Chapter 113
Viewers 22k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 113 (အားကစားပြိုင်ပွဲ ၀၄)


မီတာ 400 ပြိုင်ပွဲတွင် ထောင်နှင့်ချီသော ပြိုင်ပွဲဝင်များရှိသော်လည်း စာကြည့်တိုက်ရှိ ဒိုင်လူကြီး system သည် အလွန်အဆင့်မြင့်ပြီး အုပ်စုများအလိုက် ပဏာမအဆင့်များကို ကောင်းမွန်စွာ စီစဉ်ပေးခဲ့သည်။ ထို့အပြင် ပဏာမအဆင့်တိုင်းသည် စက္ကန့် 20 ထက်မပိုဘဲ ပဏာမအဆင့်များကို အပြီးသတ်ရန် တစ်နာရီသာကြာသည်။


10 ယောက်အုပ်စုတွင် 2 ယောက်သာ အဆင့်တက်နိုင်ပြီး ထွက်နိုင်ခြေက 80% အထိမြင့်မားသည်။


ပဏာမအဆင့်အကြိတ်အနယ်ပွဲကြီးအပြီးတွင် ပဏာမအဆင့်၌ ကျန်ရှိသောကစားသမားအယောက် 250 ကို နောက်ထပ်ပြိုင်ပွဲအတွက် အုပ်စု 25 ခုဖြင့် ကျပန်းခွဲထားသည်။


ပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းတွေက ပဏာမပြိုင်ပွဲနဲ့ အတူတူပါပဲ။ အုပ်စုတစ်ခုစီတွင် လူ 2 ဦးကျန်ရှိပြီး ပြိုင်ပွဲဝင် 250 တွင် 50 ဦးသာ ဆီမီးဖိုင်နယ်သို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။ လူ 50 ကို အုပ်စု 5 ခုခွဲကာ ဖိုင်နယ်အတွက် 10 ဦးကို ရွေးချယ်ခဲ့သည်။


ပဏာမပြိုင်ပွဲ → အကြိုပြိုင်ပွဲ → ဆီမီးဖိုင်နယ် → ဖိုင်နယ်ဖြင့် ပြိုင်ပွဲဝင်ထောင်ပေါင်းများစွာထဲမှ 80% ကို တစ်ခါတည်း ဖယ်ရှားခဲ့သည်။ သည်ဖြစ်စဉ်မှာ သူတို့ နည်းနည်းလောက်ကံမကောင်းလိုက်တာ၊ ပစ်မှတ်ထားခံရတာ၊ ထိန်းချုပ်ခံတာဆိုရင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး။


ထို့ကြောင့် ကွင်းအတွင်း အလိုက်သင့်ပြောင်းလဲနိုင်စွမ်းရှိရန် အလွန်အရေးကြီးပါသည်။


ပထဝီဝင်ဌာနမှ ကျောင်းသားများသည် ပဏာမအဆင့်များတွင် ဆိုးဆိုးရွားရွား ပစ်မှတ်ထားခံရပြီး အများစုမှာ ဖယ်ထုတ်ခံရသည်။ ဆန့်ကျင်ဘက်တွင် သိုသိုသိပ်သိပ်နေပြီး သတိထားမိခြင်းမရှိသော ဘာသာရပ်များမှ ကျောင်းသားများသည် မမျှော်လင့်ဘဲ အုပ်စုမှအဆင့်တက်သွားကြသည်။ 


ရွှီယိရှန်းသည် ပဏာမနှင့် ဆီမီးဖိုင်နယ်အဆင့်များတွင် ကံကောင်းခဲ့သည်။ အတော်အတန် အားနည်းသောအဖွဲ့ဖြင့် သူကျခဲ့သည်။ သူသည် လျင်မြန်သော mitosis ဖြင့် ‌အောင်မြင်စွာ နောက်ဆုံးစည်းသို့ တိုက်ရိုက်ရွှေ့ရန် ‘ဇီဝသိပ္ပံဌာနအပေါ် လျော့နည်းသောအမုန်းတရားတန်ဖိုး’ကို အခွင့်ကောင်းယူခဲ့သည်။


တစ်နာရီအကြာတွင် မီတာ 400 ပြိုင်ပွဲအတွက် ဖိုင်နယ်ကို စတင်ခဲ့သည်။


ဖိုင်နယ်သို့ တက်လှမ်းနိုင်သူ လူ 10 ဦးစာရင်းက ဖန်သားပြင်ကြီးတွင် ပေါ်လာသည်။


ဖန်သားပြင်ကြီးပေါ်တွင် အချက်အလက်များကိုမြင်ရသောအခါ ကျန်းရှောင်နျန်နှင့် ခယ်ရှောင်ပင်းတို့က စိတ်လှုပ်ရှားစွာ အားပေးခဲ့ကြသည်။

"စီနီယာအစ်ကိုရွှီက ဖိုင်နယ်ရောက်သွားပြီ!"


လင်းမန့်လော်က ရယ်လိုက်သည်။

"သူသာ ဆဲလ်အဖြစ်ပြောင်းလဲပြီး အခြားသူတွေရဲ့ခေါင်းထိပ်မှာ ဆက်နေမယ်ဆိုရင် အနည်းဆုံးတော့ ဒုတိယနေရာကို ရယူနိုင်မှာပဲမဟုတ်ဘူးလား?"


ကျန်းဖျင်စစ်က ပြောသည်။

"အဲဒါက သူ့ရဲ့ခန့်မှန်းချက် မှန်လား၊ မမှန်လားဆိုတာအပေါ်မှာ မူတည်နေတယ်… သူက အုပ်စုတစ်ခုလုံးထဲမှာ ချန်ပီယံဆုရနိုင်ခြေအရှိဆုံးလူတစ်ယောက်ကို ရွေးပြီး တစ်ဖက်လူရဲ့အပေါ်မှာ လဲလျောင်းရင်း ဒုတိယနေရာကို ရအောင်ယူရနိုင်တယ်… တကယ်လို့ သူ လူရွေးမှားသွားရင် သူကိုယ်တိုင်လည်း အကွာအဝေးထိန်းချုပ်မှုဒဏ်ကို ဒဏ်ခံရလိမ့်မယ်…"


နောက်ဆုံးအုပ်စုတွင် ဝပ်နေသောကျား၊ ပုန်းနေသောနဂါးများပါဝင်ပြီး ရင်းနှီးပြီးသားနာမည်များစွာက ဖန်သားပြင်ပေါ်တွင်ပေါ်လာသည်။ သည်အုပ်စုမှာ အုပ်စုလိုက်ထိန်းချုပ်ခြင်းစွမ်းရည်တွေ အများကြီးရှိသည်။ ရွှီယိရှန်းသည် မှားယွင်းသောပစ်မှတ်ကို ရွေးချယ်မိပြီး နည်းနည်းလောက် ထိန်းချုပ်ခံရပါက သူ့အတွက် အဆုံးသတ်သွားလိမ့်မည်။


ဘယ်သူက ချန်ပီယံဖြစ်နိုင်ခြေအရှိဆုံးဖြစ်မလဲဆိုတာကို ခန့်မှန်းပြီးတော့ သူစီးနင်းလိုက်ပါဖို့က အလွန်အရေးကြီးသည်။


ဖိုင်နယ်မစခင် 3 မိနစ်ကျန်သေးသည်။


ယွဲ့ရှင်းဝမ်က လူစာရင်းကို စတင်ခွဲခြမ်းစိပ်ဖြာခဲ့သည်။

"ပြေးလမ်း 1 က ကျိုတိုတက္ကသိုလ်ရဲ့ ပထဝီစီမံကိန်းဘာသာရပ်နဲ့ စီနီယာအစ်ကိုယွိမင်ယွီပဲ… သူ ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာက ပထဝီဝင်ဌာနရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ကို တိုက်ရိုက်အသုံးမပြုဘဲ ဆိုက်ဘေးရီယားအအေးလှိုင်းကို အသုံးပြုပြီး အနီးနားက ကျောင်းသားအားလုံး အေးခဲသွားပြီးနောက် အဆုံးစည်းကို နေရာရွှေ့သွားခဲ့တယ်… သူသာ ချောချောမွေ့မွေ့ ထွက်သွားနိုင်သ၍တော့ ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးနိုင်မှာပဲ…"


ကျန်းဖျင်စစ်: "ယွိမင်ယွီက အဖွဲ့ A ကဖြစ်ပြီး အဖွဲ့ A မှာရှိတဲ့ သုတေသနအဖွဲ့တစ်ခုလုံးက အရှိန်မြင့်ပြီး စောင့်ဆိုင်းချိန်ကို လျှော့ချနိုင်တယ်… တကယ်လို့ သူက ချင်လုနဲ့ တပြိုင်နက်တည်း ဆိုက်ဘေးရီးယားအအေးလှိုင်းကို ထုတ်လွတ်လိုက်ရင် ချင်လုက အရင်ဆုံးအေးခဲသွားမှာမလား?"


ချင်လုက ခေါင်းငြိမ့်ပြီး ပြောသည်။

"ဟုတ်တယ်၊ စောင့်ဆိုင်းချိန်က မြန်ရင် ထုတ်လွတ်တဲ့အရှိန်က ပိုမြန်တယ်… သူ့ရဲ့အအေးလှိုင်းက အခြားကျောင်းသားတွေဆီ အရင်ရောက်သွားလိမ့်မယ်… ငါသာ သူနဲ့တွေ့ရင် သူငါ့ကို အရင်ဆုံးထိန်းချုပ်သွားမှာ သေချာတယ်…"


သုတေသနအဖွဲ့ကို ပထမဦးစွာရွေးချယ်သောအခါ ယွဲ့ရှင်းဝမ်သည် စာမေးပွဲတစ်ခုစီအတွက် အပိုဆုအမှတ်များရရှိရန် အဖွဲ့C ကိုရွေးချယ်ခဲ့သည်။ အဖွဲ့C က အပိုဆုအမှတ်များရှိတာကြောင့် အဖွဲ့လိုက်ဆိုရင် ပိုအားကောင်းပြီး အဖွဲ့ရှိလူအားလုံး၏ စွမ်းရည်အဆင့်များသည် အခြားအဖွဲ့ရှိကျောင်းသားများထက် မြင့်မားမည်ဖြစ်သည်။


သို့သော် တစ်ယောက်ချင်းယှဉ်ပြိုင်ပါက အဖွဲ့C ၏ အပိုဆုအမှတ်သည် အနည်းငယ် အကျိုးအမြတ်သာရှိလိမ့်မည်။ အဖွဲ့A သည် အရှိန်မြင့်နိုင်ပြီး စောင့်ဆိုင်းချိန်ကို လျှော့ချနိုင်တာကြောင့် ပထမဆုံးလှုပ်ရှားရန် သေချာစေသည်။ အဖွဲ့B တွင် ရုပ်ပိုင်းဆိုင်ရာအပိုဆုနှင့် သေမင်းဒိုင်းရှိသည်။


သဘောတရားအရ ဖိုင်နယ်တွင် ယွိမင်ယွီသည် သူ၏စွမ်းရည်ကို အရင်ထုတ်လွတ်နိုင်သ၍ ချန်ပီယံဆုရယူရန် 3 စက္ကန့်အတွင်း အဆုံးစည်းသို့ ရောက်နိုင်မည်ဖြစ်သည်။


ဒါပေမယ့် သူ ထုတ်လွတ်နိုင်ပါ့မလား?


ယွဲ့ရှင်းဝမ်က ဖန်သားပြင်ကြီးကို ဆက်လက်ကြည့်ရှုရင်း ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ပြေးလမ်း 4 က ချန်မုယွင်၊ ဥပဒေဌာန၊ အဖွဲ့ B… သူမက သေမင်းဒိုင်းကိုဖွင့်ပြီး တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိတယ်… တကယ်လို့ ချန်မုယွင်က ယွိမင်ယွီရဲ့အအေးလှိုင်းကို ခံနိုင်ရည်ရှိပြီး တန်ပြန်တိုက်ခိုက်ပြီးတော့ သူ့ကို အကျဉ်းထောင်ထဲထည့်လိုက်မယ်ဆိုရင် ယွိမင်ယွီက အဆုံးစည်းကို ရောက်တော့မှာမဟုတ်ဘူး…"


ကျန်းဖျင်စစ်က ဆက်၍ပြောလာသည်။

"ပြေးလမ်း 5 က ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ လျှိုရှောင်းရှောင်းပဲ… သူမကလည်း အဖွဲ့A ကဖြစ်ပြီး သုတေသနအဖွဲ့ရဲ့ စွမ်းရည်စောင့်ဆိုင်းချိန်ကို လျှော့ချနိုင်တယ်… သဘောတရားအရဆိုရင် သူမရဲ့စွမ်းရည်ထုတ်လွတ်တဲ့အရှိန်က ယွိမင်ယွီထက် နှေးမှာမဟုတ်ဘူး… သူမသာ အရင်ဆုံး သင်ခန်းစာမှတ်စုကို ရွတ်ဆိုလိုက်ရင် အနီးနားရှိလူအားလုံးက သင်ခန်းစာမှတ်စုကို မတ်တတ်ရပ်ပြီး နားထောင်ဖို့အတွက် အပြစ်ပေးခံရလိမ့်မယ်၊ ပြီးတော့ ယွိမင်ယွီက အဆုံးစည်းကို မရောက်နိုင်တော့ဘူး…"


လင်းမန့်လော်: "ဒါဆို ပြေးလမ်း 8 မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ကျိုးလင်လို့အမည်ရတဲ့ အတန်းဖော်တစ်ယောက်ရှိတယ်… သူမက ပထမလှိုင်းရဲ့ ထိန်းချုပ်ခြင်းစွမ်းရည်တွေကို တားဆီးဖို့ မြင်ခင်းသန့်စင်ခြင်းကို ဖွင့်နိုင်ပြီး အခြားကျောင်းသားတွေကို ချည်နှောင်ဖို့ နွယ်ပင်တွေကို သုံးနိုင်တယ်မလား?"


ခယ်ရှောင်ပင်း: "ဂီတကျောင်းက ကောင်မလေးကလည်း ဖိုင်နယ်ကို ရောက်လာပြီ… သူမက ‘မမေ့နိုင်သောည’သီချင်းကို ထပ်ပြီးတီးမှုတ်ရင် ဘယ်လိုလုပ်မလဲ?"


ကျန်းရှောင်နျန်က သူ့ခေါင်းကိုကုတ်ပြီး ပြောသည်။

"ဒါဆို အဲဒီမှာ စီးပွားရေးဌာန၊ ဓာတုဗေဒဌာနနဲ့ တရုတ်ဘာသာစကားဌာနတို့လည်း ဖိုင်နယ်ရောက်သေးတာပဲ… အဆုံးစည်းကို ပြီးမြောက်အောင် ဘယ်သူပြေးနိုင်မလဲဆိုတာ မသေချာသေးဘူးပေါ့ ဟုတ်တယ်မလား?"


သူတို့တွေ နားထောင်လေလေ၊ အခြေအနေက ရှုပ်ထွေးလာလေလေဖြစ်သည်။


ဖိုင်နယ်ရောက်လာသည့် ကျောင်းသားတွေကို လျှော့မတွက်သင့်ဘူး။ ရွှီယိရှန်းက ချန်ပီယံဆုကို ရနိုင်မလားဆိုတာကတော့ ပြောဖို့ခက်ပါသည်။


3 မိနစ်ကြာပြင်ဆင်မှု မကြာမီ ပြီးဆုံးသွားကာ အားကစားကွင်းတွင် ရင်းနှီးသော စက်ရုပ်အသံက မြည်လာသည်။

"မီတာ 400 ပြိုင်ပွဲ ဖိုင်နယ်ကို စတင်ပါတော့မယ်၊ အားလုံး နေရာယူကြ၊ အဆင်သင့်ပြင်—— ပြေး!"


စက်အသံထွက်သွားသည်နှင့် တစ်ပြိုင်နက် လေအေးသည် နှင်းပွင့်များနှင့် မိုးသီးများရောကာ အားကစားကွင်းတစ်ခုလုံးကို ရုတ်တရက်ဖြတ်သွားသည်——


ယွိမင်ယွီသည် ဆိုက်ဘေးရီးယားအအေးလှိုင်းကို အလျင်မြန်ဆုံးအရှိန်ဖြင့် ဖွင့်လိုက်သည်။


သူ၏စွမ်းရည်အဆင့်သည် ချင်လုထက်နိမ့်ပြီး အေးခဲနိုင်သောအကွာအဝေးက မီတာ 20 သာရှိသော်လည်း ယခုအချိန်တွင် လူတိုင်းက စမှတ်နေရာမှာရောက်ရှိနေသောကြောင့် မီတာ 20 အကွာအဝေးသည် သူကိုယ်တိုင်မှလွဲ၍ အခြားပစ်မှတ်များကို အေးခဲသွားစေရန်အတွက် လုံလောက်ပါသည်။


ပြေးဖို့အချိန်မရှိသော ကျောင်းသားအားလုံးသည် ရေခဲရုပ်ထုများအဖြစ်သို့ ပြောင်းလဲသွားကြသည်။


ရွှီယိရှန်း ပျောက်ကွယ်သွားပြီး ဆဲလ်အဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။ အကွာအဝေးက ဝေးလွန်းသဖြင့် ဘယ်သူ့အပေါ် သူလဲလျောင်းနေသလဲဆိုတာ သူတို့တွေမမြင်နိုင်ကြပေ။


ယွိမင်ယွီသည် အဆုံးစည်းကိုရောက်ရန် သူ၏ကျောက်ထုလွှာလှုပ်ရှားမှုကို တိုက်ရိုက်အသုံးပြုနိုင်လိမ့်မည်ဟု သူတို့ထင်ခဲ့သည်။ သို့သော် အအေးလှိုင်းကို ထုတ်လွတ်လိုက်သည့်အခိုက်အတွင် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ လျှိုရှောင်းရှောင်းကလည်း တစ်ချိန်တည်းမှာ ပြောခဲ့သည်။

"ကျောင်းသားအားလုံး အတန်းစပြီ!"


လျှိုရှောင်းရှောင်းက ဒါကိုပြောပြီးနောက် ရေခဲရုပ်ထုအဖြစ်ပြောင်းသွားပေမယ့် သူမပြောလိုက်သောအခါ အတန်းစနေပြီလို့ အဓိပ္ပါယ်ရတာကြောင့် ကျောင်းသားတွေက သေချာနားထောင်ရမည်။


ထို့ကြောင့် ယွိမင်ယွီက နေရာမှာတင် မတ်တတ်ရပ်အပြစ်ပေးခံခဲ့ရသည်။


မတ်တတ်ရပ်လျက် အပြစ်ပေးခံရနေသောကြောင့် နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ကို သူအသုံးမပြုနိုင်တော့ဘူး။


ဂီတကျောင်းမှ ကျိုးကျားယောင်ကလည်း အုပ်စုA သုတေသနအဖွဲ့ဖြစ်ပြီး စောင့်ဆိုင်းချိန်လျှော့ချသည်။ လျှိုရှောင်းရှောင်းက သူမ၏သင်ခန်းစာမှတ်စုကို ရွတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူမသည် ‘မမေ့နိုင်သောည’ကို တီးမှုတ်ခဲ့သည်။ ရလဒ်အနေဖြင့် ယွိမင်ယွီသည် မတ်တတ်ရပ်လျက် ထိန်းချုပ်ခံထားရသလို အိပ်စက်ခြင်းဖြင့်လည်း ထိန်းချုပ်ခံထားရသည်။


ရှေ့ဆုံးတန်းမှ ပရိသတ်က ထူးဆန်းသောပုံကို တွေ့လိုက်ရသည်——


ကျိုတိုတက္ကသိုလ်မှ စီနီယာအစ်ကိုယွိမင်ယွီက အားကစားကွင်းထဲမှာ မတ်တတ်ရပ်လျက် အိပ်ပျော်နေတယ်!


ဒါကို ချဲ့ထားသည့် ဖန်သားပြင်ကနေ မြင်လိုက်ရတော့ ခယ်ရှောင်ပင်းက မနေနိုင်စွာ ပြောလိုက်သည်။

"အမှတ်တရအနေနဲ့ ငါဓာတ်ပုံရိုက်ချင်လိုက်တာ…"


ကျိုတိုတက္ကသိုလ်မှ ကျောင်းသားတစ်ဦးအနေဖြင့် ‘မတ်တတ်ရပ်လျက်အိပ်စက်ခြင်း’အတွေ့အကြုံသည် ယွိမင်ယွီအတွက် ပထမဆုံး အကြိမ် ဖြစ်မည်မှာ သေချာပါသည်။


အဖွဲ့A မှ ကျောင်းသားသုံးဦးဖြစ်သော ပထဝီဝင်ဌာနမှ ယွိမင်ယွီ၊ ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ လျှိုရှောင်းရှောင်းနှင့် ဂီတကျောင်းမှ ကျိုးကျားယောင်တို့သည် ပြိုင်ပွဲအစတွင် အေးခဲခြင်း၊ အပြစ်ပေးခြင်းနှင့် အိပ်စက်ခြင်း စွမ်းရည်လှိုင်းများကို တစ်ပြိုင်နက် ထုတ်လွတ်ခဲ့ကြသည်။ ပြီးနောက် ရလဒ်အနေဖြင့် သူတို့သည် အပြန်အလှန်ထိန်းချုပ်ခံရပြီး အ‌ဆုံးစည်းကို ဘယ်သူမှ မရောက်နိုင်တော့ဘူး။


သူတို့၏စွမ်းရည်များကြောင့် ရေခဲရုပ်ထုပြောင်းပြီး မတ်တတ်ရပ်လျက် အပြစ်ပေးခံရကာ အိပ်စက်နေသော သူတို့ဘေးနားရှိ ကျောင်းသားများလည်း ရှိပါသည်။ 


ပရိသတ်၏ ရယ်မောသံများ ထွက်ပေါ်လာပြီး အေးခဲနေသော လူများ၏ ကိုယ်ဟန်အနေအထားမှာ အလွန်ထူးဆန်းနေသည်။


ပထမလှိုင်းစွမ်းရည်များ ပြီးဆုံးပြီးနောက် စမှတ်တွင် လူ 5 ဦးသာ ထိန်းချုပ်ခံခဲ့ရပြီး လူ 5 ဦးက သက်ရောက်မှု မရှိခဲ့ပေ။


ထိုလူ 5 ဦးထဲမှ ပြေးလမ်း 3 က ရွှီယိရှန်သည် ဂိမ်းအစမှာ ပျောက်သွားခဲ့သည်။ ပြေးလမ်း 4 ရှိ ဥပဒေဌာနမှ ချန်မုယွင်နှင့် ပြေးလမ်း 6 ရှိ စီးပွားရေးဌာနမှ မိန်းကလေးသည် အဖွဲ့B မှ ဖြစ်တာကြောင့် သုတေသနအဖွဲ့‘သေမင်းဒိုင်း’ဖြင့် ထိန်းချုပ်မှုပထမလှိုင်းမှ လွတ်မြောက်ခဲ့သည်။ ပြေးလမ်း 8 ရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ကျိုးလင်သည် ထိန်းချုပ်မှုမှ လွတ်မြောက်ရန် မြက်ခင်းသန့်စင်ခြင်းစွမ်းရည်ကို ဖွင့်ခဲ့သည်။ ပြေးလမ်း 9 ရှိ တရုတ်ဘာသာစကားဌာနမှ လီမော့ရန်သည် ထိန်းချုပ်မှုမှ လွတ်မြောက်ရန် ‘ရွှေပုစဉ်းရင်ကွဲခွံ’စွမ်းရည်ကို အသုံးပြုပြီး မီတာ 200 အကွာကို တယ်လီပို့လိုက်သည်။


လက်ရှိတွင် မြင်တွေ့ရသည့် အပြေးသမားလေးဦးအနက် တရုတ်ဘာသာစကားဌာနမှ လီမော့ရန်က အဝေးဆုံးသို့ ပြေးနေခဲ့သည်။


အဆုံးစည်းသို့ရောက်ရန် တစ်ဝက်သာလိုတော့ပြီး လီမော့ရန်သည် ‘အလင်းကဲ့သို့လျင်မြန်ခြင်း’အရှိန်မြင့်တင်ခြင်းစွမ်းရည်ကို ဖွင့်ကာ ပျံသန်းနေသကဲ့သို့ သူ ရုတ်တရက် ပြေးသွားသည်။


သူသည် idiom အဘိဓာန်ကို ပြောင်းခဲ့ပြီး ‘အလင်းကဲ့သို့လျင်မြန်ခြင်း’စွမ်းရည်ကို အဆင့်အပြည့်ထိ မြင့်တင်ထားခဲ့သည်။ အရှိန်ငါးဆဖြင့် သူသည် အဆုံးစည်းနဲ့ ပို၍နီးကပ်လာ၏။


ဤအခိုက်အတန့်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ မိန်းကလေးသည် သူမ၏လက်ထဲမှ အစိမ်းရောင်နွယ်ပင် 3 ခု ထွက်လာတာကို လူတိုင်း တွေ့လိုက်ရသည်။ ထိုနွယ်ပင်များသည် မျက်လုံးတွေနဲ့ မြွေများကဲ့သို့ ရှေ့မှာပြေးနေသော လူသုံးယောက်၏ ခြေလက်များကို အလွန်လျင်မြန်သောအရှိန်ဖြင့် ချည်နှောင်ထားခဲ့သည်။


တရုတ်ဘာသာစကားဌာနမှ ကောင်လေးသည် ‘ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွမ်းစုံကျမ်း’ကို ချက်ချင်းဖွင့်ပြီး Ellipse များစွာကို လွင့်ပစ်လိုက်သည်။


ellipse များသည် လှုပ်ရှားမှုအားလုံးကို နှေးကွေးစေ၏။ နွယ်ပင်၏ ရွေ့လျားမှု နှေးကွေးသွားပြီးနောက် သူ့ကိုချည်နှောင်ရန် အချိန်မရသေးမီ သူက လျင်မြန်စွာ ပြေးထွက်သွားပြီး နွယ်ပင်က လေကိုသာ ဖမ်းဆုပ်နိုင်လိုက်သည်။


တစ်ချိန်တည်းမှာပင် ကောင်လေးက Question Mark များကို လွင့်ပစ်လိုက်ရာ သူ့နောက်ရှိ ကျောင်းသားများက Question Mark အပြည့်ဖြင့် နေရာမှာတင် စိတ်ရှုပ်ထွေးနေခဲ့သည်။


ပရိသတ်များသည် ပြိုင်ပွဲဝင်များ၏ ခေါင်းထက်၌ ပေါ်လာသော ‘???’ ကို မြင်သောအခါ ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ 


Question Mark ၏ ထိန်းချုပ်နိုင်မှုက အားကောင်းသော်လည်း ကံမကောင်းစွာပင် အချိန်တိုတောင်းလေသည်။


ကောင်လေးက အဆုံးစည်းကို ပြေးဖို့ အချိန်မရခင်မှာပဲ ချန်မုယွင်က ရုတ်တရက် စီရင်ချက်ခဲ့သည်——


အလျင်မြန်ဆုံး ကောင်လေးကို ဖုံးအုပ်မည့် သံလှောင်အိမ်ကြီးက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလာတာကို သူတို့တွေ့လိုက်ရသည်။


ဥပဒေဌာန၏ စီရင်ချက်က ပစ်မှတ်ထားသောစီရင်ချက်ဖြစ်သည်။ ကောင်လေးသည် သူ၏‘ရွှေပုစဉ်းရင်ကွဲခွံ’စွမ်းရည်ကို ခုနလေးတင်ကမှ အသုံးပြုထားပြီး ဥပဒေဌာန၏အကျဉ်းထောင်ထဲတွင် ပိတ်လှောင်ခံထားသောကြောင့် ချန်ပီယံဖြစ်ရန် အခွင့်အရေးမရှိတော့ပေ။


ကောင်လေးက ရှက်ရွံ့စွာ ပြုံးပြီး ခေါင်းကို ခါလိုက်သည်။


မဝေးလှသောနေရာတွင် Question Mark များကြောင့် စိတ်ရှုပ်ထွေးနေသူများက ဆက်လက် ပြေးလွှားနေခဲ့သည်။


တရုတ်ဘာသာစကားဌာန၏ကျောင်းသားက ပိတ်လှောင်ခံထားရပြီး အခြားသူများမှာ အခွင့်အရေးရှိသေးသည်။


စီးပွားရေးကျောင်းမှ မိန်းကလေးသည် လက်ရှိအမြန်ဆုံးအပြေးသမား ချန်မုယွင်ထံ ရွှေဒင်္ဂါးများစွာကို တိုက်ရိုက်ပစ်ချခဲ့သည်။ ချန်မုယွင်ကို မျက်စိတစ်မှိတ်အတွင်း ရွှေဒင်္ဂါးများဖြင့် မြှုပ်နှံခဲ့သည်။ 


ပရိတ်သတ်များ: "..."


အဲဒါကို ပိုက်ဆံနဲ့ ဖို့သတ်တယ်လို့ ခေါ်ရမှာလား?


လက်တွေ့ဘဝသာဆိုလျှင် လူတိုင်းသည် အိပ်မက်ထဲမှာ ရယ်မောကြပေလိမ့်မည်။


သို့သော် စာကြည့်တိုက်တွင် ရွှေဒင်္ဂါးများကို ပိုက်ဆံအဖြစ် အသုံးမပြုနိုင်ပါ။ ရွှေဒင်္ဂါးပုံထဲမှာ အမြှုပ်ခံထားရသည့် ချန်မုယွင်က သွေးအန်နေလေပြီ။


၎င်းကို ‘ပိုကြီးသောအန္တရာယ်ကို လျစ်လျူရှုပြီး သေးငယ်သောအမြတ်နောက် လိုက်ခြင်း’ဟု ခေါ်ရလိမ့်မည်။


သူမသည် တရုတ်ဘာသာစကားဌာနမှ အမြန်ဆုံး အပြေးသမားကို ပိတ်ရန် အချိန်သာရှိသော်လည်း သူမနောက်မှ စီးပွားရေးဌာနရှိ မိန်းကလေးကို လှည့်ကြည့်ရန် အချိန်မရှိခဲ့ပေ။


ကောင်မလေးက ချန်မုယွင်ကို မြန်မြန်ကျော်တက်ပြီး ပထမနေရာကို ပြေးသွားခဲ့သည်။


သို့သော် ဤအခိုက်အတန့်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။


တရုတ်ဘာသာစကားဌာန၏ကောင်လေးကို ပိတ်လှောင်ထားသော အကျဉ်းထောင်ထဲကနေ ရုတ်တရက် အရိပ်တစ်ခု ကွဲထွက်သွားခဲ့သည်။


ကောင်လေးက အရပ်ရှည်ရှည်၊ ခြေတံရှည်ရှည်ဖြင့် ဆံပင်တွေက အလွန်ထူးခြားသည့် သစ်အယ်သီးရောင် ပင်ကိုယ်အကောက်လေးတွေဖြင့် သူ့မျက်လုံးများက တောက်ပနေသည်။ ကပြားကောင်လေး၏အသွင်အပြင်က အလွန်ချောမောပြီး သူ၏မျက်နှာက ပြုံးနေသေးသည်။ သူက လီမော့ရန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"မင်းရဲ့ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ် ညီအစ်ကို…"


လီမော့ရန်: "…"


မင်းက ငါ့အပေါ်မှာ တစ်လျှောက်လုံး လဲနေခဲ့ပြီး အခု ငါထောင်ကျနေတော့ မင်းငါ့ကို ထားသွားတော့မှာလား?


ပရိတ်သတ်ထဲမှ ကျောင်းသားများသည် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ၏။


ပြိုင်ပွဲကို အချိန်အတော်ကြာ ကြည့်ပြီးနောက် သူ ဘယ်ကရောက်လာမှန်း သူတို့မသိကြသေးပေ။


တစ်စုံတစ်ယောက်က လျင်မြန်စွာတုံ့ပြန်ခဲ့သည်။

"သူက ပြေးလမ်း 3 ကနေ ပျောက်သွားတဲ့သူဖြစ်ပြီး ဇီဝသိပ္ပံဌာနက ရွှီယိရှန်းပဲ!"


တစ်စုံတစ်ယောက်၏ မျက်နှာတွင် မေးခွန်းတွေနဲ့ ပြည့်နေသည်။

"သူက အကျဉ်းထောင်ထဲကနေ ဘယ်လိုလွတ်လာတာလဲ?"


ချက်ချင်းဆိုသလိုပဲ ဥပဒေဌာနမှ ကျောင်းသားတစ်ဦးက ပြန်ပြောခဲ့သည်။

"ငါတို့ ဥပဒေဌာနရဲ့ စီရင်ချက်က ပစ်မှတ်ထားတဲ့စီရင်ချက်ပဲ… အခုလေးတင် စီနီယာအစ်မချန်မုယွင်က တရုတ်ဘာသာစကားဌာနမှ လီမော့ရန်အပေါ်ပဲ ဒီစွမ်းရည်ကို အသုံးပြုလိုက်တာ… ဒီတော့ ရွှီယိရှန်းက ပြစ်ဒဏ်ကျခံရတဲ့ အကျဉ်းသားမဟုတ်ခဲ့ဘူး… သူက အကျဉ်းထောင်ထဲကနေ ထွက်လာနိုင်ဖို့ mitosis အသုံးပြုခဲ့လောက်တယ်!"


ဇီဝသိပ္ပံဌာန၏ mitosis သည် ကိုယ်ပွားများစွာကို ချက်ချင်း ခွဲထုတ်နိုင်ပြီး မူရင်းခန္ဓာကိုယ်ကို အလိုအလျောက် ကိုယ်ပွား၏ မည်သည့်နေရာကိုမဆို လွှဲပြောင်းပေးနိုင်သည်။ သူသည် စီရင်ချက်၏ ပစ်မှတ်မဟုတ်သောကြောင့် ဤနည်းဖြင့် အကျဉ်းထောင်မှ လွတ်မြောက်သွားနိုင်သည်။


ကျန်းရှောင်နျန်က စိတ်လှုပ်ရှားစွာ ပြောသည်။

"စီနီယာအစ်ကိုရွှီက ဆဲလ်တစ်ခုအဖြစ်ပြောင်းလဲပြီး လီမော့ရန်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လဲလျောင်းနေခဲ့ပုံပဲ!"


ခယ်ရှောင်းပင်က စဉ်းစားမရဖြစ်ကာ ပြောသည်။ 

"ဒါပေမယ့် လီမော့ရန်က ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ ရွှေပုစဉ်းရင်ကွဲခွံကို အသုံးပြုခဲ့တာလေ… သူသာ လီမော့ရန်ရဲ့ခေါင်းထိပ်မှာ လဲလျောင်းနေမယ်ဆိုရင် သူတို့က အဖွဲ့ဝင်တွေမဟုတ်တာကြောင့် လီမော့ရန်က ထိန်းချုပ်မှုကနေ လွတ်မြောက်သွားခဲ့ရင်တောင် သူအေးခဲနေမှာပဲလေ… သူက အေးခဲနေတဲ့ ဆဲလ်ဖြစ်သွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားမှာပဲ…"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။

"သူရွေးချယ်ထားတဲ့ပစ်မှတ်က လီမော့ရန်မဟုတ်ဘူး… သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ကျိုးလင်ပဲ…"


လင်းမန့်လော်၏မျက်လုံးများ တောက်ပလာသည်။

"အမှန်ပဲ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနရဲ့ မြက်ခင်းသန့်စင်ခြင်းက အကွာအဝေးသန့်စင်ခြင်းပဲ… သူက ဆဲလ်အနေနဲ့ ကျိုးလင်အနောက်ကိုလိုက်သွားပြီး ကျိုးလင်က မြက်ခင်းသန့်စင်ခြင်းကို ဖွင့်ထားသ၍ သူလည်း သန့်စင်သွားလိမ့်မယ်… အဲဒီနောက် ကျိုးလင်က လီမော့ရန်ကို ချည်နှောင်ဖို့ နွယ်ပင်တွေကို ထုတ်လွတ်လိုက်တဲ့အခါ သူက ဆဲလ်ဖြစ်နေတာကြောင့် နွယ်ပင်အပေါ်တက်ပြီး အမြန်ဆုံးအပြေးသမား လီမော့ရန်အပေါ်ခုန်တက်လိုက်တာပေါ့!"


လူတိုင်းက ရွှီယိရှန်း၏ “နေရာယူခြင်း”လုပ်ငန်းစဉ်ကို ဂရုတစိုက် ကောက်ချက်ချကြပြီး အားလုံးက စီနီယာအစ်ကိုရွှီ၏ အမြော်အမြင်ကြောင့် သက်ပြင်းချလိုက်ကြသည်။


ပထမဦးစွာ ပထမလှိုင်းကြောင့် ထိန်းချုပ်ခြင်းမခံရစေရန် အကွာအဝေးသန့်စင်ခြင်းကို ထုတ်လွတ်နိုင်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ မိန်းကလေးကို သူရှာတွေ့ခဲ့သည်။ ထို့နောက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ မိန်းကလေးသည် အမြန်ဆုံးအပြေးသမားကို ချည်နှောင်ရန် နွယ်ပင်အား အသုံးပြုလိုက်သောအခါ သူက နွယ်ပင်တစ်လျှောက်ခုန်ချပြီး အမြန်ဆုံးအပြေးသမားဆီသို့ ခုန်တက်သွားခဲ့သည်။


ဥပဒေဌာနသည် အမြန်ဆုံး အပြေးသမားကို ထိန်းချုပ်ထားပြီး နောက်ဆုံးတွင် သူသည် mitosis နှင့် ပေါ်လာခဲ့သည်။


လီမော့ရန်သည် အဆုံးစည်းမှ မီတာ 200 အောက်သာ ကျန်ရှိတော့သောကြောင့် ရွှီယိရှန်သည် နောက်ဆုံးမီတာ 200 ကို အပြီးသတ်ရန်သာ လိုအပ်သည်။


အားကစားကွင်း‌ထဲတွင် ပြေးနေသော ကောင်လေးသည် ရုတ်တရက် ခန္ဓာကိုယ်ငါးခုကွဲသွားကာ အဆုံးစည်းဆီသို့ ပြေးသွားတာကို လူတိုင်းတွေ့လိုက်ရသည်။


အခြားလူတွေကတော့ ပြိုင်ပွဲကို တစ်ယောက်တည်းသာ ကစားနေကြသည်။


ရွှီယိရှန်းသည် ပြိုင်ပွဲတွင် လူငါးယောက်ရှိနေ၏။


ဥပဒေဌာနမှ ချန်မုယွင်သည် ခက်ခက်ခဲခဲ ရွှေဒင်္ဂါပြားများထဲကနေ တက်လာခဲ့ပြီး အခြားလူများကို အမီလိုက်ဖို့ မဖြစ်နိုင်တော့ဘူး။


သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ ကျိုးလင်သည် ရယ်ရမလို၊ ငိုရမလို ဖြစ်သွား၏—— သူမသည် ရွှီယိရှန်း၏ ခန္ဓာကိုယ်အစစ်က ဘယ်တစ်ယောက်လည်းဆိုတာကို မပြောနိုင်ပေ။ သူမသည် လူငါးယောက်ကို တစ်ချိန်တည်းမှာ ချည်နှောင်ရန် ကြိုးစားသောအခါ သူမလက်က အဲဒီလောက်မရှည်သလို သူတို့ဆီမရောက်နိုင်ခဲ့ဘူး။


စီးပွားရေးဌာနမှ မိန်းကလေးသည် ရွှေဒင်္ဂါးပြားများ ဖြန့်ကျဲရင်း လမ်းတစ်လျှောက်လုံး ပြေးသွားကာ အားကစားကွင်းတစ်ခုလုံးက သူမကြောင့် ရွှေရောင်များဖြင့် တောက်ပနေခဲ့သည်။ သူမသည် ‘ဘဏ္ဍာရေးမုန်တိုင်း’စွမ်းရည်ကို ဖွင့်လိုက်သောကြောင့် ရွှေဒင်္ဂါးများအားလုံးသည် ချက်ချင်းပူဖောင်းများအဖြစ်သို့ ပြောင်းလဲသွားပြီး အနောက်မှ ကျောင်းသားများ၏လမ်းကို ပိတ်ဆို့သွားစေသည်။


သူမသည် ပထမနေရာကို မရရင်တောင် ဒုတိယနေရာကို ယူနိုင်ပါသည်။


မျက်စိတစ်မှိတ်အတွင်းမှာပဲ ရွှီယိရှန်းငါးယောက်ထဲက တစ်ယောက်က အဆုံးစည်းကို ရောက်သွားခဲ့သည်။


အားကစားကွင်းတွင် ရင်းနှီးသော စက်အသံတစ်ခု ထွက်ပေါ်လာသည်။

"မီတာ 400 တစ်ယောက်ချင်းအပြေးပြိုင်ပွဲအတွက် ချန်ပီယံကတော့ C-183 သုတေသနအဖွဲ့၊ ဇီဝသိပ္ပံဌာနမှ ရွှီယိရှန်းဖြစ်ပြီး ကြာချိန်က 10.01 စက္ကန့်ဖြစ်ပါတယ်…"


လူတိုင်း: "..."


ပြိုင်ပွဲမစတင်မီ ပထဝီဝင်ဌာန သို့မဟုတ် အားကစားကျောင်းမှ ကျောင်းသားများထဲက ချန်ပီယံဖြစ်မည်ဟု လူတိုင်းက ထင်မြင်ခဲ့ကြသည်။


ဇီဝသိပ္ပံဌာနမှ ကျောင်းသားသည် ဆဲလ်အဖြစ်ပြောင်းလဲပြီး စီးနင်းလိုက်ပါလိမ့်မည်ဟု ဘယ်သူက တွေးထင်ထားမည်နည်း။ သူနေရာယူထားသော ကျောင်းသားက ထိန်းချုပ်ခံလိုက်ရသောအခါ သူသည် လမ်းတစ်ဝက်လောက် စီးနင်းလိုက်ပါလာတာကို တွန့်ဆိုင်းခြင်းမရှိဘဲ စွန့်လွှတ်လိုက်ပြီး ကိုယ်ခွဲကာ ပြေးလိုက်ပြီးတော့ အသက်တစ်ရှိုက်အတွင်း ချန်ပီယံဆုကို ဆွတ်ခူးသွားတာလား။


ပရိသတ်တော်တော်များများက ညည်းညူကြသည်။

"မင်းက ဒီလိုလည်း ကစားလို့ရသေးတာလား?"


"ဒါက ကံကောင်းသွားတာပါ!"


ယွဲ့ရှင်းဝမ်က စီနီယာအစ်ကိုရွှီ၏မျက်နှာကို ဖန်သားပြင်ကြီးပေါ်တွင် မြင်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"စီနီယာအစ်ကိုရွှီက အရမ်းလိမ္မာပါးနပ်တာပဲ…" 


ရွှီယိရှန်းသည် ဆဲလ်အဖြစ်ကို ပြောင်းလဲနိုင်သော်လည်း သူနေရာယူရမည့် ပစ်မှန်ကို မှားယွင်းစွာရွေးချယ်လိုက်သည်နှင့် စွမ်းရည်ဖြင့် ချက်ချင်းထိန်းချုပ်ခံရနိုင်ပြီး အေးခဲနေသောဆဲလ် သို့မဟုတ် အိပ်ပျော်နေသောဆဲလ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။


သူသည် ကံကို အားကိုးခဲ့တာမဟုတ်ဘဲ တိကျသောခွဲခြမ်းစိတ်ဖြာမှုနှင့် သူ၏အုပ်စုတူ ကစားသမားများ၏ စွမ်းရည်များကို ကျိုးကြောင်းဆီလျော်စွာ အသုံးပြုနိုင်မှုအပေါ်တွင် မူတည်ပါသည်။


ဒီချန်ပီယံဆုက တကယ်ထိုက်တန်တယ်!


#TK