Volume 4 : ဗိသုကာဌာန
Chapter 65 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၄)
ခယ်ရှောင်ပင်း၏ ခန့်မှန်းချက်ကြောင့် လူသတ်သမားက သဘာဝလွန်စွမ်းအားများရှိပြီး ချင်လု၏ ‘ကျောက်ထုလွှာလှုပ်ရှားမှု’ကဲ့သို့ အဆောက်အဦးမှ လွတ်မြောက်နိုင်ရင် သူတို့သည် ချင်လု၏စွမ်းရည်ကို အားကိုးပြီး စောင့်ကြည့်ရေးကင်မရာ၏ အချက်အလက်ကိုကူးခဲ့သလို ထိုသူလည်း ရှောင်လွှဲနိုင်လိမ့်မည်။
လူတိုင်းက မသိစိတ်ကနေ ချင်လုဆီကို အာရုံပြောင်းသွားသည်။
ချင်လုက ကမန်းကတန်းပြောလာသည်။
"ကျောက်ထုလွှာလှုပ်ရှားမှုက ပထဝီဝင်ဌာနရဲ့ စွမ်းရည်တစ်ခုပါ… ဒီစာမေးပွဲမှာ လူဦးရေကန့်သတ်ချက်က 12 ယောက်ဖြစ်ပြီး ငါတို့သုတေသနအဖွဲ့က နေရာ 11 ခုပဲ ယူထားတာဆိုတော့ ငါတို့က လူသတ်သမားဖြစ်တဲ့ နောက်ထပ်ပထဝီဝင်ဌာနက ကျောင်းသားတစ်ယောက်နဲ့ ယှဉ်ပြိုင်နေတာလား? ဒါက… မဖြစ်နိုင်ဘူးမလား?"
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။
"မဖြစ်နိုင်ဘူး… စာမေးပွဲခန်းမှာ အများဆုံးလူအရေအတွက်က 12 ယောက်ပဲ… လူ 12 ယောက်ပါတဲ့ အဆင့် 3 သုတေသနအဖွဲ့ကတော့ တိုက်ရိုက်ဖြေဆိုနိုင်တယ်ဆိုတာ သိသာပါတယ်… လူ 8 ယောက်ပါတဲ့ အဆင့် 2 သုတေသနအဖွဲ့နဲ့ လူ 4 ယောက်ပါတဲ့ အဆင့် 1 သုတေသနအဖွဲ့တွေကို စာမေးပွဲခန်းထဲ အတူတူတွဲဖက်ပြီး ပေါင်းထည့်လိမ့်မယ်… လက်ရှိမှာ ငါတို့ကအဖွဲ့က လူမပြည့်သေးဘဲ အဖွဲ့ဝင်တစ်ယောက် လိုနေသေးတယ်ဆိုပေမယ့် အဖွဲ့အများစုက စာမေးပွဲခန်းထဲကို ခွဲတမ်းအပြည့်နဲ့ဝင်လိမ့်မယ်…"
ကျိုဖုန်းက ထောက်ခံသည်။
"ဟုတ်တယ်… ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်ရဲ့ အဖွဲ့က ချင်းလန်ပြောတာတော့ အဆင့် 3 သုတေသနအဖွဲ့ကို တိုးမြင့်ပြီး အဖွဲ့မှာ လူ 12 ယောက်ပြည့်အောင် ပြင်ဆင်နေတယ်တဲ့… ဒီတော့ အဲဒီအဖွဲ့သာ စာမေးပွဲခန်းထဲ ဝင်သွားမယ်ဆိုရင် လူသတ်သမားအတွက် နေရာမရှိတော့ဘူးမလား?"
ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။
"တူညီတဲ့သင်တန်းစာမေးပွဲအတွက် စာကြည့်တိုက်က ငါတို့ 11 အဖွဲ့အတွက်ပဲ ဇာတ်အိမ်ကိုပြောင်းပြီး နောက်ထပ်ဝင်လာတဲ့ လူသတ်သမားနဲ့ ကစားခိုင်းလောက်လား?"
ယွဲ့ရှင်းဝမ်က ခေါင်းခါလိုက်သည်။
"ဒါက မဖြစ်နိုင်ဘူးမလား? အဲဒါက တရားမမျှတဘူး… စာမေးပွဲခန်းမှာ ပြောင်းလဲတာတွေက ဇာတ်ကောင်တွေရဲ့ နာမည်နဲ့ ဇာတ်ကွတ်အသေးစိတ်တွေပဲရှိတယ်… စာမေးပွဲဖြေဆိုသူက လူသတ်သမားဖြစ်နေတာကိုတော့ မပြောင်းလဲနိုင်ဘူး… စာမေးပွဲခန်းထဲမှာ အများဆုံးစာမေးပွဲဖြေဆိုသူ 12 ယောက် ရှိရမယ်ဆိုပေမယ့် လူ 12 ယောက်စလုံး ပြည့်မှရမယ်လို့ မဆိုလိုဘူး… ငါ့အထင်တော့ ဒီစာမေးပွဲခန်းမှာ စာမေးပွဲဖြေဆိုသူ ငါတို့ 11 ယောက်ပဲရှိနိုင်ပြီး လူသတ်သမားက အခြားလူတွေထဲက ဖြစ်လိမ့်မယ်…"
လူတိုင်းက ခေါင်းငြိမ့်ကြသည်။ ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့၏ ခွဲခြမ်းစိတ်ဖြာမှုက အလွန်ကျိုးကြောင်းဆီလျော်ပါသည်။ စာမေးပွဲခန်းအတွင်း လူအရေအတွက် မလုံလောက်ပါက စာမေးပွဲခန်းကို လူ 4 ယောက်ဖြင့် ဖွင့်နိုင်သည်ဟု နောက်ဆုံးအကြိမ် ‘သေခြင်းကုဒ်’သင်တန်းတွင် သတိပေးချက်တစ်ခုရှိခဲ့ပြီး လိုက်ဖက်ညီသောအခြေအနေနဲ့ လိုက်လျောညီထွေအောင် ချိန်ညှိပေးသွားမှာဖြစ်သည်။
အားလုံးက ခယ်ရှောင်ပင်းကို ကြည့်လာကြသည်။ ခယ်ရှောင်ပင်း၏ နားရွက်များ နီရဲလာပြီး သူက တိုးတိုးပြောလေသည်။
"ငါက ဒီအတိုင်း ခန့်မှန်းကြည့်တာပါ… လူသတ်သမားက ဘယ်ကမှန်းမသိပေါ်လာပြီး ဘယ်ကမှန်းမသိ ပျောက်ကွယ်သွားတာက အံ့ဩစရာကောင်းတယ်… ငါက သူ့မှာ သဘာဝလွန်စွမ်းရည်တွေ ရှိနိုင်မယ်လို့ ထင်ခဲ့တာ… အဟွတ်… အဟွတ်…"
လူတိုင်း: "..."
ရှင်းယန်က သူ့ကိုကြည့်ကာ ပေါ့ပါးစွာပြောသည်။
"မင်းခေါင်းထဲမှာ ထူးဆန်းတဲ့ စိတ်ကူးတချို့ ပေါ်လာတတ်တယ်နော်…"
ခယ်ရှောင်ပင်းက သူ့မျက်မှန်ကိုပင့်တင်ပြီး နီရဲနေသောမျက်နှာဖြင့် ညင်သာစွာ ခုခံသည်။
"ငါ ဒါကို လိုက်လျောညီထွေရှိတဲ့ တွေးခေါ်မှုလို့ ခေါ်တယ်!"
ယွဲ့ရှင်းဝမ်က သူ့ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။
"ရပါတယ်… လူတိုင်းက သူတို့ထင်သမျှကို တွေးတောပြီး ခွဲခြမ်းစိတ်ဖြာနိုင်တယ်… ရှောင်ခယ်ပြောတဲ့ လူသတ်သမားမှာ သဘာဝလွန်စွမ်းရည်ရှိတယ်ဆိုတဲ့ ထင်မြင်ချက်က မမှန်ဘူးဆိုပါစို့… ဒီတော့ လူသတ်သမားက စောင့်ကြည့်ရေးကင်မရာကနေ ဘယ်လိုရှောင်ခဲ့တာလဲ?"
ကျန်းရှောင်နျန်က ရုတ်တရက် မေးလာသည်။
"ဒီအဆောက်အဦးရဲ့ မြေပြင်မှာ ဝင်ပေါက်သုံးခုပဲရှိပြီး လက်ရှိ စောင့်ကြည့်ရေးကင်မရာက မြေပြင်ပေါ်က ဝင်ပေါက်၊ထွက်ပေါက်တွေကိုပဲ ရိုက်ယူလို့ရတာဆိုတော့—— သူက မြေပြင်ကနေ မသွားခဲ့ဘူးဆိုရင်ရော?"
ယွဲ့ရှင်းဝမ်၏မျက်လုံးများ တောက်ပလာပြီး အခြားဖြစ်နိုင်ခြေတစ်ခုကို သူချက်ချင်းစဉ်းစားလိုက်သည်။
"မြေအောက်ကားပါကင်ကို မဆောက်ရသေးဘူးမလား?"
ရှင်းယွဲ့ပရောဂျက်က ကြီးမားသည်။ ကားဖြင့်လာသောဧည့်သည်များအတွက် ကားပါကင်အဆင်ပြေစေရန်အတွက် မြေအောက်ကားပါပင်နှစ်ထပ်ပုံစံအဖြစ် စီစဉ်ထားသည်။ ပရောဂျက်တစ်ခုလုံး၏ အခြေခံအုတ်မြစ်သည် အလွန်နက်ရှိုင်းပြီး ယာဉ်ရပ်နားရန်နေရာအများအပြားကို လက်ရှိဆောက်လုပ်ရေးဆိုက်နှင့် လူကူးလမ်းအောက်တွင် ဖောက်လုပ်ထားသည်။
အကယ်၍ လူသတ်သမားသာ မြေအောက်ကားပါကင်မှာ ပုန်းနေခဲ့တာဆိုရင် အဆောက်အဦး၏ ဝင်ပေါက်၊ထွက်ပေါက်ကနေ ဝင်စရာ၊ထွက်စရာမလိုတော့ပေ။
သေဆုံးသူသည် အသတ်ခံရပြီး ရဲများရောက်ရှိလာချိန်တွင် စောင့်ကြည့်ကင်မရာက လူသတ်သမား၏ပုံသဏ္ဍာန်ကို လုံးဝဖမ်းယူနိုင်ခြင်းမရှိတော့ပေ။ အခြားသူတွေ ဘယ်သူမှမတွေ့ခင် မြေပြင်ပေါ်တက်သည့်အပေါက်ကို ရှာတွေ့ပြီး သူခိုးထွက်လာနိုင်သည်။
ဒါကိုတွေးပြီး ယွဲ့ရှင်းဝမ်က ချက်ချင်းပြောလိုက်သည်။
"ရှောင်ခယ်၊ မြေအောက်ကားပါကင်ရဲ့ ဒီဇိုင်းအစီအစဉ်ကို ဖွင့်ကြည့်လိုက်…"
ခယ်ရှောင်ပင်းက လက်ပ်တော့ကိုဖွင့်ကာ ပရောဂျက်ဒီဇိုင်းကို ရှာလိုက်သည်။ ကျန်းရှောင်နျန်က မြေအောက်ကားပါကင်၏ တည်ဆောက်ပုံနှင့် ဒီဇိုင်းပုံများကို အလျင်အမြန် တွေ့ရှိခဲ့သည်။
ရှင်းယွဲ့အဆောက်အဦးကို ယခုမှ ထိပ်တန်းအခမ်းအနားကျင်းပထားတာကြောင့် မြေအောက်ကားပါကင်၏ ရှေ့ပြေးပုံစံကိုသာ တည်ဆောက်ထားသည်။ မြေအောက်ကားပါကင်တစ်ခုလုံးကို ‘凸’ပုံသဏ္ဌာန်ဖွဲ့စည်းထားသည်။ အပေါ်ဧရိယာသည် ရှင်းယွဲ့အဆောက်အဦးအောက်တွင် တိုက်ရိုက်ရှိပြီး ကျန်စတုဂံဧရိယာက လူကူးလမ်းအောက်တွင်ရှိသည်။
ကားပါကင်တွင် အဆောက်အဦး၏အလေးချိန်ကို ထောက်နိုင်သော စတုရန်းတိုင်များစွာရှိပြီး မျက်နှာကျက်တစ်လျှောက်တွင် ရေနုတ်မြောင်းများ ဖြန့်ဝေပေးသည့် ပိုက်များစွာရှိသည်။ ကားပါကင်၏ကြမ်းပြင်က ကားရပ်နားရန်နေရာ၏ အမှတ်အသားကို ဖော်ပြထားခြင်းမရှိသေးသလို ဘိလပ်မြေဖြင့် ပွတ်တိုက်ရန်တောင် အချိန်မရှိသေးပေ—— ဤမြေအောက်ကားပါကင်၏ တည်ဆောက်မှုတိုးတက်မှုနှုန်းက လက်ရှိတွင် 30% ထက်နည်းပါသည်။
ဆောက်လုပ်ရေးအောက်တွင် လူကူးလမ်းလည်း ဖောက်လုပ်ထားတာကြောင့် ကျန်းဖျင်စစ်က မြေပုံပေါ်ရှိ လူကူးလမ်း၏ တည်နေရာကို ညွှန်ပြပြီး ပြောသည်။
"လူကူးလမ်းကနေ မြေအောက်ကားပါကင်ကို ဝင်ပြီး ရှင်းယွဲ့အဆောက်အဦးအောက်က အနုတ်ဒုတိယထပ်ကို လျှောက်သွားမယ်၊ အပေါ်ထပ်လှေကားအတိုင်း တက်ပြီး လူသတ်ပြီးတော့ မြေအောက်လမ်းကိုဖြတ်ပြီး ထွက်ပြေးတာက စောင့်ကြည့်ရေးအားလုံးကို လုံးဝရှောင်ရှားနိုင်တယ်…"
ယွဲ့ရှင်းဝမ်က မေးသည်။
"လူကူးလမ်းက အိပ်ဆောင်ဧရိယာနဲ့ အလှမ်းဝေးတယ်… အိပ်ဆောင်ကနေ လူကူးလမ်းအထိ လျှောက်ပြီး မြေအောက်ကားပါကင်ကနေ ရှင်းယွဲ့အဆောက်အဦးအထိ လျှောက်ပြီးတော့ လူသတ်ပြီး အဲဒီလမ်းအတိုင်း ထွက်ပြေးတာက ဘယ်လောက်ကြာနိုင်လဲ?"
ကျန်းဖျင်စစ်က သေသေချာချာ တွက်ချက်ပြီး ပြောသည်။
"တစ်လမ်းလုံး ပြေးသွားမယ်ဆိုရင် အသွားအပြန် နာရီဝက်လောက်ကြာလိမ့်မယ်… ဆိုလိုတာက လူသတ်သမားဟာ အိပ်ဆောင်ထဲမှာ မိနစ် 30 ကျော်လောက် ရှိမနေဘူး… ဒီနေ့ ရဲတွေမေးတဲ့အထဲမှာ ဘယ်သူ့အလီဘိုင်က သံသယအဖြစ်ဆုံးလဲ?"
ယွဲ့ရှင်းဝမ်က သူ့အိတ်ကပ်ထဲရှိ စာရွက်တွေကို ချက်ချင်းထုတ်လိုက်သည်။ အခုလေးတင် ရဲတွေစုံစမ်းထားတာကိုကြည့်ပြီး သူက အဆင်ပြေသော အချက်အလက်တွေကို မှတ်တမ်းတင်ထားကာ ယွဲ့ရှင်းဝမ်က မှတ်တမ်းတင်ထားသော အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြသည်။
"လုပ်သားအများစုကတော့ အဲဒီအချိန်မှာ အရမ်းအိပ်မောကျနေကြပြီး သူတို့အခန်းဖော် ထွက်သွားလား၊ မထွက်သွားလားဆိုတာ မသိဘူးလို့ ပြောကြတယ်… အဲဒီမှာ ထူးခြားတဲ့လုပ်သားသုံးယောက်ရှိတယ်…"
"ပထမတစ်ယောက်က အိပ်ဆောင်နံပါတ် 116 က လုပ်သားက မနက် 4:30 မှာ အိပ်ရာကနိုးလာပြီး ဘေးကုတင်မှာ ဘယ်သူမှမရှိတာကို တွေ့တယ်… အခန်းထဲမှာ မရှိတဲ့လူက ကျောက်ချန်လို့ အမည်ရပြီး သေဆုံးသွားတဲ့ ကျောက်တရုန်နဲ့ တစ်ရွာတည်းသားတွေလို့ ပြောတယ်… သူက မနက် 5 အထိ အခန်းထဲကို ပြန်မလာဘူးလို့ သူ့အခန်းဖော်က ပြောတယ်… ရဲကို သူ့ရဲ့ရှင်းပြချက်ကတော့ ဝမ်းလျောနေလို့တဲ့…"
"အဲဒါဆို အခင်းဖြစ်ပွားချိန်မှာ နာရီဝက်ကျော် သူထွက်သွားတာလား? ပြီးတော့ ဝမ်းလျောနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့လား?"
ကျန်းဖျင်စစ်က ဒီသော့ချက်ကို ချရေးပြီး ပေါ့ပါးစွာ ပြောသည်။
"သူ အိမ်သာသွားတယ်ဆိုတာကို ဘယ်သူမှ အတည်မပြုနိုင်ဘူး…"
"အင်း၊ သူက တကယ်သံသယရှိတယ်…"
ယွဲ့ရှင်းဝမ်က ဆက်လက်ပြီး ပြောသည်။
"ဒုတိယတစ်ယောက်ကတော့ အိပ်ဆောင်နံပါတ် 207 က လုံရွေ့လို့ခေါ်တဲ့ လျှပ်စစ်ကျွမ်းကျင်သူဖြစ်ပြီး မနက် 4 နာရီမှာ ထွက်သွားတယ်… သူက ညသန်းခေါင်မှာ အိမ်မက်ဆိုးတစ်ခုကြောင့်နိုးလာပြီး အိပ်မပျော်တော့တာကြောင့် အပြင်ထွက်ပြီး ထောင့်တစ်နေရာမှာ ဆေးလိပ်သောက်နေပြီးတော့ သူ့ဘေးမှာ ဆေးလိပ်ပြာတွေကျန်နေတယ်…"
"တတိယတစ်ယောက်က သေဆုံးသူနဲ့ တစ်ရွာတည်းသားတွေဖြစ်ပြီး အမည်က ကျောက်ရွှယ်မေ့လို့ခေါ်တယ်… သူမအခန်းဖော်က မနက် 4:30 လောက်မှာ နိုးလာပြီး သူမမရှိတော့ဘူးဆိုတာ တွေ့လိုက်ရတယ်တဲ့… ပြီးတော့ သူမအော်ဟစ်လိုက်တဲ့အချိန်မှာ မနက် 5:30 ရှိနေပြီး သူမက 1 နာရီခွဲကြာ ပျောက်နေခဲ့တယ်…"
ယွဲ့ရှင်းဝမ်က ခဏရပ်ပြီး လူတိုင်းကို ကြည့်လိုက်သည်။
"အခြားလုပ်သားတွေက မသေချာဘူး… အများစုက အိပ်မောကျနေပြီး ကိုယ့်အခန်းဖော်တွေရဲ့ အခြေအနေကို မသိကြဘူး… ဒါပေမယ့် အခင်းဖြစ်နေတဲ့အချိန်မှာ ထွက်သွားကြတဲ့ အဲဒီသုံးယောက်မှာ မေးစရာအလီဘိုင်ရှိတယ်…"
လျှိုကျောက်ချင်းက သူ့ခေါင်းနောက်ကိုထိကာ ညည်းညူသည်။
"ကျောက်တရုန်၊ ကျောက်လျန်၊ ကျောက်ချန်၊ ကျောက်ရွှယ်မေ့… သူတို့အားလုံးရဲ့ မျိုးရိုးနာမည်မှာ ‘ကျောက်’ပါနေတယ်… သူတို့ရွာက ကျောက်ရွာလို့ခေါ်တာလား?"
ကျိုဖုန်း: "ငါ့ဇာတိမြို့မှာလည်း ရွာသားတွေရဲ့ 80% မှာ ဝမ်မျိုးရိုးနာမည်တွေပဲရှိတဲ့ရွာရှိတယ်… ဒီလူတွေက ကျောက်ရွာက ဖြစ်ပုံရတယ်… သူတို့တွေမှာ ပုဂ္ဂိုလ်ရေးရန်ငြိုးတွေရှိနိုင်တာမို့ ငါတို့သတိထားရမယ်…"
ယွဲ့ရှင်းဝမ်က စာရွက်ပေါ်တွင် လက်ရှိပေါ်လာသော ဇာတ်ကောင်များ၏ အမည်များကို သီးခြားစီ ရေးသားခဲ့ပြီး ၎င်းတို့ကို တစ်ခုပြီးတစ်ခု ခွဲခြမ်းစိတ်ဖြာသည်။
"သေဆုံးသွားတဲ့ ကျောက်တရုန်က အသက် 35 နှစ်အရွယ် ဘိလပ်မြေလုပ်သားဖြစ်ပြီး လုပ်သားတွေရဲ့ အကဲဖြတ်မှုအရ များသောအားဖြင့် သူက သီးသန့်နေတတ်တယ်၊ တိတ်ဆိတ်တယ်၊ ဘယ်သူနဲ့မှ စကားများခြင်းမရှိဘူး… ဒါက အပေါ်ယံပါပဲ… သူက ဘယ်သူနဲ့ ရန်ငြိုးဟောင်းရှိနေမလဲဆိုတာ မသိရသေးဘူး…"
"သံသယရှိသူ နံပါတ် 1၊ ကျောက်လျန်၊ အသက် 18 နှစ်အရွယ်၊ သေဆုံးသူရဲ့တူဖြစ်တယ်… အခင်းဖြစ်နေတဲ့အချိန်မှာ သူက အဆောက်အဦးထဲမှာရှိနေတာကို ဖျင်စစ်က မိခဲ့တယ်… သူက လူသတ်မှုကျူးလွန်သူဆိုရင် ဦးလေးဖြစ်သူကို အောက်ထပ်ကို တိုက်ရိုက်တွန်းချပြီး ထွက်ပြေးဖို့ကြိုးစားချိန်မှာ ဖျင်စစ်က ဖမ်းမိခဲ့တယ်… ဒါက အဓိပ္ပါယ်ရှိပြီး ထောက်လှမ်းရေးကင်မရာကနေ သူ့ကို မဖမ်းမိရင်တောင် ရှင်းပြလို့ရပေမယ့် ပြစ်မှုကျူးလွန်တဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး…"
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ
"မင်းရော ဘယ်လိုထင်လဲ?"
"သူ့မိဘတွေ ဆုံးပါးသွားတော့ ဦးလေးက သူ့ကို စောင့်ရှောက်ခဲ့တယ်… သူ့ဦးလေးကို သတ်ရတဲ့ရည်ရွယ်ချက်က ဘာလဲ? သူ့မိဘတွေက ထားခဲ့တဲ့ပစ္စည်းဥစ္စာတွေအများကြီးကို သူ့ဦးလေးက လက်ဝါးကြီးမအုပ်ထားဘူးဆိုရင်ပေါ့… ဒါပေမယ့် လုပ်သားတွေပြောတာကတော့ သူ့မိသားစုက အရမ်းဆင်းရဲပြီး၊ သူ့ဦးလေးကလည်း မိန်းမယူဖို့တောင် ပိုက်ဆံမတတ်နိုင်ဘူးဆိုတော့ ပစ္စည်းဥစ္စာအတွက် ကိုယ့်ဆွေးမျိုးကို သတ်တာတော့ မဟုတ်သေးဘူး…"
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။
"သူ့ဦးလေးက သူ့ကို အချိန်အကြာကြီး နှိပ်စက်ခဲ့တာ ဖြစ်နိုင်တယ်မလား? ဥပမာ၊ သူ့ဦးလေးက သူငယ်ငယ်ကတည်းက ကိုယ်ထိလက်ရောက်စော်ကားပြီး အနိုင်ကျင့်ခဲ့တယ်၊ သူက ပြန်တိုက်ခိုက်ဖို့ အရမ်းအားနည်းတော့ သည်းခံခဲ့တယ်… အခု သူက အရွယ်ရောက်လာပြီဆိုတော့ သူသည်းမခံနိုင်တော့ဘဲ သူ့ဦးလေးဖြစ်သူရဲ့ ဆောက်လုပ်ရေးဆိုက်ကို လိုက်သွားပြီး ဦးလေးဖြစ်သူကို ပြုတ်ကျပြီးသေအောင် တွန်းချဖို့ အခွင့်ကောင်းရှာလိုက်တာ မဖြစ်နိုင်ဘူးလား?"
ခယ်ရှောင်ပင်းက အဲဒါကို အလေးအနက်ထားပြီး ခွဲခြမ်းစိတ်ဖြာသည်။
"..." ယွဲ့ရှင်းဝမ်က သူ့နားထင်ကို ကူကယ်ရာမဲ့စွာ ပွတ်လိုက်ပြီး "ဒီကိစ္စမှာ သူ့မှာ ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိတယ်…"
"လူသတ်သမားမှာ အထူးစွမ်းရည်ရှိတယ်ဆိုတဲ့ ထင်မြင်ချက်ထက် ဒါက ပိုကျိုးကြောင်းဆီလျော်ပါတယ်…"
ကျန်းဖျင်စစ်က မျက်နှာသေဖြင့် ပြောသည်။
"အဟွတ်… အဟွတ်… ငါက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာပဲ…"
ခယ်ရှောင်းပင်က သူ့ပါးစပ်ကို ဇစ်ပိတ်သလို လုပ်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်သည်။ သူ့အနားရှိ လင်းမန့်လော်က ရယ်ကာ ပြောသည်။
"ရှောင်ခယ်၊ နင့်မှာ စိတ်ကူးစိတ်သန်းတွေ အရမ်းပေါတာပဲ… မှန်းဆတာတွေက ပိုကောင်းတယ်… လူတိုင်းကို ဉာဏ်ပွင့်စေဖို့ ကူညီနိုင်တာကြောင့် မရှက်ပါနဲ့…"
"မိဘနှစ်ပါးစလုံး သေဆုံးသွားတဲ့ အကူအညီမဲ့နေတဲ့ သနားစရာကလေးက သူ့ဦးလေးရဲ့လက်ထဲမှာ နှစ်ပေါင်းများစွာ အနိုင်ကျင့်ခံခဲ့ရပြီး နောက်ဆုံးတော့ သည်းမခံနိုင်ဘဲ သူ့ဦးလေးကို အောက်ထပ်ဆီ တွန်းချလိုက်တာလား? ဒီထင်ကြေးပေးတာက ဆီလျော်ပေမယ့် ကျောက်လျန်နဲ့ သူ့ဦးလေးတို့ရဲ့ ဆက်ဆံရေးက ဘယ်လိုရှိသလဲဆိုတာ စုံစမ်းရမယ်… ဒီတစ်ယောက်ကိုတော့ ဆိုင်းငံ့ထားမယ်…" ယွဲ့ရှင်းဝမ်က အသက် 18 အရွယ် ကောင်လေးနာမည်ကို ဝိုင်းလိုက်ပြီး ပြောလိုက်သည်။
"နောက်တစ်ခုကို ခွဲခြမ်းစိတ်ဖြာမယ်…"
"ကျောက်ချန်၊ အသက် 30 အရွယ်၊ ဘိလပ်မြေလုပ်သားဖြစ်ပြီး သေဆုံးသူနဲ့ သက်တူရွယ်တူ၊ တစ်ရွာတည်းမှာ နေထိုင်သူဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ အိပ်ဆောင်ကနေ နာရီဝက်လောက်မှာ ထွက်သွားခဲ့တယ်… အိမ်သာကိုသွားတာ ကြာနေတာက ဝမ်းလျောနေလို့တဲ့… သူ့စကားက မှန်လား၊ မှားလားဆိုတာ ဘယ်သူမှ အတည်မပြုနိုင်ဘူး…" ယွဲ့ရှင်းဝမ်က ပြောသည်။
"အိမ်သာတက်ဖို့ မနက် 4 နာရီခွဲ နိုးတာက မယုံနိုင်စရာပဲ…"
ကျန်းဖျင်စစ်က ပြောသည်။
"အင်း… ငါတို့ ဒီလူကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ရမယ်…"
ယွဲ့ရှင်းဝမ်က ထိုသူနာမည်၏ဘေးတွင် ဆိုင်းငံ့ထားသည့် အမှတ်အသားပြုကာ ဆက်ပြောသည်။
"သံသယရှိသူ နံပါတ် 3 က အော်ဟစ်နေခဲ့တဲ့ ကျောက်ရွှယ်မေ့ပဲ… သူမသာ လူသတ်သမားဆိုရင် အိပ်ဆောင်ကနေ လူကူးလမ်းကိုပြေးပြီး မြေအောက်ကားပါကင်ထဲမှာ ပုန်းနေပြီး အပေါ်ထပ်တက်ပြီး အရွယ်ရောက်သူ အမျိုးသားတစ်ဦးကို တွန်းချပြီးတော့ ကားပါကင်ကနေ လူကူးလမ်းကိုပြန်သွားပြီး လမ်းအောက်ရေဆိုးအပေါက်ကို ဖွင့်ပြီး အပြင်ပြန်ထွက်၊ ကျောက်တရုန် ပြုတ်ကျသေဆုံးသွားတဲ့ အခင်းဖြစ်ပွားရာကို ပြန်ပြေးပြီး အော်ဟစ်နေမယ်… ဒါက အရမ်းဒုက္ခများလွန်းတယ်မလား?"
အဆောက်အဦးအတွင်း ဝင်ရောက်ခြင်း၊ ထွက်သွားခြင်းများကို ထောက်လှမ်းခြင်းမခံရဘဲ ကျောက်ရွှယ်မေ့သည် ပြစ်မှုကျူးလွန်လိုပါက 5 ဝန်းကျင်ခန့်တွင် သတ်ရန် လူကူးလမ်းကနေ မြေအောက်လမ်းတစ်ဖက်ကို ဝင်ရမည်ဖြစ်ပြီး 5 နာရီခွဲတွင် အော်ဟစ်ရန် သူမက အနည်းဆုံး သုံးကြိမ်လောက် အပြန်ပြန်အလှန်လှန် ပြေးရလိမ့်မည်။
ရွှီယိရှန်းက သူ့နဖူးကို ပွတ်သပ်ကာ ပြောသည်။
"တကယ်လို့ ငါက ခန္ဓာကိုယ်ခွဲပြီး ပြေးရင်တောင် အကြိမ်ပေါင်းများစွာ ပြေးရတာက အရမ်းပင်ပန်းနေလိမ့်မယ်…"
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ကြည့်ကာ
"ငါတို့ အခင်းဖြစ်တဲ့နေရာကို ရောက်တဲ့အခါ သူမက အရမ်းပင်ပန်းနေပုံမပေါ်ဘူးမလား?"
ကျန်းဖျင်စစ်က ခေါင်းညိတ်သည်။
"သူမက နှုတ်ခမ်းဖြူဖျော့နေပြီး မျက်နှာပေါ်မှာ ထိတ်လန့်နေတဲ့ အကြည့်တစ်ခုပဲရှိတယ်… အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပြီးနောက် မောဟိုက်နေတဲ့ အရိပ်အယောင်မျိုး မပြခဲ့ဘူး… သူမသာ လူသတ်သမားဆိုရင် အချိန်လောက်မှာမဟုတ်ဘူး…"
7 ထပ်တိုက် အဆောက်အဦးကို တက်လိုက်ဆင်းလိုက်လုပ်တာ၊ မြေအောက်ကားပါကင်တစ်ခုလုံးကို ဖြတ်သွားရတာ၊ အခင်းဖြစ်ပွားရာနေရာဆီသို့ ပြန်ပြေးသွားတာ၊ ဖြစ်စဉ်တစ်ခုလုံးက ကီလိုမီတာများစွာရှိပြီး ရွှီယိရှန်းပြောသလို အလွန်မောပန်းနေပေလိမ့်မည်။
ပိန်ပါးသောအမျိုးသမီးက သုံးကြိမ်လောက် အသွားအပြန်ပြေးပြီး ချောမွေ့စွာအသက်ရှူရန် မဖြစ်နိုင်ပေ။
ယွဲ့ရှင်းဝမ်က ပြောသည်။
"သံသယရှိသူ နံပါတ် 4၊ လုံရွေ့က သေဆုံးသူနဲ့ တစ်ရွာတည်းသားမဟုတ်ဘူး၊ သူက လျှပ်စစ်ကျွမ်းကျင်သူ၊ ပြီးတော့ သူက ဆေးလိပ်သောက်ဖို့အတွက် ထွက်သွားတာလို့ ပြောတာက ထူးဆန်းတယ်… ပြာတွေကို သက်သေအဖြစ် အသုံးပြုလို့မရဘူး… အဲဒီမှာ ဆေးလိပ်ကို မီးညှိပြီး ချထားလို့ရတယ်…"
ယွဲ့ရှင်းဝမ်က စာရေးတာကို ရပ်လိုက်ပြီး ကောက်ချက်ချသည်။
"လက်ရှိမှာ ကျောက်ရွှယ်မေ့အပေါ် သံသယက အတော်လေး နည်းတယ်… ကျောက်လျန်၊ ကျောက်ချန်နဲ့ လုံရွေ့တို့ သုံးယောက်အကြောင်းကို ဆောက်လုပ်ရေးဆိုက်က အခြားလုပ်သားတွေဆီမှာ သီခြားစီ မေးမြန်းပြီး သေချာစုံစမ်းမယ်…"
ယွဲ့ရှင်းဝမ်က တာဝန်များပေးအပ်ပြီးနောက် လူတိုင်းသည် အနီးနားရှိ လုပ်သားများကို သွားရောက်စုံစမ်းရန် ထွက်သွားကြသည်။
ဆောက်လုပ်ရေးဆိုက်မှာ လူသတ်မှုတစ်ခုကြောင့် ဒီနေ့အလုပ်တွေ ရပ်နားခဲ့ရသည်။ လုပ်သားများ အနည်းငယ်က စိတ်လှုပ်ရှားသွားသည်မှာ ထင်ရှားပါသည်။ ဆောက်လုပ်ရေးဆိုက်မှာ ခေါင်းဆောင်တော်တော်များများက ပေါ်လာပြီး လူတိုင်း၏စိတ်ခံစားချက်တွေကို ပြေလျော့အောင် ကြိုးစားကြသည်။
ယွဲ့ရှင်းဝမ်က အားလုံးနဲ့အတူ ထွက်လာသောအခါ အဖြူရောင်လုံခြုံရေးဦးထုပ်ကို ဆောင်းထားသည့် လက်ထဲမှာ အသံချဲ့စက်ကို ကိုင်ထားသော ခေါင်းဆောင်တစ်ယောက် ဆောင်လုပ်ရေးဆိုက်၏အလယ်မှာ ရပ်နေပြီး အော်သည်။
"မထိတ်လန့်ကြပါနဲ့! ကျောက်တရုန်က ဆောက်လုပ်ရေးဆိုက်ကနေ မတော်တဆပြုတ်ကျသွားတာပါ! ငါတို့ ရဲတွေနဲ့ စုံစမ်းစစ်ဆေးဖို့ အစွမ်းကုန်ကြိုးစားပြီး ပူးပေါင်းဆောင်ရွက်နေပါတယ်! စုံစမ်းစစ်ဆေးမှုရလဒ်တွေ ထွက်လာတဲ့အခါ သူ့မိသားစုကို ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေအရ သေချာပေါက် လျော်ကြေးငွေတချို့ကို ပေးဆောင်သွားမှာဖြစ်ပါတယ်…"
ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏နားထဲသို့ ကပ်ကာ တိုးတိုးပြောလိုက်သည်။
"မနေ့က ဒီကိုလာခဲ့တဲ့ ညွှန်ကြားရေးမှူးကျန်ပဲ…"
ရှင်းယွဲ့ပလာဇာပရောဂျက်၏ ဆောက်လုပ်ရေးအဖွဲ့တာဝန်ခံ ကျန်ကျစ်ဝေက နက်မှောင်သော အသားအရည်ရှိပြီး သန်မာကာ အရပ် 178 စင်တီမီတာရှိသည်။ သူ့ပါးပြင်မှာ ထင်ရှားသော မှဲ့နက်တစ်ခုရှိနေပြီး စမက်ကျကာ လုပ်ရည်ကိုင်ရည်ရှိပုံရသည်။
ညွှန်ကြားရေးမှူးကျန် ပြောတာက သိပ်ကိုတရားဝင်သည်။
ရုတ်တရက် လူအုပ်ထဲကနေ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်လာသည်။
"ညွှန်ကြားရေးမှူးကျန်၊ ငါတို့ကိုပေးမယ့် လုပ်အားခလစာတွေကို ဘယ်တော့ပေးမှာလဲ?!"
ကျန်ကျစ်ဝေက အသံချဲ့စက်ကို ဆုပ်ကိုင်ကာ ပြုံးလိုက်သည်။
"စိတ်မပူပါနဲ့… developer က နှစ်မကုန်ခင် ငါတို့အတွက် ပရောဂျက်ရဲ့ ဒုတိယအဆင့်အတွက် ပေးချေမှုကို ဖြေရှင်းပေးမယ်လို့ ကတိပြုထားပြီး developer နဲ့ ငါတို့ ညှိနှိုင်းထားပါတယ်… ငါတို့ လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုကို ဖြုန်းတီးတာမျိုး ဘယ်တော့မှ မလုပ်ပါဘူး!"
အားလုံးက ချက်ချင်းပင် သူတို့၏မကျေနပ်ချက်တွေ ပြောလာသည်။
"နှစ်မကုန်ခင်လား? နှစ်ကုန်ဖို့က လအများကြီးလိုသေးတာကို ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်ကို ငါတို့က အအေးခံ၊ အငတ်ခံပြီး နေရမှာလား? အချိန်ဆွဲနေတာ နှစ်ဝက်လောက်ရှိပြီ၊ ငါ့ကလေးနဲ့မိန်းမက ကျူရှင်ခပေးဖို့အတွက် ငါပို့မယ့်ပိုက်ဆံကို မျှော်နေကြပြီ…"
"ဟုတ်တယ်… ငါ့မိဘတွေကလည်း ကျန်းမာရေးမကောင်းတာကြောင့် ပိုက်ဆံလိုတယ်… ငါတို့ကို လုပ်အားခမပေးရင် ငါတို့ သပိတ်မှောက်ပြီး အလုပ်ထွက်ရုံပဲ…"
"ဟုတ်တယ်… ငါတို့ အလုပ်ထွက်မယ်!"
"ဆောက်လုပ်ရေးဆိုက်ရဲ့ လုံခြုံရေးကိုလည်း အာမမခံနိုင်ဘူး… ဒီနေ့ ကျောက်တရုန်က ပြုတ်ကျပြီး သေသွားပြီ၊ နောက်နေ့ကျရင် ငါတို့အလှည့် ဖြစ်ချင်ဖြစ်လာနိုင်တယ်!"
"ငါရဲ့ခက်ခက်ခဲခဲနဲ့ရမယ့် ပိုက်ဆံက တစ်ပြားတစ်ချပ်မှ မရသေးဘူး… ငါ့အသက်ကိုပါ ကြိုးတန်းပေါ်တင်ရမယ်ဆိုရင် မတန်တော့ဘူး!"
"ငါတို့လုပ်အားခတွေပေး၊ ငါတို့လုပ်အားခတွေပေး!"
အလုပ်သမားတစ်စုက တညီတညွတ်တည်း အော်ဟစ်ပြီး ဆောက်လုပ်ရေးဆိုက်တစ်ခုလုံး ရှုပ်ပွသွားခဲ့သည်။
ညွှန်ကြားရေးမှူးကျန်က သူ့နဖူးမှ ချွေးများကို သုတ်ပြီး လူတိုင်း၏စိတ်ခံစားချက်ကို ဖျောင်းဖျပေးရန် အသံချဲ့စက်ကို ကောက်ယူလိုက်သော်လည်း ကျောက်တရုန်သေဆုံးမှုက အချိန်အတော်ကြာ ဖိနှိပ်ခံထားရသော အလုပ်သမားများ၏ ဒေါသကို နှိုးဆွပေးခဲ့သည်။ လူတိုင်း၏ ဒေါသဖြင့် ဆဲရေးမှုကြောင့် ညွှန်ကြားရေးမှူးကျန်၏ အသံချဲ့စက်က ဖုံးလွှမ်းခံသွားရပြီး သူကထွက်ပြေးသွားခဲ့သည်။
ယွဲ့ရှင်းဝမ်က ထွက်ပြေးသွားသော ထိုသူ၏နောက်ကျောကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"အလုပ်သမားတွေက လပေါင်းများစွာ လုပ်အားခမရသေးတာလား?"
ထွက်ပေါ်လာသောသတင်းက လူတိုင်းကို လေးနက်သွားစေသည်။
ရွှီယိရှန်းက ရုတ်တရက် ပြောသည်။
"အစိုးရက မြေယာပိုင်ဆိုင်မှုကို developer ကို ရောင်းတယ်… developer က ပရောဂျက်အစီအစဉ်ကို ကောင်းကောင်းလုပ်တယ်… ဆောက်လုပ်ရေးဌာနက ဆောက်လုပ်ရေးအတွက် လေလံဆွဲတယ်… အများအားဖြင့် အစိုးရက မြေကိုရောင်းပြီးရင် မပါဝင်တော့ဘူး… ဆောက်လုပ်ရေးဌာနကို developer က ငွေပေးပြီး အဖွဲ့ဝင်တွေအကြား အတိုးနှုန်းနဲ့ လုပ်အားခအကြွေးတွေကျန်တာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ့ မကြာခဏဖြစ်ပွားလေ့ရှိတယ်…"
ယွဲ့ရှင်းဝမ်က သူ့ကို ကြည့်လာသည်။
"စီနီယာအစ်ကိုက ဒါနဲ့ပတ်သက်ပြီး အများကြီးသိတာပဲလား?"
ကျိုဖုန်းက ပြုံးကာပြောသည်။
"သူ့အဖေက အိမ်ခြံမြေလုပ်ငန်းကလေ… သူက မိသားစုစီးပွားရေးကို အမွေမဆက်ခံချင်ဘူး… သူက မျိုးရိုးဗီဇပြုပြင်ဖန်တီးမှုဘာသာရပ်ကို လေ့လာဖို့ ဇီဝသိပ္ပံဌာနမှာ ဝင်ခွင့်ရပြီး သိပ္ပံပညာရှင်ဖြစ်ချင်တာ…"
"အဟွန့်… အဲဒါက သိပ်ကောင်းတာတော့ မဟုတ်ပါဘူး… ငါက မျိုးရိုးဗီဇကို ပိုစိတ်ဝင်စားလို့ပါ…" ရွှီယိရှန်းက နိမ့်ချစွာ ပြောသည်။ "ပြီးတော့ ငါ့မှာ စီးပွားရေးအရည်အချင်း လုံးဝမရှိဘူး… သုံးနှစ်အတွင်းမှာ ငါ့ကြောင့် ကုမ္ပဏီဒေဝါလီခံသွားနိုင်တယ်…"
"စီနီယာအစ်ကို ဘယ်လိုထင်မိလဲ?"
ယွဲ့ရှင်းဝမ်က အကြောင်းအရာဆီ ပြန်သွားခဲ့သည်။
"developer တွေက လုပ်အားခပေးဖို့အတွက် နောက်ကျရတဲ့ အကြောင်းအရင်းများစွာ ရှိတယ်… ပထမအချက် တချို့ developer တွေက တစ်ချိန်တည်းမှာ မြေကွက်များစွာမှာ ပရောဂျက်တွေကို လုပ်ဆောင်နေပြီး ပေါင်နှံထားတဲ့ ပိုင်ဆိုင်မှုတွေက ဘဏ်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် အရင်းအနှီးလှည့်ပတ်မှုက ပြတ်တောက်ပြီး ဆောက်လုပ်ရေးဌာနကို ပေးချေဖို့ ငွေမရှိတော့ဘူး… ဒုတိယအချက် ဆောက်လုပ်ရေးအဖွဲ့နဲ့ developer အကြားညှိနှိုင်းထားတဲ့ ဘတ်ဂျက်က စံနှုန်းထက် ကျော်လွန်နေတာ… ဥပမာအားဖြင့် ပရောဂျက်ရဲ့ ပထမအဆင့်မှာ မူလက သန်း 80 ရှိတယ်လို့ ခန့်မှန်းထားပေမယ့် ဆောက်လုပ်ရေးအဖွဲ့က သန်း 90 သုံးစွဲခဲ့တာမျိုး… developer က ဆောက်လုပ်ရေးအဖွဲ့ရဲ့ ပစ္စည်းနှုန်းထားကို လက်မခံနိုင်တာကြောင့် သူတို့နှစ်ဖက်စလုံး တရားရုံးမှာ လွန်ဆွဲကြရင်း တရားစွဲဆိုမှုအတွင်း လုပ်အားခပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး…" ရွှီယိရှန်းက ခေတ္တရပ်ကာ ဆက်ပြောသည်။ "ဒီထက်ပိုပြီး ဆိုးရွားတဲ့ ကိစ္စတစ်ခုလည်း ရှိသေးတယ်… အဲဒါကတော့ ဆောက်လုပ်ရေးဌာနက ဒါမှမဟုတ် developer ဘက်မှာ ငွေထုပ်ပိုက်ပြီး ထွက်ပြေးသွားတဲ့ တာဝန်ရှိတဲ့လူပုဂ္ဂိုလ်ရှိနေလို့ပဲ…"
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောသည်။
"ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အလုပ်သမားတွေက နှစ်ဝက်လောက် လုပ်အားခမရရှိခဲ့ဘူး… ဆိုင်းငံ့ထားတဲ့ လုပ်ခလစာတွေက ခေါင်းတလားထဲကသံချောင်းတွေလိုပဲ… ဒီကိစ္စက ကျောက်တရုန်သေဆုံးမှုနဲ့ သက်ဆိုင်နေသလား?"
သူသည် သူ့ဘေးနားက ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။
"တစ်စုံတစ်ယောက်က ဒီနည်းနဲ့များ ဆောက်လုပ်ရေးတိုးတက်မှုကို ထိခိုက်စေချင်တာများလား?"
#TK