Chapter 112
Viewers 22k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 112 (အားကစားပြိုင်ပွဲ ၀၃)


မီတာ 400 ပြိုင်ပွဲသည် တာတိုအပြေးပြိုင်ပွဲနှင့် အလယ်အလတ်အဝေးပြေးပြိုင်ပွဲကြားတွင် အခက်ခဲဆုံး အပြေးပြိုင်ပွဲများထဲမှ တစ်ခုဖြစ်သည်။ လက်ရှိကမ္ဘာ့စံချိန်သည် အမျိုးသားများအတွက် 43.03 စက္ကန့်နှင့် အမျိုးသမီးများအတွက် 47.60 စက္ကန့်ဝန်းကျင်ရှိသည်။


သို့သော် စာကြည့်တိုက် အားကစားပြိုင်ပွဲများသည် စွမ်းရည်အသုံးပြုခြင်းကို ကန့်သတ်မထားသောကြောင့် မီတာ 400 ပြေးရန် သေချာပေါက် အချိန်ကြာမြင့်မည်မဟုတ်ပါ။ ယေဘုယျအားဖြင့် ပထဝီဝင်ဌာန၏ ‘ကျောက်ထုလွှာလှုပ်ရှားမှု’သည် စမှတ်မှ မီတာ 400 အကွာအဝေးသို့ 2 စက္ကန့်အတွင်း တိုက်ရိုက်တယ်လီပို့နိုင်သည်။

 

ဤပြိုင်ပွဲသည် “လူသားခန္ဓာကိုယ်ကြံ့ခိုင်မှု”၏ နယ်ပယ်ကို လုံးဝကျော်လွန်နေပြီး သူတို့၏စွမ်းရည်များအား အသုံးပြုပုံအပေါ်တွင် မူတည်သည်။


ဝီစီမှုတ်ပြီးတာနဲ့ မီတာ 400 ပြိုင်ပွဲ၏ ပထမဆုံး အားကစားသမားအဖွဲ့ဟာ ပြေးလမ်းပေါ်မှာ သပ်ရပ်စွာ ပေါ်လာခဲ့သည်။ နံပါတ် 1 မှ နံပါတ် 10 အထိ လူတစ်ဦးစီအတွက် ပြေးလမ်းတစ်ခုရှိသည်။ ပြေးလမ်းတစ်ခုစီ၏ အစမှတ်တွင် အမှတ်အသားများပါရှိပြီး အတော်လေးသမားရိုးကျဆန်သည်။


သူတို့၏နားထဲတွင် အေးစက်သော စက်အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒိုင်လူကြီးရဲ့ သေနတ်သံမမြည်ခင် ပြိုင်ပွဲဝင်တစ်ဦးက အသုံးပြုတဲ့ စွမ်းရည်မှန်သမျှကို ပြစ်ဒဏ်အဖြစ်မှတ်ယူမှာဖြစ်ပြီး ပြိုင်ပွဲကနေ တိုက်ရိုက် ထုတ်ပယ်မှာဖြစ်ပါတယ်… ပြိုင်ပွဲဝင်တွေကလွဲပြီး ကြည့်ရှုတဲ့နေရာက ကျောင်းသားတွေအားလုံးဟာ စွမ်းရည်တွေအသုံးပြုခွင့်မရှိပါဘူး… သေနတ်သံပစ်ပြီးရင် အပြေးသမားတွေက အဆုံးစည်းကိုရောက်ရန် ကွင်းအတွင်း မီတာ 400 ကို နာရီလက်တံပြောင်းပြန်အတိုင်း ပြေးပြီး ဒိုင်လူကြီးရဲ့ system က ပြိုင်ပွဲရလဒ်တွေကို အလိုအလျောက် မှတ်တမ်းတင်ပေးမှာဖြစ်ပါတယ်… ပြိုင်ပွဲရဲ့ ပဏာမအဆင့်မှာ အုပ်စုတစ်ခုစီက ကျောင်းသား 2 ယောက်ပဲ ဆီမီးဖိုင်နယ်ကို ဝင်ရောက်နိုင်ပါတယ်…"


ဒါကိုကြားတော့ ယွဲ့ရှင်းဝမ်က မအံ့ဩဘဲမနေနိုင်ပေ။

"အဆင့်အားလုံးကို မကြည့်ဘဲ အုပ်စုလိုက်အဆင့်ကိုပဲ ကြည့်မှာပေါ့? အုပ်စုတစ်ခုတည်းမှာ အစွမ်းထက်တဲ့ ကစားသမားတွေ အရမ်းများနေရင် သူတို့တွေ မြန်မြန်ပြေးရင်တောင် ထိပ်ဆုံးနှစ်ယောက်ထဲ မဝင်နိုင်လောက်ဘူးလေ… အုပ်စုတစ်ခုရဲ့ အင်အားက အတော်လေး အားနည်းနေရင် ထိပ်ဆုံးနှစ်ယောက်ထဲဝင်ဖို့ အတော်လေး လွယ်ကူလိမ့်မယ်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြီး ပြန်ပြောသည်။

"အင်း၊ အုပ်စုပြိုင်ပွဲတွေမှာ ကံကောင်းဖို့က အရမ်းအရေးကြီးတယ်… ဒါပေမယ့် ဒီအားကစားပြိုင်ပွဲက ခန္ဓာကိုယ်ကြံ့ခိုင်မှုမဟုတ်ဘူး၊ စွမ်းရည်က အဓိကျတယ်… အုပ်စုတစ်ခုတည်းမှာရှိနေတဲ့ ဘယ်ပြိုင်ဘက်တွေက နောက်ဆုံးရလဒ်အပေါ် သက်ရောက်မှုရှိမှာလဲ? အုပ်စုလိုက်က ထိပ်ဆုံးနှစ်နေရာကို ဆုံးဖြတ်ဖို့ သင့်လျော်ပါတယ်…"


ခယ်ရှောင်ပင်းက လေးနက်စွာပြောသည်။

"စီနီယာအစ်ကိုရွှီက ဆီမီးဖိုင်နယ်ကို တက်နိုင်ဖို့ မျှော်လင့်တယ်…"


ကျိုဖုန်းက ရယ်လိုက်သည်။

"ဆီမီးဖိုင်နယ်က ဘာအရေးပါလို့လဲ? သူက ဖိုင်နယ်အထိ ရောက်သင့်တာ!"


ပထမအုပ်စုပြိုင်ပွဲကို မကြာမီ စတင်တော့မည်ဖြစ်သည်။


ကျောင်းသား 10 ယောက်မှာ အမျိုးသား၊ အမျိုးသမီး၊ အရပ်ရှည်၊ အရပ်ပု၊ ပိန်ပိန်၊ ခပ်ဝဝဖြင့် သူတို့၏ ကိုယ်လုံးကိုယ်ပေါက်က မတူညီကြပေ။


ပရိသတ်ထံမှ ကျောင်းသားများသည် အားကစားကွင်း၏ အလယ်ဗဟိုရှိ ဖန်သားပြင်ကြီးအား စူးစူးစိုက်စိုက် ကြည့်နေကြသည်။ ဖန်သားပြင်ကြီးတွင် သုတေသနအဖွဲ့၊ ဘာသာရပ်များ၊ နာမည်၊ လိင် အပါအဝင် ပြိုင်ပွဲဝင်များ၏ အသေးစိတ်အချက်အလက်များကို ဖော်ပြထားသည်။ ပထမအုပ်စုတွင် သင်္ချာ၊ တရုတ်ဘာသာစကား၊ ပထဝီ၊ ဥပဒေ၊ အားကစား စသဖြင့် အခြားဘာသာရပ်များအပါအဝင် ဂီတကျောင်းမှ မိန်းကလေးတစ်ဦးလည်း ပါဝင်ထားသည်။


လူ 10 ဦးက သူတို့၏ကြွက်သားနဲ့ အရိုးတွေကို ပြေလျှော့အောင် ပြေးလမ်းပေါ်တွင် လေ့ကျင့်ခန်းလုပ်နေကြပြီး ပရိသတ်များဘက်၌ ဆွေးနွေးမှု အများအပြားရှိနေခဲ့သည်။

"ဒီအဖွဲ့မှာ ပထဝီဝင်ဌာနနဲ့ အားကစားကျောင်းက နှစ်ယောက်က နောက်တစ်ဆင့်ကို တက်နိုင်လိမ့်မယ်လို့ ငါထင်မိတယ်…"


"မဖြစ်နိုင်ဘူး… ပြေးလမ်း 5 က ကောင်လေးဟာ ပထဝီဝင်ဌာနကမှန်း လူတိုင်းသိနေတာကို… ဒါကြောင့် ထိန်းချုပ်ခြင်းစွမ်းရည်က သူ့ကို အရင်ဆုံးမိတ်ဆက်သွားမှာဖြစ်ပြီး သူက အားလုံးရဲ့ပစ်မှတ်ဖြစ်လာလိမ့်မယ်!"


"အားလုံး အသင့်ပြင်——"


စာကြည့်တိုက်၏ system ဒိုင်လူကြီးသည် အားကစားပြိုင်ပွဲ၏ လူသားဒိုင်လူကြီးပုံစံ အတုယူရန် ကြိုးစားသော်လည်း စက်အသံက အတက်အကျမရှိဘဲ ပြောနေသောကြောင့် အားလုံးက နားထောင်ရတာ ထူးဆန်းနေပါသည်။


“ဘမ်း”အသံဖြင့် သေနတ်ပစ်ဖောက်လိုက်သည်နှင့် ကျောင်းသား 10 ဦးက ချက်ချင်း ပြေးလေတော့သည်။


ပရိသတ်အများအပြား မျှော်လင့်ထားသည့်အတိုင်း ပြေးလမ်း 5 ရှိ ပထဝီဝင်ဌာနမှ ကောင်လေးသည် ကောင်းကင်မှ သံလှောင်အိမ်တစ်ခု ပြုတ်ကျလာတာကို မြင်သောအခါတွင်

"ထောင်ဒဏ်သုံးနှစ်!"


သူ့ပြေးလမ်းဘေးက ဥပဒေဌာနရှိ မိန်းကလေးသည် သူ့ကို ထောင်ထဲသို့ ချက်ချင်း ထည့်လိုက်တော့သည်။ 


ထောင်ချခံထားရသူများသည် သူတို့၏နေရာများကို ပြောင်းလဲလို့မရဘဲ “ရွှေပုစဉ်းရင်ကွဲခွံ”၏ လွတ်မြောက်ခြင်းထိန်းချုပ်ရေးစွမ်းရည်ကိုသာ အသုံးပြုနိုင်သည်။ ထောင်ချခံထားရသော ပထဝီဝင်ဌာနမှ ကောင်လေးသည် ဒေါသအလွန်ထွက်သွားကာ အံကြိတ်ပြီး အရှေ့သို့ပြေးသွားသော အခြားကျောင်းသားများကို ကြည့်နေလေသည်။


ဥပဒေကျောင်းမှ မိန်းကလေးသည် အလွန်လျင်မြန်စွာ ရွတ်ဆိုခဲ့ပြီး အကျဉ်းထောင် 4 ခုကို ဆက်တိုက် ဆင့်ခေါ်ကာ သင်္ချာဌာန၊ ပထဝီဝင်ဌာန၊ အားကစားကျောင်းနှင့် ဓာတုဗေဒဌာနတို့မှ လူ 4 ဦးကို ထောင်ချခဲ့သည်။


သို့သော်လည်း နောက်အခိုက်အတန့်တွင် သူမသည် လုံးဝ မလှုပ်ရှားနိုင်တော့တာကို တွေ့လိုက်ရသည်...


အားကစားကွင်းတွင် တီးခတ်လာသည့် ရင်းနှီးသောဂီတသံ “မမေ့နိုင်သောည”တေးသွားကို ပုလွေမှုတ်ခဲ့သည်။


၎င်းက နှစ်စဉ်နှစ်တိုင်း နွေဦးပွဲတော်ပျော်ပွဲရွှင်ပွဲ၏ နောက်ဆုံးအဆင့် သီချင်းဖြစ်သည်။ သည်ပလွေသံမြည်လာသည်နှင့်အမျှ ပြေးလမ်းပေါ်ရှိ ကျောင်းသားများအားလုံးက...


အုပ်စုလိုက် အိပ်ပျော်သွားကြသည်။


ပြိုင်ပွဲဝင်အားလုံး အိပ်ပျော်သွားကာ ဂီတကျောင်းမှ မိန်းကလေးသည် “လေကိုလိုက်နေသောသမီး”သီချင်းကို တီးခတ်ပြီးနောက် သူမ၏ခြေထောက်များက လေကို နင်းသွားသလိုမျိုး သူမပြေးနေသည့်အရှိန်က အလွန်မြန်တာကြောင့် အားလုံး ကြောင်သွားကြသည်။


10 စက္ကန့်မပြည့်မီ သူမသည် အသက်တစ်ရှိုက်အတွင်း အဆုံးစည်းကို ပြေးသွားခဲ့သည်။


အိပ်ပျော်သွားသော ကျောင်းသားများက ထိုအချိန်မှသာ နိုးလာခဲ့သည်။ တစ်အုပ်စုတည်းရှိ အတန်းဖော်တစ်ဦးက အဆုံးစည်းသို့ ရောက်ရှိသွားတာကို တွေ့လိုက်ရသဖြင့် အံ့ဩသွားကြသည်။ ကျန်သောသူများသည် ချက်ချင်းပင် ပြေးကြတော့သည်။ နောက်ဆုံးတွင် အားကစားကျောင်းမှ ကျောင်းသားတစ်ဦးသည် 15 စက္ကန့်အတွင်း အဆုံးစည်းသို့ ရောက်ရှိရန် တုတ်ထောက်ခုန်ကို တိုက်ရိုက်အသုံးပြုခဲ့သည်။


စက်အသံက အေးစက်စွာ ကြေညာခဲ့သည်။

"မီတာ 400 ပဏာမပြိုင်ပွဲရဲ့ ပထမအုပ်စုတွင် ဆီမီးဖိုင်နယ်တက်သွားသူတွေကတော့ A-99 သုတေသနအဖွဲ့မှ ကျိုးကျားယောင်နဲ့ B-196 သုတေသနအဖွဲ့မှ ချွီလျှန့်တို့ဖြစ်ပါတယ်… ဒုတိယအုပ်စု အဆင်သင့်ပြင်ထားပါ…"


သည်လိုရလဒ်ကိုမြင်တော့ ပရိသတ်တွေ အံ့အားသင့်သွားကြ၏။


ယွဲ့ရှင်းဝမ်လည်း အလွန်အံ့အားသင့်သွားသည်။

"ဂီတကျောင်းရဲ့ စွမ်းရည်ကို ငါပထမဆုံးမြင်ဖူးတာပဲ… ငါထင်တာမမှားဘူးဆိုရင် သူမရဲ့ပုလွေနဲ့ တီးမှုတ်လိုက်တဲ့ “မမေ့နိုင်သောည”က အုပ်စုလိုက်အိပ်ပျော်အောင် ထိန်းချုပ်တာဖြစ်ပြီး “လေကိုလိုက်နေသောသမီး”က သူမကိုယ်သူမ အရှိန်မြင့်တာလား?"


ခယ်ရှောင်ပင်းက အလေးအနက်ပြောသည်။

"ဂီတကျောင်းက မှော်တွေနဲ့ ပြည့်နေပုံရပြီး အသံပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်နိုင်တယ်…"


လျှိုကျောက်ချင်းက ရယ်လိုက်သည်။

"ကံကောင်းလို့ သူမက ရှင်းဝမ်နဲ့ မတွေ့ခဲ့တာ… ရှင်းဝမ်သာ မစ္စတာလူရွှင့်ရဲ့‘လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ငါတော့ သူတို့တွေ ဆူညံတယ်လို့ပဲ ထင်မိတယ်’ကို ရွတ်လိုက်ရင်—— ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီး ဂီတကျောင်းရဲ့ စွမ်းရည်အားလုံးလည်း ပျက်သွားမှာမဟုတ်ဘူးလား?"


ယွဲ့ရှင်းဝမ်က သူ့နဖူးကို ကူကယ်ရာမဲ့စွာ ထောက်လိုက်သည်။

"မစ္စတာလူရွှင်ရဲ့ စာပိုဒ်က ရှည်လွန်းတယ်… ကျွန်တော် အဲဒါကို ဖတ်လို့မပြီးခင် သူတို့က ကျွန်တော့်ကို အရင်ထိန်းချုပ်သွားလိမ့်မယ်…"


လူတိုင်းက သေသေချာချာ တွေးကြည့်သောအခါ အဲဒါက အမှန်တရားတစ်ခုပဲဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် ဖိုရမ်တွင် နည်းဗျူဟာများကို မကြာခဏတင်လေ့ရှိပြီး အလွန်နာမည်ကြီးသည်။ သည်လိုပြိုင်ပွဲမျိုးမှာ သူပါဝင်မယ်ဆိုရင် သူက အလွန်အစွမ်းထက်တယ်ဆိုတာ အခြားကျောင်းသားတွေ သိထားကြပြီး သူတို့က သူ့ကို အရင်ဆုံးထိန်းချုပ်မှာဖြစ်သလို သူ၏စွမ်းရည်တွေကို ထုတ်လို့ရမှာမဟုတ်ဘူး။


ဤသည်မှာ “ခေါင်းဆောင်ကို အရင်ဆုံး သတ်ပစ်ခြင်း”၏ နိယာမဖြစ်သည်။


ယခုပြိုင်ပွဲ ပထမအုပ်စုတွင် ဥပဒေဌာနမှ မိန်းကလေးသည် ပထဝီဝင်ဌာနနှင့် သင်္ချာဌာနရှိ ကျောင်းသားများကို ထိန်းချုပ်ကာ ဂီတကျောင်းမှ မိန်းကလေးကို လျစ်လျူရှုခဲ့သည်။ ထို့ကြောင့် သူမသည် ဂီတကျောင်းမှ ကျောင်းသူကို အဖွဲ့လိုက်အိပ်ပျော်စေရန် ပြုလုပ်ခွင့်ပေးလိုက်မိပြီး အဆင့်မြင့်တင်ခဲ့သည်။


ပုံမှန်အားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ်အခြေခံ၍ အနီးစပ်ဆုံးစွမ်းဆောင်ရည်အဆင့်ကို လူတိုင်းအကဲဖြတ်နိုင်သော်လည်း ယနေ့ကျင်းပသည့် စာကြည့်တိုက်အားကစားပြိုင်ပွဲတွင် အရာအားလုံးကို မသိနိုင်ပါ။


မီတာ 400 အပြေးပြိုင်ပွဲများကို အုပ်စုလိုက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ယှဉ်ပြိုင်ခဲ့သည်။


စာကြည့်တိုက်သည် အပြည့်အဝ ဉာဏ်ရည်ထက်မြက်သော စီမံခန့်ခွဲမှုနှင့် ဒိုင်လူကြီးများကို လက်ခံထားသလို ကျောင်းသားများသည် အလွန်လျင်မြန်သောကြောင့် အုပ်စုတစ်ခုစီသည် များသောအားဖြင့် စက္ကန့် 20 အတွင်း ပြီးဆုံးနိုင်ပြီး ပိုမြန်သောအုပ်စုက 3 စက္ကန့်အတွင်းပင် ပြီးဆုံးနိုင်သည်။


ယွဲ့ရှင်းဝမ်သည် ပရိသတ်ထဲတွင် ထိုင်ကာ အလွန်စိတ်ဝင်စားစွာ ကြည့်နေခဲ့သည်။


ယနေ့ပြိုင်ပွဲတွင် သူတစ်ခါမှမမြင်ဖူးသော ဘာသာရပ်များနှင့် စွမ်းရည်များစွာရှိပြီး သူ့မျက်လုံးများကို တကယ်ပွင့်စေပါသည်။


"မီတာ 400 ပြိုင်ပွဲ၊ ပဏာအဆင့် အုပ်စု 103၊ အဆင်သင့်ပြင်ပါ…"


အချိန်တွေကြာလာတာနဲ့အမျှ အားလုံးက ဖန်သားပြင်ပေါ်မှာ ရင်းနှီးသောနာမည်တစ်ခုကို တွေ့လိုက်ရသည်။


C-183 သုတေသနအဖွဲ့၊ ဇီဝသိပ္ပံဌာန၊ ရွှီယိရှန်း၊ အမျိုးသား။


ကျန်းရှောင်နျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"စီနီယာအစ်ကိုရွှီရဲ့ အလှည့်ရောက်ပြီ!"


ယွဲ့ရှင်းဝမ်က တစ်အုပ်စုတည်းရှိ ပြိုင်ဘက်များကို လျင်မြန်စွာ ကြည့်လိုက်သည်။

"ဒီအဖွဲ့မှာ အားကစားကျောင်းက သုံးယောက်၊ ပထဝီဝင်ဌာနက တစ်ယောက်၊ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်က တစ်ယောက်နဲ့ ဓာတုဗေဒဌာနက တစ်ယောက်ပါတယ်… စီနီယာအစ်ကိုက အဆင့်တက်ပါ့မလား?"


ကျိုဖုန်း: "သူ့ရဲ့ mitosis က တော်တော်မြန်တယ်… သူ့ရဲ့စွမ်းဆောင်ရည်အပေါ် မူတည်တယ်…"


ရွှီယိရှန်း၏ အုပ်စု 103 အဖွဲ့သည် ဖန်သားပြင်တွင်ဖော်ပြထားသောအမည်များကို ကြည့်ရုံဖြင့် “အိပ်မက်ဆိုးအုပ်စု”ဖြစ်သည်။ အားကစားကျောင်းမှ ကျောင်းသားသုံးယောက်သည် အရပ်ရှည်ရှည်၊ ခြေတံရှည်ရှည်များ ဖြစ်ပြီး အမြန်ပြေးနိုင်သည့်အပြင် စကိတ်စီးခြင်း၊ တုတ်ထောက်ခုန်ခြင်း၊ သုံးကြိမ်ခုန်ခြင်း၊ မီတာ 100 တန်းကျော်ဘားတန်းများနှင့် အခြားစွမ်းရည်များရှိပြီး ဤအပြေးပြိုင်ပွဲတွင် ပါဝင်ရခြင်းသည် သူတို့အတွက် အလွန်အကျိုးရှိပါသည်။ အခြားသော ဘာသာရပ်များမှ ကျောင်းသားများသည်လည်း ကိုယ်ပိုင်စွမ်းရည်များ ရှိကြသောကြောင့် ရွှီယိရှန်း အဆင့်တက်နိုင်မယ်ဆိုတာကို ပြောရခက်ပါသည်။


"အားလုံး အသင့်ပြင်—— ပြေး!"


သေနတ်သံထွက်ပေါ်လာချိန်မှာတော့ ဓာတုဗေဒဌာနမှ ကောင်လေးသည် ညာလက်ကို မြှောက်လိုက်ပြီး ပုလင်းတော်တော်များများက ကောင်းကင်ကနေ ဆက်တိုက် ပြုတ်ကျလာသည်။ အနီးနားမှ ကျောင်းသားများသည် ရှောင်ရှားနေစဉ် အားကစားကျောင်းရှိ အရပ်အရှည်ဆုံးကျောင်းသားသည် မလွတ်မြောက်နိုင်ဘဲ အကြည်ရောင်ဖန်ပုလင်းထဲ၌ ပိတ်လှောင်ခံလိုက်ရသည်။ ကောင်လေးက ပုလင်းကို ထိုးလိုက်ပေမယ့် ဖန်ပုလင်းက ထိုးခွဲလို့မရကြောင်း တွေ့လိုက်ရသည်။


ကောင်လေးက မနေနိုင်စွာ ပြောဆိုခဲ့သည်။

"‌လခွမ်း! လူတွေကို ပုလင်းထဲထည့်တဲ့ စိတ်ကူးလည်းရှိသေးတာပဲ!"


သူနှင့် နီးကပ်နေသော ကျောင်းသားများသည် သူ၏ညည်းညူသံကို ကြားသောအခါ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။


သည်ညီအစ်ကိုက ကံဆိုးလွန်းပြီး သူ့မှာ ခြေတစ်လှမ်းလောက်လှမ်းဖို့တောင် အချိန်မရှိတော့ဘဲ သူ၏ပြိုင်ပွဲက အဆုံးသတ်သွားသည်။ သူသည် ဖန်ပုလင်းထဲတွင်နေပြီး အရှေ့သို့ပြေးသွားသည့်လူများကို ကြည့်နေရုံသာတတ်နိုင်သည်။


ပထဝီဝင်ဌာနရှိ ပြေးလမ်း 7 မှ ကောင်လေးကို ပြိုင်ပွဲဝင်အားလုံးက ထပ်မံပစ်မှတ်ထားခဲ့သည်။ သူသည် ဓာတုဗေဒဌာန၏ ပုလင်းကို ရှောင်နိုင်ခဲ့သော်လည်း သူ့ဘေးနားရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ နွယ်ပင်များကို မရှောင်ရှားနိုင်ခဲ့‌ဘူး။


အစိမ်းရောင်နွယ်ပင်သည် သူ့ခန္ဓာကိုယ်အား လျင်မြန်စွာ ရစ်ပတ်သွားခဲ့သည်။ ကမ္ဘာလုံးကို သူ့လက်များဖြင့် မသုံးနိုင်သောကြောင့် နေရာကို သူမည်သို့ရွှေ့နိုင်မည်နည်း။


ကောင်လေးက ရယ်ရမလား၊ ငိုရမလား မသိတော့ချေ။

"ငါတို့ပထဝီဝင်ဌာနက ဒီနေ့ လူမုန်းများနေပါလား?"


ပရိသတ်များက ပြောကြသည်။

"သေချာတာပေါ့!"


"ဒါ့အပြင်က မင်းက ပြိုင်ပွဲကို 3 စက္ကန့်နဲ့ အဆုံးသတ်နိုင်တယ်လေ!"


ယခင်အုပ်စုတွင် သူတို့သည် ပထဝီဝင်ဌာန၏ကျောင်းသားများကို မထိန်းချုပ်နိုင်သ၍ သူတို့က ကမ္ဘာလုံး၏ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီး အဆုံးစည်းကို ရောက်ရှိနိုင်သည်။ အခြားဘာသာရပ်များက ပထဝီဝင်ဌာန၏ နေရာပြောင်းရွှေ့ပြောင်းခြင်းစွမ်းရည်ကို အလွန်ကြောက်ကြသည်။ ထို့ကြောင့် ဖန်သားပြင်ကြီးတွင် ပထဝီဝင်ဌာနကျောင်းသားနှင့် တစ်အုပ်စုတည်းရှိနေတာကို ကျောင်းသားများက မြင်သောအခါ သူတို့ကိုထိန်းချုပ်ရန် ဦးစားပေးရမည်။


နောက်ထပ်ပြေးလမ်းပေါ်မှာ အသားညိုညိုနဲ့ ကောင်လေးသည် စကိတ်ဘုတ်ပေါ်တက်ပြီး အရှိန်ပြင်းပြင်းနဲ့ အမြန်ဆုံး အဆုံးစည်းဆီကို စီးသွားသည်။


ကံမကောင်းစွာပဲ လမ်းတစ်ဝက်မှာ မိန်းကလေးတစ်ယောက်၏ နူးညံ့သိမ်မွေ့သည့်အသံက သူ့ဘေးနားကနေ ရုတ်တရက် ထွက်ပေါ်လာသည်။

"ကျောင်းသားတို့ အတန်းစပြီ၊ ဒီနေ့ ငါတို့ပြောမယ့်အကြောင်းအရာက…"


ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ကောင်မလေးသည် စာသင်ပေးရန် အားကစားကွင်းသို့ အမှန်တကယ် ရောက်လာခဲ့သည်။


ပင်းကျန်းဆရာဖြစ်သင်တန်း၏ သင်ခန်းစာမှတ်စုများသည် ကျယ်ပြန့်သောအကွာအဝေးအတွင်းမှ ပစ်မှတ်များကို သင်ခန်းစာနားထောင်ရန် ခွင့်ပြုနိုင်သည်။ ထို့ကြောင့် စကိတ်စီးနေသည့် ကျောင်းသားသည် ချော်သွားပြီး နေရာမှာတင် ရပ်ကာ ပြုတ်ကျလုနီးပါးဖြစ်သွားခဲ့သည်။


‘ဆရာ’က သူ့ကိုနေရာမှာတင်ရပ်ပြီး မလှုပ်နိုင်အောင် အပြစ်ပေးခဲ့တာကြောင့် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ကောင်မလေးသည် သူ့အား ဖြတ်ကျော်သွားတာကို ကြည့်နေရုံသာတတ်နိုင်ခဲ့သည်။


သည်မိန်းကလေးက အစွမ်းလည်းထက်ပြီး ‌ပြေးလွှားရင်း တစ်ချိန်တည်းမှာ စာသင်ပေးနေသည်။ မီတာ 200 အကွာအဝေးသို့ သူမပြေးပြီးနောက် သင်ခန်းစာမှတ်စုများ၏ အကွာအဝေးအပြင်ဘက်သို့ ရောက်သွားသော ကျောင်းသားများသည် သူတို့၏လှုပ်ရှားမှုများကို ချက်ချင်း ပြန်စခဲ့ကြသည်။


အားကစားကျောင်းမှ ယောင်္ကျားလေးတစ်ယောက်သည် တုတ်ထောက်ခုန်ဖြင့် တစ်ကြိမ်လျှင် ဆယ်မီတာခုန်နိုင်ပြီး မျက်စိတစ်မှိတ်အတွင်း သူမကို မီလာသည်။


သူ၏အလျားခုန်ခြင်းစွမ်းရည်ကို အဆင့်အပြည့်ထိသင်ယူထားပြီး လျင်မြန်စွာ ပြေးလွှားနိုင်သော အားကစားကျောင်းမှ ကျောင်းသားတစ်ယောက်လည်း ရှိပါသည်။ သူက တစ်ကြိမ်လျှင် ဆယ်မီတာကျော် ခုန်နိုင်သည်။ အဖြူရောင်တီရှပ်အင်္ကျီဝတ်ထားသည့် ကောင်လေးသည် သိုင်းပညာဝတ္ထုများတွင် ကိုယ်ဖော့စွမ်းရည်ကဲ့သို့ လေလိုမျိုး လှုပ်ရှားနေသည်။


သူတို့သုံးယောက်က တစ်စုတစ်စည်းတည်း အဆုံးစည်းကို ပြေးကြသည်။


ဒါကိုမြင်တော့ ယွဲ့ရှင်းဝမ်က တစ်ခုခုမှားနေပြီလို့ ရုတ်တရက် ခံစားလိုက်ရသည်။

"စီနီယာအစ်ကိုရွှီက ဘယ်မှာလဲ?"


ကျန်းရှောင်နျန်လည်း သူ့မျက်လုံးတွေကို ပွတ်ပြီး သံသယဖြစ်စွာ ပြောသည်။

"ကျွန်တော်လည်း သူ့ကိုမတွေ့ဘူး… သူက ပြိုင်ပွဲစကတည်းက ပျောက်သွားတာဖြစ်မယ်…"


ယွဲ့ရှင်းဝမ်က အဲဒါကို သေသေချာချာ တွေးတောပြီး ချက်ချင်း တုံ့ပြန်ခဲ့သည်။

"သူက ဆဲလ်ဖြစ်သွားတာလား?"


ပရိတ်သတ်များ၏ ရှေ့ဆုံးတွင် ‘ကြိုးစားထား’၏ အားပေးမှုက အဆုံးမရှိခဲ့ပေ။ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ မိန်းကလေးနှင့် အားကစားကျောင်းမှ ယောင်္ကျားလေးနှစ်ဦးတို့သည် အဆုံးစည်းကနေ 10 မီတာသာ ကွာဝေးတော့သည်။ မကြာခင်မှာပဲ လူသုံးယောက်က တစ်ယောက်ပြီးတစ်ယောက် အဆုံးစည်းကို ရောက်သွားပြီး ပြိုင်ပွဲလည်း ပြီးသွားသည်။


ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ မိန်းကလေး၏ခြေထောက်သည် အားကစားကျောင်း၏ ကျောင်းသားများနှင့် ယှဉ်နိုင်လောက်အောင် မရှည်တာကြောင့် 2 စက္ကန့်နောက်ကျခဲ့သည်။


သည်ပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ကို တက်သွားတာက အားကစားကျောင်းမှ ကောင်လေးနှစ်ယောက်လို့ ထင်ခဲ့ပေမယ့် ရလဒ်ကို ကြေညာလိုက်သောအခါမှာတော့ ပရိသတ်ကို အံ့အားသင့်‌သွားစေခဲ့သည်။

"အုပ်စု 103 ရဲ့ ဆီမီးဖိုင်နယ်ကို တက်သွားတဲ့သူတွေကတော့ ရွှီယိရှန်းနဲ့ ကျိုးခိုင်ဖြစ်ပါတယ်…"


ကျိုးခိုင်က အားကစားကျောင်းမှ တုတ်ထောက်ခုန်သူဖြစ်ပြီး လူတိုင်းက သူအဆုံးစည်းသို့ ဦးစွာရောက်ရှိသွားတာကို တွေ့လိုက်ရသည်။


ဒါပေမယ့် ရွှီယိရှန်းက ဘယ်သူလဲ?


အဆုံးစည်းမှာ အဲဒီလိုလူမရှိဘူးလေ!


ရွှီယိရှန်းသည် ကျိုးခိုင်၏ခေါင်းထိပ်မှ ဆင်းလာပြီး လူအဖြစ်သို့ ပြောင်းလဲကာ တစ်ဖက်လူ၏ပခုံးကိုပုတ်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ကျေးဇူးပဲ ညီအစ်ကို…"


ကျိုးခိုင်: "???"


ပရိသတ်များ : "……………"


ဇီဝသိပ္ပံဌာနက ပိုပြီးတော့ အရှက်မရှိပါလား?!


သူက ကိုယ်တိုင်မပြေးဘဲ ဆဲလ်အဖြစ် တိုက်ရိုက်ပြောင်းလဲပြီး ပထမနေရာရောက်မယ့်လူ၏ခေါင်းပေါ်မှာ တက်စီးပြီး လဲလျောင်းရင်း အနိုင်ယူလိုက်တာလား။


အဲဒါကလည်း အကျုံးဝင်တာလား?!


ရွှီယိရှန်းက ပြုံးကာပြောသည်။

"ဒါက အပြေးပြိုင်ပွဲအတွက် ငါစာရင်းသွင်းထားရတဲ့ အကြောင်းရင်းပဲ…"


ဘယ်သူပထမဆုံးနေရာကို အရင်ရောက်မှာလဲ?


သူက ဆဲလ်တစ်ခုအဖြစ်သို့ ပြောင်းလဲပြီး တစ်ဖက်လူ၏အပေါ်မှာ လဲအိပ်ရင်း ဒုတိယနေရာကို တက်လှမ်းနိုင်တယ် မဟုတ်ပါလား။


#TK