Volume 4 : ဗိသုကာဌာန
Chapter 64 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၃)
အသတ်ကိုခံရသော အလောင်းကို မြင်သောအခါ ယွဲ့ရှင်းဝမ်၏ ပထမဆုံးတုံ့ပြန်မှုမှာ သံသယဖြစ်ဖွယ် ကျူးလွန်သူများကို ချက်ချင်း လှည့်ပတ်ကြည့်ခဲ့သည်။ မနက် 5:30 ပဲ ရှိသေးတာကြောင့် မှောင်နေဆဲဖြစ်ပြီး အလုပ်သမားအများစုက မနိုးကြသေးပေ။ ဆောက်လုပ်ရေးဆိုက်က ဗလာဖြစ်နေပြီး အလောင်းမှလွဲ၍အနီးနားတွင် အော်ဟစ်နေသော အမျိုးသမီးအလုပ်သမားသာ ရှိသည်။
အလောင်းတစ်ဝိုက်ရှိ သွေးများက မတိတ်သေးသေးတာကြောင့် သေဆုံးသည်မှာ မကြာသေးကြောင်း ညွှန်ပြနေသည်။
သူ့ခန္ဓာကိုယ်၏တည်နေရာကို ကြည့်ပြီး အကြီးမားဆုံးဖြစ်နိုင်ခြေကတော့ ရှင်းယွဲ့အဆောက်အဦး၏ အမြင့်ကနေ ပြုတ်ကျတာဖြစ်သည်။ လူသတ်မှုဖြစ်လျှင် လူသတ်သမားသည် အမြင့်မှ တွန်းချပြီး အဆောက်အဦးမှ ထွက်ပြေးရန် အနည်းဆုံး မိနစ်အနည်းငယ် ကြာမည်ဖြစ်သည်။ လူသတ်သမားက အခင်းဖြစ်ပွားရာနေရာမှာ ရှိနေသလား?
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခေါင်းညိတ်ပြပြီး ချက်ချင်းဆိုသလိုပင် အဖွဲ့ဝင်အနည်းငယ်ကို ခေါ်ဆောင်ကာ ရှင်းယွဲ့အဆောက်အဦး၏ ထွက်ပေါက်များစွာတွင် လူများကို ပိတ်ဆို့ရန် လှည့်လာခဲ့သည်။
ယွဲ့ရှင်းဝမ်နှင့် လျှိုကျောက်ချင်းတို့က အခင်းဖြစ်ပွားရာနေရာတွင် နေထားခဲ့သည်။
လျှိုကျောက်ချင်းက ကောင်းကောင်းအိပ်မပျော်တာ သိသာထင်ရှားပြီး သူ့မျက်ခွံအောက်မှာ အညိုရောင်အကွက်တွေ ရှိနေသည်။ အဖွဲ့ထဲမှာ မှုခင်းဆရာဝန်မရှိသော်လည်း သူက ဆေးကျောင်းသားတစ်ဦးဖြစ်သောကြောင့် သေဆုံးရသည့်အကြောင်းရင်းကို အကြမ်းဖျင်းဆုံးဖြတ်နိုင်သည်။ သူက ရှေ့တစ်လှမ်းတိုး၍ သေဆုံးသူ၏အလောင်းအား ဂရုတစိုက်ကြည့်ရှုစစ်ဆေးပြီး ပြောသည်။
"သူ ပြုတ်ကျတဲ့အချိန်မှာ စတီးပိုက်နဲ့ ထိမိတာပဲ… ဝမ်းဗိုက်ကို ဖြတ်ပြီး ဖောက်ထားတဲ့ စတီးပိုင်အနေအထားက ဘယ်ဘက်သရက်ရွက်အနီးမှာရှိပြီး အဲဒါက သရက်ရွက်ပေါက်ပြဲခြင်းကြောင့် ဝမ်းဗိုက်အတွင်း ကြီးမားတဲ့ သွေးယိုစိမ့်မှုဖြစ်စေတယ်…"
သေခြင်းတရားက အများအားဖြင့် နည်းလမ်းနှစ်မျိုးရှိသည်။ တစ်မျိုးကတော့ ဦးခေါင်းက မြေပြင်ဖြင့်ထိမှန်ပြီး ဦးခေါင်းကွဲကာ တိုက်ရိုက် ဦးနှောက်သွေးကြောပေါက်တာ၊ နောက်တစ်မျိုးက ခန္ဓာကိုယ်တစ်ခုလုံး မြေပြင်ပေါ်သို့ ပြုတ်ကျပြီး အတွင်းအင်္ဂါများပေါက်ပြဲကာ သေဆုံးနိုင်သည်အထိ သွေးထွက်လွန်ခြင်း၊ သို့မဟုတ် ပြုတ်ကျကာ အတွင်းအင်္ဂါများကို ချွန်ထက်သောအရာဖြင့် ထိုးဖောက်မိခြင်းဖြစ်သည်။
ဤလူသည် အလွန်ရိုးစင်းစွာ သေဆုံးခဲ့ပြီး အသက်ရှင်ရန် အလားအလာ မရှိတော့ပေ။ လျှိုကျောက်ချင်းက ခေါင်းမော့ပြီး အဆောက်အဦးကိုကြည့်ကာ ပြောလိုက်သည်။
"နေရာကို ပါးနပ်စွာရွေးချယ်ထားတာပဲ… အထူးသဖြင့် လူတွေကို စတီးပိုက်တွေ ချထားတဲ့နေရာဆီ တွန်းထုတ်လိုက်တာက တစ်ချက်တည်းနဲ့ သေသွားစေဖို့ပဲ…"
အော်ဟစ်နေသော အမျိုးသမီးလုပ်သားမှာ ထိတ်လန့်တကြားဖြင့် ဖြူဖျော့သွားသည်။ ယွဲ့ရှင်းဝမ်က ခေါင်းလှည့်ကာ မေးလိုက်သည်။
"မင်္ဂလာပါ… ဒီလူကို သိလားဟင်?"
အမျိုးသမီးလုပ်သားက တုန်ယင်နေသာနှုတ်ခမ်းဖြင့် ပြောလာသည်။
"သူ–သူက ငါ့ဇာတိကပဲ၊ သူ့နာမည်က ကျောက်တရုန်… သူက ဘိလပ်မြေလုပ်သားပါ… ငါ မနက်အိပ်ရာထပြီး အိမ်သာတက်ပြီးနောက် ဖြတ်သွားတဲ့အခါ သူက ဒီစတီးပိုက်မှာ တွဲလျောင်းကျပြီး နေရာအနှံ့သွေးတွေထွက်နေတာကို ငါတွေ့လိုက်တာ…"
သူမအနောက်မှ ရှုပ်ထွေးနေသော ခြေသံများထွက်ပေါ်လာသည်။ လုပ်သားတချို့လည်း သူမ၏အော်သံကြောင့် နိုးလာပြီး အခြေအနေကိုကြည့်ရန် လာခဲ့ကြသည်။
တစ်စုံတစ်ယောက်က သေဆုံးသူကို မှတ်မိပြီး အော်လိုက်သည်။
"ကျောက်တရုန်လား? ဖြစ်သွားတာလဲ!"
"ဘုရားရေ… သူ ဘယ်လိုလုပ်ပြီး သေသွားတာလဲ?"
"လူနာတင်ကားကိုခေါ်လိုက်!"
"110 ကို အရင်ခေါ်သင့်တာ!"
တစ်ယောက်က 110 ကို ခေါ်ဆိုရန် ဖုန်းကို အလျင်အမြန်ထုတ်ပြီး အခြားတစ်ယောက်က 120 ကို ခေါ်လိုက်သည်။ ဆောက်လုပ်ရေးဆိုက်တစ်ခုလုံး ပရမ်းပတာဖြစ်သွားကြသည်။
ထိုအချိန်တွင် ကျန်းဖျင်စစ်က ရှင်းယွဲ့ပလာဇာအဆောက်အဦးအတွင်း ရှာဖွေရန် သူ၏အဖွဲ့သားများကို ဦးဆောင်ခဲ့သည်။
ချင်လု၊ ချင်မြောင်နှင့် လင်းမန့်လော်တို့က အဆောက်အဦး၏ ထွက်ပေါက်သုံးခုကို စောင့်ကြပ်ခဲ့သည်။ အခြားကျောင်းသားများက အဆောင်အဦးထဲကို အမြန်ရှာဖွေပြီး သုတေသနအဖွဲ့ chat channel တွင် အချိန်မရွေး သတင်းဖလှယ်ကြသည်။
ကျိုဖုန်း: "ဧရိယာA မှာ သံသယဖြစ်ဖွယ်လူမတွေ့ဘူး…"
ရွှီယိရှန်း: "ဧရိယာB မှာလည်း ဘာမှမတွေ့ဘူး… အဆောက်အဦးတစ်ခုလုံး လွတ်နေတယ်…"
ကျန်းဖျင်စစ်က ဧရိယာC ၏ တာဝန်ခံဖြစ်သည်။ မနေ့က အဆောက်အဦးအတွင်း၌ ရေးဆွဲထားသော ပုံစံပြာများကို သူမြင်ထားပြီးပြီဖြစ်တာကြောင့် ဤနေရာရှိ လမ်းများကို အလွန်ရင်းနှီခဲ့သည်။ သူက လှေကားမှတက်ကာ ခုနစ်လွှာကို တစ်ထပ်ပြီးတစ်ထပ် ရှာဖွေခဲ့သည်။
ခြောက်ထပ် ထောင့်နားကို လျှောက်သွားရင်း ရုတ်တရက် အရိပ်တစ်ခု ဖြတ်သွားသည်။
ထိုလူက အလွန်လျင်မြန်စွာ ပြေးသွားကာ လိမ္မာပါးနပ်သော တိရစ္ဆာန်လေးတစ်ကောင်ကဲ့သို့ ကြောင်တစ်ကောင်လို နံရံ၏အလယ်ပေါက်ကို ဖြတ်၍ ကူးသွားသည်။
အဆောက်အဦအတွင်းပိုင်းက မပြီးသေးသောကြောင့် နံရံများတွင် ဆောက်လုပ်ရေးလုပ်သားများ ဖြတ်သန်းသွားလာနိုင်ရန် အပေါက်များရှိနေမည်ဖြစ်သည်။ ကျန်းဖျင်စစ်သည် အရပ်ရှည်ပြီး ခြေတံရှည်ပေမယ့် နံရံရှိ အပေါက်များကြားမှ လူများကို လိုက်ဖမ်းရန် အဆင်မပြေပေ။
သူက မျက်မှောင်ကြုတ်ကာ ရုတ်တရက် ညာဘက်လက်ကို မြှောက်လိုက်သည်——
Coordinate system က ချက်ချင်း နေရာယူထားပြီး မီတာ အနည်းငယ်အကွာမှ ပြေးထွက်လာသောလူကို ကျန်းဖျင်စစ်က ပြောင်းပြန်မျဉ်းဖြောင့်အတိုင်း သူ့အရှေ့သို့ နောက်ပြန်ရွှေ့လိုက်သည်။ ကျန်းဖျင်စစ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူ၏ အနောက်ကော်လံကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
"မင်းဘာလို့ ပြေးနေတာလဲ?"
ထိုလူ၏မျက်နှာက ထိတ်လန့်မှုအပြည့်နှင့် နားမလည်နိုင်ဟန်ရှိနေသည်။ သူ ရှင်းရှင်းလင်းလင်း ပြေးထွက်သွားတာကို ဘယ်လိုလုပ် နောက်ပြန်ရောက်လာတာလဲ?
သူက နှစ်စက္ကန့်မျှ စိတ်ရှုပ်နေပြီး စကားထစ်ထစ်ဖြင့် ပြောသည်။
"ကျွန်–ကျွန်တော် ဗိုက်နာနေလို့၊ အိမ်–အိမ်သာဆီ ပြေးလို့မရဘူးလား?"
ထိုအသံက ဆယ်ကျော်သက်တစ်ယောက်လို လူငယ်နဲ့တူသည်။ ကျန်းဖျင်စစ်သည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ လုံခြုံရေးဦးထုပ်၏ အောက်တွင် ကောင်လေး၏မျက်နှာက သေးငယ်ပြီး 17, 18 နှစ်အရွယ် လူငယ်တစ်ယောက်၏မျက်နှာပုံစံဖြစ်ကာ အသားညိုညိုဖြင့် မျက်လုံးကြီးများက တောက်ပနေပေမယ့် ပထမအထင်အမြင်ကတော့ သူကအလွန်ပါးနပ်သည်။
ကျန်းဖျင်စစ်က လေးနက်စွာ မေးသည်။
"မင်းက အိပ်ဖို့ အိပ်ဆောင်ဖို့ မပြန်ဘဲ ဒီမှာ ဘာလုပ်နေတာလဲ?"
ဆယ်ကျော်သက်က သတိရှိစွာ ပြောသည်။
"ကျွန်တော့်– အိပ်ဆောင်က အိပ်ရာက အသိမ်းခံထားရလို့ မနေ့ညက ကျွန်တော် ဒီအထပ်မှာ အိပ်ခဲ့တာ…"
သူ့ကိုယ်အလေးချိန်က ပေါင် 120 ထက်နည်းသည်။ ဒီအသားညိုညို၊ ပိန်ပိန်ပါးပါး ဆယ်ကျော်သက်က အရွယ်ရောက်သူလူကြီးကို တွန်းနိုင်သလား? သူ ဒီမှာရှိနေတာ တိုက်ဆိုင်မှုတစ်ခုလား? ဒါမှမဟုတ် သူက လူသတ်သမား? ဒါမှမဟုတ် ဒီအမှု၏ မျက်မြင်သက်သေလား?
ကျန်းဖျင်စစ်က လေးနက်သော အသံဖြင့် မေးသည်။
"မင်း အခုလေးတင် မြင်လိုက်၊ ကြားလိုက်တာရှိလား?"
ဆက်ကျော်သက်က အပြစ်ကင်းစင်သောမျက်နှာဖြင့် ပြောသည်။
"ငါ အိပ်ပျော်တော့မယ့်အချိန် တစ်ခုခုပြုတ်ကျသလိုမျိုး ‘ဘမ်း’ဆိုတဲ့အသံကို ကြားလိုက်တယ်… အဲဒီနောက် အမျိုးသမီးတစ်ယောက်က အောက်ထပ်ကနေ အော်လာတယ်!"
သူက ခဏရပ်ကာ လေးနက်စွာ မေးသည်။
"တစ်ခုခုဖြစ်လို့လား?"
ကျန်းဖျင်စစ်က သူ့မျက်လုံးတွေကို စူးစူးစိုက်စိုက်ကြည့်ရင်း ပေါ့ပါးစွာပြောသည်။
"မင်း အိပ်သာကို ဗိုက်နာလို့ သွားချင်နေတာ မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး အိပ်ပျော်သွားတာ ဖြစ်သွားတာလဲ?"
ဖော်ထုတ်ခံရသော ဆယ်ကျော်သက်က ရှက်ရွံ့ဟန်ဖြင့်
"ကျွန်တော် နိုးလာတော့မှ ဗိုက်နာလာတာပါ… မဟုတ်ဘူး၊ မဟုတ်ဘူး၊ ခင်ဗျားက ရုတ်တရက် တက်လာတော့ ကျွန်တော်ကြောက်ပြီး ထွက်ပြေးတာ…"
ဒီကောင်လေးက လိမ်ညာမှုတွေဖြင့် ပြည့်နှက်နေသည်။ ကျန်းဖျင်စစ်သည် သူနဲ့ အချိန်မဖြုန်းချင်တာကြောင့် သူ့ကိုခေါ်ကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။
အောက်ထပ်တွင် လူတစ်စုက အလောင်းနား၌ ဝိုင်းထားကြသည်။ သေဆုံးသူကို ကျောက်တရုန်အဖြစ် လူအများက အသိအမှတ်ပြုကြပြီး ယွဲ့ရှင်းဝမ်သည် သတင်းရရှိရန် ပတ်ဝန်းကျင်ရှိ အလုပ်သမားများကို ရှာဖွေနေပါသည်။ ကျန်းဖျင်စစ်ကိုတွေ့တော့ သူက အလျင်အမြန် လျှောက်လာပြီး တစ်ဖက်လူ၏သတင်းအချက်အလက်ကို မျက်လုံးဖြင့် မေးလိုက်သည်။ ကျန်းဖျင်စစ်က ခေါင်းယမ်းပြီး ယွဲ့ရှင်းဝမ်၏နားထဲသို့ တိုးတိုးလေးပြောလိုက်သည်။
"ငါတို့ အပေါ်တက်ရှာတုန်းက အခြားဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး၊ ဒီကောင်လေးကလွဲရင်…"
ယွဲ့ရှင်းဝမ်က အသားညိုညိုနဲ့ တောက်ပသောမျက်လုံးများဖြင့် ကောင်လေးကို သေချာကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
"သူက လူသတ်သမားနဲ့ မတူဘူးမလား?"
ကျန်းဖျင်စစ်: "သေဆုံးသူနဲ့ သူရဲ့ပတ်သတ်မှုကို မင်းမေးကြည့်ရမှာပေါ့…"
သူပြောပြီးသည်နှင့် ဆက်ကျော်သက်က လူအုပ်အတွင်းမှ အလောင်းကို မြင်ပြီး ရုတ်တရက် အရူးသဖွယ် ပြေးသွားကာ ကြေကွဲစွာ အော်ဟစ်နေသည်။
"ဦးလေး၂၊ ဦးလေး၂၊ ဘယ်လိုဖြစ်တာလဲ? တစ်ယောက်ယောက် ကယ်ကြပါဦး!"
သူ့ဘေးနားရှိ အမျိုးသမီးလုပ်သားက သူ့ကို ဖျောင်းဖျသည်။
"အားလျန်… နင့်ရဲ့ဦးလေး၂ က ပြုတ်ကျပြီး သေသွားပြီ…"
"ဘယ်လိုဖြစ်ရတာလဲ?"
ပတ်ဝန်းကျင်မှာ ဆွေးနွေးမှုတွေ အများကြီးရှိခဲ့သည်။
လူတိုင်း၏ဆွေးနွေးမှုမှ ကောင်လေး၏နာမည်က ကျောက်လျန်၊ ကျောက်တရုန်၏တူဖြစ်ပြီး အသက် 18 အရွယ် ယခုနှစ် ဇွန်လမှ အထက်တန်းကျောင်းပြီးခဲ့တယ်ဆိုတာကို နောက်ဆုံးတော့ ကျန်းဖျင်စစ်သိလိုက်ရသည်။ တက္ကသိုလ်ကောင်းကောင်းမတက်နိုင်၍ လက်မှုပညာသင်ယူရန် ဆောက်လုပ်ရေးဆိုက်မှာ သူ၏ဦးလေး၂ နောက်လိုက်ခဲ့သည်။
တူဖြစ်သူက သူ့ဦးလေးကို သတ်တာလား? ကောင်လေး၏ ကြေကွဲပြီး ငိုနေတာကို ကြည့်ရင် ဒီဖြစ်နိုင်ခြေက မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် လုံးဝတော့ ဖယ်ထုတ်လို့မရပေ။ ထို့အပြင် ကျောက်လျန်က အခင်းဖြစ်ပွားချိန်တွင် အဆောက်အဦးအတွင်း ရှိနေသော တစ်ဦးတည်းသောလူဖြစ်သည်။
အပြင်ဘက်တွင် လူနာတင်ကားများနှင့် ရဲကားများ အသံထွက်လာရန် အချိန်အတော်ကြာပါသည်။
ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်တွေဆီ ပြန်သွားပြီး အားလုံးက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ပြောသည်။
"ဒါကို ရဲတွေဆီ တိုင်ကြားလို့ရလား? ဒီကိစ္စကို ရဲတွေဆီ လွှဲပေးလိုက်ရင် ငါတို့ ဘာလုပ်နိုင်မှာလဲ?"
ရွှီယိရှန်းက သမ်းဝေကာ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
"ရဲတွေက ဒီကိစ္စကို ဖြေရှင်းဖို့ ကူညီပေးမှာ မဟုတ်ဘူး… သက်သေအထောက်အထား ရှာမတွေ့ဘူးဆိုရင် အဆောက်အဦးကနေ မတော်တဆပြုတ်ကျတာလို့ပဲ သတ်မှတ်လိမ့်မယ်… ရဲတွေက စာမေးပွဲခန်းရဲ့ စစ်ဆေးရေးမှူးလို လှည့်ပတ်ပြီး ထွက်သွားမှာဆိုတော့ စာမေးပွဲစာရွက်တွေကို ကျွန်တော်တို့ကိုယ်တိုင် ဖြေရမှာ…"
ဒါကို တွေးကြည့်ရင်း ဖြစ်နိုင်ခြေရှိသလို လူတိုင်းခံစားရသည်။
သူတို့က ရဲတွေကို တိုက်ရိုက်ဖြေရှင်းခွင့်ပေးလိုက်ရင် သူတို့တွေ ဘာလို့ စာမေးပွဲကိုဖြေရန် လိုအပ်ဦးမည်နည်း။ ရွှီယိရှန်း၏ ‘စစ်ဆေးရေးမှူး’ဆိုသော တင်စားမှုက အလွန်သင့်လျော်ပါသည်။
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ တိုးတိုးပြောသည်။
"လူသတ်သမားက အရမ်းသတိကြီးတယ်… ငါတို့ အပေါ်ထပ်ကို တက်သွားပြီး ဘာသဲလွန်စမှ ရှာမတွေ့ခဲ့ဘူး… ဒီအဆောက်အဦးထဲမှာ မရေမတွက်နိုင်တဲ့ ခြေရာတွေရှိတယ်… အရမ်းပွပြီး ရည်ညွှန်းလို့မရဘူး…"
ယွဲ့ရှင်းဝမ်က သူ့မေးစေ့ကို ပွတ်သက်ရင်း မှန်းဆသည်။
"အခင်းဖြစ်ချိန်မှာ တစ်စုံတစ်ယောက်က သူ့ကို အောက်ထပ်ဆီ တွန်းချခဲ့မယ်ဆိုရင် အဲဒီလူက အလောင်းကို လူတိုင်းရှာမတွေ့ခင် လွတ်မြောက်သွားလိမ့်မယ်… ဖျင်စစ်က လူတွေကို ခေါ်ပြီး လိုက်ရှာနေချိန် သူကလွတ်မြောက်သွားပြီဖြစ်တာကြောင့် သူ့ကိုရှာလို့မတွေ့လိုက်ဘူး… သူက အဆောက်အဉီးအတွင်းပိုင်းကို ရင်းနှီးတာကြောင်ြ လွတ်မြောက်ဖို့ အမြန်ဆုံးနည်းလမ်းကို သိလိမ့်မယ်…"
ကျိုဖုန်း: "ဒီမှာရှိတဲ့ လုပ်သားတွေက အဆောက်အဦးနဲ့ အရမ်းရင်းနှီးတယ်… ဒါကို အခြေခံပြီး သံသယရှိသူတွေရဲ့ အတိုင်းအတာက အရမ်းကြီးတယ်…"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"ဟုတ်တယ်… လူတိုင်းက ပြစ်မှုကျူးလွန်နိုင်တယ်… အဓိကက ပြစ်မှုကျူးလွန်တဲ့အချိန်ပဲ… သေဆုံးသူသေသွားတာက မကြာသေးဘူး… ဆောက်လုပ်ရေးဆိုက်ရဲ့ အိပ်ဆောင်တွေက နှစ်ယောက်ခန်းတွေ ဖြစ်တယ်… အဲဒီအချိန်အတွင်း ဘယ်သူအပြင်ထွက်တာလဲ? သံသယရှိသူက ဘယ်သူလဲ?"
ကျန်းဖျင်စစ်က ခဏလောက်စဉ်းစားပြီး ဆက်ပြောလာသည်။
"ဒါ့အပြင် လူသတ်သမားက လုပ်သားတွေရဲ့ အလုပ်နဲ့ အနားယူတဲ့ အလေ့အထတွေကို ကောင်းကောင်းသိတယ်… ကျောက်တရုန်ရဲ့ အလေ့အထကို သူကောင်းကောင်းသိထားတယ်… ကျောက်တရုန်က မနက်စောစော အလုပ်ဆင်းရတာကို နှစ်သက်ပြီး လုပ်ကြံဖို့ ဒီအချိန်ကို ရွေးချယ်လိုက်တာပဲ…"
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ ပြောသည်။
"လူတစ်ယောက်ကိုသတ်ဖို့ မနက် 5:30 မှာ အိပ်ရာထလာတယ်… အချစ်အတွက်လား? ပိုက်ဆံအတွက်လား? လက်စားချေဖို့လား?"
ကျောက်တရုန်၏ ထူးဆန်းသော အလုပ်အချိန်ဇယားက သူ့ကိုပစ်မှတ်ထားရန် လူသတ်သမားအတွက် လက်နက်တစ်ခု ဖြစ်လာခဲ့သည်။ သူတို့နှစ်ယောက်ကြားထဲမှာ ဘယ်လိုမကျေနပ်မှုတွေ ရှိထားတာလဲ?
ခယ်ရှောင်ပင်းက ရုတ်တရက် မေးသည်။
"ဒါနဲ့ ဆောက်လုပ်ရေးဆိုက်မှာ cctv တွေရှိလား?"
ကျိုဖုန်းက သူ့လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်လိုက်သည်။
"အဆောက်အဦးအတွင်း cctv တွေ မတပ်ဆင်ရသေးဘူး… လက်ရှိ တိုးတက်မှုတွေက ရေနဲ့ လျှပ်စစ်ပြုပြင်မွမ်းမံတာ ဖြစ်တယ်… လုပ်ငန်းစဉ်အတွင်း မတော်တဆမှုတွေ မဖြစ်စေဖို့ ပင်မလျှပ်စစ်ခလုတ်ကိုလည်း ပိတ်ထားတယ်…'
လင်းမန့်လော်: "ဆောက်လုပ်ရေးဆိုက်ရဲ့ ဝင်ပေါက်နဲ့ ထွက်ပေါက်တွေမှာ cctv တွေရှိပြီး ထောင့်တချို့ကိုတော့ စစ်ဆေးနိုင်တယ်…"
ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။
"ရဲတွေက အဲဒါကို သွားမရှာခင် စောင့်ကြည့်ရေးခန်းထဲသွားပြီး ငါ့လက်ပ်တော့ထဲ အဲဒါကို အရင်ကူးလိုက်ရမလား?"
ယွဲ့ရှင်းဝမ်က ရိုးရှင်းစွာ ပြောလိုက်သည်။
"ကောင်းပြီ… မြန်မြန်လုပ်လိုက်… မင်းနဲ့ ချင်လု အတူသွားလိုက်ကြ…"
ချင်လု၏ ကျောက်ထုလွှာလှုပ်ရှားမှုက တကယ်ကို အသုံးဝင်သည်။ သူမသည် အခြားသူများမသိဘဲ ခယ်ရှောင်ပင်းကို စောင့်ကြည့်ရေးခန်းထဲသို့ ပို့ဆောင်နိုင်သည်။ ခယ်ရှောင်ပင်းက အချက်အလက်ကို အမြန်ကူးယူခဲ့သည်။ သူ့အဖွဲ့ဝင်များဆီကို ပြန်လာချိန်မှာ မှုခင်းဆရာဝန်၏ကားက အလောင်းကို ယူသွားပြီး ရဲတွေက လမ်းမှာ စောင့်နေခဲ့သည်။ လာရောက်စုံစမ်းပြီးနောက် လူငယ်စုံထောက်အများအပြားက သက်သေအထောက်အထားများစုဆောင်းရန် အပေါ်ထပ်သို့ အမြန်တက်ခဲ့ကြသည်။
ယွဲ့ရှင်းဝမ်က အနားမှာ ခဏရပ်ပြီး နားထောင်နေခဲ့သည်။
သေဆုံးသူနှင့် ရင်းနှီးသူတစ်ဦးက
"ကျောက်တရုန်ရဲ့ ဇာတိက မြို့A အနီးက ရွာတစ်ရွာဖြစ်ပြီး သူ့မှာ အဖေရော၊ အမေရော မရှိတော့ဘဲ သူ့အစ်ကိုနဲ့အတူ ကြီးပြင်းလာခဲ့တာ… လွန်ခဲ့တဲ့နှစ်တွေတုန်းက သူ့အစ်ကိုနဲ့ သူ့မရီးက ကားမတော်တဆမှုနဲ့ ဆုံးသွားပြီး ကျောက်လျန်ဆိုတဲ့ ကလေးတစ်ယောက်ပဲ ကျန်ခဲ့တယ်… သူတို့မိသားစုက အရမ်းဆင်းရဲတယ်… မိန်းမတစ်ယောက်မယူနိုင်တဲ့အထိကို ဆင်းရဲကြတယ်… ရှောင်လျန်ရဲ့ ပညာရေးညံ့ဖျင်းတယ်… သူက တက္ကသိုလ်ဝင်ခွင့်မရတာကြောင့် သူတို့တူဝရီးနှစ်ယောက်က ဆောက်လုပ်ရေးဆိုက်မှာ အတူတူ အလုပ်လာလုပ်ကြတာ…"
ရဲအရာရှိက မေးသည်။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျောက်တရုန်နဲ့ တစ်ယောက်ယောက်ကများ ရန်ဖြစ်တာတွေ ရှိခဲ့လား?"
ဆောက်လုပ်ရေးဆိုက်မှ လူများက တစ်ယောက်ပြီးတစ်ယောက် ခေါင်းယမ်းကြသည်။
"မရှိဘူး… သူက ရိုးသားတယ်… သူက လူတိုင်းကို ပြုံးပြလေ့ရှိတယ်…"
"အားလုံးက သူ့ကို ရှေးဆန်တဲ့ဘူးသီးခြောက်ဆိုပြီး ခေါ်ကြတယ်… သူ့ကို တစ်ခုခုမေးလိုက်ရင် သူက တစ်ခွန်းတည်းနဲ့ ပြန်ဖြေတယ်… သူက စကားအများကြီးပြောတာကို ကြိုက်တဲ့သူမဟုတ်ပေမယ့် အရမ်းရိုးသားတယ်…"
"သူက အလုပ်အရမ်းကြိုးစားတယ်… သူက ဆောက်လုပ်ရေးဆိုက်ဆီရောက်တာ နှစ်ဝက်လောက်ရှိပြီ… သူက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်တာမျိုး မကြားဖူးဘူး…"
ခဏအကြာတွင် သက်သေများ စုဆောင်းရန် အပေါ်ထပ်သို့ တက်သွားသော ရဲအရာရှိများ ဆင်းလာပြီး ခေါင်းဆောင်၏ နားထဲသို့ တိုးတိုးလေး ပြောနေကြသည်။ ယွဲ့ရှင်းဝမ်သည် သူတို့ပြောနေတာတွေကို မကြားနိုင်ပေမယ့် ရဲသား၏အမူအယာကိုကြည့်ပြီးတော့ ဒါဟာ ကြီးကြီးမားမား အကျိုးအမြတ်မယူသင့်ပေ။
ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို ပိတ်ဆို့ထားပြီး လူတိုင်းကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့သည်။
မှုခင်းဆရာဝန်သည် သေဆုံးချိန်ကို မနက် 5 နာရီမှ 5 နာရီ 15 မိနစ်ကြားဟု ထုတ်ပြန်ခဲ့သည်။ လုပ်သားများက ထိုအချိန်တွင် သူတို့ဘာလုပ်နေသလဲ၊ ခြေသံကြားသလား၊ အစရှိသဖြင့်ကို ရှင်းပြန်ရန် လိုအပ်သည်။
ဆောင်းဦးပေါက်နေပြီဖြစ်ပြီး မနက် 5 နာရီက မှောင်နေသေးသည်။ ဤအချိန်က အိပ်ရန် အကောင်းဆုံးအချိန်ဖြစ်ပြီး လူအများစုက သူတို့၏အခန်းဖော် အပြင်ထွက်၊မထွက်ကို မသိကြပေ။ လူအများစု၏ အဖြေမှာ ‘ငါက အဲဒီအချိန် အိပ်ဆောင်မှာ အိပ်နေတာ’ဟု တုံ့ပြန်တာကြောင့် လူတိုင်း၏‘အလီဘိုင်’၏ ယုံကြည်ကိုးစားမှုမှာ အလွန်လျော့ကျသွားမည်ဖြစ်သည်။
ရဲတပ်ဖွဲ့က အကျိုးအမြတ်များများစားစားမရရှိခဲ့ဘဲ အဖွဲ့ကို ယာယီပိတ်ထားခဲ့သည်။
မနက် 8 နာရီတွင် ခေါင်းဆောင်အများအပြားက ဆောက်လုပ်ရေးဆိုက်သို့ လာရောက်ကြပြီး ယာယီရပ်ဆိုင်းထားရန် တောင်းဆိုခဲ့ကြသည်။
ယွဲ့ရှင်းဝမ်က အိပ်ဆောင်သို့ပြန်သွားကာ ခယ်ရှောင်ပင်း ကူးခဲ့သော စောင့်ကြည့်ရေးကင်မရာကို သေသေချာချာကြည်ခဲ့သည်—— အပေါ်ထပ်သို့ ဘယ်သူမှ တက်မလာခဲ့ပေ။
ဤအဆောက်အအုံတွင် စုစုပေါင်း ထွက်ပေါက် သုံးခုရှိပြီး အားလုံးကို စောင့်ကြည့်ကင်မရာများ တပ်ထားသည်။ တစ်စုံတစ်ယောက်က ဝင်သည်ဖြစ်စေ၊ ထွက်သည်ဖြစ်စေ ကင်မရာတွင် ရိုက်ထားနိုင်သည်။ သို့သော်လည်း ကျောက်တရုန်က မနက် 3 နာရီ 30 တွင် အဆောက်အဦးထဲသို့ ဝင်ရောက်ခဲ့ပြီး 5 နာရီ 30 မိနစ်တွင် ကျောက်တရုန်၏အလောင်းကို တွေ့ရှိခဲ့ရာ နှစ်နာရီအတွင်း အခြားမည်သူမျှ အဆောက်အဦးထဲသို့ ဝင်ရောက်ခြင်း၊ ထွက်သွားခြင်းမရှိခဲ့ပေ။
ထိုအချိန်တွင် ကျောက်တရုန်နှင့် သူ၏ အသက် 18 နှစ်အရွယ်တူဖြစ်သူ အားလျန်သာ အဆောက်အအုံထဲတွင် ရှိနေသည်။
ယွဲ့ရှင်းဝမ်နဲ့ ကျန်းဖျင်စစ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ပြောလာသည်။
"တူဖြစ်သူက လူသတ်သမားမဟုတ်ဘူးဆိုရင် လူသတ်သမားက အဆောက်အဦးထဲမှာ ကြိုပြီးပုန်းအောင်းနေခဲ့တာဖြစ်မယ်… ဒါ့အပြင် အခင်းဖြစ်ပြီးနောက်မှာ ဒီထွက်ပေါက်သုံးခုကနေ သူထွက်မလာတာမျိုး ဖြစ်နိုင်သလား?"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ
"အဲဒီအချိန်တုန်းက ငါတို့ အသေးစိတ်စစ်ဆေးခဲ့ပြီး အဆောက်အဦးထဲမှာ ဘယ်သူမှ မရှိခဲ့ဘူး…"
လူသတ်သမား ဘယ်ရောက်သွားတာလဲ? လူတွေကိုသတ်ပြီးရင် အဲဒီနေရာမှာတင် ပျောက်သွားတာလား?
ခယ်ရှောင်ပင်းက ရုတ်တရက် တုန်လှုပ်သွားပြီး တိုးတိုးပြောလာသည်။
"သူ့မှာ သဘာဝလွန်စွမ်းအားတွေများ ရှိနေတာလား? ချင်လုလို ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ ထွက်သွားတာလား?"
လူတိုင်း: "..."
ဖြစ်နိုင်ခြေမရှိဘူး မလား? ဒါက အမှန်ဆိုရင် ဒီကိစ္စကို သူတို့ ဘယ်လိုစုံစမ်းရမှာလဲ?!
#TK