Chapter 70
Viewers 4k

Volume 4 : ဗိသုကာဌာန


Chapter 70 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၁၀)


ယွဲ့ရှင်းဝမ်က ဥက္ကဋ္ဌကျန်း၏ ကိုယ်ရေးကိုယ်တာ လက်ထောက် နှင့် ရဲများ အကြား စကားပြောဆိုမှုကို ကြားခဲ့ရသည်။ မနေ့က ဆောက်လုပ်ရေးဆိုက်မှာ အလုပ်သမားကိုယ်စားလှယ်တွေနဲ့ သဘောတူညီချက်စာချုပ်ကို ဥက္ကဋ္ဌကျန်းက လက်မှတ်ရေးထိုးပြီးနောက် ယာဉ်မောင်းက သူတို့နှစ်ယောက်ကို ပြန်ပို့ဖို့ လမ်းမှာ ဥက္ကဋ္ဌကျန်းက ရုတ်တရက် “ဖြေရှင်းရမယ့် ကိုယ်ရေးကိုယ်တာကိစ္စပေါ်လာလို့”ဟု ပြောလာပြီး လမ်းတစ်ဝက်ကနေ ကားပေါ်မှဆင်းကာ ညနက်သည်အထိ ဟိုတယ်ကိုပြန်မလာခဲ့ပေ။


ဥက္ကဋ္ဌကျန်းက အလုပ်ကိစ္စနဲ့ ခရီးထွက်သောအခါ ကလပ်တော်တော်များများကို ပျော်ပါးရန် သွားလေ့ရှိပြီး တစ်ညလုံး ကစားတာများသည်။ လက်ထောက်ဖြစ်သူက အပြင်ထွက်ပြီး ကစားနေတာလို့ တွေးခဲ့ကာ သည်မနက်တွင် ဥက္ကဋ္ဌကျန်း၏ဇနီးဖြစ်သူ ဖုန်းခေါ်လာပြီး ဥက္ကဋ္ဌကျန်း၏ဖုန်းက ခေါ်လို့မရဘူးလို့ ပြောလာသည်အထိ သူဂရုမစိုက်မိခဲ့ပေ။


လက်ထောက်က တစ်ခုခုမှားနေပြီဆိုတာကို သတိထားမိသွားပြီး သူ့ဖုန်းကို ခေါ်လိုက်ပေမယ့် စက်ပိတ်ထားခဲ့သည်။


ဥက္ကဋ္ဌကျန်းက အပြက်ထွက်ကစားလျှင်တောင် ဖုန်းကို ဘယ်တော့မှ မပိတ်ထားပေ။ သည်အရာများက အနည်းငယ် ထူးဆန်းနေပြီး လက်ထောက်သည် A မြို့ရှိ ဥက္ကဋ္ဌကျန်း၏ သူငယ်ချင်းအများအပြားကို အလျင်စလို ဖုန်းခေါ်ဆိုခဲ့သည်။ မနေ့က ဥက္ကဋ္ဌကျန်းကို သူတို့မဆက်သွယ်ခဲ့ဘူးလို့ သူငယ်ချင်းတွေက ပြောကြသည်။ လက်ထောက်က မနေနိုင်တော့ဘဲ ရဲကို ဖုန်းခေါ်ရတော့သည်။


မကြာသေးမီက အင်တာနက်ပေါ်ရှိ လူအများအပြားသည် သယ်ရှင်း group ဆဲဆိုကြသည်။ ထို့အပြင် ဆောက်လုပ်ရေးဆိုက်အတွင်း မတော်တဆ ပြုတ်ကျသည့် ဖြစ်ရပ်ကလည်း hot search ဖြစ်နေကြောင်း သိရသည်။ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုမှာ ချက်ချင်းဝင်ရောက်ပြီး ဆောက်လုပ်ရေးဆိုက်ကို လာရောက်မေးမြန်းခဲ့သည်။


ယွဲ့ရှင်းဝမ်ကိုပင်လျှင် သူတို့က မေးမြန်းခဲ့သည်။

"မင်း မနေ့က ကျန်းသယ်ရှင်းကို တွေ့ခဲ့လား?"


ယွဲ့ရှင်းဝမ်: "ကျွန်တော် သူ့ကို တွေ့ခဲ့တယ်…"


ရဲ: "သူက ဆောက်လုပ်ရေးဆိုက်ကနေ ထွက်သွားတာကို မင်းမျက်စိနဲ့မြင်ခဲ့လား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ဥက္ကဋ္ဌကျန်းက ကျွန်တော်တို့နဲ့ သဘောတူညီချက်စာချုပ်မှာ လက်မှတ်ရေးထိုးပြီးတော့ သူက ဝင်ပေါက်နားက အနက်ရောင် Audi ကားဆီ သွားခဲ့ပြီး ကားက ဆောက်လုပ်ရေးဆိုက်ထဲကနေ မောင်းထွက်သွားတာကို အားလုံးမြင်ခဲ့တယ်…"


ယွဲ့ရှင်းဝမ်က အမှန်အတိုင်းပြောတာဖြစ်ပြီး ဥက္ကဋ္ဌကျန်းသည် မနေ့မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဆိုက်မှ ထွက်သွားတာကို တွေ့လိုက်ရသည်။ ရဲတွေက အခြားလူတွေကို မေးတော့ အလုပ်သမားတွေအားလုံးက တူညီသောအဖြေကိုပေးကြသည်။ ဥက္ကဋ္ဌကျန်းသည် သဘောတူညီချက်စာချုပ်တွင် လက်မှတ်ရေးထိုးပြီး ထွက်သွားပြီးနောက် မည်သည့်အခါမျှ ပြန်မလာခဲ့ပေ။


ကျောက်အန်းမင်က ကျယ်လောင်စွာ ပြောသည်။

"ဥက္ကဋ္ဌကျန်းပျောက်ဆုံးမှုက ကျွန်တော်တို့နဲ့ ဘာမှမသက်ဆိုင်ဘူးဆိုတာ သေချာပါတယ်! မနေ့က ကျွန်တော်တို့ သူနဲ့ ညှိနှိုင်းရာမှာ ကောင်းကောင်းမွန်မွန်ညှိနှိုင်းခဲ့တာ… နောက်ဆုံးမှာ သူက လူတိုင်းကို ဒီလကုန်မှာ လစာပေးမယ်လို့ ကတိပြုခဲ့တယ်… ကျွန်တော်တို့ ကိုယ်စားလှယ်တော်တော်များများက သဘောတူညီချက်စာချုပ်မှာ လက်ဗွေရာနှိပ်ထားပါတယ်!"


တစ်စုံတစ်ယောက်က ချက်ချင်းပင် သံယောင်လိုက်သည်။

"ဟုတ်တယ်… သူက ရုတ်တရက်ကြီး ဘယ်လိုလုပ်ပျောက်သွားရတာလဲ?"


အခြားသူများကလည်း ဒေါသထွက်ကြသည်။

"ဒီခွေးမသားက ပိုက်ဆံမပေးချင်လို့ ထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား?!"


"ရဲအရာရှိ၊ သူထွက်ပြေးသွားတာ ဟုတ်၊မဟုတ် စုံစမ်းစစ်ဆေးပေးပါ… ကျုပ်တို့ လုပ်အားခတွေကို အလဟဿဖြစ်အောင် မလုပ်ပါနဲ့!"


မနေ့က သဘောတူညီချက်စာချုပ်ကို ရေးဆွဲထားသော တာဝန်ခံ ဥက္ကဋ္ဌကျန်း၏ လက်ထောက်ကို အလုပ်သမားတစ်စုက ဝိုင်းထားကြသည်။

"မင်းရဲ့ဥက္ကဋ္ဌကျန်းက တကယ်ထွက်ပြေးသွားတာတော့ မဟုတ်ဘူးမလား?"


"အားလုံးက ပိုက်ဆံရဦးမှာလား? သူ ထွက်ပြေးသွားရင် လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်စာချုပ်က အကျုံးဝင်ဦးမှာလား?"


လက်ထောက်က တုန်လှုပ်သွားပြီး အလျင်အမြန်ပြောလေသည်။

"စိတ်မပူပါနဲ့… မနေ့က သဘောတူညီချက်စာချုပ်ကို သယ်ရှင်း group ရဲ့ တရားဝင်တံဆိပ်နဲ့ ဥက္ကဋ္ဌကျန်းရဲ့ လက်မှတ်နဲ့ ရေးထိုးထားတာကြောင့် ဥပဒေအရ အကျုံးဝင်ပါတယ်… ဥက္ကဋ္ဌကျန်းက ဘဏ္ဍာရေးဘက်ကို ပြောထားပြီးသားဖြစ်တာကြောင့် အားလုံးရဲ့လုပ်အားခတွေကို ဒီလ သေချာပေါက် ပေးမှာပါ…"


ထိုမှသာ အလုပ်သမားတွေက သူ့ကို လွှတ်ပေးလိုက်သည်။

လက်ထောက်သည် လူအုပ်ထဲမှ ရုန်းကန်ရင်း ဝမ်းနည်းနေသော မျက်နှာဖြင့် 

"ရဲအရာရှိ၊ ဥက္ကဋ္ဌကျန်းကို အမြန်ဆုံးရှာပေးပါ… မစ္စကျန်းက ဒီနေ့နေ့လယ်မှာ B မြို့ကနေလာဖို့ လေယာဉ်လက်မှတ်ကို ကြိုတင်မှာထားပြီးသားပါ… ဥက္ကဋ္ဌကျန်းကို ကျွန်တော် သေချာမကြည့်ထားမိတာကြောင့် သူမကတော့ ကျွန်တော့်ကို တစ်စစီလုပ်တော့မယ်!"


ဆောက်လုပ်ရေးဆိုက်တွင် သူတို့၏ စုံစမ်းစစ်ဆေးမှုများ အရာမထင်တာကြောင့် ရဲအရာရှိအများအပြားက လှည့်ထွက်သွားကြသည်။


လမ်းလျှောက်ရင်း သူတို့က အသံတိုးတိုးလေးဖြင့် ပြောကြသည်။


ခယ်ရှောင်ပင်းနှင့် ကျန်းရှောင်နျန်တို့သည် အလွန်ပါးနပ်ကြပြီး ခိုးနားထောင်ရန် ဆောက်လုပ်ရေးဆိုက်၏ ထောင့်တွင် ပုန်းနေခဲ့ကြသည်။ ရဲတွေ အဝေးကိုရောက်သွားပြီးနောက် ယွဲ့ရှင်းဝမ်ဆီကို ပြန်သွားပြီး သူတို့ကြားခဲ့တာတွေကို ပြောပြသည်။

"ကျန်းသယ်ရှင်းက ကျောက်တရုန်သေတဲ့မနက်မှာ A မြို့ကနေ M မြို့ကိုသွားဖို့အတွက် လက်မှတ်ဝယ်ထားတာကို အင်တာနက်ပေါ်မှာ အချက်အလက်တွေ တွေ့ခဲ့တယ်လို့ ရဲအရာရှိတစ်ယောက်က ပြောတယ်…"


ကျန်းရှောင်နျန်က ဆက်ပြောသည်။

"ရဲတွေက သယ်ရှင်း group နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေပြီလို့ သံသယရှိနေတယ်… ကျန်းသယ်ရှင်းက ပိုက်ဆံတွေနဲ့အတူ ထွက်ပြေးသွားဖွယ်ရှိတယ်… သူရဲ့လုပ်ဖော်ကိုင်ဖက်တွေကို စီးပွားရေးပြစ်မှုစုံစမ်းစစ်ဆေးရေးကနေ ဖုန်းဆက်ထားပြီး သယ်ရှင်း group ရဲ့ ဘဏ္ဍာရေးပြဿနာတွေကို စုံစမ်းစစ်ဆေးလို့ရပြီ…"


ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့၏ မျက်လုံးတွေထဲတွင် ရှုပ်ထွေးသောအရိပ်အယောင်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။


လျှိုကျောက်ချင်းက မနေနိုင်ဘဲ ဆဲလေသည်။

"ဒီခွေးမသားက ပိုက်ဆံနဲ့ တကယ်ပဲ ထွက်ပြေးသွားတာလား? သူပျောက်သွားတာမဟုတ်ဘဲ နိုင်ငံခြားကို တိတ်တဆိတ်ထွက်သွားတာလား? သူက အခု လေယာဉ်ပေါ်မှာရှိနေတာကြောင့် ဖုန်းကိုပိတ်ထားတာလား?"


ယွဲ့ရှင်းဝမ်က မေးစေ့ကိုပွတ်ကာ ခွဲခြမ်းစိတ်ဖြာသည်။

"တကယ်လို့ သူ နိုင်ငံခြားကို ထွက်သွားတာဆိုရင် သယ်ရှင်း group မှာ ကြီးမားတဲ့ ငွေကြေးပြဿနာရှိမှာဖြစ်ပြီး ကျန်းသယ်ရှင်းက လူသတ်မှုကျူးလွန်ထားတာ ဖြစ်နိုင်တယ်—— ကျောက်တရုန်ရဲ့အစ်ကိုနဲ့မရီးတို့ သေဆုံးမှုက သူနဲ့ဆက်စပ်နေနိုင်ပြီး ကျောက်တရုန်က အမှန်တရားကို သိသွားတော့ ဆောက်လုပ်ရေးဆိုက်မှာပဲ သူ့ကို နှုတ်ပိတ်လိုက်တယ်… အခု ဒီကိစ္စကပေါ်လာမှာကို သူကြောက်တာကြောင့် ပိုက်ဆံထုတ်နဲ့ ထွက်ပြေးသွားတာလား?"


လင်းမန့်လော်: ကျောက်တရုန် မတော်တဆဖြစ်တဲ့နေ့မှာပဲ သူက နိုင်ငံခြားကိုသွားဖို့ လေယာဉ်လက်မှတ် ဝယ်ခဲ့တာဆိုတော့ သူ့ကိုယ်သူ လိပ်ပြာမလုံနေသလိုပဲ…"


ချင်မြောင်က တည်ငြိမ်စွာ ပြောသည်။

"ဒါပေမယ့် ဥက္ကဋ္ဌကျန်းက အမြဲတမ်း နောက်ကွယ်ကနေ ထိန်းချုပ်သူဆိုရင် Weibo က hot search ကို ဘယ်လိုရှင်းပြမလဲ? သယ်ရှင်း group ရဲ့ လုပ်အားခမပေးရသေးတဲ့အကြောင်းကို ဖော်ထုတ်ဖို့ ပြီးခဲ့တဲ့လကမှ လူတစ်ယောက်က Weibo မှာ အကောင့်မှတ်ပုံတင်ခဲ့တာလေ… ကျောက်တရုန်သေဆုံးသွားပြီးတော့ အဲဒီလူက ဒီဓာတ်ပုံကို ချက်ချင်းတင်ပြီး မီဒီယာတွေဆီ ဖြန့်လိုက်တယ်… သူက ကျောက်တရုန်ကို နှုတ်ပိတ်ပြီး သယ်ရှင်း group ကို ဖော်ထုတ်တယ်ဆိုတာ ဥက္ကဋ္ဌကျန်းကို ကူညီရာမရောက်ဘူးလေ ဟုတ်တယ်မလား?"


ယွဲ့ရှင်းဝမ်က ယုတ္တိရှိရှိ ဂရုတစိုက် ဆင်ခြင်သုံးသပ်သည်——

ကျန်းသယ်ရှင်းသည် ကျောက်ရွာမှာရှိသော ချင်းရွှိန်ပင်လယ်အော်ပရောဂျက်မှာ ရင်းနှီးမြှုပ်နှံတုန်းက ကျောက်တရုန်၏ အစ်ကိုနဲ့ မရီးတို့ကို သတ်ပစ်ခဲ့သည်။ ဥက္ကဋ္ဌကျန်းသည် ဆောက်လုပ်ရေးဆိုက်သို့ ရောက်ရှိလာပြီး မြို့နယ်ခေါင်းဆောင်များကို ပြသရန် အလုပ်သမားများနှင့် သဘောတူညီချက်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သည်။ တကယ့်ရည်ရွယ်ချက်ကတော့ ပိုက်ဆံထုပ်နဲ့တူ A မြို့ကနေ ထွက်ခွာဖို့ပဲဖြစ်သည်။


ဤဖြစ်စဉ်က ကျိုးကြောင်းဆီလျော်ပုံပေါ်သော်လည်း ချင်မြောင်မေးသော hot search မေးခွန်းကိုမူ ရှင်းပြ၍မရချေ။


ကျောက်တရုန်၏ ကြေကွဲဖွယ်သေဆုံးမှုဓာတ်ပုံကို Weibo တွင် ဖြန့်လိုက်ပြီး အလုပ်သမားများအတွက် လုပ်အားခများရရှိရန် “တရားမျှတမှုကိုရှာဖွေခြင်း” ID နာမည်ဖြင့်လူသည် အများသူငါအမြင်များ လွှမ်းမိုးမှုနဲ့ အလွန်ရင်းနှီးသည်။ ထို့အပြင် ဤလူက စက်တင်ဘာလတွင် အကောင့်တစ်ခုကို ဝယ်ယူခဲ့သည်။ ကျောက်တရုန် သေဆုံးပြီးနောက် တတ်နိုင်သမျှ ဓာတ်ပုံများကို အရင်ဆုံးတင်ခဲ့တာကြောင့် ဒါက တိုက်ဆိုင်မှုမဟုတ်ဘဲ စောစီးစွာ ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။


ဒီလူက ကျောက်တရုန်ကို နှုတ်ပိတ်ရန် ဥက္ကဋ္ဌကျန်း စေလွှတ်လိုက်သော လူသတ်သမားမဖြစ်နိုင်ပေ။


သူက သည်ကိစ္စကို အကြီးအကျယ်လုပ်ခဲ့ပြီး သယ်ရှင်း group ၏ ဂုဏ်သိက္ခာကိုတောင် ထိခိုက်ခဲ့သည်။


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ

"လူနှစ်ယောက်များလား? ကျောက်တရုန်ကို နှုတ်ပိတ်ဖို့ ဥက္ကဋ္ဌကျန်းက လွှတ်လိုက်တဲ့သူက တစ်ယောက်၊ လုပ်အားခမရသေးတာကို ဖော်ထုတ်ဖို့လုပ်နေတဲ့သူက ဆောက်လုပ်ရေးဆိုက်မှာ ပုန်းနေတဲ့ အလုပ်သမားက တစ်ယောက်လား?"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ လေးနက်သောအကြည့်ဖြင့် ပြောသည်။

"လူနှစ်ယောက်ရှိတယ်ဆိုတာက လက်ရှိအဖြစ်အပျက်အတွေကို ယုတ္တိရှိရှိ ရှင်းပြနိုင်ပေမယ့် သံသယတွေရှိနေတုန်းပဲ… ဒီအဖြစ်အပျက်တွေကို ဖော်ထုတ်ခဲ့တဲ့သူက ကျောက်တရုန်က နောက်တစ်လနေရင် သေတော့မယ်ဆိုတာကို ခန့်မှန်းခဲ့တဲ့သူမလား?"


လူတိုင်း: "..."


ဒါက တကယ့်ကို တိုက်ဆိုင်လွန်းသည်။ ကျောက်တရုန်သည် လွန်ခဲ့သော တစ်လခန့်က ဆောက်လုပ်ရေးဆိုက်ကို ရောက်ရှိလာပြီးနောက် ဤလူသည် ပြင်ဆင်မှုအားလုံးကို ပြုလုပ်ခဲ့ပြီး အကောင့်တုကို ဝယ်ယူခဲ့သည်။ ကြိုတင်ခန့်မှန်းနိုင်သောစွမ်းရည်ဖြင့် ဆောက်လုပ်ရေးဆိုက်မှာ တစ်ခုခုဖြစ်လာတော့မယ်ဆိုတာကို ထိုသူသိနိုင်ဖို့ မဖြစ်နိုင်ပေ။ 


ကျန်းဖျင်စစ်က ရုတ်တရက် မေးလိုက်သည်။

"ကျန်းသယ်ရှင်းက နိုင်ငံခြားထွက်သွားတာကို မင်းတို့တကယ်ယုံလား?"


အားလုံးက ကျန်းဖျင်စစ်ကို ပြန်ကြည့်လာကြသည်။


ကျန်းဖျင်စစ်: "ခယ်ရှောင်ပင်းပြောလိုက်တဲ့ အသေးစိတ်အချက်အလက်တွေကို အာရုံစိုက်ကြည့်လိုက်… ကျန်းသယ်ရှင်းက M မြို့ကိုသွားဖို့အတွက် လက်မှတ်ဝယ်ခဲ့ပြီး သူက ပိုက်ဆံထုပ်နဲ့ ထွက်ပြေးသွားတယ်လို့ သံသယရှိနေကြောင်း ရဲကပြောခဲ့တယ်… သူ့ကို လေယာဉ်ကွင်းမှာ မြင်တာမဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေး မှတ်ပုံတင်ရုံးမှာ ကျန်းသယ်ရှင်းရဲ့ နိုင်ငံခြားသွားမယ့် မှတ်တမ်းကိုပဲ တွေ့ခဲ့တာဆိုတော့—— သူက အခု လေယာဉ်ပေါ်မှာ ရှိနေမယ်လို့ မဆိုလိုဘူးလေ…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ပြီး သဘောကျစွာ သူ့ပခုံးကိုပုတ်လိုက်ပြီး ပြုံးလိုက်သည်။

"ဖျင်စစ်က တကယ့်ကို အသေးစိတ်အချက်အလက်တွေ ထောက်ပြရာမှာ အရမ်းကောင်းတယ်… ဒါက အရမ်းအရေးပါတယ်… အခုအချိန်မှာ ကျန်းသယ်ရှင်းက နိုင်ငံခြားထွက်သွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သက်သေမပြနိုင်ဘူး… ပိုက်ဆံထုပ်နဲ့ ထွက်ပြေးသွားတယ်ဆိုရင် ဇနီးနဲ့ သားသမီးတွေကိုတောင် အသိမပေးဘဲ သူတစ်ယောက်တည်း ထွက်ပြေးသွားတာလား? ပြီးတော့ သူက ထွက်ပြေးဖို့ A မြို့ရဲ့ လေယာဉ်ကွင်းကို သွားရမှာမလား? ဒါက အဓိပ္ပါယ်မရှိဘူး…"


ခယ်ရှောင်ပင်း၏စိတ်ထဲမှာ စိတ်ကူစိတ်သန်းတွေ ပေါ်လာပြီး သူက စိတ်လှုပ်ရှားစွာပြောသည်။

"သူကိုယ်တိုင် လက်မှတ်ဝယ်စရာ မလိုဘူး ဟုတ်တယ်မလား? သူ့ ID နံပါတ်ကို သိနေသ၍ အခြားသူတွေလည်း သူ့အတွက် လက်မှတ်ကို ကြိုတင်မှာထားလို့ရတယ်လေ! တကယ်လို့ သူကိုယ်တိုင် ဝယ်ထားတယ်ဆိုရင်တောင် သူက လေယာဉ်လွတ်သွားပြီး လမ်းတစ်ဝက်မှာ လုယက်ခံရတာလား?"


ရွှီယိရှန်း: "ဒီလက်မှတ်မှာ ပြဿနာရှိတယ်လို့ ငါထင်တယ်… ငါ့အမေက ဥရောပသားဖြစ်ပြီး နိုင်ငံခြားကို ခရီးသွားတာများတယ်… အများအားဖြင့်တော့ ကိုယ့်မြို့ကနေ ခရီးစသွားရတာ ပိုအဆင်ပြေတယ်… ဥက္ကဋ္ဌကျန်းက B မြို့မှာ သူ့မိသားစုနဲ့အတူ နေတာ… သူက ပိုက်ဆံထုပ်နဲ့ ထွက်ပြေးချင်တယ်ဆိုရင် အသင့်လျော်ဆုံးနည်းလမ်းက သူရဲ့ဇနီးနဲ့ သားသမီးတွေကို B မြို့ကနေ နိုင်ငံခြားဆီ ထွက်ခိုင်းလိုက်တာပဲ… B မြို့ကနေ A မြို့ကို ပျံသန်းပြီးတော့ ညှိနှိုင်းဖို့ အလုပ်သမားတွေနဲ့ သဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးခိုင်းတာပြီး A မြို့ကနေ ထွက်သွားမှာက အချိန်ဖြုန်းနေတာပဲမလား? ဒီလမ်းက ကွေ့ပတ်နေလွန်းတယ်…"


စီနီယာအစ်ကိုရွှီပြောတာက မှန်၏။ သူထွက်ပြေးချင်လျှင် B မြို့ကနေ အမြန်ပြေးလို့ရသည်။ A မြို့ကိုလာပြီး အလုပ်သမားတွေကို အချိန်အများကြီးပေးကာ အဓိပ္ပာယ်မရှိတာတွေ အများကြီးရှင်းပြပြီး မပြေးခင် သဘောတူညီချက်စာချုပ်မှာ လက်မှတ်ရေးထိုးတာက မလိုအပ်ဘူးမလား။


ကျန်းဖျင်စစ်၏မျက်လုံးများက စူးရှနေပြီး လေးနက်စွာ ပြောခဲ့သည်။

"ကျန်းသယ်ရှင်း နိုင်ငံခြားကို ထွက်သွားတယ်ဆိုတာက လူသတ်သမားရဲ့ သတင်းအမှားဖြစ်နိုင်တယ်…"


အခုလေးတင် လူတိုင်း၏အတွေး၌ “ကျန်းသယ်ရှင်းက ပိုက်ဆံထုပ်နဲ့ နိုင်ငံခြားကို ထွက်ပြေးသွားပြီ”ဟု တွေးနေပေမယ့် ကျန်းဖျင်စစ်က သတိထားပြီး “လက်မှတ်ဝယ်တာက လေယာဉ်ပေါ်ရောက်နေပြီဆိုတာနဲ့ မသက်ဆိုင်ဘူး”ဟူသော အချက်ကို သတိပြုမိခဲ့သည်။


သေချာလေ့လာသုံးသပ်ပြီးနောက် ကျန်းသယ်ရှင်း နိုင်ငံခြားကိုထွက်သွားတာက ထူးဆန်းကြောင်း လူတိုင်းတွေ့ခဲ့ကြသည်။


ယွဲ့ရှင်းဝမ်: "သူ လက်မှတ်မဝယ်ခဲ့တာ ဖြစ်နိုင်တယ်… သူက နိုင်ငံခြားသွားတာမဟုတ်ဘဲ… အသတ်ခံခဲ့ရတာ…"


ကျန်းဖျင်စစ်က သဘောတူကြောင်း ခေါင်းငြိမ့်ပြသည်။

"ငါလည်း အဲလိုပဲထင်တယ်… လူသတ်သမားက ကျန်းသယ်ရှင်း နိုင်ငံခြားသွားတယ်ဆိုပြီးထင်အောင် လက်မှတ်ဝယ်ခဲ့တယ်… ကျန်းသယ်ရှင်းရဲ့ လေယာဉ်လက်မှတ်ဝယ်ယူမှုနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ရဲတွေက သိရှိပြီးနောက်မှာတော့ စစ်ဆေးဖို့ လေဆိပ်ကို သွားကြမှာပဲ… ကျန်းသယ်ရှင်းက နိုင်ငံခြားကိုမသွားခဲ့ကြောင်း သူတို့တွေ့ရှိလိမ့်မယ်… သူဌေးဖြစ်သူ ရုတ်တရက် ပျောက်ဆုံးသွားတာကြောင့် သယ်ရှင်း group က ရဲတပ်ဖွဲ့တွေ ပထမဆုံးစုံစမ်းစစ်ဆေးချင်တဲ့အရာပဲဖြစ်လိမ့်မယ်… စီးပွားရေးပြစ်မှုစုံစမ်းစစ်ဆေးရေး ပါဝင်လာတာနဲ့ သယ်ရှင်း group ရဲ့ စာရင်းဟောင်းတွေ ပေါ်လာလိမ့်မယ်—— ဒါက လူသတ်သမားရဲ့ တကယ့်ရည်ရွယ်ချက်ပဲ…"


သူက ယွဲ့ရှင်းဝမ်ကို ပြန်ကြည့်သည်။

"အဖြစ်အပျက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို အကြာကြီးခန့်မှန်းထားပုံရပြီး အစီအစဉ်တွေ အကုန်ဆွဲထားတဲ့ နောက်ကွယ်မှာ လူတစ်ယောက်ရှိနေတယ်လို့ မင်းထင်လား? ငါတို့နဲ့ ရဲတွေကို ဒီကိစ္စတွေလုပ်ခဲ့တဲ့သူက လမ်းညွှန်ခဲ့တာ…"


ယွဲ့ရှင်းဝမ်လည်း အလားတူ ခံစားခဲ့ရသည်။ လူသတ်သမားသည် ဘုရားသခင်၏အမြင်အာရုံရှိပုံရပြီး စစ်တုရင်ကစားနည်းကို စီစဉ်ကာ ရဲများအား စုံစမ်းစစ်ဆေးစေပြီး သက်သေများကို အဆင့်ဆင့်စုဆောင်းခိုင်းကာ အဖြစ်အပျက်ကို သူမျှော်လင့်ထားသည့်အတိုင်း လမ်းညွှန်ပြသခဲ့သည်။ ယခု ကျန်းသယ်ရှင်း ပျောက်ဆုံးနေသဖြင့် ရဲများသည် လူသတ်သမား၏ရည်ရွယ်ချက်ဖြစ်သော သယ်ရှင်း group သို့ သေချာပေါက် ရောက်သွားမည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က ယုတ္တိရှိရှိပြန်စဉ်းစားသည်။

"ကျောက်တရုန်သေသွားပြီးတော့ အလုပ်သမားတွေက နှစ်ဝက်လောက် လုပ်အားခမရသေးတာက Weibo ရဲ့ hot search ကိုရောက်သွားပြီး အင်တာနက်ပေါ်တွင် စိတ်လှုပ်ရှားစရာများစွာရှိခဲ့တယ်… သယ်ရှင်း group က အပြစ်တင်ခံရပြီး စတော့ရှယ်ယာတွေ ကျဆင်းသွားတာကြောင့် သူဌေးကျန်းသယ်ရှင်းက အလုပ်သမားတွေရဲ့ စိတ်ခံစားမှုတွေကို သက်သာစေဖို့အတွက် ဆောက်လုပ်ရေးဆိုက်ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီး သဘောတူညီချက်စာချုပ်မှာ လက်မှတ်ရေးထိုးပြီးနောက် ဆောက်လုပ်ရေးဆိုက်ကနေ ထွက်သွားတဲ့လမ်းမှာ ကျန်းသယ်ရှင်းက သူ့လက်ထောက်ကို ဖြေရှင်းရမယ့်ကိုယ်ရေးကိုယ်တာကိစ္စရှိတယ်လို့ ပြောပြီးတော့ လမ်းတစ်ဝက်မှာ ကားပေါ်ကနေဆင်းလိုက်ပြီးနောက် သူ့ဖုန်းကပိတ်သွားပြီး ဘယ်ရောက်နေလဲမသိတော့ဘူး…"


"သူဌေးဖြစ်သူ ပျောက်နေတာကြောင့် ရဲတပ်ဖွဲ့က ကျန်းသယ်ရှင်းမှာ ရန်သူတွေ ရှိ၊ မရှိကို သေချာပေါက် စစ်ဆေးလိမ့်မယ်… သယ်ရှင်း group က ကျောက်ရွာရှိ ချင်းရွှိန်ပင်လယ်အော်ပရောဂျက်အပါအဝင် လွန်ခဲ့တဲ့နှစ်အနည်းငယ်က ရင်းနှီးမြုပ်နှံထားတဲ့ အခြားပရောဂျက်တွေအားလုံးကို စုံစမ်းစစ်ဆေးဖို့အတွက် လွှဲပေးရမှာဖြစ်တယ်… ငါတို့က ကျန်းသယ်ရှင်း ဘယ်ရောက်နေသလဲဆိုတာကို စုံစမ်းဖို့ထက် သယ်ရှင်း group ရဲ့ မသန့်ရှင်းသောအတိတ်ကို ရှာဖွေရမှာဖြစ်နိုင်တယ်…"


"ကျောက်တရုန် သေဆုံးမှုက နောက်ဆက်တွဲဖြစ်ရပ်တွေကို ဆက်တိုက်ဖြစ်ပေါ်စေတဲ့ ဖျူးတစ်ခုနဲ့တူတယ်…"


ယွဲ့ရှင်းဝမ်က ပြောပြီးနောက် ကျန်းဖျင်စစ်ကို ကြည့်လိုက်သည်။


နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ပြိုင်တူပြောလာသည်။

"ငါးစာလား?"


ကျောင်းသားများသည် ဤစကားလုံးကို ကြားလိုက်သောအခါတွင် သူတို့သည် ရုတ်တရက် ဉာဏ်ပွင့်သွားသလို ခံစားခဲ့ရသည်။


ခယ်ရှောင်ပင်း၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်သွား၏။

"ကျောက်တရုန်သေဆုံးမှုက ကျန်းသယ်ရှင်းကို ဆွဲဆောင်ဖို့အတွက် တည်ကြက်လား?"


လျှိုကျောက်ချင်းက ညည်းညူသည်။

"လူသတ်သမားက မုဆိုးဖြစ်ပြီး ကျောက်တရုန်က သူလွတ်လိုက်တဲ့ တည်ကြက်၊ ကျန်းသယ်ရှင်းက အဆိပ်ပြင်းတဲ့မြွေပဲ… လူသတ်သမားရဲ့ လုပ်ရပ်အားလုံးက မြွေကို တွင်းထဲကနေထုတ်ဖို့ ရည်ရွယ်ထားတာလား?"


စီနီယာအစ်ကိုလျှိုက ကောင်းကောင်းနိဂုံးချုပ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ဒီလိုဆိုရင် အဖြစ်အပျက်အားလုံးကို အတူတူ ချိတ်ဆက်နိုင်ပြီ…"


ရွှီယိရှန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ

"ကျန်းသယ်ရှင်းက သယ်ရှင်း group ရဲ့ သူဌေးဖြစ်ပြီး သာမန်လူတွေက သူ့ကို ချဉ်းကပ်ဖို့ ခက်လိမ့်မယ်… ဒါပေမယ့် သယ်ရှင်း group က ဖန်တီးထားတဲ့ ရှင်းယွဲ့ပလာဇာ ဆောက်လုပ်ရေးဆိုက်မှာ လူသေပြီးနောက် developer က အလုပ်သမားတွေရဲ့ လုပ်အားခတွေ မပေးရသေးတဲ့ကိစ္စဟာ အင်တာနက်သုံးစွဲသူတွေနဲ့ မီဒီယာတွေကြား ကျယ်ကျယ်ပြန့်ပြန့် အာရုံစိုက်ခံခဲ့ရတယ်… A မြို့ရဲ့ မြို့နယ်ခေါင်းဆောင်တွေကလည်း ဒီကိစ္စကို အရမ်းအလေးထားတာကြောင့် သယ်ရှင်း group ရဲ့ မပေးရသေးတဲ့ လုပ်အားခတွေကို ဖြေရှင်းဖို့ သေချာပေါက် ဖိအားပေးလိမ့်မယ်… ဒီလိုဆိုတော့ ကျန်းသယ်ရှင်းက ဆောက်လုပ်ရေးဆိုက်ကို လူကိုယ်တိုင်လာမှရလိမ့်မယ်…"


ယွဲ့ရှင်းဝမ်: "ဒါက ကျန်းသယ်ရှင်းကိုသတ်ဖို့ လူသတ်သမားရဲ့ အကောင်းဆုံးအခွင့်အရေးပဲ…"


ယွဲ့ရှင်းဝမ်သည် လူသတ်သမား၏ စေ့စေ့စပ်စပ်တွေးခေါ်မှုကို လက်ခံခဲ့ရသည်။


ကျန်းဖျင်စစ်: "ကျောက်ရွာမှာရှိတဲ့ ချင်းရွှိန်ပရောဂျက်မှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့လိမ့်မယ်… ဆောက်လုပ်ရေးဆိုက်မှာ ကျောက်ရွာက လူတွေအများကြီးရှိနေတာက တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်ဘူး… ကျောက်တရုန်ရဲ့ အစ်ကိုနဲ့မရီးတို့ သေဆုံးမှုက မတော်တဆမှုတစ်ခုမဟုတ်နိုင်ဘူး… အဲဒါက ကျန်းသယ်ရှင်းနဲ့ တိုက်ရိုက်သက်ဆိုင်ဖို့ ဖြစ်နိုင်ခြေများတယ်…"


လျှိုကျောက်ချင်းက တွေးတွေးဆဆဆိုသည်။

"အစတုန်းကတော့ ကျောက်တရုန်လို အသက် 35 နှစ်ပဲရှိသေးတဲ့လူက ကိုယ့်ကိုယ်ကို သတ်သေဖို့ဆိုတာ ယုတ္တိမရှိဘူးလို့ ငါထင်ခဲ့မိတယ်… ဒါပေမယ့် လူသတ်သမားက သူ့အစ်ကိုနဲ့မရီးအတွက် လက်စားချေပေးမယ်ဆိုပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ ဆွဲဆောင်ခဲ့မယ်ဆိုရင် သူက တည်ကြက်လုပ်ဖို့ ဆန္ဒရှိတယ်မလား?"


ရွှီယိရှန်းက ခေါင်းခါသည်။

"ဒါက နည်းနည်းတော့ ယုံစရာမရှိဘူး… ကျောက်တရုန်က လူသတ်သမား လက်စားချေတာက အောင်မြင်မယ်လို့ ဘယ်လိုလုပ်ယုံနိုင်မှာလဲ? သူ့အသက်နဲ့ အလောင်းအစားလုပ်ဖို့ ဆန္ဒရှိပါ့မလား? လူသတ်သမားရဲ့ အကြံအစည်က မအောင်မြင်ရင် သူအချည်းနှီးသေဆုံးသွားပြီး ကျောက်လျန်က မိဘမဲ့ဖြစ်သွားမှာမလား?"


ကျန်းဖျင်စစ်က ရုတ်တရက် ပြောလာသည်။

"ကျောက်တရုန်ရဲ့ မိဘတွေ ဆုံးသွားရတဲ့အကြောင်းကို မင်းတို့မှတ်မိသေးလား?"


အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း 

"နာမကျန်းဖြစ်ပြီး ဆုံးတာထင်တယ်?"


ကျန်းဖျင်စစ်က ‌ပြန်ပြောသည်။

"သူတို့နှစ်ယောက်စလုံးက အသည်းကင်ဆာနဲ့ ဆုံးသွားတာ…"


လျှိုကျောက်ချင်း၏ မျက်လုံးများက ရုတ်တရက် တောက်ပလာသည်။

"အသည်းကင်ဆာလား? ဒါကို မေ့လုနီးပါးပဲ…သူတို့မိသားစုမှာ အသည်းကင်ဆာရောဂါသည်တွေရှိတာကြောင့် သူတို့က သာမန်လူတွေထက် ကင်ဆာအကျိတ်တွေ ဖြစ်နိုင်ခြေပိုများတယ်! သူတို့ခန္ဓာကိုယ်ထဲမှာ ကင်ဆာဆဲလ်တွေ ရှိနေတာကြောင့် ကင်ဆာတော်တော်များများက မိသားစုဝင်တွေကနေ ဆင်းသက်တာဖြစ်ပြီး ကျောက်တရုန်မှာလည်း အသည်းကင်ဆာရှိတယ်ဆိုရင် ကင်ဆာကအဆင့်မြင့်ကို ရောက်နေပြီလား?"


ယွဲ့ရှင်းဝမ်၏ရင်ထဲက အနည်းငယ်တင်းကြပ်သွားသည်။

"သူက အသက်မရှည်တော့တာကြောင့် ဆေးဖိုးဝါးခ ကြီးကြီးမားမားအတွက် သူ့တူကို ဆွဲမထည့်တော့ဘဲ သူ့တူအတွက် လျော်ကြေးငွေအများအပြားရအောင် သူ့ကိုယ်သူသတ်သေတာဖြစ်နိုင်တယ်… သူ့အစ်ကိုနဲ့မရီးအတွက် လက်စားချေဖို့ လူသတ်သမားက ကျန်းသယ်ရှင်းကို သတ်မှာဖြစ်တာကြောင့် ‌သူက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာပဲ…"


လျှိုကျောက်ချင်း၏အမုအရာက လေးလံနေသည်။

"ဒီလိုဆိုရင် သူတကယ်သတ်သေဖို့ ဆန္ဒရှိမှာလား?"


ကျောက်တရုန်၏အမှုတွင် လူသတ်သမားသည် သဲလွန်စများ မထားခဲ့ဘဲ ရဲများသည် လူသတ်သမား လုံးဝမရှိသကဲ့သို့ နည်းပညာမြင့်သည့်ပစ္စည်းများဖြင့်ပင် လက်ဗွေရာ၊ ဆံပင်နှင့် အခြားသော အချက်အလက်များကို ရှာမတွေ့ခဲ့ပေ။


ကျောက်တရုန်က မိမိကိုယ်ကို သတ်သေခြင်း ရှိ၊ မရှိ ယခင်က သံသယရှိခဲ့သော်လည်း မိမိကိုယ်ကို သတ်သေရခြင်း အကြောင်းရင်းက မလုံလောက်ကြောင်း အမြဲလိုလို ခံစားခဲ့ရသည်။


သို့သော် သူ့မိဘများကဲ့သို့ ကျောက်တရုန်မှာလည်း အသည်းကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိပါက… 


သေရေးရှင်းရေး ဆုံးဖြတ်ချက်တစ်ခုနှင့် ရင်ဆိုင်ရသောအခါတွင် ဦးလေးဖြစ်သူက ရောဂါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတယ်ဆိုသော ဝန်ထုပ်ဝန်ဖိုးဖြင့် ကျောက်ချန်ကို မထားခဲ့ချင်ဘဲ ကျောက်လျန်အတွက် လျော်ကြေးငွေရအောင် ကိုယ့်ကိုယ်ကိုသတ်သေမည်လား?


အထပ်မြင့်တိုက်တစ်ခုမှ ပြုတ်ကျပြီး ဝမ်းဗိုက်ကို စတီးပိုက်ဖြင့် ထိုးဖောက်ခံလိုက်ရသည့် လူလတ်ပိုင်းအမျိုးသားတစ်ယောက်အကြောင်း တွေးလိုက်ရာ အားလုံး ခေတ္တမျှတိတ်ဆိတ်သွားကြသည်။


ရှုပ်ထွေးသောအမှုကို နောက်ဆုံးတွင် ဖြောင့်ချက်ပေးခဲ့သော်လည်း ကျိုးကြောင်းဆင်ခြင်ခြင်း၏ ရလဒ်မှာ ထိတ်လန့်စရာဖြစ်ခဲ့သည်။


ထို့နောက် နိဂုံးချုပ်ရန် အချိန်ရောက်ပြီဖြစ်သည်။


#TK