Chapter 86
Viewers 22k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 86 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၀၄)


နေ့ခင်းကြောင်တောင်တွင် လမ်းသွားလမ်းလာများကို မတွေ့ရဘဲ လမ်းဘေးရှိ ဈေးဆိုင်များစွာကို သော့ခတ်ထားကာ တစ်မြို့လုံး လူသူကင်းမဲ့နေပြီး လူ၏အသံကို မကြားရလောက်အောင် တိတ်ဆိတ်နေသည်။


လမ်းဘေးက အမှိုက်များကို မသန့်ရှင်းတာ ကြာပြီဖြစ်ပြီး လေပြင်းတိုက်ခတ်ကာ စက္ကူအညစ်အကြေးများနှင့် ပလတ်စတစ်များ ကောင်းကင်ယံ၌ လွှင့်ပျံသည်။


ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်တွေကို ကြည့်ပြီး လေးနက်စွာ ပြောသည်။

"လမ်းပေါ်မှာ လမ်းသွားလမ်းလာတစ်ယောက်တောင် မတွေ့ဘူး… ဒီမြို့ကို သန္ဓေပြောင်းတွေ သိမ်းပိုက်ထားတာများလား?"


အားလုံးက ပြတင်းပေါက်ကနေ လှမ်းကြည့်ကြသည်။


ဗလာဖြစ်နေသောမြို့သည် လူတိုင်းကို ပြင်းထန်သော အဆင်မပြေမှုခံစားချက်ကို ခံစားရစေခဲ့သည်။ မြို့သည် ဗိသုကာဌာနကဲ့သို့ ပြိုကျမည် မဟုတ်သော်လည်း လူသူကင်းမဲ့ပြီး ခေတ်မီသောမြို့ကြောင့် ‘ကမ္ဘာပျက်သောနေ့’ ဟူသော စကားလုံးကို တွေးတောမိလိုက်သည်။


နောက်တန်းမှာထိုင်နေသည့် ကျိုဖုန်းနဲ့ လင်းမန့်လော်တို့က တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး လင်းမန့်လော်က တိုးတိုးပြောလာသည်။

"ဒီမြို့ခံတွေက ထွက်ပြေးသွားတာလား? ဒါမှမဟုတ် အိမ်ထဲမှာပုန်းပြီး အပြင်မထွက်ရဲကြတာလား?"


ကျိုဖုန်းက အသံတိုးတိုးဖြင့် ပြောသည်။

"ပရော်ဖက်ဆာထန်ကို မေးလိုက်၊ သူတစ်ခုခုတော့သိမှာပေါ့…"


ယွဲ့ရှင်းဝမ်က ပရော်ဖက်ဆာထန်ကို ကြည့်လိုက်သည်။


ရွှေရောက်မျက်မှန်တပ်ထားသော အမျိုးသားသည် ဒုတိယတန်းက ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့၏ဘေးတစ်ဖက်တွင် တည်ငြိမ်သောအမူအရာဖြင့် ထိုင်နေခဲ့သည်။ လျှိုကျောက်ချင်းက သူရုတ်တရက် ထွက်ပြေးသွားမည်ကို စိုးရိမ်တာကြောင့် အတွင်း၌ထိုင်ရန် တောင်းဆိုကာ သူ့ဘေးတွင် ထိုင်လိုက်သည်။


ယွဲ့ရှင်းဝမ်က မေးသည်။

"ပရော်ဖက်ဆာထန်၊ လမ်းပေါ်က ဆိုင်တွေအားလုံး ပိတ်ထားတယ်၊ ဒီမြို့မှာ ဘာဖြစ်သွားတာလဲ?"


ပရော်ဖက်ဆာထန်က ခါးသက်သက်ပြုံးကာ ခေါင်းခါလိုက်သည်။

"ငါမသိဘူး၊ သုတေသနအဆောက်အဦးကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ငါရောက်ခဲ့တာ… ပြီးခဲ့တဲ့အပတ်က ဒီမြို့က ပုံမှန်ပဲဖြစ်ပြီး မတော်တဆမှု ရုတ်တရက် ဖြစ်သွားတယ်… အချက်အလက်ပေါက်ကြားတယ်လို့ ငါ့ရဲ့အထက်လူကြီးတွေဆီကနေ သတင်းရရှိခဲ့တယ်… တစ်စုံတစ်ယောက်က လူလိုအသွင်ပြောင်းပြီး လေ့လာနေခဲ့တာကြောင့် ငါက ကွန်ပျူတာတွေထဲက အချက်အလက်တွေကို ချက်ချင်း ဖျက်ပစ်ခဲ့ပြီး ပုန်းနေရင်း မင်းတို့နဲ့တွေ့တာပဲ…"


တစ်နည်းဆိုရသော် မတော်တဆမှုမှာ ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ တစ်ဖက်အဖွဲ့သည် အချိန်အတော်ကြာ လျှို့ဝှက်သုတေသနပြုလုပ်ပြီး ကြိုတင်ပြင်ဆင်မှုများ အပြည့်လုပ်ထားကာ ချက်ချင်းပင် မြို့ကို တိုက်ခိုက်ခြင်းပြုလုပ်တာဖြစ်နိုင်သည်။ ရက်အနည်းငယ်အတွင်း မြို့တစ်မြို့ကို သိမ်းပိုက်နိုင်ခြင်းက ဤအဖွဲ့အစည်းသည် မည်မျှကြီးမားပြီး ကြောက်စရာကောင်းသည်ကို ပြသနေသည်။


သုတေသနအဆောက်အဦးတွင် သူတွေ့ခဲ့သော 30 စင်တီမီတာ လျှာရှိသည့် ‘သန္ဓေပြောင်းတွေ’ကို တွေးကြည့်ရင်း ယွဲ့ရှင်းဝမ်က ကြက်သီးမွေးညင်းထသွားသည်။


မြို့သည် ဗလာဖြစ်နေပြီး လမ်းများပေါ်တွင် သွေးကွက်များရှိနေသည်။ ဤနေရာတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်မှာ ထင်ရှားပါသည်။ စစ်ကြီးပြီးသွားသောအခါ ဒေသခံတွေက ဘယ်ကိုရောက်သွားသနည်း။ ဘယ်သူမှမသိပေ။


ယွဲ့ရှင်းဝမ်က စိတ်တည်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ပရော်ဖက်ဆာထန်ကိုကြည့်ကာ ပြောသည်။

"ခင်ဗျား ကျွန်တော့်ကိုပေးလိုက်တဲ့ ချစ်ပ်ပြားက အတုမလား?"


ပရော်ဖက်ဆာထန်က သူ့မျက်မှန်ကိုပင့်တင်ကာ ပြောသည်။

"တောင်းပန်ပါတယ်၊ မင်းတို့တွေ ခေါင်းမိုးပေါ်က ပျံဆင်းတာကိုကြည့်ပြီး ငါ့ကိုဖမ်းဖို့လာတဲ့ သန္ဓေပြောင်းတွေလို့ တွေးလိုက်မိလို့ ဒါကြောင့် မင်းကို ချစ်ပ်ပြားအတု ပေးလိုက်တာ…"


သူတို့ ခေါင်မိုးပေါ်ကနေ ပြေးဆင်းလာသောအခါ ပရော်ဖက်ဆာထန်၏အမူအရာက တည်ငြိမ်နေတာ အံ့ဩစရာမရှိပေ။ ပရော်ဖက်ဆာထန်က သူတို့ကို သန္ဓေပြောင်းတွေအဖြစ် အမြဲမှတ်ယူထားပြီး ပြင်ဆင်ထားကြောင်း တွေ့ရှိရသည်။ 


သည်ပရော်ဖက်ဆာက တကယ်ကို လိမ္မာပါးနပ်သည်။ ယွဲ့ရှင်းဝမ်က သူ့ကို အပြစ်တင်ဖို့ မရည်ရွယ်ဘဲ ဆက်မေးသည်။

"F မြို့မှာရှိတဲ့ မျိုးရိုးဗီဇသုတေသနစင်တာကို ခင်ဗျားကို တစ်ယောက်ယောက်က ပို့ဆောင်ပေးမယ်ဆိုတာ အထပ်လူကြီးဆီကနေ သတိပေးချက်ရခဲ့လား?"


ပရော်ဖက်ဆာထန်က ခေါင်းငြိမ့်သည်။

"အင်း၊ ငါ သတိပေးချက်ရခဲ့လို့ အကယ်ခံရဖို့ စောင့်နေခဲ့တာ…"

 

လျှိုကျောက်ချင်းက သူ့ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။

"ပရော်ဖက်ဆာထန်၊ ကျွန်တော်တို့က ခင်ဗျားကို ကာကွယ်ဖို့ ဒီမှာတကယ်ရှိနေတာပါ… ကျွန်တော်တို့မှာ ထူးခြားတဲ့စွမ်းရည်တွေရှိလို့ ခေါင်းမိုးပေါ်ကနေ ပျံနိုင်ခဲ့တာ… ကျွန်တော်တို့က သန္ဓေပြောင်းတွေ မဟုတ်ဘူး…"

သူက ပါးစပ်ကိုဖွင့်ကာ တစ်ဖက်လူဆီ သူ့လျှာကိုထုတ်ပြီး ပြလိုက်သည်။ သူက အပြုံးဖြင့်ပြောသည်။

"ကြည့်လိုက်၊ ကျွန်တော့်လျှာက သာမန်လူသားပုံစံပဲ၊ သန္ဓေပြောင်းတွေလို မရှည်ဘူး၊ ပြီးတော့ အဆိပ်လည်းမရှိဘူး ဟုတ်တယ်မလား?"


ပရော်ဖက်ဆာထန်က တည်ငြိမ်အေးဆေးစွာပြောခဲ့သည်။

"သန္ဓေပြောင်းတွေအားလုံးက မြွေမျိုးရိုးဗီဇနဲ့ပဲ ပေါင်းစပ်ထားတာမဟုတ်ဘူး…"


လျှိုကျောက်ချင်းက သူ့လက်နဲ့ ခြေထောက်တွေကို ဆန့်ထုတ်ကာ ပြောသည်။

"ဒါဆိုကြည့်လေ၊ ကျွန်တော်တို့လှုပ်ရှားမှု အနေအထားက အခြားတိရစ္ဆာန်တွေနဲ့ မတူဘူးမလား?"


စီနီယာအစ်ကိုလျှိုက ‘သာမန်လူသား’ဖြစ်ကြောင်း သက်သေပြရန် ကြိုးစားနေပါသည်။


ပရော်ဖက်ဆာထန်က သူ့ကို လျစ်လျူရှုပြီး ယွဲ့ရှင်းဝမ်ကို ကြည့်ကာ မေးသည်။

"မင်းတို့ရဲ့ လှုပ်ရှားရေးကုဒ်က ဘာလဲ?"


"လှုပ်ရှားရေးကုဒ်လား?"

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။


သင်တန်းဖော်ပြချက်တွင် လှုပ်ရှားရေးကုဒ်ရှိနေသေးတာကို မဖော်ပြထားပေ။


ယွဲ့ရှင်းဝမ်က ၎င်းကို သေချာစဉ်းစားပြီး မဝံ့မရဲပြောလိုက်သည်။

"C-183 လှုပ်ရှားရေးကုဒ်လား?"


ပရော်ဖက်ဆာထန်က ခေါင်းညိတ်လိုက်သည်။ 

"အင်း၊ မင်းတို့က သန္ဓေပြောင်းတွေမဟုတ်ဘူး…"


သုတေသနအဖွဲ့၏နံပါတ်ကို လှုပ်ရှားရေးကုဒ်အဖြစ် အသုံးပြုမည်ဟု မထင်ထားတာကြောင့် စာကြည့်တိုက်က တစ်ခုခုပင်ဖြစ်သည်။


ပရော်ဖက်ဆာထန်: "လက်ရှိအချိန်မှာ မင်းတို့ကို ငါယုံနိုင်တယ်… ငါမခုခံဘူး၊ ထွက်မပြေးဘူး… ဒါပေမယ့် မျိုးရိုးဗီဇသုတေသနစင်တာက လက်ခံသူနဲ့တွေ့ဖို့ မခေါ်သွားမချင်း မင်းတို့ကို ငါ ဒေတာချစ်ပ်ပြားအစစ် ပေးမှာမဟုတ်ဘူး…"


လျှိုကျောက်ချင်းက မျက်ခုံးပင့်လိုက်သည်။

"ကျွန်တော်တို့က ခင်ဗျားကို ကြိုးတုတ်ပြီး ရှာမှာ မကြောက်ဘူးလား?"


ပရော်ဖက်ဆာထန်သည် နှုတ်ဆိတ်နေ၏။


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"ဒီဒေတာချပ်စ်ပြားက ဇီဝသိပ္ပံဌာနက သုတေသနအဆောက်အဦးရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေပါဝင်နေတယ်လို့ ထင်မိတယ်… ပရော်ဖက်ဆာထန်က စကားဝှက်နဲ့ ကိုယ့်ဘာသာကိုယ် ဖျက်ဆီးတဲ့ ပရိုဂရမ်ကို ပြုလုပ်ထားရမယ်… ကျွန်တော်တို့ ချစ်ပ်ပြားကိုရရင်တောင် ခင်ဗျားက ပြောပြမှာ မဟုတ်ဘူး… ကျွန်တော်တို့က စကားဝှက်ကို အတင်းဖြေလိုက်ရင် ချစ်ပ်ပြားထဲက ဒေတာတွေ ပျက်စီးမှာမလား?"


ဤဝါကျသည် ခုနကမှ သန္ဓေပြောင်းတွေကိုပြောရန် ယွဲ့ရှင်းဝမ် ရေးသားထားခဲ့ခြင်းဖြစ်သည်။ ပရော်ဖက်ဆာထန်သည် ထိုအချိန်တွင် သူ့ကို ကြည့်လာပြီး ယွဲ့ရှင်းဝမ်က သူထင်တာမှန်သည်ဟု ထင်မြင်ခဲ့သည်။


ပရော်ဖက်ဆာထန်က ယွဲ့ရှင်းဝမ်ကို လေးလေးနက်နက်ကြည့်ပြီး ပြောသည်။

"မင်းထင်တာမှန်တယ်… ဒေတာချစ်ပ်ပြားရဲ့ စကားဝှက်ကို ငါပဲသိပြီး ‌အချက်အလက်ထဲမှာ သန္ဓေပြောင်းတွေရဲ့ အားနည်းချက်တွေ ပါတယ်… ဒါကြောင့် သူတို့က ငါ့ကို သတ်ပစ်ဖို့ အဲဒီအချက်အလက်ကိုယူဖို့ စိတ်အားထက်သန်နေတာ…"


"အဲဒီဒေတာချစ်ပ်ပြားအစစ် ဘယ်မှာရှိသလဲဆိုတာ ကျွန်တော် ထပ်ပြီးခန့်မှန်းကြည့်ရမလား?"

ယွဲ့ရှင်းဝမ်က လေးနက်စွာ ပြောသည်။

"ပထမဖြစ်နိုင်ခြေက ခင်ဗျားက ဒေတာချစ်ပ်ပြားကို မယူသွားဘဲ ခင်ဗျားတစ်ယောက်တည်းသိနိုင်တဲ့နေရာမှာ တိတ်တိတ်လေး သိမ်းထားတယ်… ဒါပေမယ့် ဒီနည်းလမ်းက သိပ်ပြီးမလုံခြုံဘူး၊ ခင်ဗျားထွက်သွားပြီးနောက် သန္ဓေပြောင်းတွေက သုတေသနအဆောက်အဦးကို ဇောက်ထိုးလှန်ပစ်ပြီး ခင်ဗျားဖွက်ထားတဲ့ ဒေတာချစ်ပြားကိုရှာရင် ဒုက္ခရောက်လိမ့်မယ်…"


"ဒုတိယဖြစ်နိုင်ခြေကတော့ ဒေတာချစ်ပြားကို ခင်ဗျားခန္ဓာကိုယ်မှာ ဖွက်ထားရင် သန္ဓေပြောင်းတွေလက်ထဲဖမ်းမိပြီး တစ်ဖက်လူက ခင်ဗျားခန္ဓာကိုယ်ကို အတင်းရှာဖွေပြီး ဒေတာချစ်ပ်ပြားကို သေချာပေါက် ယူသွားလိမ့်မယ်…"

သူက ပရော်ဖက်ဆာထန်၏ မျက်လုံးတွေကို ကြည့်ပြီး တစ်လုံးချင်း ပြောလိုက်သည်။

"အဲဒီဒေတာချစ်ပ်ပြားက ခင်ဗျားရဲ့ခန္ဓာကိုယ်အတွင်းထဲမှာ ဖွက်ထားတာ…"


"…" ပရော်ဖက်ဆာထန်၏ တည်ငြိမ်သော အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။


"ဥပမာအားဖြင့် ခင်ဗျားက ဒေတာချစ်ပ်ပြားကို အစာအိမ်နဲ့ အူလမ်းကြောင်းကနေ မချေဖျကါနိုင်တဲ့အရာတစ်ခုနဲ့ ပိတ်လှောင်ပြီး အဲဒါကိုစားလိုက်တယ်… ဒီနည်းနဲ့ ခင်ဗျားဘယ်သွားသွား ဒေတာချစ်ပ်ပြားက ခင်ဗျားနဲ့အတူရှိနေကြောင်း သေချာသွားပြီး လုယက်မခံရတော့ဘူး…"

ယွဲ့ရှင်းဝမ်က သူ့ကို အပြုံးဖြင့် ကြည့်လိုက်သည်။

"ဒီတစ်ခေါက်ကော ကျွန်တော်ခန့်မှန်းတာ မှန်ရဲ့လား?"


ပရော်ဖက်ဆာထန်သည် ခဏမျှ တိတ်ဆိတ်သွားပြီး အသံတိုးတိုးဖြင့် ပြောလာသည်။

"မင်းဘာလိုချင်လို့လဲ?"


ယွဲ့ရှင်းဝမ်က ပခုံးတွန့်လိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော်တို့က ခင်ဗျားခန္ဓာကိုယ်ကို ရင်ခွဲကြည့်ပြီး ဒေတာချစ်ပ်ပြားကို မယူပါဘူး… ကျွန်တော်တို့ရဲ့တာဝန်က ‌ခင်ဗျားနဲ့ ဒေတာချစ်ပ်ပြားကို F မြို့က မျိုးရိုးဗီဇသုတေသနစင်တာဆီ ပို့ပေးဖို့ပါ…"


ယွဲ့ရှင်းဝမ်က အလေးအနက်ပြောသည်။

"ကျွန်တော်တို့က ခင်ဗျားအပေါ် ဘာရန်ငြိုးမှမရှိဘူး… ခင်ဗျား ကျွန်တော်တို့ကို တမင်တကာ ဒုက္ခမပေးဖို့ မျှော်လင့်တယ်…"


လျှိုကျောက်ချင်း၏ စူးရှသော မျက်လုံးများသည် ပရော်ဖက်ဆာထန်၏ ခန္ဓာကိုယ်အနှံ့ လှည့်ပတ်နေကာ ဒေတာချစ်ပ်ပြားအား ဝှက်ထားရာနေရာကို စစ်ဆေးနေလိုသကဲ့သို့ ဖြစ်နေသည်။ ပရော်ဖက်ဆာထန်က သူ့ကို ထိတ်လန့်သွားပြီး တောင့်တင်းစွာ ပြောလိုက်သည်။

"ကောင်းပြီ၊ ငါမင်းတို့ကိုယုံတယ်…"


လျှိုကျောက်ချင်းက ပြုံးလိုက်သည်။

"ဒေတာချစ်ပ်ပြားကို စားလိုက်တယ်၊ ခင်ဗျားက ဒီနည်းလမ်းတောင် တွေးနိုင်သေးတာပဲ… ခင်ဗျားဗိုက်က မသက်မသာမဖြစ်ဘူးလား?"


ပရော်ဖက်ဆာထန်က ညင်သာစွာ အသက်ရှူသွင်းပြီး ပြောသည်။ 

"အခြေအနေက အရေးတကြီးဖြစ်နေပြီး ငါ့မှာ ရွေးချယ်စရာမရှိဘူး…"


သူ၏သဘောထားက အနည်းငယ် ပြေလျော့သွားတာကို တွေ့ရသဖြင့် ယွဲ့ရှင်းဝမ်က မေးသည်။

"သုတေသနအဆောက်အဦးမှာ ဘာတွေဖြစ်ခဲ့တာလဲ?"

 

ပရော်ဖက်ဆာထန်က မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။

"ငါတို့သုတေသနအဆောက်အဦးက လူသားမျိုးရိုးဗီဇရဲ့ အစီအစဉ်တစ်ခုလုံးကို ရရှိထားတယ်… အစတုန်းက ငါတို့က မျိုးရိုးဗီဇရောဂါတွေမှာ ပြဿနာတချို့ကို ဖြေရှင်းချင်ခဲ့ပြီး အဲဒီအစီအစဉ်ကို လုံးဝလျှို့ဝှက်ထားခဲ့တာ… ဒါပေမယ့် အဆောက်အဦးထဲမှာ သစ္စာဖောက်ပေါ်လာမယ်လို့ ဘယ်သူမှမထင်ထားကြဘဲ မျိုးရိုးဗီဇအစီအစဉ်ကို ခိုးယူပြီး လျှို့ဝှက်စမ်းသပ်မှုတွေ ပြုလုပ်ပြီးတော့ သန္ဓေပြောင်းတွေအများကြီး ဖန်တီးခဲ့တယ်…" 


သူက ခေတ္တရပ်လိုက်ပြီး သူ့မျက်လုံးထဲတွင် ဒေါသအရိပ်အယောင် ပေါ်လာသည်။

"သန္ဓေပြောင်းတွေကို ‘မျိုးရိုးဗီဇပြုပြင်ထားတဲ့လူတွေ’လို့လည်း သိကြတယ်…"


ဒါကိုကြားတော့ ကားမောင်းနေသည့် ရွှီယိရှန်းက မနေနိုင်ဘဲ ကြားဖြတ်ပြောလာသည်။

"အဲဒါက တိုးတက်လာတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်မျိုးကွဲတွေ အများကြီးနဲ့တူတာလား? သူတို့က လူသားတွေကို ပြုပြင်ဖို့ မျိုးရိုးဗီဇအစီအစဉ်ကို ပြုပြင်ခဲ့တာလား?"


ပရော်ဖက်ဆာထန်က ခေါင်းငြိမ့်လိုက်သည်။

"အသွင်ပြောင်းခြင်းရဲ့ ဦးတည်ချက်မှာ ခြေလက်တွေ ပျော့ပျောင်းမှု၊ ကြွက်သားတွေရဲ့ ကြံ့ခိုင်မှု၊ ဇီဝဖြစ်ပျက်မှုနှုန်း စတာတွေ ပါဝင်တယ်… မျိုးရိုးဗီဇပြုပြင်ထားတဲ့လူဟာ ‌နွားတစ်ကောင်လို သန်မာပြီး မြွေတစ်ကောင်လို့ ပျော့ပြောင်းနိုင်တယ်၊ တချို့တိရစ္ဆာန်တွေလို ဆောင်းခိုချိန်မှာ ကယ်လိုရီနည်းပါးစွာ စားသုံးနိုင်တယ်… သူတို့က တစ်လလောက် ဘာမှမစားဘဲနဲ့တောင် ဗိုက်ဆာမှာမဟုတ်ဘူး…"


ယွဲ့ရှင်းဝမ်က ထိတ်လန့်သွားပြီး မနေနိုင်စွာ ပြောသည်။

"ဒီလိုအသွင်ပြောင်းလူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့တွေက ပြိုင်ဘက်ကင်းပဲမဟုတ်ဘူးလား?"


ပရော်ဖက်ဆာထန်က စိတ်ညစ်စွာ ပြောသည်။

"ဒါကြောင့် အဲဒီအသွင်ပြောင်းစွမ်းရည်တွေက ကြောက်စရာအကောင်းဆုံး ဇီဝဓာတုလက်နက်တွေ ဖြစ်လာလိမ့်မယ်! သူတို့က တိရစ္ဆာန်မျိုးစုံမှ အကောင်းဆုံး မျိုးရိုးဗီဇီတွေကို ရူးသွပ်စရာပုံစံနဲ့ ပေါင်းစပ်ထားပြီး ပြုပြင်ထားတဲ့လူသားတွေ အမြောက်အမြားကို ထုတ်လုပ်ခဲ့ကြတယ်… ဒီနေ့ မင်းတို့မြင်ခဲ့ရတာက မြွေမျိုးရိုးဗီဇတွေနဲ့ ရောနှောထားတဲ့ သန္ဓေပြောင်းတွေပဲ…"


ခယ်ရှောင်ပင်းက သိချင်စွာမေးသည်။

"အခြားတိရစ္ဆာန်တွေနဲ့ ရောနှောထားကော ရှိသေးတာလား? ခြင်္သေ့၊ ကျား၊ ကျားသစ်၊ အဲလိုတွေနဲ့ပေါ့…"


ပရော်ဖက်ဆာထန်: "အခြေအနေအတိအကျကို ငါမသိဘူး…အဲဒီအရူးအုပ်စုက ဘာမဆိုလုပ်နိုင်တယ်! အထက်လူကြီးတွေဆီကနေ အရေးပေါ်သတိပေးချက်ရမှ ဒါတွေကို ငါသိတာ… အခုရက်ပိုင်းအတွင်း သူတို့က ငါ့ကိုရှာဖို့ သုတေသနအဆောက်အဦးကို သန္ဓေပြောင်းတွေ လွှတ်လိုက်ပြီး ငါ့အတွက်နဲ့ သုတေသနအဆောက်အဦးမှာရှိတဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေက အဖမ်းခံလိုက်ရတယ်… ငါက ခေါင်းမိုးပေါ်မှာ ပုန်းနေလို့ ကံကောင်းပြီး လွှတ်သွားတာ…"


ယွဲ့ရှင်းဝမ်က သူ့လက်သီးကိုဆုပ်လိုက်သည်။ ‘ပြုပြင်ထားသောလူများ’ ပေါ်ပေါက်လာခြင်းသည် သာမန်လူ့အဖွဲ့အစည်းအပေါ် အလွန်ပြင်းထန်သော အကျိုးသက်ရောက်မှုရှိမည်ဟု ယူဆနိုင်သည်။ ထို ‘ပြုပြင်ထားသောလူများ’ သည် အမြန်နှုန်း၊ ခွန်အားနှင့် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအရ သာမန်လူသားများထက် များစွာပို၍ သန်မာပါသည်။ တစ်လကြာအောင် ဘာကိုမှ မစားဘဲနဲ့ အရင်းအမြစ်တွေကိုလည်း ချွေတာနိုင်ကြသည်..။  


သူတို့မျက်လုံးထဲမှာ လူသားတွေက အမှိုက်တွေပဲဖြစ်သည်။


သည်တော့ သူတို့က လူသားတွေကို သန့်စင်ပြီး ကမ္ဘာကြီး၏ အရှင်သခင် ဖြစ်ချင်တာလား။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး မေးလိုက်သည်။

"ပရော်ဖက်ဆာထန်၊ ဒီကနေ F မြို့ကိုရောက်ဖို့ ဘယ်လောက်ဝေးလဲ?"


ပရော်ဖက်ဆာထန်: "လေယာဉ်နဲ့ဆို နှစ်နာရီခွဲကြာတယ်…"


ယွဲ့ရှင်းဝမ်က သူ့နာဖူးကို အကူအညီမဲ့စွာ ထောက်လိုက်သည်။

"ကျွန်တော်ထဲက တစ်ယောက်မှ လေယာဉ်မမောင်းနိုင်ဘူး… ဒါ့အပြင် တစ်မြို့လုံးက အခု ဗလာဖြစ်နေပြီး လေဆိပ်နဲ့ ရထားဘူတာရုံတွေလည်း လည်ပတ်တာကို ရပ်ထားလိမ့်မယ်… ကျွန်တော်တို့ ကုန်းကြောင်းနဲ့ပဲ သွားလာနိုင်တယ်… ဟိုကိုရောက်ဖို့ ဘယ်လောက်ထိမောင်းရသလဲ?"


ပရော်ဖက်ဆာထန်: "ကားနဲ့ဆိုရင် အဝေးပြေးလမ်းမကြီးပေါ်မှာ ခရီးတစ်ခုလုံးက နေ့ရောညပါ အနည်းဆုံးသုံးရက်ကြာလိမ့်မယ်… အဝေးပြေးလမ်းမကြီးက တစ်ခုခုဖြစ်လို့ လမ်းလွှဲကနေ သွားမယ်ဆိုရင် တစ်ပတ်လောက်ကြာနိုင်တယ်…"


ယွဲ့ရှင်းဝမ်က လှည့်ကြည့်ပြီး သူ့အဖွဲ့ဝင်တွေကို မေးလိုက်သည်။

"စီနီယာအစ်ကိုရွှီကလွဲရင် ဘယ်သူ ကားမောင်းတတ်သေးလဲ?"


ကျန်းဖျင်စစ်: "ငါ့မှာ ယာဉ်မောင်းလိုင်စင်ရှိပေမယ့် ဘတ်စ်ကား တစ်ခါမှ မမောင်းဖူးဘူး…"


ကျိုဖုန်း: "အလုပ်သင်ကာလပြီးပြီးချင်း ငါလည်း ကားမောင်းစမ်းသပ်ခဲ့တယ်… မင်းတို့ထိုင်ရဲရင် ငါလည်းမောင်းရဲတယ်…"


ရွှီယိရှန်း: "ငါလည်း အရင်က ဘတ်စ်ကားမမောင်းဖူးပါဘူး… သဘောတရားအရတော့ Manual ကားနဲ့ ဆင်ပြီး ဂီယာအနေအထားကို ရှင်းရှင်းလင်းလင်းမြင်ရတယ်… ကားပါကင်ကနေ နောက်ပြန်ထွက်တာ၊ S ကွေ့တာ၊ အခြားကားမောင်းစမ်းသပ်တဲ့ အရာတွေ မပါဝင်တာကြောင့် အရှေ့ကိုမောင်းဖို့ မခက်ခဲပါဘူး…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။

"ဒါဆို ကျွန်တော်က စီနီယာအစ်ကိုရွှီနဲ့ စီနီယာအစ်ကိုကျိုနဲ့အတူ အလှည့်ကျပြောင်းလိုက်မယ်…"


ကျိုဖုန်း: "ယိရှန်း၊ မင်းအရင်မောင်းလိုက်… အမြန်လမ်းမပေါ်ရောက်ရင် ဖျင်စစ်က ခဏလောက်မောင်းပြီး ငါကမင်းဘေးမှာထိုင်ပြီး လေ့လာလိုက်မယ်…"


ယာဥ်မောင်းတစ်ယောက်တည်းက ရက်အများကြီးကို ထိန်းထားနိုင်မှာမဟုတ်ဘဲ လူသုံးယောက်လောက် ပြောင်းတာက ပိုကောင်းပါသည်။


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောသည်။

"ဒီလိုဆိုရင် စူပါမားကတ်ကို အရင်ရှာပြီး ရိက္ခာတချို့ကို ကားထဲထည့်လိုက်ကြရအောင်… ငါတို့က သန္ဓေပြောင်းတွေမဟုတ်သလို၊ ပြုပြင်ခံထားရသူတွေ မဟုတ်တာကြောင့် တစ်ရက်လောက် မစားမသောက်ဘဲနေဖို့ ငါတို့အတွက် မဖြစ်နိုင်ဘူး…"


အားလုံးက သဘောတူခေါင်းငြိမ့်ကြသည်။


စာကြည့်တိုက်၏စာမေးပွဲစည်းမျဉ်းအရ ချောချောမွေ့မွေ့ သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေ။ F မြို့ကို မရောက်အောင် တားဆီးနိုင်သည့်အရာတွေ အများကြီးရှိမှာ သေချာပါသည်။ အဆုံးသတ်ကိုရောက်ရန် လုံလောက်သော အစားအစာနှင့် သောက်ရေကို သူတို့တွေ သိုလှောင်ထားရမည်။


ခယ်ရှောင်ပင်း: "နွားနို့၊ ဘီစကွတ်နဲ့ သယ်လို့အဆင်ပြေတဲ့ အခြားပစ္စည်းတွေ ပိုယူလိုက်ရအောင်…"

သူသည် စားသောက်ရတာကြိုက်သော်လည်း ယခုမူ သူ့အသက်အတွက် ပြေးလွှားနေရတာကြောင့် လေးလံပြီး အာဟာရမရှိသော အစားအစာများကို မသယ်နိုင်တော့ပေ။


ချင်မြောင်က တည်ငြိမ်စွာ ပြောသည်။

"စာရင်းလုပ်ရအောင်၊ အစားအစာအတွက် တစ်ယောက်ကို အိတ်တစ်လုံးသယ်တာက အကောင်းဆုံးပဲ… ကျွန်မရဲ့ကျီးကန်းပါးစပ်အတွက် အပြစ်မတင်ပါနဲ့၊ တကယ်လို့ လမ်းမှာ ကားကို ပစ်ထားရမယ်ဆိုရင် ကျွန်မတို့က ရိက္ခာတွေကို မယူသွားနိုင်ရင် ဒုက္ခရောက်လိမ့်မယ်…"


လန်ယာရုန်က ရယ်သည်။

"သန္ဓေပြောင်းတွေက ငါတို့က F မြို့ဆီ ချောချောမွေ့မွေ့နဲ့ မောင်းခွင့်မပေးနိုင်ဘူး… အရေးပေါ်အခြေအနေ အမျိုးမျိုးအတွက် ကြိုတင်ပြင်ဆင်ထားရမယ်… တစ်ယောက်ကို ကျောပိုးအိတ်တစ်လုံးစီ၊ စားစရာအပြည့်နဲ့ ရေဘူးနည်းနည်းကို ကားထဲထည့်ဖို့ အကြံပေးတယ်…"


ရွှီယိရှန်းက သူတို့ကို သတိပေးသည်။

"ပြီးတော့ ဓာတ်ဆီကောပဲ… ခရီးရှည်ကြီးအတွက် မလုံလောက်ဘူး… ဒီတော့ နောက်ထပ် ဓာတ်ဆီအနည်းငယ် သိုလှောင်ဖို့အတွက် ဓာတ်ဆီဆိုင်ကို သွားရမယ်…"


ယွဲ့ရှင်းဝမ်ကခေါင်းငြိမ့်ပြပြီး ပြတင်းပေါက်အပြင်ကို အမြန်ကြည့်လိုက်သည်။

"အားလုံးပဲ၊ စူပါမားကတ် ဒါမှမဟုတ် ကုန်စုံဆိုင်ကို ရှာကြမယ်… သန္ဓေပြောင်းတွေ မရောက်လာခင် ငါတို့တွေ မြန်မြန်ဆန်ဆန် ပြင်ဆင်မှုတွေ လုပ်ရမယ်…"


# TK