Volume 4 : ဗိသုကာဌာန
Chapter 74 (အဆုံးမရှိလှေကားများ ၀၁)
လူသတ်သမားကို ရဲတွေ ခေါ်သွားပြီးနောက် ဗိသုကာဌာန၏ “ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ”သင်တန်း စာမေးပွဲက တရားဝင်ပြီးဆုံးသွားကာ ရှင်းလင်းရေးအချက်အလက်က လူတိုင်းရှေ့တွင် လေးထောင့်ဘောင်ဖြင့် ထွက်ပေါ်လာသည်——
သုတေသနအဖွဲ့: C-183
သင်တန်း: ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ
Credit: 4 မှတ်
ဖြေဆိုသူ: ယွဲ့ရှင်းဝမ်
ရှင်းလင်းရေးရမှတ်: 95 မှတ်
စုစုပေါင်းအမှတ်: 4x95 = 380 မှတ်
သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါတယ်။ စုစုပေါင်းအမှတ် 570 မှတ် ရရှိပါတယ်။
သင်တန်းကျရှုံးမှုနှုန်း: 45%
ဤတစ်ကြိမ်ရှင်းလင်းရေးအချက်အလက်က “မြို့ပြိုကျခြင်း”သင်တန်းနှင့် ကွဲပြားနေတာကို ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။ ယခင်သင်တန်းတွင် ‘ဖြေဆိုသူ: ယွဲ့ရှင်းဝမ်’ဟူသော စကားလုံးမပါဝင်ဘဲ သုတေသနအဖွဲ့တစ်ခုလုံးက အမှတ်များကို ညီတူညီမျှ ရရှိကြပြီး လူတိုင်း၏ ရှင်းလင်းရေးရမှတ်မှာ အတူတူပင်ဖြစ်သည်။
ယခုတစ်ကြိမ်တွင် ဖြေဆိုသူများ၏ အမည်များကို သီးခြားဖော်ပြထားသည်။ သီးခြားရှင်းလင်းရေးရမှတ်လား?
ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်များကိုကြည့်ပြီး မေးလိုက်သည်။
"ငါ့ရမှတ်က 95၊ အားလုံး ရှင်းလင်းရေးရမှတ် ဘယ်လောက်ရကြလဲ?"
ကျန်းဖျင်စစ်: "ငါလည်း 95 ပဲ…"
ကျန်းရှောင်နျန်: "ကျွန်တော်က 92 မှတ် ရတယ်…"
ခယ်ရှောင်ပင်း: "ငါလည်း ဂျူနီယာညီလေးနဲ့ အတူတူပဲ… 92 မှတ် ရတယ်…"
အခြားသူများကလည်း သူတို့၏ကိုယ်ပိုင်ရမှတ်များကို ပြောပြခဲ့သည်—— လျှိုကျောက်ချင်းနှင့် ချင်လုတို့က အမှတ် 90 ရသည်။ ကျန်ရှိသော ကျိုဖုန်း၊ လင်းမန့်လော်၊ ရွှီယိရှန်း၊ ချင်မြောင်နှင့် ရှင်းယန်တို့က 85 မှတ်ရရှိကြသည်။
"ဒီသင်တန်းက သုတေသနအဖွဲ့အတွက်ပဲ ကန့်သတ်ထားတာမဟုတ်တာကြောင့် အမှတ်မျှဝေခြင်းလုပ်ဆောင်ချက်လည်း မရှိဘူး… ဒါကြောင့် ဖြေဆိုသူတစ်ဦးစီရဲ့ စာမေးပွဲရမှတ်တွေကို သီးခြားစီတွက်ချက်တယ်…"
ယွဲ့ရှင်းဝမ်က ခဏရပ်ကာ ပြုံးလိုက်သည်။
"သုတေသနအဖွဲ့က စာမေးပွဲကို အောင်သွားသ၍ လူတိုင်းရဲ့ရမှတ်တွေက အရမ်းနည်းမှာမဟုတ်ပါဘူး… အမှတ်အနည်းငယ်ကွာခြားမှုတွေကို စိတ်ထားနေဖို့မလိုပါဘူး…"
ကျိုဖုန်းက ဂရုတစိုက် ခွဲခြမ်းစိတ်ဖြာသည်။
"စာမေးပွဲလုပ်ငန်းစဉ်မှာ ပံ့ပိုးကူညီမှုအရ အဆင့်သတ်မှတ်တာဖြစ်မယ်… ကျိုးကြောင်းဆင်ခြင်ရာမှာ ရှင်းဝမ်နဲ့ ဖျင်စစ်က အဓိကကျတာကြောင့် သူတို့နှစ်ယောက်က အမှတ်အများဆုံးရတာ တရားမျှတပါတယ်… ရှောင်ခယ်က အချက်အလက်များစွာကို စစ်ဆေးခဲ့ပြီး ရှောင်နျန်က အဆောက်အဦးကို တိုင်းတာခြင်းနဲ့ ဘိလပ်မြေနံရံကို တူးဖော်ခဲ့တယ်… သူတို့ရဲ့အကူအညီက ပြောင်မြောက်တာကြောင့် အမှတ် 92 ရခဲ့တယ်… အမှတ် 90 ရရှိခဲ့တဲ့ စီနီယာအစ်ကိုလျှိုက ကျောက်လျန်ဆီကနေ အဓိကအချက်အလက်များစွာကို မေးမြန်းခဲ့ပြီး ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုလည်း အဖွဲ့အတွက် အများကြီးအကူအညီပေးခဲ့တယ်… 85 မှတ်ရတဲ့ ငါတို့တွေကတော့ လဲလျောင်းပြီး အောင်ခဲ့တာပေါ့…"
လင်းမန့်လော်က စနောက်သည်။
"ငါတို့က လဲလျောင်းပြီးတောင် 85 မှတ်ရတာဆိုတော့ ငါတို့အဖွဲ့က အရမ်းသန်မာတယ်လို့ ဆိုလိုတာပဲ… ငါတို့ရဲ့အခြေခံရမှတ်က အရမ်းမြင့်ပြီး ငါတို့ထဲက လူတော်တော်များများကလည်း ထင်ပေါ်ကျော်ကြားတယ်… ငါတို့က 85 မှတ်ကို Credit 4 မှတ်နဲ့ သုတေသနအဖွဲ့အပိုဆု 1.5 ဆနဲ့ မြှောက်လိုက်ရင် 510 မှတ်ရတယ်… ဒါက စွမ်းရည်တွေကို အဆင့်မြင့်ဖို့ လုံလောက်ပါပြီ…"
ဤသည်မှာ သန်မာသောသုတေသနအဖွဲ့တွင် ပါဝင်ရခြင်း၏ အားသာချက်ဖြစ်ပြီး သူတို့သည် ထင်ပေါ်ကျော်ကြားသောလူအနောက်မှလိုက်၍ အမှတ်များစွာ ရနိုင်သည်။ ရလဒ်ကို လူတိုင်းကန့်ကွက်ခြင်းမရှိသည်ကို တွေ့ရသဖြင့် ယွဲ့ရှင်းဝမ်က လေးထောင့်ဘောင်ပေါ်ရှိ ‘စာမေးပွဲခန်းမှထွက်ခြင်း’ကို နှိပ်လိုက်ရာ အားလုံးသည် ဆောက်လုပ်ရေးဆိုက်မှ ပျောက်ကွယ်သွားပြီး စာကြည့်တိုက်သို့ ပြန်ရောက်သွားကြသည်။
စာကြည့်တိုက်အချိန်၊ တနင်္လာနေ့၊ ညနေ 4 နာရီ။
သူတို့သည် မနက်ပိုင်းတွင် ‘မြို့ပြိုကျခြင်း’သင်တန်းနှင့် နေ့လယ်ပိုင်းတွင် ‘ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ’သင်တန်းကို ပြီးဆုံးခဲ့သည်။ သူတို့သည် အင်္ဂါနေ့မနက်တွင် ဗိသုကာဌာန၏ နောက်ဆုံးမသင်မနေရသင်တန်းဖြစ်သော ‘အဆုံးမရှိလှေကားများ’သင်တန်းကို တက်ရောက်ရမည်ဖြစ်သည်။ မနက်ဖြန် သင်တန်းကို အောင်မြင်ပါက သုံးထပ်မြောက်ရှိ ဗိသုကာဌာနကို ရှင်းလင်းနိုင်သွားမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှ သောကြာနေ့အထိ လေးထပ်မြောက်ရှိ ဌာနအသစ်သို့ တက်ရောက်နိုင်ပါသည်။
ယွဲ့ရှင်းဝမ်၏အစီအစဉ်မှာ မသင်မနေရသင်တန်းများကို မြန်မြန်ရှင်းလင်းရန်ဖြစ်ပြီး တစ်ပတ်လျှင် အတန်းချိန်ငါးရက်၊ ဌာနနှစ်ခုကို ဖြေဆိုအောင်မြင်တာက အကောင်းဆုံးဖြစ်သည်။
စာမေးပွဲတစ်ခုပြီးတိုင်း လူတိုင်းအတွက် စိတ်ဖိစီးမှုဖြစ်စေပါလိမ့်မည်။ ကံကောင်းစွာနဲ့ပဲ စာကြည့်တိုက်ကို ပြန်ရောက်ပြီး သူတို့တွေ အနားယူနိုင်ခဲ့သည်။ ယွဲ့ရှင်းဝမ်က သူ့အနားရှိ အဖွဲ့ဝင်များကိုကြည့်ကာ အားလုံးက ပင်ပန်းနေပုံရတာကြောင့် သူပြောလိုက်သည်။
"မနက်ဖြန်မနက် 7 နာရီ 40 မှာ သုံးထပ်မြောက်က သင်တန်းရွေးချယ်ခြင်းခန်းမမှာ တွေ့ကြမယ်… ဒီနေ့ညစာကိုတော့ အာရုံမစိုက်နဲ့တော့… ကန်တင်းမှာလည်း သွားစားလို့ရသလို၊ အိပ်ဆောင်မှာလည်း တစ်ယောက်တည်းစားလို့ရတယ်… ပင်ပန်းနေကြမှာပဲမို့လို့ စောစောအိပ်ပြီး ကောင်းကောင်းအနားယူကြ…"
အားလုံးက တစ်ယောက်နဲ့တစ်ယောက် နှုတ်ဆက်ပြီး ဓာတ်လှေကားစီးကာ အိပ်ဆောင်ကို ပြန်လာခဲ့ကြသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က အတူတူ အခန်းထဲသို့ ပြန်ရောက်ပြီးနောက် သူတို့သည် တက်ဘလက်ကို ကောက်ယူပြီး ဖိုရမ်ကို ကြည့်လိုက်ကြသည်။
ကျန်းဖျင်စစ်က သူ့ကို မေးလာသည်။
"မင်း နည်းဗျူဟာရေးဦးမှာလား?"
ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ခဏလောက်စဉ်းစားပြီး ပြောသည်။
"ဒီသင်တန်းရဲ့ နည်းဗျူဟာက ရေးဖို့မလွယ်ဘူး… သုတေသနအဖွဲ့တစ်ခုစီက ဖြေဆိုရတဲ့စာမေးပွဲခန်းရဲ့ ဇာတ်ကွက်က ပြောင်းသွားလိမ့်မယ်… စာမေးပွဲခန်းအားလုံးက ယန်ခိုင်လိုမျိုး သူ့မိသားစုအတွက် လက်စားချေပြီး ဂိုဒေါင်ထဲမှာ မြေအောက်လမ်းတူးထားဖို့ မဖြစ်နိုင်ဘူး… အခြားကျောင်းသားတွေ လမ်းမလွှဲသွားအောင် မှတ်ချက်တချို့ကိုပဲ ရေးလိုက်မယ်…"
ကျန်းဖျင်စစ်: "အင်း… လူတိုင်းအတွက် ရည်ညွှန်းဖို့ ကျိုးကြောင်းဆီလျော်တဲ့ အတွေးအမြင်တချို့ကို ပြောကြည့်လိုက်ပေါ့… အဖြေကို တိုက်ရိုက်ရေးဖို့ မလိုပါဘူး… ဒါ့အပြင် အားကောင်းတဲ့အဖွဲ့က ဒီနေ့ဒီသင်တန်းကို ပြီးသွားလောက်ပြီ…"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး တက်ဘလက်ကို ကောက်ကိုင်ကာ ဗလာပို့စ်တစ်ခုကို ဖွင့်ပြီး တည်းဖြတ်ပါတော့သည်။
ကျန်းဖျင်စစ်က သူစာရိုက်နေတာကို အလေးအနက်ကြည့်ရင်း ရုတ်တရက် ပြောလိုက်သည်။
"မင်းရဲ့အဝတ်အစားတွေလဲပြီး ငါ့ကိုပေးလိုက်…"
ယွဲ့ရှင်းဝမ်က ခဏလောက် မှင်တက်သွားပြီး သူ့ကိုမော့ကြည့်လာသည်။
"အဝတ်အစားတွေလဲရမယ်? ဘာအတွက်လဲ?"
ကျန်းဖျင်စစ်: "မနက်ပိုင်း မြို့ပြိုကျခြင်းသင်တန်းမှာ ဒီအားကစားဝတ်စုံကို ဝတ်ပြီး ချွေးတွေအရမ်းထွက်ခဲ့တာကြောင့် အဲဒါကိုချွတ်ပြီး လျှော်ရမယ်လေ…"
ယွဲ့ရှင်းဝမ်က သဘောပေါက်သွားပြီး ပြုံးကာပြောလိုက်သည်။
"မင်းမပြောရင် ငါမေ့တော့မလို့… မနက်ပိုင်းက မြို့ပြိုကျရာကနေ ထွက်ပြေးခဲ့တာ… နေ့လယ်ဘက်မှာတော့ ဆောက်လုပ်ရေးဆိုက်ကို သွားခဲ့တာကြောင့် အလုပ်သမားတွေရဲ့ အဝတ်အစားတွေကို ရက်အတော်ကြာဝတ်ထားခဲ့ပေမယ့် စာကြည့်တိုက်ကိုပြန်ရောက်တော့ မနက်တုန်းက အဝတ်အစားပြန်ဖြစ်သွားတယ်… အချိန်နဲ့နေရာတွေက ပြောင်းလဲနေတော့ ဖရိုဖရဲဖြစ်သွားတယ်…"
သူက ခန္ဓာကိုယ်ပေါ်ရှိ အင်္ကျီလက်တိုကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ချွေးတွေချည်းပဲ… လျှော်သင့်နေပြီ…"
ယွဲ့ရှင်းဝမ်က ညအိပ်ဝတ်စုံကို ကောက်ကိုင်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားကာ သူ့အဝတ်အစားများကို ပြောင်းလိုက်သည်။ သူအပြင်ထွက်လာသောအခါ ကျန်းဖျင်စစ်က သူ့လက်ထဲရှိ အဝတ်အစားတွေကိုယူပြီး လေးတွဲသောအသံဖြင့် ပြောသည်။
"မင်း နည်းဗျူဟာကိုရေးလိုက်… ငါလည်း အဝတ်အစားလျှော်မလို့၊ မင်းရဲ့အဝတ်ပါ တစ်ခါတည်း လျှော်ပေးလိုက်မယ်…"
ယွဲ့ရှင်းဝမ်က မြှောက်ပင့်သည်။
"ဒီအပြုအမူက အရမ်းကောင်းလွန်းတယ်မလား? မင်းက… ငါ့အဝတ်တွေကို လျှော်ကူပေးမလို့လား?"
ကျန်းဖျင်စစ်: "ကိစ္စမရှိပါဘူး… ဒါက အခန်းဖော်တစ်ယောက်အနေနဲ့ လုပ်သင့်တဲ့အရာပဲ…"
ယွဲ့ရှင်းဝမ်က ပြုံးကာ လက်မနှစ်ချောင်း ထောင်ပြလိုက်သည်။
"စာကြည့်တိုက်မှာ အကောင်းဆုံးအခန်းဖော်ရွေးချယ်ခြင်းရှိရင် မင်း ပထမနေရာကို သေချာပေါက်ရလိမ့်မယ်…"
ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်က အနည်းငယ် မြှောက်သွားသည်။
"စကားတတ်မနေနဲ့… သွားပြီး နည်းဗျူဟာရေးတော့…"
ယွဲ့ရှင်းဝမ်က တစ်ဖက်သို့လှည့်ကာ ကုတင်ပေါ်ထိုင်ပြီး နည်းဗျူဟာကို လေးလေးနက်နက်ရေးလေသည်။
ကျန်းဖျင်စစ်သည် သူတို့၏အဝတ်အစားများကို လသာဆောင်သို့သယ်သွားကာ လက်ဆေးကန်တစ်ခုကိုရှာပြီး သူ့အင်္ကျီလက်များကို လိပ်တင်ကာ စတင်လျှော်ဖွပ်လေသည်။
ယွဲ့ရှင်းဝမ်က ရံဖန်ရံခါ သူ့အားကြည့်ရန် ခေါင်းလှည့်လာသည်။ ကျန်းဖျင်စစ်၏ပင်ကိုယ်စရိုက်က အမြဲတမ်း အေးစက်နေပြီး ထုတ်ဖော်မပြတတ်သော်လည်း လသာဆောင်တွင် ရပ်နေသော ကောင်လေးသည် အဝတ်လျှော်ရန် အင်္ကျီလက်များကို ပင့်တင်ထားကာ အအေးစက်ပြီး မာကျောသောပုံစံကိုဖယ်ထားပြီး မိသားစုဝင်လို နွေးထွေးမှုအရိပ်အယောင်မျိုး ဖော်ပြနေသည်။
ကျန်းဖျင်စစ်နဲ့ အရင်က သူတစ်ခါမှ အတူတူမနေခဲ့ဖူးပေမယ့် သည်တစ်ခါတော့ အခန်းဖော်တစ်ယောက်အနေနဲ့ ဖျင်စစ်သည် သူ၏ဘဝနေထိုင်မှုကို အလွန်တင်းကြပ်ပြီး ဂရုတစိုက်ရှိနေတာကို ယွဲ့ရှင်းဝမ်တွေ့ရှိခဲ့ရသည်။ တကယ်တော့ စာနတ်ဘုရားကလည်း လူတိုင်းထင်သလို အေးစက်တတ်သောသူမဟုတ်ပေ။
ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်တို့သာ စိုက်ကြည့်နေပြီး နည်းဗျူဟာအတွက် စာတစ်လုံးမျှ မရေးရသေးပေ။
ကျန်းဖျင်စစ်က အဝတ်အစားတွေလျှော်ပြီး ပြန်လာတော့ ရှင်းဝမ်က ကုတင်ပေါ်တွင် ကြောင်တောင်တောင်ထိုင်နေတာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူက တစ်ဖက်သို့လှည့်ကာ ယွဲ့ရှင်းဝမ်အနားကိုလာပြီး ဘေးတွင်ထိုင်ချလိုက်ပြီး ဘေးတိုက်ကြည့်ကာ အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ဘာဖြစ်တာလဲ? နည်းဗျူဟာကို တင်ပြီးပြီလား?"
ယွဲ့ရှင်းဝမ်က အသိစိတ်ပြန်ဝင်လာပြီး ရုတ်တရက် မေးလိုက်သည်။
"မင်းဟင်းချက်တတ်လား?"
ဒီမေးခွန်းက ရုတ်တရက်ဆန်ပြီး ကျန်းဖျင်စစ်က ခဏတာအံ့အားသင့်သွားပြီး ပြန်ဖြေလာသည်။
"ငါချက်တတ်ပါတယ်… စာကြည့်တိုက်က လျှပ်စစ်ပစ္စည်းတွေ သုံးခွင့်မပြုလို့၊ မဟုတ်ရင် ငါတို့တွေစားသောက်ဖို့ ကိုယ်တိုင်ချက်ပြုတ်လို့ရတယ်… မင်းကြိုက်တတ်တဲ့ ဝက်ချိုချဉ်နဲ့ ကိုလာကြက်တောင်ပံတွေ ငါအကုန်ချက်တတ်တယ်…"
ယွဲ့ရှင်းဝမ်က တံတွေးမျိုချကာ အပြုံးဖြင့်ပြောသည်။
"မင်းက ထမင်းချက်၊ အဝတ်လျှော်တွေ လုပ်တတ်မယ်လို့ ငါအရင်က တစ်ခါမှ မတွေးခဲ့ဖူးဘူး…"
ကျန်းဖျင်စစ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ဒါဆို မင်းက ငါဘယ်လိုလူမျိုးဖြစ်မယ်လို့ထင်ခဲ့တာလဲ?"
ယွဲ့ရှင်းဝမ်က သူ့ကိုစနောက်သည်။
"သာမန်လူတွေစားတဲ့ အစားအစာတွေကို မစားတဲ့ ဉာဏ်ကြီးရှင်ဖြစ်ပြီး ပျော်ရွှင်မှု၊ ဝမ်းနည်းမှုလည်းမရှိသလို သင်္ချာပညာမှာ အရမ်းထူးချွန်တဲ့သူတစ်ယောက်ပဲ… အနာဂတ်မှာ မင်းက ရုံးခန်းထဲမှာထိုင်ပြီး လူတိုင်းနားမလည်နိုင်တဲ့ သင်္ချာပုစ္ဆာတွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်လာမှာ… လူတွေက မင်းကိုတွေ့တဲ့အခါ လေးစားသမှုနဲ့ ပါမောက္ခကျန်းဆိုပြီး ခေါ်ကြလိမ့်မယ်… မင်းရဲ့အင်္ကျီလက်တွေကိုခေါက်ပြီး အိမ်မှာ အဝတ်လျှော်၊ ထမင်းဟင်းချက်ပြုတ်မဲ့အစား မင်းရဲ့စွမ်းအင်အားလုံးကို သိပ္ပံသုတေသနအတွက်ပဲ မြှုပ်နှံထားလိမ့်မယ်…"
"..." ကျန်းဖျင်စစ်က သူ၏မျက်ခုံးကို ပေါ့ပါးစွာ ပင့်တင်လိုက်ရင်း "အဲဒါက ခံစားချက်မရှိတဲ့ စက်ရုပ်လိုမဟုတ်ဘူးလား?"
ယွဲ့ရှင်းဝမ်က အလျင်အမြန်ရှင်းပြသည်။
"မဟုတ်ဘူး… မဟုတ်ဘူး… အဲဒါက ငါမင်းကို အထက်တန်းကျောင်းတုန်းက အထင်ကြီးခဲ့တဲ့ပုံစံပဲ… မင်းနဲ့ တက္ကသိုလ်မှာ သိလာပြီးတဲ့နောက်မှာ မင်းက ကိုယ့်ရဲ့ခံစားချက်ကို ထိန်းချုပ်ပြီး ထုတ်ဖော်ပြရတာကို မကြိုက်တာမှန်း ငါသိလာရတယ်… တကယ်တော့ မင်းက အရမ်းဂရုတစိုက်တတ်ပြီး နူးညံ့တဲ့သူတစ်ယောက်ပါ…"
ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက ပေါ့ပါးစွာ မြှောက်သွားသည်—— ဂရုစိုက်တတ်ပြီး နူးညံ့တဲ့သူတစ်ယောက်တဲ့လား? သင်္ချာဌာနမှလူများသည် ယွဲ့ရှင်းဝမ်၏မှတ်ချက်များကိုကြားလျှင် သူတို့၏မေးရိုးတွေ ပြုတ်ကျသွားနိုင်သည်။ ဂျူနီယာညီလေး၊ညီမလေးများစွာ၏အမြင်တွင် စီနီယာအစ်ကိုကျန်းဖျင်စစ်သည် ချဉ်းကပ်ရန် အလွန်ခက်ခဲသော ရေခဲတောင်တစ်ခုဖြစ်သည်။
နူးညံ့ခြင်းက မင်းတစ်ယောက်အတွက်သာ ဖြစ်သည်။
ကျန်းဖျင်စစ်က မေးသည်။
"မင်း နည်းဗျူဟာတွေ တစ်လုံးမှ မရေးရသေးဘူးလား? အတွေးထဲမှာပဲ မြှုပ်နေတာလား?"
သူက ထပြီး ကုတင်အောက်က သရေစာဘူးထဲမှ အာလူးကြော်တစ်ထုပ်ကို ယူ၍ ယွဲ့ရှင်းဝမ်အား ပေးလိုက်သည်။
"စွမ်းအင်နည်းနည်း ဖြည့်လိုက်ဦး…"
ယွဲ့ရှင်းဝမ်က ပြုံးကာ အာလူးကြော်ထုပ်ကို ချက်ချင်းယူပြီး ဖောက်ကာ စားနေရင်း နည်းဗျူဟာကို ရေးပြီး သိပ်မကြာခင်မှာပဲ သူက နည်းဗျူဟာကို ဖိုရမ်ပေါ် တင်လိုက်သည်။
ဆောက်လုပ်ရေးဆိုက်၏ ပဟေဠိသင်တန်း၏ သော့ချက်မှာ ဇာတ်ကောင်များဆက်ဆံရေး၏ ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ဖြစ်ရပ်များစွာ၏ ဆက်စပ်မှုဖြစ်သည်။ ပတ်ဝန်းကျင်မှာ ပေါ်လာသော အလုပ်သမားတိုင်းကို အာရုံစိုက်နေသမျှ သူတို့၏နောက်ခံနဲ့ မူလဇစ်မြစ်ကို ရှင်းရှင်းလင်းလင်း စူးစမ်းလေ့လာပြီး စိတ်ကူးတွေကို ပေါင်းစည်းလိုက်ပါက ယခင်နှစ်တွေအတွင်း ဖြစ်ပေါ်ခဲ့သည့် အရေးကြီးသော အဖြစ်အပျက်တွေကို အသုံးပြု၍ အမှန်တရားကို ရှာဖွေဖို့ မခက်ခဲပေ။ ပြစ်မှုကျူးလွန်ရခြင်းအကြောင်းရင်းကို ခွဲခြမ်းစိတ်ဖြာခြင်းမှ တရားခံကို ရှာတွေ့နိုင်သည်။
ယွဲ့ရှင်းဝမ်က ‘လူသတ်သမားက ဦးလေးဖြစ်သည်’ဟု တိုက်ရိုက်မရေးခဲ့ပေ။ ဦးတည်ချက်က ရှင်းလွန်းလျှင် မတူညီသော စာမေးပွဲခန်းများ၏ ဇာတ်ကွက်တွေ ပြောင်းသွားနိုင်ပါသည်။ သူသည် လူတိုင်းကို ကျိုးကြောင်းဆင်ခြင်နည်းကိုသာ သင်ပေးသည်။ မေးခွန်းကို ပို့ချသောအခါတွင် အဖြေမပေးဘဲ မေးခွန်းကိုသာ အဖြေရအောင်ဘယ်လိုလုပ်ရမလဲဆိုတာ ရှင်းပြသည်။
ဒီလိုနည်းဗျူဟာက လူတိုင်းအတွက် အကူအညီဖြစ်မည်လို့ သူယုံကြည်သည်။
နောက်နေ့မနက် 7:30 မှာ အားလုံးက ကန်တင်းအဝင်ဝမှာ အချိန်မီစုရုံးကြသည်။ နောက် 10 မိနစ်လောက်ကြာတော့ မနက်စာ အမြန်စားလိုက်ကာ နောက်သင်တန်းအတွက် စာမေးပွဲကို ပြင်ဆင်ရန် သုံးထပ်မြောက်မှာရှိသော ဗိသုကာဌာန၏ သင်တန်းရွေးချယ်ခြင်းခန်းမကို ရောက်သွားကြသည်။
ဗိသုကာဌာနရှိ နောက်ဆုံးမသင်မနေရသင်တန်း– အဆုံးမရှိလှေကားများ။
ယွဲ့ရှင်းဝမ်သည် တက်ဘလက်မှ သင်တန်းရွေးချယ်ခြင်းခလုတ်ကို ကျွမ်းကျင်စွာဖွင့်လိုက်ပြီး သင်တန်းအချက်အလက်က စခရင်ပေါ်တွင် ပေါ်လာသည် —
မသင်မနေရသင်တန်း: အဆုံးမရှိလှေကားများ
Credit: 3 မှတ်
စာမေးပွဲစည်းကမ်းများ: သင်တန်းကို သုတေသနအဖွဲ့အတွက် ကန့်သတ်ထားပြီး သုတေသနအဖွဲ့ပုံစံဖြင့် စာရင်းသွင်းရမည်ဖြစ်ပြီး Credit မျှဝေခြင်းလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပါသည်။
သင်တန်းဖော်ပြချက်: ကျောက်မျိုးရိုးအမည်ရှိ ကျော်ကြားသော ဗိသုကာပညာရှင်တစ်ဦးသည် အဆုံးမရှိလှေကားများဖြင့် အဆောက်အဦးဝင်္ကပါကို ဒီဇိုင်းထုတ်ခဲ့သည်။ သည်အဆောက်အဦးထဲကနေ ဘယ်သူမှ မထွက်နိုင်ဘူးဟု ပြောခဲ့သည်။
စာမေးပွဲလိုအပ်ချက်များ: တစ်နာရီအတွင်း ဝင်္ကပါထဲက ထွက်ပါ။
မှတ်ချက်များ: Credit မျှဝေခြင်းလုပ်ဆောင်ချက်သည် စာမေးပွဲအောင်မြင်ရန် အထောက်အကူဖြစ်စေကာ ဖြေဆိုသူအရေအတွက်ကို လျှော့ချနိုင်သည်။ ကျေးဇူးပြု၍ ၎င်းကိုရွေးချယ်အသုံးပြုပါ။
သင်တန်းရွေးချယ်မှုကို အတည်ပြုပါ: Yes / No
ဒါကိုမြင်တော့ ခယ်ရှောင်ပင်းက မထိန်းနိုင်ဘဲ ပြောလိုက်သည်။
"ကျောက်မျိုးရိုးအမည်ရတဲ့ ဗိသုကာပညာရှင်ဆိုတော့ ကျောက်လျန်များလား!"
လျှိုကျောက်ချင်းက ခေါင်းကုတ်ကာ ပြောသည်။
"ဗိသုကာဌာနက သင်တန်းတွေကြားမှာ ဆက်စပ်မှုရှိနေတာလား?"
ရွှီယိရှန်းက လေးနက်သောအပြုံးဖြင့် ဆိုသည်။
"ဖော်ပြချက်မှာ ကျောက်လျန်လို့ မပြောထားဘဲ ကျောက်မျိုးရိုးအမည်ရတဲ့လူလို့ ပြောထားတာလေ… ‘ဆောက်လုပ်ရေးဆိုက်၏ ပဟေဠိ’သင်တန်းမှာ ကျောက်မျိုးရိုးအမည်ရတဲ့ ဇာတ်ကောင်တွေ အများကြီးပါလို့ဖြစ်နိုင်တယ်…"
ကျိုဖုန်းက မေးသည်။
"မင်းက Credit မျှဝေခြင်းလုပ်ဆောင်ချက်ကို အသုံးပြုချင်သလား? ‘မြို့ပြိုကျခြင်း’တုန်းကလို လူခုနစ်ယောက်ပဲ စာမေးပွဲဖြေကြမလား?"
ယွဲ့ရှင်းဝမ်က သင်တန်းဖော်ပြချက်ကို လေးလေးနက်နက်ကြည့်သည်။
လူနည်းနည်းနဲ့ စာမေးပွဲဖြေတာက ပိုကောင်းသလား။ ၎င်းသည် ရွေ့လျားအား ဝင်္ကပါဖြစ်နိုင်ဖွယ်ရှိပြီး လူများပါက လမ်းပျောက်ရန် လွယ်ကူသည်။
‘မြို့ပြိုကျခြင်း’သင်တန်းက လွတ်မြောက်ရေးသင်တန်းဖြစ်ပြီး နေရာရွှေ့ပြောင်းခြင်းဆိုင်ရာ စွမ်းရည်များစွာကို လိုအပ်ပါသည်။ ဤသင်တန်းသည် သန်မာသော ဦးတည်ချက်အမြင်အာရုံနှင့် မှတ်ဉာဏ်လိုအပ်သည့် ဝင်္ကပါသင်တန်းဖြစ်ပြီး ယခင်သင်တန်းအတိုင်း လူစာရင်းကို တိုက်ရိုက်အသုံးချ၍မရပေ။
ယွဲ့ရှင်းဝမ်က လူတိုင်းကို စူးစူးစိုက်စိုက်ကြည့်ပြီး သူ့အကြည့်တွေက အငယ်ဆုံးဂျူနီယာညီလေးအပေါ် ရောက်သွားကာ မေးသည်။
"ကျန်းရှောင်နျန်၊ မင်း ဒီသင်တန်းကို တက်ချင်လား?"
ကျန်းရှောင်နျန်က အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။
"ကျွန်တော့်ရဲ့ဦးတည်ချက်အမြင်အာရုံက သိပ်မကောင်းပေမယ့် ဗိသုကာဝင်္ကပါထဲမှာ စက်ယန္တရားတွေ ရှိကောင်းရှိနိုင်တယ်မလား? ကျွန်တော် ငယ်ငယ်လေးကတည်းက ဗိသုကာပုံဆွဲနည်းမျိုးစုံကို လေ့လာခဲ့တာကြောင့် ကျွန်တော် ကူညီနိုင်လောက်တယ်…"
သူက အဖွဲ့ကို ဆွဲချတာမျိုး မဖြစ်စေချင်ပေမယ့် ယခုက ဗိသုကာဌာနဖြစ်နေတာကြောင့် သူလည်း ပါဝင်ကူညီချင်သည်။
ယွဲ့ရှင်းဝမ်က သူတွေးနေတာကို သဘောပေါက်တာကြောင့် ပြုံးကာ သူ့ပခုံးကို ပုတ်လိုက်သည်။
"မင်းမှာ ဦးတည်ချက်အမြင်အာရုံ ကောင်းကောင်းမရှိဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး… မင်း တစ်ယောက်တည်း သွားရမှာမှမဟုတ်တာ… ငါတို့နဲ့ အနီးကပ်လိုက်ခဲ့ပေါ့… မင်းက ပါဝင်သင့်တယ်… မင်းက ငါတို့ထက် ဗိသုကာဒီဇိုင်းမှာ ပိုကျွမ်းကျင်တယ်လေ…"
ကျန်းရှောင်နျန်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီ… ကျွန်တော် အားလုံးနောက်ကနေ အနီးကပ်လိုက်ခဲ့မယ်!"
ယွဲ့ရှင်းဝမ်က ဆက်လက်၍ ပြောသည်။
"ဒါဆို ငါ၊ ဖျင်စစ်၊ ကျန်းရှောင်နျန်၊ ခယ်ရှောင်ပင်း၊ ချင်လု၊ စီနီယာအစ်ကိုကျိုနဲ့ စီနီယာအစ်မလင်းတို့က ဒီသင်တန်းမှာ အတူပါဝင်ကြမယ်…"
စီနီယာအစ်ကိုလျှို၏ ခွဲစိတ်ဓားနှင့် ပတ်တီးက ဝင်္ကပါတွင် အသုံးမဝင်ပေ။ ရွှီယိရှန်း၏ mitosis၊ ချင်မြောင်၏ အဖွဲ့လိုက်လက်နက်ဖြုတ်ချခြင်း၊ ရှင်းယန်၏ ပြင်းထန်သောအက်စစ်နှင့် အရက်မီးခွက်တို့က ဝင်္ကပါထဲမှာ အမှန်တကယ် အသုံးမဝင်လှပေ။
ကျိုဖုန်းနှင့် လင်းမန့်လော်တို့သည် ယခင်တုန်းက သည်သင်တန်းကို မတက်ရောက်ခဲ့ရတာကြောင့် သည်တစ်ခေါက်မှာ သူတို့တက်ရောက်ရန် အခွင့်အရေးပေးလိုက်သည်။
ချင်လုသည် သူမအစ်မက ဌာနတစ်ခုထဲရှိ သင်တန်းနှစ်ခုတွင် အရန်ခုံ၌ထိုင်ရကာ မပျော်မရွှင်ဖြစ်မည်ကို စိုးရိမ်သဖြင့် သူမအစ်မအား ကြည့်လိုက်သည်။ ချင်မြောင်က ဂရုမစိုက်သောအကြည့်ဖြင့် ပြောလာသည်။
"ငါက ဝိဇ္ဇာတွဲသင်တန်းတွေကျရင် သွားရမှာ… နင်က ဝင်္ကပါထဲသွားမယ်ဆိုရင် ပိုအသုံးဝင်လိမ့်မယ်…"
ချင်လုက ခေါင်းငြိမ့်ပြီး တိုးတိုးပြောလိုက်သည်။
"အစ်မ၊ ငါတို့တွေ သေချာပေါက် အောင်အောင်လုပ်ခဲ့မယ်…"
ရှင်းယန်၏အမူအရာက အလွန်တည်ငြိမ်နေပြီး ခယ်ရှောင်ပင်းက သူ့ကို အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးသည်။
"နောင်အခါ ရှင်သန်ရေးသင်တန်းနဲ့ ကြုံရင် မင်းရဲ့စွမ်းရည်တွေက အရမ်းအသုံးဝင်လိမ့်မယ်… ဒါပေမယ့် မင်းရဲ့ပြင်းထန်တဲ့အက်စစ်က ဝင်္ကပါထဲမှာ သိပ်အသုံးဝင်မှာမဟုတ်ဘူး…"
ရှင်းယန်က ပေါ့ပါးစွာ ဆိုသည်။
"ငါသိတယ်… ငါကလည်း Aqua regia ကို သုံးပြီး လှေကားတွေကို အရည်မဖျော်နိုင်ပါဘူး…"
သူ စိတ်မခုတာကို မြင်တော့ ခယ်ရှောင်ပင်းက စိတ်သက်သာရာရသွားသည်။
လျှိုကျောက်ချင်းက အပြုံးဖြင့်ပြောသည်။
"ငါတို့တွေ လဲလျောင်းပြီး အနိုင်ယူဖို့ စောင့်ကြတာပေါ့…"
ကျိုဖုန်းက ရိုးရှင်းစွာ ပြောသည်။
"ရှင်းဝမ်၊ နောင်အခါ Credit မျှဝေတဲ့သင်တန်းနဲ့ ကြုံရင် မင်း တိုက်ရိုက်စီစဉ်လို့ရတယ်… သင်တန်းတွေအများကြီးရှိပြီး အဖွဲ့အတွက် စာမေးပွဲအောင်ဖို့ ကျိုးကြောင်းဆီလျော်မှုအရှိဆုံးလူစာရင်းကို ရှာဖွေတာက အဓိပ္ပါယ်ရှိပါတယ်… ငါတို့ မင်းကို ယုံကြည်တယ်…"
ရွှီယိရှန်းက အပြုံးဖြင့် ဆိုသည်။
"ဟုတ်တယ်… မင်းက အဖွဲ့ခေါင်းဆောင်ပဲ… မင်းဆုံးဖြတ်တာဆိုရင် ငါတို့လည်း ပြောစရာမရှိပါဘူး… ဒီသင်တန်းကို တက်ဖို့မလိုဘူးဆိုတော့ ငါပျော်နေတုန်းပါပဲ…"
Credit မျှဝေခြင်း၏ အဓိကသော့ချက်မှာ စာမေးပွဲဖြေဆိုခဲ့သော ကျောင်းသားတစ်ဝက်မှာ ကျရှုံးခဲ့ပါက စာမေးပွဲမဖြေဆိုခဲ့သော တစ်ဝက်မှာလည်း ကျရှုံးသွားမှာဖြစ်သည်။ သင်တန်းများစွာအတွက် အရန်ခုံမှာပဲ ဆက်တိုက်ထိုင်နေရပါက သူတို့၏စိတ်ထဲတွင် မလွဲမသွေ မကျေနပ်မှုတွေ ရှိလာမှာဖြစ်သည်။
ကံကောင်းထောက်မစွာ ဤအဖွဲ့ရှိ ကျောင်းသားများသည် တွန့်တိုသူများမဟုတ်သောကြောင့် အဖွဲ့ခေါင်းဆောင်အနေဖြင့် ယွဲ့ရှင်းဝမ်၏ ဆုံးဖြတ်ချက်ကို ယုံကြည်လိုကြသည်။ ထို့ကြောင့် လူတွေအများကြီးက အဖွဲ့တစ်ဖွဲ့ကို စတင်ဖွဲ့စည်းပြီး ပွဲဦးထွက်ကာလမှာပဲ ရှိပါသေးသည်။ လူတိုင်းအတွက် လူစာရင်းကို နှစ်ခေါက်စီစဉ်ပေးခဲ့တာနဲ့ ပတ်သက်၍ အငြင်းပွားစရာမရှိတာကြောင့် ယွဲ့ရှင်းဝမ် တော်တော်လေး စိတ်သက်သာရာရသွားသည်။
သူက လူတိုင်းကို ခေါင်းငြိမ့်ပြလိုက်သည်။
"ငါတို့လူခုနစ်ယောက်က စာမေးပွဲသွားဖြေပြီး လူတိုင်းကို စာမေးပွဲအောင်အောင် ကူညီပေးမှာပါ…"
ထိုသို့ပြောပြီးနောက် သူ့ရှေ့က တက်ဘလက်ပေါ်ရှိ "သင်တန်းရွေးချယ်ခြင်း" ခလုတ်ကို နှိပ်လိုက်သည်။
လူတိုင်း၏နားထဲတွင် အချက်ပေးသံက တစ်ချိန်တည်းထွက်ပေါ်လာသည်——
"C-183 သုတေသနအဖွဲ့က ဗိသုကာဌာနရဲ့ မသင်မနေရသင်တန်း‘အဆုံးမရှိလှေကားများ’ကို အောင်မြင်စွာရွေးချယ်ပြီးပါပြီ… စာမေးပွဲခန်း ဖွင့်ပါတော့မယ်… ကျေးဇူးပြု၍ စောင့်ပေးပါ…"
#TK