Chapter 69
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 69 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၀၈၊၀၉)


ကျောက်ရွှယ်မေ့သည် အိပ်ဆောင်သို့ ပြေးကာ ကုတင်ပေါ်တွင် အသည်းအသန် ငိုယိုနေခဲ့ပြီး အနီးနားက အမျိုးသမီးအလုပ်သမားတွေက သူမကို နှစ်သိမ့်ပေးရန် ပြေးလာကြသည်။ ယွဲ့ရှင်းဝမ်က လင်းမန့်လော်နှင့် ချင်လုတို့ကို အချက်ပြလိုက်ကာ နှစ်ယောက်သား ချက်ချင်း သူမနောက်လိုက်သွားကြသည်။


သူမ၏အခန်းဖော် အမျိုးသမီးအလုပ်သမားက သူမကို နှစ်သိမ့်ပေးရန် ပခုံးကို ပွတ်သပ်ကာ စိုးရိမ်စိတ်ဖြင့် မေးသည်။

"ရွှယ်မေ့၊ ရဲတွေက နင့်ကို ခက်ခဲအောင်မလုပ်ဘူးမလား? နင်ဘာလို့ မျက်လုံးတွေဖောင်းကားတဲ့အထိ ငိုနေရတာလဲ?"


ကျောက်ရွှယ်မေ့က ဆို့နင်စွာပြောသည်။

"သူတို့ ငါ့ကို ခက်ခဲအောင် မလုပ်ပါဘူး… တရုန်အကြောင်းပဲ ငါ့ကို မေးကြတာ…"


သူမ ငိုရှိုက်ငင်နေရင်း မျက်လုံးများနီရဲကာ အသံအနည်းငယ်တုန်ယင်နေသည်။

"တရုန်နဲ့ ငါက အတူတူကြီးပျင်းလာခဲ့တာဖြစ်သလို ငါတို့နှစ်ယောက်ရဲ့ မိသားစုတွေက အိမ်နီးချင်းတွေလည်း ဖြစ်တယ်… သူ့အစ်ကိုနဲ့ မရီးဖြစ်သူ ဆုံးသွားတော့ သူက အပြင်မှာအလုပ်ထွက်လုပ်ခဲ့ပြီး အားလျန်ကလည်း ငယ်သေးတာမို့ စိတ်ပူခဲ့ပြီး သူ့ပိုက်ဆံတွေကို မဆင်မခြင်သုံးခဲ့တယ်… ဒီတော့ သူက လတိုင်း အားလျန်အတွက် ကျောင်းသုံးပစ္စည်းတွေ၊ အဝတ်အစားတွေနဲ့ မုန့်တွေဝယ်ဖို့ ငါ့ဆီပိုက်ဆံပို့ပေးခဲ့တယ်…"


ချင်လုက တိုးတိုးပြောသည်။

"ဒါဆို အစ်ကိုတရုန်က အစ်မဆီ ပိုက်ဆံတွေ မကြာခဏ ပို့တယ်ဆိုတာ ရဲတွေ သိသွားလို့ အစ်မကို အတည်ပြုခိုင်းတာလား?"


ကျောက်ရွှယ်မေ့က နှုတ်ခမ်းကိုကိုက်ကာ ခေါင်းငြိမ့်ပြပြီး သူမ၏ခံစားချက်တွေကို ထိန်းမနိုင်သိမ်းမရဖြစ်ကာ ငိုရင်းနဲ့ ပြောသည်။

"ငါနဲ့ အစ်ကိုရုန်က မောင်နှမတွေလိုပါပဲ… အစ်ကိုရုန်က ငါ့ကို ပိုက်ဆံတွေ ပို့ပေးခဲ့ပြီး ငါတစ်ပြားမှ မထိဘဲနဲ့ အားလျန်ကို အားလုံးပေးခဲ့တယ်… ဆောက်လုပ်ရေးဆိုက်ကို ရောက်ပြီး တစ်လကြာမှာပဲ အစ်ကိုရုန်က အောက်ကိုပြုတ်ကျပြီး‌သေဆုံးလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ခဲ့ဘူး! ငါသာ ကြိုသိခဲ့ရင် သူ့ကို ဒီနေရာဆီ လာခိုင်းမှာမဟုတ်ဘူး… ငါက သူ့ကို နာကျင်စေခဲ့တဲ့သူပဲ! အဟင့်!"


တစ်လလား? အချိန်က ရှင်းဝမ်တွေ့ရှိခဲ့တဲ့ Weibo အကောင့်ရဲ့ မှတ်ပုံတင်ချိန်နဲ့ တိုက်ဆိုင်နေတယ်…


လင်းမန့်လော်နှင့် ချင်လုတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အဓိကအချက်ကို ချက်ချင်းဆုပ်ကိုင်ပြီး မေးသည်။

"အစ်ကိုရုန်က လွန်ခဲ့တဲ့တစ်လကမှ ဆောက်လုပ်ရေးဆိုက်ကို ရောက်လာခဲ့တာလား? သူက အစကတည်းက ဒီမှာရှိနေတာမဟုတ်ဘူးလား?"


ကျောက်ရွှယ်မေ့က ဆို့နင်စွာရှင်းပြသည်။

"သူက ဘိလပ်မြေလုပ်သားဖြစ်ပြီး အနီးနားက မိသားစုအတွက် အိမ်တစ်လုံးကို ပြုပြင်နေတာ… ပြီးခဲ့တဲ့လကပဲ ပြီးသွားတာ… ငါတို့ ဆောက်လုပ်ရေးဆိုက်က ယာယီဘိလပ်မြေလုပ်သားတွေ ခေါ်ယူနေတော့ သူ့ကို ဒီမှာလာလုပ်ကြည့်ဖို့ ‌ငါတောင်းဆိုလိုက်တာ… အားလျန်ကလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှာ အမှတ် 280 ပဲရတာကြောင့် တက္ကသိုလ်တက်ခွင့်မရဘူး… ဒီတော့ သူက အားလျန်ကို သင်ယူလေ့လာဖို့အတွက် ဆောက်လုပ်ရေးဆိုက်ဆီ ခေါ်လာခဲ့တယ်… သူတို့နှစ်ယောက်က အတူတူရောက်လာကြတာ…"


ကျောက်တရုန်နှင့် ကျောက်လျန်တို့သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ပြီးခဲ့သောလက ရောက်ရှိလာခဲ့ခြင်းမှာ အလွန်အရေးပါလှသည်။


ကျောက်လျန်ရောက်လာသောအခါ ထောက်ပံ့ပို့ဆောင်ရေးက သူ့ကို ယန်ခိုင်အမည်ရှိ အမျိုးသားတစ်ဦးနှင့် နေထိုင်ရန် အိပ်ဆောင်အခန်းတစ်ခုအား ပေးခဲ့ကြောင်း အလုပ်သမားများက ပြောကြသည်။ ယန်မျိုးရိုးအမည်ရှိသောသူသည် ညွှန်ကြားရေးမှူးကျန်နှင့် ရင်းနှီးတာကြောင့် ဆောက်လုပ်ရေးဆိုက်တွင် ကျောက်လျန်အား နေ့တိုင်း အနိုင်ကျင့်ခဲ့သည်။ ကျောက်လျန်သည် အဆောက်အဦးထဲက အထပ်တွင် အိပ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။


လင်းမန့်လော်က အနည်းငယ် အံ့ဩသွားသည်။

"သူတို့တူအရီးတွေက ဘာလို့တစ်ခန်းတည်း မနေရတာလဲ?"


ကျောက်ရွှယ်မေ့: "အစ်ကိုရုန်က ဆောက်လုပ်ရေးဆိုက်ကို ပထမဆုံးရောက်လာတာဖြစ်ပြီး အားလျန်က အဲဒီအချိန် ကျောက်ရွာမှာပဲ ရှိသေးတယ်… သူက နှစ်ရက်နောက်ကျပြီးမှ ရောက်လာတာ… ကျောက်အန်းမင်က အစ်ကိုရုန်နဲ့ အတူတူနေချင်တယ်လို့ အရင်ဆုံးကမ်းလှမ်းခဲ့တာ… အစ်ကိုရုန်က ရိုးသားပြီး တိတ်ဆိတ်သလို အခြားတစ်ယောက်က သူနဲ့အတူ‌နေဖို့ တောင်းဆိုလာရင် ငြင်းဆန်ရမှာကို ကလေးကတည်းက အရမ်းရှက်တတ်တာ… ကျောက်အန်းမင်က ငါတို့ဇာတိကပဲဆိုတော့ သူတို့ကအချင်းချင်းသိကြတယ်လေ…"


လင်းမန့်လော်: "ဒီလိုဆိုရင် အစ်ကိုရုန်က ဆောက်လုပ်ရေးဆိုက်ကို ရောက်ပြီးမှ ကျောက်အန်းမင်က အစ်ကိုရုန်ကို အတူတူနေဖို့ ကမ်းလှမ်းခဲ့တာဆိုတော့ အားလျန်ရောက်လာတဲ့အခါ အိပ်ဆောင်တစ်ဆောင်ပဲကျန်တော့ပြီး သူက ယန်ခိုင်နဲ့ပဲ နေလိုက်ရတော့တာလား?"


ကျောက်ရွှယ်မေ့က ခေါင်းငြိမ့်ပြသည်။


သူမဘေးနားရှိ အမျိုးသမီးအလုပ်သမားက သက်ပြင်းချလိုက်သည်။

"ရွှယ်မေ့ သိပ်ပြီးလည်း စိတ်မကောင်းမဖြစ်နေပါနဲ့… ကျောက်ချန်နဲ့ တရုန်တို့နှစ်ယောက်စလုံးက နင့်ကိုသဘောကျတာလို့ ဆောက်လုပ်ရေးဆိုက်မှာ ကောလဟာလတွေထွက်နေတယ်… သူတို့နှစ်ယောက်က မနာလိုဖြစ်ပြီး ရန်ဖြစ်ကြရင်း ကျောက်ချန်က တရုန်ကို အောက်ထပ်ဆီ တွန်းချလိုက်တာလို့ပြောတယ်… ဒီလိုမျိုးမဖြစ်နိုင်ဘူး ဟုတ်တယ်မလား?"


ကျောက်ရွှယ်မေ့က သူမ၏လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး သူမ၏မျက်နှာတွင် ရှက်စိတ်နဲ့ ဒေါသတွေပြည့်နေသည်။

"အားချန်နဲ့ ငါက မိဘချင်းတောင် တွေ့ပြီးတာကြာလှပြီ… နှစ်သစ်ကူးကျရင် ငါတို့ဇာတိကိုပြန်တဲ့အခါ လက်မှတ်ရေးထိုးကြတော့မှာ… အစ်ကိုရုန်နဲ့ ငါက ကင်းကင်းရှင်းရှင်းတွေပါ… သူတို့နှစ်ယောက် ရန်ဖြစ်တာကလည်း ငါ့ကြောင့်မဟုတ်ပါဘူး! အစ်ကိုရုန်ရဲ့သေဆုံးမှုကြောင့် ငါတို့အားလုံးက စိတ်မကောင်းဖြစ်ရပါတယ်… သူ့ရဲ့မတော်တဆပြုတ်ကျမှုက ကျောက်ချန်နဲ့ဘာဆိုင်လို့လဲ?! အဲဒီလူတွေက အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ!"


ချင်လုက နူးညံ့စွာ နှစ်သိမ့်ပေးသည်။

"အစ်မရွှယ်မေ့၊ ကျွန်မတို့ ရှင့်ကို ယုံကြည်ပါတယ်…"


လင်းမန့်လော်: "စကားမစပ် ကျွန်မတို့ဆောက်လုပ်ရေးဆိုက်ရဲ့ အဖြစ်အပျက်က Weibo မှာ နာမည်ကြီးနေတာ မြင်ပြီးပြီလား?"


ကျောက်ရွှယ်မေ့က သူမဖုန်းကို ထုတ်ကာ ပြောသည်။

"Weibo လား? ငါကြည့်လိုက်ဦးမယ်…"


သူမသည် လူတိုင်းရှေ့တွင် Weibo ကိုဖွင့်ကာ ပင်မစာမျက်နှာသို့ ပွတ်ဆွဲကာ search barတွင် “ဆောက်လုပ်ရေးဆိုက်”စကားလုံးကို ကျွမ်းကျင်စွာ ရိုက်ထည့်လိုက်ရာ #ရှင်းယွဲ့ပလာဇာတွင် အလုပ်သမားတစ်ဦးပြုတ်ကျသေဆုံး# ခေါင်းစဉ်ကို မြင်လိုက်ရသည်။ သူမက ခေါင်းစဉ်ကို နှိပ်လိုက်ရာ မှတ်ချက် အရေအတွက် သောင်းချီပြီး အများအပြား ရှိနေလေသည်။


ကျောက်ရွှယ်မေ့က ခဏတာ အံ့အားသင့်သွားသည်။

"Forward တွေနဲ့ မှတ်ချက်တွေ အများကြီးပါလား? ဆောက်လုပ်ရေးဆိုက်က တစ်ယောက်ယောက်က အစ်ကိုရုန်ရဲ့ပုံတွေကို ရိုက်ပြီး တင်ထားတာလား?"


သူမသည် ဒါကိုသိပုံမပေါ်သလို သူမ၏အကောင့်ကလည်း ဤ post တွင် မှတ်ချက်တစ်စုံတစ်ရာ မပေးထားပေ။ Weibo ၏ ခေါင်းစဉ်ကိုနှိပ်လိုက်ပြီး ထိတ်လန့်စရာကောင်းသောဓာတ်ပုံကို တွေ့ပြီးနောက် သူမသည် ထိန်းမနိုင်သိမ်းမရ ငိုပါတော့သည်။


လင်းမန့်လော်နှင့် ချင်လုတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး သူတို့နဲ့ စကားအနည်းငယ်ပြောကြပြီးမှ ထွက်ခွာသွားကာ စုံစမ်းစစ်ဆေးမှုရလဒ်များကို ယွဲ့ရှင်းဝမ်ဆီ တစ်လုံးမကျန်ပြန်ပြောပြသည်။


တစ်ချိန်တည်းမှာပင် လျှိုကျောက်ချင်းနှင့် ကျန်းရှောင်နျန်တို့က ကျောက်လျန်ထံချဉ်းကပ်ပြီး ယွဲ့ရှင်းဝမ်အား စုံစမ်းမှုရလဒ်များကို ပြောပြခဲ့သည်။


လျှိုကျောက်ချင်း: "အခင်းဖြစ်ပွားချိန်မှာ သူက အဆောက်အဦးမှာ ရှိနေခဲ့တဲ့ တစ်ယောက်တည်းသောသူဖြစ်ပြီး ခြောက်လွှာမှာရှိနေခဲ့လို့ ရဲတွေက ‌ခေါ်သွားခဲ့တယ်… ဒါပေမယ့် ကျောက်တရုန်ပြုတ်ကျခဲ့တဲ့ ခုနစ်လွှာမှာ သူ့ရဲ့ခြေရာလက်ရာတွေ တစ်ခုမှမရှိတာကို ရဲတွေရှာတွေ့ခဲ့တယ်… ဒါ့အပြင် သူက သူ့ဦးလေးဖြစ်သူနဲ့ ဆက်ဆံရေးကောင်းပြီး ပြစ်မှုကျူးလွန်ဖို့ အကြောင်းရင်းမရှိတာကြောင့် သံသယရှိသူကနေ ပယ်ချလိုက်ပြီ…"


ကျန်းရှောင်နျန်က ဆက်ပြောသည်။

"ရဲတွေက သူ့ရဲ့ဒဏ်ရာတွေကို စစ်ဆေးမေးတော့ သူနဲ့တစ်ခန်းတည်းနေတဲ့ ယန်ခိုင်ရိုက်နှက်ခဲ့တာဖြစ်ကြောင်း အတည်ပြုခဲ့တယ်… ယန်ခိုင်က ရဲစခန်းမှာ ပြန်လည်သုံးသပ်ချက်ရေးနေဆဲဖြစ်ပြီး သူ့အမှားကိုဝန်ခံခဲ့တယ်… အဲဒီနေ့က သူအရက်မူးနေတာကြောင့် ကလေးရဲ့ဟောက်သံကြောင့်နိုးလာတော့ သူ‌စိတ်တိုပြီး ရိုက်လိုက်မိတာလို့ပြောတယ်… သူတို့နှစ်ယောက်စလုံးက ရဲစခန်းမှာ ပြန်ညှိနှိုင်းခဲ့တယ်…"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကိုပင့်တင်ကာ ပြောသည်။

"ဒါဆိုရင် ငါအရင်ကခန့်မှန်းခဲ့တဲ့ သူ့ဦးလေးက သူ့ကိုနှိပ်စက်တာကြောင့် သတ်ပစ်လိုက်တယ်ဆိုတာကို ဖယ်ထုတ်လို့ရပြီထင်တယ်…"


ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲတွင် သဲလွန်စအသစ်တွေကို ထည့်သွင်းပြီး ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ကျောက်တရုန်က ပြီးခဲ့တဲ့လကမှ ဆောက်လုပ်ရေးဆိုက်ကို ရောက်လာတာဖြစ်ပြီး Weibo အကောင့် “တရားမျှတမှုကိုရှာဖွေခြင်း”ရဲ့ မှတ်ပုံတင်တဲ့အချိန်နဲ့ အတူတူပဲ… တစ်နည်းအားဖြင့်ပြောရရင် ကျောက်တရုန်ရဲ့တည်ရှိမှုက ဒီအဖြစ်အပျက်ကို ဖော်ထုတ်ပြီး သူ့ကိုသတ်ပစ်ဖို့ ကြံစည်ဖို့အတွက် လူသတ်သမားက စိတ်ကူးရခဲ့တာပဲ…"


ခယ်ရှောင်ပင်းက လေးနက်စွာ မေးသည်။

"ကျောက်တရုန်က စက်တင်ဘာလမှာ ဆောက်လုပ်ရေးဆိုက်ကို ရောက်လာပြီး လူတိုင်းက လုပ်အားခတွေမရဘဲ အလုပ်သမားတွေက မကျေမနပ်ဖြစ်နေတာကိုတွေ့တော့ ဒီ Weibo အကောင့်ကို သူကိုယ်တိုင် စာရင်းသွင်းပြီး လူတိုင်းကို ကူညီချင်ခဲ့တာများလား?"


ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်လာသည်။

"Weibo မှာ ကျောက်တရုန်ရဲ့ သေဆုံးတဲ့ဓာတ်ပုံတွေရှိတယ်လေ… ပြီးတော့ သူကိုယ်တိုင် သေဆုံးနေတဲ့ဓာတ်ပုံတွေကို သူ့ဘာသာသူ အင်တာနက်ပေါ် တင်လို့မရဘူး… ဆောက်လုပ်ရေးဆိုက်ကို စက်တင်ဘာလမှာ သူရောက်ပြီးနောက် အကောင့်ကို မှတ်ပုံတင်ပြီး အခြားသူတွေဆီ လျှို့ဝှက်နံပါတ်ကို ပေးထားတယ်ဆိုရင်တော့ ဖြစ်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က ခဏရပ်ကာ

"အဲဒီလိုသာဆိုရင် ကျောက်တရုန်က သူသေမယ်ဆိုတာကို သိနေနိုင်တယ်မလား?"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောလာသည်။

"သူ့ကိုယ်သူ သတ်သေတာလည်း ဖြစ်နိုင်တယ်…"


ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် အနီးနားရှိ ကျောင်းသားများအားလုံး အံ့သြသွားကြသည်။


ကျန်းဖျင်စစ်က ဆက်လက်သည်။

"အခင်းဖြစ်ပွားရာနေရာမှာ လူသတ်သမားရဲ့ ပြစ်မှုကျူးလွန်တဲ့ ခြေရာလက်ရာတွေမတွေ့ရဘူး… ကျောက်တရုန်နဲ့ သူ့တူကလွဲလို့ အခြားတတိယလူကို စောင့်ကြည့်ရေးကင်မရာမှာ မတွေ့ရသလို၊ မြေအောက်ကားပါကင်မှာလည်း လူသတ်သမားရဲ့ သဲလွန်စကို မတွေ့ရဘူး… လူသတ်သမားက တစ္ဆေလိုမျိုး ပေါ်လာပြီး ပျောက်ကွယ်သွားတာဆိုတော့ အချိန်အကြာကြီး အစီအစဉ်ဆွဲထားတာဖြစ်ပြီး ဘယ်သဲလွန်စကိုမှ မကျန်ခဲ့အောင် သတိထားလွန်းတာမဟုတ်ရင်—— အဲဒီမှာ လူသတ်သမားမရှိဘူး…"


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ

"ကျောက်တရုန်က ‌သတ်သေသွားတာဆိုရင် စောင့်ကြည့်ရေးကင်မရာကနေ အဆောက်အဦးထဲကို လူသတ်သမား ဝင်သွားတာ၊ ထွက်သွားတာကို ဖမ်းမိမှာမဟုတ်ဘူး… မြေအောက်ကားပါကင်မှာလည်း ဘာသဲလွန်စမှ ရှာတွေ့မှာမဟုတ်ဘူး… ရဲတွေကလည်း အခင်းဖြစ်ပွားရာနေရာကနေ တတိယလူရဲ့ လက်ဗွေရာတွေ၊ ဆံပင် ဒါမှမဟုတ် အခြားအချက်အလက်တွေကို ရှာတွေ့မှာမဟုတ်သလို သက်ဆိုင်ရာလူတွေကို မေးမြန်းပြီး သက်သေမလုံလောက်တာကြောင့် သူတို့အားလုံးကို ပြန်လွှတ်ပေးခဲ့တာ… ဒါတွေအားလုံးက ကျိုးကြောင်းဆီလျော်တဲ့ရှင်းပြချက်ပဲ…"


လူသတ်သမား၏ သဲလွန်စတွေကို ဘာကြောင့် ရှာမတွေ့ရသနည်း။


ဘာကြောင့်လဲဆိုတော့ လူသတ်သမားမရှိလို့ဘဲ ဖြစ်သည်။


ကျောက်တရုန်က သူ့ဘာသာသူ ‌အဆောက်အဦးပေါ်တက်ကာ သူ့ဘာသာသူ ခုန်ချသတ်သေခဲ့ပြီး သူ့ကိုအာရုံစိုက်လာရန် ဖြစ်စဉ်ဆွဲထားခဲ့သည်။ 


လျှိုကျောက်ချင်းက မျက်မှောင်ကြုတ်သွားသည်။

"အာရုံစိုက်မှုရရှိဖို့ မိမိကိုယ်သတ်သေပြီး စွန့်လွှတ်အနစ်နာခံဖို့ လိုလို့လား? သူက ကျောက်လျန်ရဲ့ တစ်ဦးတည်းသောအုပ်ထိန်းသူလေ… သူသေသွားရင် ကျောက်လျန်က မိဘမဲ့ဖြစ်သွားမှာမဟုတ်ဘူးလား?"


ရွှီယိရှန်းလည်း ပြောသည်။

"ကျောက်တရုန်က ဒီနှစ်မှ အသက် 35 နှစ်ပဲ ရှိသေးတာကို မှတ်မိသေးတယ်… သူ့ရဲ့အရွယ်ကောင်းအချိန်မှာ သူ့အစ်ကိုနဲ့မရီးက ဆုံးသွားပြီးတော့ သူတို့ရဲ့တစ်ဦးတည်းသောသား ကျောက်လျန်ကို ပြုစုစောင့်ရှောက်ဖို့ သူ့ဆီအပ်ခဲ့တယ်… ကျောက်လျန်က တက္ကသိုလ်ကောင်းကောင်းမှာ တက်ခွင့်မရခဲ့ဘဲ သူ့အနာဂတ်က မရေမရာဖြစ်နေတယ်… သူ့ကိုယ်သူသတ်သေပြီး သူ့တူဖြစ်သူကို ထားခဲ့တာက အဓိပ္ပါယ်မရှိဘူးထင်တယ်… တကယ်လို့ အာရုံစူးစိုက်မှုရရှိဖို့အတွက် သတ်သေဖို့ တစ်ယောက်ယောက်ကို ရှာချင်တယ်ဆိုရင် သက်ကြီးရွယ်အိုတွေကို ရှာသင့်တာပေါ့… သူတို့က အသက်တွေကြီးနေပြီး အိမ်မှာလည်း ဆွေမျိုးတွေမရှိတော့သလို နေရဖို့ကလည်း မကြာတော့ဘူးဆိုတော့ အဲဒါကပိုပြီးအဓိပ္ပါယ်ရှိတယ်မဟုတ်ဘူးလား?"


အသက် 35 နှစ်အရွယ် လူလတ်ပိုင်းတစ်ဦးသည် ပြုစုစောင့်ရှောက်ရန် တူဖြစ်သူရှိပါလျက် အဆောက်အဦးတစ်ခုကနေ ခုန်ချကာ သတ်သေသွားသည်။ ဤသည်မှာ အမှန်ပင် အနစ်နာခံမှုကြီးတစ်ခုဖြစ်သည်။


ကျန်းဖျင်စစ်: "ရှင်းဝမ်နဲ့ ငါက ဖြစ်နိုင်ခြေကိုပဲ အဆိုပြုတာပါ… ရှားရှားပါးပါး ဖြစ်ရပ်တစ်ခုရဲ့ ဖြစ်နိုင်ခြေက 1% ပဲရှိတယ်ဆိုရင်တောင် ဖြစ်နိုင်ခြေရှိနေတုန်းပါပဲ…"


ယွဲ့ရှင်းဝမ်က သဘောတူကြောင်း ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်… ခွဲခြမ်းစိတ်ဖြာမှုက ပိုပြည့်စုံသင့်တယ်… ကျောက်တရုန်ရဲ့ သတ်သေမှုက အဓိပ္ပါယ်မရှိပေမယ့် ဖြစ်နိုင်ခြေရှိတယ်… ဒါ့အပြင် ဒီကောက်ချက်က လက်ရှိသံသယအားလုံးကို ရှင်းပြနိုင်တယ်… လူသတ်သမားက သဲလွန်စတွေ တစ်ခုမှမကျန်ဘဲ ဖျောက်ဖျက်နိုင်လောက်အောင် အရမ်းသတိရှိပြီး မြေအောက်ကားပါကင်ကနေ ထွက်ပြေးသွားတာကလည်း ဖြစ်နိုင်ခြေရှိပါတယ်…"


သူက ခယ်ရှောင်ပင်းကိုကြည့်ပြီး ပြောလိုက်သည်။

"‘တရားမျှတမှုကိုရှာဖွေခြင်း’ဆိုတဲ့ ID နာမည်နဲ့ အကောင့်က ဘယ်ကလာတာလဲ? ရှောင်ခယ်၊ မင်းရှာနိုင်လား?"


ခယ်ရှောင်ပင်း: "Weibo မှာမှတ်ပုံတင်ခြင်းဆိုတာက အမည်ရင်းစနစ်တစ်ခုပဲ… အဲဒီလူက အချိန်အတော်ကြာအောင် စီစဉ်ထားတာကြောင့် မှတ်ပုံတင်ဖို့ သူ့ရဲ့ ID ကတ်ကို သုံးရလောက်အောင် မတုံးလောက်ဘူး… အဲဒီလူက ဒီအကောင့်ကို ဝယ်ထားတာဖြစ်နိုင်ပြီး ဒီအထဲက အထောက်အထားကို စစ်ဆေးပြီး အခြားအကောင့်တုတချို့ကို ကြည့်လိုက်မယ်…"


ခယ်ရှောင်ပင်းက သူ့လက်ပ်တော့ကိုဖွင့်ထားသည်။ ဝိုင်ဖိုင်ကိုချိတ်ထားပြီးဖြစ်ကာ ထိပ်ဆုံးမှတ်ချက်တွေအားလုံးကို သူဖွင့်ပြီး ဆောက်လုပ်ရေးဆိုက်၏ လုပ်အားခမရေးသေးတာနှင့် ပတ်သတ်သော ထိပ်ဆုံးမှတ်ချက်များထဲမှ ID များအားလုံးကို ရွေးချယ်ကာ သူတို့၏ follower များ၊ following list များ၊ နေ့စဉ် forward လုပ်ထားတာများကို ရှာဖွေကြည့်ရာ ‘Boya Studio’ဟုခေါ်သော marketing အကောင့်တစ်ခုကို follow ထားသော အကောင့်တုနှစ်ခုကို တွေ့ရှိခဲ့သည်။ 


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလေသည်။

"Water Army ဆိုတာ အကောင့်တုတွေရောင်းတဲ့ အထူးစတူဒီယိုတစ်ခုပဲ!"


ယွဲ့ရှင်းဝမ်က ချက်ချင်းပင် သူ၏လက်ပ်‌တော့ဖန်သားပြင်ကို ကြည့်လိုက်သည်။ 

"ဝယ်ယူမှုမှတ်တမ်းကို ရှာတွေ့နိုင်မလား?"


ခယ်ရှောင်ပင်း: "စတူဒီယိုက Water Army အကောင့်တွေကို ရောင်းတယ်… ဒါကြောင့် အကောင့်တွေရောင်းတဲ့ အွန်လိုင်းစတိုးတစ်ခုရှိကောင်းရှိနိုင်တယ်…"


ခယ်ရှောင်ပင်းက Water Army ကို ဝယ်ရန် ဟန်ဆောင်ကာ တစ်ဖက်လူနှင့် သီးသန့်စကားပြောဆိုခဲ့သည်။

"မင်္ဂလာပါ၊ Weibo ရဲ့ အကောင့်အနည်းငယ်ကို ဝယ်ချင်ပါတယ်… ဘယ်လိုဝယ်ရသလဲမသိဘူး?


တစ်ဖက်လူ၏စီးပွားရေးလုပ်သက်က ရင့်နေပြီး တိုက်ရိုက် လင့်တစ်ခုကို ပေးပို့ခဲ့သည်။

"မင်္ဂလာပါ၊ ကျွန်တော်တို့မှာ ပက်ကေ့ဂ်ျအမျိုးမျိုးရှိပါတယ်… တစ်ကြိမ်ကို Water Army အကောင့်တွေ ရာနဲ့ချီပြီးဝယ်ယူရင် လျှော့ဈေးတွေရှိပါတယ်… သင်ကြည့်ရှုနိုင်ပါတယ်…"


အွန်လိုင်းစတိုးသို့ လင့်ခ်တစ်ခုဖြစ်သည်။ ခယ်ရှောင်ပင်းက ကလစ်နှိပ်လိုက်သည်နှင့် ၎င်း၏အကောင့်သည် အလွန်စျေးသက်သာပြီး လက်ဆောင်ပက်ကေ့ခ်ျအမျိုးမျိုးရှိနေတာကို တွေ့လိုက်ရသည်။ မှတ်ချက်များတွင် အပြုသဘောဆောင်သောမှတ်ချက်များစွာရှိပြီး "အသုံးပြုသူသည် အချိန်မီမှတ်ချက်မပေးခဲ့ပါ" ဟူသော အမည်မသိမှတ်ချက်အချို့လည်း ရှိပါသည်။


ခယ်ရှောင်ပင်းသည် မှတ်ချက်စာရင်းကို လျင်မြန်စွာ ဖတ်ရှုကာ စက်တင်ဘာလတွင် မှတ်ချက်များကို တွေ့ရှိပြီး စူးရှသော မျက်လုံးများဖြင့် အရောင်းအ၀ယ်မှတ်တမ်းများကို ကြည့်ရှုလိုက်သည်။


—— စက်တင်ဘာလ 10 ရက်နေ့တွင် အသုံးပြုသူ (ကျောက်**)သည် ပုံမှန်အားဖြင့် ကောင်းမွန်သော သုံးသပ်ချက်တစ်ခုကို ပေးခဲ့သည်။


ဤအသုံးပြုသူသည် Weibo ရှိ “တရားမျှတမှုကိုရှာဖွေခြင်း”၏ မှတ်ပုံတင်ချိန်နှင့် တိုက်ဆိုင်စွာ ”အကောင့်အသစ်တစ်ခု” ကို ဝယ်ယူခဲ့သည်။ ထိုနေ့တွင် သူသည် Weibo သို့ ဝင်ရောက်ကာ အကောင့်နှင့် စကားဝှက်က အဆင်ပြေကြောင်း အတည်ပြုပြီးနောက် ငွေပေးချေမှု ပြုလုပ်ခဲ့ပြီး ပုံမှန်အားဖြင့် အပြုသဘောဆောင်သော သုံးသပ်ချက်ကို သူပေးပို့ခဲ့သည်။


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


အင်တာနက်ခေတ်မှာ အွန်လိုင်းတွင် တစ်ခုခုဝယ်ထားသ၍ သဲလွန်စတချို့ ကျန်နေလိမ့်မည်။ ခယ်ရှောင်ပင်းသည် သဲလွန်စနောက်ကိုလိုက်၍ အကောင့်ဝယ်သူ ကျောက်**ကို အတိအကျ တွေ့ရှိခဲ့သည်။


နာမည်နောက်မှာ စာလုံးနှစ်လုံးကို ဖျောက်လုပ်ထားပေမယ့် “ကျောက်”ဆိုသောစကားလုံးက ကျောက်ရွာကလူနဲ့ ချိတ်ဆက်ဖို့ လုံလောက်ပါသည်။ ဤအသုံးပြုသူ ကျောက်** ၏ဝယ်ယူမှုမှတ်တမ်းကို နှိပ်လိုက်သောအခါတွင် လျှော့စျေးရှိသော ခေါင်းလျှော်ရည်၊ ဆပ်ပြာနှင့် အခြားနေ့စဉ်သုံးပစ္စည်းများအပြင် ယွမ် 20 ခန့်ရှိသော စျေးပေါသော အဖြူရောင်လက်တိုအင်္ကျီတချို့ကိုလည်း ဝယ်ခဲ့တာကို တွေ့ရှိခဲ့သည်။


ယွဲ့ရှင်းဝမ်: "ဒါက ကျောက်ရွာနဲ့ တကယ်ပဲ သက်ဆိုင်နေတယ်…"


ကျန်းဖျင်စစ်: "ကျောက်ချန်၊ ကျောက်ရွှယ်မေ့၊ ကျောက်လျန်နဲ့ ကျောက်အန်းမင်တို့ရဲ့ မျိုးရိုးအမည်တွေက ကျောက်တွေချည်းပဲ… အဲဒီအထဲမှာ ကျောက်ချန်နဲ့ ကျောက်ရွှယ်မေ့တို့ကို ရဲတွေက စစ်ဆေးမေးမြန်းဖို့ ခေါ်ဆောင်သွားခဲ့တယ်… သူတို့အပြင်ထွက်လာတာကို ဆေးလိပ်သောက်နေတဲ့ လုံရွေ့က ဖမ်းမိသွားတယ်… လုံရွေ့က ဒီကိစ္စမှာ ပါဝင်ပတ်သတ်ခြင်းမရှိဘူးဆိုရင် ဒီလူနှစ်ယောက်ရဲ့ အလီဘိုင်က ယုံကြည်နိုင်လောက်ပါတယ်…"


ကျိုဖုန်းက ချက်ချင်း ပြောလာသည်။

"ငါ ဆေးလိပ်သောက်တဲ့ လုံရွေ့နဲ့ တွေ့ခဲ့တယ်… သူ့ဇာတိက မြောက်ဘက်မှာရှိတဲ့ A မြို့ကနေလာတာဖြစ်ပြီး ရထားစီးဖို့ နာရီ 20 ကျော်ကြာတယ်… သူ့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိတယ်… သူက အိမ်အသုံးစရိတ်ရဖို့ အလုပ်ထွက်လုပ်တဲ့ လျှပ်စစ်သမားဖြစ်တယ်… သေဆုံးသူ ကျောက်တရုန်အကြောင်းမေးတော့ သူနဲ့ လုံးဝမရင်းနှီးသလို စကားတောင်မပြောဖူးဘူးတဲ့…"


ယွဲ့ရှင်းဝမ်: "သူက သေဆုံးသူနဲ့ ဆက်ဆံရေးမရှိဘူး… ဒီတော့ သူက ညသန်းခေါင်မှာ အိပ်ရာက နိုးလာပြီး မနက်စောစောမှာ သူဆေးလိပ်သောက်ဖို့ အပြင်ထွက်လာခဲ့တယ်… သူဆေးလိပ်သောက်နေတဲ့အချိန် ကျောက်ရွှယ်မေ့နဲ့ ကျောက်ချန်တို့ထွက်သွားတာကို သူတွေ့လိုက်တယ်… အဲဒီအချိန်မှာပဲ ကျောက်တရုန်က သေဆုံးသွားတယ်… ဒါက တိုက်ဆိုင်လွန်းတာပဲလား?"


ကျန်းဖျင်စစ်: "ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ… ဒါပေမယ့် လုံရွေ့ရဲ့နောက်ခံနဲ့ မူလဇစ်မြစ်က ကျောက်ရွာနဲ့ ဘာမှမဆိုင်ဘူးလို့ ထင်တယ်…"


ယွဲ့ရှင်းဝမ်: "လုံရွေ့မှာ ပြဿနာမရှိဘူးဆိုရင် ကျောက်ချန်နဲ့ ကျောက်‌ရွှယ်မေ့ရဲ့ အလီဘိုင်က မှန်တယ်… အနည်းဆုံးတော့ သူတို့က ကျောက်တရုန်သေဆုံးမှုနဲ့ တိုက်ရိုက်မသက်ဆိုင်ကြောင်း ပြသနေတယ်… ကျောက်လျန်မှာလည်း ပြစ်မှုကျူးလွန်စရာရည်ရွယ်ချက်မရှိသလို ကျောက်အန်းမင်က အဲဒီနေရာမှာ နေ့တိုင်းထိုင်နေပြီး အလုပ်သမားတွေနဲ့ စကားစမြည်ပြောနေပြီးတော့ အခုအချိန်အထိ ငါတို့ရထားတဲ့ ကျောက်ရွာနဲ့ပတ်သက်တဲ့ အချက်အလက်တော်တော်များများက သူ့ဆီကနေလာတာပဲ…"


ကျန်းဖျင်စစ်က သူတို့ကို သတိပေးသည်။

"သူ့ဖုန်းမှာ Weibo ရှိပြီး Weibo ရဲ့ လုပ်ငန်းဆောင်တာ အမျိုးမျိုးကို အရမ်းရင်းနှီးတယ်… ဒါ့အပြင် ကျောက်တရုန်က ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ရောက်လာတဲ့အခါ ကျောက်အန်းမင်က ကျောက်တရုန်ကို တစ်ခန်းတည်းအတူနေဖို့ ကမ်းလှမ်းခဲ့တယ်… အဲဒါက ကျောက်တရုန်ရဲ့ အလုပ်လုပ်ချိန်၊ အနားယူချိန်နဲ့ နေထိုင်မှုအလေ့အထကို စောင့်ကြည့်ဖို့ အဆင်ပြေတယ်မလား?"


‌ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ကာ ပြောသည်။

"ကျောက်တရုန်ရဲ့ အခန်းဖော်က ကျောက်တရုန် ဘယ်နေရာမှာရှိသလဲဆိုတာကို အကောင်းဆုံးသိတဲ့သူပဲ… မနေ့က အလုပ်သမားတွေနဲ့ စကားပြောတဲ့အခါ ကျောက်အန်းမင်က သူ့မိသားစုက အကြွေးတွေ အများကြီးတင်နေပြီး ပိုက်ဆံအရေးတကြီး လိုအပ်တယ်လို့ ပြောခဲ့တယ်… သူသာ လုပ်အားခမရတော့ဘူးဆိုရင် သူ့မိသားစုက ပြဿနာတက်တော့မှာလို့ ပြောတယ်… သူက အာရုံစူးစိုက်မှုရဖို့ ကျောက်တရုန်ကိုသတ်လိုက်ရင် ဒီအခြေအနေတွေရောက်ဖို့အတွက် ပြစ်မှုကျူးလွန်ဖို့ရည်ရွယ်ချက်ရှိတယ်…" 


အခန်းဖော်က ကျောက်တရုန်၏ နေထိုင်မှုအလေ့အထကို တိကျစွာ ဆုပ်ကိုင်ထားနိုင်သည် ဥပမာအားဖြင့် သူသည် မနက် 4 နာရီတွင် စောစောထပြီး ဆောက်လုပ်ရေးဆိုက်ဆီသို့သွားရတာကို နှစ်သက်သည်။


အခန်းသည် တိတ်ဆိတ်သွားပြန်၏။


Weibo အကောင့်ကို ဝယ်ခဲ့သော ကျောက်** က ဘယ်သူလဲ?


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်း တွေ့ရှိခဲ့သော ခေါင်းလျှော်ရည်တံဆိပ်ကို ချရေးကာ ပြောသည်။

"အားလုံး အလုပ်ကြိုးစားရမယ်… ဒီခေါင်းလျှော်ရည်နဲ့ ဆပ်ပြာတံဆိပ်ကို ဘယ်သူသုံးလဲဆိုတာ သိဖို့အတွက် အလုပ်သမားတွေရဲ့ အဆောင်တွေကို သွားကြည့်ရမယ်…"


"ခေါင်းလျှော်ရည်ကုန်သွားပြီ" ဆိုသော အကြောင်းပြချက်ဖြင့် လူတိုင်းက လမ်းခွဲပြီး အဆောင်အသီးသီးတွင် သွားငှားကြသည်။


သို့ပေမယ့် ရလဒ်က အံ့သြစရာပဲဖြစ်သည်...


ဆောက်လုပ်ရေးဆိုက်ရှိ အလုပ်သမားအားလုံး၏ အဆောင်များသည် တူညီသော ခေါင်းလျှော်ရည်နှင့် ဆပ်ပြာကို အသုံးပြုကြသည်။


ကျောက်အန်းမင်က ဖော်ရွေစွာ အကြံပြုသည်။

"ဒါက ဈေးသက်သာပြီး သုံးရတာလွယ်တယ်… ဝင်ပေါက်နားက စူပါးမားကတ်မှာ ဝယ်လို့ရတယ်…"


ယွဲ့ရှင်းဝမ်က သူ၏ပြုံးနေသောအကြည့်ဖြင့်ဆုံပြီး ယဉ်ယဉ်ကျေးကျေးမေးသည်။

"အစ်ကိုကျောက် အွန်လိုင်းမှာ ဈေးဝယ်နည်းသိလား? လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော့်ဖုန်းပျက်သွားလို့… ဒါကြောင့် ကျွန်တော့်အတွက် ဈေးသက်သာတဲ့ဖုန်းဝယ်ပေးလို့ရမလား?"


ကျောက်အန်းမင်: "ကိစ္စမရှိပါဘူး! မင်းဘယ်လောက်တန်ဝယ်ချင်တာလဲ?"


ထိုသို့ပြောပြီးနောက် Taobao ဝယ်ယူမှုစာမျက်နှာကိုဖွင့်လိုက်ကာ ယွဲ့ရှင်းဝမ်က သူ၏အသုံးပြုသူအမည်ကို တစ်ချက်ကြည့်လိုက်သည်။ သို့ပေမယ့် ကျောက်** နာမည်မဟုတ်ဘဲ ကျန်းဟူပုံစံနာမည်ဖြင့် ဖုန်းမျက်နှာပြင်ပေါ်တွင် “မိုးကုတ်စက်ဝိုင်းတိုက်ပွဲဓား”နာမည်ဖြစ်သည်။ 


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"ကျွန်တော့်မှာ ပိုက်ဆံအလုံအလောက်မရှိသေးလို့ ကျွန်တော့်သူငယ်ချင်းဆီကနေ ချေးပြီးရင် အစ်ကိုကျောက်ကိုပေးမယ်…"


ကျောက်အန်းမင်: "ကောင်းပြီ!"


ယွဲ့ရှင်းဝမ်က စဉ်းစားမရဖြစ်ကာ အိပ်ဆောင်ကို ပြန်လာခဲ့သည်။


ကျောက်** က ဘယ်သူလဲ? အဲဒီလူက ဒီလောက်နက်ရှိုင်းအောင် ဖုံးကွယ်ထားနိုင်ရတာလဲ?


သဲလွန်စတချို့ကိုတွေ့တိုင်း သူတို့ဆက်လက်စုံစမ်းသောအခါတွင် သူတို့သည် နောက်ထပ် ဆက်သွားလို့မရတော့ပေ။ မူလက ကျောက်အန်းမင်သည် သံသယရှိသူအကြီးမားဆုံးဖြစ်သော်လည်း သူ၏ Taobao အကောင့်အမည်မှာ Zhao** မဟုတ်ဘဲ ခေါင်းလျှော်ရည်နှင့် ဆပ်ပြာကဲ့သို့သော သဲလွန်စများလည်း ပျက်စီးသွားခဲ့သည်။


ဤလူသည် မြူခိုးတစ်ခုကဲ့သို့ သူတို့ဘေးတွင် ရှင်းရှင်းလင်းလင်း ရှိနေသော်လည်း ၎င်းကို တိကျစွာ ဆုပ်ကိုင်နိုင်ခြင်း မရှိပေ။

...


ယွဲ့ရှင်းဝမ်သည် အတွေးအမြင်လွဲမှားခြင်းသို့ ရောက်သွားသည်ဟု ခံစားခဲ့ရပြီး ကျောက်မျိုးရိုးအမည်ရှိသော လူများစွာကြားတွင် အပြန်ပြန်အလှန်လှန် ရောထွေးနေခဲ့သည်။ လူသတ်သမားသည် ဤလူများထဲတွင် မရှိလျှင်ကော? ကျောက်** သည် အွန်လိုင်းစျေးဝယ်ရာတွင် အသုံးပြုသည့် ID ဖြစ်သည်။ ၎င်းနာမည်က ကျောက်ရွာဆိုတာကို လူတွေအား တွေးတောစေနိုင်ပေမယ့် သူ့နာမည်က ကျောက်မျိုးရိုးဖြစ်ရမည်ဟု မဆိုလိုပေ။ အွန်လိုင်းဈေးဝယ်ရန်အတွက် မည်သူမဆို မစ္စတာကျောက်၊ မစ္စကျောက်ကဲ့သို့သော အွန်လိုင်းအမည်ကို အသုံးပြုနိုင်သည်။


လူသတ်သမားက ကျောက်မျိုးရိုးမဟုတ်ရင် သူက ဘယ်သူလဲ?


ယွဲ့ရှင်းဝမ်က သူ့နားထင်ကိုပွတ်ကာ ခေါင်းပေါက်ကွဲတော့မလို ဖြစ်လာသည်။ သူ့မျက်မှောင်ကြုတ်နေတာကိုမြင်တော့ ကျန်းဖျင်စစ်က လက်ဆန့်ကာ သူ့ပခုံးကို ‌ညင်သာစွာပုတ်ပြီး တိုးတိုးလေးပြောလိုက်သည်။

"အဲဒါကို စဉ်းစားမနေနဲ့တော့… အနားယူပြီး မနက်ဖြန်မှ ပြောရအောင်…"


ယွဲ့ရှင်းဝမ်လည်း လောလောဆယ်တွင် သဲလွန်စကို ရှာမတွေ့သဖြင့် ခေါင်းငြိမ့်ကာ ပြောသည်။

"ကောင်းပြီ… ဒီနေ့ တစ်ရက်တော့ လူတိုင်း အလုပ်ရှုပ်သွားပြီဆိုတော့ အနားယူဖို့ ပြန်ရအောင်… ဒီနေ့မှ ဒုတိယနေ့ပဲရှိသေးတာဆိုတော့ နောင်ကျရင် သဲလွန်စအသစ်တွေတော့ ရှိလာလိမ့်မယ်… ငါတို့တွေ ဒီကိစ္စကို မြန်မြန်ဖြေရှင်းလို့မရဘူး…"


အားလုံးက ကိုယ့်အခန်းကို ပြန်သွားကြသည်။


အတွင်းရေးမှူးချင်သည် ယနေ့တွင် လူကိုယ်တိုင် လာရောက်စစ်ဆေးပြီးနောက် အလုပ်သမားများ၏စိတ်များက ပိုမိုတည်ငြိမ်လာကာ လူတိုင်းသည် ပြဿနာများရပ်တန့်ပြီး ညစာစားပြီးနောက် အိပ်ပျော်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး အိပ်မပျော်ပေ။ သူက ထထိုင်ကာ ပြောလိုက်သည်။

"ငါတို့ အဆောက်အဦးထဲကို သွားကြည့်ကြမလား? လူသတ်သမားက ညသန်းခေါင်မှာ လှုပ်ရှားလာရင် ငါတို့ ဖမ်းလို့ရတယ်မလား?"


ကျန်းဖျင်စစ်: "ငါတို့တွေ ညဘက်တော့ အပြင်ထွက်နိုင်မယ်မထင်ဘူး…"


ယွဲ့ရှင်းဝမ်က အိပ်ရာမှထကာ အပြင်ထွက်ရန် တံခါးကိုဖွင့်ဖို့ ကြိုးစားလိုက်သောအခါ အချက်ပေးသံကို သူကြားလိုက်ရသည်။

"စာမေးပွဲဖြေနေချိန်အတွင်း ညဘက်မှာ အိပ်ဆောင်ကနေ မထွက်ပါနဲ့…"


စာကြည့်တိုက်က သူတို့ကို လူသတ်မှုမြင်ကွင်းအား တိုက်ရိုက်မြင်ခွင့်ပြုမှာ မဟုတ်ပေ။ ပထမတစ်ညမှာ သူတို့သည် တစ်ညလုံးမအိပ်ဘဲ အဆောက်အဦးတံခါးဝ၌ စောင့်နေမယ်ဆိုလျှင် လူသတ်သမားကို တွေ့မည်မဟုတ်ပါလား။ စာကြည့်တိုက်က သူတို့ကို အိပ်ဆောင်ဧရိယာတွင် အတင်းအကြပ်ချုပ်နှောင်ထားကာ လူသတ်သမားကဘယ်သူလဲဆိုတာ ကျိုးကြောင်းဆင်ခြင်ခြင်းဖြင့်သာ ဆုံးဖြတ်ချက်ချခိုင်းသည်။


ယွဲ့ရှင်းဝမ်က ဘာမှ မတတ်နိုင်စွာ ပြောသည်။

"‌ထားလိုက်ပါတော့… မနက်ဖြန်ကျရင် သဲလွန်စအသစ်တွေ ရှိကောင်းရှိနိုင်ပါတယ်…"


ကျန်းဖျင်စစ်က နူးညံ့စွာပြောသည်။

"အင်း… အရမ်းကြီးမတွေးပါနဲ့… မင်းမှာ ဦးနှောက်ဆဲလ်တွေ အလုံအလောက်မရှိဘူး… အခု အိပ်လိုက်တော့…"


ယွဲ့ရှင်းဝမ်သည် မျက်လုံးများကိုမှိတ်ထားပြီး သူ့ကိုယ်သူ အိပ်မွေ့ချရန် ကြိုးစားကာ မသိစိတ်မှ အိပ်ပျော်သွားခဲ့သည်။


နောက်နေ့မနက်ကို အော်ဟစ်သံတွေကြောင့် နိုးလာလိမ့်မည်ဟု သူထင်ခဲ့ပေမယ့် ထိုနေ့မှာ ငြိမ်သက်နေပြီး ဘာမှဖြစ်မလာဘဲ သတင်းတစ်ခုထွက်လာသည်——


ဤသတင်းက A မြို့၏ ချန်နန်ခရိုင် မှုခင်းရဲတပ်ဖွဲ့၏ တရားဝင်ချန်နယ်များမှ ထုတ်ပြန်သော သတင်းဖြစ်သည်။


ကျောက်တရုန် သေဆုံးရခြင်းအကြောင်းရင်းကို "မတော်တဆ" ဟု သတ်မှတ်ခဲ့သည်။


ဆောက်လုပ်ရေးဆိုက်၏ ခုနစ်လွှာရှိ ကရိန်းသည် မတည်ငြိမ်သောကြောင့် နံနက်စောစောတွင် ဘိလပ်မြေအမျိုးအစားခွဲရန် ကရိန်းပေါ်၌ ရပ်နေချိန်တွင် ချည်နှောင်ထားတာ ပြေလျော့သွားပြီး မတော်တဆပြုတ်ကျသွားကာ မြေပြင်ပေါ်တွင် စုပုံထားသော စတီးပိုက်ဖြင့် သူ၏အတွင်းအင်္ဂါတွေ ထိုးဖောက်ခံရပြီး သေဆုံးသွားသည်။ 


ရဲတပ်ဖွဲ့၏မှတ်တမ်းကြောင့် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


မတော်တဆပြုတ်ကျတာလား?


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ

"အမှုကို အမြန်ပိတ်လိုက်တာပဲ… မတော်တဆပြုတ်ကျတာလို့ မင်းယုံလား?"


ကျန်းဖျင်စစ်က ခေါင်းခါသည်။

"ဒါက မတော်တဆမှုမဟုတ်ဘူး… ဒါပေမယ့် ရဲတွေက အခင်းဖြစ်ပွားရာနေရာမှာ သဲလွန်စတွေ ရှာမတွေ့ခဲ့ဘူးဆိုရင် တတိယလူကို စောင့်ကြည့်ရေးကင်မရာကနေ မဖမ်းမိထားဘူးဆိုရင်တော့ ဒါဟာ လူသတ်မှုအဖြစ် သတ်မှတ်လို့မရဘူး… Weibo ရဲ့ hot search က တိုက်ဆိုက်လွန်းတာကြောင့် ကျောက်တရုန်က ကိုယ့်ကိုယ်ကို‌သတ်သေတာလို့ပဲ အလားအလာပိုများနေတာလား?"


မနေ့က သူတို့ ကျိုးကြောင်းဆင်ခြင်သောအခါ ကျောက်တရုန်၏သတ်သေမှုက ဖြစ်နိုင်ခြေကို ဆွဲထုတ်ခဲ့သည်။ ယခုဖြစ်ရပ်သည် မတော်တဆမှုတစ်ခုကြောင်း ရဲများက ဆုံးဖြတ်ခဲ့ပြီး လူသတ်သမားကို လုံးဝဖော်ပြခြင်းမရှိပေ။ ဤနည်းဖြင့် ကျောက်တရုန်၏သတ်သေမှု ဖြစ်နိုင်ခြေက ချက်ချင်းတိုးလာသည်။


သို့သော် သူသည် အသက် 35 နှစ်သာရှိသေးပြီး မီဒီယာများ၏ အာရုံစိုက်မှုကို ဆွဲဆောင်ရန် မိမိကိုယ်ကို သတ်သေဖို့ အလွန်အမင်း အားကိုးခဲ့တာလား။


ယွဲ့ရှင်းဝမ်: "သူကသတ်သေတာဆိုရင် သူ့ရည်ရွယ်ချက်က အလုပ်သမားတွေရဲ့ လုပ်အားခရဖို့အတွက် ကူညီပေးတယ်ဆိုတာထက် ဒီထက်ပိုလေးနက်တဲ့ အကြောင်းရင်းရှိရမယ်… ငါတို့တွေ မရှာဖွေ‌ရသေးတဲ့ နက်နဲတဲ့အရာတွေရှိနေတယ်လို့ ငါထင်တယ်…"


ကျန်းဖျင်စစ်က ထောက်ခံသည်။

"ဥပမာအားဖြင့် သူ့အစ်ကိုနဲ့ မရီးဖြစ်သူ သေဆုံးရတဲ့ အကြောင်းရင်းလား?"


ကျောက်တရုန်က ယာယီအလုပ်သမားတစ်ဦးဖြစ်သောကြောင့် ဆောက်လုပ်ရေးအဖွဲ့က သူ့အတွက် စီးပွားဖြစ်မတော်တဆမှုအာမခံကို မဝယ်ယူခဲ့ပေ။ ဆောက်လုပ်ရေးဆိုက်အောက်မှာ စုပုံထားသော စတီးပိုက်တွေနဲ့ ကရိန်းချောင်နေတာတွေက ကျောက်တရုန်သေဆုံးရခြင်း၏ အကြောင်းရင်းတွေဖြစ်သည်။ ဆောက်လုပ်ရေးအဖွဲ့သည် စီမံခန့်ခွဲမှုမှားယွင်းပြီး တာဝန်အပြည့်ရှိသည်။ ကျောက်တရုန်၏မိသားစုဝင် ကျောက်လျန်အား လျော်ကြေးငွေ အတိအကျပေးလျော်ရန် လိုအပ်ပါသည်။


ကျောက်တရုန်က ယာယီအလုပ်သမားဖြစ်ပြီး ဆောက်လုပ်ရေးအဖွဲ့နှင့် တရားဝင်စာချုပ် ချုပ်ဆိုထားခြင်းမရှိသေးပေ။ ဆောက်လုပ်ရေးအဖွဲ့က ကတိဖျက်ပြီး လျော်ကြေးငွေမပေးပါက ဒီကိစ္စဟာ ကြီးမားသည့်ပြဿနာဖြစ်လာပြီး မီဒီယာတွေ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။ ကိစ္စများကို ငြိမ်သက်စေရန် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ ကျန်မျိုးရိုးအမည်ရှိသူ ဆောက်လုပ်ရေးဆိုက်သို့ ကိုယ်တိုင်ကိုယ်ကျ မနက်စောစောရောက်လာပြီး ကျောက်လျန်ကို တောင်းပန်ကာ သူ့ဦးလေး၏အလောင်းကို ကောင်းမွန်စွာမြုပ်နှံပြီး လျော်ကြေးငွေပေးမည်ဟု ကတိပြုခဲ့သည်။


ကျောက်လျန်က စိတ်ပျက်လက်ပျက်ဖြင့် ညွှန်ကြားရေးမှူးကျန်၏ အစီအစဉ်ကို လက်ခံလိုက်သည်။


ဒုတိယသတင်းကောင်းကိုလည်း ညွှန်ကြားရေးမှူးကျန်က ယူဆောင်လာခဲ့သည်။ နောက်ဆုံးအကြိမ်တုန်းက သူသည် လူတိုင်းကို စိတ်ကျေနပ်စေရန် ပြောခဲ့သော်လည်း အလုပ်သမားများ၏ ဆူပူကြိမ်းမောင်းမှုကို ခံခဲ့ရသည်။ ဒီတစ်ခါမှာတော့ သူက အင်အားအပြည့်ဖြင့် အသံချဲ့စက်ကို ကောင်ကိုင်ကာ ပြောခဲ့သည်။

"ငါတို့ဆောက်လုပ်ရေးအဖွဲ့ရဲ့ လုပ်အားခမရသေးတဲ့ကိစ္စက ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ဖမ်းစားလိုက်ပါတယ်… သယ်ရှင်း group ရဲ့ ဥက္ကဋ္ဌကျန်းက လေယာဉ်နဲ့လာနေပြီး မင်းတို့ကို ကိုယ်တိုင်ကိုယ်ကျစကားပြောဖို့ ဒီနေ့နေ့လယ်မှာ ရောက်လာပါမယ်… စိတ်ချပါ၊ ဒီတစ်‌ခါတော့ လူတိုင်းကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးမှာပါ…"


developer သူဌေးဖြစ်သူ လာမယ်ဆိုတာကြားတော့ ဆောက်လုပ်ရေးဆိုက်ရှိ အလုပ်သမားအားလုံးက ရွှင်မြူးမှုအပြည့်နဲ့ ဝမ်းသာသွားကြသည်။ မီဒီယာတွေ၏ စွမ်းအားက တကယ်ကို အားကောင်းပါသည်။ ယခင်က အနှောင့်အယှက်တွေ အများအပြားရှိပေမယ့် ဒီလောက်အားမကောင်းပေ။


မျှော်လင့်ထားသည့်အတိုင်း နေ့လယ် 2 နာရီတွင် ဆောက်လုပ်ရေးဆိုက်အပြင်ဘက်သို့ ကားအမြောက်အမြား ရောက်လာပြီး suit ဝတ်ထားသော သူဌေးတစ်ဦးသည် ဆောက်လုပ်ရေးဆိုက်ထဲသို့ အမြန်ရောက်လာခဲ့သည်။


ယွဲ့ရှင်းဝမ်သည် ကျောက်ရွာအနီးရှိ ချင်းရွှိန်ပင်လယ်အော်ပရောဂျက်အပါအဝင် အိမ်ခြံမြေပရောဂျက်များစွာကို တီထွင်ခဲ့သော နာမည်ကြီးပြည်တွင်းစွန့်ဦးတီထွင်သူ ကျန်းသယ်ရှင်းဖြစ်သူကို တစ်ချက်ကြည့်လိုက်မိသည်။


ကျောက်တရုန်၏အစ်ကိုဖြစ်သူတို့ သေဆုံးမှုမှာ ထူးဆန်းလွန်းတာကြောင့် ယွဲ့ရှင်းဝမ်က သယ်ရှင်း group နှင့် ပတ်သက်သော သံသယများက ဘယ်သောအခါမှ လျော့ပါးသွားခြင်းမရှိပေ။ ပထမကတော့ ကျောက်တရုန်သည် သယ်ရှင်း group ၏ အတွင်းပိုင်းဇာတ်လမ်းကိုသိပြီး သယ်ရှင်း group ၏ သူဌေးဖြစ်သူ၏ နှုတ်ပိတ်ခံရခြင်း ရှိ၊ မရှိကို စဉ်းစားခဲ့သည်။ မျက်နှာပေါ်တွင် အလွန်ဖော်ရွေသောအပြုံးရှိသည့် အသက် 40 အရွယ် စွန့်ဦးတီထွင်သူ ဥက္ကဋ္ဌကျန်းကို အကြိမ်အနည်းငယ်မျှ ကြည့်နေခဲ့သည်။ 


ဆောက်လုပ်ရေးဆိုက်သို့ သူရောက်ပြီးနောက်တွင် ကျောက်လျန်၏ သေဆုံးသွားသောမိသားစုဝင်ကို ဦးစွာ ဂရုစိုက်ခဲ့ပြီး အလုပ်သမားများကို စိတ်ရှည်စွာ ရှင်းပြခဲ့သည်။

"အရင်က B မြို့မှာရှိတဲ့ ငါတို့ရဲ့ သယ်ရှင်း group က ရေးဆွဲခဲ့တဲ့ ပရောဂျက်ရဲ့ ခွင့်ပြုချက်နဲ့ ပြဿနာရှိခဲ့ပါတယ်… ဘဏ်ချေးငွေကို အတည်မပြုရသေးတာကြောင့် လအနည်းငယ်နောက်ကျပြီးမှ ချေးငွေရတာဖြစ်ပါတယ်… ငါတို့ ဘဏ်နဲ့ မကြာသေးမီက ညှိနှိုင်းခဲ့ပြီး အခုလကုန်မှာ လူတိုင်းလုပ်အားခရဲ့ ပထမတစ်ဝက်ကို ကျိန်းသေပေါက်ပေးချေပြီး အတိုးအရ လျော်ကြေးငွေ အတိအကျပေးပါ့မယ်…"


လျော်ကြေးငွေပေးဆောင်မည်ကို ကြားတော့ ကျောက်အန်းမင်က ချက်ချင်း ကျယ်လောင်စွာပြောသည်။

"လျော်ကြေးငွေက ဘယ်လောက်ပေးမှာလဲ? ကျုပ်တို့ကို မကစားနဲ့နော်! စာနဲ့ ထုတ်ပြန်ချက်စာတစ်စောင်ထုတ်ပြန်ပြီး လက်မှတ်ရေးထိုးပြီးတော့ တံဆိပ်တုံးထုရမယ်! ကျုပ်တို့ကို လုပ်အားခထပ်မပေးရင် ခင်ဗျားကိုတရားစွဲပြီး တရားရုံးပို့မယ်!"


ဥက္ကဋ္ဌကျန်း၏မျက်နှာက တင်းမာလာပြီး သူကပြောသည်။

"ဒီတစ်ခါတော့ လူတိုင်းကို လိမ်ညာမှာမဟုတ်ပါဘူး… ငါတို့က စာရေးသားထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်မှာဖြစ်ပြီး တစ်လကို အတိုး 5% နဲ့ တွက်ချက်ပေးမှာပါ! နှစ်ဝက်ဆိုတော့ လူတစ်ယောက်စီကို ‌ယွမ် 1,000 လျော်ကြေးငွေရပါ့မယ်!"


ယွမ် 1,000 ပိုပေးမယ်လို့ကြားတော့ လူတိုင်းက အလွန်ပျော်သွားသည်။


သူ့ဘေးနားရှိ အတွင်းရေးမှူးက အသံချဲ့စက်ကိုယူကာ ပြောလိုက်သည်။

"အားလုံးပဲ၊ အလုပ်သမားတွေရဲ့ ကိုယ်စားလှယ်အနည်းငယ်ကို မင်းတို့ရွေးချယ်နိုင်ပြီး သဘောတူညီချက်စာချုပ်ချုပ်ဖို့ ငါတို့ရဲ့ဥက္ကဋ္ဌကျန်းနဲ့ ရုံးခန်းဆီလိုက်သွားလို့ရပါတယ်… ငါတို့ရဲ့ သယ်ရှင်း group က ငါတို့ရဲ့ကတိကို ဖြည့်ဆည်းပေးပါလိမ့်မယ်…"


အလုပ်သမားတွေအများကြီးက စကားပြောကြပြီး မကြာခင်မှာ ကိုယ်စားလှယ် အများအပြား ရွေးချယ်လိုက်သည်။ ယွဲ့ရှင်းဝမ်လည်း သဘောတူညီချက်စာချုပ်ချုပ်ရန် ရုံးခန်းထဲသို့ လိုက်လာသည်။


 ဥက္ကဋ္ဌကျန်းသည် အမှန်တကယ် လိမ္မာပါးနပ်ပြီး အလုပ်သမားများ၏ စိတ်ခံစားမှုကို သက်သာစေရန် အကြောင်းပြချက်များစွာပေးခဲ့သည်။ သူက အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ ကြင်နာတတ်ပြီး အလုပ်သမားတွေက သူ့ကို ဒေါသထွက်စေရန် မလွယ်ကူပေ။ အဆုံးတွင် နှစ်ဖက်သဘောတူစာချုပ်ကို ငြိမ်းချမ်းစွာ လက်မှတ်ရေးထိုးခဲ့သည်။


ဤ "ထုတ်ပြန်ချက်" ကဲ့သို့သော သဘောတူညီချက်သည် တရား၀င်အကျိုးသက်ရောက်မှုရှိသည်၊ မရှိသည်ကို ဆွေးနွေးခြင်းမရှိဘဲ လျင်မြန်စွာပြီးဆုံးသွားတာကြောင့် တစ်စုံတစ်ရာ မှားယွင်းနေတာကို ယွဲ့ရှင်းဝမ် အမြဲခံစားခဲ့ရသည်။


ဥက္ကဋ္ဌကျန်း ထွက်ခွာသွားပြီးနောက် ယွဲ့ရှင်းဝမ်၏ စိတ်မသက်သာဖြစ်မှုများက ပိုမိုအားကောင်းလာသည်။


ဒီကိစ္စတွေက ဒီလောက်လွယ်လွယ်နဲ့ ပြေလည်သွားတာလား?


ကျောက်တရုန်က မတော်တဆ ပြုတ်ကျပြီး ကျောက်လျန်က လျော်ကြေးငွေရပြီး သယ်ရှင်း group ၏ သူဌေးဖြစ်သူက ကျန်းသယ်ရှင်းက အလုပ်သမားတွေကို လကုန်မှာ လစာတွေပေးပြီး လျော်ကြေးငွေတချို့ပေးမည်ဟု ကတိပေးခဲ့သည်။


Weibo တွင် hot search ဖြစ်သွားခြင်း၏ ရည်ရွယ်ချက်က အောင်မြင်ခဲ့ပြီး ကျောက်တရုန်သည် အချည်းနှီးမသေဆုံးခဲ့ဘဲ အလုပ်သမားများက အပိုလျော်ကြေးငွေများပင် ရခဲ့သည်။


သို့သော် ဤအရာအားလုံးကို လူတစ်ဦး၏အနစ်နာခံမှုဖြင့် လဲလှယ်ရန် မထိုက်တန်ကြောင်း သူအမြဲတမ်း ခံစားရသည်။


ယွဲ့ရှင်းဝမ်က အိပ်ဆောင်သို့ပြန်လာပြီးနောက် ခယ်ရှောင်ပင်းတွေ့ရှိခဲ့သော သယ်ရှင်း group နှင့်ပတ်သက်သည့်အချက်အလက်များကို စတင်ခွဲခြမ်းစိတ်ဖြာခဲ့သည်။ ကံမကောင်းစွာဖြင့် ချင်းရွှိန်ပင်လယ်အော်ပရောဂျက်နှင့်ပတ်သက်သော အစီရင်ခံစာများ အလွန်နည်းပါးပါသည်။


အချိန်က လျင်မြန်စွာကုန်ဆုံးသွားကာ စုံစမ်းမှုက ကပ်ဆိုးတစ်ခုထဲသို့ နစ်မြှုပ်နေသကဲ့သို့ပင်…


သုံးရက်မြောက်နေ့ နေ့လယ် နှစ်နာရီတွင် ရဲများသည် ဆောက်လုပ်ရေးဆိုက်သို့ ရုတ်တရက်ရောက်လာပြီး ကျန်းသယ်ရှင်းနှင့် အဆက်အသွယ်ရှိသူများကို အလေးအနက် မေးမြန်းခဲ့သည်။


မနေ့က အလုပ်သမားတွေကို ပြုံးပြပြီး သဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော ဥက္ကဋ္ဌကျန်းက တကယ်ပဲ ပျောက်သွားခဲ့သည်။


#TK