Volume 4 : ဗိသုကာဌာန
Chapter 75 (အဆုံးမရှိလှေကားများ ၀၂)
မနက် 8 နာရီတွင် ‘အဆုံးမရှိလှေကားများ’စာမေးပွဲကို တရားဝင်စတင်ခဲ့သည်။
ယွဲ့ရှင်းဝမ်သည် သူ့ရှေ့တွင် မှောင်နေသည်ဟုသာ ခံစားလိုက်ရပြီး သူ့အမြင်ကို ပြန်မြင်လာသောအခါတွင် လူတိုင်းက အဆောက်အဦးတစ်ခုအတွင်း ရှိနေတာကို တွေ့လိုက်ရသည်။
အရှေ့ဘက်တွင် 45 ဒီဂရီစောင်းနေသည့် လှေကားရှိသည်။ လှေကား၏အဆုံးကို နောက်လှေကားနှင့် ချိတ်ဆက်ထားသည်။ လှေကားများအားလုံးသည် ‘回’ပုံသဏ္ဌာန်အခေါင်းပေါက်ပုံစံဖြစ်သည်။ အပေါ်ကို မော့ကြည့်လိုက်တော့ အဆောက်အဦးထိပ်မှာ ဖောက်ထွင်းမြင်ရသောမှန် လသာပေါက်ကို သူတို့တွေ့မြင်နိုင်သည်။
လေးထောင့်ဘောင်ပေါ်တွင် သင်တန်းအချက်ပေးသံ ပေါ်လာသည်။
"စာမေးပွဲစပါပြီ… ကျေးဇူးပြုပြီး တစ်နာရီအတွင်း အဆောက်အဦးရဲ့ ထိပ်ဆုံးကို သွားပါ…"
တစ်နည်းဆိုရသော် ဤဝင်္ကပါသည် မရေမတွက်နိုင်သော လှေကားများဖြင့် ဖွဲ့စည်းထားပြီး ထိပ်ဆုံးသို့ လှေကားများဖြင့်တက်နိုင်သမျှကာလပတ်လုံး စာမေးပွဲပြီးမြောက်မည်ဖြစ်သည်။ အတော်လေး ရိုးရှင်း၏။ သူတို့တွေ အပေါ်ကို လမ်းတစ်လျှောက်တက်လိုက်တာနဲ့ ထွက်သွားရပြီမဟုတ်ပါလား။ သို့သော် ဤသင်တန်းသည် ဗိသုကာဌာနရှိ ဝင်္ကပါသင်တန်းဖြစ်ပြီး သင်္ချာဌာနရှိ ‘သုဒ္ဓကိန်းများဝင်္ကပါ’ထက် မလွယ်ကူနိုင်ပေ။
သင်္ချာဌာန၏ ဝင်္ကပါရှုပ်ထွေးမှုသည် ကိန်းဂဏန်းများ၏ လုပ်ဆောင်မှုတွင် တည်ရှိသည်။ ဝင်္ကပါ၏ အတွင်းပိုင်းဖွဲ့စည်းပုံကို ကြည့်ရုံဖြင့် အပေါ်၊ အလယ်နှင့် အောက် အလွှာသုံးလွှာသာရှိသည်။ သူတို့တွေ လမ်းလျှောက်ပြီး ပုံကြမ်းကိုဆွဲနိုင်သ၍ အပြင်ကိုထွက်နိုင်သည်။
သို့သော် ဗိသုကာဌာန၏ အထပ်မည်မျှရှိသည်ကို သူတို့မသိရပေ။ ယွဲ့ရှင်းဝမ်သည် သတိမလွှတ်ရဲဘဲ သူ့အနားက အဖွဲ့ဝင်တွေကိုကြည့်ပြီး ပြောလိုက်သည်။
"3D ဝင်္ကပါဖြစ်ပြီး လှေကားဘယ်လောက်ရှိမလဲဆိုတာ ငါမသိဘူး… ဒီတော့ လူမကွဲစေနဲ့… ဝင်္ကပါက ရွေ့လျားနေတာဆိုရင် လူကွဲသွားရင် ငါတို့တွေ အချင်းချင်းရှာနိုင်တော့မှာ မဟုတ်ဘူး…"
ကျန်းရှောင်နျန်သည် မှန်မျက်နှာကျက်ကို မော့ကြည့်ကာ တိုင်းတာရန် လေဆာ theodolite ကို ထုတ်ကာ အဆောက်အဦး၏ကြမ်းပြင်အမြင့်က မီတာ 30 သို့ ရောက်ရှိခဲ့သည်။ သာမန်အဆောက်အဦး၏ ပထမထပ် တွက်ချက်မှုအရ 2.5 မီတာမှ 3 မီတာ ကြားရှိပြီး အဆောက်အဦးတစ်ခုလုံးက အထပ် 10 မှ 15 ထပ်ကြား ရှိနိုင်သည်။
အဆောက်အဦးအတွင်းပိုင်းသည် သာမန်ဈေးဝယ်စင်တာတစ်ခုနှင့် အလွန်ဆင်တူသည်။ လူတွေက ပထမထပ်ကို မျှော်ကြည့်သောအခါ မှန်မျက်နှာကျက်ကို မြင်ရသည်။ အားလပ်ရက်တွင်နှင့် အမျိုးမျိုးသော ပွဲလမ်းသဘင်များတွင် မီးပုံးပျံများချိတ်ဆွဲရန် "回" ပုံသဏ္ဌာန်၏ အခေါင်းပေါက်ကို အသုံးပြုထားသည်။ စက်လှေကားသည် ပထမထပ်မှ အပေါ်ဆုံးထပ်သို့ အပေါ်ကိုထောင့်ဖြတ်ဖြင့် ရစ်ပတ်ထားသည်။ အကြည့်တစ်ချက်နဲ့တင် အလိုလို သိသာပါသည်။
သူတို့ အခုရောက်နေသောနေရာက အဆောက်အဦး၏ မျက်နှာကျက်ကို တိုက်ရိုက်မြင်နေရသည်။
သို့သော် ဗိသုကာဌာန၏ Credit 3 မှတ်တန် သင်တန်းသည် သူတို့ကို အထပ်အနည်းငယ်တက်ရုံဖြင့် အပြင်ထွက်ခွင့်မပြုနိုင်ပေ။ အထဲမှာ လျှို့ဝှက်ဆန်းကြယ်မှု ရှိရမည်။
ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်ကို ပြန်ကြည့်လိုက်သည်။
"ရှောင်နျန်၊ ဒီလှေကားတွေက ဘာမှားနေသလဲဆိုတာ မင်းသိနိုင်လား?"
ကျန်းရှောင်နျန်က ခေါင်းခါလိုက်သည်။
"လောလောဆယ်တော့ မပြောနိုင်သေးဘူး… ဒီအဆောက်အဦးရဲ့ အတွင်းပိုင်းဒီဇိုင်းက ဘာမှ ထူးထူးခြားခြား မရှိပါဘူး… ပုံမှန် စျေးဝယ်စင်တာတွေနဲ့ အတူတူပါပဲ… တစ်ခုခု မှားနေသလားဆိုတာကိုသိဖို့ အရင်ဆုံး နှစ်ထပ်လောက်အထိ လမ်းလျှောက်ကြည့်ရမှာပဲ…"
ယွဲ့ရှင်းဝမ်က ရိုးရှင်းစွာပြောခဲ့သည်။
"သွားရအောင်… ပထမထပ်ကို အရင်တက်ကြမယ်… ရှောင်ခယ်က ပုံစံငယ်လုပ်ဖို့ အာရုံစိုက်လိုက်… ရှောင်နျန်က အကွာအဝေးကို တိုင်းတာ…"
ခယ်ရှောင်ပင်းက သူ့လက်ပ်တော့ကို ချက်ချင်းထုတ်ကာ စာရွက်စာတမ်းအသစ်တစ်ခုကို ဖန်တီးပြီး ရှောင်ထူကို ဓာတ်ပုံရိုက်ခိုင်းကာ လှေကားဒီဇိုင်းကို ဆွဲခိုင်းလိုက်သည်။
ယွဲ့ရှင်းဝမ်က သူတို့ကို သတိပေးလိုက်သည်။
"အားလုံး နီးနီးကပ်ကပ်နေကြ… ငါရယ်၊ ဖျင်စစ်နဲ့ ရှောင်နျန်တို့က တစ်ဖွဲ့ဖြစ်ပြီး ကျန်တဲ့ 4 ယောက်က တစ်ဖွဲ့နေမယ်… တစ်ယောက်နဲ့ တစ်ယောက်ကြား အကွာအဝေးကို ခြေတစ်လှမ်းထက်ပိုပြီး မဝေးစေနဲ့… ဒီလိုဆိုရင် လှေကားက ရုတ်တရက် ကျိုးသွားတာ၊ ဦးတည်ချက်ပြောင်းသွားတာ မဖြစ်တော့ဘူး…"
လှေကားများက ရုတ်တရက် ဦးတည်ချက် ပြောင်းသွားနိုင်ပါသလား? ဒါက လက်တွေ့မှာ မဖြစ်နိုင်ပေ။
သို့ပေမယ့် စာကြည့်တိုက်က မှော်တက္ကသိုလ်တစ်ခုဖြစ်သည်။ သည်အဆောက်အဦးဟာ ဟယ်ရီပေါ်တာထဲက ရဲတိုက်ကြီးလို ရုတ်တရက် လမ်းလျှောက်နေရင်း အလယ်မှာ လှေကားကျိုးသွားမလား ဒါမှမဟုတ် ဦးတည်ချက်တစ်ခုပြောင်းသွားမလားဆိုတာ ဘယ်သူသိနိုင်မှာလဲ။ သတိရှိတာက ဘာမှ မမှားပေ။
ယွဲ့ရှင်းဝမ်၏ ညွှန်ကြားချက်အရ လူ 7 ဦးကို အဖွဲ့နှစ်ဖွဲ့ခွဲကာ လှေကားများပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လာခဲ့သည်။
သူတို့သည် ပထမထပ်ကို အမြန်တက်လာခဲ့ကြပြီး ကျန်းဖျင်စစ်က ပြောသည်။
"ပထမထပ်က လှေကား 13 ထစ်ရှိတယ်…"
ကျန်းရှောင်နျန်: "အထပ်အမြင့်က 2.5 မီတာရှိပြီး ယိုင်ထောင့်က 45 ဒီဂရီဖြစ်တယ်…"
ခယ်ရှောင်ပင်းသည် လက်ပ်တော့ထဲတွင် အချက်အလက်ကို လျင်မြန်စွာ ထည့်သွင်းပြီး ပုံစံငယ်ကို တည်ဆောက်ကာ ပြောသည်။
"ပထမထပ်မှာ လှေကား 13 ထစ်ရှိတယ်ဆိုတော့ အခု ငါတို့ ဒုတိယထပ်ကို ရောက်နေပြီပေါ့?"
ကျိုဖုန်း: "နောင်ကျရင် စိတ်ရှုပ်ထွေးတာမျိုးမဖြစ်ရအောင် လှေကားပေါ်မှာ အမှတ်အသားလုပ်ချင်လား?"
ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကိုမှာ အမှတ်အသားလုပ်လို့ရတဲ့နည်းလမ်း ရှိတာလား?"
ကျိုဖုန်းက သူ့ညာဘက်လက်ကို မြှောက်လိုက်ပြီး ရုတ်တရက် သူ့လက်ထဲမှာ ရွှေရောင်လျှပ်စီးကြောင်း ပေါ်လာပြီး လျှပ်စီးကြောင်းက ‘ဇီဇီ’အသံထွက်လာကာ သူ့လက်ထဲမှာ ရွှေရောင်ကြာပွတ်ကို ဆုပ်ကိုင်ထားသကဲ့ကို ရွှေရောင်လျှပ်စီးကြောင်းကို ထိန်းချုပ်ထားသည်။ လျှပ်စီးကြောင်းက လှေကားကိုထိလိုက်သည်နှင့် ကျိုဖုန်းက သူ့လက်ချောင်းဖြင့် ‘1’ဟု ရေးလိုက်ပြီး ရွှေရောင်လျှပ်စီးကြောင်းက သူ့လက်ချောင်းလှုပ်ရှားမှုအတိုင်း လိုက်သွားကာ လှေကားပေါ်တွင် ‘1’ပုံစံဖြင့် မီးမြှိုက်သွားသည်။
ထို့နောက် နောက်တစ်ထစ်ရှိ လှေကားပေါ်တွင် ‘2’ဟု သူ မီးမြှိုက်လိုက်သည်။
လူတိုင်း: "…"
လျှပ်စီးကြောင်းဖြင့် မီးကျွမ်းထားသော အမှတ်အသားများကို ဖယ်ရှား၍မရပေ။
ယွဲ့ရှင်းဝမ်က ရယ်ရမလို၊ ငိုရမလို ဖြစ်သွားသည်။
"စီနီယာအစ်ကိုရဲ့လျှပ်စစ်က ဒီလိုလည်းသုံးလို့ရတာလား?"
ကျိုဖုန်းက သူ့လက်ကိုရုတ်လိုက်ပြီး ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။
"အဆင့်မြင့်ထားတဲ့ လျှပ်စစ်က ဘာကိုမဆို မီးလောင်နိုင်တယ်…"
ယွဲ့ရှင်းဝမ်က သူ့ကို ချီးကျူးသည်။
"စီနီယာအစ်ကိုရဲ့ အမှတ်အသားနဲ့ ကျွန်တော်တို့ ရှုပ်ထွေးမှုမဖြစ်တော့ဘူး… အားလုံး ဆက်ပြီးတက်ရအောင်…"
ဒုတိယထပ်ကို လမ်းလျှောက်ပြီးနောက် ကျန်းဖျင်စစ်က အချက်အလက်ကို တင်ပြသည်။
"ဒုတိယထပ်မှာလည်း 13 ထစ်ရှိတယ်…"
ကျန်းရှောင်နျန်: "အချက်အလက်က အရင်အတိုင်းပဲ…"
ယွဲ့ရှင်းဝမ်: "ဆက်သွားမယ်…"
အားလုံးက ယွဲ့ရှင်းဝမ်နောက်လိုက်ကြပြီး တတိယထပ်ကို အမြန်လျှောက်သွားကြသည်။
ကျန်းဖျင်စစ်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"အရင်အတိုင်းနဲ့ အတူတူပဲ…"
ကျိုဖုန်းသည် တတိယထပ်ကို ကိုယ်စားပြုရန် လှေကားထစ်များပေါ်တွင် အနက်ရောင်ဖြင့် ‘3’ကိုရေးရန် လျှပ်စစ်ကို အသုံးပြုခဲ့သည်။
ယွဲ့ရှင်းဝမ်က သူ့စိတ်ထဲ မသင်္ကာသလို ခံစားလိုက်ရသည်။
"လမ်းတစ်လျှောက်လုံး လှေကားထစ်တွေက အတူတူပဲလား? ဗိသုကာဌာနက ဒီလောက်ထိပျင်းစရာကောင်းတာတော့ မဟုတ်ဘူးမလား? အပေါ်ကို ဆက်ပြီးတက်ကြည့်ရအောင်…"
အားလုံး လေးထပ်ကို ရောက်သောအခါ ကျန်းဖျင်စစ်က ပြောခဲ့သည်။
"13 ထစ်ပဲ…"
ခယ်ရှောင်ပင်းက အချက်အလက်ကို ဖြည့်သွင်းပြီးနောက် လူတိုင်းသည် ယွဲ့ရှင်းဝမ်၏ အနောက်ကနေ လိုက်ပါလာကြပြီး ဆက်လက်တက်သွားသောအခါ သူတို့အရှေ့က လှေကားများကိုမြင်ပြီး ထိတ်လန့်သွားကြသည်—— အရှေ့လှေကားများပေါ်တွင် မီးကျွမ်းနေသော ‘1’ကို တွေ့လိုက်ရသည်။
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း
"ဘယ်လိုဖြစ်တာလဲ?"
လင်းမန့်လော်က ကျိုဖုန်းကို သံသယဖြင့် ကြည့်ကာ ပြောသည်။
"ဒါက နင် ပထမထပ်မှာ မီးမြှိုက်ထားတဲ့ အရာမဟုတ်ဘူးလား?"
ကျိုဖုန်းလည်း အနည်းငယ် စိတ်ရှုပ်သွားသည်။
"ငါတို့က လေးထပ်ကို တက်ခဲ့တာ သိသာပါတယ်… ဘယ်လိုလုပ် ပထမထပ်ကို ပြန်ရောက်သွားတာလဲ?!"
ယွဲ့ရှင်းဝမ်လည်း ဒါကို ရှင်းမပြနိုင်ခဲ့ပေ။ သူတို့သည် အခုလေးတင် လှေကားတက်တာ လေးထပ်မြောက်ကို ဆက်တိုက်တက်ခဲ့ပေမယ့် နံပါတ်‘1’က သူတို့ရှေ့တွင် ပေါ်လာခဲ့သည်။ ဒါက ပထမထပ်မှာ စီနီယာအစ်ကိုကျို မီးမြှိုက်ထားသော အမှတ်အသားဖြစ်ကာ လူတိုင်း ဘယ်တော့မှ အကြည့်မမှားနိုင်ပေ။
သူတို့သည် သိသာစွာ အပေါ်ကိုတက်ခဲ့ပေမယ့် ပထမထပ်ကို ဘယ်လိုပြောရောက်လာတာလဲ။
ကျန်းဖျင်စစ်က ခေါင်းကိုမော့ပြီး မျက်နှာပေါ်က မှန်ပြတင်းပေါက်ကိုကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"လေးထပ်ကို တက်ပြီးနောက် ငါတို့က ပထမထပ်ကို ပြန်ရောက်သွားတယ်… ငါတို့ဆက်တက်ဦးမယ်ဆိုရင် ပထမထပ်ကို ပြန်ရောက်လာမှာပဲ… ဒါကို စက်ဝိုင်းလို လည်ပတ်နေပြီး ငါတို့ ဘယ်တော့မှ ထွက်နိုင်မှာ မဟုတ်ဘူး…"
ယွဲ့ရှင်းဝမ်: "သေချာစစ်ဆေးကြည့်ရအောင်… စီနီယာအစ်ကိုကျိုနဲ့ အခြားလူတွေက ဒီမှာစောင့်နေလိုက်… ချင်လုက ငါနဲ့လိုက်ခဲ့… ဒီကို နေရာသတ်မှတ်ထားပြီး မမှန်ဘူးဆိုရင် ငါတို့ ပြန်လာနိုင်သေးတယ်…"
ချင်လုက ခေါင်းငြိမ့်ကာ ယွဲ့ရှင်းဝမ်နောက်ကို လိုက်သွားသည်။
နှစ်ယောက်သား အမြန်တက်သွားခဲ့ကြပြီး လေးထပ်ဆက်တိုက်တက်ပြီးနောက်...
သူတို့သည် သူတို့အဖွဲ့ဝင်များနှင့် သေချာပေါက် ပြန်ဆုံခဲ့သည်။
အရှေ့ကလှေကားပေါ်ကို တက်သွားသော ယွဲ့ရှင်းဝမ်နှင့် ချင်လုကို ကြည့်လိုက်ပြီးနောက် သိပ်မကြာခင်မှာပဲ သူတို့အနောက်ကနေ ပေါ်လာတာကြောင့် အားလုံးက တစ်ယောက်ကိုတစ်ယောက် ထိတ်လန့်စွာ ကြည့်နေကြသည်။ ချင်လုက တိုးတိုးပြောသည်။
"လှည့်ပတ်သွားကြည့်ပေမယ့် တူညီတဲ့နေရာကိုပဲ ပြန်ရောက်လာတယ်… အဲဒါက horror ဇာတ်ကားထဲမှာ တစ္ဆေက နံရံထဲဝင်နေတာနဲ့ မတူဘူးလား?"
ခယ်ရှောင်ပင်းက မျက်မှန်ကိုပင့်ကာ ပြောသည်။
"Horror ဇာတ်ကားတွေထဲမှာ ဇာတ်လိုက်က ညဘက်တွေမှာ လှေကားထစ်တွေထဲ ပိတ်မိနေလေ့ရှိပြီး အပေါ်အောက်ကို အသည်းအသန်ပြေးနေပေမယ့် အထပ်ပေါင်းများစွာကို ဆက်တိုက်ပြေးပြီး အစမှတ်ကိုပဲ ပြန်ရောက်လာတယ်…"
သူက တုန်လှုပ်ချောက်ချားစွာ ယွဲ့ရှင်းဝမ်ကိုကြည့်ရင်း ပြောလိုက်သည်။
"ငါတို့လည်း နံရံထဲဝင်နေတဲ့ တစ္ဆေနဲ့ ကြုံပြီး ဘယ်တော့မှ မထွက်နိုင်တော့ဘူးလား?"
ယွဲ့ရှင်းဝမ်သည် ခယ်ရှောင်ပင်း၏ လက်ပ်တော့ကို လေးလေးနက်နက် တွေးရင်း စိုက်ကြည့်နေသော ကျန်းရှောင်နျန်ကို ကြည့်လိုက်သည်။ သူ့အကြည့်ကို လိုက်ကြည့်ပြီးနောက် လက်ပ်တော့ထဲတွင် ခယ်ရှောင်ပင်းမှ ပုံဖော်ထားသော 3D ရုပ်ပုံဖြစ်နေသည်။
ကျန်းရှောင်နျန်သည် စတက်ခဲ့စဉ်က အချက်အလက်ကို တိုင်းတာထားသောကြောင့် ခယ်ရှောင်ပင်း ရေးဆွဲခဲ့သော 3D မြေပုံသည် လူတိုင်းမြင်ရသည့် လှေကားများနှင့် အလွန်ဆင်တူပြီး ၎င်းကို အချိုးညီညီ ပြန်လည်ရရှိလုနီးပါးဖြစ်သည်။ ပထမထပ်နှင့် ဒုတိယထပ်ကြားထောင့်သည် 90 ဒီဂရီဖြစ်သည်၊ ဒုတိယထပ်နှင့် တတိယထပ်ကြား၊ တတိယထပ်နှင့် စတုတ္ထထပ်တို့သည်လည်း ဒေါင်လိုက် 90 ဒီဂရီဖြစ်နေသည်။
ဂျူနီယာညီလေး၏ လေးနက်မှုကို မြင်လိုက်ရသဖြင့် ယွဲ့ရှင်းဝမ်က မနေနိုင်စွာ မေးလိုက်သည်။
"ရှောင်နျန်၊ မင်း တစ်ခုခု တွေ့လို့လား?"
ကျန်းရှောင်နျန်က အသိစိတ်ပြန်ဝင်သွားပြီး ပုံစံငယ်ကို ညွှန်ပြကာ ပြောသည်။
"အရှေ့ကို မြောက်ဘက်လို့ ယူဆရင် ပထမထပ်က အနောက်ကနေအရှေ့၊ ဒုတိယထပ်က အရှေ့ကနေတောင်၊ တတိယထပ်က တောင်ကနေအနောက်၊ စတုတ္ထထပ်က အနောက်ကနေမြောက်ကို စက်ဝိုင်းပုံစံ တည်ဆောက်ထားမှာဖြစ်တယ်…"
ကျန်းဖျင်စစ်က အနီးကပ်ကြည့်လိုက်ပြီး ဒါက အမှန်ပင်ဖြစ်သည်။
သူတို့လျှောက်ခဲ့သော လှေကားများ၏ ဦးတည်ရာအတိအကျမှာ ➡️၊ ⬇️၊ ⬅️၊ ⬆️၊ လက်စွပ်ပုံစံဖွဲ့စည်းပုံဖြစ်သည်။
ကျန်းရှောင်နျန်က အတည်ပြုလိုက်သည်။
"ဒါက Penrose လှေကားတွေဖြစ်နိုင်တယ်…"
ကျိုဖုန်းက စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။
"Penrose လှေကားတွေ? မင်းဘာကိုဆိုလိုတာလဲ?"
ကျန်းရှောင်နျန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး လေထဲ၌ ရိုးရိုးရှင်းရှင်း အမူအရာပြသလိုက်သည်။
"3D space ထဲမှာ ကျွန်တော်တို့က အပေါ်ကိုလျှောက်နေတာ၊ လေးထပ်အထိ ဆက်တိုက်တက်လာပြီး ပထမထပ်ကို ပြန်ရောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး… ဒါပေမယ့် ဒီဟာက 3D space မဟုတ်ဘဲ ရစ်ပတ်နေတဲ့ space က စတုတ္ထထပ်ရဲ့အဆုံးကို ပထမထပ်ရဲ့အစနဲ့ ချိတ်ဆက်ထားပြီး အဲဒါက အလုံပိတ် 3D ‘回’ပုံသဏ္ဌာန်လှေကားဖြစ်တယ်… ကျွန်တော်တို့ အရှေ့ကို ဘယ်လောက်ပဲသွားနေပါစေ ဒီ‘回’ထဲမှာပဲ လှည့်ပတ်နေမှာဖြစ်တယ်…"
ကျန်းဖျင်စစ်က ရုတ်တရက် ပြောလာသည်။
"အဲဒါက Möbius strip နဲ့ ဆင်တူတယ်…"
အခြားသူများက သူတို့ကို ကြောင်တောင်တောင်ကြည့်နေကြသည်။ သည်အသုံးအနှုန်းများကို ဝိဇ္ဇာဘာသာရပ် ကျောင်သားများက အမှန်တကယ် နားမလည်ကြပေ။
ကျန်းဖျင်စစ်က အတိုချုံးရှင်းပြသည်။
"Möbius strip ဆိုတာက စာရွက်တစ်ရွက်ကို 180 ဒီဂရီ လိပ်ပြီး အစနဲ့ အဆုံးက ချိတ်ဆက်ထားတာဖြစ်တယ်… မူလက အစွန်းနှစ်ဖက်ရှိတဲ့ စာရွက်တစ်ရွက်က ကွေးကောက်နေတဲ့ မျက်နှာပြင်တစ်ခု ဖြစ်လာလိမ့်မယ်… Möbius က ဒီအဆောက်အဦးကို ရည်ညွှန်းတာဖြစ်ပြီး ငါတို့က အဲဒီစာရွက်ပေါ်မှာ လျှောက်နေတာကြောင့် ဘယ်လောက်ကြာကြာ လမ်းလျှောက်နေပါစေ ငါတို့ ဘယ်တော့မှ မထွက်နိုင်တော့ဘူး… အဲဒါက ဂျူနီယာညီလေးပြောတဲ့ Penrose လှေကားတွေနဲ့ တော်တော်ဆင်တူတယ်…"
ကျန်းရှောင်နျန်က ခေါင်းငြိမ့်ကာ ပြောသည်။
"ဟုတ်တယ်… Möbius strip ရဲ့ သော့ချက်က စာရွက်ကို 180 ဒီဂရီ လှည့်လိုက်ဖို့ပဲ… ဒါပေမယ့် 3D ကမ္ဘာရဲ့ ဗိသုကာမှာ ရစ်ပတ်နေတဲ့ လှေကားထစ်ကို လုပ်ဖို့မဖြစ်နိုင်တာကြောင့် Penrose လှေကားက အမြဲတမ်း လက်တွေ့မဆန်တဲ့ ဗိသုကာလက်ရာတစ်ခု ဖြစ်နေခဲ့တယ်… ဒါပေမယ့် စာကြည့်တိုက်ရဲ့ နေရာမှာတော့ ရစ်ပတ်နေနိုင်ပြီး ပထမထပ်နဲ့ စတုတ္ထထပ်က ချိတ်ဆက်ထားတာကြောင့် အပြင်မထွက်နိုင်ဘဲ အလုံပိတ်ထားတဲ့ စက်ဝိုင်းလှေကားပေါ်လာတယ်…"
ဤသင်တန်းကို ‘အဆုံးမရှိလှေကားများ’ဟုခေါ်သည်မှာ အံ့ဩစရာမရှိပေ။ ၎င်းသည် ‘တစ္ဆေဝင်ထားသောနံရံ’ နှင့် ဆင်တူသော စက်ဝိုင်းလှေကားဒီဇိုင်းဖြစ်လာခဲ့သည်။ ဝင်္ကပါထဲမှာ 1 နာရီလောက် လမ်းလျှောက်ပြီး အပြင်ထွက်ဖို့မဆိုထားနှင့် သူတို့သည် 10 နာရီလောက် လမ်းလျှောက်လျှင်တောင် လေးထပ်ကနေ ပထမထပ်ကိုသာ ဆက်သွားနေလိမ့်မည်ဖြစ်ပြီး ဘယ်တော့မှ အဆုံးသတ်မည်မဟုတ်တော့ပေ။
ယွဲ့ရှင်းဝမ်က သူ့နားထင်ကို ပွတ်သပ်ကာ ပြောသည်။
"ရစ်ပတ်နေတဲ့ အဆောက်အဦးထဲကနေ ငါတို့ ဘယ်လိုထွက်ကြမလဲ?"
ကျန်းရှောင်နျန်က ရှုပ်ထွေးသွားသည်။
"လှေကားတွေကို ဆက်တက်နေလို့လည်း အလုပ်ဖြစ်မှာမဟုတ်ဘူး၊ လေးထပ်နဲ့ ပထမထပ်မှာပဲ ကျွန်တော်တို့ လှည့်ပတ်နေလိမ့်မယ်… Penrose လှေကားတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ ရစ်ပတ်ထားတဲ့အပိုင်းကို ရှာပြီး နေရာတကျဖြစ်အောင် ပြန်လုပ်ရမယ်…"
ကျန်းဖျင်စစ်က ပေါ့ပါးစွာ ဆိုသည်။
"ပထမနဲ့ နောက်ဆုံးရဲ့ ချိတ်ဆက်မှုကို ဖြတ်လိုက်မယ်ဆိုရင် ငါတို့တွေ ပိတ်ထားတဲ့ ကွင်းဆက်ကို ဖြတ်နိုင်လိမ့်မယ်…"
ကျိုဖုန်း: "အဲဒါက ပထမထပ်နဲ့ လေးထပ်ကြားက ချိတ်ဆက်မှုအမှတ်လား?"
ကျန်းရှောင်နျန်က လျင်မြန်စွာ ခေါင်းခါလိုက်သည်။
"အဲဒီလိုမဖြစ်နိုင်ဘူး… အဲဒါက ဒုတိယထပ်နဲ့ တတိယထပ်၊ တတိယထပ်နဲ့ လေးထပ်ကြားက ချိတ်ဆက်မှုအမှတ်လည်း ဖြစ်နိုင်တယ်… လေးထပ်လှေကားတွေက မူလက အားလုံးအပေါ်တက်သွားတဲ့ သီးခြားအဆောက်အဦးလေးခုနဲ့ တူပေမယ့် သူတို့ထဲကတစ်ခုနဲ့ အခြားတစ်ခုနဲ့ ချိတ်ဆက်နေတယ်… ဘုရားသခင်ရဲ့ ရှုထောင့်ကနေ 3D space ရဲ့ အပြင်ဘက်ပုံစံကို ကျွန်တော်တို့ မမြင်နိုင်တာကြောင့် ဘယ်အပိုင်းကို ရစ်ပတ်ထားတယ်ဆိုတာ အလျင်စလိုဆုံးဖြတ်လို့မရဘူး…"
ကျိုဖုန်းက သဘောပေါက်သွားသည်။
"မင်းဆိုလိုတာက ငါ အမှတ်အသားပြုထားတဲ့ ‘1’က ပထမထပ်မဟုတ်ဘူးပေါ့? ငါတို့စပေါ်လာတုန်းက ဒုတိယထပ် ဒါမှမဟုတ် တတိယထပ်လည်း ဖြစ်နိုင်တာပေါ့? ဘာပဲဖြစ်ဖြစ် လေးထပ်စလုံးရဲ့ လှေကားတွေက အတူတူပဲဖြစ်ပြီး တစ်လမ်းလုံးတက်လာပြီးတော့ တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတာကြောင့် ဘယ်ဟာကပထမထပ်လဲ၊ ဘယ်ဟာကစတုတ္ထထပ်လဲဆိုတာ ငါတို့တွေ အတိအကျ အတည်မပြုနိုင်သေးဘူးပေါ့?"
ကျန်းရှောင်နျန်: "အဲဒါက ကျွန်တော်ဆိုလိုချင်တဲ့အဓိပ္ပါယ်ပဲ…"
အားလုံးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ခဏတာ မှင်တက်သွားသည်။
ခယ်ရှောင်ပင်းက ပုံစံငယ်ကို သေချာကြည့်ကာ ခေါင်းကုတ်လိုက်သည်။
"လှေကားလေးထပ်ရဲ့ ထောင့်၊ ခြေလှမ်းအရေအတွက်နဲ့ အလျားအချက်အလက်အပါအဝင် အတိအကျတူညီကြတယ်… စက်ဝိုင်းပုံစံချိတ်ဆက်လိုက်တော့ ရစ်ပတ်နေတဲ့စတုရန်းလို ဖြစ်သွားတယ်…"
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ကာ ပြောလိုက်သည်။
"ဒါနဲ့ပတ်သက်ပြီး ငါဘာမှမသိဘူး… ဒီတော့ ထွက်ပေါက်ကို ဘယ်လိုရှာရမလဲဆိုတာ ငါ့ကိုပြောပြ…"
ကျန်းဖျင်စစ်က ပြတ်ပြတ်သားသား ပြောလိုက်သည်။
"ရှောင်နျန်၊ မျက်နှာကျက်ကနေ လှေကားတွေအထိ အမြင့်ဘယ်လောက်ရှိလဲဆိုတာသိဖို့ လှေကားတစ်ထပ်စီတိုင်းရဲ့ အမြင့်ကို တိုင်းတာပြီး ကွာခြားမှုရှိ၊မရှိ ကြည့်ကြတာပေါ့…"
ကျန်းရှောင်နျန်က ရလဒ်ကို အလျင်အမြန် ပြောခဲ့သည်။
"လှေကားလေးထပ်စလုံးက မျက်နှာကျက်ကနေ တူညီတဲ့အမြင့်မှာရှိနေတယ်…"
ယွဲ့ရှင်းဝမ်က ခေါင်းကိုက်လာသည်။
"ငါတို့က တစ်ချိန်လုံး အပေါ်ကိုတက်နေတာလို့ ဆိုလိုပေမယ့် တကယ်တော့ ငါတို့က တူညီတဲ့ပြင်ညီမှာပဲရှိနေပြီး အမြင့်က မပြောင်းလဲဘူးပေါ့?"
ကျန်းရှောင်နျန်က ခေါင်းငြိမ့်လိုက်သည်။
"Penrose လှေကားများနဲ့ ပတ်သက်ပြီး အဲဒါက ထူးဆန်းတဲ့အရာပဲ… အပေါ်ကို တက်နေတယ်ဆိုပေမယ့် တကယ်တမ်းတော့ တူညီတဲ့ပြင်ညီပေါ်မှာပဲ လှည့်ပတ်သွားနေတာ… 3D Space က ဒီလိုဖြစ်စဉ်ကို ရှင်းပြလို့မရဘူး… ပိုပြီးမြင့်မားတဲ့ရှုထောင့်ကတော့ ဖြစ်နိုင်တယ်…"
ကျန်းဖျင်စစ်: "အထပ်လေးထပ်စလုံးက အတူတူပဲ… ဒီတော့ ငါတို့တွေ တစ်ထပ်ပြီးတစ်ထပ် စမ်းကြည့်ဖို့ပဲရှိတာပေါ့…"
ကျန်းရှောင်နျန်က မြေတူးစက်ကို ဆင့်ခေါ်လိုက်သည်။
လူတိုင်း: "..."
ဒါဆို ဒီတစ်ခေါက်သင်တန်းကို အောင်ဖို့အတွက် မြေတူးစက်ကို အသုံးပြုဖို့လိုတာလား?
ကျန်းရှောင်နျန်က အဖွဲ့ခေါင်းဆောင်ကို ကြည့်ကာ မေးလိုက်သည်။
"စီနီယာအစ်ကို၊ ကျွန်တော် ချိတ်ဆက်မှုကို တူးလို့ရလား?"
ယွဲ့ရှင်းဝမ်က ကူကယ်ရာမဲ့စွာ သူ့နဖူးကိုထောက်ရင်း ပြောလိုက်သည်။
"ကောင်းပြီ… တူးလိုက်…"
#TK