Chapter 66
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 66 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၅)

ယွဲ့ရှင်းဝမ်က လက်ရှိသဲလွန်စများကို ထပ်မံရှာဖွေခဲ့သည်။

ဆောက်လုပ်ရေးဆိုက်အတွင်း အလုပ်သမားများသည် လုပ်ခလစများ အကြွေးတင်နေကြသည်မှာ အဆန်းမဟုတ်ပေ။

ကျောက်တရုန်သေဆုံးမှုနှင့် အလုပ်သမားတွေ၏ လစာမရခြင်းက ဘာမှမဆိုင်ဟု ယူဆရပြီး ကျောက်တရုန် သေဆုံးရခြင်း၏ အကြောင်းအရင်းမှာ "ပုဂ္ဂိုလ်ရေးမကျေနပ်ချက်များ"ကြောင့် ဖြစ်နေဆဲဖြစ်ကာ သံသယရှိသူလေးဦးကို ဆက်လက်စုံစမ်းစစ်ဆေးပြီး ကျောက်တရုန်နဲ့ ပုဂ္ဂိုလ်ရေးအငြင်းအခုံဖြစ်တာ အခြားသူများရှိမရှိကို သိရှိနိုင်ရန် နယ်ပယ်ချဲ့ထွက်ဖို့ လိုအပ်သည်။

အကယ်၍ အလုပ်သမားများ၏ လုပ်ခလစာများသည် ကျောက်တရုန်၏သေဆုံးမှုနှင့် ဆက်စပ်နေပါက စီမံကိန်း၏ တိုးတက်မှုကို နှောင့်နှေးစေရန် ဆောက်လုပ်ရေးအဖွဲ့အား တမင်ဖိအားပေးဖို့အတွက် တစ်စုံတစ်ဦးမှ ကျောက်တရုန်ကို သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ဒါမှမဟုတ် ကျောက်တရုန်က တစ်ခုခုကို သိနေတာကြောင့် အထက်လူကြီးများက နှုတ်ပိတ်လိုက်ခြင်းဖြစ်သည်။ 

ယွဲ့ရှင်းဝမ်က သူ့လက်ပတ်နာရီကို ကြည့်လိုက်တော့ မနက် 10 နာရီလောက်ရှိပြီဖြစ်ပြီး သူက အမြန်စီစဉ်လိုက်သည်။
"ဒီလိုလုပ်ရအောင်၊ ကျောက်တရုန်ရဲ့ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေနဲ့ အလုပ်သမားတွေရဲ့ လုပ်ခလစာမရသေးတဲ့ သဲလွန်စနှစ်ခုကို အရင်ဆုံးစုံစမ်းပြီး အလုပ်သမားတွေနဲ့ စကားစမြည်ပြောကြမယ်… ဆောက်လုပ်ရေးဆိုက်က အရမ်းဖရိုဖရဲဖြစ်နေပြီး အလုပ်သမားတွေက စိတ်ရှုပ်နေကြတယ်… စုံစမ်းစစ်ဆေးမှုအတွင်း ရဲတွေ စစ်ဆေးမေးမြန်းသလိုမျိုး လေသံကို မသုံးမိစေနဲ့… ငါတို့ရဲ့အထောက်အထားတွေက အလုပ်သမားတွေဖြစ်တာကြောင့် သူတို့နဲ့ လုပ်ဖော်ကိုင်ဖက်မို့ လူတိုင်းက အမှန်အတိုင်းပြောဖို့ ဆန္ဒရှိလိမ့်မယ်…"

သူက ပတ်ပတ်လည်ကိုကြည့်ရင်း ပြောလိုက်သည်။
"ချင်လုနဲ့ စီနီယာအစ်မမန့်လော်က တစ်ဖွဲ့၊ စီနီယာအစ်ကိုကျိုဖုန်းနဲ့ စီနီယာအစ်ကိုရွှီက တစ်ဖွဲ့၊ စီနီယာအစ်ကိုလျှိုနဲ့ ကျန်းရှောင်နျန်က တစ်ဖွဲ့၊ ငါက ဖျင်စစ်နဲ့သွားမယ်… ချင်မြောင်နဲ့ ရှင်းယန်၊ မင်းတို့က သူစိမ်းတွေနဲ့ စကားပြောရာမှာ အဆင်မပြေတာကြောင့် မင်းတို့ကို အခြားတာဝန်ပေးမယ်…"

အေးစက်စက်ပင်ကိုစရိုက်ရှိသော ချင်မြောင်က လူအများနှင့် ပြောဆိုဆက်ဆံရာတွင် အမှန်တကယ် မနှစ်သက်သလို ရှင်းယန်ကလည်း ထိုနည်းတူပဲမို့ သူက ပေါ့ပါးစွာ ပြောလာသည်။
"မင်း စီစဉ်ပေးလို့ရတယ်…"

ယွဲ့ရှင်းဝမ်: "ချင်မြောင်၊ ရှင်းယန်၊ ခယ်ရှောင်ပင်း၊ မင်းတို့သုံးယောက်က လူသတ်သမားရဲ့ လှုပ်ရှားမှုကို ခြေရာကောက်ဖို့ မြေအောက်ကားပါကင်ကို သွားရမယ်… ရှောင်ခယ်က ရှောင်ထူကို အသုံးပြုပြီးတော့ မြင်ကွင်းကျယ်ပုံလေးတွေကို စစ်ဆေးပြီး ပုံစံတစ်ခုဖန်တီးရမယ်… လူသတ်သမားက လူသတ်ပြီးနောက် လွတ်မြောက်ဖို့ အကောင်းဆုံးလမ်းနဲ့ လူသတ်သမားရဲ့ သဲလွန်စတွေ ရှိ၊မရှိကိုသိနိုင်ဖို့ လမ်းတစ်လျှောက် စုံစမ်းရမယ်…"

သူတို့သုံးယောက်က အန္တရာယ်တစ်ခုခုနဲ့ မတော်တဆတွေ့ကြုံလျှင်တောင် ချင်မြောင်က လက်နက်ဖြုတ်သောစွမ်းရည်ရှိပြီး ရှင်းယန်၏လက်ထဲတွင် ပြင်းထန်သောအက်စစ်ရှိတာကြောင့် မိမိကိုယ်ကို ကာကွယ်ရန် ပြဿနာမရှိသည်မှာ သေချာပါသည်။ 

ခယ်ရှောင်ပင်းက ချက်ချင်း ခေါင်းငြိမ့်လိုက်သည်။
"နားလည်ပြီ… ငါတို့ ကားပါကင်ကို သွားလိုက်မယ်…"

ယွဲ့ရှင်းဝမ်၏စီစဉ်မှုက အလွန်ကျိုးကြောင်းဆီလျော်ပြီး လူတိုင်းတွင် ဘာထင်မြင်ချက်မှမရှိတာကြောင့် လူတိုင်းက သီးခြားစီ စုံစမ်းစစ်ဆေးရန် ထွက်သွားကြသည်။

အပြင်ထွက်ပြီးနောက် ထောင့်စွန်းတွင် ဆေးလိပ်သောက်နေသော အလုပ်သမား ခုနစ်ဦး သို့မဟုတ် ရှစ်ဦးကို တွေ့ရှိခဲ့သည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အမြန်လျှောက်သွားခဲ့သည်။ ထိုလူအနည်းငယ်က သူတို့လုပ်ခလစာမပေးလျှင် ဘာလုပ်ရမလဲဆိုတာ ပြောဆိုနေကြသည်။
"အိုင်းယား… ငါ့မိသားစုကတော့ ပြဿနာတက်တော့မှာပဲ!"

"ငါ့မိသားစုရောပဲ၊ ပြီးတော့ ငါ့ကလေးတွေရဲ့ ကျောင်းလခကိုမပေးရသေးဘူး…"

ယွဲ့ရှင်းဝမ်က လစ်လပ်နေသောနေရာကို ရှာလိုက်ပြီး သက်ပြင်းချကာ ပုံမှန်လိုပြောလိုက်သည်။
"ကျွန်တော့်အစ်ကိုကလည်း မနှစ်တုန်းက အသည်းကင်ဆာဖြစ်တာ… ဆရာဝန်က ခွဲစိတ်ဖို့ လိုအပ်တယ်လို့ ပြောခဲ့ပေမယ့် မိသားစုက ငွေမတတ်နိုင်တာကြောင့် အရေးပေါ်ခွဲစိတ်ဖို့ ဒီလစာကို ကျွန်တော်စောင့်နေရတယ်…"

ရှင်းဝမ်သည် တစ်ဦးတည်းသောသားဖြစ်ပြီး ညီအစ်ကို လုံးဝမရှိပေ။

ဤလူက ‘လူကိုတွေ့ရင် လူလိုပြောပြီး တစ္ဆေကိုတွေ့ရင် တစ္ဆေလိုပြောနိုင်ခြင်း’စွမ်းရည်ကို အရင်ကတည်းက ကျန်းဖျင်စစ် မြင်တွေ့ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ရှင်းဝမ်၏အဖြစ်အပျက်ကို နားထောင်ပြီးနောက် ကျန်းဖျင်စစ်၏အမူအရာက တည်ငြိမ်သွားပြီး ပေါ့ပေါ့ပါးပါး မေးခဲ့သည်။
"မင်းအစ်ကိုရဲ့အခြေအနေပ အရမ်းဆိုးရွားသလား?"

ယွဲ့ရှင်းဝမ်: "ဆရာဝန်ကတော့ အသည်းကင်ဆာရဲ့ အစောပိုင်းအဆင့်လို့ ပြောတယ်… ခွဲစိတ်ပြီး ကယ်နိုင်သေးတယ်တဲ့… ချေးလို့ရတဲ့ဆွေမျိုးအားလုံးဆီကနေ ငွေတွေချေးထားပေမယ့် ခွဲစိတ်ခက မလုံလောက်သေးဘူး… ဒီတော့ ငါ့ရဲ့လုပ်ခလစာကို ငါစောင့်နေပေမယ့် အခုထိ လစာကမပေးနိုင်သေးဘူး…"

လူများစွာက ယွဲ့ရှင်းဝမ်၏ ဝမ်းနည်းနေသောအမူအရာကို တွေ့လိုက်ကြပြီး ‘အချင်းချင်းစာနာခြင်း’ ဟူသောခေါင်းစဉ်အောက်တွင် အကွာအဝေးက တစ်ခဏအတွင်း ပိုမိုနီးကပ်လာစေသည်။

အသက် 50 ကျော် အဘိုးအိုတစ်ဦးသည် ဆေးလိပ်ငွေ့များကို မှုတ်ထုတ်ကာ ဘယ်ကိုသွားရမည်ကို မသိသောလေယူလေသိမ်းဖြင့်ပြောသည်။
"မတ်လတုန်းက သူတို့က ဇူလိုင်လ နွေရာသီအားလပ်ရက်မှာ ပေးမယ်လို့ပြောတယ်… ဇူလိုင်လရောက်တော့ အဆောက်အဦးက ထိပ်တန်းအခမ်းအနားကျင်းပပြီးရင် ပေးမယ်လို့ပြောတယ်… အောက်တိုဘာလမှာ သူတို့တွေ ထိပ်တန်းအခမ်းအနားကျင်းပပြီးတော့ ဒီနှစ်ကုန်မှပေးမယ်လို့ ပြောပြန်တယ်! အိုင်းယား၊ သူတို့က ငါတို့ကို မျောက်တွေလို ဆော့ကစားနေတာပဲ!"

ယွဲ့ရှင်းဝမ်၏ညာဘက်ရှိ အလုပ်သမားလူငယ်က အသံတိုလျှော့ပြီး အတင်းပြောသည်။
"ရှင်းယွဲ့ပလာဇာပရောဂျက်ရဲ့ developer က သယ်ရှင်း group ဖြစ်ပြီး သူဌေးက ကျန်းသယ်ရှင်းတဲ့… သူက Bမြို့မှာရှိတဲ့ မြေကွက်တစ်ကွက်ကိုလည်း ပိုင်ထားပြီး အဆင့်မြင့်လူနေရပ်ကွက် လုပ်မယ်လို့‌ ကျွန်တော်ကြားတယ်… ရန်ပုံငွေက အဲဒီကိုရောက်သွားတော့ ဒီမှာလုပ်ခလစာပေးဖို့ နှောင့်နှေးသွားတာနေမှာပေါ့…"

ဆေးလိပ်သောက်သော လူအိုကြီးက
"ရှင်ဘုရင်ဥပဒေက ရှိသေးတာလား!"

အလုပ်သမားတွေက စိတ်လှုပ်ရှားပြီး developer တွေကို အော်ငေါက်ပါတော့သည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ကျောက်တရုန်ဆီ ခေါင်းစဉ်ပြောင်းရန် ကြိုးစားကြသည်။
"စကားမစပ် ကျောက်တရုန်လိုကိစ္စမျိုးက အလုပ်နဲ့ပတ်သက်ပြီး ဖြစ်သွားတာဆိုတော့ သူတို့တွေ ပိုက်ဆံပေးသင့်တယ်မလား?"

အခုလေးတင် အတင်းအဖျင်းပြောနေတဲ့ အလုပ်သမားလူငယ်က
"လျော်ကြေးကတော့ သေချာပေါက် ပေးရလိမ့်မယ်… ကံမကောင်းတာက ကျောက်တရုန်က အိပ်ထောင်မပြုရသေးတော့ ကျောက်လျန်က ကျန်ရစ်တဲ့တစ်ယောက်တည်းသော မိသားစုဝင်ဖြစ်ပြီး အသက် 18 နှစ်အရွယ် ကလေးတစ်ယောက်က ဘာနားလည်မှာလဲ! ငါထင်တာကတော့ ညွှန်ကြားရေးမှူးကျန်က သူ့ကို ယွမ်ငွေသောင်း‌ဂဏန်းလောက်ပေးပြီး နှင်ထုတ်လိမ့်မယ်…"

ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့်မေးသည်။
"ကျောက်တရုန်ရဲ့မိသားစုမှာ ဆွေမျိုးတွေမရှိဘူးလား? ဦးလေတို့၊ အဒေါ်တို့ပေါ့၊ ဒီလိုဖြစ်သွားတဲ့အခါ မိသားစု‌ဝင်တွေက ဆောက်လုပ်ရေးဆိုက်ကို မရောက်လာကြဘူးလား?"

ယွဲ့ရှင်းဝမ်က ချက်ချင်း ခေါင်းငြိမ့်သဘောတူသည်။
"ဟုတ်တယ်၊ တကယ်လို့ မိသားစုဝင်များများလာရင် ညွှန်ကြားရေးမှူးကျန်က သူတို့ကို စိတ်အေးအေးထားဖို့အတွက် လျော်ကြေးငွေပိုပေးနိုင်တယ်မလား?"

အလုပ်သမားငယ်က ပြောလာသည်။
"သူတို့ရဲ့မိသားစုဝင်အားလုံးက သေကုန်ပြီ…"

ဒီအလုပ်သမားက ကျောက်ရွာကဖြစ်ပြီး ယွဲ့ရှင်းဝမ်က သူပြောပြသောအဖြစ်အပျက်ကို နားထောင်ခဲ့သည်——

"ကျောက်တရုန်ရဲ့ မိဘနှစ်ပါးစလုံးက အသည်းကင်ဆာနဲ့ ဆုံးသွားခဲ့ပြီး သူ့ကို သူ့အစ်ကိုက ပြုစုပျိုးထောင်ခဲ့တာ… သူ့အစ်ကိုကျောက်တချန်က သူ့ထက် 10 နှစ်လောက်ကြီးပြီး ငါတို့ရွာမှာ အကောင်းဆုံးလက်သမားပဲ… နောက်တော့ မိန်းမတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီး ကျောက်လျန်ကို မွေးခဲ့တယ်… သူတို့လင်မယားနှစ်ယောက်က အခြားနေရာတွေမှာ နှစ်ပေါင်းများစွာ အလုပ်လုပ်ကြပြီး ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဦးလေးဖြစ်တဲ့ ကျောက်တရုန်ဆီ ထားခဲ့တယ်…"

"အစကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူတို့လင်မယားအလုပ်လုပ်ခဲ့တဲ့ ပိုက်ဆံတွေနဲ့ အဆင်ပြေနေပြီး သူတို့ဘဝတွေက ပိုမိုကောင်းလာခဲ့တယ်… ဒါပေမယ့် နောက်ပိုင်းမှာ ကျောက်တချန်က အိမ်အလှဆင်နေချိန် အိမ်ရဲ့လသာဆောင်အကာအရံက ချောင်နေတာကြောင့် အပေါ်ထပ်ကနေ မတော်တဆပြုတ်ကျခဲ့တယ်… သူက နေရာမှာတင် ပွဲချင်းပြီးဆုံးသွားတယ်… သူ့မိန်းမကလည်း ရှင်းပြချက်ကို တောင်းခံဖို့အတွက် အဲဒီအိမ်ကိုသွားရင်း လမ်းမှာ ကားမတော်တဆဖြစ်ပြီး ဆုံးသွားတယ်… အိုင်းယား… ကျောက်လျန်အတွက်ကတော့ သနားစရာပဲ၊ အဲဒီကလေးက အလယ်တန်းကျောင်းသားအရွယ်ပဲ ရှိသေးတာ… အစတုန်းက သူက ကျောင်းမှာ အဆင့်တွေအရမ်းကောင်းတယ်… ဒါပေမယ့် ဒီအဖြစ်အပျက်က သူ့ကို အရမ်းထိခိုက်သွားစေခဲ့တယ်… အတန်းရဲ့ထိပ်ဆုံးကနေ အောက်ဆုံးကိုရောက်သွားပြီး သူက အထက်တန်းကျောင်းကောင်းကောင်းကိုလည်း မဝင်နိုင်ခဲ့သလို တက္ကသိုလ်ကောင်းကောင်းကိုလည်း မတက်နိုင်ခဲ့ဘူး…"

ဤအတိတ်ဖြစ်ရပ်ကိုပြောရင်း အလုပ်သမားငယ်သည် လေးလေးနက်နက် မျက်နှာအမူအရာဖြင့် နောင်တရကာ သက်ပြင်းချလိုက်သည်။

သူ့ဘေးရှိ တစ်ယောက်က အတင်းပြောသည်။
"မင်းက ကျောက်ရွာကလား? မင်းတို့ရွာကနေ လာပြီးအလုပ်လုပ်တဲ့သူတွေ အများကြီးရှိတာလား?"

အလုပ်သမားငယ်က ခါးသက်သက်ပြုံးကာ ပြောသည်။
"ဘယ်တတ်နိုင်မလဲ… ရွာကနေ အလုပ်လုပ်ဖို့က ဝေးလွန်းတာကို… ဒီတော့ ငါအလုပ်မလုပ်ရင် လယ်ယာတစ်ခုတည်းနဲ့ မိသားစုကို မထောက်ပံ့နိုင်ဘူးလေ…"

ယွဲ့ရှင်းဝမ်က ဤစကားကို သေသေချာချာကို စဉ်းစားခဲ့သည်။ သူ့မိဘတွေ၏ မတော်တဆသေဆုံးမှုကြောင့် ကျောက်လျန်၏အဆင့်တွေ ကျဆင်းသွားတာလား၊ ဒါမှမဟုတ် သူ့အဆင့်တွေ ကျဆင်းရခြင်း၏ အကြောင်းအရင်းက ဒါတင်မကဘဲ ဦးလေးဖြစ်သူ၏ အနိုင်ကျင့်မှုလည်း ပါနေမလား?

“ကျောက်လျန်က ငယ်ငယ်ကတည်းက သူ့ဦးလေးဖြစ်သူရဲ့ နှိပ်စက်တာခံခဲ့ရတာကြောင့် လက်စားချေဖို့ သတ်ပစ်ခဲ့တယ်”ဟူသော ခယ်ရှောင်ပင်း အဆိုပြုခဲ့သည့် ဖြစ်နိုင်ခြေကို လုံးဝဖယ်ထုတ်လို့မရပေ။

ကျောက်တရုန်က ကျောက်လျန်၏ “အုပ်ထိန်းသူ”ဖြစ်သည်။ အကယ်၍ သူသည် ဆောက်လုပ်ရေးဆိုက်တွင် မတော်တဆသေဆုံးသွားပါက ကျောက်လျန်သည် ကျန်ရှိသောတစ်ဦး‌တည်းသောမိသားစုဝင်အဖြစ် ပိုင်ဆိုင်မှု၏ အမွေဆက်ဆံသူ ဖြစ်လာမည်ဖြစ်သည်။ ဆောက်လုပ်ရေးဆိုက်မှာ သေဆုံးသွားသည့် အလုပ်သမားအတွက် လျော်ကြေးငွေကို ကျောက်လျန်ထံ လွှဲပြောင်းပေးအပ်သွားမှာ ဖြစ်သည်။ ကျောက်လျန်က ပြစ်မှုကျူးလွန်ရန် လုံလောက်သော ရည်ရွယ်ချက်ရှိပုံရသည်။

ယွဲ့ရှင်းဝမ်က အတင်းပြောသလိုလုပ်လိုက်သည်။
"ကျောက်တရုန်က အိမ်ထောင်မပြုရသေးတာကြောင့် သူ့မှာ အရွယ်ရောက်နေပြီဖြစ်တဲ့တူနဲ့ သူတို့တွေက ဆက်ဆံရေးကောင်းသလား? ကျောက်တရုန်က ကျောက်လျန်ကို သူ့သားအရင်းလို မထင်ဘူးလား?"

အလုပ်သမားငယ်: "များသောအားဖြင့် ကျောက်တရုန်က အပြင်မှာ အလုပ်လုပ်ပြီး အားလျန်ကို လစဉ်စားဝတ်နေရေးစရိတ်တွေ ပို့ပေးတယ်… သူက ဒီတူလေးကို အရမ်းဂရုစိုက်ပြီး နှစ်သစ်ကူးပွဲတော်ပိတ်ရက်တွေဆို အဝတ်အစားနဲ့ မုန့်တွေဝယ်ပြီး ပို့ပေးတယ်…"

ကျန်းဖျင်စစ်က အဓိကအချက်ကို ထောက်ပြသည်။
"ကျောက်လျန်က သူ့မွေးရပ်မြေမှာ သူ့ဟာသူ ကျောင်းတက်နေပြီး ကျောက်တရုန်က အလုပ်ထွက်လုပ်တာပေါ့…။သူတို့က မကြာခဏမတွေ့ဖြစ်ကြဘူးလား?"

အလုပ်သမားငယ်: "ဟုတ်တယ်… အဲဒီအကြောင်းကြောင့်ပဲ ကျောက်လျန်ရဲ့ အဆင့်တွေက ပိုဆိုးလာတာ… သူ့ဦးလေးက သူ့ကို အနီးကပ်စောင့်ရှောက်ဖို့ အချိန်မရှိဘူး… သူက နေ့တိုင်း ကလေကချေတွေနဲ့ အင်တာနက်ကဖေးကို သွားနေတာ… အိုင်းယား၊ ဒီလောက်ကောင်းတဲ့ပျိုးပင်ပေါက်လေးကို ဖြုန်းတီးသလိုဖြစ်သွားပြီ…"

ယွဲ့ရှင်းဝမ်က မေးသည်။
"စကားမစပ်၊ ကျောက်လျန်က အိပ်ဆောင်မှာ ဘာလို့မအိပ်ဘဲ အဆောက်အဦးထဲက ကြမ်းပြင်မှာ သွားအိပ်ရတာလဲ?"

အလုပ်သမားက ထူးဆန်းစွာပြောသည်။ 
"ဒီကလေးက ဆောက်လုပ်ရေးဆိုက်ကို ရောက်လာတဲ့အခါ အိပ်ဆောင်အလွတ်တစ်ခုပဲ ရှိတော့ပြီး အဲဒါက ဂိုဒေါင်ရဲ့ စောင့်ကြည့်ရေးမှူး ယန်ခိုင်နေထားတဲ့နေရာပဲ… ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ခေါင်းဆောင်က သူ့ကို ယန်ခိုင်နဲ့နေဖို့ စီစဉ်ပေးခဲ့တယ်… အားလျန်က ယန်ခိုင်အနိုင်ကျင့်တာ နေ့တိုင်းခံရလို့ သည်းမခံနိုင်တာကြောင့် အပြင်ထွက်ပြီး အဆောက်အဦးထဲက ကြမ်းပြင်မှာ သွားအိပ်တာ… ဘာပဲဖြစ်ဖြစ် အခု ရာသီဥတုကပူတာကြောင့် အဆောက်အဦးထဲမှာ အိပ်တာက ကောင်းပါတယ်…"

ဒါကိုပြောပြီးနောက် အလုပ်သမားက တစ္ဆေမြင်သလိုမျိုး ရုတ်တရက် ပါးစပ်ကို ပိတ်လိုက်သည်။

ယွဲ့ရှင်းဝမ်က ခေါင်းလှည့်လိုက်တော့ အပြာရောင်စက်ပြင်ဦးထုပ် ဆောင်းထားသော လူတစ်ယောက်က အဝေးကနေ ဖြတ်သွားတာကို တွေ့လိုက်ရသည်။ ထိုအမျိုးသားက အရပ်ရှည်ရှည်၊ ခြေတံရှည်ရှည်ဖြစ်ပြီး လက်မောင်းပေါ်တွင် တက်တူးထိုးထားကာ မျက်လုံးအိမ်တွေက အနည်းငယ်ဟောက်နေပြီး သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများရှိသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူက ရန်စလို့ကောင်းသောလူမဟုတ်ပေ။

အလုပ်သမားက သူ့အသံကို လျှော့လိုက်ပြီး
"ဒီယန်ခိုင်ကို ညွှန်ကြားရေးမှူးကျန်က ထောက်ခံပေးထားပြီး သူက ‌ဒေါသအရမ်းကြီးတယ်…"

ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်—— ‘အိပ်ဆောင်က အိပ်ရာက အသိမ်းခံထားရလို့ ဒီအထပ်မှာ အိပ်ခဲ့တာ’ဟူသော ကျန်းဖျင်စစ်ကိုပြောခဲ့သည့် ကျောက်လျန်၏စကားက လိမ်ညာခြင်းမဟုတ်ပေ။ ဒီယန်မျိုးရိုးအမည်ရှိ ဂိုဒေါင်မန်နေဂျာက ညွှန်ကြားရေးမှူးကျန်နဲ့ အဆက်အဆံရှိတာကြောင့် ဆောက်လုပ်ရေးဆိုက်မှာ အခြားသူတွေကို အနိုင်ကျင့်တာက လျှို့ဝှက်ချက်မဟုတ်ပေ။

သူတို့နှစ်ယောက်သည် နေ့လယ်စာစားချိန်အထိ အလုပ်သမားများနှင့် စကားစမြည်ပြောပြီး အိပ်ဆောင်သို့ ပြန်သွားကြသည်။

ယနေ့တွင် ဆောက်လုပ်ရေးဆိုက်ကပိတ်ထားပြီး မည်သူမှ နေ့လယ်စာ ချက်ပြုတ်ခြင်းမရှိသည့်အပြင် အခန်းထဲတွင် ခေါက်ဆွဲခြောက်ဘူးများစွာ ရှိနေပါသည်။ ယွဲ့ရှင်းဝမ်က လူတိုင်းကို သူတို့၏နေ့လယ်စာအား ခေါက်ဆွဲခြောက်နဲ့ ဖြေရှင်းခိုင်းပြီး သဲလွန်စတွေစုစည်းရန် ဆောက်လုပ်ရေးဆိုက်၏ထောင့်မှာ စုရုံးခဲ့ကြသည်။

ယွဲ့ရှင်းဝမ်က သူကြားသိခဲ့ရသောအချက်အလက်များကို အတိုချုံးပြောပြသည်။
"ကျောက်လျန်ရန်အဖေက အဆောက်အဦးတစ်ခုပေါ်ကနေပြုတ်ကျသေပြီး သူ့အမေက ကားမတော်တဆမှုဖြစ်ပြီး သေသွားခဲ့တယ်… သူ့ဦးလေးကလည်း သူ့ကို ထောက်ပံ့ဖို့အတွက် ဒီနှစ်တွေအတွင်း အပြင်ထွက်ပြီး အလုပ်လုပ်နေခဲ့တယ်… သူတို့တူအရီးနှစ်ယောက်က အတူတူရှိတဲ့အချိန် သိပ်မရှိဘူး… ကျောက်လျန်က နေ့တိုင်း ကလေကချေအုပ်စုတွေနဲ့ အင်တာနက်ကဖေးကို သွားလေ့ရှိပြီး တက္ကသိုလ်ဝင်ခွင့်မရခဲ့တာကြောင့် သူ့ဦးလေးက ကူညီဖို့နဲ့ လက်သမားပညာကို သင်ယူဖို့ သူ့ကို ဆောက်လုပ်ရေးဆိုက်ဆီ ခေါ်လာခဲ့တယ်…"

လျှိုကျောက်ချင်း: "ငါတို့က ကျောက်လျန်နဲ့ စကားစမြည်ပြောဖို့ သွားခဲ့တယ်… သူက အရမ်းစိတ်လှုပ်ရှားနေပြီး သူ့ဦးလေးသေဆုံးမှုက သူ့ကို အတော်လေးထိခိုက်သွားစေတယ်… သူ့ဦးလေးက သူ့ရဲ့တစ်ဦးတည်းသောဆွေမျိုးဖြစ်တယ်လို့ ပြောတယ်… သူက သရုပ်ဆောင်နေတာ၊ ဟန်ဆောင်နေတာမျိုးတော့ ငါမမြင်မိဘူး…"

ကျန်းရှောင်နျန်က ခေါင်းငြိမ့်သည်။
"သူ့မျက်လုံးတွေက ငိုလွန်းလို့ ဖူးရောင်နေတာပဲ… သူသာ လူသတ်သမားဆိုရင် သူ့ရဲ့သရုပ်ဆောင်စွမ်းရည်က တကယ်ကိုအံ့ဩစရာပဲ…"

ကျန်းဖျင်စစ်က ပြတ်ပြတ်သားသား မေးသည်။
"သူ့ခန္ဓာကိုယ်မှာ ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာတွေ ရှိသလား?"

လျှိုကျောက်ချင်း: "အနာအဆာ အများအပြားတော့ တွေ့ခဲ့တယ်…"

ခယ်ရှောင်းပင်: "အဲဒါက ကိုက်ရာလား?"

ရွှီယိရှန်းက သူ့ကို လေးလေးနက်နက် ပြုံးပြလိုက်သည်။
"ဂျူနီယာညီလေးခယ်က အများကြီးသိတာပဲ…"

ခယ်ရှောင်ပင်း၏ပါးပြင်များ နီမြန်းလာသည်။
"ကျွန်တော်က ဒီအတိုင်းမေးကြည့်တာပါ… ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကိုရှာဖို့ အားလျန်ရဲ့ ခန္ဓာကိုယ်မှာ ထူးခြားတဲ့အမှတ်အသားတွေရှိရင် သူ့ဦးလေးက သူ့ကို မတော်မရားပြုကျင့်တယ်လို့ ယူဆလို့ရပြီး သူက သူ့ဦးလေးကိုသတ်ပြီး လျော်ကြေးငွေတွေကို ရယူပိုင်ခွင့်ရှိတယ်မလား?"

လျှို့ကျောက်ချင်း: "ငါ့ရဲ့ဆေးပညာအမြင်အရတော့ အဲဒီဒဏ်ရာတွေက ရိုက်နှက်ခံရရင်းရခဲ့တာတွေ… သူ့အိပ်ဆောင်မှာ ယန်မျိုးရိုးအမည်ရှိတဲ့လူက အိပ်နေရင်း သူ့ဟောက်သံကြောင့် နိုးလာတဲ့အတွက် ဒေါသထွက်သွားတယ်တဲ့… သူက နှစ်ကြိမ်ထိုးကြိတ်ခံခဲ့ရပြီး အရမ်းကြောက်သွားတာကြောင့် အပြင်ထွက်အိပ်တာတဲ့…"

ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားလိုက်သည်။
"ဒါဆို အဆောက်အဦးထဲ ကျောက်လျန်ရောက်နေတာက အဓိပ္ပါယ်ရှိတဲ့ ရှင်းပြချက်တစ်ခုရှိတာပေါ့… သူနဲအတူနေထိုင်တဲ့လူကို ယန်ခိုင်လို့ခေါ်ပြီး ညွှန်ကြားရေးမှူးကျန်က ထောက်ခံပေးတာကြောင့် ဆောက်လုပ်ရေးဆိုက်က လူသစ်တွေကို ခြိမ်းခြောက်ပြီး အနိုင်ကျင့်သလို လုပ်လေ့ရှိတယ်… အားလျန်က အရိုက်ခံရတော့ အိပ်ဖို့အတွက် ‌အဆောက်အဦးထဲကို ရွှေ့လိုက်တယ်… သူ့ဦးလေးက အဆောက်အဦးပေါ်ကနေ ပြုတ်ကျမယ်ဆိုတာ သူမသိဘူးဆိုတာ ဖြစ်နိုင်တယ်မလား?"

ကျန်းဖျင်စစ်က သဘောတူသည်။
"ကျောက်လျန်ရဲ့ သံသယတွေကတော့ လျော့သွားပြီ… ကျောက်လျန်က သူ့ဦးလေးသေဆုံးမှုအတွက် တကယ်ကို ဝမ်းနည်းနေတာလား၊ သရုပ်ဆောင်တာလားဆိုတာ စီနီယာအစ်ကိုလျှိုက ဆက်ပြီးစောင့်ကြည့်ထားလိုက်ပါ…"

လျှိုကျောက်ချင်း: "ကိစ္စမရှိဘူး…"

ယွဲ့ရှင်းဝမ်က အခြားအဖွဲ့သားတွေကို ကြည့်လိုက်သည်။
"ဘာတွေရှာတွေ့ခဲ့သလဲ?"

လင်းမန့်လော်: "ငါနဲ့ ချင်လုက ဆောက်လုပ်ရေးဆိုက်က အမျိုးသမီးအလုပ်သမားတွေအားလုံးကို လိုက်မေးခဲ့ပြီး သူတို့အားလုံးက ကျောက်ရွှယ်မေ့အပေါ် အကောင်းမြင်ကြတယ်… ကျောက်ရွှယ်မေ့က အသက် 30 ရှိပြီး အိပ်ထောင်မပြုသေးဘဲ သူမအိမ်မှာ မကျန်းမမာဖြစ်နေတဲ့ အဖွားတစ်ယောက်ရှိတယ်… သူမရဲ့အခြေအနေက သိပ်မကောင်းပေမယ့် သူမကလှတယ်၊ ဇွဲလုံ့လရှိပြီး ဟင်းချက်တော်တယ်… ဆောက်လုပ်ရေးဆိုက်က လူပျိုကြီးတော်တော်များများက သူမကို စိတ်ဝင်စားနေတယ်လို့ ပြောကြတယ်… ဆောက်လုပ်ရေးဆိုက်မှာ လူတိုင်းအတွက် ဟင်းချက်ဖို့က သူမမှာ အဓိကတာဝန်ရှိတယ်…"

ချင်လုက ဆက်ပြောသည်။
"သူမ ညသန်းခေါင်မှာ အပြင်ထွက်တာ ဒါပထမဆုံးအကြိမ်တော့ မဟုတ်ဘူး… တချို့က သူမက တစ်ယောက်ယောက်နဲ့ သီးသန့်ချိန်းတွေ့တာဖြစ်နိုင်တယ်လို့ ပြောကြတယ်…"

ကျိုဖုန်း: "ငါတို့က လုံရွေ့ကို သွားစုံစမ်းကြည့်ခဲ့တယ်… လုံရွေ့က နာမည်ကြီးဆေးလိပ်သမားဖြစ်ပြီး တစ်နေ့ကို ဆေးလိပ်တစ်ဘူးလောက် သောက်နိုင်တယ်… မနက် 4 နာရီခွဲမှာ သူဆေးလိပ်သောက်ဖို့ အပြင်ထွက်သွားတာကို ဘယ်သူမှ အတည်မပြုနိုင်ပေမယ့် အဲဒီနေရာမှာ ဆေးလိပ်ပြာတွေအများကြီးတော့ အမှန်တကယ်ရှိနေခဲ့တယ်… ဒါပေမယ့် ငါတို့က သူ့အခန်းဖော်ကို မေးခဲ့ပြီး လျှပ်စစ်သမားတွေနဲ့ ဘိလပ်မြေလုပ်သားတွေက အတူတူ အလုပ်မလုပ်ကြတာကြောင့် လုံရွေ့က ကျောက်တရုန်ကို ကောင်းကောင်းမသိနိုင်ဘူး…"

ရွှီယိရှန်း: "ကျောက်ချန်က အိမ်သာသွားတာလို့ အခိုင်အမာပြောခဲ့ပေမယ့် မျက်မြင်သက်သေမရှိဘူး… ဒါပေမယ့် အလုပ်သမားတချို့က သီးသန့်စကားပြောနေတာကို ကြားလိုက်ရတယ်… လွန်ခဲ့တဲ့ရက်အနည်းငယ်က မြေအောက်ကားပါကင်မှာ ကျောက်ချန်နဲ့ ကျောက်တရုန်တို့က သီးသန့်စကားစမြည်ပြောနေတာကို လူတချို့ကတွေ့လိုက်တယ်လို့ ပြောတယ်… ပြီးတော့ သူတို့က တစ်ခုခုကိုငြင်းခုံနေပုံရတယ်တဲ့…"

ယွဲ့ရှင်းဝမ်က သဲလွန်စအားလုံးကို ခွဲထုတ်ပြီး ခယ်ရှောင်ပင်းကိုကြည့်ကာ 
"မြေအောက်ကားပါကင်မှာ တစ်ခုခုရှာတွေ့ခဲ့လား?"

ခယ်ရှောင်ပင်းက လက်ပ်တော့ကို ချက်ချင်းဖွင့်လိုက်ပြီး လူတိုင်းအား 3Dပုံတစ်ခုကို တင်ဆက်လိုက်သည်။

ရှောင်ထူက ကားပါကင်တစ်ခုလုံးကို စစ်ဆေးပြီး ကွန်ပျူတာရှိ မြေအောက်ကားပါကင်၏ 3D မြင်ကွင်းကျယ်ပုံစံကို ပုံဖော်ခဲ့သည်။ ခယ်ရှောင်ပင်းသည် မနက်ခင်းက ကျန်းဖျင်စစ်၏ ခွဲခြမ်းစိတ်ဖြာမှုကို အခြေခံ၍ လူသတ်ပြီး လွတ်မြောက်ရန် အကောင်းဆုံးလမ်းကြောင်းကို ရေးဆွဲခဲ့သည်။

ခယ်ရှောင်ပင်းက မြေပုံကို ညွှန်ပြပြီး ရှင်းပြသည်။
‌"သေဆုံးသူပြုတ်ကျတဲ့ တည်နေရာက ရှင်းယွဲ့အဆောက်အဦးရဲ့ ဧရိယာC မှာရှိတယ်… လူသတ်သမားက ကျောက်လျန်မဟုတ်ဘူးဆိုရင် လူသတ်ပြီးတော့ ထွက်ပြေးဖို့ လှေကားကနေဆင်းပြီး မြေအောက်ဒုတိယထပ်က ကားပါကင်ထဲကို ဝင်သွားလိမ့်မယ်… ပြီးတော့ Lပုံသဏ္ဌာန်နဲ့ လူကူးလမ်းအောက်ကို တိုက်ရိုက်လာပြီး ဒီဧရိယာကို တည့်တည့်ဖြတ်ပြီးတော့ နောက်ဆုံးမှာ ဒီလူဆင်းပေါက်ကနေ ထွက်လာမယ်…"

ကျန်းဖျင်စစ်က ချီးကျူးသည်။
"ဒါက စောင့်ကြည့်ရေးကင်မရာတွေကနေ ရှောင်ရှားနိုင်တဲ့ အနီးဆုံးနဲ့ အတိုဆုံးလမ်းကြောင်းပဲ…"

ယွဲ့ရှင်းဝမ်: "မင်းတို့ ဒီလမ်းကို စစ်ဆေးပြီးပြီလား?"

ချင်မြောင်က ဖြေသည်။
"မြေအောက်ကားပါကင်က မှောင်နေတာ… ရှင်းယန်က အလင်းရောင်ပေးဖို့ အရက်မီးခွက်တွေကိုသုံးပြီး ငါတို့တွေ အကြိမ်ပေါင်းများစွာ အပြန်ပြန်အလှန်လှန် ရှာကြည့်ခဲ့ပေမယ့် ဆံချည်တစ်မျှင်မပြောနဲ့ အသုံးဝင်တဲ့သဲလွန်စတောင် မတွေ့ခဲ့ဘူး…"

လူသတ်သမားသည် အလွန်သတိထားပုံရပြီး ဖြစ်စဉ်အတွင်း မည်သည့်အထောက်အထားမျှ မထားခဲ့ပုံရသည်။

ကျောက်ရွှယ်မေ့သည် ပြစ်မှုကျူးလွန်ရန် အခြေအနေတွင်မရှိပေ။ သူမသည် လူတိုင်းကို နှိုးဆော်ရန် အော်ဟစ်ခဲ့သည်။ သူမသည် မြေအောက်လမ်းထဲတွင် နှစ်ကြိမ်မျှ အပြန်ပြန်အလှန်လှန် ပြေးသွားပြီးနောက် အော်ဟစ်ရန် အခင်းဖြစ်ပွားရာသို့သွားဖို့ အချိန်မရှိပေ။ လုံရွေ့သည် သေဆုံးသူကို မသိတာကြောင့် ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်မရှိပေ။

ကျောက်လျန်နဲ့ ကျောက်ချန်တို့က ကျောက်ရွာမှ ဖြစ်တာကြောင့် သူတို့က လူသတ်သမားများ ဖြစ်နေမလား?

#TK