Volume 5 : ဇီဝသိပ္ပံဌာန
Chapter 87 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၀၅)
F မြို့ကို ခရီးရှည်သွားရမှာဖြစ်၍ အစားအသောက်၊ ရေနှင့် ဓာတ်ဆီ အလုံအလောက် စုဆောင်းထားဖို့ လိုအပ်ပါသည်။
သို့သော် လမ်းပေါ်ရှိ ဆိုင်များအားလုံး သော့ခတ်ထားသည်။ ယွဲ့ရှင်းဝမ် လှည့်ကြည့်လိုက်တော့ အနီးနားရှိ စတိုးဆိုင်များနှင့် စူပါမားကတ်များကို မတွေ့ခဲ့ရပေ။ သူက တစ်ဖက်သို့လှည့်ကာ မေးလိုက်သည်။
"ပရော်ဖက်ဆာထန်၊ စူပါမားကတ် ဘယ်မှာရှိလဲ သိလား?"
ပရော်ဖက်ဆာထန်သည် ဇီဝသိပ္ပံဌာနမှ သုတေသီတစ်ဦးဖြစ်ပြီး ဤမြို့တွင် ခဏတာနေထိုင်ပြီးနောက် သူသည် ယွဲ့ရှင်းဝမ်ထက် ပတ်ဝန်းကျင်နှင့် ပို၍ရင်းနှီးသည်။ ဒါကိုကြားတော့ သူက အရှေ့ရှိ လမ်းဆုံလမ်းခွကို လက်ညိုးထိုးပြပြီး ပြောသည်။
"အရှေ့ကဘယ်ဘက်ကိုကွေ့ပြီး နည်းနည်းလောက် လမ်းလျှောက်လိုက်ရင် ဈေးဝယ်ပလာဇာဘေးမှာ စူပါမားကတ်ကြီးတစ်ခုရှိတယ်…"
ယွဲ့ရှင်းဝမ်က တာဝန်ခွဲရန် နာမည်တွေကို ခေါ်လိုက်သည်။
"စီနီယာအစ်ကိုရွှီ၊ စီနီယာအစ်ကိုကျိုဖုန်း၊ စီနီယာအစ်ကိုလျှိုနဲ့ စီနီယာအစ်မမန့်လော်တို့ လေးယောက်က ကားထဲမှာနေခဲ့ပြီး ကျန်တဲ့သူတွေက ငါနဲ့လိုက်ခဲ့!"
ရွှီယိရှန်းသည် ဘတ်စ်ကားကို အရှေ့ဘက်ထောင့်သို့ မောင်းသွားကာ လေးထပ်တိုက်ဈေးဝယ်စင်တာကို တွေ့လိုက်ရသည်။
သို့သော်လည်း နောက်မြင်ကွင်းက လူတိုင်း၏ မျက်လုံးများကို ပြူးကျယ်သွားစေခဲ့သည်။
ကျယ်ဝန်းသော ရင်ပြင်ပေါ်တွင် လူသေအလောင်း အမြောက်အမြားကို တွေ့လိုက်ရသည်။
ထူထပ်စွာ ပြည့်ကျပ်နေသော လူသေအလောင်းများသည် အမှိုက်များ စွန့်ပစ်ထားခြင်းနှင့် တူသည်။ သေနတ်ကျည်ဆန်ကြောင့် နဖူးတစ်ပြင်လုံးတွင် သွေးသံတရဲရဲအပေါက်ဖြင့် သက်ကြီးရွယ်အိုများ၊ လူငယ်လူရွယ်များ၊ မျက်စိပွင့်နေသော ကလေးများစွာရှိသည်။
အလောင်းများသည် ပုပ်ပွ၊ နံစော်ကာ ယင်ကောင်များဖြင့် ဝိုင်းရံထားသည်။
ရင်ပြင်တစ်ခုလုံးရှိ လူသေအလောင်းများသည် တုန်လှုပ်ချောက်ချားစရာပင်။
ခယ်ရှောင်ပင်းသည် အလွန်ရွံရှာသွားပြီး အော့အန်လုနီးပါးဖြစ်ကာ ခေါင်းကို အမြန်လှည့်ပြီး မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
ချင်မြောင်က အေးစက်စွာ ပြောသည်။
"သူတို့က လူတွေကို အမှိုက်လို သဘောထားတာလား? သတ်ပြီးတော့ အလောင်းတွေကို လွှင့်ပစ်ဖို့တောင် စိတ်ကူးမရှိဘဲ ဒီအတိုင်းပစ်ထားတာလား?!"
ချင်လုက နှုတ်ခမ်းကို ခပ်တင်းတင်းကိုက်လိုက်သည်။
"ကလေးတွေ အများကြီးပဲ၊ အရမ်းသနားစရာကောင်းတာပဲ…"
ကျန်းဖျင်စစ်က လေးနက်သောအသံဖြင့် ပြောသည်။
"ဒီမြို့က သန္ဓေပြောင်းတွေကြောင့် သွေးချောင်းစီးခဲ့ပုံရတယ်… မြို့ခံတွေက သတ်ဖြတ်ခံရတာ ဒါမှမဟုတ် ထွက်ပြေးသွားတာဖြစ်နိုင်ပြီး အသက်ရှင်နေတဲ့လူတွေ အများကြီး မကျန်တော့ဘူး…"
ယွဲ့ရှင်းဝမ်က သူ့လက်သီးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
",အဲဒီသန္ဓေပြောင်းတွေက လူသားတွေကို အရေးမပါတဲ့ အမှိုက်တွေလို ဆက်ဆံတာပဲ… သူတို့က တစ်ကမ္ဘာလုံးကို အပြည့်အဝ ထိန်းချုပ်ချင်ကြတာပဲ… အမိန့်မနာခံတဲ့ လူသားတွေကိုတွေ့ရင် သူတို့က ချက်ချင်း သတ်ပစ်တာလား?"
ပရော်ဖက်ဆာထန်၏ မျက်နှာက ဖြူဖျော့နေပြီး သူက တုန်တုန်ယင်ယင်အသံဖြင့် ပြောသည်။
"ငါ့အထက်လူကြီးတွေပြောတာထက် အခြေအနေက ပိုဆိုးနေတယ်…"
ဟင်းသီးဟင်းရွက်ဈေးက အရွက်ပုပ်တွေတောင် အမှိုက်ပုံးထဲ စွန့်ပစ်ထားပေမယ့် လူသေအလောင်းတွေကိုတော့ နေရာအနှံ့ လွှင့်ပစ်ထားသည်။ လူ့ခန္ဓာကိုယ်က ပုပ်နေသော ဟင်းသီးဟင်းရွက်လောက်တောင် မကောင်းပေ။
လေအေးက တိုက်ခတ်လာသဖြင့် ရင်ပြင်ပေါ်တွင် လွှင့်တင်ထားသော ပိုစတာများသည် လေထဲတွင် တဖျပ်ဖျပ်ခတ်ကာ “ဝှီး” ဟူသော အသံကို ထွက်ပေါ်လာစေသည်။ ရင်ပြင်ဘေးတွင် ‘လူနေမှုပုံစံစူပါမားကတ်’ ၏ ဆိုင်းဘုတ်ကြီးတစ်ခုရှိသည်။ ဆိုင်းဘုတ်သည် ကွဲနေကာ တစ်ဝက်တစ်ပျက် ချိတ်ဆွဲထားပြီး သွေးစွန်းထင်းနေပါသည်။
ရွှီယိရှန်းက ဘတ်စ်ကားကို ရပ်တန့်ရန် ဘရိတ်အုပ်လိုက်ပြီး ယွဲ့ရှင်းဝမ်က သူ၏၏ အဖွဲ့ဝင်များကို ဘတ်စ်ကားပေါ်မှ အမြန်ဆင်းရန် ဦးဆောင်ခဲ့သည်။
လေထုထဲတွင် ပြင်းထန်သော အလောင်းအနံ့အသက်များ ထွက်ပေါ်လာပြီး လူများ အော့အန်လုနီးပါး ဖြစ်စေခဲ့သည်။ လူတိုင်းသည် ချက်ချင်းဆိုသလို သူတို့၏ ပါးစပ်၊ နှာခေါင်းများကို ဖုံးအုပ်ကာ ရင်ပြင်ရှိ လူသေအလောင်းများကို လျင်မြန်စွာ ကျော်ဖြတ်ပြီး စူပါမားကတ်သို့ လျှောက်သွားကြသည်။
စူပါမားကတ်ကို အတွင်းမှသော့ခတ်ထားပြီး ယွဲ့ရှင်းဝမ်က ကျန်းရှောင်နျန်ကိုကြည့်ကာ
"ရှောင်နျန်၊ မင်းရဲ့မြေတူးစက်ကို သုံးလိုက်…"
ဂျူနီယာညီလေးက သံတံခါးကိုဖြတ်ရန် မြေတူးစက်ကို ချက်ချင်းစတင်လိုက်ပြီး ယွဲ့ရှင်းဝမ်က ဦးဆောင်ကာ စူပါမားကတ်ထဲသို့ အမြန်ပြေးသွားသည်—
စူပါမားကတ်အတွင်းပိုင်းသည် ရှုပ်ပွနေ၏။ စင်ပေါ်ရှိ အစားအသောက်၊ ဆေးလိပ်နှင့် အရက်များ လုယက်ခံရသည်မှာ ကြာလှလေပြီ။ လတ်ဆတ်သောအစားအစာဧရိယာရှိ ငါးနှင့်ပုစွန်များသည် ကြမ်းပြင်ပေါ်တွင် ပြုတ်ကျနေကာ အနံ့အသက်ဆိုးများ ထွက်ပေါ်နေပါသည်။ စူပါမားကတ်ကြီးတစ်ခုလုံးက ကပ်ဆိုးတစ်ခု ကြုံခဲ့ရပုံရသည်။
ယွဲ့ရှင်းဝမ်၏ မျက်လုံးများသည် စူပါမားကတ်တစ်ခွင်ကို လျင်မြန်စွာ ကြည့်ကာ ပြောလိုက်သည်။
"ဒီမြို့က လူတွေက စူပါမားကတ်ကို လုယက်ပြီးသွားပြီ… ဘာတွေကျန်သလဲဆိုတာ ကြည့်ရအောင်…"
သန္ဓေပြောင်းများသည် မြို့ကို သန့်စင်လိုက်ပြီး လူတချို့က သေဆုံးကာ တချို့သောလူသားတွေက ထိတ်လန့်စွာ ထွက်ပြေးခဲ့ကြသည်။ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာသောအခါ အစားအစာကို ဦးစွာလုယက်ခြင်းက လူသားတို့၏ အလိုအလျောက်တုံ့ပြန်မှုဖြစ်သည်။ စူပါမားကတ်ရှိ စင်များ အားလုံးမှာ သပ်ရပ်သောနေရာ မရှိသလောက်ပင်။ နို့နှင့် ရေတင်ထားသော စင်များ မရှိတော့ဘဲ ကွတ်ကီးနှင့် ချောကလက်ကဲ့သို့သော သရေစာနေရာများသည် အကြည့်တစ်ချက်နဲ့တင် ဗလာဖြစ်နေသည်။
ခယ်ရှောင်ပင်းက စိတ်ပျက်လက်ပျက်နဲ့ ပြောသည်။
"စားစရာတွေက လုယက်ခံရပြီး ဘာမှ မကျန်တော့ဘူး..."
ကျန်းရှောင်နျန်က ဝိုင်စင်ကို စိုက်ကြည့်ရင်း မှင်တက်သွားကာ အသံတိုးတိုးဖြင့် ညည်းညူသည်။
"ဝိုင်နီနဲ့ ဝိုင်ဖြူတွေ တစ်ဝက်ကျော်လောက်ကိုတောင် ယူသွားကြတယ်… ဒီလူတွေက အရေးကြီးတဲ့အခြေအနေမှာတောင် အရက်သောက်ချင်နေသေးတာလား?!"
ယွဲ့ရှင်းဝမ်: "အဲဒီတုန်းက စူပါမားကတ်က ထိန်းမနိုင်သိမ်းမရဖြစ်နိုင်ပြီး တချို့လူတွေက လောဘကြီးတာကြောင့် ဝိုင်တချို့ကို လုယူပြီး ထွက်သွားတာဖြစ်မယ်…"
သူက အရှေ့တွင် လွတ်နေသော စင်များဆီကနေ လျင်မြန်စွာ လျှောက်လာသည်။ သရေစာအပိုင်းတွင် အဆိုးဆုံးအရသာရှိသည့် ဆားနယ်ထားသော မုန့်ထုပ်များ ပြန့်ကျဲနေသည့် အထုပ်အနည်းငယ်မျှသာ ကျန်ရှိတော့သဖြင့် သူတို့တွင် လူ 12 ယောက်ရှိတာကြောင့် တစ်ခါစားရန်ပင် မလုံလောက်ပေ။
အဖျော်ယမကာဧရိယာလည်း မရှိတော့ဘဲဖျော်ရည်ပုလင်း နှစ်ပုလင်း၊သုံးပုလင်းသာ မြေပြင်ပေါ်တွင် ကျန်ရစ်ခဲ့သည်။
အနီးနားတွင် နေထိုင်သူများသည် စူပါမားကတ်ကို လုယက်သွားပြီး အကျန်များကို ကောက်ရမှာလား? အကျန်များကိုကောက်ရန် သူတို့အတွက် အကျန်တွေ ဘယ်လောက်များ ရှိနိုင်မှာလဲ?!
ကျန်းဖျင်စစ်: "စူပါမားကတ်မှာ ဂိုဒေါင်ရှိ၊မရှိ ကြည့်ရအောင်…"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"ကောင်းပြီ… အားလုံး လူခွဲပြီး ရှာကြရအောင်… ဘေးကင်းရေးကို ဂရုစိုက်ကြပါ…"
စင်ပေါ်ရှိ ပစ္စည်းများကို လုယက်သွားသော်လည်း စူပါမားကတ်တွင် ကုန်ပစ္စည်းများ သိုလှောင်ရန် ဂိုဒေါင်များ ရှိရမည်။ ထို့ကြောင့် ဒေသခံတွေက ပရမ်းပတာအခြေအနေကြားတွင် ဂိုဒေါင်ကို လက်လျော့ပြီး ရိက္ခာတချို့ကိုပဲ မွှေနှောက်ရှာသွားတာဖြစ်နိုင်သည်။
ဤမျှော်လင့်ချက်လေးဖြင့် လူတိုင်းသည် ဂိုဒေါင်ကိုရှာဖွေရန် စူပါမားကတ်ထောင်သို့သွားကြသည်။
မကြာခင်မှာပဲ ကျန်းဖျင်စစ်နှင့် ယွဲ့ရှင်းဝမ်တို့သည် စူပါမားကတ်၏ထောင့်မှာ ဂိုဒေါင်တစ်ခုကို တွေ့ရှိခဲ့ပါသည်။
သို့သော် သူတို့နှစ်ယောက်ကို စိတ်ပျက်သွားစေပြီး ဒေသခံများက ဂိုဒေါင်ကိုလည်း လုယက်သွားခဲ့ကာ ဂိုဒေါင်၏ ပစ္စည်းများမှာ ကင်းစင်လုနီးပါးဖြစ်သွားပြီး ထောင့်တွင် စုတ်ပြဲနေသော သေတ္တာတချို့သာ ကျန်ရစ်ခဲ့သည်။
ယွဲ့ရှင်းဝမ်သည် လျှောက်သွားရင်း သေတ္တာကို ကြည့်ရန် မလိုက်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည်။
"နို့ဘူးသေတ္တာသုံးခုစလုံးက ရက်လွန်သွားပြီ…"
သက်တမ်းလွန်နေသောနို့ဘူးကို သောက်သုံးခြင်းသည် ဝမ်းလျှောခြင်းကို ဖြစ်စေသောကြောင့် ထိုအရာများကိုသောက်ပြီး သူတို့အသက်အတွက် ပြေးလွှားရတာမျိုး မလုပ်နိုင်ပေ။ သူက ကျန်းဖျင်စစ်ကိုကြည့်ကာ မေးလိုက်သည်။
"မင်းရဲ့ဘက်မှာကော ဘယ်လိုလဲ?"
ကျန်းဖျင်စစ်က ပြန်ဖြေသည်။
"ဒီရေသေတ္တာနှစ်ခုကတော့ သိုလှောင်ထားနိုင်တဲ့ သက်တမ်းအတွင်းမှာ ရှိနေသေးပြီး သောက်သုံးလို့ရတယ်…"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရေသေတ္တာကြီးနှစ်ခုကို သယ်ပြီး အကူအညီမဲ့စွာ ထွက်သွားကြသည်။
လန်ယာရုန်၏အသံက ညာဘက်ကနေ ထွက်ပေါ်လာသည်။
"စင်အောက်ခြေရဲ့ သေတ္တာထဲကနေ ကျောင်းလွယ်အိတ် အနည်းငယ်ကို ငါတွေ့ခဲ့တယ်…"
သူတို့နှစ်ယောက်က ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရာ စီနီယာအစ်မလန်သည် အဓိကအားဖြင့် ပန်းရောင်နှင့် အနီရောင်ခြယ်ထားသော ကာတွန်း Mickey Mouse ပါသည့် ချစ်စရာကျောင်းလွယ်အိတ်အနည်းငယ်အား ကိုင်ဆောင်ထားတာကို တွေ့လိုက်ရသည်။ 1.8 မီတာကျော်ရှိသည့် ယောင်္ကျားလေးတွေဟာ ချစ်ဖို့ကောင်းသည့် ကျောင်းလွယ်အိတ်တွေကို ကျောမှာကပ်ထားလျှင် အလွန်ထူးဆန်းနေပါလိမ့်မည်။
သို့သော် ယခုအချိန်သည် အသုံးပြုလို့ရနိုင်သ၍ ကျောင်းလွယ်အိတ်၏ပုံစံကို ချေးများရမည့်အချိန်မဟုတ်ပေ။
ယွဲ့ရှင်းဝမ်: "အားလုံးကိုယူခဲ့လိုက်…"
ထိုအခိုက်အတန့်မှာပဲ အရှေ့ထောင့်ကနေ ခယ်ရှောင်ပင်း၏ အသံထွက်လာသည်။
"ဒီမှာ သိုလှောင်ခန်းရှိတယ်!"
ယွဲ့ရှင်းဝမ်က စီနီယာအစ်မလန် တွန်းနေသည့် ဈေးဝယ်လှည်းထဲသို့ ရေသေတ္တာကို ထည့်လိုက်ပြီး အသံ၏ ဦးတည်ရာဆီသို့ အမြန်လျှောက်သွားလိုက်သည်။
ခယ်ရှောင်ပင်းက သော့ခတ်ထားသော တံခါးငယ်တစ်ခုဘေးရှိ စူပါမားကတ်၏ ကောက်ပဲသီးနှံအပိုင်းတွင် ရပ်နေသည်။
ဆန်၊ ခေါက်ဆွဲ၊ ဆီနှင့် ပဲမျိုးစုံက လုယက်ခံထားရပြီး ဂျုံမှုန့်တွေက ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေခဲ့သည်။ တံခါးကို သော့ခတ်ထားပြီး ကန့်လန့်ကာဖြင့် ဖုံးအုပ်ထားသောကြောင့် ဒေသခံများသည် အခြားအရာများကို လုယက်ရန် အလုပ်များနေကြပြီး တံခါးကို မဖြတ်ခဲ့ကြပေ။
ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ဖဝါးမှ ချွန်ထက်သော တြိဂံပေတံတစ်ချောင်း ပစ်လွှတ်လိုက်ကာ သံသော့ကို ချက်ချင်းဖြတ်လိုက်သည်။
ခယ်ရှောင်ပင်းသည် တံခါးကို အမြန်ဖွင့်လိုက်တော့ သိုလှောင်ခန်းထဲမှာ ပဲနီ၊ မတ်ပဲ၊ ပဲပိစပ်၊ မြေပဲ၊ စွံပလွံသီးတွေ အများကြီးရှိနေတာကို တွေ့လိုက်ရသည်… ကောက်ပဲသီးနှံတွေအားလုံးလည်း ရှိသည်။
ယွဲ့ရှင်းဝမ်: "ဒီကောက်ပဲသီးနှံတွေကို သယ်ရတာ အဆင်မပြေပေမယ့် စူပါမားကတ်မှာ အခြားစားစရာ မရှိဘူး… ဒီတော့ အရင်ဆုံး ရောနှောထားတဲ့ကောက်ပဲသီးနှံတချို့ကို အိတ်တစ်အိတ်နဲ့ ထုပ်လိုက်မလား? အဲဒါကို စားနိုင်သ၍ ငါတို့ငတ်သေမှာမဟုတ်ပါဘူး…"
ခယ်ရှောင်ပင်းက သူ့မျက်မှန်ကိုပင့်တင်ကာ မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမယ့် စွံပလွံသီးနဲ့ မြေပဲကလွဲရင် ဘယ်ဟာကို ဒီအတိုင်းစားလို့ရမှာလဲ?! အဲဒါတွေကို အစိမ်းစားလို့မရဘူးမလား? ငါတို့က နေ့တိုင်း ပဲစိမ်းတွေကို ဝါးနေလို့မရဘူးလေ…"
ရှင်းယန်က ရုတ်တရက် ပြောလာသည်။
"အဲဒါတွေကို ပေါင်းခံပုလင်းနဲ့ ငါပြုတ်ပေးနိုင်တယ်…"
အားလုံးက သူ့ကို သံသယဖြင့် ကြည့်လာကြသည်။
ရှင်းယန်က ရှင်းပြသည်။
"စိတ်မပူပါနဲ့၊ ငါ့ရဲ့ပေါင်းခံပုလင်းက တစ်ခါဆင့်ခေါ်လိုက်တိုင်း အသစ်ပြန်ဖြစ်သွားတယ်… အရွယ်အစားကို စိတ်ကြိုက်ပြောင်းနိုင်ပြီး အရက်မီးခွက်နဲ့ အပူပေးလိုက်ရင် ပုလင်းအတွင်းပိုင်းက 100 ဒီဂရီ အပူချိန်မြင့်လာပြီး ရေနွေးအိုးအဖြစ် အသုံးပြုလို့ရတယ်… ရေရှိနေသ၍ ဒီကောက်ပဲသီးနှံတွေနဲ့ ပဲနို့၊ မတ်ပဲယာဂု၊ ပဲနီယာဂု၊ ရတနာရှစ်မျိုးယာဂု စသဖြင့် ပြုလုပ်နိုင်တယ်…"
ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာသည်။
"ဒါက အရမ်းကောင်းတာပဲ!"
သူက ရှင်းယန်ကို စိတ်လှုပ်ရှားစွာကြည့်ပြီး ပြောသည်။
"မင်းဓာတုဗေဒဌာနရဲ့ စမ်းသပ်ကိရိယာတွေကို မီးဖိုချောင်သုံး ပစ္စည်းတွေအဖြစ်လည်း တကယ်သုံးနိုင်ပါလား?"
ရှင်းယန်က ပေါ့ပါးစွာ ပြောသည်။
"အဲဒါကြောင့် ငါက ပေါင်းခံကိရိယာအစုံကို လဲလှယ်ခဲ့တာပေါ့…"
ယွဲ့ရှင်းဝမ်က ပြုံးကာ လက်မထောင်ပြသည်။
"ရှင်းယန်၊ မင်းကတကယ်ပဲ အမြော်အမြင်ရှိတယ်…"
သည်နည်းဖြင့် သူတို့က လမ်းမှာ ကောက်ပဲသီးနှံတွေယူသွားပါက အစာကုန်သွားမှာကို စိတ်ပူစရာမလိုတော့ပေ။ ဘီစကွတ်များ၊ ခေါက်ဆွဲခြောက်များနှင့် အခြားအစားအစာများနှင့် နှိုင်းယှဉ်ပါက ရှင်းယန်သည် နေ့စဉ် အမျိုးမျိုးသော ယာဂုပြုလုပ်ရန် ပေါင်းခံပုလင်းကို အသုံးပြုကာ ရှားပါးလွန်းသည့် လတ်ဆတ်သော ပူပူနွေးနွေး ယာဂုကို စားနိုင်သည်။
လူတိုင်းသည် ကျောင်းလွယ်အိတ်များကို စိတ်အားထက်သန်စွာ ကောက်ယူကြပြီး ကျောင်းလွယ်အိတ်ထဲသို့ ကောက်ပဲသီးနှံမျိုးစုံကို အသည်းအသန် ထည့်ကြသည်။
ခယ်ရှောင်ပင်းက ပြောသည်။
"အားလုံး သပ်သပ်စီထုပ်သင့်တယ်… ကောက်ပဲသီးနှံတွေ အမျိုးမျိုးကို ကျောင်းလွယ်အိတ်တစ်အိတ်ထဲ ထည့်လိုက်ပြီး စွံပလွံသီးနဲ့ မြေပဲတွေကိုလည်း မမေ့နဲ့ဦး… အဲဒါက မိန်းကလေးတွေ စားတာပိုကောင်းတယ်…"
လန်ယာရုန်က တခစ်ခစ်ရယ်သည်။
"နင်က အတော်လေးဗဟုသုတရှိပါလား?"
ခယ်ရှောင်ပင်း၏နားရွက်များ နီရဲလာပြီး ပြောသည်။
"ကျွန်–ကျွန်တော်က သကြားထုပ်လိုက်မယ်…"
ကျန်းရှောင်နျန်က ဘေးမှာ ရပ်နေပြီး သူ့အဖွဲ့ဝင်တွေက ကောက်ပဲသီးနှံတွေကို အိတ် 7 အိတ်ထဲ အလျင်အမြန်ဖြည့်နေတာကို အံ့ဩစွာ ကြည့်နေပြီးနောက် ယွဲ့ရှင်းဝမ်က သူ့လက်ကိုဝှေ့ယမ်းကာ ပြောသည်။
"ပြီးပြီ!"
အားလုံးက ကလေးကျောင်းလွယ်အိတ်တွေက သယ်သွားပြီး ရေသေတ္တာနှစ်ခုကို ဈေးဝယ်လှည်းထဲထည့်ပြီး တွန်းလာကာ ဘတ်စ်ကားပေါ် အမြန်ပြန်တက်ကြသည်။
လင်းမန့်လော်သည် ကလေးများ၏ ကျောင်းလွယ်အိတ်များဖြင့် အဝေးကနေ သပ်သပ်ရပ်ရပ် သယ်ဆောင်လာသော သူတို့ကို တွေ့လိုက်ရသည်။ သည်မြင်ကွင်းက အနည်းငယ်ရယ်စရာကောင်းပေမယ့် သူမ မရယ်ရဲပေ။ ယွဲ့ရှင်းဝမ်က ကားပေါ်တက်ပြီးနောက် သူမက ချက်ချင်း စိုးရိမ်တကြီး မေးသည်။
"ဘယ်လိုလဲ? နင်တို့ စားစရာတစ်ခုခုတွေ့ခဲ့လား?"
ကျိုဖုန်းကလည်း အရှေ့ကို လျှောက်လာပြီး ပြောသည်။
"ရေသေတ္တာနှစ်ဘူးလား? ကောင်းတယ်၊ ရေကိုချွေတာသောက်ပြီး ငါတို့အတွက် တစ်ပတ်စာသောက်ဖို့ လုံလောက်ပါတယ်…"
လျှိုကျောက်ချင်းက ပြုံးကာ ပြောသည်။
"ကျောင်းလွယ်ပိတ်တွေ အများကြီးက အပြည့်ပါလား? စူပါမားကတ်မှာ ဘီစကွတ်နဲ့ ချောကလက်တွေ ရှိတာလား?"
ယွဲ့ရှင်းဝမ်က စီနီယာအစ်ကိုလျှိုထံသို့ လျှောက်သွားပြီး ကျောင်းလွယ်အိတ်ကို ဇစ်ဖွင့်ကာ လွယ်အိတ်ထဲက ပဲနီတွေကို လက်ညှိုးထိုးပြလိုက်သည်။
"စူပါမားကတ်က အဆာပြေတွေအကုန်လုံးကို လုယက်သွားကြပြီ… ကျွန်တော်တို့ ကောက်ပဲသီးနှံတွေပဲ တွေ့ခဲ့တယ်…"
လျှိုကျောက်ချင်း၏ အပြုံးက အေးခဲသွားသည်။
"ငါတို့သွားတွေက ဘယ်လောက်ပဲကောင်းနေပါစေ ဒီပဲနီနဲ့ မတ်ပဲစေ့တွေကိုတော့ အစိမ်းလိုက်ဝါးလို့မရဘူးမလား?"
လင်းမန့်လော်က အံ့အားသင့်သွားသည်။
"ကျောင်းလွယ်အိတ်တွေထဲမှာ ကောက်ပဲသီးနှံမျိုးစုံ ပြည့်နေတာလား?"
ယွဲ့ရှင်းဝမ်က အပြုံးဖြင့်ပြောသည်။
"စိတ်မပူပါနဲ့၊ ရှင်းယန်ကပြောတယ်၊ သူက လူတိုင်းအတွက် ယာဂုချက်ပေးနိုင်တယ်တဲ့…"
ကားပေါ်ရှိလူတိုင်း "…"
သည်လွတ်မြောက်ရေးအဖွဲ့၏ပုံစံက ပုံမှန်တော့မဟုတ်ပေ။ ဓာတုဗေဒဌာနမှ အတန်းဖော်ရှင်းယန်သည် စားဖိုမှူးဖြစ်လာသည်။ သူက ပေါင်းခံပုလင်းကို အသုံးပြုပြီး သူတို့အတွက် နေ့တိုင်း ယာဂုချက်ကျွေးမှာလား?
လျှိုကျောက်ချင်းက သူ့ခေါင်းကို ကုတ်ကာ ပြုံးလိုက်သည်။
"ယာဂုပြောင်းသောက်ရတာကလည်း ကောင်းပါတယ်…"
လင်းမန့်လော်က အရွှန်းဖောက်သည်။
"ငါတို့က ကျန်းမာရေးထိန်းသိမ်းခြင်းစည်းချက်ကို ရောက်နေတာများလား? ယာဂုက ဗိုက်ကို ပူနွေးစေပြီး အသင့်စားခေါက်ဆွဲခြောက်ထက် ပိုအာဟာရဖြစ်တယ်!"
ခယ်ရှောင်ပင်းက အသံတိုးတိုးဖြင့် ညည်းညူသည်။
"ကျွန်တော် ကမ္ဘာပျက်ကပ်ဝတ္ထုတွေ အများကြီးဖတ်ဖူးတယ်… ဇာတ်လိုက်အဖွဲ့က ထွက်ပြေးတဲ့အခါ ချောကလက်၊ ဘီစကွတ်နဲ့ အသင့်စားခေါက်ဆွဲတွေကို အများဆုံး ယူသွားကြတယ်… ကျွန်တော်တို့က ပဲနီ၊ မတ်ပဲတွေကိုယူတဲ့ ပထမဆုံးအဖွဲ့ဖြစ်လောက်တယ်…"
လူတိုင်း: "…"
သူတို့ ဘာတတ်နိုင်မှာလဲ? ဘီစကွတ်နဲ့ ချောကလက်တွေကိုရှာရန် နောက်ကျနေပြီမဟုတ်ပါလား?
ယွဲ့ရှင်းဝမ်က ပေါ့ပါးစွာ ချောင်းဟန့်လိုက်သည်။
"အားလုံး ထိုင်ကြတော့၊ မြန်မြန် အမြန်လမ်းမကြီးပေါ် တက်ကြမယ်…"
ယာဉ်မောင်းထိုင်ခုံမှ ရွှီယိရှန်းက ခေါင်းကိုလှည့်ပြီး ပြောလာသည်။
"ပရော်ဖက်ဆာထန်က ငါတို့ကို လမ်းကြောင်းမြေပုံတစ်ခု ဆွဲပေးထားတယ်…ကျင်းလင်လမ်းကနေ ဟွမ့်ချန်ကားလမ်းမအထိ နောက်ထပ်လမ်းနှစ်လမ်းအလွန်မှာ ဓာတ်ဆီဆိုင်ရှိတယ်… ငါတို့ အမြန်လမ်းမကြီးပေါ်တက်ပြီးရင် F မြို့ကို ဆက်သွားလိုက်ရုံပဲ…"
ကျန်းဖျင်စစ်က လျှောက်လာပြီး မေးသည်။
"စီနီယာအစ်ကို ဆက်မောင်းဦးမှာလား? နေရာလဲချင်ပြီလား?"
ရွှီယိရှန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
"ဟင့်အင်း၊ ငါမပင်ပန်းသေးဘူး… မှောင်သွားရင် ညဘက်ကို ငါမောင်းလိုက်မယ်… မင်းတို့ထက် ငါက ညဘက် ကားမောင်းတဲ့ အတွေ့အကြုံပိုရှိတယ်… မင်းတို့နှစ်ယောက်က ငါ့ဘေးမှာခိုင်ပြီး ဘတ်စ်ကားဂီယာတွေကို လေ့လာနေလိုက်…"
ကျိုဖုန်း: "ကောင်းပြီ၊ မင်းက ပထမညတစ်ဝက်ကို မောင်းလိုက်၊ ပြီးရင် ငါနဲ့ဖျင်စစ်က ဒုတိယညတစ်ဝက်ကို မင်းနဲ့ ပြောင်းလိုက်မယ်…"
အားလုံးကထိုင်နေကြပြီး ရွှီယိရှန်းက ဘတ်စ်ကားကို လမ်းနှစ်လမ်းအတိုင်း မောင်းလာရင်း ဓာတ်ဆီဆိုင်ကို တွေ့လိုက်သည်။
ဓာတ်ဆီဆိုင်က ဗလာဖြစ်နေသည်။ ရွှီယိရှန်း၊ ကျိုဖုန်းနှင့် ကျန်းဖျင်စစ်တို့သည် ကားထဲမှ ထွက်လာကြပြီး စွန့်ပစ်ထားသော သံစည်ပိုင်းအနည်းငယ်ကို တွေ့ရှိခဲ့သည်။ သူတို့က ဓာတ်ဆီစည်ပိုင်းအနည်းငယ်ကို ယူလာကာ စည်ပိုင်းများကို အလုံပိတ်ထားသည်။
ယွဲ့ရှင်းဝမ်ကနောက်ဆုံးတွင် သက်သာရာရသွားသည်။
ရေသေတ္တာနှစ်ဘူး၊ အမျိုးမျိုးသောကောက်ပဲသီးနှံခုနစ်အိတ်နှင့် ဓာတ်ဆီလေးစည်တို့သည် F မြို့ဆီသွားရန် သူတို့အတွက် လုံလောက်ပါသည်။
ရည်ရွယ်ချက်ကတော့ သူတို့အတွက် ချောမွေ့တဲ့ခရီးဖြစ်ဖို့ပါပဲ။
#TK