Chapter 67
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 67 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၆)


ယွဲ့ရှင်းဝမ်က ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာသည်။

"ကျောက်လျန်က သူ့ဦးလေးရဲ့ အနိုင်ကျင့်နှိပ်စက်တာကို နှစ်ပေါင်းများစွာခံခဲ့ရတယ်လို့ ယူဆရရင် နောက်ဆုံးမှာ သူ့ဦးလေးကိုသတ်ပြီး လျော်ကြေးငွေကိုရမယ်… ဒီအကြောင်းအရင်းက ပြဿနာမရှိဘူး၊ ဒါပေမယ့် သူ့ဦးလေးသေဆုံးသွားတာကို မြင်တော့ သူ့မျက်လုံးတွေဖူးရောင်တဲ့အထိ ဘာလို့ငိုရတာလဲ? သူက အသက် 18 နှစ်အရွယ် အထက်တန်းကျောင်းသားဖြစ်ပြီး သရုပ်ဆောင်စွမ်းရည်က ဘယ်လောက်ကောင်းမှာလဲ?"


ဒီမနက်မှာတော့ ကျောက်လျန်သည် ကျောက်တရုန်၏ သေဆုံးနေသောမြင်ကွင်းကို မြင်လိုက်ရချိန်မှာ တကယ့်ကို စိတ်လှုပ်ရှားနေခဲ့သည်။ သူက ပြေးသွားကာ အလောင်းကိုပွေ့ဖက်ပြီး ငိုနေခဲ့သည်။ စီနီယာအစ်ကိုလျှိုကလည်း ကျောက်လျန်၏မျက်လုံးတွေက ငိုထားတာကြောင့် နီရဲနေတယ်လို့ ပြောခဲ့ပြီး စကားစမြည်ပြောသောအခါမှာလည်း အလွန်ဝမ်းနည်းနေကာ သူ့ဦးလေးက သူ၏တစ်ဦးတည်းသောဆွေမျိုးဖြစ်ကြောင်း ပြောခဲ့သည်။


သူက လူသတ်သမားဆိုလျှင် သူ၏သရုပ်ဆောင်စွမ်းရည်က သရုပ်ဆောင်လောကရှိ ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တွေထက်ပင် ပိုကောင်းနေသည်။ 


ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။

"ကျောက်ချန်က သေဆုံးသူနဲ့ စကားများဖူးပြီး သူ့မှာလည်း ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိနိုင်တယ်… ဒါပေမယ့် လူသတ်သမားက ကင်မရာတွေမှာ သဲလွန်စတစ်ခုမှ မထားခဲ့တဲ့အပြင် မြေအောက်ကားပါကင်ကနေ ထွက်ပြေးသွားရာမှာလည်း အထောက်အထားတွေ မထားခဲ့ဘူး… အဲဒါကိုကြည့်ပြီးတော့ လူသတ်သမားက ပြစ်မှုကျူးလွန်ဖို့ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့လူစားမျိုးမဟုတ်ဘဲ အချိန်အကြာကြီး ကြံစည်ထားကြောင်း ညွှန်ပြနေတယ်… သတိရှိတဲ့လူသတ်သမားက နာရီဝက်လောက် အခန်းထဲပြန်မလာတာကို ကိုယ့်အခန်းဖော်သတိထားမိအောင် ဘယ်လိုလုပ်နေမှာလဲ?"


ကျောက်လျန်နှင့် ကျောက်ချန်တို့ နှစ်ဦးစလုံးတွင် သံသယများရှိနေသော်လည်း သူတို့က လူသတ်သမားဆိုလျှင်တောင် ယုတ္တိမရှိသော အရာများစွာရှိနေသေးသည်။


အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခေါင်းငုံ့ပြီး တွေးနေကြသည်။


 ကျန်းဖျင်စစ်က ရုတ်တရက် ပြောလာသည်။

 "ကျောက်တရုန် သေဆုံးမှုက ပုဂ္ဂိုလ်ရေးရန်ငြိုးရန်စကြောင့်မဟုတ်ဘဲ ပရောဂျက်မှာ အလုပ်သမားတွေရဲ့ မပေးရသေးတဲ့ လုပ်ခလစာနဲ့များ ဆက်စပ်နေမလား? မင်းအရင်က ပြောခဲ့သလိုမျိူး ငါတို့တွေ ရှုထောင့်နှစ်ခုကနေ စုံးစမ်းဖို့လိုတယ်…"


 ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

 "ဟုတ်တယ်၊ ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးရန်စတွေမှာ တိုးတက်မှုမရှိဘူးဆိုရင် လုပ်ခလစာမပေးရတဲ့ကိစ္စကို ငါတို့စုံစမ်းမယ်… ဒီနေ့လယ်က အလုပ်သမားတွေ စကားပြောနေတာကို အချိန်အတော်ကြာ နားထောင်ခဲ့တယ်… ဒီပရောဂျက်ရဲ့ developer က သယ်ရှင်း Group ဖြစ်ပြီး၊ သူဌေးက ကျန်းသယ်ရှင်းတဲ့၊ ဆောက်လုပ်ရေးအဖွဲ့ကို Aမြို့ရဲ့ အင်ဂျင်နီယာအဖွဲ့ရှစ်က ကျန်ကျုံးနဲ့ ကျန်ကျစ်ဝေတို့က တာဝန်ယူထားတာ…"


 ခယ်ရှောင်ပင်းက ချက်ချင်းပင် ကွန်ပျူတာကိုဖွင့်လိုက်သည်။

 "ငါ့မှာ ပရောဂျက်လေလံဆွဲတဲ့ စာရွက်စာတမ်းတွေ၊ ဆောက်လုပ်ရေးကန်ထရိုက်တွေ၊ ပရောဂျက်ဘတ်ဂျက်တွေ ရှိတယ်… မနေ့က ညွှန်ကြားရေးမှူးကျန်ရဲ့ရုံးခန်းကို သွားတုန်းက အဲဒီအချက်အလက်တွေအားလုံးကို ကော်ပီကူးထားခဲ့တယ်…"


  ယွဲ့ရှင်းဝမ်က ပရော်ဖက်ရှင်နယ်မဟုတ်တာကြောင့် စာချုပ်ပါအကြောင်းအရာကို နားမလည်ချေ။


 ရွှီယိရှန်းက အချက်အလက်များကိုကြည့်ကာ ပြောသည်။

 "အပေါ်ယံအနေနဲ့တော့ ဒီစာချုပ်မှာ ဘာအမှားအယွင်းမှ မရှိဘူး… ဒါက သာမန်ပုံစံတစ်ခုဖြစ်ပြီးတော့ ပရောဂျက်ပေးပို့ချိန်၊ ဆောက်လုပ်ရေးတိုးတက်မှု၊ ပထမအဆင့်နဲ့ ဒုတိယအဆင့်ပြေလည်မှုတို့ကိုလည်း ရှင်းရှင်းလငလင်းဖော်ပြထားတယ်…"


ကျန်းဖျင်စစ်: "သယ်ရှင်း Group က Bမြို့မှာ အဆင့်မြင့်လူနေရပ်ကွက်တစ်ခုကို တစ်ချိန်တည်းမှာ တည်ဆောက်နေပြီး ရန်ပုံငွေတွေကို အဲဒီနေရာဆီ လွှဲပြောင်းလိုက်တာကြောင့် ရှင်းယွဲ့ပလာဇာပရောဂျက်ရဲ့ ဆောက်လုပ်ရေးပေးချေမှုနဲ့ အလုပ်သမားတွေရဲ့ လုပ်အားခပေးချေမှုအပေါ် နှောင့်နှေးသွားတယ်လို့ အလုပ်သမားတချို့ကပြောကြတယ်…"


နေ့လယ်က ဆေးလိပ်သောက်ပြီး စကားစမြည်ပြောနေကြသည့် အလုပ်သမားတွေအကြောင်း စဉ်းစားရင်း ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချလိုက်သည်။

"အလုပ်သမားတွေအတွက်လည်း အရမ်းခက်ခဲတယ်… အစက မတ်လမှာ လုပ်အားခပေးမယ်လို့ ပြောထားပေမယ့် ဇူလိုင်လကနေ အောက်တိုဘာလအထိ ရွှေ့ဆိုင်းခဲ့တယ်… ဒီနေ့မှာ ညွှန်ကြားရေးမှူးကျန်က ဒီနှစ်ကုန်မှ ပေးမယ်လို့ အသံချဲ့စက်နဲ့ ပြောလိုက်တာကြောင့် လူတိုင်းက ဝင်ငွေမရှိဘဲ တစ်နှစ်ပတ်လုံး အလုပ်လုပ်နေရပြီး အများစုက ဆင်းရဲနွမ်းပါးတဲ့ မိသားစုအခြေအနေရှိတာကြောင့် ဒီငွေတွေနဲ့ပဲ သူတို့ဘဝတွေကို ရှင်သန်ဖို့မှီခိုနေရတယ်…"


ခယ်ရှောင်ပင်းက အပြုသဘောဖြင့် ခွဲခြမ်းစိပ်ဖြာခဲ့သည်။

"မိသားစုတစ်ခုက လူတစ်ယောက်က ဒေါသထွက်ပြီး အရှုပ်အထွေးလုပ်ဖို့ ကျောက်တရုန်ကို သတ်ပစ်လိုက်တာလား? ဆိုလိုတာက ကျောက်တရုန်ကို လူသတ်သမားက ရန်ငြိုးထားခြင်းမရှိပေမယ့် ဆောက်လုပ်ရေးလုပ်ငန်းတွေ နှောင့်နှေးအောင် လုပ်ပြီး လူအများရဲ့အာရုံစိုက်မှုရအောင် သူ့ကိုသတ်လိုက်မယ်၊ ဒီလိုဆိုရင် မီဒီယာတွေကလည်း ဒီကိစ္စကိုဖော်ထုတ်ပြီး ရည်ရွယ်ချက်က… လုပ်အားခကို ပြန်ရဖို့များလား?"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ခဏလောက်စဉ်းစားလိုက်သည်။

"ဒါက ဖြစ်နိုင်တယ်… လုပ်အားခက နှစ်ဝက်ကျော်လောက် နှောင့်နှေးနေပြီး အလုပ်သမားတွေက မကျေမနပ်ဖြစ်နေတာ ကြာလှပြီ… လူသတ်သမားက ပြင်ဆင်ဖို့ အချိန်အများကြီးရှိပြီး စတင်ဖို့ သင့်တော်တဲ့အချိန်ကို ရွေးလိုက်တာပဲ… မနေ့က မြို့ခေါင်းဆောင်တွေ လာရောက်စစ်ဆေးတယ်မလား? ခေါင်းဆောင်တွေ ထွက်သွားတာနဲ့ ဆောက်လုပ်ရေးဆိုက်မှာ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မြို့နယ်အစိုးရက သေချာပေါက် အရေးယူလိမ့်မယ်…"


ကျန်းရှောင်နျန်က မနေ့က ထိုလူတွေကို သတိရလိုက်ပြီး ချက်ချင်း ပြောလာသည်။

"အတွင်းရေးမှူးချင်လား? လူလတ်ပိုင်းအရွယ် ပြည့်ဖြိုးနေတဲ့ပုံစံနဲ့လူက ဒီဧရိယာရဲ့ တာဝန်ခံဖြစ်မယ်ထင်တယ်…"


ချင်လု: "မနေ့က အချက်အလက်တွေကို ကော်ပီကူးနေတဲ့အခါ အတွင်းရေးမှူးချင်က ညွှန်ကြားရေးမှူးကျန်နဲ့ စကားပြောနေပြီး ကမ္ဘာတစ်ဝှမ်းက ခရီးသွားတွေကိုဆွဲဆောင်ဖို့ ရှင်းယွဲ့ပလာဇာကို ခရီးသွားပွဲတော်အတွက် ဇူလိုင်လမှာ ဖွင့်လှစ်ရမယ်လို့ ပြောခဲ့တယ်… လေလံဆွဲမှုရဲ့ 70% က ပြီးသွားပြီး၊ ရုပ်ရှင်ရုံတွေ၊ အားကစားရုံတွေနဲ့ စားသောက်ကုန်အမှတ်တံဆိပ်တွေ အများကြီးဖွင့်ဖို့ စာချုပ်တွေ ချုပ်ဆိုထားပြီး ဇူလိုင်လမှာ ဖွင့်လှစ်ဖို့ အခက်အခဲမရှိတော့ဘူးလို့ နောက်ထပ်အမျိုးသမီးတစ်ယောက်က တင်ပြခဲ့တယ်…"


ရွှီယိရှန်းက ကြားဖြတ်ပြောလာသည်။

"မြို့နယ်အစိုးရအတွက် ရှင်းယွဲ့ပလာဇာလိုမျိုး ကြီးမားတဲ့ပရောဂျက်က Aမြို့ရဲ့ တောင်ပိုင်းခရိုင်တစ်ခုလုံးရဲ့ မျက်နှာစာဖြစ်တယ်… ခရီးသွားလုပ်ငန်း ပွဲတော်ဖွင့်ပွဲနဲ့အတူ လာမယ့်နှစ်မှာ တစ်မြို့လုံးရဲ့ GDP ကိုလည်း မြင့်တင်နိုင်ပြီး သူတို့လိုချင်တဲ့ နောက်ဆုံးအချက်ကတော့ ဆောက်လုပ်ရေးဆိုက်မှာ မတော်တဆမှုတစ်ခုဖြစ်တာပဲ…"


ဒါက အဓိပ္ပါယ်ရှိသည်။ ခေါင်းဆောင်တွေက စစ်ဆေးပြီးနောက် ချက်ချင်းပင် တစ်စုံတစ်ယောက်က ကျောက်တရုန်ကို သတ်ခဲ့ပြီး ရဲများကို သတိပေးခဲ့သည်။ အခြေအနေကို နားလည်ရန် ဆောက်လုပ်ရေးအဖွဲ့ကို ရဲများက ရှာဖွေလိမ့်မည်။ အတွင်းရေးမှုးချင်သည် မနေ့က ဤနေရာတွင် ရှိနေတာကို သူတို့သိနိုင်သဖြင့် သူ့ကို စုံစမ်းစစ်ဆေးရန် ရှာဖွေနေပေလိမ့်မည်။


အတွင်းရေးမှုးချင်က ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ၏အနောက်တွင် လူတစ်ယောက် အသတ်ခံခဲ့ရသည်။ ဒီအချိန်မှာ သူအလွန်အလုပ်ရှုပ်နေလိမ့်မည်။ သူကိုယ်တိုင် ဒီကိစ္စကို လိုက်ပါလုပ်ဆောင်ရမှာဖြစ်ပြီး ဆောက်လုပ်ရေးဆိုက်မှာ လုံခြုံရေးအစီအမံတွေက ပြီးပြည့်စုံမှုရှိ၊ မရှိ စစ်ဆေးရန် လုံခြုံရေးဌာနကို တောင်းဆိုရလိမ့်မည်။


စုံစမ်းစစ်ဆေးမှုကို ဆိုင်းငံ့ထားမည်ဆိုပါက အလုပ်သမားများသည် သူတို့၏ လုပ်ခမရသေးသော လုပ်အားခများကို ဖုံးကွယ်ထားနိုင်မည်မဟုတ်သည့်အပြင် developer များသည် လူထု၏သဘောထားကို ခံရလိမ့်မည်ဖြစ်သည်။ နောက်တစ်ဆင့်ကတော့ အလုပ်သမားတွေ၏ စိတ်ခံစားချက်တွေကို ပြေလျော့စေဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို အလုပ်သမားတွေအား လစာပေးခိုင်းဖို့ မြို့နယ်အစိုးရက စွက်ဖက်မည်လား။


ယွဲ့ရှင်းဝမ်သည် ဤကွင်းဆက်၏ ယုတ္တိရှိမှုကို အသေအချာဆန်းစစ်ကာ ကောက်ချက်ချခဲ့သည်။

"လူသတ်သမားက အလုပ်သမားတွေအတွက် လုပ်အားခရဖို့ လူတစ်ယောက်ကို သတ်ပြီး ကူညီပေးတာဆိုရင် ဒါက နည်းနည်းလွန်ကဲပေမယ့် အဓိပ္ပါယ်ရှိတယ်… တကယ်တော့ အလုပ်သမားတွေက ပြဿနာဘယ်လောက်ပဲ ကြီးကြီးမားမားလုပ်ပါစေ၊ လူသေတာလောက်တော့ မကြီးမားဘူး… ဆောက်လုပ်ရေးဆိုက်မှာ လူတစ်ယောက်သေတယ်ဆိုရင် ဆောက်လုပ်ရေးအဖွဲ့၊ developer တွေနဲ့ မြို့နယ်ခေါင်းဆောင်တွေက ထိုင်နေနိုင်မှာမဟုတ်ဘူး…"


ခယ်ရှောင်ပင်းက ရုတ်တရက် အကြံပေါ်လာသည်။

"လူသတ်သမားက လူအများနဲ့အမြင်နဲ့ ဇာချဲ့နိုင်တယ်မလား? သူ့ရဲ့နောက်ထပ်လုပ်ဆောင်ချက်က ဆောက်လုပ်ရေးဆိုက်က လူတွေရဲ့ဘဝတွေကို ဓာတ်ပုံ ဒါမှမဟုတ် ဗီဒီယိုတွေရိုက်ပြီး အွန်လိုင်းပေါ်တင်ဖို့ပဲမလား?"


ယွဲ့ရှင်းဝမ်သည် မနက်အစောပိုင်းက မတော်တဆမှုဖြစ်ခဲ့ပြီး တစ်စုံတစ်ယောက်က သူ၏ဖုန်းကို အလျင်အမြန်ထုတ်ကာ ရဲအားခေါ်ရန် 110 သို့ ဖုန်းခေါ်ဆိုခဲ့တာကို သတိရမိသည်။ သူတို့လို စာမေးပွဲဖြေဆိုသူ 11 ယောက်တွင် ဖုန်းများမရှိသော်လည်း သူတို့ပတ်ဝန်းကျင်ရှိ အလုပ်သမားများအားလုံးတွင် ကိုယ်ပိုင်ဖုန်းများရှိသည်။ ရှောင်ခယ်ပြောသလို သူတို့သည် ဖုန်းများဖြင့် ဓာတ်ပုံတချို့ကိုရိုက်ယူပြီး အများပြည်သူများ၏ အမြင်များတွင် ကရုဏာသက်စေရန် အင်တာနက်ပေါ်တွင် တင်လိမ့်မည်။


ယွဲ့ရှင်းဝမ်က ချက်ချင်းမေးသည်။

"ရှောင်ခယ်၊ မင်းရဲ့ လက်ပ်တော့က အင်တာနက်သုံးလို့ရလား?"


ခယ်ရှောင်ပင်း: "ငါ့ရဲ့လက်ပ်တော့က အလိုအချောက်အင်တာနက်ဝင်ရောက်ခြင်း မဟုတ်ဘဲ ဒေတာပို့လွှတ်ခြင်းရဲ့ လုပ်ဆောင်ချက်ပဲပါတယ်… အင်တာနက်ရဖို့ သူတို့ရဲ့ရုံးခန်းကိုသွားပြီး သူတို့ရဲ့ဝိုင်ဖိုင်နဲ့ ချိတ်ဆက်ရမယ်…"


ယနေ့တွင် ဆောက်လုပ်ရေးဆိုက်ကို ရပ်နားထားပြီး အလုပ်သမားများ ဒုက္ခရောက်ပေးမည်ကို စိုးရိမ်သဖြင့် ညွှန်ကြားရေးမှူးကျန်က ရုံးခန်းတံခါးအားလုံးကို သော့ခတ်ခိုင်းထားသည်။ ဘဏ္ဍာရေးနှင့် ဝန်ထမ်းဌာနများက အားလပ်ရက်တွင် အိမ်ပြန်ကြသည်။ 


ယွဲ့ရှင်းဝမ်က ချင်လုကို ကြည့်လိုက်သည်။

"ငါတို့ အထဲဝင်လို့ရအောင် ကျောက်ထုလွှာလှုပ်ရှားမှုကို သုံးလိုက်…"


ချင်လုက ကမ္ဘာလုံးကို ထုတ်ယူပြီး coordinate များကို နေရာချကာ အားလုံးကို ရုံးခန်းထဲသို့ ပို့လိုက်သည်။


ညွှန်ကြားရေးမှူးကျန်၏ ရုံးခန်းသည် အလွန်ကျယ်ဝန်းပြီး သူတို့ 11 ဦးသည် ရုံးခန်းထဲတွင်ရှိနေပေမယ့် ပြည့်ကြပ်နေတာမျိုးမရှိပေ။


ခယ်ရှောင်ပင်းက router ကိုတွေ့ရှိပြီး ကလိလိုက်ကာ သူ၏လက်ပ်တော့ကို ဝိုင်ဖိုင်ဖြင့် ချိတ်ဆက်ပြီး web စာမျက်နှာကိုဖွင့်ကာ search box ပေါ်လာသည်။ ခယ်ရှောင်ပင်းက ဝမ်းသာအားရဖြင့် ပြောသည်။

"အင်တာနက်သုံးလို့ရတယ်!"

ထို့နောက်တွင် သူသည် သူ၏တက္ကသိုလ်ဖြစ်သော “ဟွာအန်းတက္ကသိုလ်”ကို အလျင်အမြန် ရိုက်နှိပ်လိုက်‌ပြီး ရလဒ်စာမျက်နှာတွင် အနီရောင်စာတန်းပေါ်လာသည်: "သက်ဆိုင်ရာအချက်အလက်များကို သိမ်းယူထားခြင်းမရှိပါ"


ခယ်ရှောင်ပင်း၏မျက်လုံးတွင် စိတ်ပျက်သွားသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။

"ဒီနေရာက ငါတို့နေထိုင်တဲ့ကမ္ဘာနဲ့ မဆက်စပ်ဘူးပဲ… ငါတို့ကျောင်းကို ရှာမတွေ့ဘူး… အဲဒီမှာ ငါတို့တွေ ဘယ်လိုဖြစ်နေပြီမလဲမသိဘူး…"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်း၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့… ဒီမှာ ငါတို့တွေ အများကြီးရှိတာပဲ၊ ငါတို့အားလုံး မပျောက်ကွယ်သွားနိုင်ပါဘူး… ဒီကိစ္စကို အရင်စုံစမ်းပြီး တစ်နေ့မှာ ငါတို့အားလုံး အတူတူပြန်သွားကြတာပေါ့…'


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်လိုက်ပြီး ရှင်းယွဲ့ပလာဇာကို အမြန်ရှာဖွေလိုက်ကာ web စာမျက်နှာမှာ အချက်အလက်များစွာ ထွက်ပေါ်လာသည်။ 


"ရှင်းယွဲ့ပလာဇာပရောဂျက်ကို မတ်လ 1 ရက်မှာ တရားဝင်စတင်ခဲ့သည်။"


"ရှင်းယွဲ့ပလာဇာအဆောက်အဦးကို ထိပ်တန်းအခမ်းအနားကျင်းပပြီး မြို့နယ်ခေါင်းဆောင်တွေက ဆောက်လုပ်ရေးဆိုက်ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်စစ်ဆေးပါသည်။"


ဤသည်မှာ တရားဝင်သတင်းများဖြစ်ပြီး ကိုးကားထားတာ အနည်းငယ်တော့ရှိသည်။


ခယ်ရှောင်ပင်းက အောက်ကိုဆင်းပြီး Weibo စာကို နှိပ်လိုက်သည်—


#ရှင်းယွဲ့ပလာဇာမှာ အလုပ်သမားတစ်ယောက် ပြုတ်ကျသေဆုံးခြင်း#


ခေါင်းစဉ်က ရိုးရှင်းပြီး ပြည်တွင်းမီဒီယာများစွာကို (@)ဖြင့် tag တွဲထားသည်။


Weibo တွင် ပုံအများအပြားရှိပြီး သေဆုံးသွားသော ကျောက်တရုန်ပြုတ်ကျသည့် မြင်ကွင်းဓာတ်ပုံများဖြစ်သည်။ ကွယ်လွန်သူ၏မျက်နှာအား ဝါးထားသော်လည်း၊ ဝမ်းဗိုက်အား စတီးပိုက်ဖြင့် တိုက်ရိုက်ထိုးဖောက်သည့် မြင်ကွင်းကို ပုံတွင် ရှင်းလင်းစွာ ဖော်ပြထားသည်။


စတီးပိုက်က အူကို ဖောက်ပြီး အစာအိမ် ကွဲသွားတာက ထိတ်လန့်စရာပင်ဖြစ်သည်။ 


Weibo မှာ မှတ်ချက်ပေါင်း ထောင်နဲ့ချီပြီး ရှိနေပြီဖြစ်ကာ သေဆုံးသူအတွက် စာနာကြောင်း လူအများအပြားက ဖော်ပြခဲ့ကြသည်။ Netizens တွေက အပြင်းအထန် ဆွေးနွေးနေကြ၏။

"‌ဒါက စိတ်မကောင်းစရာပဲ၊ ကြည့်ရတာ အရမ်းနာကျင်လိုက်တာ!"


"ဘုရားရေ! ကြောက်စရာကောင်းလိုက်တာ… ဆောက်လုပ်ရေးဆိုက်က လုံခြုံရေးအစီအမံတွေ မလုပ်ပေးဘူးလား? သူဘယ်လိုလုပ်ပြီး ပြုတ်ကျသွားတာလဲ?"


ထိုမှတ်ချက်များထဲက တစ်ခုကပြောထားသည်။

"ရှင်းယွဲ့ပလာဇာပရောဂျက်က အလုပ်သမားတွေရဲ့ လုပ်အားခတွေကိုမပေးတာ နှစ်ဝက်တောင်ကျော်နေပြီ…"

ထိုမှတ်ချက်က ထိပ်ဆုံးကိုရောက်နေပြီး တချို့လူများကလည်း ပြန်လည်တုံ့ပြန်ကြသည်။

"ငါ့အကြီးဆုံးအစ်ကိုကလည်း အဲဒီဆောက်လုပ်ရေးကပဲ၊ အဲဒါအမှန်ပဲ…"


"အမှန်ပဲ… ပိုက်ဆံတစ်ပြားတစ်ချပ်မှ မရဘဲ လုပ်အားခတွေကို ဒီနှစ်ကုန်ပေးမယ်ဆိုပြီး developer က အကြောင်းအမျိုးမျိုးပြီး အချိန်ရွှေ့ဆိုင်းပြီးတော့ အလုပ်သမားတွေကို မျောက်တွေလို ကစားနေကြတာ…"


အလုပ်သမားများ၏ လုပ်အားခများကို နှစ်ဝက်ကျော်အောင် မပေးရသေးသလို ထိုဆောက်လုပ်ရေးတွင် လူသေတာလား? ကျောက်တုံးတစ်တုံးက လှိုင်းပေါင်းတစ်ထောင်ကို လှုံ့ဆော်ပေးသကဲ့သို့ weibo တွင် လူမှုကွန်ရက်သတင်းတွေ ပြင်းပြင်းထန်ထန် ရှာဖွေမှုမှာ ချက်ချင်းဆိုသလို ထိပ်တန်းဖြစ်ခဲ့သည်။


ယွဲ့ရှင်းဝမ်သည် အင်တာနက်ပေါ်ရှိ ဆောက်လုပ်ရေးဆိုက်တွင် လူတစ်ယောက်သေဆုံးနေသည့် သတင်းကို မြင်လိုက်ရပြီး ကျန်းဖျင်စစ်ကို ပြန်ကြည့်ကာ တိုးတိုးပြောသည်။

"weibo မှာ ဒီ post ကို တင်ထားတဲ့ ဒီလူမှာ အကြံအစည်တစ်ခုနိုင်တယ်…"

 

ကျန်းဖျင်စစ်သည် “တရားမျှတမှုကိုရှာဖွေခြင်း”ဟူ‌သော Weibo ID ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး

"ဒီလူက Weibo မှာ post ကို မနက် 5:45 မှာတင်ခဲ့ပြီး ကျောက်ရွှယ်မေ့ရဲ့အော်သံက မနက် 5:30 မှာ ငါတို့ကိုလှုံ့ဆော်ခဲ့တာ… မနက် 5:45 မှာ ရဲတွေ မရောက်သေးဘဲ အခင်းပွားရာနေရာကို ငါတို့ရောက်ပြီးနောက် အလုပ်သမားတော်တော်များများလည်း အော်သံကြားပြီး ကြည့်ရှုဖို့ အပြေးအလွှားလာကြတာကြောင့် အခင်းဖြစ်ပွားရာက တော်တော်ကို ဖရိုဖရဲဖြစ်သွားတယ်…"


ယွဲ့ရှင်းဝမ်: "အလုပ်သမားတွေက အခင်းဖြစ်ပွားရာနေရာကို ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ တင်လိုက်တာ ဖြစ်နိုင်တယ်… Weibo မှာ ဒီ post တင်လိုက်တဲ့သူက လူအများရဲ့အမြင်ကို ရယူဖို့အတွက် အရမ်းအချိန်ကိုက်လွန်းတယ်… “တရားမျှတမှုကိုရှာဖွေခြင်း”ID နဲ့ လူက လူသတ်သမားများလား?"


ဆောက်လုပ်ရေးဆိုက်သို့ ရဲများရောက်ရှိလာပြီးနောက် အခင်းဖြစ်ပွားရာနေရာအား ချက်ချင်းပိတ်ဆို့ခဲ့ပြီး ကြည့်ရှုသူများကို ဓာတ်ပုံရိုက်ခွင့်မပြုခဲ့ပေ။ Weibo ပေါ်ရှိ ဓာတ်ပုံများကို ရဲတပ်ဖွဲ့ မရောက်မီ ရိုက်ယူခဲ့ပြီး ရဲတပ်ဖွဲ့က အင်တာနက်ပေါ်တွင်မတင်ရန် သူတို့အား ကိုင်တွယ်ဖြေရှင်းဖို့ အချိန်မရှိခဲ့ပေ။ ရလဒ်အနေနဲ့ ဒီအဖြစ်အပျက်ဟာ ချဉ်းနင်းဝင်ရောက်လာပြီး မီဒီယာတွေနဲ့ အင်တာနက်သုံးစွဲသူများ၏ အာရုံစိုက်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဆွဲဆောင်သွားကာ ရှာဖွေမှုမှာ ဖော်ပြခံခဲ့ရသည်။ လူထုအမြင်ကို ဖိနှိပ်ဖို့ဆိုတာ တော်တော် ဒုက္ခဖြစ်လိမ့်မည်။


တရားမျှတမှုကိုရှာဖွေခြင်းတဲ့လား? ဒါက Weibo ရဲ့ အကောင့်တုဖြစ်ပြီး ဘယ်သူများလဲ?


ယွဲ့ရှင်းဝမ်က ခဏမျှ နှုတ်ဆိတ်နေပြီး ‌ပြောလိုက်သည်။

"သယ်ရှင်း group ကို စစ်ဆေးကြည့်လိုက်…"


ခယ်ရှောင်ပင်းသည် ရှာဖွေရန် စကားလုံးများကို လျင်မြန်စွာ ထည့်သွင်းပြီး အဖိုးတန်အချက်အလက်များကို စစ်ထုတ်ခဲ့သည်။


သယ်ရှင်း Group ကို လွန်ခဲ့သော 10 နှစ်က စတင်တည်ထောင်ခဲ့သည်။ ၎င်းသည် လူသိများသော ပြည်တွင်းအိမ်ခြံမြေလုပ်ငန်း developer ဖြစ်ပြီး လူသိများသော ပရောဂျက်များစွာကို တီထွင်ခဲ့သည်။ ပိုင်ရှင် ကျန်းသယ်ရှင်းသည် ယခုနှစ်တွင် အသက် 40 ရှိပြီဖြစ်သည်။ သူက အစကနေစပြီး ငွေကြေး website တွေမှာ မကြာခဏပေါ်လာတတ်သော ဂန္ထဝင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်သည်။


ကြင်နာစွာ ပြုံးနေသော သူဌေးသည် မီးခိုးရောင် ၀တ်စုံနှင့် လည်စည်းကို ၀တ်ဆင်ထားပြီး အောင်မြင်သူတစ်ဦး၏ ထိပ်တန်း ၀တ်စားဆင်ယင်ပုံနှင့် သူ၏ဖိနပ်များကို အညစ်အကြေးကင်းစင်စွာ ပွတ်သပ်ထားသည်။


ရွှီယိရှန်းက ထိုသူ၏လက်ကောက်ဝတ်ကို လက်ညှိုးထိုးပြပြီး

"ဒီနာရီတစ်လုံးတည်းနဲ့တင် ယွမ် 200,000 တန်တယ်… သူက ခေါင်းအစခြေအဆုံး လူချမ်းသာအရောင်အဝါတွေပြည့်နေတယ်…"


ခယ်ရှောင်ပင်း: "ဓာတ်ပုံရဲ့ နောက်ခံက သူ့အိမ်ပဲဖြစ်နိုင်တယ်… ငါးထပ်အိမ်ကြီး၊ ဒီဥက္ကဋ္ဌကျန်းက တကယ်ချမ်းသာတာပဲ…"


ကျန်းဖျင်စစ်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး

"ဒီကုမ္ပဏီမှာ တရားစွဲခြင်း ရှိ၊ မရှိ သိဖို့ တရားရုံး အချက်အလက်ကို ပြန်ယူကြည့်လိုက်…"


ခယ်ရှောင်ပင်းက ရလဒ်များကို လျင်မြန်စွာ သိရှိလိုက်သည်။

"လွန်ခဲ့တဲ့ ၂ နှစ်ခန့်က သယ်ရှင်း Group က C မြို့မှာ တည်ဆောက်ခဲ့သော ‘ကျန်းနန်ကမ်းနားလမ်း’ရဲ့ လူနေရပ်ကွက် ဆောက်လုပ်ရေးမှာ နှေးကွေးခဲ့ပြီး အိမ်ပိုင်ရှင်တွေက တရားရုံးတွင် ပူးပေါင်းတရားစွဲဆိုခဲ့ကြတယ်… တရားရုံးက အိမ်ပိုင်ရှင်တွေ တရားစွဲဆိုမှုကို အနိုင်ရကြောင်း စီရင်ဆုံးဖြတ်ခဲ့ပြီး developer က စာချုပ်အရ ဖျက်သိမ်းထားတဲ့ ပျက်စီးမှုတွေကို လျော်ကြေးပေးခဲ့ရတယ်…"

 

"D မြို့က ပရောဂျက်က နှောင့်နှေးနေပြီး တရားစွဲမှုကျတာ့ ရလဒ်မထွက်သေးဘူး…"


"ချင်းရွှိန်ပင်လယ်အော်ပရောဂျက်…"

ခယ်ရှောင်ပင်း၏အသံက ရုတ်တရက် ရပ်သွားပြီး ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်ကာ စိတ်လှုပ်ရှားနေသောအသံဖြင့်

"သယ်ရှင်း group က လွန်ခဲ့တဲ့ခြောက်နှစ်က ချင်းရွှိန်ပင်လယ်အော်အပန်းဖြေနေရာလို့ခေါ်တဲ့ ပရောဂျက်တစ်ခုကို တီထွင်ခဲ့ပြီး တည်နေရာက ကျောက်ရွာအနီးမှာ ရှိနေခဲ့တယ်!"


"လွန်ခဲ့တဲ့ခြောက်နှစ်က ကျောက်ရွာမှာလား?"

ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။


"ကျောက်တရုန်ရဲ့ အစ်ကိုနဲ့ မရီးတို့က လွန်ခဲ့တဲ့ခြောက်နှစ်က ဆုံးသွားတယ်…"

ကျန်းဖျင်စစ်က အေးဆေးတည်ငြိမ်စွာ ပြောသည်။

"ဒီကိစ္စှနှစ်ခုက ဆက်စပ်နေရမယ်…"


"ဒီနေ့ ကျောက်ရွာက လူတွေဆီကနေ ကျောက်တရုန်မိသားစုရဲ့ အဖြစ်အပျက်ကို ကြားလိုက်တုန်းက ထူးဆန်းသလို ငါခံစားရတယ်… သူ့အစ်ကိုက လက်သမားကောင်းတစ်ယောက်ပြီး တစ်စုံတစ်ယောက်ရဲ့အိမ်ကို ပြုပြင်ပေးနေချိန်မှာ ပြုတ်ကျပြီး သေဆုံးသွားတယ်လို့ ပြောကြတယ်… သူ့မရီးကလည်း ဖြေရှင်းချက်တောင်းဖို့ အလုပ်ရှင်ဆီသွားရင်း လမ်းမှာ ကားမတော်တဆမှုဖြစ်ပြီး သေဆုံးသွားတယ်… သူတို့လင်မယားနှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆုံးသွားတာ ထူးဆန်းတယ်…"

ယွဲ့ရှင်းဝမ်က ခဏရပ်ကာ မှန်းဆလိုက်သည်။

"သူတို့နှစ်ယောက်ရဲ့သေဆုံးမှုက သယ်ရှင်း group နဲ့ ဆက်စပ်နေမလား? ကျောက်တရုန်က သယ်ရှင်း group ရင်းနှီးမြုပ်နှံထားတဲ့ ပရောဂျက်ဆိုက်ကို မလာခင် အမှန်တရားကို စုံစမ်းနေခဲ့တာများလား?"


"သူ့အစ်ကိုနဲ့မရီးသေဆုံးမှုက သယ်ရှင်း group နဲ့ တကယ်ဆက်စပ်နေပြီး သူ့အစ်ကိုနဲ့မရီးကို သတ်ခဲ့တဲ့ လူသတ်သမားကို သူရှာတွေ့ပြီးနောက် လူသတ်သမားရဲ့ နှုတ်ပိတ်ခံလိုက်ရတာမျိုးဖြစ်နိုင်တယ်…"

ကျန်းဖျင်စစ်က အတွေးကွင်းဆက်တစ်လျှောကို ခွဲခြမ်းစိတ်ဖြာသည်။

"ဒီဥက္ကဋ္ဌကျန်းက ချင်းရွှိန်ပင်လယ်အော်ပရောဂျက်ကို လုပ်ဆောင်တဲ့အခါ မကောင်းတာတွေ လုပ်ခဲ့တာ ဖြစ်နိုင်တယ်… အဲဒါကို ကျောက်တရုန်ကသိသွားတဲ့အခါ ဥက္ကဋ္ဌကျန်းက ဖော်ထုတ်ခံရမှာကို ကြောက်တဲ့အတွက် သူ့ကိုနှုတ်ပိတ်လိုက်တယ်…"


"အင်း…"

ယွဲ့ရှင်းဝမ်က ခဏမျှ နှုတ်ဆိတ်နေပြီး

"သယ်ရှင်း group က ဒီနှစ်တွေတစ်လျှောက် တီထွင်ခဲ့တဲ့ ပရောဂျက်တွေအားလုံးကို ဆက်လက်ရှာဖွေပြီး ဒီဥက္ကဋ္ဌကျန်းရဲ့ အသေးစိတ်အချက်အလက်တွေကိုလည်း ရှာဖွေမယ်…"


"ကောင်းပြီ…"

ခယ်ရှောင်ပင်းက သတင်းအချက်အလက်များကို လျင်မြန်စွာရှာဖွေခဲ့ပြီး သူ၏လက်ပ်တော့ထဲတွင် တွေ့ရှိသမျှ အချက်အလက်အားလုံးကို သိမ်းဆည်းခဲ့ကာ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ထိုအရာတွေကို ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။


"လောလောဆယ် ဖြစ်နိုင်ခြေ သုံးခု ပေါ်လာတယ်…"


"ပထမတစ်ခု၊ ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တွေကြောင့် လူသတ်မှုနဲ့ သံသယရှိတဲ့သူတွေကတော့ ကျောက်လျန်နဲ့ ကျောက်ချန်၊ ဒါပေမယ့် သက်သေမလုံလောက်သလို သူတို့နှစ်ယောက်စလုံးက လူသတ်သမားရဲ့ ကာလကြာရှည်စီစဉ်ထားပြီး စေ့စေ့စပ်စပ်တွေးခေါ်ပုံနဲ့ မကိုက်ညီဘူး…"


"ဒုတိယတစ်ခု၊ ဆောက်လုပ်ရေးဆိုက်ထဲက အလုပ်သမားတွေက မီဒီယာတွေအာရုံစိုက်လာပြီး သူတို့ရဲ့လုပ်အားခတွေရရှိဖို့အတွက် လူတစ်ယောက်ကို သတ်ပစ်ခဲ့တယ်… လူသတ်သမားက ကျောက်တရုန်အပေါ် ဘာအငြိုးမှမရှိပေမယ့် သူက ကောင်းမွန်တဲ့ပစ်မှတ်ဖြစ်ခဲ့တယ်… လူသတ်သမားရဲ့ စေ့စပ်သေချာတဲ့ အစီအစဉ်ကြောင့် ဒီကိစ္စက အင်တာနက်ပေါ်မှာ နာမည်ကြီးလာခဲ့တယ်… ဒီနည်းအတိုင်းသာဆိုရင် ဆောက်လုပ်ရေးဆိုက်တစ်ခုလုံးက လုပ်အားခမရသေးတဲ့ အလုပ်သမားတွေအားလုံးက သံသယရှိသူတွေ ဖြစ်နိုင်တယ်…"


"တတိယတစ်ခု၊ လွန်ခဲ့တဲ့ခြောက်နှစ်က ကျောက်တရုန်ရဲ့ အစ်ကိုနဲ့မရီးတို့ သေဆုံးရတဲ့အကြောင်းရင်းက မေးစရာမေးခွန်းဖြစ်ပြီး ကျောက်ရွာမှာ သယ်ရှင်း group ရဲ့ ချင်းရွှိန်ပင်လယ်အော်ပရောဂျက်နဲ့ ဆက်စပ်နေတယ်… ဥက္ကဋ္ဌကျန်းက ကျောက်တရုန်ရဲ့ အစ်ကိုကိုသတ်ပြီး သူ့မရီးကို ကားမတော်တဆဖြစ်အောင် ပြုလုပ်ခဲ့တယ်… ကျောက်တရုန်က အမှန်တရားကို စုံစမ်းပြီး အတွင်းသတင်းတချို့ကို သိသွားပြီးနောက် ဆောက်လုပ်ရေးဆိုက်အတွင်းမှာ နှုတ်ပိတ်ခံလိုက်ရတယ်…"


ယွဲ့ရှင်းဝမ် မှန်းဆထားသော ဖြစ်နိုင်ခြေ သုံးခုစလုံးက ကျိုးကြောင်းဆီလျော်သည်။


ပုဂ္ဂိုလ်ရေးမကျေနပ်ချက်လို ပထမအမျိုးအစားက အရိုးရှင်းဆုံးဖြစ်ပြီး ဒုတိယနှင့် တတိယအမျိုးအစားများမှာ လူများပိုမိုပါဝင်ပြီး စုံစမ်းစစ်ဆေးရန် ပိုမိုခက်ခဲသည်။


ယွဲ့ရှင်းဝမ်တွင် ထူးဆန်းသော ကြိုတင်သတိပေးချက်တစ်ခုရှိသည်။ ဒီကိစ္စတွေက မပြီးဆုံးသေးဘူးလို့ သူအမြဲခံစားရပြီး ဆောက်လုပ်ရေးဆိုက်တွင် နောက်ထပ်မတော်တဆမှု ရှိလာနိုင်ပါသည်။


#TK