Chapter 63
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 63 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၂)


ဆောက်လုပ်ရေးဆိုက်တွင် စစ်ဆေးရန် ခေါင်းဆောင်အများအပြားက ဝိုင်းရံထားသည်။ ကျန်းရှောင်နျန်တို့ လေးယောက်သည် ဆောက်လုပ်ရေးဆိုက်၏ အနောက်မြောက်ဘက်ရှိ နှစ်ထပ်တိုက်ရုံးခန်း အဆောက်အဉီးထဲသို့ ခိုးဝင်ခဲ့ကြသည်။


ဤအဆောက်အဦးက သပ်ရပ်၍ စနစ်တကျ အတွင်းပိုင်းအလှဆင်ထားသော ယာယီအဆောက်အဦးဖြစ်သည်။ ကျယ်ဝန်းသော စင်္ကြံ၏ တစ်ဖက်တစ်ချက်စီတွင် ဘဏ္ဍာရေးဌာန၊ ဒီဇိုင်းဌာန၊ ဝန်ထမ်းရုံးခန်းနှင့် ညွှန်ကြားရေးမှူးရုံးစသည့် တံခါးများပေါ်တွင် တံဆိပ်များပါရှိသော ဌာနဆိုင်ရာ ရုံးခန်းများရှိသည်။


ဘဏ္ဍာရေးဌာန၏ တံခါးတွင် အက်ကွဲကြောင်းရှိနေပြီး အခန်းအတွင်းရှိ မိန်းကလေး အများအပြားက စကားစမြည်ပြောကြသည်။ သူတို့လေးယောက်က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘဏ္ဍာရေးဌာနကို အမြန်ကျော်ဖြတ်ကာ ဒီဇိုင်းဌာန ရုံးခန်းတံခါးဆီသို့ ညင်သာစွာ လျှောက်သွားကြသည်။


ရှင်းယန်က တိုးတိုးလေးပြောလိုက်သည်။

"မင်းတို့ဝင်သွားပြီး အချက်အလက်တွေကို ကောက်ပီသွားကူကြ… ငါ ဒီမှာ စောင့်နေမယ်…"


ခယ်ရှောင်ပင်းနဲ့ ကျန်းရှောင်နျန်တို့က တံခါးကို တွန်းဖွင့်ကာ ဝင်သွားကြသည်။ ချင်လုနဲ့ ရှင်းယန်တို့က တံခါးနားမှာ စောင့်နေသည်။ 


အခန်းထဲတွင် ကွန်ပျူတာနှစ်လုံးစလုံးကို ယခုအချိန်၌ ဖွင့်ထားပြီး စား‌ပွဲပေါ်တွင် ပုံများစွာရှိနေသေးသည်။ ကျန်းရှောင်နျန်က စားပွဲပေါ်ရှိ ပုံများကို လျင်မြန်စွာ ရှာကြည့်လိုက်ရာ မကြာမီတွင် ဆောက်လုပ်ရေးဒီဇိုင်းစာအုပ်ကို တွေ့ရှိခဲ့သည်။ ၎င်းဘေးမှာ မိတ္တူကူးစက်ပရင်တာတစ်လုံးရှိနေသည်။ ကျန်းရှောင်နျန်က စာအုပ်ကိုယူကာ ပြောလိုက်သည်။

"ဒီလောက်စာအုပ်အထူကြီးကို ကော်ပီကူးဖို့က အရမ်းခက်ခဲတယ်… အဲဒီမှာ အီလက်ထရွန်နစ်ဗားရှင်း ရှိ၊မရှိ ကြည့်ပြီး တိုက်ရိုက်ကော်ပီကူးရအောင်…"


ခယ်ရှောင်ပင်းကလည်း ယခုအချိန်တွင် ကွန်ပျူတာကို လော့ခ်ဖွင့်ပြီး ကွန်ပျူတာထဲရှိ ‘ဆောက်လုပ်ရေးပုံစံပြာ’ကို တိုက်ရိုက်ရှာဖွေကာ မကြာမီတွင် စာမျက်နှာရာနှင့်ချီရှိသော ပုံများပါသည့် D drive တွင် ဖိုင်တွဲတစ်ခုကို တွေ့ရှိခဲ့သည်။ သူက ၎င်းကိုဖွင့်ကာ ကျန်းရှောင်နျန်ကို မေးလိုက်သည်။

"ဒါလား?"


ကျန်းရှောင်နျန်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… အီလက်ထရွန်နစ်ဗားရှင်းပဲ!"


ခယ်ရှောင်ပင်းသည် သူ၏လက်ပ်တော့ကိုဖွင့်ပြီး ကွန်ပျူတာအတွင်းရှိ ‌အချက်အလက်အားလုံးကို ကူးယူရန် ကြိုးမဲ့ဒေတာထုတ်လွှင့်ခြင်းလုပ်ဆောင်ချက်ကို အသုံးပြုခဲ့သည်။ ထိုအထဲမှာ အချက်အလက် ဒါဇင်ပေါင်းများစွာရှိပြီး အသေးစိတ်ဆောက်လုပ်ရေးပုံစံပြာများအပြင် ဈေးဝယ်ပလာဇာဒီဇိုင်းပုံများ၊ အတွင်းပိုင်းအလှဆင်ပုံများ၊ လူကူးလမ်းဒီဇိုင်းရေးဆွဲခြင်း အစရှိသည်တို့လည်း ရှိပါသည်။


ကွန်ပျူတာဌာနမှ ထုတ်ပေးသော လက်ပ်တော့၏ ထုတ်လွှင့်မှုအမြန်နှုန်းက အလွန်မြန်ဆန်သည်။ 5 မိနစ်မပြည့်မီ ခယ်ရှောင်ပင်းက ပရောဂျက်တစ်ခုလုံး၏ အချက်အလက်အားလုံးကို ကူးယူခဲ့သည်။ နှစ်ယောက်သား ကွန်ပျူတာကို standby mode သို့ ပြန်ထားပြီး ရုံးခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ 


ထိုအချိန်တွင် သုတေသနအဖွဲ့ chat channel ထဲ၌ယွဲ့ရှင်းဝမ်ဆီမှ စာရောက်လာသည်။

"ရှောင်နျန်၊ မင်းတို့အဆင်ပြေရင် ဝန်ထမ်းဌာနကို သွားပြီး ဆောက်လုပ်ရေးဆိုက်တစ်ခုလုံးရဲ့ ဝန်ထမ်းအချက်အလက်တွေကို ကူးယူလိုက်…"


ဒါကိုမြင်တော့ ရှင်းယန်က ဝန်ထမ်းဌာနရုံးခန်းတံခါးဆီသို့ အမြန်လျှောက်သွားပြီး တံခါးကို ညင်သာစွာခေါက်လိုက်သည်။ အခန်းထဲကနေ ဘာသံမှမကြားရတာကြောင့် သူက အားလုံးကို ဘယ်သူမှမရှိကြောင်း အချက်ပြကာ တံခါးကိုတွန်းဖွင့်ပြီး ပြောလိုက်သည်။

"မြန်မြန်လုပ်…"


ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့က ဝန်ထမ်းဌာန၏ရုံးခန်းထဲသို့ လျှောက်သွားကာ တံခါးပိတ်လိုက်သည်။


ဝန်ထမ်းဌာန၏ ကွန်ပျူတာတွင် ဆောက်လုပ်ရေးလုပ်သားများ ကွမ်းကျင်လုပ်သားများနှင့် စီမံခန့်ခွဲသူအားလုံး၏ စာရင်းနှင့် အသေးစိတ်အချက်အလက်များ ပါဝင်သည်။ ဤစာရင်းကို လက်ထဲတွင်ရယူထားခြင်းက သူတို့၏နောက်ဆက်တွဲစုံစမ်းစစ်ဆေးမှုများတွင် ကြီးမားသောအကူအညီဖြစ်လိမ့်မည်။


ဝန်ထမ်းဌာန၏ အချက်အလက်များကို ကူးယူပြီးနောက် ရှင်းယန်က အကြံပြုလာသည်။

"ညွှန်ကြားရေးမှူးရုံးခန်းထဲမှာ ဘယ်သူမှမရှိတာကြောင့် အင်ဂျင်နီယာလုပ်ငန်းနဲ့ ဈေးပြိုင်တင်သွင်းခြင်းအစီအစဉ်ကို ကူးယူလိုက်…"


ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့ ရုံးခန်းထဲကို ဝင်သွားပြီး ကွန်ပျူတာနှင့် ချိတ်ဆက်လိုက်သည်။ သူတို့ အချက်အလက်တွေ ကူးယူနေကြချိန်မှာတော့ ရုတ်တရက် အဝေးက စင်္ကြံမှာ ခြေသံတွေ‌‌ ထွက်ပေါ်လာပြီး လူတွေအများကြီး စကားပြောနေကြသည်။ ရှင်းယန်က ချက်ချင်းပင် နားစွင့်ကာ ဂရုတစိုက် နားထောင်သည်——


"ညွှန်ကြားရေးမှူးကျန်၊ မင်းရဲ့ပရောဂျက် ချောချောမွေ့မွေ့နဲ့ တိုးတက်နေတယ်… ထိပ်တန်းအခမ်းအနားတောင် မျှော်လင့်ထားတာထက် တစ်လခွဲစောသွားတယ်! ဒီနှုန်းအတိုင်းဆိုရင် နောက်နှစ် ဇူလိုင်လမှာ တရားဝင်ဖွင့်လှစ်နိုင်တယ်မလား?…" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အပြုံးဖြင့် မေးသည်။


"စိတ်မပူပါနဲ့ အတွင်းရေးမှူးချင်၊ အလုပ်သမားတွေကို ငါပြောပြီးပြီ… လာမယ့်နွေရာသီမှာ ဖွင့်နိုင်ဖို့ အလုပ်မြန်မြန်ခိုင်းထားတယ်…" အသံအလယ်အလတ်ရှိသော အမျိုးသားက ပြန်ပြောသည်။ "မြို့ရဲ့လူသိများမှုကို သေချာပေါက် နှောင့်နှေးစေမှာမဟုတ်ဘူး… လာမယ့်နှစ် ခရီးသွားပွဲတော် တရားဝင်မဖွင့်ခင်မှာ ငါတို့ရဲ့လမ်းဆုံက နိုင်ငံတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေကို ကြိုဆိုဖို့ သေချာပေါက် အဆင်သင့်ဖြစ်နေမှာပါ…"


အမျိုးသမီးအသံက ဆက်ပြောလာသည်။

"အတွင်းရေးမှူးချင်၊ ကျွန်မ အရောင်းဌာနကို မေးကြည့်တော့ သူတို့နဲ့ ဆက်သွယ်ထားတဲ့ ခုနစ်ထပ်က အဓိက brand တွေ၊ ရုပ်ရှင်ရုံနဲ့ ကြံ့ခိုင်ရေးစင်တာကို အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးပါပြီ… ခြောက်ထပ်က အစားအသောက်မြို့မှာ နိုင်ငံအတွင်းက ဆိုင်ခွဲအမှတ်တံဆိပ်များစွာနဲ့ လမ်းတွေမှာ ‌အဓိကအားဖြင့် ဒေသအစားအစာတွေနဲ့ အဆာပြေအစားအစာတွေကို အခြေခံထားပါတယ်… ဒီတော့ ဈေးပြိုင်တင်သွင်းခြင်းပြီးသွားရင် ရှင်းယွဲ့ပလာဇာနဲ့ ရှင်းယွဲ့လူကူးလမ်းကို တစ်ချိန်တည်း ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ်…"


"ကောင်းလိုက်တာ…" တစ်စုံတစ်ယောက်က ပြုံးကာ ချီးကျူးသည်။ "ရှင်းယွဲ့ပလာဇာပရောဂျက်က ငါတို့မြို့ A ရဲ့ အထင်ကရအဆောက်အဦးဖြစ်လာမှယ သေချာတယ်!"


ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့သည် ရုံးခန်းထဲတွင် ထိတ်လန့်နေကြပြီး ကွန်ပျူတာပေါ်ရှိ ဒေသပေးပို့မှုမှာ 80% အထိ ရောက်ရှိသွားခဲ့သည်။ စင်္ကြံထောင့်သို့ လူများစွာ လှည့်လာသောအခါ ရှင်းယန်က အချက်ပြသည့်အနေဖြင့် ရုံးခန်းတံခါးကို ခေါက်လိုက်သည်။ ခယ်ရှောင်ပင်း၏ ကွန်ပျူတာက 100% ပေးပို့ပြီးကြောင်း အချက်ပြလာတာကြောင့် သူက ကွန်ပျူတာကို ချက်ချင်း ပိတ်လိုက်ပြီး နောက်အခိုက်အတန့်မှာ ချင်လုက ကမ္ဘာလုံးကို ထုတ်လိုက်သည်။


"နေရာပြောင်းစမ်း!"

ချင်လုက ကမ္ဘာလုံးပေါ်ကို သူမလက်ညှိုးဖြင့် ညင်သာစွာ ထိလိုက်ပြီး သူတို့လေးယောက်ရှေ့က မြင်ကွင်းပြောင်းသွားကာ ဆောက်လုပ်ရေးဆိုက်၏ အနောက်တောင်ဘက်ထောင့်ရှိ လူမရှိသောနေရာတွင် ပေါ်လာသည်။


ခယ်ရှောင်ပင်း၏ ထိတ်လန့်နေသောအမူအရာကို မြင်လိုက်သောအခါ ရှင်းယန်က အသံတိုးတိုးဖြင့် မေးသည်။

"အချက်အလက်အားလုံးကို ကော်ပီကူးခဲ့လား?"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်လိုက်သည်။

"အင်း… ငါ သူတို့ရဲ့ ကွန်ပျူတာ hard drive ထဲက အချက်အလက်အားလုံးကို ကူးယူခဲ့တယ်…"


ရှင်းယန်: "မင်းလက်ပ်တော့ရဲ့ hard drive က ဘယ်လောက်ကြီးတာလဲ?"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ချိန်ညှိပြီး ပြုံးကာပြောသည်။

"စာကြည့်တိုက်က ပေးတဲ့ လက်ပ်တော့ရဲ့ hard drive ပမာဏက 10T ရှိတယ်… ဒီလက်ပ်တော့မှာကလည်း ကြိုးမဲ့ဒေတာထုတ်လွှင့်ခြင်းလုပ်ဆောင်ချက်ပါရှိတာကြောင့် အသုံးပြုရတာ လွယ်ကူတယ်…"


ကွန်ပျူတာအကြောင်းကို ပြောလိုက်သည်နှင့် သူ့မျက်လုံးတွေက အချိန်တိုင်း လင်းလက်နေသည်။ ရှင်းယန်က သူ့ကို တစ်ချက်ကြည့်ကာ ပေါ့ပါးစွာ ချီးကျူးလိုက်သည်။

"မဆိုးပါဘူး…"


ချင်လုက သိချင်စွာ မေးလာသည်။

"10T က ဘယ်လောက်ကြီးတာလဲ? ငါ့ကွန်ပျူတာရဲ့ hard drive က 500G လောက်ကြီးပြီး အဲဒါက အတော်လေးကြီးတယ်ထင်တာပဲ…"


ခယ်ရှောင်ပင်းက ရှင်းပြသည်။

"1T က 1024G နဲ့ ညီမျှပြီး 10T က 10,000G ကျော်တာကြောင့် မင်းကွန်ပျူတာရဲ့ အဆနှစ်ဆယ်ရှိတယ်…"


ချင်လု: "…"


ဒါက အချက်အလက်တွေကို တတ်နိုင်သမျှ စုဆောင်းနိုင်သည်…


ရှင်းယန်: "သွားကြစို့… အဖွဲ့ခေါင်းဆောင်က ငါတို့ကို လာဖို့ပြောထားတယ်…"


သုတေသနအဖွဲ့ chat channel တွင် ဆောက်လုပ်ရေးဆိုက်အလယ်၌ လူတိုင်းတွေ့ဆုံရန် ယွဲ့ရှင်းဝမ်မှ စာပို့ခဲ့သည်။ 


လူလေးယောက်အဖွဲ့ ဆုံမည့်နေရာကို ရောက်သောအခါ အားလုံးလည်း ရောက်နေလေပြီ။


ယွဲ့ရှင်းဝမ်က စာရွက်တစ်ရွက်ကို ထုတ်ယူပြီး လူတိုင်းရှေ့မှာ ဖြန့်လိုက်သည်။

"ငါတို့ ဆောက်လုပ်ရေးဆိုက်မှာ လှည့်ပတ်သွားကြည့်တော့ ဒီဆောက်လုပ်ရေးဆိုက်ရဲ့ အခြေအနေက နည်းနည်းတော့ ရှုပ်ထွေးတယ်… ငါတို့အရှေ့က ရှင်းယွဲ့ပလာဇာက ခုနစ်ထပ်တိုက် ဈေးဝယ်ပလာဇာအဆောက်အဦးပဲ… ဒီပလာဇာရဲ့နောက်ဘက်မှာ ‘十’ပုံစံ အစားအသောက်လမ်းသွားလမ်းလာကို ဖြတ်သွားတဲ့ နှစ်ထပ်တိုက်ရှိပြီး ‘十’ပုံစံရဲ့အလယ်မှာ ဂီတရေပန်းရှိတယ်…"


သူက ဆောက်လုပ်ရေးဆိုက်၏ အနောက်တောင်ဘက်ထောင့်ကို ညွှန်ပြရင်း

"ဒီဧရိယာက ဆောက်လုပ်ရေးလုပ်သားတွေရဲ့ အိပ်ဆောင်နဲ့ စားဖိုဆောင်အပါအဝင် အလုပ်သမားတွေရဲ့ နားနေခန်းဖြစ်တယ်… နောက်ထပ် နှစ်ထပ်တိုက်က ရုံးခန်းဧရိယာပဲ…"

ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်ကို ကြည့်လိုက်သည်။

"ငါ အထပ်အစီအစဉ်ကို အကြမ်းဖျင်းပဲ ဆွဲရသေးတယ်… တိကျတဲ့အချက်အလက်ကို တိုင်းတာပေးဖို့ ငါ ရှောင်နျန်ကို လိုသေးတယ်…"


ကျန်းရှောင်နျန်က ‌သူ၏လေဆာ theodolite ကို ချက်ချင်း ထုတ်လိုက်သည်။

"ကိစ္စမရှိပါဘူး… အချက်အလက်ကို မြန်မြန်ဆန်ဆန် တိုင်းတာဖို့ theodolite ကို ကျွန်တော်သုံးလိုက်မယ်…"


ယွဲ့ရှင်းဝမ်က ကျိုဖုန်းကို ကြည့်သည်။

"အားလုံး ဘာရှာတွေ့ကြလဲ?"


ကျိုဖုန်းက တင်ပြသည်။

"ဆောက်လုပ်ရေးဆိုက်ကို ငါလိုက်ကြည့်တော့ လမ်းဆုံမှာ လျှပ်စစ်သမား တော်တော်များများက လျှပ်စစ် circuit ကို ရှင်းနေကြပြီး ဆောက်လုပ်ရေးကာလအတွင်းမှာ လုံခြုံရေးအတွက် ပင်မခလုတ်ကို ပိတ်ထားတယ်… ညဘက်အလင်းရောင်အတွက် အပြင်ကနေ ချိတ်ဆက်ထားတဲ့ မီးသီးတွေကို အသုံးပြုကြတယ်…"


လင်းမန့်လော်: "အဆောက်အဦးက အရမ်းမြင့်ပြီး အပြင်နံရံတွေကို ဘိလပ်မြေနဲ့ ပြုပြင်နေတယ်… အပေါ်ထပ်ကရိန်းတွေကို ဘိလပ်မြေလုပ်သားတွေက အသုံးပြုကြတယ်… အမျိုးသမီးလုပ်သား အများအပြားကိုလည်း ဆောက်လုပ်ရေးဆိုက်မှာ တွေ့ခဲ့တယ်…"


ချင်လုက ဆက်ပြောသည်။

"မြို့ A က လာမယ့်နှစ်မှာ ခရီးသွားလုပ်ငန်းပွဲတော်ကို ကျင်းပမှာဖြစ်တာကြောင့် ရှင်းယွဲ့ပလာဇာပရောဂျက်ကို လာမယ့်နှစ်ဇူလိုင်လမှာ ခရီးသွားပွဲတော်မတိုင်မီ ဖွင့်လှစ်ဖို့ အရှိန်မြင့်လုပ်ဆောင်သွားမယ်လို့ ‌ရုံးခန်းထဲက အဖွဲ့ခေါင်းဆောင်အနည်းငယ် ပြောဆိုနေတာကို ကြားခဲ့ရတယ်…"


ရှင်းယန်: "လမ်းဆုံရဲ့ အတွင်းပိုင်းဒီဇိုင်းအရ ခုနစ်ထပ်မှာ ရုပ်ရှင်ရုံနဲ့ ကြံ့ခိုင်ရေးစင်တာ၊ ခြောက်ထပ်မှာ အရသာရှိတဲ့အစားအသောက်ဆိုင်ခွဲ၊ တစ်ထပ်ကနေ ငါးထပ်ကတော့ အဝတ်အစားတွေနဲ့ အရုပ်တွေအတွက် ဈေးဝယ်စတိုးဆိုင်ဖြစ်နိုင်တယ်… ပြီးတော့ လမ်းဘေးအစားအသောက်က ဒေသထွက်အထူးသရေစာပဲ… အဲဒါက မြို့များစွာက ဈေးဝယ်ပလာဇာတွေရဲ့ ဒီဇိုင်းနဲ့ဆင်တူတယ်…"


ခယ်ရှောင်ပင်း: "ငါက ဆောက်လုပ်ရေးပုံစံပြာတွေ၊ ပရောဂျက်ဒီဇိုင်းအစီအစဉ်တွေ၊ ဝန်ထမ်းဌာနစာရင်းတွေနဲ့ ပရောဂျက်အစီအစဉ်တွေကို ငါ့လက်ပ်တော့ထဲမှာ ကူးထည့်ထားပြီးပြီ… လိုအပ်ရင် အချိန်မရွေး စစ်ဆေးနိုင်တယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး သူ့အဖွဲ့ဝင်များ စုဆောင်းထားသည့် အချက်အလက်တွေကို ဂရုတစိုက် မှတ်ထားပြီး ပြောသည်။

"မင်းတို့အားလုံး အရင်အခြေချဖို့ အဆောင်ဆီ ပြန်သွားလိုက်… ဖျင်စစ်နဲ့ငါက ရှောင်နျန်ကို ဆောက်လုပ်ရေးဆိုင်ဆီ ခေါ်သွားပြီး ပိုတိကျတဲ့ ဆောက်လုပ်ရေးဆိုက်အစီအစဉ်ကို ဆွဲလိုက်မယ်…"


အခြားသူများက အိပ်ဆောင်သို့ အတူတူပြန်သွားကြသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ကျန်းရှောင်နျန်ကို ဆောက်လုပ်ရေးဆိုက် အစမှအဆုံးသို့ ခေါ်ဆောင်သွားကာ အိပ်ဆောင်ဧရိယာအပါအဝင် ရုံးခန်းဧရိယာနှင့် ဂိုဒေါင်၊ စသည်တို့၏ အချက်အလက်များကို တိုင်းတာရန်အတွက် လေဆာ theodolite အသုံးပြုခဲ့သည်။ ထိုယာယီဆောက်လုပ်မှုက ဆောက်လုပ်ရေးပုံစံပြာများတွင် သက်ရောက်ခြင်းမရှိပေ။ 


တစ်ပတ်ကို တိုင်းတားပြီးနောက် ကျန်းရှောင်နျန်က ပိုမိုတိကျသော အထပ်အစီအစဉ်ကို ရေးဆွဲခဲ့သည်။


ဆောက်လုပ်ရေးဆိုင်တစ်ခုလုံး ဧရိယာက နှစ်ဧက ကျယ်ဝန်းသည်။ ရှင်းယွဲ့ပလာဇာ၊ လူကူးပုံသဏ္ဌာန်ဖြတ်ကျော်သောလမ်းနှင့် ဂီတရေပန်းက ဆောက်လုပ်ရေးဆိုက်၏ အပိုင်းအားလုံးဖြစ်ပြီး အစိမ်းရောင်အကာအရံပိုက်ကွန်များဖြင့် ခြားထားသည်။ ဆိုက်၏အနောက်ဘက်တွင် အိပ်ဆောင်များ၊ စားဖိုဆောင်များ၊ ရုံးခန်းများ စသည်တို့ အပါအဝင် လုပ်ငန်းလည်ပတ်နိုင်သော ဧရိယာများရှိသည်။ ပြီးနောက် ဆောက်လုပ်ရေးဆိုက်၏ အရှေ့တောင်ဘက်ထောင့်တွင် ဆောက်လုပ်ရေးပစ္စည်း အများအပြား သိုလှောင်ထားသည့် ဂိုဒေါင်ကြီးတစ်ခုရှိသည်။


အချက်အလက် တိုင်းတာပြီးသည်နှင့် အဖြူရောင်ဦးထုပ် ဆောင်းထားသော ခေါင်းဆောင်အများအပြားက ရုံးခန်းဧရိယာမှ ထွက်လာပြီး လူတစ်စု ဝိုင်းရံလျက် ဆောက်လုပ်ရေးဆိုက်ဂိတ်ပေါက်မှ ထွက်ခွာသွားကြသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး အဝေးကနေ လိုက်သွားကြသည်။


ခေါင်းဆောင်များ၏ ကားများကို ဆောက်လုပ်ရေးဆိုက်ဘေးရှိ ကျယ်ဝန်းသော ကားပါကင်တွင် ရပ်ထားသည်။ ဆောက်လုပ်ရေးဆိုက်မှ ထွက်ခွာပြီးနောက် လုံခြုံရေးဦးထုပ်များချွတ်ကာ စကားစမြည်ပြောရင်း ကားပါကင်ဆီသို့ လျှောက်သွားခဲ့ကြသည်။


ကျန်းဖျင်စစ်သည် အုပ်စုတစ်ခုလုံးကို လျင်မြန်စွာ ဝေ့ကြည့်လိုက်သည်။


အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဉီးပါရှိပြီး သူတို့အနက် တစ်ဦးက အသက် 40 ကျော်၊ ခန္ဓာကိုယ်ဝဝကြီးဖြင့် တက်ကြွကာ ‘အတွင်းရေးမှူးချင်’ဟု သိကြသည်။ နောက်တစ်ယောက်ကတော့ ရွှေရောင်မျက်မှန်ကို တပ်ထားပြီး ကြည့်ကောင်းသောရုပ်ရည်ရှိကာ ‘ထုပ်လုပ်သူကျောက်’ဟု သိကြသည်။ နောက်ဆုံးတစ်ယောက်က အညိုရောင်အသားအရေ၊ သန်မာသောခန္ဓာကိုယ်ရှိပြီး သူ့ပါးပြင်ပေါ်တွင် ထင်းရှားသော မှဲ့နက်တစ်လုံးရှိကာ ‘ညွှန်ကြားရေးမှူးကျန်’ဟု သိကြပြီး ထက်မြက်ပြီး စွမ်းရည်ရှိပုံရသည်။ အမျိုးသမီးက ပရော်ဖက်ရှင်နယ်ဝတ်စုံကို ဝတ်ထားကာ ဆံပင်ရှည်ရှည်ကို ခေါင်းနောက်တွင်စည်းထားပြီး အနီရောင်နားကပ်တစ်ရံကို ဝတ်ဆင်ထားသည်။ သူမက အတွင်းရေးမှူးဖြစ်နိုင်သည်။ 


ကျန်းဖျင်စစ်သည် စိတ်အားထက်သန်စွာ သတိထားနေပြီး ဘယ်တော့မှ မမေ့တတ်တာကြောင့် ဒီလူလေးယောက်က အမှုကိစ္စနဲ့ ပတ်သက်သည်ဖြစ်စေ၊ မပတ်သက်သည်ဖြစ်စေ၊ နောက်တစ်ကြိမ်တွေ့ဆုံလျှင် သူသေချာပေါက် မှတ်မိလိမ့်မည်။


ယွဲ့ရှင်းဝမ်သည် ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းရန် ကြိုးစားသောအခါ စက်ရုပ်သတိပေးသံကို သူ့နားထဲတွင် ကြားလိုက်ရသည်။

"သင် စာမေးပွဲခန်းမှ ထွက်တော့မယ်!"


သူက ရပ်လိုက်ပြီး ပြောသည်။

"ပြီးခဲ့တဲ့တစ်ခေါက်ကလိုပဲ ဒီစာမေးပွဲရဲ့ အတိုင်းအတာက ဆောက်လုပ်ရေးဆိုက်ဖြစ်ပြီး ငါတို့ အပြင်ထွက်လို့မရဘူး…"


ကျန်းဖျင်စစ်: "ထင်တာပဲ…"


ကျန်းရှောင်နျန်က ခေါင်းကုတ်လိုက်သည်။

"စာကြည့်တိုက်က ကျွန်တော်တို့ကို မတူကွဲပြားတဲ့ ID တွေ ပေးထားတယ်… ဆောက်လုပ်ရေးဆိုက်က အလုပ်သမားတွေက ကျွန်တော်တို့ပုံစံကို အံ့ဩပုံမပေါ်ဘူး… သူတို့က ကျွန်တော်တို့ကို သိတာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"သူတို့သိနိုင်တယ်… မဟုတ်ရင် ဆောက်လုပ်ရေးဆိုက်ထဲ ထူးဆန်းတဲ့မျက်နှာ 11 ‌ခု ပေါ်လာရင် သေချာပေါက် သံသယဝင်လိမ့်မယ်… ငါတို့က ဆောက်လုပ်ရေးဆိုက်ထဲ လျှောက်သွားနေပေမယ့် ဘယ်သူမှ ငါတို့ကို ဘယ်ကလာတယ်ဆိုတာ မမေးကြဘူး…"

သူက ရင်ဘတ်ပေါ်ရှိ ID ကတ်ကို ကိုင်ကာ အနောက်ဘက်ကို လှန်လိုက်သည်။

"ဒီ ID ကတ်က ဆောက်လုပ်ရေးဆိုက်ထဲကို ဝင်ဖို့ လက်မှတ်ပဲ…"

ယခုအခါ သူတို့ကို ID ကတ်ပေးထားတာကြောင့် ဆောက်လုပ်ရေးဆိုက်ထဲတွင် ပွင့်ပွင့်လင်းလင်း နေထိုင်နိုင်ပြီဖြစ်သည်။


သုံးယောက်သား အိပ်ဆောင်ကို ပြန်လာကြသည်။ ဆောက်လုပ်ရေးဆိုက်ရှိ အိပ်ဆောင်များ၏ အခြေအနေက အလွန်ညံ့ဖျင်းပါသည်။ အခန်းထဲတွင် ကုတင်နှစ်လုံးသာရှိပြီး ရေဆေးကန်လည်း မရှိတာကြောင့် မျက်နှာသစ်ရင် ရေဆေးဇလုံဖြင့်သာ ဆေးကြောနိုင်သည်။ သီးသန့်ရေချိုးခန်းလည်းမရှိဘဲ အထပ်တစ်ထပ်စီတွင် အများသုံးရေချိုးတစ်ခုသာ ရှိသည်။


ယွဲ့ရှင်းဝမ်က တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်း၏ အပြင်အဆင်ကို မြင်ပြီးနောက် ကျန်းဖျင်စစ်ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းသည်းခံနိုင်ရဲ့လား?"


ကျန်းဖျင်စစ်တွင် OCD(Obsessive-compulsive disorder)ရှိပြီး သူက ညစ်ပတ်တာ၊ ရှုပ်ပွတာ၊ ဆူညံတာတွေကို အမုန်းဆုံးဖြစ်သည်။ ယွဲ့ရှင်းဝမ်က သူရွံရှာပုံပေါ်သွားမည်ဟု ထင်ထားပေမယ့် သူကတည်ငြိမ်နေပြီး ပေါ့ပါးစွာပြောလာတာကြောင့် ယွဲ့ရှင်းဝမ် အံ့ဩသွားသည်။

"ကိစ္စမရှိပါဘူး… အိပ်ဖို့နေရာရှိတာ ကောင်းပါတယ်…"


စာကြည့်တိုက်ကို ရောက်ပြီးနောက် ကျန်းဖျင်စစ်၏ တောင်းဆိုချက်တွေ လျော့နည်းသွားတာဖြစ်လိမ့်မည်။ အရင်တုန်းက သူနေထိုင်သည့်နေရာဟာ သန့်ရှင်းသပ်ရပ်ပြီး အစားအသောက်ကလည်း သူ့အရသာနဲ့ ကိုက်ညီရမည်။ သို့သော် ယခုတော့—— အိပ်ဖို့ ကုတင်နဲ့ ဝအောင်စားနိုင်ရင် လုံလောက်ပေပြီ။


ယွဲ့ရှင်းဝမ်က သူ့ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။

"လိုက်လျောညီထွေဖြစ်အောင် လုပ်နိုင်စွမ်းက ပိုကောင်းလာတယ်…"


ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်တွေက ခပ်ရေးရေး မြှောက်တက်သွားသည်။

"မင်းဆီကနေ ငါသင်ယူခဲ့တာလေ…"


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel သို့ စာပို့ခဲ့သည်။

"ဆောက်လုပ်ရေးဆိုက်ရဲ့ အခြေအနေတွေက ဒီလိုပါပဲ… အားလုံး သည်းခံကြတာပေါ့…"


အားလုံးက ပြန်ပြောသည်။

"ရပါတယ်… ကုတင်ရှိရင်ရပြီ…"


"အနည်းဆုံးတော့ တောအုပ်ထဲက အေးစက်စက်မြေကြီးမှာ အိပ်ရတာထက် ပိုအဆင်ပြေပါတယ်…"


လျှိုကျောက်ချင်းက ဆက်ပြီး ညည်းညူသည်။

"ဒီည ငါ့ကို လိုက်ဖမ်းတဲ့ တစ္ဆေမရှိသ၍ ငါကျေနပ်ပါတယ်…"


စာကြည့်တိုက်၏ နှိပ်စက်ညှဉ်းပန်းမှုအောက်မှာ လူတိုင်း၏ တောင်းဆိုမှုတွေက လျော့နည်းလာတာက အံ့ဩစရာပင်။


ရွှီယိရှန်း: "ဒီဆောက်လုပ်ရေးဆိုက်က သင်္ချိုင်းတစ်ခုဖြစ်ခဲ့မယ်ဆိုရင် သဘာဝလွန်ဖြစ်ရပ်ဖြစ်သွားနိုင်တယ်မလား?"


လင်းမန့်လော်က သူမ၏ကျောရိုးတသ်လျှောက် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

"နင်တို့ရဲ့ကျီးကန်းပါးစပ်တွေကို ပိတ်ထားလို့မရဘူးလား?"


ယွဲ့ရှင်းဝမ်က အကြောင်းအရာဆီ လှည့်လိုက်သည်။

"‌ရှောင်ခယ်၊ ရှောင်နျန်၊ ဒုတိယထပ်က အခန်း 201 ဆီလာခဲ့… ငါတို့ ပုံစံပြာတွေနဲ့ အချက်အလက်ကို ကြည့်ကြမယ်…"


ခယ်ရှောင်ပင်းက လက်ပ်တော့တစ်လုံးဖြင့် ဝင်လာပြီး လေးယောက်သား အခန်းထဲတွင် အချက်အလက်များကို အတူဖတ်ကြသည်။ ရှောင်နျန်က ဆောက်လုပ်ရေးပုံစံပြာများကို အပြည့်အဝနားမလည်သော်လည်း ယေဘုယျခြုံငုံသုံးသပ်ချက်ကိုတော့ သိနိုင်လောက်အောင် ကောင်းမွန်ပါသည်။ ယွဲ့ရှင်းဝမ်က ဝန်ထမ်းအချက်အလက်ကို အာရုံစိုက်ခဲ့ပြီး ဆောက်လုပ်ရေးဆိုက်ရှိ အလုပ်သမားအားလုံး၏ နာမည်များ၊ ဓာတ်ပုံများနှင့် ကိုယ်ရေးအကျဉ်းများကို ကြည့်ရှုခဲ့သည်။ 


ပရောဂျက်မန်နေဂျာသည် ပရောဂျက်တစ်ခုလုံး၏ အထွေထွေမန်နေဂျာဖြစ်ပြီး ကြီးကြပ်ရေးမှူးများ၊ ဒီဇိုင်နာများ၊ မူကြမ်းရေးဆွဲသူများ၊ ဘတ်ဂျက်ရေးဆွဲသူများ၊ လုံခြုံရေးအရာရှိများ၊ ပန်းရန်ဆရာအဖွဲ့ခေါင်းဆောင်များ၊ လက်သမားအဖွဲ့ခေါင်းဆောင်များ၊ ရေနှင့်လျှပ်စစ်အဖွဲ့ခေါင်းဆောင်များ၊ ဆေးသုတ်အဖွဲ့ခေါင်းဆောင်များလည်းပါရှိပါသည်။


ဒါကိုကြည့်ရင်း သူ့မျက်လုံးများ လင်းလက်သွားသည်။


ပရောဂျက်တစ်ခု အောင်မြင်စွာပြီးမြောက်ရန် နယ်ပယ်အသီးသီးမှ နည်းပညာရှင်များနှင့် အလုပ်သမားများ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။ ဆောက်လုပ်ရေးဆိုက်ကို လူကိုယ်တိုင်လာရောက်တာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။ အချက်အလက်ကိုဖတ်ပြီးနောက် ယွဲ့ရှင်းဝမ်သည် ဗဟုသုတများစွာရခဲ့သည်ဟု ခံစားခဲ့ရသည်။


မှောင်စပြုလာပြီဖြစ်၍ ဆောက်လုပ်ရေဆိုက်၏ကန်တင်းက ဖွင့်လေပြီ။ အားလုံးက ရိုးရိုးညစာစားဖို့ ကန်တင်းသွားပြီးနောက် အိပ်ဆောင်ကို ပြန်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် မာကျောသောကုတင်ပေါ်တွင် အိပ်ရသည်မှာ မသက်မသာခံစားရသော်လည်း မြေပြင်ပေါ်တွင် အိပ်ခြင်းထက် ပိုကောင်းသည်။ ယခင်စာမေးပွဲတွင် ညသန်းခေါင်ယံ၌ မကောင်းဆိုးဝါး သို့မဟုတ် တစ္ဆေအမျိုးသမီးများ ရှိသောကြောင့် သူ့တွင် စိတ်ဒဏ်ရာများရှိနေပြီး ဤတစ်ကြိမ်တွင် ငြိမ်းချမ်းစွာ အိပ်မပျော်နိုင်ပေ။


နိုးတစ်ဝက်၊ အိပ်တစ်ဝက်ဖြစ်နေချိန်တွင် အပြင်ဘက်မှ အော်သံက ရုတ်တရက် ထွက်ပေါ်လာသည်။

"အားးး!"


အော်သံက ကျယ်လောင်ပြီး စူးရှကာ အသံနှုန်းက အလွန်မြင့်မားသောကြောင့် နားစည်ကို ပေါက်ကွဲလုမတတ် ဖြစ်သွားနိုင်သည်။


ယွဲ့ရှင်းဝမ်က ရုတ်တရက် နိုးလာပြီး ကျန်းဖျင်စစ်လည်း နိုးလာကာ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အတူတူ ပြေးထွက်လာကြသည်—


မှောင်နေပြီး ဆောက်လုပ်ရေးဆိုက်တစ်ခုလုံးက တိတ်ဆိတ်နေတာကြောင့် အော်သံက အလွန်ရုတ်ချည်းဖြစ်သွားသည်။ အောက်ထပ်ရှိ ကျောင်းသားတချို့လည်း နိုးလာပြီး လူတိုင်းက အသံကြားရာသို့ အမြန်ပြေးကြသည်။


ရှင်းယွဲ့ပလာဇာတွင် ဆောက်လုပ်ရေးဆိုက်၌ ဘိလပ်မြေလုပ်သားအဖြစ် ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက အမြင့်မှ ပြုတ်ကျခဲ့သည်။


သူပြုတ်ကျသွားသည့် အောက်နားမှာ ဆောက်လုပ်ရေးပစ္စည်းတွေ စုပုံနေပြီး ချွန်ထက်သော စတီးပိုက်က သူ့ဝမ်းဗိုက်ကို ထိုးဖောက်သွားသည်။


ရွှဲနစ်နေသော သွေးများက မြေပြင်ကို အနီရောင်စွန်းထင်းစေပြီး ကျိုးပဲ့နေသော အရုပ်ကဲ့သို့ သူသည် စတီးပိုက်ပေါ်တွင် တွဲလျောင်းကျနေကာ ထိုးဖောက်ခံထားရသည်။ ထိုလူ၏ မျက်လုံးများက အလွန်ပြူးကျယ်နေပြီး မျက်လုံးအိမ်များမှ ပေါက်ထွက်လုနီးပါး ဖြစ်နေသည်။


စတီးပိုက်ပေါ်တွင် တိမ်းစောင်းနေသော အလောင်းသည် ညင်သာစွာ တုန်ခါနေဆဲဖြစ်သည်။


ဤသွေးသံတရဲရဲမြင်ကွင်းကို ကြည့်လိုက်ရင်း ယွဲ့ရှင်းဝမ်သည် သူ၏ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။ 


ဒီစာမေးပွဲက ဆောက်လုပ်ရေးဆိုက်လူသတ်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခွင့်ပေးတာလား?


#TK