသော အဖွဲ့ဝင်များနှင့်အတူ အခန်းထဲသို့ ရောက်လာသည်။


ကျိုဖုန်းက ချက်ချင်းထရပ်ကာ အရှေ့သို့လှမ်းလာပြီး ယွဲ့ရှင်းဝမ်၏ပခုံးကို ပုတ်လိုက်သည်။

"တော်တယ်!"


ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။

"ကျွန်တော်တို့က တုန်လှုပ်ချောက်ချားစရာ အတွေ့အကြုံကို ထိခိုက်မှုမရှိဘဲ ဖြတ်ကျော်နိုင်ခဲ့တယ်… စီနီယာအစ်ကိုက ကျွန်တော်တို့ ကျရှုံးသွားမှာကို စိုးရိမ်နေခဲ့တာလား?"


လင်းမန့်လော်: "မဟုတ်ဘူး… သူက နင် သေချာပေါက် စာမေးပွဲအောင်မယ်ဆိုတာ သိလို့ အေးအေးဆေးဆေး ဖိုရမ်ကို ကြည့်နေတာ…"


ဤယုံကြည်မှုမျိုးက ယွဲ့ရှင်းဝမ်၏နှလုံးသားကို နွေးထွေးစေသည်။ သူက ချင်မြောင်နဲ့ ရှင်းယန်ကိုကြည့်ပြီး မေးလိုက်သည်။

"မင်းတို့နှစ်ယောက် အမှတ်တွေရပြီးပြီလား?"


ချင်မြောင်: 428 မှတ်… နင်တို့အတိုင်းပဲ… ကြိုးစားခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်…"


ရှင်းယန်က ခယ်ရှောင်ပင်းဆီသို့ လျှောက်လာပြီး ပေါ့ပါးစွာ မေးသည်။

"မင်းတို့ စာမေးပွဲကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းခဲ့တာလား?"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ ပြောသည်။

"ဖြစ်စဉ်ကတော့ နည်းနည်းစိတ်လှုပ်ရှားစရာကောင်းတယ်… ကီလိုမီတာများစွာ ပြေးခဲ့ရလို့ ငါပင်ပန်းနေပြီ…"


ရွှီယိရှန်းက အရွှန်းဖောက်သည်။

"ငါစီးဖူးသမျှထဲမှာ စိတ်လှုပ်ရှားစရာ အရှိဆုံး ရိုလာကိုစတာတောင် ‘ရိုလာကိုစတာ’စီးတာကို ယှဉ်လို့မရဘူး…"


သင်တန်းကို အောင်မြင်စွာပြီးမြောက်ပြီးနောက် အားလုံးက ပျော်ရွှင်နေကြပြီး စကားအနည်းငယ်ပြောကာ အနားယူရန် အိပ်ဆောင်သို့ ပြန်သွားကြသည်။


ယွဲ့ရှင်းဝမ်က အားလုံးကို သတိပေးခဲ့သည်။

"နေ့လယ်အတန်းကို မမေ့နဲ့နော်… နေ့လယ် 1 နာရီ မိနစ် 40 မှာ 3 ထပ်မြောက်က သင်တန်းရွေးချယ်ခြင်းခန်းမမှာ တွေ့ကြမယ်…"


အိပ်ဆောင်သို့ပြန်လာပြီးနောက် ယွဲ့ရှင်းဝမ်သည် ရိုးရှင်းသောနည်းဗျူဟာပုံစံကို စတင်ရှင်းထုတ်ခဲ့သည်။ ‌နည်းဗျူဟာတွင် အဓိကအချက်များစွာကို ဖော်ပြထားပြီး အကောင်းဆုံးလွတ်မြောက်ရေးလမ်းကြောင်းကို တွက်ချက်နည်း၊ ပြိုကျသောလမ်းအခြေအနေ၊ ကျောက်တုံးများပြိုကျခြင်း၊ လမ်းပိတ်ခြင်းတို့နှင့် ကြုံတွေ့လာရင် နေရာရွှေ့ပြောင်းခြင်းစွမ်းရည်များကို အသုံးပြုပြီး မည်သို့ကိုင်တွယ်ဖြေရှင်းရမည်ကို ဖော်ပြထားသည်။ 


အောင်မြင်ရန် နည်းလမ်းများစွာကို သူအဆိုပြုခဲ့သည်။


1. အမြန်ဆုံးနည်းလမ်း: ပထဝီဝင်ဌာန၏ ကျောက်ထုလွှာလှုပ်ရှားမှု အဆင့် 3 ဖြင့် အဖွဲ့တစ်ခုလုံးကို 12 ကြိမ် တယ်လီပို့နိုင်ပြီး စီနီယာအစ်ကိုယွိမင်ယွီ၏ နည်းဗျူဟာကို ကိုးကားထားသည်။ 


2. ဆောက်လုပ်ရေးနည်းလမ်း: ဗိသုကာဌာန၏ တံတားဆောက်လုပ်ရေး အဆင့် 3 ကို အထူးပြုထားပြီး တံတားပျက်စီးနေပါက တံတားကိုတည်ဆောက်ပြီး လမ်းပြိုကျနေပါက လမ်းပြုပြင်နိုင်သည်။


3. ဖြိုဖျက်ခြင်းနည်းလမ်း: ဗိသုကာဌာန၏ စက်ပစ္စည်းများ အဆင့် 3 နဲ့ ပိတ်ဆို့ထားသောလမ်းကို မြေထိုးစက်ဖြင့် တိုက်ရိုက်ရှင်းထုတ်ပြီး ပြိုကျနေသောလမ်းကို ကရိန်းဖြင့် ဖြတ်နိုင်သည်။ 


4. လေပေါ်မှရွှေ့ပြောင်းခြင်းနည်းလမ်း: ရူပဗေဒဌာန၏ သံလိုက် အဆင့် 3 ဖြင့် အဖွဲ့ဝင်များကို ဆွဲငင်အားနဲ့ စုယူသွားနိုင်သည်။ သင်္ချာဌာန၏ coordinate axis ဖြင့် လေရွှေ့လျားမှုမျဉ်းကွေးကို ထိန်းချုပ်နိုင်သည်။(တွက်ချက်ခြင်းစွမ်းရည် လုံလောက်အောင်မတော်ပါက မတုပပါနှင့်)


5. ခန္ဓာကိုယ်ကြံ့ခိုင်မှုနည်းလမ်း: အားကစားကျောင်းမှ နေရာရွှေ့ပြောင်းခြင်းစွမ်းရည်များဖြစ်သည့် အဖွဲ့လိုက် စကိတ်ဘုတ်ဖြင့်သွားခြင်း၊ ဒုတ်ထောက်ခုန်ခြင်း၊ သုံးကြိမ်ခုန်ခြင်းစသဖြင့် လူများကိုတင်ကာ ပြေးနိုင်ပါသည်။


ဤသင်တန်း၏ သော့ချက်မှာ လိုက်လျောညီထွေရှိခြင်းဖြစ်ပြီး စွမ်းရည်များစွာကို အသုံးပြုနိုင်သည်။


ယွဲ့ရှင်းဝမ်က နောက်ဆုံးတွင် ပြောထားသည်။

"ဒီလွတ်မြောက်ခြင်းသင်တန်းက လူတွေကို စိတ်ပိုင်းဆိုင်ရာဖိအားများစွာ ပေးပါလိမ့်မယ်… ဗိသုကာဌာနက ‘‌မြို့ပြိုကျခြင်း’ရဲ့ အကျိုးသက်ရောက်မှုက အရမ်းတုန်လှုပ်စရာကောင်းပါတယ်… ပြိုကျလုနီးပါးဖြစ်နေတဲ့ မြို့တစ်မြို့မှာ ပြေးနေရင်း အချိန်မရွေး အစိတ်စိတ်အမြွှာမြွှာဖြစ်တော့မလို ခံစားရပါတယ်… ကိုယ့်ရဲ့စိတ်အခြေအနေကို အရင်ချိန်ညှိပါ… အချိန်က တကယ်လုံလောက်ပြီး အမျိုးမျိုးသော နေရာရွှေ့ပြောင်းခြင်းစွမ်းရည်တွေကို စဉ်းစားချင့်ချိန်ပြီး အသုံးပြုပါ… ဒီသင်တန်းက မခက်ခဲပါဘူး…"


၎င်းကိုရေးသားပြီးနောက် သူက နည်းဗျူဟာကို ဖိုရမ်သို့ ပေးပို့ခဲ့ပြီး ၎င်းကို တင်လိုက်ပြီးသည်နှင့် လူအများအပြားက ပြန်လည်တုံ့ပြန်ခဲ့သည်။


"ယွဲ့ရှင်းဝမ်ရဲ့ နည်းဗျူဟာက ရောက်လာပြန်ပြီ… စီနီယာအစ်ကို အရမ်းချီးကျုးတယ်!"


"နည်းလမ်းတွေအများကြီးပဲ၊ အရမ်းမိုက်တယ်!"


"အားကစားကျောင်းက ကျောင်းသားတွေ မျက်ရည်ကျနေကြပြီ… နောက်ဆုံးတော့ ငါတို့ကို လိုအပ်နေတဲ့ အတန်းတစ်ခုရှိလာပြီလား?"


"ယွဲ့ရှင်းဝမ်ရဲ့ ဝိုက်ကွင်းထဲက (တွက်ချက်ခြင်းစွမ်းရည် လုံလောက်အောင်မတော်ပါက မတုပပါနှင့်)ဆိုတဲ့စကားကို ငါသတိထားမိတယ်… ဟားဟားဟား… အဲဒါက စီနီယာအစ်ကိုကျန်းဖျင်စစ်ကို ပြောနေမှန်း သိသာပါတယ်!"


ယွဲ့ရှင်းဝမ်က ကုတင်ဘေးမှာထိုင်ပြီး တက်ဘလက်ကွန်ပြူတာကို ကြည့်နေသည်။ ရုတ်တရက် သူ့ခေါင်းထက်မှာ အရိပ်တစ်ခုက ဖုံးလွှမ်းသွားပြီး တစ်စုံတစ်ယောက်က အလင်းရောင်ကို ပိတ်ဆို့လိုက်သည်။ သူ ခေါင်းမော့လိုက်တော့ ကျန်းဖျင်စစ်၏ ရှုပ်ထွေးသော အကြည့်ကို တွေ့လိုက်ရာ ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။

"ဘာဖြစ်နေတာလဲ?" 


ကျန်းဖျင်စစ်သည် သူ့ဆီသို့ လျှောက်လာပြီး ထိုင်ချလိုက်ကာ ယွဲ့ရှင်းဝမ်၏လက်မောင်းကို မြှောက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ဂရုတစိုက် စစ်ဆေးသည်။ ရှင်းဝမ်၏ အသားအရည်သည် ဖြူပြီး ချောမွေ့ကာ သူ့လက်ကောက်ဝတ်များက အနည်းငယ် သေးသွယ်သော်လည်း ပိန်ခြောက်နေတာမျိုးမဟုတ်ဘဲ သူ့လက်မောင်းများတွင်လည်း လှပသော ကြွက်သားများရှိသည်။


ယွဲ့ရှင်းဝမ်က အေးအေးဆေးဆေး ပြောသည်။

"စိတ်ချစမ်းပါ… ဒဏ်ရာတွေမရှိတော့ပါဘူး… စာကြည့်တိုက်က ဂိမ်းထဲမှာ ပြန်လည်ရှင်သန်ခြင်းလိုမျိုးပါပဲ… သင်တန်းစာမေးပွဲမှာ ရရှိတဲ့ဒဏ်ရာအားလုံးက ဒီနေရာရောက်ရင် ဖယ်ရှားပေးလိမ့်မယ်…"


ကျန်းဖျင်စစ်က သူ့လက်ကို လွတ်လိုက်ပြီး သူ့မျက်လုံးများကိုကြည့်ကာ တိုးတိုးပြောလိုက်သည်။

"စာမေးပွဲပြီးလို့ အချက်အလက်တွေ ဖယ်ရှားသွားရင်တောင် စာမေးပွဲရဲ့ ဖြစ်စဉ်ထဲမှာကျတော့ရော? မင်းက အရမ်းနာကျင်လွန်းလို့ မင်းမျက်နှာဖြူဖျော့နေတာ မသိဘူးလား?"


ယွဲ့ရှင်းဝမ်: "…"


ကျန်းဖျင်စစ်က သူ၏လက်ကိုဆန့်ကာ ယွဲ့ရှင်းဝမ်၏ဆံပင်တွေကို ညင်သာစွာ ထိလိုက်ပြီး

"ရှင်းဝမ်၊ ငါ မင်းကို ထပ်ပြီး မနာကျင်စေချင်ဘူး…"

[TK: မင်းတို့က သူငယ်ချင်းတွေ ဟုတ်ပါတယ်နော်၊ အသည်းယားလာလွန်းလို့]


ယွဲ့ရှင်းဝမ်၏နှာခေါင်းက ရုတ်တရက် အနည်းငယ် ရှုံ့ချည်ပွချည်ဖြစ်လာသည်။ ခုနက သူ့လက်မောင်းတစ်ခုလုံးသည် သွေးတွေထွက်နေပြီး အပြင်ဘက်မှာ သူနေကောင်းချင်ဟန်ဆောင်နေပြီး တကယ်တော့ အလွန်နာကျင်လွန်းနေပေမယ့်လည်း သူက ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ဆေးကုသမှုခံယူကာ သွေးတိတ်အောင်လုပ်ရန် အလွန်ရှက်နေခဲ့သည်။ ကျန်းဖျင်စစ်သည် သူတစ်ခုခုဖြစ်နေတာကို ပထမဆုံးတွေ့ရှိခဲ့ပြီး စီနီယာအစ်ကိုလျှိုအား မှန်ကွဲစများကို ရှင်းပေးရန် အကူအညီတောင်းဆိုခဲ့သည်—— ဖျင်စစ်က သူ့ကို တကယ်ဂရုအစိုက်ဆုံးပဲ။


ကျန်းဖျင်စစ်: "မင်းက အဖွဲ့ရဲ့အကျိုးစီးပွားကို အမြဲတမ်း ဦးစားပေးတယ်… ဒါပေမယ့် ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ပြီး အရမ်ကြီးမကြိုးစားပါနဲ့…"


ယွဲ့ရှင်းဝမ်၏နှလုံးသားက အနည်းငယ်နွေးထွေးလာပြီး အလေးအနက် ခေါင်းငြိမ့်ကာ ကတိပေးသည်။

"ငါနားလည်ပါတယ်… နောင်ကျရင် ငါဂရုစိုက်ပါ့မယ်… ဒီနေ့က အချိန်မီပြီးဆုံးနိုင်ဖို့ အဆုံးမှတ်ကို မြင်လိုက်ရတော့ ငါနည်းနည်း စိတ်လှုပ်ရှားသွားပြီး အရှေ့ကို အမြန်ပြေးသွားတာကြောင့် လေဆိပ်အဆောက်အဦးက ရုတ်တရက်ပြိုကျလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး…"


ကျန်းဖျင်စစ်၏အကြည့်တွေက နူးညံ့နေပြီး ရှုပ်ပွနေသော ဆံပင်များကို ညင်သာစွာ သပ်ပေးကာ အသံတိုးတိုးဖြင့် ပြောသည်။

"သိပ်ပြီးစဉ်းစားမနေပါနဲ့… ရေအရင်သွားချိုးလိုက်… ငါတို့ နေ့ခင်းဘက် အတန်းရှိသေးတယ်… မင်းရဲ့စိတ်ကိုလျှော့ထား…"


ယွဲ့ရှင်းဝမ်က မတ်တပ်ထရပ်ကာ ရေချိုးခန်းဆီသို့ လျှောက်သွားပြီး ရေချိုးလိုက်ရာ ရေနွေးက သူ့ခန္ဓာကိုယ်ပေါ် လျှောကျသွားပြီး သူ့စိတ်က လုံးဝကို အေးချမ်းသွားသည်။


ဗိသုကာဌာနရှိ ‘မြို့ပြိုကျခြင်း’သင်တန်းက သူ့ကို တကယ်ပင်ပန်းစေခဲ့သည်။ အနည်းငယ် သတိလက်လွတ်ဖြစ်သွားပါက ကျိုဖုန်းနှင့် လင်းမန့်လော်တို့ ရှင်းပစ်ခံရမည်ကို စိုးရိမ်သောကြောင့် သူလုံးဝသတိမလွတ်ရဲပေ။


ကံကောင်းထောက်မစွာ နောက်ဆုံးရလဒ်က ကျေနပ်ဖွယ်ဖြစ်ခဲ့သည်။


ကံကောင်းထောက်မစွာ ဖျင်စစ်သာရှိနေရင် သူ့ပခုံးပေါ်ရှိ ဖိအားကိုလည်း အများကြီးလျှော့ချနိုက်သည်။ ဝန်ထုပ်ဝန်ပိုးကို တစ်ယောက်တည်း ထမ်းရတာထက် တစ်စုံတစ်ယောက်နဲ့အတူ မျှဝေပြီး ထမ်းရတာ ပိုကောင်းပါသည်။ ယွဲ့ရှင်းဝမ်သည် ပေါ့ပေါ့ပါးပါး အသက်ရှူသွင်းပြီး ချောမွေ့နေသော သူ၏လက်မောင်းကိုထိကာ သူ့ခန္ဓာကိုယ်ကို ပျော်ရွှင်စွာ ဆေးကြောလိုက်သည်။


ကျန်းဖျင်စစ်သာရှိရင် သူ့ရင်ထဲ ယုံကြည်မှုအပြည့်ရှိသလို အမြဲတမ်းခံစားရသည်။ နေ့လယ်ပိုင်း သင်တန်းမှာ သူတို့တွေ သင်တန်းကို သေချာပေါက် အောင်မြင်လိမ့်မည်။ 


#TK