Volume 4 : ဗိသုကာဌာန
Chapter 72 (ဆောက်လုပ်ရေးဆိုက်၏ပဟေဠိ ၁၂)
ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel မှ စာပို့လိုက်ပြီး ဧရိယာ C ၏ ခြောက်ထပ်မြောက်က အရှေ့ဘက်ခြမ်းရှိ ထောင့်ကို အမြန်လာရန် လူတိုင်းကို ပြောခဲ့သည်။ မကြာခင် ကျောင်းသားများက အပြေးအလွှား ရောက်လာကြသည်။
သူတို့ရှေ့မှာ ကြောက်စရာကောင်းသော ပုံရိပ်ကို မြင်လိုက်ရသဖြင့် အားလုံးက ကျောချမ်းသွားကြသည်။
မသေခင် ဘိလပ်မြေနံရံထဲမှာ အလုံပိတ်ခံထားရသည့် အမျိုးသားက ထိတ်လန့်တကြားနဲ့ မျက်လုံးတွေပြူးပြီး သူတို့ကို တည့်တည့်စိုက်ကြည့်နေသည်။
သေဆုံးသူ၏ ရုပ်အလောင်းနှင့် မျက်နှာကို ဘိလပ်မြေအလွှာဖြင့် ဖုံးအုပ်ထားပြီး လူတစ်ဦး၏ ရွှံ့ကြေးရုပ်ကဲ့သို့ ဖုံးအုပ်ထားကာ ပါးစပ်ထဲတွင် အဝတ်စတစ်စကို ထည့်ထားသောကြောင့် မည်မျှထိတ်လန့်နေပါစေ အကူအညီတောင်းရန် အသံမထွက်နိုင်ပေ။
ခယ်ရှောင်ပင်း၏ မျက်နှာသည် ဖြူဖျော့လာပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။
"သူ နံရံထဲမှာ အလုံပိတ်ခံရတုန်းက မသေသေးဘူးမလား?"
ကျန်းရှောင်နျန်: "လူသတ်သမားက သူ့ခြေထောက်ကနေစပြီး ဘိလပ်မြေကို အပေါ်အထိ ဖြည်းဖြည်းချင်း သုတ်လိုက်တာဖြစ်မယ်… သူ့ကို နံရံထဲမှာ ထည့်ထားပြီး သူ့ခန္ဓာကိုယ်ကို ဘိလပ်မြေနဲ့ ဖြည်းဖြည်းချင်း သုတ်ထားတာ…"
လျှိုကျောက်ချင်းက မြင်ကွင်းကို စိတ်ကူးကြည့်ရင်း မနေနိုင်ဘဲ သူ့လက်မောင်းများပေါ်က ကြက်သီးမွေးညင်းတွေကို ပွတ်သပ်ကာ ပြောသည်။
"သူ မသေခင် အရူးအမူးဖြစ်ခဲ့မှာပဲ… သူ့ကိုယ်သူ နံရံထဲမှာ ပိတ်လှောင်ခံထားရတာကို တွေ့ခဲ့ရပြီး ပါးစပ်ကိုလည်း ဆို့ထားတာဆိုတော့ စကားမပြောနိုင်ဘဲ… လခွမ်း… ဒါက အရမ်းဆိုးရွားတာပဲ…"
ကျန်းဖျင်စစ်က အေးစက်စွာပြောသည်။
"လူသတ်သမားက သူ့ကို သိသာစွာမုန်းတီးနေတာကြောင့် ဒီနည်းနဲ့ သတ်ပစ်ခဲ့ပြီး မသေခင်မှာ စိတ်ဝေဒနာကို အချိန်အတော်ကြာ ခံစားခဲ့ရမှာပဲ…"
တစ်ချက်တည်းဖြင့် သတ်သည့်နည်းလမ်းဖြစ်ပါက သေဆုံးသူသည် နာကျင်မှုကို များစွာခံစားရမည်မဟုတ်ပေ။ လူသတ်သမားအသုံးပြုသည့် လူသတ်မှုနည်းလမ်းက အဓိကအားဖြင့် တစ်ဖက်လူ၏ စိတ်ကို နှိပ်စက်ခြင်းအပေါ် အခြေခံထားသည်။ သေဆုံးသူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတွေ၊ သွေးစွန်းထင်ရာတွေကို မတွေ့ခဲ့ရသလို သူ့ခန္ဓာကိုယ်မှာ မပျက်မစီး ရှိနေသော်လည်း မသေဆုံးမီ မိနစ်တိုင်း၊ စက္ကန့်တိုင်းလိုလို အလွန်ကြောက်ရွံ့ပြီး ရူးသွပ်သလို ခံစားနေရမှာဖြစ်သည်။
ဤကဲ့သို့ဖြည်းဖြည်းချင်းသေဆုံးမှုမျိုးက ‘ကြိုးပေးသတ်ခြင်း’နှင့် ဆင်တူပြီး သံသယဖြစ်စရာ သွေးများမကျန်ရစ်ခဲ့ပေ။ လူသတ်သမားသည် သူ့ခန္ဓာကိုယ်ကို တစ်လက်မချင်းစီ ဘိလပ်မြေဖြင့် အလုံပိတ်ကာ သေဆုံးသူသည် အလွန်ထိတ်လန့်ကြောက်ရွံ့စွာဖြင့် သူ့ဘဝ၏ နောက်ဆုံးအချိန်ကို ကျော်ဖြတ်ခဲ့သည်။
သေဆုံးပြီးနောက် သူ့မျက်လုံးများ မှိတ်မနေတာ အံ့ဩစရာမဟုတ်ဘဲ သူ့မျက်လုံးများက ပြူးထွက်နေသည်။
ယွဲ့ရှင်းဝမ်သည် သေဆုံးသူထံမှ အကြည့်လွှဲလိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။
"မင်းတို့ ဘယ်လိုထင်ကြလဲ? လူသတ်သမားက ဘယ်သူဖြစ်မယ်ထင်လဲ?"
ကျောင်းသားတွေက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။
ခယ်ရှောင်ပင်းက အသံတိုးတိုးဖြင့် ခွဲခြမ်းစိတ်ဖြာသည်။
"ကျန်းသယ်ရှင်းက သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးပြီး ဆောက်လုပ်ရေးဆိုက်ကနေ မနေ့နေ့လယ် 3 နာရီမှာ ထွက်သွားခဲ့တယ်… ဖြေရှင်းရမယ့် ကိုယ်ရေးကိုယ်တာကိစ္စရှိလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လမ်းတစ်ဝက်မှာ ကားပေါ်ကနေဆင်းပြီး ချက်ချင်း သူပျောက်သွားတယ်… ပျောက်ဆုံးချိန်က နေ့လယ် 3:30 ဝန်းကျင်မှာ… ဒါပေမယ့် မနေ့နေ့လယ်က ဆောက်လုပ်ရေးဆိုက်မှာ သံသယရှိသူ အတော်များများက အချင်းချင်း စကားစမြည်ပြောဆိုနေကြပြီး ပြစ်မှုကျူးလွန်ဖို့ အချိန်မရှိဘူး…"
ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်း၏ သုံးသပ်ချက်ကို သဘောတူပြီး ခေါင်းငြိမ့်သည်။
"ဟုတ်တယ်… ကျောက်ရွှယ်မေ့၊ ကျောက်ချန်နဲ့ ကျောက်အန်းမင်တို့က မနေ့နေ့လယ်မှာ အတူတူမင်္ဂလာပွဲအကြောင်း ပြောနေတယ်ဆိုတာကို သက်သေပြနိုင်တဲ့သူတွေ အများကြီးရှိပြီး ည 7 နာရီမှ သူတို့အိပ်ဆောင်ကို ပြန်သွားကြတယ်… သူတို့မှာ ပြစ်မှုကျူးလွန်ဖို့အချိန်မရှိဘူး… အစောပိုင်းက မင်းတို့ အလုပ်သမားတွေကို သွားမေးချိန်မှာ မနေ့နေ့လယ်က ဆောက်လုပ်ရေးဆိုက်ကနေ ထွက်သွားတဲ့ အလုပ်သမားတွေ ရှိလား?"
လူတိုင်းက ခေါင်းခါကြသည်။
"ဘယ်သူမှမထွက်သွားဘူး…"
ဥက္ကဋ္ဌကျန်းက မနေ့နေ့လယ် 3:30 မှာ ပျောက်သွားခဲ့သည်။ သူပျောက်သွားသောအခါ ဆောက်လုပ်ရေးဆိုက်မှ အလုပ်သမားများအားလုံးသည် ဤနေရာမှ မထွက်သွားဘဲ ပြစ်မှုကျူးလွန်ရန် အချိန်မရှိပေ။ သည်လိုဆိုလျှင် ဥက္ကဋ္ဌကျန်းက ဆောက်လုပ်ရေးဆိုက်မှာ ဘာကြောင့် ရုတ်တရက် ပေါ်လာရသနည်း။ ဥက္ကဋ္ဌကျန်းသည် ဆောက်လုပ်ရေးဆိုက်သို့ ခိုးဝင်ပြီး ခြောက်ထပ်မြောက်အထိ သူ့ဘာသာသူတက်ကာ တစ်စုံတစ်ဦးက သူ့အားသတ်သလို ဟန်ပြလုပ်ခဲ့တာလား။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြသည်။
ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောသည်။
"ကျန်းသယ်ရှင်းက မနေ့နေ့လယ် 3:30 မှာ ပျောက်သွားပြီး သေဆုံးချိန်ကတော့ နေ့လယ်မှာ မဖြစ်နိုင်ဘူး… နေ့ခင်းကြောင်တောင်မှာ လူတစ်ယောက်က ခြောက်ထပ်မြောက်ရှိ ဘိလပ်မြေနံရံထဲမှာ အသက်ရှင်နေတဲ့လူတစ်ယောက်ကို ချိတ်ပိတ်လိုက်မယ်ဆိုရင် ဒီလိုကြီးမားတဲ့လှုပ်ရှားမှုက ဆောက်လုပ်ရေးဆိုက်ကအခြားလူတွေကို အာရုံစိုက်မှုရအောင် ဖြစ်စေလိမ့်မယ်… လူသတ်သမားကို ညနက်သန်းခေါင်မှာ သေဆုံးသူကို ခြောက်ထပ်မြောက်ဆီ တိတ်တဆိတ် ခေါ်သွားပြီး နံရံထဲမှာ ပိတ်လှောင်ထားတာလို့တော့ ငါထင်မိတယ်…"
ဤထင်မြင်ယူဆချက်ကို ကျောင်းသားများက ချက်ချင်းအသိအမှတ်ပြုခဲ့သည်။
ယွဲ့ရှင်းဝမ်က သဘောတူသည်။
"နေ့ခင်းဘက်မှာ အမှတ်မထင် ပက်ပင်းတိုးမိဖို့က ပိုလွယ်ကူတယ်… ညသန်းခေါင်မှာဆိုရင် ဆောက်လုပ်ရေးဆိုက်က လူအားလုံး အိပ်ပျော်သွားပြီဖြစ်တာကြောင့် ဥက္ကဋ္ဌကျန်းကို နံရံမှာ တိတ်တဆိတ် ပိတ်လှောင်လိုက်မယ်ဆိုရင် ဘယ်သူမှ မသိတော့ဘူး… တစ်နည်းဆိုရရင် ဥက္ကဋ္ဌကျန်းက မနေ့နေ့လယ်မှာ ပြန်ပေးဆွဲခံရပြီး ဒါမှမဟုတ် သတိလစ်သွားပြီးတော့ တစ်နေရာရာမှာ ခဏဖွက်ထားခဲ့တယ်… ညဉ့်နက်ပိုင်းမှ လူသတ်သမားက နိုးလာတဲ့ ဥက္ကဋ္ဌကျန်းကို ဘိလပ်မြေနံရံတစ်ခုထဲမှာ ပိတ်လှောင်ခဲ့တယ်…"
အကယ်၍ လူသေအလောင်းများကို ရှာဖွေရန် နံရံများကို တူးဖော်ခြင်းမပြုပါက အဆောက်အဦး ပြီးဆုံးသောအခါ ကျန်းသယ်ရှင်းသည် နံရံထဲတွင် ဘယ်သူမှမသိဘဲ ပိတ်လှောင်ခံထားရပေလိမ့်မည်။ ညသန်းခေါင်မှာ နံရံထဲတွင် လူကို ပိတ်လှောင်ပြီး အလောင်းကို ဖွက်သည့်နည်းလမ်းဟာ လူသတ်သမား၏ စေ့စပ်သေချာသောပုံစံနဲ့ တကယ်ကို လိုက်လျောညီထွေဖြစ်နေသည်။
ကျန်းဖျင်စစ်: "အဓိကအချက်ကတော့ မနေ့နေ့လယ်မှာ ကျန်းသယ်ရှင်း ပျောက်သွားတာပဲ… အလုပ်သမားတွေက နေ့လယ်ဘက် အပြင်ဘက်မထွက်ဘူး… ဒီတော့ သူ့ကို ဘယ်သူက ပြန်ပေးဆွဲခဲ့တာလဲ?"
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောသည်။
"ပြစ်မှုကျူးလွန်ပြီး လက်တုံ့ပြန်မယ့် လူတစ်ယောက်ယောက်က ဆောက်လုပ်ရေးဆိုက်အပြင်မှာ ရှိနေတာလား?"
ဆောက်လုပ်ရေးဆိုက်မှ အလုပ်သမားများသည် တစ်ခါမှအပြင်မထွက်ခဲ့ဘဲ ကျန်းသယ်ရှင်းက မနေ့နေ့လယ်တွင် ပျောက်ဆုံးသွားတာကြောင့် အလုပ်သမားများနှင့် တွေ့ဆုံရန် မဖြစ်နိုင်ပေ။ ကျန်းသယ်ရှင်းက ဆောက်လုပ်ရေးဆိုက်အနီးတွင် ညဉ့်နက်သည်အထိ စောင့်ရလောက်အောင် မိုက်မဲနေလိမ့်မည်မဟုတ်ပေ။ ဥက္ကဋ္ဌကျန်းကို ပြန်ပေးဆွဲရန်ကြိုးစားသည့် အပြင်မှာတစ်ယောက်ယောက် ရှိရမည်။ ဤနည်းဖြင့်သာလျှင် ဆောက်လုပ်ရေးဆိုက်တွင် ကျန်းသယ်ရှင်းရောက်နေခြင်းကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြနိုင်သည်။
ရွှီယိရှန်းက မျက်လုံးများကျဉ်းမြောင်းပြီး ခွဲခြမ်းစိတ်ဖြာခဲ့သည်။
"ရှင်းဝမ်ဆိုလိုတာက လူတစ်ယောက်က ငွေညှစ်ဖို့ ချင်းရွှိန်ပင်လယ်အော်ပရောဂျက်အကြောင်း သိသလိုဟန်ဆောင်ပြီး ကျန်းသယ်ရှင်းကို မနေ့နေ့လယ်မှာ ဆွေးနွေးဖို့ ခေါ်လိုက်တယ်… ဥက္ကဋ္ဌကျန်းနဲ့ တွေ့ဖို့ သတ်မှတ်ထားတဲ့နေရာက သိပ်မဝေးတာကြောင့် ဥက္ကဋ္ဌကျန်းရဲ့သံသယကို နှိုးဆွနိုင်မှာမဟုတ်ဘူး… ဒီတော့ ကျန်းသယ်ရှင်းက ငါးစာကိုဟပ်လိုက်တာလား?"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"ကျန်းသယ်ရှင်းက အိမ်ခြံမြေကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တယ်… သူက သုညကနေ စတင်ခဲ့ပြီး ဆယ်နှစ်ကြာ အလုပ်ကြိုးစားခဲ့တယ်… ချင်းရွှိန်ပင်လယ်အော်ပရောဂျက်မှာ တစ်စုံတစ်ယောက်ကို သတ်ခဲ့တာဖြစ်နိုင်တယ်… သူက လိမ္မာပါးနပ်သူဖြစ်တာကြောင့် လူသတ်သမားက သူ့ကို ဆောက်လုပ်ရေးဆိုက်မှာ တွေ့ဖို့ တိုက်ရိုက်မေးရင် သူကသတိကြီးကြီးထားပြီး လွန်ခဲ့တဲ့နှစ်ရက်က လူသေသွားတဲ့နေရာကို သူတစ်ယောက်တည်းလာဖို့ဆိုတာ မဖြစ်နိုင်ဘူး… သူက အပြင်မှာ တစ်စုံတစ်ယောက်နဲ့တွေ့ပြီး ပြန်ပေးဆွဲခံရပြီးနောက်မှ ဆောက်လုပ်ရေးဆိုက်ဆီ ခေါ်သွားခံရတာဆို ပိုပြီးဆီလျော်လိမ့်မယ်…"
ကျိုဖုန်းက ထောက်ခံသည်။
"ဒါက အဓိပ္ပါယ်ရှိတယ်… မနေ့က သူဆောက်လုပ်ရေးဆိုက်ဆီလာတော့ သူ့လက်ထောက်နဲ့ သက်တော်စောင့်တွေအများကြီး ခေါ်လာခဲ့တယ်… အလုပ်သမားတွေက ဒေါသထွက်ပြီး သူ့ကိုတစ်ခုခုလုပ်မှာ ကြောက်လို့ဖြစ်မယ်… သတိကြီးကြီးထားတတ်တဲ့လူက တစ်စုံတစ်ယောက်နဲ့တွေ့ဖို့ ဆောက်လုပ်ရေးဆိုက်မှာ ပေါ်လာတယ်ဆိုတာ အဓိပ္ပါယ်မရှိဘူး… သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြိုးတွေနဲ့ချည်ခံထားရပြီး သူ့ပါးစပ်ကလည်း အဝတ်စနဲ့ဆို့ခံထားရတယ်… သူက အပြင်မှာ ချည်ခံထားရတာဖြစ်မယ်…"
လင်းမန့်လော်က အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။
"ဒါဆိုရင် တစ်စုံတစ်ယောက်က သူ့ကို ကြိုးနဲ့ချည်ပြီး ဆောက်လုပ်ရေးဆိုက်ဆီ ပို့လိုက်တာပေါ့… ပြီးတော့ ညသန်းခေါင်ကျမှ လူသတ်သမားက သူ့ကို နံရံထဲ ပိတ်လှောင်လိုက်တာလား? လူသတ်သမားနှစ်ယောက်က အတွင်းနဲ့အပြင် အတူတူပူးပေါင်းလုပ်ဆောင်နေတာလား?"
ယွဲ့ရှင်းဝမ်: "သူ့ကို ပြန်ပေးဆွဲပြီး နံရံထဲပိတ်လှောင်ထားတဲ့သူက တစ်ယောက်တည်းဖြစ်နိုင်တယ်… အဲဒီလူက ပထမဆုံး ဥက္ကဋ္ဌကျန်းကို မနေ့နေ့လယ်မှာ ပြန်ပေးဆွဲပြီး ဖွက်ထားမယ်၊ ပြီးတော့ ညရောက်မှ ဆောက်လုပ်ရေးဆိုက်ထဲ ခိုးဝင်ပြီး မြေအောက်ကားပါကင်ကနေ ခြောက်ထပ်မြောက်အထိ သူ့ကိုသယ်ပြီးတော့ နံရံထဲ ပိတ်လှောင်လိုက်တယ်… ဘယ်လိုဖြစ်နိုင်ခြေမျိုးပဲဖြစ်ဖြစ် အပြင်မှာလှုပ်ရှားနေတဲ့ လူသတ်သမားရှိရမယ်…"
ကျန်းဖျင်စစ်: "လူသတ်သမားရဲ့ ရုပ်ပိုင်းဆိုင်ရာက အတော်သန်မာလိမ့်မယ်… မဟုတ်ရင် ကျန်းသယ်ရှင်းလို အရွယ်ရောက်ပြီးသားလူတစ်ယောက်ကို လွယ်လွယ်နဲ့ အနိုင်ယူနိုင်မှာ မဟုတ်ဘူး…"
ကျန်းရှောင်နျန်က သံသယစိတ်ဖြင့် ခေါင်းကုတ်လိုက်သည်။
"အပြင်ကနေ ပြစ်မှုကျူးလွန်နေတဲ့ လူသတ်သမားကို ကျွန်တော်တို့ ဘယ်လိုစုံစမ်းစစ်ဆေးမှာလဲ? ကျွန်တော်တို့က ဆောက်လုပ်ရေးဆိုက်ထဲကနေ ထွက်လို့မှမရတာ…"
ယွဲ့ရှင်းဝမ်က ခဏမျှတိတ်ဆိတ်သွားပြီး ပြောလာသည်။
"ဒါဆို ဆောက်လုပ်ရေးဆိုက်က လူတွေကို အရင်စစ်ဆေးကြည့်ရအောင်… မနေ့နေ့လယ်မှာ ဘယ်သူမှအပြင်မထွက်ဘူးဆိုတာ မှန်ပေမယ့် ညဘက်ဆိုရင်ရော? တစ်ယောက်ယောက်က အိပ်ဆောင်ထဲကနေထွက်ပြီး ရှင်းယွဲ့ပလာဇာအဆောက်အဦးထဲ ခိုးဝင်ပြီးတော့ ပြန်ပေးဆွဲခံထားရတဲ့ ကျန်းသယ်ရှင်းကို နံရံထဲ ပိတ်လှောင်နိုင်တယ်မလား?"
ကျန်းဖျင်စစ်: "အားလုံး လူခွဲပြီး စုံစမ်းကြမယ်…"
ခယ်ရှောင်ပင်းက လှည့်ထွက်ပြီး တံခါးဆီသို့ လျှောက်သွားကာ ပြန်လှည့်လာသည်။ ဘိလပ်မြေနံရံထဲတွင် မျက်လုံးများပြူးကျယ်ကာ သေဆုံးနေသောသူကို ကြည့်ရင်း အသံတိုးတိုးဖြင့်ပြောလိုက်သည်။
"အလောင်းကို နံရံထဲကနေ တူးဖော်ထားပြီဆိုတော့ ရဲခေါ်လိုက်ရမလား?"
ယွဲ့ရှင်းဝမ်: "ရဲတွေကို အရင်သတိမပေးနဲ့… ရဲတွေမရောက်ခင် ဒီအမှုကို ငါတို့ဖြေရှင်းနိုင်ရင် ရမှတ်က ပိုမြင့်လာမှာ သေချာတယ်… ဒါ့အပြင် ရဲတွေရောက်လာတဲ့အခါ လူသတ်သမားက သက်သေတွေကို ဖျက်ဆီးပစ်လိမ့်မယ်…"
ကျန်းဖျင်စစ်: "အရင်ဆုံး စုံစမ်းကြည့်မယ်… ငါတို့ ရှာမတွေ့ဘူးဆိုမှ ရဲခေါ်ဖို့စဉ်းစားမယ်…"
ဒါကို လူတိုင်းကြားသောအခါ ရင်းနှီးသော အလုပ်သမားများကို မေးမြန်းရန် ထွက်သွားကြသည်။ အဓိကအချက်မှာ မနေ့ညက အပြင်ထွက်သွားသလားဆိုသည့် မေးခွန်းပဲဖြစ်သည်။ ကျောက်ရွှယ်မေ့နှင့် ကျောက်ချန်တို့သည် အပြင်မထွက်ဘဲ အခန်းဖော်များနှင့် လက်ထပ်ဖို့အကြောင်းကို စိတ်လှုပ်ရှားစွာပြောနေခဲ့ကာ ညဉ့်နက်မှ အိပ်ရာဝင်ခဲ့ကြသည်။
ကျောက်အန်းမင်က ဘယ်တော့မှ အပြင်မထွက်ခဲ့တာကို ကျောက်လျန်က သက်သေခံခဲ့သည်။
အားလုံးကို အံ့ဩသွားစေတာက ကျောက်လျန်သည် မနေ့ညက ကျောက်အန်းမင်နဲ့အိပ်ရန် အိပ်ရာပြောင်းလာခြင်းဖြစ်သည်။
ကျောက်လျန်က ရှင်းပြသည်။
"ကျွန်တော့်အခန်းဖော်က ပေါင်းသင်းရခက်ပြီး စကားများရင် ကျွန်တော့်ကို နောက်တစ်ကြိမ် ထပ်ရိုက်လာနိုင်တယ်လို့ ဦးလေးအန်းမင်က ပြောတယ်… ဒီတော့ သူနဲ့အတူ အရင်လာအိပ်တာက ပိုကောင်းတယ်တဲ့… ကျွန်တော့်ဦးလေးရဲ့ပစ္စည်းတွေကို သပ်သပ်ရပ်ရပ်ထားပြီး ဦးလေးရဲ့ကုတင်ပေါ်မှာ အိပ်လိုက်တယ်…"
ကျောက်လျန်သည် လွန်ခဲ့သောရက်အနည်းငယ် သူ၏အခန်းဖော် ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး ရက်စက်ကြမ်းကြုတ်သော အခန်းဖော်နှင့် အတူမနေရဲတော့ပေ။ ကျောက်အန်းမင်က သူနှင့်အတူ လာအိပ်ခိုင်းတာကြောင့် သူလည်း ငြင်းဆန်မနေတော့ပေ။ ကျောက်လျန်က ပြောသည်။
"မနေ့ညက ဦးလေးအန်းမင်နဲ့ ကျွန်တော်က ကျွန်တော့်ဦးလေးရဲ့ ပစ္စည်းတွေကို ထုပ်ပိုးနေပြီး မနက် 1 နာရီအထိ အိပ်ရာမဝင်သေးဘူး… ဦးလေးအန်းမင်က အကျယ်ကြီးဟောက်တာကြောင့် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်ဘူး…"
ယွဲ့ရှင်းဝမ်က မေးသည်။
"သူ တစ်ညလုံး အိပ်ဆောင်ထဲမှာ ရှိနေတာ သေချာလား?"
ကျောက်လျန်က တက်ကြွစွာ ခေါင်းငြိမ့်လိုက်သည်။
"အင်း…ကျွန်တော်မှိန်းနေတာကြောင့် သူ့ရဲ့ဟောက်သံတွေနဲ့ အိပ်နေရင်း စကားပြောသံတွေကိုတောင် ကျွန်တော်ကြားရတယ်… ကျွန်တော်က မနက်မိုးလင်းခါနီး 5 နာရီနောက်ပိုင်းမှ အိပ်ပျော်သွားတာ…"
ကျောက်အန်းမင်က မနေ့ညက အပြင်မထွက်သလို ကျောက်လျန်၏ထွက်ဆိုချက်ကလည်း လိမ်ညာပုံမပေါ်ပေ။
သို့ပေမယ့် ဒီလိုဆိုလျှင် သံသယအရှိဆုံးသူ ကျောက်အန်းမင်က ပြစ်မှုကျုးလွန်ရန် အချိန်မရှိဘူးမလား။
ယွဲ့ရှင်းဝမ်က အမြဲတမ်း ထူးဆန်းနေသလို ခံစားရသည်။ ဤကျောက်အန်းမင်သည် အစက ကျောက်တရုန်နှင့် နေထိုင်ရန် ကမ်းလှမ်းခဲ့ပြီး ကျောက်ရွာအကြောင်း အတင်းအဖျင်းပြောခဲ့သည်။ ကျောက်တရုန် ဆုံးသွားပြီးနောက် ကျောက်လျန်နှင့် အတူနေထိုင်ရန် ကမ်းလှမ်းခဲ့ပြန်သည်။
အတင်းအဖျင်းနဲ့ပတ်သက်ပြီး ပြောဆိုရာတွင် စိတ်အားထက်သန်သူသက်သက်လား၊ ဒါမှမဟုတ် ကျောက်လျန်ကို သူ့အတွက် အလီဘိုင်လုပ်ရန် တမင်သွေးဆောင်ခဲ့တာလား။
ကျောက်အန်းမင်၏အိပ်ဆောင်မှ ထွက်လာပြီးနောက် ယွဲ့ရှင်းဝမ်က အသံတိုးတိုးဖြင့် မေးလိုက်သည်။
"ကျောက်လျန်က တစ်ညလုံး ဟောက်သံကို ကြားနေရတာဆိုတော့ ဟောက်သံကို သူ့ဖုန်းနဲ့ အသံသွင်းပြီး ဖွင့်ထားခဲ့တာလား?"
ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်သွားသည်။
"ငါတော့ အဲလိုမထင်ဘူး… အချိန်အကြာကြီး တူညီတဲ့ဟောက်သံကိုပဲ ကြားနေရတယ်ဆိုရင် သံသယဖြစ်လွယ်စေတယ်… ဒါ့အပြင် ကျောက်လျန်က အိပ်နေရင်း စကားပြောသံတချို့ကို ကြားတယ်လို့ ပြောတယ်… ဒါပေမယ့် တံခါးဖွင့်သံ၊ တံခါးပိတ်သံတွေကို သူမကြားခဲ့ဘူးလေ… မနေ့ညကတစ်ညလုံး အိပ်ဆောင်ထဲမှာပဲ သူနေခဲ့တယ်လို့တော့ ငါထင်မိတယ်…"
ယွဲ့ရှင်းဝမ်က သေသေချာချာတွေးပြီး အကူအညီမဲ့စွာ ပြောလာသည်။
"ဒီကျောက်အန်းမင်က သဲလွန်စတွေပေးတဲ့ အာရုံပြောင်းစေတဲ့အရာတစ်ခုလို့ ထင်ရတယ်… သူက ကျောက်တရုန်နဲ့ အချိန်ခဏလောက် အတူတူနေခဲ့ပြီး မနေ့ညမှာ ကျောက်လျန်နဲ့ အတူနေခဲ့တယ်… သူက တကယ်စေတနာပါလို့လား?"
တစ်ဖန် စုံစမ်းစစ်ဆေးမှုက ရပ်တန့်သွားခဲ့သည်။
ကျောက်ရွှယ်မေ့၊ ကျောက်ချန်၊ ကျောက်အန်းမင်၊ ကျောက်လျန်၊ အဓိကသံသယရှိသူ လေးဦးသည် မနေ့နေ့လယ်က ဆောက်လုပ်ရေးဆိုက်တွင်ရှိနေပြီး မနေ့ညက အိပ်ဆောင်ကနေ မထွက်ခဲ့တာကြောင့် ပြစ်မှုကျူးလွန်ရန် အချိန်မရှိခဲ့ကြပေ။
ကျန်းသယ်ရှင်း၏သေဆုံးမှုမှာ ကျောက်ရွာရှိ ချင်းရွှိန်ပင်လယ်အော်ပရောဂျက်နှင့် ကျောက်တရုန်၏ အစ်ကိုနဲ့ မရီးသေဆုံးမှုနှင့် ဆက်စပ်သည်ဟု ယူဆသောကြောင့် လူသတ်သမားက ကျောက်ရွာနှင့်လည်း ပတ်သက်နေမည်ဖြစ်သည်။ တရားမျှတမှုကိုဖော်ထုတ်ပြီး ကူညီပေးချင်သော ဘာမှမသက်ဆိုင်သည့် လူတစ်ယောက်တော့ မဖြစ်နိုင်ဘူးမလား။
လူသတ်သမားက ကျောက်ရွာနှင့် ပတ်သက်နေသော်လည်း ကျောက်ရွာမှ လူလေးဦးသည် ပြစ်မှုကျူးလွန်ရန် အချိန်မရှိသောကြောင့် လူသတ်သမားက မည်သည့်နေရာတွင် ပုန်းအောင်းနေသနည်း။
ယွဲ့ရှင်းဝမ်က တွေးဆကာ ပြောသည်။
"ဆောက်လုပ်ရေးဆိုက်မှာ ငါတို့မသိလိုက်တဲ့ ကျောက်ရွာကလူတွေများ ရှိနေမလား?"
ကျန်းဖျင်စစ်သည် တစ်ခဏမျှ တိတ်ဆိတ်သွားကာ ရုတ်တရက် အဓိကအချက်ကို ပြောလာသည်။
"ကျောက်မျိုးရိုးအမည်ရှိမှ ကျောက်ရွာကလူတွေလို့ ခေါ်ရမှာလား?"
ယွဲ့ရှင်းဝမ်: "…"
ဒါကမှန်တယ်! ကျောက်ရွာရှိ လူအားလုံးက 100% ကျောက်မျိုးရိုးအမည်ရှိလို့လား? မဟုတ်ဘူး!
ယွဲ့ရှင်းဝမ်၏ စိတ်ထဲတွင် အပိုင်းအစအချို့ ရုတ်တရက် ပေါ်လာသည်။
"ကျောက်တရုန်ရဲ့ မိဘနှစ်ပါးစလုံးက အသည်းကင်ဆာနဲ့ ဆုံးပါးသွားတာ… သူက သူ့အစ်ကိုနဲ့အတူ ကြီးပျင်းလာခဲ့တာ… သူ့အစ်ကိုကျောက်တချန်က သူ့ထက် 10 နှစ်ပိုကြီးပြီး သူတို့ရွာမှာ အတော်ဆုံးလက်သမားပဲ… နောက်တော့ ဇနီးဖြစ်သူနဲ့ လက်ထပ်ပြီး ကျောက်လျန်ကို မွေးခဲ့တယ်… လင်မယားနှစ်ယောက်စလုံးက အခြားနေရာတွေမှာ အလုပ်သွားလုပ်ကြပြီး ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဦးလေးဖြစ်သူကျောက်တရုန်လက်ထဲ အပ်ထားခဲ့တယ်…"
"သူတို့ရွာက မိန်းကလေးတွေဟာ အရင်က အပြင်လူတွေနဲ့ အိပ်ထောင်မပြုကြဘူး… အချိန်အတော်ကြာလာတော့ ဆွေမျိုးတွေကြား ပတ်သက်မှုက ခွဲခြားလို့တောင်မရတော့ဘူး…"
ဤအချက်အလက်များသည် လွန်ခဲ့သည့်နှစ်ရက်က ကျောက်အန်းမင်မှ သူတို့အား ပြောပြခဲ့သော အချက်အလက်များဖြစ်သည်။
ယခုအခါ သည်အပိုင်းအစများက သူ့စိတ်ထဲမှာ ပြန်ပေါ်လာသောအခါ ယွဲ့ရှင်းဝမ်၏ မျက်လုံးတွေက ရုတ်တရက် တောက်ပလာသည်။
"ကျောက်ရွာက မိန်းကလေးတွေဟာ အပြင်လူတွေနဲ့ လက်မထပ်ကြပေမယ့် ကျောက်ရွာက ယောင်္ကျားလေးတွေကတော့ အပြင်ကမိန်းကလေးတွေနဲ့ လက်ထပ်နိုင်တယ်… အဲဒီမိန်းကလေးတွေနဲ့ မျိုးရိုးအမည်က ကျောက်ဖြစ်နေဖို့မလိုဘူး!"
ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏အဓိပ္ပါယ်ကို ချက်ချင်းနားလည်ပြီး မေးလိုက်သည်။
"ကျောက်တရုန်ရဲ့မရီးနာမည်က ဘာလဲ?"
ဤအဓိကအချက်ကို သူတို့တွေ လျစ်လျူရှူထားမိသည်။
အရင်တုန်းကတော့ သူတို့သည် ကျောက်ရွာကိုပဲ စုံစမ်းစစ်ဆေးမှုတွေ အမြဲလုပ်ခဲ့သည်။ ကျောက်ရွာကလူတွေသည် သံသယအရှိဆုံးလို့ လူတိုင်း၏မသိစိတ်ထဲကနေ ခံစားရသည်။ ကျောက်ရွှယ်မေ့၊ ကျောက်ချန်နှင့် ကျောက်အန်းမင်တို့သည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြပြီး အတူတူကြီးပျင်းလာကြသည်။ ယွဲ့ရှင်းဝမ်က ကျောက်ရွာမှလူတစ်စုသည် ပြစ်မှုကျူးလွန်ရန် အတူတကွလုပ်ဆောင်နေသလားဟုပင် တွေးနေမိသည်။
သို့သော် စုံစမ်းစစ်ဆေးပြီးနောက် ဒီလူတွေမှာ အလီဘိုင်အမြဲရှိနေသည်။
သို့သော်လည်း ကျောက်ရွာနှင့် ပတ်သက်သော လူများသည် ကျောက်ရွာမှ ဒေသခံများဖြစ်ဖို့မလိုဘဲ ကျောက်ရွာနှင့် လက်ထပ်ခဲ့သော အမျိုးသမီး၏ ဆွေမျိုးများလည်း ဖြစ်နိုင်သည်။
နှစ်ယောက်သား အိပ်ဆောင်ထဲကို ချက်ချင်းပြန်သွားကြသည်။
ကျန်းဖျင်စစ်က ကျောက်အန်းမင်ကို တိုက်ရိုက်မေးမြန်းခဲ့သည်။
"ကျောက်တရုန်ရဲ့မရီးက ကျောက်ရွာရဲ့ဒေသခံမဟုတ်ဘူးမလား?"
ကျောက်အန်းမင်က ခဏတာ အံ့အားသင့်သွားပြီး ပြုံးလိုက်သည်။
"မင်းက ဒါကိုတောင် ခန့်မှန်နိုင်တာပဲ!"
လူနှစ်ယောက်: "…"
ယွဲ့ရှင်းဝမ်သည် သူတို့နှစ်ဦး၏ ကျိုးကြောင်းဆင်ခြင်မှုမှာ အမှန်တရားနှင့် နီးစပ်နေကြောင်း သတိပြုမိပြီး သူ၏နှလုံးခုန်နှုန်းက လျင်မြန်လာသည်။ သူက ကျောက်အန်းမင်ကိုကြည့်ပြီး လေးနက်စွာ မေးလိုက်သည်။
"ကျောက်တရုန်ရဲ့မရီးက အခြားမြို့ကလား?"
ကျောက်အန်းမင်: "ဟုတ်တယ်… တရုန်ရဲ့အစ်ကို၊ တချန်က ငါတို့ရွာမှာ အတော်ဆုံးလက်သမားလေ… အပြင်မှာ အလုပ်လုပ်ရင်း ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်နဲ့တွေ့ပြီး လက်ထပ်ယူခဲ့တာ…"
ယွဲ့ရှင်းဝမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"သူမနာမည် ဘယ်လိုခေါ်လဲ?"
ကျောက်အန်းမင်က ခေါင်းကုတ်ပြီး ခဏလောက်စဉ်းစားလေသည်။
"သူမနာမည်က… ယန်ဟွေ့ဖြစ်မယ်ထင်တယ်…"
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ယန်ဟွေ့… ယန်ခိုင်?!
ကျောက်လျန်နှင့် တစ်ခန်းတည်းနေထိုင်ပြီး ကျောက်လျန်ကို ရိုက်နှက်ကာ ဆောက်လုပ်ရေးဆိုက်တွင် အာဏာပြ၍ အခြားသူများကို အနိုင်ကျင့်သည်ဟု ဂုဏ်ပုဒ်ကိုရရှိထားခဲ့သည်။ အလုပ်သမားများက သူ့ကိုမြင်လျှင် ပုန်းနေကြပြီး ဒီယန်ခိုင်က ဆောက်လုပ်ရေးဆိုက်မှ ဂိုဒေါင်စောင့်ကြည့်ရေးမှူးဖြစ်သည်။
ယွဲ့ရှင်းဝမ်က သက်ပြင်းချလိုက်သည်—— ရိုးရိုးသားသားပြောရလျှင် ဒီလူကို သူတို့တွေ ဘယ်တုန်းကမှ သံသယမဝင်ခဲ့ပေ။
လူတိုင်း၏အမြင်တွင် ဤလူသည် ဆောက်လုပ်ရေးဆိုက်၏ ညွှန်ကြားရေးမှူးနှင့် အနည်းငယ်ရင်းနှီးသောဆက်ဆံရေးကို အားကိုးပြီး ဆောက်လုပ်ရေးဆိုက်တွင် အခြားသူများအား အနိုင်ကျင့်ဗိုလ်ကျနေသော လူမိုက်တစ်ယောက်သာဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် ဤလူ၏အသွင်အပြင်ကို သတိရမိသည်။ သူ့တွင် သန်မာသော ခန္ဓာကိုယ်၊ လက်မောင်းပေါ်တွင် တက်တူး၊ သူ၏မျက်လုံးအိမ်များက အနည်းငယ်ဟောက်နေပြီး သူ၏မျက်လုံးများက စူးရှသောသိမ်းငှက်မျက်လုံးရှိပြီး အကြည့်တစ်ချက်နဲ့တင် သွားမရှုပ်သင့်သောလူတစ်ယောက်ဖြစ်သည်။
သူက လူဆိုးလူမိုက်ပုံသဏ္ဌာန်မျိုး လူတွေကိုပြသထားသည်။ သူ၏ကြမ်းကြုတ်သောပုံပန်းသဏ္ဌာန်၊ သူ၏စိတ်ခံစားမှုများကို သူ၏မျက်နှာပေါ်တွင်ရေးထားကာ၊ သူစိတ်အလိုမကျသည့်အခါတိုင်း လူများကိုရိုက်နှက်လေသည်။ သို့သော် သူသည် အစီအစဉ်များကို အသေးစိတ်ပြုလုပ်တတ်သော လူသတ်သမားဖြစ်လိမ့်မည်ဟု လူတွေကို သံသယရှိအောင်ပြုလုပ်ရန် မလွယ်ကူပေ။
သို့သော် ဒုတိယအတွေးကတော့ သူ့လို အရွယ်ရောက်ပြီးသူတစ်ယောက်က ကျောက်လျန်ကို တိုက်ရိုက်ရိုက်နှက်ပြီး ကျောက်လျန်၏အိပ်ရာကို သိမ်းပိုက်လိုက်တာက ကျိုးကြောင်းဆီလျော်သလား။
မနေ့ညက ကျောက်ရွာရှိ လူတော်တော်များများမှာ အလီဘီရှိခဲ့ပေမယ့် ယန်ခိုင်မှာ အခန်းဖော်မရှိခဲ့ပေ။ မနေ့ညက သူအိပ်ဆောင်ကနေ ထွက်သွားသလား၊ မထွက်သွားဘူးလားဆိုတာ ဘယ်သူမှ မသိကြဘူးမလား။
ကျောက်လျန်ကို လူသတ်မှုတွင် မပါဝင်စေရန် ရည်ရွယ်ချက်ဖြင့် ကျောက်လျန်ကို နှင်ထုတ်ရန် သူအကြောင်းပြချက်ရှာတာဖြစ်လိမ့်မည်။ သူက ကျောက်လျန်ကို ရိုက်နှက်ခဲ့ပေမယ့် ဒီကလေးကို အခြားနည်းလမ်းနဲ့ ကာကွယ်ခဲ့တာလား။
ဘာလို့လဲဆိုတော့ ကျောက်လျန်က သူ့အစ်မရဲ့သားဖြစ်ပြီး သူ့တူအရင်းဖြစ်နေလို့လား?
#TK