Chapter 68
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 68 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၇)


   ဖြစ်နိုင်ခြေသုံးခုထဲက ဘယ်ဟာက ဖြစ်နိုင်ခြေ အရှိဆုံးလဲ။


   လူသတ်မှုများကို ခံစားချက်အတိုင်း ဆုံးဖြတ်ခြင်းပြုလို့မရဘဲ ပိုမိုရှင်းလင်းသော အထောက်အထားများကို တွေ့ရှိမှရမည်။ ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်းအား သယ်ရှင်း group နှင့် ပတ်သက်သည့် ပရောဂျက်ပစ္စည်းများအားလုံးကို ကူးယူရန် တောင်းဆိုခဲ့ပြီး သည်အဖြစ်အပျက်နှင့်ပတ်သက်သည့် အွန်လိုင်းအစီရင်ခံစာအားလုံးကို ဒေါင်းလုဒ်လုပ်ပြီး Weibo မှတ်ချက်များကို အစမှအဆုံး ဂရုတစိုက်ဖတ်ခဲ့သည်။


   သံသယများစွာကို သူတွေ့ရှိခဲ့သည်။


   ပထမဆုံးအနေဖြင့် “တရားမျှတမှုကိုရှာဖွေခြင်း” Weibo ID ၏မှတ်ပုံတင်ချိန်မှာ စက်တင်ဘာလတွင်ဖြစ်ပြီး ဆိုလိုသည်မှာ လွန်ခဲ့သောတစ်လကဖြစ်သည်။


   လွန်ခဲ့သည့်တစ်လအစောပိုင်းတွင် ထိုသူသည် သယ်ရှင်း Group ၏ အလုပ်သမားများအား မပေးရသေးသော လုပ်အားခများကို ဖော်ထုတ်ရန်အဆင်သင့်ဖြစ်နေပြီဖြစ်နေတာကို ပြသနေသည်။ ရှင်းယွဲ့ပလာဇာပရောဂျက်ကို မတ်လတွင် စတင်တည်ဆောက်ခဲ့သည်။ ဧပြီလမှစတင်၍ အလုပ်သမားများအား လစဉ်လစာများ ပေးဆောင်ခြင်း မရှိသေးဘဲ လုပ်အားခကို နောက် 6 လအထိ ရွှေ့ဆိုင်းထားသည်။


   Weibo အကောင့်အတွက် စာရင်းမသွင်းမီ ဧပြီလမှ စက်တင်ဘာလအထိ ဤလူက ၎င်းကို သည်းခံခဲ့သည်။ စက်တင်ဘာလတွင် ဆောက်လုပ်ရေးဆိုက်၌ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့တာကိုဖော်ထုတ်ရန် Weibo ကိုအသုံးပြု၍ အကောင့်တစ်ခုကြိုတင်စာရင်းသွင်းထားခဲ့တာလား။


   ဤလူသည် အသုံးအနှုန်းဝေါဟာရအဆင့်မြင့်ပြီး လူအများ၏စိတ်ခံစားမှုကိုလှုံ့ဆော်ပေးကာ အဖြစ်အပျက်များကို အွန်လိုင်းပေါ်တင်သည့်နည်းလမ်းနှင့် အလွန်ရင်းနှီးသူဖြစ်ရမည်။


   ဆောက်လုပ်ရေးဆိုက်ရှိ ရွှေ့ပြောင်းအလုပ်သမားအများအပြားသည် အလယ်တန်းကျောင်းမှ ဘွဲ့ရရှိထားကြသည်။ တချို့က ကိုးနှစ်မသင်မနေရပညာရေးကို အမီလိုက်ဖို့ အသက်ကြီးနေပြီး မူလတန်းကျောင်းတောင် မတက်တာ နှစ်အနည်းငယ်ရှိနေလေပြီ။ သူတို့က စကားလုံးအနည်းငယ်သာသိပြီး သူတို့၏ဖုန်းများကိုတောင် အသုံးမတတ်သလို အကောင့်ကိုစာရင်းသွင်းပြီး အင်တာနက်ပေါ်က Weibo မှာ post တင်ဖို့ မဆိုထားနှင့် hot search အမှတ်အသားဖြင့် အကူအညီအတွက် အမျိုးမျိုးသော မီဒီယာတွေကို (@)ဖြင့် tag လုပ်နိုင်မည်မဟုတ်ပေ။ 


   ဤနည်းအားဖြင့် Weibo မှာ Post တင်သူ၏ သံသယရှိသူအကွာအဝေးကို ကျဉ်းမြောင်းနိုင်သည်—— ထိုသူသည် ငယ်ရွယ်ပြီး ဖုန်းများ၊ အင်တာနက်နှင့် မီဒီယာများနှင့် အလွန်ရင်းနှီးသူဖြစ်သင့်ပြီး အထက်တန်းကျောင်း သို့မဟုတ် ပိုမြင့်သောပညာရေးအဆင့်အတန်းရှိသူဖြစ်ရမည်။ 


   ဒုတိယသံသယမှာ Weibo တွင် posr တင်ပြီးသည့်နောက်တွင် ထူးထူးခြားခြား မက်ဆေ့ချ်များဖြစ်ပြီး အထူးသဖြင့် ကြိုက်နှစ်သက်မှု အများဆုံးရရှိထားသူ: “ရှင်းယွဲ့ပလာဇာပရောဂျက်က အလုပ်သမားတွေကို နှစ်ဝက်စာလုပ်အားခ မပေးရသေးဘူးလို့ ပြောကြတယ်”ဟု မှတ်ချက်ပေးထားသော “အတွင်းလူ” Weibo ID နာမည်ဖြင့်လူသည် ဆောက်လုပ်ရေးဆိုက်မှ အလုပ်သမားတစ်ဦးဖြစ်ရမည်။ သူသည် ထိုလူ၏ Weibo အကောင့်ထဲကို ဝင်ကြည့်လိုက်သောအခါ ၎င်းက အကောင့်အတုသာဖြစ်ပြီး home page တွင် forward လုပ်ထားသော post အနည်းငယ်သာရှိသည်။


   ဖြစ်နိုင်ခြေ နှစ်ခုရှိသည်။ Weibo တွင် post တင်သူသည် အကောင့်အတူအများအပြားကို မှတ်ပုံတင်ပြီး မှတ်ချက်များချန်ထားကာ သူ့ကိုယ်သူပြန်လည်မှတ်ချက်ပြန်ရေးပြီး အဖြစ်အပျက်ကို တစ်ဆင့်ပြီးတစ်ဆင့် ထုတ်ဖော်ခဲ့သည်။ ဒါမှမဟုတ် သူ့မှာ ကြံရာပါတွေ အများကြီးရှိပြီး Weibo မှာ post တင်ပြီးတဲ့နောက် သူ၏ကြံရာပါများက post တွင် မှတ်ချက်များနှင့် forward များပြုလုပ်ကာ အဖြစ်အပျက်၏ရေပန်းစားမှုကို တိုးပွားစေခဲ့သည်။ သည်လိုသာဆိုလျှင် Weibo မှာ post တင်ခဲ့သည့် ဆောက်လုပ်ရေးဆိုက်ထဲက အလုပ်သမားတွေက ဘယ်သူလဲဆိုတာ သိရလိမ့်မည်။


   ကြံရာပါများစွာက ပြစ်မှုကျူးလွန်သလား။


   ဒီဖြစ်နိုင်ခြေကို စဉ်းစားရင်း ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ကာ ပြောလိုက်သည်။ 

   "တကယ်လို့ လူသတ်သမားမှာ ကြံရာပါရှိနေရင် မနက်စောစောမှာ အပြင်ထွက်သွားခဲ့တဲ့ ကျောက်ရွှယ်မေ့၊ ကျောက်ချန်နဲ့ လုံရွေ့တို့အားလုံးက အတွင်းလူတွေဖြစ်နိုင်တယ်မလား? သုံးယောက်သားက တစ်ယောက်ကိုတစ်ယောက် ကာကွယ်ပြီး သံသယကိုရှင်းဖို့ အချင်းချင်းအလီဘိုင်လုပ်လို့ရတယ်…"


   ကျန်းဖျင်စစ်သည် သူ၏အတွေးအမြင်ကိုလိုက်၍ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

   "ဆိုလိုတာက ကျောက်ရွှယ်မေ့က အချိန်ကိုတွက်ပြီး အော်ဟစ်ခဲ့တာပေါ့… လူသတ်သမားက အခင်းဖြစ်ပွားရာကနေ ထွက်ပြေးပြီး ဘေး‌ကင်းကြောင်း အတည်ပြုပြီးမှ ဆောက်လုပ်ရေးဆိုက်ကလူအားလုံးကို မနက် ၅ နာရီခွဲမှာ အော်ဟစ်ပြီး နိုးခဲ့တယ်… အဲဒီအချိန်မှာ လူအများစုက အိပ်ပျော်နေကြပြီး လူသတ်သမားက လူအစုအဝေးနဲ့ရောနှောပြီးတော့ သူ့ရဲ့တည်ရှိမှုကို လျော့ပါးသွားစေနိုင်တယ်… အိပ်ဆောင်ကနေ ထွက်သွားခဲ့တဲ့ လူသုံးယောက်က တစ်ယောက်ကိုတစ်ယောက် အလီဘိုင်ပေးမယ်ဆိုရင် ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုက မတော်တဆပြုတ်ကျပြီးသေတာဖြစ်သွားလိမ့်မယ်…"


   အိပ်ဆောင်တွင်မရှိသော လူသုံးယောက်က အချင်းချင်း သက်သေခံကြပြီး အခြားသူများမှာ “‌အိပ်ပျော်”နေကြတာကြောင့် မည်သူက ထွက်သွားသည်ကို မသိကြဘဲ လူသတ်သမားက အခင်းဖြစ်ပွားရာနေရာ၌ သဲလွန်စမကျန်ရစ်ခဲ့ပေ။


   အလုပ်သမားတွေကြားထဲမှာ ပုန်းအောင်းနေသော လူသတ်သမားက ဤအဖြစ်အပျက်ကို စီစဉ်သူအစစ်ဖြစ်ပြီး ကျောက်ချန်၊ ကျောက်ရွှယ်မေ့နှင့် လုံရွေ့တို့က ကြံရာပါများလား။ သည်ထင်မြင်ယူဆချက်သာမှန်လျှင် လူသတ်သမားကို ဘယ်လိုရှာမည်နည်း။


   ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

   "ရဲတွေဘက်မှာ ဘယ်လောက်တိုးတက်နေသလဲမသိဘူး… သူတို့မှာ နည်းပညာမြင့်တဲ့နည်းလမ်းတွေ ရှိသင့်တယ်… အခင်းဖြစ်ပွားရာနေရာက လက်ဗွေရာတွေ၊ ဆံပင်တွေနဲ့ တခြားအရာတွေကို ရှာတွေ့ပြီး ဖော်ထုတ်ဖို့ ယူသွားမလား? ‌ဘာမှမရှာတွေ့ဘဲ စောင့်ကြည့်ရေးကင်မရာမှာလည်း လူသတ်သမားရဲ့ သဲလွန်စတွေ ဘာမှမတွေ့ဘူးဆိုရင် ဒီအမှုကို မတော်တဆမှုလို့ ယူဆနိုင်ဖွယ်ရှိတယ်…"


   ကျန်းဖျင်စစ်: "သေဆုံးသူရဲ့ဖုန်းကရော? ရဲတွေ သိမ်းသွားတာလား?"


   လျှိုကျောက်ချင်းက ဘာမှမတတ်နိုင်စွာ ပြောသည်။

   "အလောင်း‌ကို သယ်သွားခဲ့ပြီး ဖုန်းက ရဲတွေနဲ့အတူရှိရမယ်… အဲဒီတုန်းက အခင်းဖြစ်ပွားရာကို စောင့်ကြည့်နေတဲ့ လူတွေ အများကြီးရှိတာကြောင့် သေဆုံးသူရဲ့အိတ်ကပ်ထဲက ဖုန်းကို ချက်ချင်းမရှာနိုင်ခဲ့ဘူး… မဟုတ်ရင် ငါတို့လည်း သံသယရှိသူတွေ ဖြစ်သွားလိမ့်မယ်…"


ယွဲ့ရှင်းဝမ်က ခဏလောက် တိတ်ဆိတ်သွားပြီး ပြောလာသည်။

   "လူတိုင်းက အလုပ်သမားတွေနဲ့ အဆက်အသွယ်မပြတ်ဘဲ ရဲတွေရဲ့ နောက်ဆက်တွဲ သက်သေတွေကို စောင့်ကြည့်တာပေါ့… ဆောက်လုပ်ရေးဆိုက်ကို သူတို့တွေ ထပ်လာဦးမယ်ထင်တယ်… အမှုကိုမြန်မြန်ပိတ်ဖို့ မဖြစ်နိုင်ဘူး…"


   ယွဲ့ရှင်းဝမ်၏မှန်းဆချက်က မှန်သည်။ နေ့ခင်းဘက်တွင် ဆောက်လုပ်ရေးဆိုက်က ရုတ်တရက် အလွန်အသက်ဝင်လာသည်။


   ပထမဦးစွာ အတွင်းရေးမှူးချင်သည် စိုးရိမ်စွာဖြင့် လူတစ်စုနှင့် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောဆိုသည်။ သူက အသံချဲ့စက်ကိုကိုင်ပြီး မြို့တော်အစိုးရက အလုပ်သမားတွေ၏ လုပ်အားခနဲ့ ပတ်သက်ပြီး အလွန်စိုးရိမ်မိကြောင်းနဲ့ developer ကို ဆက်သွယ်ခဲ့တယ်လို့ ဆိုသည်။ မြို့နယ်ခေါင်းဆောင်များသည် ဤကိစ္စရပ်ကို အလေးထားပြီး အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အကျိုးစီးပွားကို သေချာပေါက် အကာအကွယ်ပေးမည်ဖြစ်သည်။


   ဒါတွေအားလုံးဟာ တရားဝင်စကားလုံးတွေဖြစ်ပြီး သူ၏တရားစီရင်ပိုင်ခွင့်နယ်မြေတွင် လူသတ်ခံရတာကြောင့် အင်တာနက်ပေါ်တွင် ပြင်းပြင်းထန်ထန် ရှာဖွေခဲ့သည်။ ထို့ကြောင့် အတွင်းရေးမှူးချင်၏သဘောထားသည် အလွန်ဖော်ရွေပြီး နူးညံ့သိမ်မွေ့ကာ သူသည် အလုပ်သမားများနှင့် စကားများစွာပြောခဲ့ပြီး သူ၏စိုးရိမ်မှုသည် ပြောမပြတတ်ပေ။


   မြို့နယ်ခေါင်းဆောင်များက လူကိုယ်တိုင်လာရောက်ကာ ဝမ်းနည်းကြေကွဲကြပြီး အလုပ်သမားများ၏ ခံစားချက်များကို နှစ်သိမ့်ခဲ့ကြသည်။ လူများစွာသည် သူတို့မိသားစု၏အခက်အခဲအတွက် အတွင်းရေးမှူးချင်အား တတ်နိုင်သမျှ လစာများပေးရန် မျှော်လင့်ကာ အော်ဟစ်ခဲ့ကြသည်။ အတွင်းရေးမှူးချင်က သူသည် developer အား ဤပြဿနာကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းရန် တိုက်တွန်းသွားမည်ဟု ပြောကြားခဲ့သည်။


   ထို့နောက် ချက်ချင်းပင် လုံခြုံရေးဌာနက ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ လာရောက်စစ်ဆေးခဲ့ပြီး ရလဒ်အနေဖြင့် လုံခြုံရေးချို့တဲ့မှုတချို့ကို အမှန်တကယ်တွေ့ရှိခဲ့ရပြီး အထူးသဖြင့် မြေအောက်ကားပါကင်၏ ရေနုတ်မြောင်းနှင့် ဆားကစ်ဖြန့်ဝေမှုမှာ ကိုက်ညီမှုမရှိသည့်အတွက် စီမံကိန်းကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ပါသည်။


   ထို့နောက် ရဲတွေရောက်လာပြီး မှုခင်းရဲအရာရှိများက ကျောက်ရွှယ်မေ့၊ ကျောက်လျန်၊ ကျောက်ချန်နှင့် လုံရွေ့တို့ကို ခေါ်သွားခဲ့သည်။ ထို့အပြင် ရှောင်လျန်ကို အနိုင်ကျင့်ခဲ့သော ယန်ခိုင်ကိုလည်း ခေါ်သွားသည်။


   လူတစ်စုပြီးတစ်စု ရောက်လာတာကြောင့် ဆောက်လုပ်ရေးဆိုက်မှ လူများ ထိတ်လန့်တုန်လှုပ်သွားကြသည်။


   ယွဲ့ရှင်းဝမ်သည် လူများ၏မေးမြန်းမှုကို နားထောင်ရန် ရဲစခန်းသို့ မသွားနိုင်သော်လည်း အလုပ်သမားများကြားတွင် သီးသန့်ဆွေးနွေးမှုကို ကြားခဲ့ရသည်—

   "ကျောက်ရွှယ်မေ့နဲ့ ကျောက်ချန်တို့ကြားမှာ တစ်ခုခုများရှိနေတာလား?"


   "တစ်ခုခုကိုရှိရမယ်… ပြီးခဲ့တဲ့လက ကျောက်‌ရွှယ်မေ့ရဲ့မွေးနေ့မဟုတ်လား? လူအကြီးကျောက်ချန်က အပြင်ထွက်ပြီး ရွှယ်မေ့အတွက် ကိတ်မုန့်တစ်လုံးကို တိတ်တဆိတ်ဝယ်ခဲ့ပြီး ငါနဲ့တိုက်မိသွားသေးတယ်…"


    "ကျောက်ချန်နဲ့ ကျောက်တရုန်တို့က သူမကြောင့်များရန်ဖြစ်ကြတာလား?"


   "သူတို့အားလုံးက ကျောက်ရွာကဆိုတော့ ဖြစ်နိုင်တယ်… ကျောက်ရွှယ်မေ့နဲ့ ကျောက်တရုန်တို့က အရင်က အိမ်နီးချင်းတွေလေ…"


   ကျောက်ရွာ၏အတိတ်အကြောင်းတွေကို မနက်တုန်းက ယွဲ့ရှင်းဝမ်အား ပြောပြခဲ့သည့် လူငယ်က ပြောသည်။

   "ကျောက်တရုန်က စကားပြောရတာမကြိုက်တဲ့ ရှေးရိုးတဲ့လူတစ်ယောက်ပဲ… ဒါပေမယ့် လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူအပြင်မှာ အလုပ်ထွက်တုန်းက သူ့တူလေးဆီ အဝတ်အစားတွေကို လစဉ်ပို့ပေးခဲ့သလို ကျောက်ရွှယ်မေ့ဆီလည်း ပို့‌ပေးခဲ့တယ်…"


   "တစ်ခါက အရမ်းလှတဲ့ ဝတ်စုံဝတ်ထားတဲ့ ရွှယ်မေ့ကိုတွေ့တော့ တစ်ယောက်ယောက်က သူမဆီပို့လိုက်တာလို့ ပြောတယ်၊ အဲဒါကို ကျောက်တရုန်ပို့လိုက်တာ ဖြစ်နိုင်တယ်…"


   လူငယ်အလုပ်သမားက အသံတိုးတိုးဖြင့် ပြောသည်။

   "ကျောက်ရွှယ်မေ့က ချောပြီး လုံ့လဝီရိယရှိတယ်… ကျောက်တရုန်နဲ့ ကျောက်ချန်တို့ နှစ်ယောက်စလုံးက သူမကို သဘောကျကြပြီး စကားများတာဖြစ်လိမ့်မယ်…"


   "ဒါဆို ပြီးပြီပေါ့!"


   အနီးနားရှိလူတစ်စုက ဝိုင်းကြည့်နေသောလူအုပ်၏ အမူအရာမျိုး ပြသခဲ့သည်။

   "ကျောက်တရုန်သေဆုံးတာက ကျောက်ချန်ကြောင့် ဖြစ်နိုင်တယ်မလား? ဒါဆို ရဲတွေက ဘာလို့ လူအကုန်လုံးကို ခေါ်သွားတာလဲ?"


   အသားမည်းမည်းဖြင့် အမျိုးသားတစ်ဦးက သိချင်စွာမေးသည်။

   "မိန်းမတစ်ယောက်ကြောင့် လူသတ်တာတော့ မဖြစ်နိုင်သင့်ဘူးမလား?"


   "ပြောရခက်တယ်…" 


   အဘိုးအိုတစ်ဦးသည် အေးအေးဆေးဆေး ဆေးလိပ်မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

   "ကျောက်ရွှယ်မေ့နဲ့ ကျောက်တရုန်တို့က ချစ်သူတွေဆိုတော့ ညသန်းခေါင်မှာ ချိန်းတွေ့ဖို့ထွက်လာရင်း ကျောက်ချန်နဲ့တွေ့ပြီး ကျောက်ချန်က ဒေါသတကြီးနဲ့ ကျောက်တရုန်ကို အောက်ထပ်ဆီ မတော်တဆ တွန်းချမိသွားတာများလား?"


   "..." သည်လူများက စိတ်ကူးယဉ်ဆန်လွန်းတာကို ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။


   "ဟေ့၊ ကျောက်တရုန်ကိစ္စဖြစ်တော့ ခေါင်းဆောင်တွေအားလုံး စိတ်အနှောင့်အယှက်ဖြစ်သွားကြတယ်… ငါတို့လုပ်အားခတော့ ပြန်ရနိုင်တယ်မလား?"


   အလုပ်သမားတစ်ယောက်က မျက်မှောင်ကြုတ်ကာ

   "ငါတို့ ပိုက်ဆံမရရင် မိသားစုကတော့ ပြဿနာတက်တော့မယ်…"


   အချိန်အတော်ကြာ နားထောင်ပြီးနောက် ဤလူတွေက Weibo အကြောင်း လုံးဝပြောကြားခြင်းမရှိကြောင်း ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။ ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

   "ညီအစ်ကိုတို့ Weibo ကို သုံးကြလား? ကျွန်တော်တို့ ဆောက်လုပ်ရေးဆိုက်က ဒီကိစ္စကို Weibo မှာ တင်ထားတယ်…"


   "Weibo ဆိုတာ ဘာလဲ?" 


   တစ်စုံတစ်ယောက်က ရှုပ်ထွေးသောအမူအရာမျိုးပြခဲ့သည်။

   "ငါက ငါ့မိသားစုနဲ့ Video call ခေါ်ဖို့ WeChat ပဲသုံးတယ်…"


   လူငယ်တစ်ယောက်က သူ့ဖုန်းကို ထုတ်ပြီး ပြောလိုက်သည်။

   "ဖုန်းငှားပေးပါလား? ကျွန်တော်ပြမယ်…"


   ယွဲ့ရှင်းဝမ်က လူငယ်ထံမှ ဖုန်းကို ယူလိုက်ပြီး သူ့ဖုန်းထဲတွင် Weibo app မရှိပေ။ ကျန်းဖျင်စစ်၊ လျှိုကျောက်ချင်း၊ ခယ်ရှောင်ပင်းနှင့် အခြားသူများလည်း လာရောက်ကူညီခဲ့ကြပြီး လူတိုင်းက ‘Weibo ကသတင်းကိုပြမယ်’ ဆိုသော အကြောင်းပြချက်ဖြင့် Weibo app ကို download လုပ်ရာတွင် ကူညီပေးရန် သူတို့၏ဖုန်းများကို ငှားခဲ့ကြသည်။


   တကယ်တော့ သူတို့က ဖုန်းထဲရှိ Weibo အကောင့်တွင်တင်ထားသော post ကို မြင်ချင်တာကြောင့် ဖြစ်သည်။


   မိန်းကလေးများဘက်မှ လင်းမန့်လော်၊ ချင်လုနှင့် ချင်မြောင်တို့က Weibo ကို download လုပ်ရန် အမျိုးသမီးအလုပ်သမားများကို ကူညီနေကြသည်။


   လူတိုင်းက တစ်နာရီကြာ အလုပ်ရှုပ်နေကြပြီး ဆောက်လုပ်ရေးဆိုက်တစ်ခုလုံးတွင် အလုပ်သမား 8 ဦးသာ သူတို့၏ဖုန်းများထဲ၌ Weibo ကို download လုပ်ထားကြပြီး ဖျော်ဖြေရေးနယ်ပယ်ရှိ သတင်းနှင့် ကောလဟာလတချို့ကို လိုက်ကြည့်ရန် သူတို့၏ကိုယ်ပိုင်အကောင့်များရှိသည်။ ကျန်လူအများစုသည် Weibo ကိုအသုံးမပြုကြဘဲ တချို့က Weibo ဆိုသည်မှာ ဘာလဲကိုပင်မသိကြဘဲ အများအားဖြင့် WeChat ကိုသာအသုံးပြုကြသည်။


   ယွဲ့ရှင်းဝမ် အံ့အားသင့်သွားသည်။

   "ဒီဆောက်လုပ်ရေးဆိုက်မှာ လူသေဆုံးသွားတဲ့သတင်းက အရမ်းနာမည်ကြီးနေတာကို အားလုံးမသိကြဘူးလား?"


   အလုပ်သမားတွေက ကြောင်တောင်တောင်ဖြစ်နေကြသည်။

   "မသိဘူး!"


   "ဓာတ်ပုံကို ဘယ်သူတင်လိုက်တာလဲ? ဒီလူက ငါတို့အတွက် ပြောပေးတာပဲ၊ လူကောင်းတစ်ယောက်ပဲ!"


   "ဒါက သတင်းသမားတစ်ယောက်များလား? ဒီလူက Weibo မှာ မီဒီယာတွေအများကြီးကို tag တွဲထားတာဆိုတော့ သတင်းထောက်တစ်ယောက်ဆိုတာ သေချာတယ်…"


   ယွဲ့ရှင်းဝမ်: "…"


   Weibo မှာ post တင်သူဟာ အလုပ်သမားတွေကို သူ့ကိုယ်သူ ထုတ်ဖော်ခံရမှာ ကြောက်လို့ ဖြစ်ကောင်းဖြစ်နိုင်သလို ဒီအကြောင်းကို အလုပ်သမားတွေအား အကြောင်းကြားဖို့ အစပျိုးရန် မလုပ်ခဲ့ဘူးလို့ ထင်ရသည်။ Weibo ပေါ်ရှိ ထိပ်ဆုံးမှတ်ချက်များထဲက “အတွင်းလူ”နှင့် “အလုပ်သမား”များက ထိုသူဖွင့်ထားသော အကောင့်တုများဖြစ်နေမလား။


   ယွဲ့ရှင်းဝမ်သည် ပတ်ပတ်လည်ကို ကြည့်လိုက်ရာ သူတို့၏ ဖုန်းပေါ်တွင် Weibo အကောင့်နှင့် စုစုပေါင်း လူ 8 ဦးကို တွေ့ရှိခဲ့ပြီး သူတို့အနက် 7 ဦးမှာ ကျောက်တရုန်နှင့် မရင်းနှီးဘဲ ကျန်လူငယ်မှာ ကျောက်တရုန်၏ အချစ်အကြောင်း အတင်းအဖျင်းပြောပြီး ကျောက်ရွာ၏အတိတ်အကြောင်းကို ‌ပြောပြခဲ့သူဖြစ်ကာ သူ့နာမည်မှာ ကျောက်အန်းမင်ဖြစ်သည်။


   ယွဲ့ရှင်းဝမ်က သူ့ကို အာရုံစိုက်လိုက်ပြီး

   "အစ်ကိုကျောက် Weibo သုံးတာ ဘယ်လောက်ကြာပြီလဲ?"


   ကျောက်အန်းမင်က ဖြေသည်။

   "ငါ အလယ်တန်းကျောင်းပြီးတော့ အကောင့်တစ်ခုကို စာရင်းသွင်းပြီး ဖျော်ဖြေရေးသတင်းတွေ ဒါမှမဟုတ် တစ်ခုခုကို ဖတ်လေ့ရှိတယ်…"


   ယွဲ့ရှင်းဝမ်: "ကျွန်တော် သတင်းဖတ်ချင်လို့ ဖုန်းငှားလို့ရမလား?"


   ကျောက်အန်းမင်က ဖုန်းကို ရက်ရက်ရောရော လွှဲပေးလိုက်သည်။


   ယွဲ့ရှင်းဝမ်သည် Weibo ကိုဖွင့်ခဲ့ပြီး ရှာဖွေကြည့်မှုမှတ်တမ်းများတွင် ဆောက်လုပ်ရေးဆိုက်၌သေဆုံးသွားသူများနှင့်ပတ်သက်သည့်သတင်းများမတွေ့ရပေ။ သတင်းအားလုံးဟာ ဖျော်ဖြေရေးနယ်ပယ်က အတင်းအဖျင်းတွေချည်းဖြစ်ပြီး သူသည် လှပသောစတားတချို့ကို follow ထားတာ အကောင့်ပြောင်းစရာမရှိပေ။ သူ့ကိုယ်ပိုင်အကောင့်ကို “မနက်ဖြန် ပိုကောင်းလာလိမ့်မယ်”ဟုခေါ်သည်။


   သူက အပြစ်ကင်းသလား။ ဒါမှမဟုတ် Weibo မှာ post တင်ပြီးတာနဲ့ အကောင့်တုတွေနှင့် ရှာဖွေမှုမှတ်တမ်းတွေအားလုံးကို ဖျက်ပစ်ဖို့ သူဂရုတစိုက်စဉ်းစားခဲ့တာလား။


   ယွဲ့ရှင်းဝမ်သည် ဤလူ၏စရိုက်လက္ခဏာကို ဆုံးဖြတ်၍မရပေ။ ကျောက်အန်းမင်က သဲလွန်စပေးသော အပြစ်မဲ့ ဖြတ်သန်းသွားသူလား၊ သို့မဟုတ် မျက်နှာဖုံးစွပ်ပြီး နက်နက်နဲနဲ ဖုံးကွယ်ထားသော လူသတ်သမားအစစ်လား။


   သူသည် ကျောက်ရွာမှဖြစ်ပြီး ကျောက်တရုန်၏အစ်ကိုနှင့် သူ့မရီးသေဆုံးမှုအကြောင်းကို သိထားသည်။ ကျောက်တရုန်နှင့် ကျောက်ရွှယ်မေ့တို့က အိမ်နီးချင်းများဖြစ်ကြောင်း သူသိသည်။ သေဆုံးသွားသော ကျောက်တရုန်၊ ကျောက်ရွှယ်‌မေ့နှင့် ကျောက်ချန်တို့သည် သုံးပွင့်ဆိုင်ဆက်ဆံရေးရှိနေကြောင်းလည်း သူကပြောကြားခဲ့သည်။ သူသည် အတင်းအဖျင်းပြောခြင်းကို နှစ်သက်သော ကျောက်ရွာမှ အလုပ်သမားတစ်ဦးဖြစ်ပုံရသည်။ သို့ပေမယ့် သူပေးခဲ့သည့် အချက်အလက်တွေက ဘယ်လောက်မှန်သလဲ။ သူသည် လူတိုင်း၏ဆုံးဖြတ်ချက်ကို လမ်းမှားရောက်အောင် တမင်တကာလှည့်စားနေတာလား။


   အကယ်၍ ထိုသူသည် ဤအဖြစ်အပျက်ကို ထိန်းချုပ်သူဖြစ်ပါက ကျောက်ရွာရှိ အခြားလူများလည်း သူနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သလား။


   ယွဲ့ရှင်းဝမ်က တစ်ဖက်လူဆီ ဖုန်းပြန်ပေးကာ

   "ကျေးဇူးတင်ပါတယ် အစ်ကိုကျောက်၊ ကျောက်ရွာက လူတွေက တစ်ယောက်နဲ့တစ်ယောက် အမျိုးတော်ကြတဲ့လူတွေရှိလား? ကျွန်တော့်ဇာတိမှာ ဝမ်ရွာရှိတယ်၊ တစ်ရွာလုံးက အမျိုးတော်စပ်ကြတယ်…"


   ကျောက်အန်းမင်က ပြုံးကာ ပြောသည်။

   "ဟုတ်တယ်၊ အရင်တုန်းက ငါတို့ရွာကမိန်းကလေးတွေဟာ အပြင်ကနဲ့ အိမ်ထောင်မပြုတာကြောင့် အချိန်အတော်ကြာလာတော့ အမျိုးတော်စပ်မှုတွေရဲ့ ဆက်ဆံရေးက ခွဲခြားလို့မရတော့ဘူး… ငါ့ချွေးမက ငါ့ခယ်မရဲ့ ဝမ်းကွဲရဲ့တူမလေ…"


   အလွန်ရှုပ်ထွေးသည်ဟု ထင်ရသော်လည်း ထိုရွာက အလွန်စည်းလုံးသည်။ နောက်တစ်ခုက လူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိကြသည်။ ဤကျောက်အန်းမင်သည် ကျောက်ရွာနှင့်ပတ်သက်သော အချက်အလက်များစွာကို သူတို့အား ပြောပြရန် အာရုံစိုက်နေသည်မှာ မူမမှန်ကြောင်း ယွဲ့ရှင်းဝမ် အမြဲတမ်း ခံစားခဲ့ရသည်။


   ညနေ 4 နာရီခန့်တွင် ရဲအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားသော လူအများအပြား ပြန်လည်ရောက်ရှိလာသည်။ သူတို့ပြန်လာတယ်ဆိုကတည်းက ဒီလူတွေအပေါ်သံသယရှိမှုက မလုံလောက်ဘဲ ရဲတွေက သူတို့ကို စစ်ဆေးမေးမြန်းဖို့သာ ခေါ်ဆောင်သွားခဲ့သည်။


   အလုပ်သမားများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။


   ကျောက်အန်းမင်က မေး၏။ 

   "အားချန်၊ ဘယ်လိုလဲ? ရဲက ဘာပြောတာလဲ?"


   ကျောက်ချန်က ရှက်ရွံ့ဟန်ဖြင့် သူ့နှာခေါင်းကိုထိကာ ပြောလိုက်သည်။

   "တရုန် သေဆုံးတာနဲ့ ဆက်စပ်နေတယ်ဆိုပြီး သံသယရှိလို့ မနက် 4 နာရီခွဲမှာ ဘာကြောင့် အိပ်ဆောင်ကထွက်သွားတာလဲလို့ ရဲကမေးတယ်… တရုန်နဲ့ ငါက အောက်ခြေကနေ အတူတူကြီးပျင်းလာတဲ့ ညီအစ်ကိုတွေပါ… နည်းနည်းလောက် စကားများရန်ဖြစ်လိုက်ရုံနဲ့ ငါ သူ့ကို ဘယ်လိုလုပ်သတ်ဖို့ ဖြစ်နိုင်မှာလဲ?!"


   ကျောက်အန်းမင်: "ဒါဆို မင်းဘာလို့ မနက်စောစော အပြင်ထွက်သွားရတာလဲ?"


   လုံရွေ့က ရှုပ်ထွေးသောအကြည့်ဖြင့် ကျောက်ချန်နှင့် ကျောက်ရွှယ်မေ့တို့ကို ကြည့်လိုက်သည်။


   ကျောက်ရွှယ်မေ့၏မျက်နှာသည် နီမြန်းနေပြီး တစ်ဖက်သို့လှည့်ကာ အမြန်ထွက်ခွာသွားသည်။ ကျောက်ချန်သည်လည်း နားရွက်များနီရဲနေကာ လူအုပ်ကြားမှ ပြေးထွက်သွားသည်။


   အားလုံးက လုံရွေ့ဆီ ချက်ချင်းဝိုင်းလာပြီး မေးသည်။

   "လောင်ရွေ့၊ ဘာဖြစ်တာလဲ ငါတို့ကို ပြောစမ်းပါ…"


   လုံရွေ့သည် သူ့အိတ်ကပ်ထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်ကာ မီးညှိလိုက်ပြီး 

   "သူတို့နှစ်ယောက်က မနက်အစောကြီး အပြင်ထွက်ပြီး ဆောက်လုပ်ရေးဆိုက်ဘက် ပြေးသွားကြတယ်… အဲဒီအချိန်မှာ ငါက အနီးနားမှာ ဆေးလိပ်သောက်နေတာ… ဒီအကြောင်းကို မပြောချင်ပေမယ့် မပြောရင် တရုန်သေဆုံးမှုနဲ့ ပတ်သတ်ပြီး ရဲတွေက သံသယမှာဖြစ်တာကြောင့် ပြောဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလေ…"


   လူတိုင်း: "…"


   ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


   ယွဲ့ရှင်းဝမ်၏ မှန်းဆချက်က အမှန်တကယ် ဖြစ်လာခဲ့သည်— ဤလူသုံးယောက်သည် တစ်ယောက်နှင့်တစ်ယောက် အလီဘီကို ဖန်တီးခဲ့ကြသည်။


   ကျောက်ရွှယ်မေ့နှင့် ကျောက်ချန်တို့သည် လုံရွေ့ဆေးလိပ်သောက်တာကိုမြင်ပြီး လုံရွေ့က သူတို့ချိန်းတွေ့နေကြတာကို မြင်ခဲ့သည်။


   သူတို့က သံသယတွေအားလုံးကို ဖယ်ရှားပစ်လိုက်သည်။


   သူတို့က ကြိုတင်လျှို့ဝှက်ပူးပေါင်းကြံစည်ပြီး လိမ်လှည်ကြတာလား၊ ဒါမှမဟုတ် သူတို့က တကယ်အပြစ်ကင်းတာလား။


   ယွဲ့ရှင်းဝမ်က သူ့ဘေးရှိ ကျောက်အန်းမင်ကို ကြည့်လိုက်တော့ အတင်းအဖျင်းပြောတတ်သော လူငယ်လေးကအံ့အားသင့်နေခဲ့သည်။

   "ရှောင်မေ့နဲ့ တရုန်တို့က ချစ်သူတွေလို့ ငါထင်ခဲ့ပေမယ့် သူမက ကျောက်ချန်ကို ကြိုက်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး…"


   ကျောက်ရွာက လူတွေအားလုံးက သရုပ်ဆောင်တာတော်တဲ့သူတွေလား?


#TK