Chapter 73
Viewers 5k

Volume 4 : ဗိသုကာဌာန


Chapter 73 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ဇာတ်သိမ်း)


ယန်ခိုင်က ကျောက်လျန်၏အမေ၊ ကျောက်တရုန်၏မရီးဖြစ်သူ ယန်ဟွေ့နှင့် မျိုးရိုးတူသည်။ သူသည် ယန်ဟွေ့၏မောင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ လက်ရှိတွင် ယွဲ့ရှင်းဝမ်ဆီမှာ အမှန်တကယ် သက်သေမရှိဘဲ သီအိုရီအရ ထင်ကြေးပေးခြင်းသာဖြစ်ပြီး သံသယများစွာရှိနေဆဲဖြစ်သည်။


—— သူသာ ယန်ဟွေ့၏မောင်ဖြစ်လျှင် ကျောက်လျန်နှင့် မရင်းနှီးသလို သူအဘယ်ကြောင့်ပြုမူရသနည်း။ ကျောက်လျန်က ဒီဦးလေးကို မသိခဲ့တာလား။ သို့ပေမယ့် သူက ယန်ဟွေ့နှင့် ဘာမှမပတ်သက်ဘဲ မျိုးရိုးတူရုံပဲဆိုလျှင် ဆောက်လုပ်ရေးဆိုက်မှာ သူလုပ်ခဲ့တာတွေကို ဘယ်လိုရှင်းပြမည်နည်း။


ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းအား ကျောက်လျန်ကို လူကိုယ်တိုင် မေးမြန်းခိုင်းခဲ့သည်။ စီနီယာအစ်ကိုလျှိုက ယခုရက်ပိုင်းအတွင်း ကျောက်လျန်နှင့် များစွာစကားပြောခဲ့ပြီး အချိန်ရတိုင်း ချစ်ရသူကိုဆုံးရှုံးခဲ့ရသော လူငယ်လေးကို နှစ်သိမ့်ပေးခဲ့သည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးဟာ တဖြည်းဖြည်းရင်းနှီးလာခဲ့ပြီး ကျောက်လျန်ကလည်း သူနဲ့ စကားပြောလိုစိတ်ရှိလာသည်။


လျှိုကျောက်ချင်းက မရည်ရွယ်သလို ဟန်ဆောင်ကာ မေးလိုက်သည်။

"အားလျန်၊ မင်းအိမ်မှာ အခြားဆွေမျိုးတွေမရှိဘူးလား?"


ကျောက်လျန်က ခေါင်းခါလိုက်သည်။

"မရှိဘူး…"


လျှိုကျောက်ချင်း: "မင်းအဖေမှာ တရုန်ဖြစ်တဲ့ ညီတစ်ယောက်ရှိပြီး မင်းအမေမှာကကော? သူမမိသားစုထဲမှာ အခြားမောင်နှမတွေမရှိဘူးလား?"


ကျောက်လျန်က ခဏမျှ နှုတ်ဆိတ်နေပြီး ပြောလာသည်။

"ကျွန်တော်မသိဘူး… ကျွန်တော်မှတ်မိသလောက်တော့ ကျွန်တော့်အမေက သူမမိဘအိမ်ကို ဘယ်တော့မှမသွားတာဘဲ… ကျောက်ရွာကလူတွေက သူမဟာ မိဘမဲ့ဖြစ်ပြီး ကျွန်တော့်အဖေက သူမကိုခေါ်ခဲ့တာလို့ပြောတယ်… အဘိုးနဲ့ အဘွားအကြောင်းကို သူမပြောတာ တစ်ခါမှ မကြားဖူးဘူး…"


ကောင်လေးက လိမ်နေပုံမပေါ်ပေ။ လျှိုကျောက်ချင်းက ခဏရပ်ကာ သံယောင်လိုက်ပြီး မေးသည်။

"ဒါဆို မင်းအမေရဲ့ဇာတိကို မင်းသိလား? အဲဒီမှာ အခြားဆွေမျိုးတွေ ရှိကောင်းရှိနိုင်မှာပေါ့…"


ကျောက်လျန်က နှုတ်ခမ်းကိုကိုက်ကာ ပြောသည်။

"ကျွန်တော့်အမေက B မြို့အနီး ရှို့ဟဲမြို့ကပါ… သူမက သူမဇာတိကို ဘယ်တော့မှ မပြန်သလို၊ ကျွန်တော်လည်း သူမဇာတိက ဆွေမျိုးတွေဆီ မသွားချင်ဘူး… ကျွန်တော့်အမေအသက်ရှင်တုန်းက အဲဒီလူတွေက သူမကိုတောင် ဂရုမစိုက်ခဲ့တာ၊ ကျွန်တော် သူတို့ဆီသွားရင် ကျွန်တော့်ကိုခေါ်ထားဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး…"


သူက ခဏရပ်ကာ လျှိုကျောက်ချင်းကို မော့ကြည့်လိုက်သည်။

"အစ်ကိုလျှို စိတ်မပူပါနဲ့… ကျွန်တော့်ဦးလေးက မရှိတော့ဘူး၊ ပြီးတော့ ကျွန်တော် လျော်ကြေးငွေရထားပြီးပြီ… ကျွန်တော် အနာဂတ်မှာ တစ်ခုခုတတ်မြောက်ဖို့အတွက် ဒီငွေကို အသုံးချမှာပါ… ဒေါ်လေးရွှယ်မေ့နဲ့ ဦးလေးကျောက်ချန်တို့က ကျွန်တော့်ကို စောင့်ရှောက်မှာပါ…"


လျှိုကျောက်ချင်းက သူ့ပခုံးကို ပေါ့ပေါ့ပါးပါး ပုတ်လိုက်သည်။

"မင်းက ငယ်ပါသေးတယ်၊ အနာဂတ်မှာ ကောင်းကောင်းနေထိုင်ပေါ့…"


လျှိုကျောက်ချင်းသည် ကျောက်လျန်၏အဖြေကို ယွဲ့ရှင်းဝမ်အား ပြန်ပြောပြသည်။ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ကျောက်လျန်ရဲ့အမေ ယန်ဟွေ့ရဲ့မိသားစုက မတော်တဆမှုဖြစ်ခဲ့ပုံပဲ… သူမရဲ့ဇာတိက B မြို့နဲ့နီးတယ်… အဲဒါက ကျန်းသယ်ရှင်းရဲ့ ဇာတိမဟုတ်ဘူးလား?"


ကျန်းဖျင်စစ်: "ယန်ဟွေ့ရဲ့မိဘတွေက မတော်တဆမှုဖြစ်ခဲ့ပြီး ကျန်းသယ်ရှင်းနဲ့ ဆက်စပ်နေတယ်လို့ ယူဆတာလား?"


လျှိုကျောက်ချင်းက သက်ပြင်းချလိုက်သည်။

"ဒါဆို ယန်ဟွေ့ရဲ့မိသားစုက လက်စားချေဖို့ အကြောင်းပြချက် ပိုရှိတာပေါ့…"


ယွဲ့ရှင်းဝမ်: "သယ်ရှင်း group ရဲ့ တည်ထောက်မှုသမိုင်းကြောင်းကို သေချာစစ်ဆေးကြည့်လိုက်…"


ခယ်ရှောင်ပင်းသည် သယ်ရှင်း group ၏ အချက်အလက်များကို ယခင်က ဒေါင်းလုဒ်လုပ်ခဲ့ပြီး သည်စကားကိုကြားသောအခါ သူ၏လက်ပ်တော့ကို ချက်ချင်းဖွင့်လိုက်သည်။


တရားဝင်အချက်အလက်များအရ သယ်ရှင်း group ကို လွန်ခဲ့သော 10 နှစ်ခန့်က စတင်တည်ထောင်ခဲ့ပြီး A မြို့တွင် မှတ်ပုံတင်ထားခဲ့သည်။ ကျန်းသယ်ရှင်းက ဖြည်းဖြည်းချင်စတင်ခဲ့ပြီး အိမ်ခြံမြေကုမ္ပဏီကို ပိုမိုကြီးမားအားကောင်းပြီး လုပ်ငန်းပိုမိုတိုးတက်အောင် ပြုလုပ်ခဲ့သည်။ သူသည် A မြို့တွင် ကျော်ကြားသော စွန့်ဦးတီထွင်သူဖြစ်လာခဲ့သည်။ သူသည် A မြို့တွင် မကြာခဏ အလုပ်လုပ်သော်လည်း သူ၏ဇာတိမြို့သည် အမှန်တကယ် ဝေးကွာသော B မြို့တွင် ရှိပြီး… သူကလည်း B မြို့ရှိ ရှို့ဟဲမြို့မှ လူဖြစ်သည်။


ခယ်ရှောင်ပင်းက သည်စာကြောင်းကို ညွှန်ပြပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

"သူ့ဇာတိက ကျောက်လျန်အမေရဲ့ ဇာတိနဲ့အတူတူပဲ…"


ရွှီယိရှန်းက လက်ပ်တော့စခရင်ကို စူးစိုက်ကြည့်ရင်း တွေးတွေးဆဆပြောသည်။

"အချက်အလက်အရ ကျန်းသယ်ရှင်းရဲ့မိဘတွေက ဝင်ငွေနည်းတဲ့ လယ်ယာလုပ်သူတွေဖြစ်ပြီး သူကိုယ်တိုင်ကလည်း နာမည်ကြီးတက္ကသိုလ်က ဘွဲ့ရတစ်ဦးမဟုတ်ဘူး… သူ့မှာ စီးပွားရေးအခြေခံအုတ်မြစ်မရှိသလို မိသားစုကျောထောက်နောက်ခံလည်း မရှိဘူး… သူ့လိုလူမျိုးက လုပ်ငန်းတစ်ခုကို အစကနေစချင်ရင် ဘဏ်ချေးငွေကနေ တိုက်ရိုက်ချေးဖို့ မဖြစ်နိုင်ဘူး… ဒီတော့ သူ့ရဲ့ပထမဆုံးရွှေအိုးက ဘယ်ကလာတာလဲ?"


လုပ်ငန်းတစ်ခုစတင်ဖို့ အရင်းအနှီးအမြဲရှိရန် လိုအပ်ပါသည်။ စကားအနည်းငယ်ပြောရုံနဲ့ အခြားသူတွေက သင့်အတွက် ရင်းနှီးမြုပ်နှံမှာမဟုတ်ပေ။ နောက်ခံမရှိသော ကျန်းသယ်ရှင်းသည် မှတ်ပုံတင်ပြီး အိမ်ခြံမြေကုမ္ပဏီတစ်ခုတည်ထောင်ရန် ငွေဘယ်ကရလာသနည်း။


ဒါကိုစဉ်းစားရင်း ယွဲ့ရှင်းဝမ်က လျင်မြန်စွာ ပြောလိုက်သည်။

"ရှောင်ခယ်၊ လွန်ခဲ့တဲ့ နှစ် 20 ကျော်က ရှို့ဟဲမြို့မှာ သက်ကြီးရွယ်အိုတစ်ဦး သေဆုံးမှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုသတ်သေမှု သတင်းရှိ၊မရှိကို စစ်ဆေးကြည့်လိုက်…"


ကျန်းဖျင်စစ်: "သူ့ရဲ့ပထမဆုံးရွှေအိုးက သူ့ဇာတိမြို့က အဘိုးအိုတစ်ဦးကို လှည့်စားပြီး… တရားမဝင်ရန်ပုံငွေရှာတာလို့ မင်းသံသယရှိတာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ယန်ဟွေ့က ကျောက်တချန်ကိုယူပြီး ကျောက်လျန်ကိုမွေးတာက လွန်ခဲ့တဲ့ နှစ် 20 ‌ကပဲ… ယန်ဟွေ့လက်ထပ်တဲ့အခါ သူမရဲ့မိသားစုက ဆွေမျိုးတွေဟာ မင်္ဂလာပွဲကို လာခဲ့ခြင်းမရှိတာကြောင့် ကျောက်ရွာမှလူတွေက သူမကို မိဘမဲ့လို့ထင်ခဲ့ကြတယ်… ‌ကျောက်လျန်က သူမဘက်ကဆွေမျိုးတွေဖြစ်တဲ့ အဘိုး၊အဘွား၊ ဦးလေးတို့အကြောင်း ပြောဆိုတာကို မကြားဖူးဘူး… ဒီတော့ ယန်မိသားစုက သူမလက်မထပ်မီ တစ်ခုခုဖြစ်ခဲ့လိမ့်မယ်…"


ယန်ဟွေ့လက်မထပ်မီ ယန်မိသားစုတွင် တစ်ခုခုဖြစ်ခဲ့သည်ဟု ယူဆပါက သူမသည် သူမ၏ခင်ပွန်းနှင့်သားအရှေ့တွင် သူမ၏မိသားစုအကြောင်းကို မဖော်ပြတာ အဓိပ္ပါယ်ရှိပါသည်။


ကျန်းသယ်ရှင်းက ယခုနှစ်တွင် အသက် 40 ရှိပြီဖြစ်သည်။ လွန်ခဲ့သောအနှစ် 20 က သူဟာ အသက် 20 ပဲ ရှိပါသေးသည်။ သူ၏‌ဇာတိမြို့ရှို့ဟဲကို ပြန်ရောက်ပြီးနောက် သူအမှားတစ်ခုခုလုပ်ခဲ့သလား။


လွန်ခဲ့သော အနှစ် 20 က ဘာဖြစ်ခဲ့သလဲဆိုတာကို ရှာဖွေရတာခက်ခဲပြီး သတင်းအများစုမှာ ပျောက်ကွယ်သွားပြီးဖြစ်သည်။ ခယ်ရှောင်ပင်းသည် မထင်ရှားသော ရှုထောင့်တစ်ခုမှ ဒေသတွင်း မီဒီယာ သတင်းတစ်ပုဒ်ကို မတွေ့ရှိခင်အထိ အချိန်အတော်ကြာ ရှာဖွေခဲ့ရသည်။

"ရှို့ဟဲမြို့မှ သက်ကြီးရွယ်အိုလင်မယားက သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှု မအောင်မြင်တာကြောင့် ပင်စင်လစာသိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးနောက် စိတ်ဓာတ်ကျပြီး နေအိမ်မှာပဲ ဓာတ်ငွေ့ဖွင့်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားခဲ့တယ်… အဆောက်အဦးပေါ်ကနေ ခုန်ချပြီး သတ်သေသွားတဲ့ သက်ကြီးရွယ်အိုလည်းရှိတယ်… ရှို့ဟဲမြို့မှာ အဲဒီနှစ်က တရားမဝင်ရန်ပုံငွေရှာတဲ့ ကိစ္စရှိခဲ့ပေမယ့် သံသယရှိသူကတော့ ထွက်ပြေးသွားပြီး မဖမ်းမိခဲ့ဘူး…"


လူတိုင်း: "..."


သက်ကြီးရွယ်အိုများက လှည့်စားရန် အလွယ်ဆုံးအုပ်စုဖြစ်သည်။ “မြင့်မားသောအတိုးနှုန်းနှင့် မြင့်မားသောအမြတ်” ၏အသွင်ဆောင်မှုအောက်တွင် ထိုလိမ်လည်သူများသည် သူတို့၏ပင်စင်လစာများကို လိမ်လည်ရန် ကြက်ဥနှင့်သစ်သီးတချို့ပေးပို့သည်။ အစပိုင်းတွင် သူတို့သည် အမှန်တကယ် အတိုးနှင့် ချိုမြိန်မှုတချို့ကို ပေးလိမ့်မည်။ သက်ကြီးရွယ်အိုတွေက ထိုအတိုးနှုန်းမြင့်မားနေတာကို မြင်ပြီးနောက် ရင်းနှီးမြှုပ်နှံမှုများ တိုးလာကာ ဆွေမျိုးများကိုပါ အတူတကွ ရင်းနှီးမြှပ်နှံရန် ဆွဲဆောင်ပြီး နောက်ဆုံးတွင် အရာအားလုံးဆုံးရှုံးသွားမည်ဖြစ်သည်။


သည်လိုလိမ်လည်မှုတွေက များသည်။ ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။

"ကိုယ့်ကိုကိုယ်သတ်သေတဲ့ သက်ကြီးရွယ်အိုရဲ့ မျိုးရိုးနာမည်ကယန်လား?"


ခယ်ရှောင်ပင်းက ခေါင်းငြိမ့်ပြသည်။

"ရှို့ဟဲမြို့က ယန်နဲ့ လျန်ဟာ ကိုယ့်ကိုယ်ကို သတ်သေချိန်မှာ အသက် 60 ဝန်းကျင်ပဲ ရှိသေးတယ်…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်လိုက်ပြီး ကျန်းဖျင်စစ်ကတည်ငြိမ်စွာပြောသည်။

"ဒီသက်ကြီးရွယ်အိုတွေက ယန်ဟွေ့နဲ့ ယန်ခိုင်ရဲ့ မိဘတွေပဲ… သူတို့မိသားစုရဲ့ပိုင်ဆိုင်မှုတွေ အလိမ်ခံလိုက်ရတာကြောင့် စိတ်ဓာတ်ကျပြီး ဓာတ်ငွေ့ဖွင့်ပြီးတော့ ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်… ယန်ဟွေ့နဲ့ ယန်ခိုင်က သူတို့မိဘတွေရဲ့ ကြေကွဲဖွယ်ရာသေဆုံးမှုကို သူတို့မျက်စိနဲ့မြင်ခဲ့တာကြောင့် အဲဒါကိုထပ်ပြီး မပြောချင်တော့တာဖြစ်မယ်… ဒါကြောင့် ကျောက်လျန်က သူ့အမေက သူ့အဘိုးနဲ့ အဘွားအကြောင်းကို ပြောတာ ဘယ်တော့မှမကြားဖူးဘူးလို့ ပြောခဲ့တာပဲ…" 


ယွဲ့ရှင်းဝမ်: "သံသယရှိသူက ပိုက်ဆံထုပ်နဲ့ထွက်ပြေးသွားတာလား? ကျန်းသယ်ရှင်းက အဲဒီလိမ်လည်တဲ့အဖွဲ့အစည်းနဲ့ ပတ်သက်မှုတစ်ခုခုရှိရမယ်… ဒီငွေတွေနဲ့ ကျန်းသယ်ရှင်းက နိုင်ငံခြားမှာ လှည့်ပတ်ပြီး အဲဒါက ကျန်းသယ်ရှင်း တည်ထောင်ထားတဲ့ ‘သယ်ရှင်း group’ရဲ့ ပထမဆုံးရွှေအိုးဖြစ်လာခဲ့တယ်… လွန်ခဲ့တဲ့ နှစ် 20 က ဖြစ်ပျက်ခဲ့တာကြောင့် အမြတ်ကြီးစားတဲ့ ကျန်းသယ်ရှင်းက သက်ဆိုင်ရာသက်သေတွေကို ဖျောက်ပစ်လိုက်ပြီဖြစ်မယ်… ရှို့ဟဲမြို့က လူတွေ တစ်ခုခုကိုသိခဲ့ရင်တောင် သူ့ကို တရားစွဲဖို့ နည်းလမ်းမရှိဘူး…"


ကျန်းဖျင်စစ်: "နောက်တော့ ကျောက်ရွာမှာရှိတဲ့ ချင်းရွှိန်ပင်လယ်အော်ပရောဂျက်မှာ မတော်တဆမှုထပ်ဖြစ်ပြန်တယ်… ကျောက်တရုန်ရဲ့အစ်ကို မတော်တဆပြုတ်ကျပြီး သေဆုံးပြီးနောက် သူ့မရီးက တရားမျှတမှုကိုရှာဖွေဖို့ တစ်ဖက်လူဆီ သွားခဲ့တယ်လို့ ကျောက်အန်းမင်က ပြောခဲ့တယ်… ‘တရားမျှတမှုကိုရှာဖွေဖို့’ဆိုတဲ့စကားလုံးက အရင်က သူမမိဘတွေသေဆုံးမှုပါ ပါဝင်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က သဘောတူသည်။

"သူမယောင်္ကျားက မတော်တဆပြုတ်ကျခဲ့တာဆိုရင် ကျန်းသယ်ရှင်းက သူမကို ပိုက်ဆံနည်းနည်းလောက်ပေးပြီး သူမကို သတ်ပစ်ဖို့မလိုဘူး… ဒါပေမယ့် ယန်ဟွေ့က ရှင်းပြချက်ကို တောင်းခံဖို့သွားတဲ့အချိန် မတော်တဆကားတိုက်ခံရပြီး သေဆုံးခဲ့တာကြောင့် သူမ နှုတ်ပိတ်ခံရတယ်ဆိုတာ သိသာပြီး ယန်ဟွေ့အတွက် တရားမျှတမှုကိုရှာဖွေဖို့ဆိုတာက ထင်သလောက်မရိုးရှင်းဘူးဆိုတာ ပြသနေတယ်… အဲဒီထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ကျန်းသယ်ရှင်းရဲ့ ရန်ပုံငွေလိမ်လည်မှုရဲ့ အတွင်းပိုင်းဖြစ်စဉ်လည်း ပါဝင်နိုင်ဖွယ်ရှိတယ်…"


ရွှီယိရှန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

"ယန်ဟွေ့က ဥပဒေအကြောင်း သိပ်မသိတာဖြစ်နိုင်တယ်… ပြဿနာရှာရင် လျော်ကြေးငွေပိုရနိုင်မယ်လို့ သူမထင်ထားပေမယ့် ကျန်းသယ်ရှင်းက ရက်စက်ကြမ်းကြုတ်ပြီး သူမကိုသတ်ဖို့ ယာဉ်မတော်တဆမှုကို ဖန်တီးမယ်ဆိုတာ သူမထင်ထားမှာမဟုတ်ဘူး…"


ခယ်ရှောင်ပင်းက လေးနက်စွာ ကောက်ချက်ချသည်။

"သူတို့ရဲ့မိဘတွေက ပင်စင်လစာတွေ ဆုံးရှုံးပြီး လွန်ခဲ့တဲ့ အနှစ် 20 လောက်က ဓာတ်ငွေ့နဲ့ သတ်သေခဲ့တယ်… အစ်မဖြစ်သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကားတိုက်ခံရပြီး သေဆုံးခဲ့တယ်… ယန်ခိုင်က ကျန်းသယ်ရှင်းကို အရိုးစွဲအောင်မုန်းနေပြီး ပြစ်မှုကျူးလွန်ဖို့ ရည်ရွယ်ချက်ရှိတယ်မလား?"


ယွဲ့ရှင်းဝမ်က ပြန်ပြောလိုက်သည်။

"ယန်ခိုင်ရဲ့ ကိုယ်ရေးအကျဉ်းကို စစ်ဆေးလိုက်…"


ခယ်ရှောင်ပင်းသည် သက်ဆိုင်ရာအချက်အလက်များကို အမြန်ရယူပြီး ပြောလာသည်။

"ယန်ခိုင်က အသက် 35 နှစ်ရှိပြီဖြစ်ပြီး ပညာအရည်အချင်းမမြင့်ဘူး… သူ ကျောင်းပြီးတော့ နေရာတိုင်းမှာ အလုပ်ဝင်လုပ်ပြီး အလုပ်အတည်တကျမရှိခဲ့ဘူး… လွန်ခဲ့တဲ့သုံးနှစ်ခန့်က A မြို့ရဲ့ အင်ဂျင်နီယာအဖွဲ့ရှစ်ကို ရောက်လာပြီး အင်ဂျင်နီယာအဖွဲ့နဲ့ လက်တွဲခဲ့တယ်…"


ကျန်းဖျင်စစ်: "ကျန်းသယ်ရှင်းက အခုအချိန်မှာ နာမည်ကြီး ပြည်တွင်းလုပ်ငန်းရှင်၊ သယ်ရှင်း group ရဲ့ သူဌေးဖြစ်တယ်… ဆောက်လုပ်ရေးအဖွဲ့က အဖွဲ့ဝင်ဖြစ်တဲ့ ယန်ခိုင်ဟာ ဥက္ကဋ္ဌကျန်းနဲ့ တွေ့ဆုံဖို့ခက်ခဲပြီး ယန်ခိုင်က ဥက္ကဋ္ဌကျန်းကို အရိုးစွဲအောင်မုန်းနေရင်တောင် သူ့ကို ဘာမှလုပ်လို့မရဘူး…"


ယွဲ့ရှင်းဝမ်က အချိန်ဇယားကို ‌အသေအချာ တွေးတောပြီး ကောက်ချက်ချလိုက်သည်။

"သူ တည်ရှိနေတဲ့မြို့က ဆောက်လုပ်ရေးအဖွဲ့ရှစ်ဟာ ရှင်းယွဲ့ပလာဇာပရောဂျက်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ သယ်ရှင်း group နဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်… ပရောဂျက်ကို မတ်လမှာ စတင်တဲ့အခါ ဥက္ကဋ္ဌကျန်းက ဆောက်လုပ်ရေးဆိုက်ကို ရောက်လာလိမ့်မယ်… သူ့ကိုမြင်လိုက်တော့ ယန်ခိုင်ရဲ့စိတ်ထဲမှာ တစ်ဖက်လူကို သတ်ပစ်ဖို့ အတွေးဝင်လာပေမယ့် အဲဒီအချိန်က အချိန်မှန်မဟုတ်ခဲ့ဘူး… စက်တင်ဘာလမှာ ကျောက်တရုန်ရောက်ရှိလာတာက သူ့ကို အံ့ဩစရာကောင်းတဲ့နည်းလမ်း တွေးတောစေခဲ့တယ်…"


ခယ်ရှောင်ပင်းက သူ့စကားအတိုင်း ဆက်ပြောလိုက်သည်။

"‌ကျန်းသယ်ရှင်းကိုဆွဲဆောင်ဖို့ ကျောက်တရုန်ကို ငါးစာအဖြစ်အသုံးချတာပဲ!"


လျှိုကျောက်ချင်း: "ကျောက်တရုန်က သူ့ကို မသိနိုင်ပေမယ့် ယန်ခိုင်က သူ့အစ်မဖြစ်သူဟာ ကျောက်ရွာနဲ့လက်ထပ်ခဲ့သလို၊ သူမရဲ့သေဆုံးခြင်းအမှန်တရားကိုလည်း သူသိနေခဲ့တယ်… ကျောက်တရုန်ကို သူက ‘ငါက မင်းမရီး၊ယန်ဟွေ့ရဲ့ မောင်အရင်း’လို့ပြောလိုက်တာနဲ့ ကျောက်တရုန်က သူနဲ့ လျင်မြန်စွာ ရင်းနှီးလာလိမ့်မယ်…"


ရွှီယိရှန်းက ထပ်ပေါင်းပြောသည်။

"အခြားလူတွေက ကျောက်တရုန်ကို ‘ကိုယ့်ကိုကိုယ်သတ်သေလိုက်၊ ငါမင်းအတွက် လက်စားချေဖို့ ကူညီပေးမယ်’လို့ပြောရင် ကျောက်တရုန်က သံသယရှိနေနိုင်တယ်… ဒါပေမယ့် တစ်ဖက်လူက သူမရီးရဲ့မောင်ဖြစ်ပြီး အားလျန်ကို ကောင်းကောင်းပြုစုစောင့်ရှောက်ပေးမယ်လို့ ကတိပေးတဲ့အတွက် ကျောက်တရုန်က ယုံကြည်မှုရှိရှိ သေနိုင်လိမ့်မယ်!"


ဤနည်းဖြင့် သဲလွန်စအားလုံးကို ပေါင်းစည်းနိုင်မည်ဖြစ်သည်။


"စက်တင်ဘာလမှာ ကျောက်တရုန်က ဆောက်လုပ်ရေးဆိုက်ကို ရောက်လာပြီး ယန်ခိုင်က သူ့ကိုယ်သူမိတ်ဆက်ခဲ့တယ်… အားလျန်မှာ ဦးလေးတစ်ယောက် ထပ်ရှိသေးကြောင်း ကြားသိရတဲ့အတွက် ကျောက်တရုန်က ပျော်သွားပြီး တစ်ဖက်လူကို သူ့မှာအသည်းကင်ဆာရှိနေကြောင်းပြောပြီး သူသေသွားတဲ့အခါ အားလျန်ကိုစောင့်ရှောက်ပေးဖို့ မျှော်လင့်ခဲ့တယ်…"


"ကျောက်တရုန်က အသည်းကင်ဆာနောက်ဆုံးအဆင့် ရောက်နေပြီဆိုတာ သိလိုက်ရတော့ ယန်ခိုင်က မြွေကိုတွင်းကနေ ထုတ်မယ့်အစီအစဉ်ကို ကြံစည်ပြီး ကျောက်တရုန်နဲ့ ဆွေးနွေးပြီးတော့ ကိုယ့်ကိုကိုယ်သတ်သေဖို့ အကြံပြုခဲ့တယ်… တစ်ဖက်မှာတော့ ကျောက်တရုန်က သူ့ရောဂါအတွက်နဲ့ သူ့တူကို မထိခိုက်စေချင်ဘူး… တစ်ဖက်မှာလည်း သူ့အစ်ကိုနဲ့မရီး သေဆုံးမှုကို အရမ်းစိုးရိမ်ခဲ့ပြီး အမှန်တရားကို အမြဲသိချင်နေခဲ့တယ်… နှစ်ယောက်သား အဆင်ပြေသွားပြီး ခေါင်းဆောင်တွေရဲ့ စစ်ဆေးရေးညမှာ ကျောက်တရုန်က သတ်သေဖို့ အချိန်မှန်ကို ရှာတွေ့ခဲ့တယ်… ယန်ခိုင်က အရင်ကတည်းက သူဝယ်ခဲ့တဲ့ Weibo အကောင့်ကနေ ဓာတ်ပုံတွေကိုတင်ပြီး hot search ဖြစ်အောင် ပြုလုပ်ပြီးတော့ အဆိပ်ပြင်းတဲ့မြွေ ကျန်းသယ်ရှင်းကို ဆွဲဆောင်လိုက်တယ်… ပြီးတော့ ရန်ပုံငွေလိမ်လည်မှုကိစ္စနဲ့ ချင်းရွှိန်ပင်လယ်အော်ရဲ့ လူသတ်မှုကို ခြိမ်းခြောက်မှုအဖြစ် အသုံးပြုပြီးတော့ ဆွေးနွေးဖို့အတွက် ကျန်းသယ်ရှင်းကို ထွက်လာခိုင်းတယ်…"

 

"ယန်ဟွေ့မှာ မောင်တစ်ယောက်ရှိတယ်ဆိုတဲ့ အချက်ကို မဆိုထားနဲ့၊ ကျန်းသယ်ရှင်းက လွန်ခဲ့တဲ့ နှစ် 20 က စာရင်းဟောင်းတွေ ပေါ်လာလိမ့်မယ်လို့ ထင်ထားမှာမဟုတ်ဘူး… သူက ချိန်းထားတဲ့နေရာကို လိပ်ပြာမလုံတာကြောင့် တစ်ယောက်တည်းသွားခဲ့ပြီး တစ်ဖက်လူကို ငွေပေးချင်ခဲ့ပေမယ့် သန်မာတဲ့ယန်ခိုင်က သူ့ကိုပြန်ပေးဆွဲပြီး ဆောက်လုပ်ရေးဆိုက်ဆီ‌ ခေါ်သွားခဲ့တယ်… ညသန်းခေါင်မှာ ယန်ခိုင်က သူ့ကို အဆောက်အဦးထဲ ခေါ်သွားပြီး သူနိုးလာတဲ့အခါ ယန်ခိုင်က ဘိလပ်မြေနဲ့ နံရံထဲမှာ သူ့ကိုပိတ်လှောင်ထားခဲ့ပြီး ကြောက်ရွံ့ပြီး စိတ်ဓာတ်ကျကာ ဖြည်းဖြည်းချင်း သေဆုံးသွားခဲ့တယ်…"


ယွဲ့ရှင်းဝမ်၏ ခွဲခြမ်းစိတ်ဖြာချက်ကို နားထောင်ပြီးနောက် လျှိုကျောက်ချင်းနှင့် ရွှီယိရှန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ စိတ်လှုပ်ရှားမှုဖြင့် ပြောလာခဲ့သည်။

"ဒီတွေးခေါ်မှုက ပြီးပြည့်စုံတယ်…"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ ပြောသည်။

"ကျန်းသယ်ရှင်းက တကယ်သေဖို့ထိုက်တန်တယ်… ဒါပေမယ့် ယန်ခိုင်ကလည်း အရမ်းဖုံးကွယ်နိုင်လွန်းတယ်… သူက တကယ်တော့ ကျောက်တရုန်မရီးရဲ့ မောင်ပဲ… အရင်က ငါတို့တွေ ကျောက်ရွာကိုပဲ မည်းနေပြီး မရီးဖြစ်သူရဲ့ဆွေမျိုးတွေအကြောင်းကို လုံးဝမတွေးခဲ့မိဘူး…"


လျှိုကျောက်ချင်းက ခေါင်းကုတ်ကာ ပြောလာသည်။

"နောက်ဆုံးမေးခွန်းတစ်ခုပဲ ကျန်တော့တယ်… မနေ့နေ့လယ်က ယန်ခိုင်က ဆောက်လုပ်ရေးဆိုက်မှာ ရှိနေတယ်မဟုတ်ဘူးလား? သူအပြင်ထွက်တာကို ဘယ်သူမှမတွေ့ဘူးလေ… သူက ဘယ်လိုလုပ် ကျန်းသယ်ရှင်းကို ပြန်ပေးဆွဲနိုင်မှာလဲ? အပြင်မှာ သူ့ရဲ့အကူတွေများ ရှိသေးတာလား?"


ယွဲ့ရှင်းဝမ်က သေသေချာချာ တွေးတောရင်း ရုတ်တရက် သူ့မျက်လုံးတွေ တောက်ပလာသည်။

"သူအပြင်မထွက်ဘူးဆိုတာက သူခိုးမထွက်ဘူးလို့ မဆိုလိုဘူးလေ… သူက ဂိုဒေါင်ကြီးကြပ်ရေးမှူးဆိုတာလည်း မမေ့နဲ့ဦး… သူက ဆောက်လုပ်ရေးအဖွဲ့နဲ့ နှစ်တွေအကြာပြီး တွဲလုပ်ဖူးပြီး အင်ဂျင်နီယာပရောဂျက်တွေနဲ့ အရမ်းရင်းနှီးတယ်…"


ကျန်းရှောင်နျန်က ခဏမျှတောင့်ခဲပြီး ယွဲ့ရှင်းဝမ်၏ဆိုလိုရင်းကို သူသဘောပေါက်လိုက်သည်။

"ဂိုဒေါင်ထဲမှာ မြေအောက်ကိုသွားတဲ့လမ်း ရှိနေလို့လား?"


ယွဲ့ရှင်းဝမ်က: "မင်းတို့ အလုပ်သမားတွေကို မေးတဲ့အခါ ယန်ခိုင်က မနေ့နေ့လယ်က ဘယ်သွားသလဲလို့ မေးခဲ့သေးလဲ?"


လင်းမန့်လော်က သူမလက်ကိုမြှောက်လိုက်သည်။

"ငါမေးလိုက်တော့ ယန်ခိုင်က မနေ့နေ့လယ်က ဂိုဒေါင်မှာ သွားအိပ်တယ်လို့ပြောတယ်… နေ့လယ်ကတည်းက ဝင်သွားပြီး ညနေအထိ အိပ်နေတာတဲ့… ဒီလိုဆိုတော့ အဲဒီအချိန်အတွင်းမှာ သူက ဂိုဒေါင်ထဲရှိ၊မရှိဆိုတာကို ဘယ်သူမှ သက်သေမပြနိုင်ဘူးပေါ့… ဘာလို့လဲဆို‌တော့ သူက ရက်စက်ကြမ်းကြုတ်တာကြောင့် အလုပ်သမားတွေက သူ့အနားကိုမကပ်ရဲကြဘူး…"


သူသည် ဂိုဒေါင်ထဲတွင် တစ်ယောက်တည်းနေပြီး သူ့တွင် လုံလောက်သော အလီဘိုင်ရှိသည်ဟု ထင်ရပြီး ဆောက်လုပ်ရေးဆိုက်ကနေ ဘယ်တုန်းကမှ မထွက်ခွာခဲ့ပေ။ သို့ပေမယ့် စက်တင်ဘာလမှာ လူသတ်ဖို့စီစဉ်ခဲ့ကတည်းက ဂိုဒေါင်ထဲမှာ မြေအောက်လမ်းကို တူးခဲ့မည်ဆိုရင်ကော?


ဂိုဒေါင်ထဲမှ မြေအောက်ကားပါကင်ဆီသို့ တည့်တည့်သွားကာ လူဆင်းပေါက်ကနေ အပြင်ဘက်ကိုထွက်ပြီး ဘယ်သူမှလည်း မသိသလို၊ မြင်လည်းမမြင်ပေ။


သူက ဆောက်လုပ်ရေးဆိုက်မှာ ဂိုဒေါင်ကြီးကြပ်ရေးမှူးဖြစ်တာကြောင့် ဂိုဒေါင်ကို မကြာခဏ သွားတတ်သည်။ အလုပ်သမားတွေက ဒါကိုကျင့်သားရနေပြီဖြစ်တာကြောင့် ဂိုဒေါင်ထဲကနေ ခိုးထွက်မယ်ဆိုတာကို သံသယမဝင်ခဲ့ကြပေ။ သို့ပေမယ့် သူ၏အလီဘိုင်က တစ်ယောက်တည်းရှိနေတာဖြစ်ပြီး မျက်မြင်သက်သေမရှိပေ။ 


ယွဲ့ရှင်းဝမ်က ချင်လုကို ကြည့်ကာ ပြောလိုက်သည်။

"ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ သွားကြည့်ရအောင်…"


ချင်လုက ချက်ချင်းပင် ကမ္ဘာလုံးကိုထုတ်ယူပြီး အားလုံးကို ဂိုဒေါင်ထဲသို့ တိုက်ရိုက်ပို့လိုက်သည်။ အားလုံးက မြေပြင်တစ်ဝိုက်ကို ခဏလောက် ခေါက်ကြည့်ကြပြီး မကြာခင်မှာပဲ ထောင့်ဘက်ကနေ ကျန်းရှောင်နျန်၏အသံ ထွက်ပေါ်လာသည်။

"ဒီမှာ အပေါက်တစ်ပေါက်ရှိတယ်!"


လူတိုင်းက ပြေးလာကြသည်။ ဂိုဒေါင်၏ထောင့်မှာ မြေအောက်လမ်းကို တူးထားတာတွေ့လိုက်ရပြီး ဂေါ်ပြားဖြင့် အချိန်အကြာကြီး ဖြည်းညှင်းစွာ တူးထားတာဖြစ်နိုင်သည်။ လမ်းပတ်ပတ်လည်က မချောမွေ့ပေမယ့် အရွယ်ရောက်သူတစ်ဦး ဖြတ်သန်းသွားလာဖို့တော့ လုံလောက်ပါသည်။


‌ချင်မြောင်က ပိန်းပါးတာကြောင့် အောက်ကိုဆင်းကြည့်ရန် အစပြုခဲ့ပြီး ရှင်းယန်က မီးထွန်းရန် အရက်မီးခွက်ကို ထုတ်လိုက်သည်။


—— မျှော်လင့်ထားသည့်အတိုင်း လမ်း၏အဆုံးမှာ မြေအောက်ကားဂိုဒေါင်ဖြစ်သည်။


ဒါက ယန်ခိုင်သည် ကျောက်လျန်ကို ရိုက်နှက်ပြီး အိပ်ဆောင်ကနေ မောင်းထုတ်ရသည့် တကယ့်အကြောင်းရင်းဖြစ်သည်။ ကျောက်လျန် အိပ်ဆောင်တွင်မရှိမှသာ ဂိုဒေါင်သို့ တစ်ယောက်တည်းသွား၍ ဆောက်လုပ်ရေးဆိုက်မှ ထွက်သွားကာ ရှုပ်ထွေးသော လူသတ်မှုအစီအစဉ်ကို အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။


ယွဲ့ရှင်းဝမ်က နောက်ဆုံးတွင် ရဲကိုခေါ်ရန် ဆုံးဖြတ်ခဲ့သည်။


ယန်ခိုင်၏ မိဘနှစ်ပါးနှင့် အစ်မဖြစ်သူက ကျန်းသယ်ရှင်းကြောင့် သေဆုံးခဲ့ရသည်။ ယန်ခိုင်က သူ့ကို ထောင်ချဖို့နေနေသာသာ တရားစွဲရန် သက်သေပင်မရှိတာကြောင့် သူကိုယ်တိုင် ကျန်းသယ်ရှင်းကိုသတ်ပစ်ဖို့ အပြင်းထန်ဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။


ယန်ခိုင်၏လုပ်ကပ်များက ယုတ္တိရှိစွာ နားလည်ပေးနိုင်သော်လည်း ဤကမ္ဘာတွင် ရဲများနှင့် တရားစီရင်ရေးစနစ်များ ရှိနေပြီး ယွဲ့ရှင်းဝမ်နှင့် အခြားသူများသည် လူသတ်သမားကို ဖုံးကွယ်ထား၍ မရပေ။ သည်ကိစ္စကို ရဲလက်ထဲအပ်လိုက်တာက အကောင်းဆုံးရွေးချယ်မှုပဲဖြစ်သည်။


ရဲတပ်ဖွဲ့ကို ဖုန်းဆက်ပြီးနောက် ရဲများသည် အခင်းဖြစ်ပွားရာသို့ အမြန်ရောက်ရှိလာပြီး ဂိုဒေါင်ထဲတွင် ယန်ခိုင်တူးထားသော အပေါက်ကို တွေ့ရှိခဲ့ပြီး ကျန်းသယ်ရှင်း၏ ရုပ်အလောင်းကို နံရံတွင် ပိတ်လှောင်ထားတာကို တွေ့ရှိခဲ့သည်။


ယန်ခိုင်က ဒါကို အစောကတည်းက မျှော်လင့်ထားပုံရပြီး သူ့အမူအရာက တည်ငြိမ်လွန်းသည်။


ကျောက်လျန်သည် ရဲများ ခေါ်ဆောင်သွားသော သူ့အခန်းဖော်အား ကြောင်တောင်တောင် ကြည့်နေခဲ့သည်။


ယန်ခိုင်က ဆောက်လုပ်ရေးဆိုက်တံခါးဝသို့ လျှောက်သွားပြီး ရုတ်တရက် ကျောက်လျန်ကို ပြန်၍လှည့်ကြည့်လာသည်။

"ငါမင်းကို ဘာလို့ရိုက်နှက်ခဲ့တာလဲသိလား?"


ကျောက်လျန်က အနည်းငယ်ကြောက်သွားပြီး လည်ပင်းကပုဝင်သွားသည်။


နောက်အခိုက်အတန့်မှာ သူက လေးနက်သောအသံဖြင့် ပြောလာတာကို ကြားလိုက်ရသည်။

"မင်းဦးလေးက မင်းကိုထောက်ပံ့ဖို့အတွက် ငွေရှာဖို့ အပြင်မှာ အလုပ်ကြိုးစားနေခဲ့တယ်… မင်းက ကလေကချေတွေနဲ့ ဂိမ်းကစားရင်း မင်းရဲ့စာလေ့လာမှုတွေကို နှောင့်နှေးစေခဲ့တယ်! မင်းလိုဘာမှမတတ်တဲ့ ကောင်စုတ်လေးကို မင်းမိဘတွေနဲ့ဦးလေးရဲ့ဝိညာဉ်တွေက ကောင်းကင်ဘုံကနေ ရှက်နေတော့မှာပဲ… ငါမင်းကို ရိုက်နှက်ခဲ့တာက ပျော့လွန်းတယ်၊ မင်းမှတ်လောက်သားလောက်ဖြစ်သွားအောင် ငါမင်းကို နှိပ်စက်ခဲ့သင့်တာ!"


ကျောက်လျန်၏မျက်နှာက ဖြူဖျော့သွားပြီး ခေါင်းငုံ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်တော်–ကျွန်တော်မှားမှန်းသိပါပြီ…"


ယန်ခိုင်: "မင်းက ‌ငယ်သေးတယ်… အနာဂတ်မှာ ဖြောင့်မတ်တဲ့လူဖြစ်အောင် ကြိုးစားပါ… သူတို့က မင်းကို ကောင်းကင်ဘုံကနေ စောင့်ကြည့်နေကြလိမ့်မယ်…"


ထိုလူက ရဲတွေနောက်ကို လိုက်ပြီး ဆောက်လုပ်ရေးဆိုက်ကနေ ထွက်သွားသည်။ ကျောက်လျန်က ထိုသူ၏နောက်ကျောက်ကို ကြည့်ပြီး အကြာကြီး ငြိမ်သက်နေခဲ့သည်။ ကျောက်အန်းမင်က သက်ပြင်းချကာ ကောင်လေး၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"သူက မင်းအမေနဲ့ မျိုးရိုးနာမည်တူတယ်…"


ကျောက်လျန်က အံ့အားသင့်သွားပြီး

"အာ? ဦးလေးမင် ဘာကိုဆိုလိုတာလဲ?"


ကျောက်အန်းမင်က ပြုံးကာ ယန်ခိုင်၏ကျောပြင်ကို ကြည့်ပြီး ပြောလိုက်သည်။

"ဘာမှမဟုတ်ပါဘူး… မင်းက အခု တကယ်ကိုမိဘမဲ့ဖြစ်သွားပြီ… ဒါပေမယ့် နောင်အခါ ကျောက်ရွာမှာရှိတဲ့ ငါတို့အားလုံးက မင်းရဲ့ဆွေမျိုးတွေဖြစ်ကြပြီး အားလုံးက မင်းကို စောင့်ရှောက်လိမ့်မယ်…"


ကျောက်လျန်က ရှိုက်ကြီးတငင်ငိုပြီး ကျောက်ရွှယ်မေ့ကို ပြန်ကြည့်ကာ လေးနက်စွာပြောသည်။

"ဒေါ်လေးရွှယ်မေ့၊ ကျွန်တော် အထက်တန်းကျောင်း ပြန်တက်ချင်တယ်… ကျင့်ဝတ်တွေကို ဖြတ်ကျော်ပြီး ကျောင်းပြန်တက်နိုင်အောင် ကူညီပေးပါလား?"


ကျောက်ရွှယ်မေ့က အံ့အားသင့်ပြီး စိတ်လှုပ်ရှားသွားကာ တုန်ယင်နေသောအသံဖြင့် မေးလေသည်။

"အားလျန်၊ နင် ကျောင်းပြန်တက်ချင်တာ သေချာလား? ကျောင်းဖွင့်တာ တစ်လတောင်မပြည့်သေးတာမို့ နင်တကယ်ကျောင်းပြန်တတ်ချင်ရင် မနောက်ကျသေးဘူး!"


ကျောက်လျန်က အားတက်သရော ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် အဆင့်ကောင်းတွေ ရဖူးပေမယ့် ကစားရတာကို ကျွန်တော်အရမ်းကြိုက်တယ်… မိဘတွေဆုံးသွားတော့ ကျွန်တော့်ကိုဂရုစိုက်မယ့်သူမရှိတော့ဘူးလို့ ခံစားရလို့ ကိုယ့်ကိုကိုယ်အလိုလိုက်ပြီး အတန်းတွေပျက်၊ ဂိမ်းတွေပဲဆော့နေခဲ့တယ်… အခု ကျွန်တော် မှားမှန်းသိပါပြီ… ကျွန်တော် ကျောင်းပြန်တက်ချင်တယ်…"


‌‌ကောင်လေးက ပြင်းထန်သောအကြည့်ဖြင့် ပြောသည်။

"ကျွန်တော် စာတွေကိုလေ့လာပြီး တက္ကသိုလ်ကောင်းကောင်းတက်ချင်တယ်! အဖေနဲ့ဦးလေးက ဆောက်လုပ်ရေးဆိုက်နဲ့ သက်ဆိုင်တဲ့ လက်သမား၊ ဘိလပ်မြေလုပ်သားတွေဖြစ်တာကြောင့် ကျွန်တော် ဗိသုကာဒီဇိုင်းကို လေ့လာချင်တယ်… အနာဂတ်မှာ ထူးချွန်တဲ့ ဗိသုကာဒီဇိုင်နာတစ်ယောက်ဖြစ်ချင်တယ်!"


ကျောက်ရွှယ်မေ့က သူ့ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်သည်။ 

"ဒါအရမ်းကောင်းတယ်!"


ကျောက်ရွာမှ လူအများအပြားသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ စိတ်သက်သာရာရသွားသော အမူအရာမျိုးပြသနေကြသည်။


တရုန်၊ မင်းမြင်လား? အားလျန်က စဉ်းစားတတ်တယ်…


#TK