Chapter 114
Viewers 22k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 114 (အားကစားပြိုင်ပွဲ ၀၅)


ပြိုင်ပွဲတစ်ခုစီ၏ အဆုံးတွင် ဆုတံဆိပ်များ ချီးမြှင့်မည်ဖြစ်သည်။ မီတာ 400 အပြေးပြိုင်ပွဲ၏ ချန်ပီယံမှာ ဇီဝသိပ္ပံဌာနမှ ရွှီယိရှန်းဖြစ်ပြီး ငွေတံဆိပ်ဆုရှင်မှာ စီးပွားရေးဌာနမှ မိန်းကလေးဖြစ်ကာ ကြေးတံဆိပ်ဆုရှင်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ မိန်းကလေးဖြစ်သည်။


အားကစားကျောင်းက ကျောင်းသားတစ်ဦးမှ ဆုမရရှိခဲ့သလို ပထဝီဝင်ဌာနကလည်း အဖြုတ်ခံခဲ့ရသည်။


သည်ရလဒ်က ပရိသတ်များကိုကော ပြိုင်ပွဲဝင်တွေကိုပါ အံ့အားသင့်စေခဲ့သည်။ လူတချို့က ပုံစံတစ်ခုကို ကောက်ချက်ချသည်။

"ဘာသာရပ်က အားကောင်းလေလေ ပစ်မှတ်ထားခံရလေပဲ… လူသိနည်းတဲ့ ဘာသာရပ်တွေက တောင်ပေါ်မှာထိုင်ပြီး ကျားတွေ တိုက်ခိုက်နေတာကို စောင့်ကြည့်ပြီးတော့ ချန်ပီယံဆုရနိုင်ခြေ ပိုများတယ်!"


ဤသည်မှာ အမှန်ပင်။ ယွိမင်ယွီက ဥပမာတစ်ခုဖြစ်သည်။ သူသည် မီတာ 400 ဖိုင်နယ်တွင်ပင် အဆုံးမသတ်နိုင်ခဲ့ဘဲ ပြိုင်ပွဲပြီးဆုံးချိန်တွင် သူသည် ပြေးလမ်းအစ၌ မတ်တတ်ရပ်ကာ အိပ်ပျော်နေသေးသည်။


ရွှီယိရှန်းက C-183 သုတေသနအဖွဲ့၏ ထိုင်ခုံသို့ ပျော်ရွှင်စွာ ရွှေတံဆိပ်ဖြင့် ပြန်လာခဲ့သည်။


သူ့အဖွဲ့ဝင်တွေက မတ်တတ်ရပ်ပြီး ဂုဏ်ပြုကြသည်။


ကျိုဖုန်းက သူ့ကိုပွေ့ဖက်ပြီး အပြုံးဖြင့်ပြောသည်။

"မင်းက တကယ်ကို အမြော်အမြင်ရှိတာပဲ… ရွှေတံဆိပ်ဆုတောင် ရခဲ့တယ်!"


လင်းမန့်လော်က သူ့လက်ထဲရှိ ဆုတံဆိပ်ကို ကြည့်ပြီး ပြောလိုက်သည်။

"ဒီရွှေတံဆိပ်ဆုက တော်တော်ကို သပ်သပ်ရပ်ရပ် ပုံစံထွင်းထားတာပဲ…"


ရွှီယိရှန်း: "ရွှေတံဆိပ်နှစ်ခုကို credit 1 နဲ့ လဲလို့ရတယ်… နောက်ထပ်တစ်ယောက်ချင်းပြိုင်ပွဲမှာ ငါပထမနေရာရမယ်ဆိုတာ မသေချာဘူး… တစ်ယောက်ချင်းရွှေတံဆိပ်က အဖွဲ့ဝင်တွေကို ပေးလို့ရတယ်ဆိုတာ ငါမှတ်မိတယ်… တစ်ယောက်ယောက် လိုအပ်ရင် ဒီရွှေတံဆိပ်ဆုကို ငါ မင်းတို့ကို ပေးလိုက်မယ်…"


ယွဲ့ရှင်းဝမ်သည် ခယ်ရှောင်ပင်း၏ လက်ပ်တော့ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အခြားပြိုင်ပွဲတွေရဲ့ အချိန်ဇယားတွေထွက်ပြီလား?"


ခယ်ရှောင်ပင်း: "စာကြည့်တိုက်ရဲ့ ဖိုရမ်မှာ အခုလေးတင် ကြေညာထားတယ်… ဒီမနက်က အပြေးပြိုင်ပွဲတွေပဲ၊ မီတာ 400 ပြီးရင် မီတာ 3,000 တာဝေးအပြေးပြိုင်ပွဲ၊ မီတာ 200 တန်းကျော်အပြေးပြိုင်ပွဲ၊ မီတာ 50,000 မာရသွန်ပြိုင်ပွဲနဲ့ နောက်ဆုံးက 4x800 မီတာ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့ဖြစ်တယ်…"


စာကြည့်တိုက်တွင် သဘာဝလွန်စွမ်းရည်များဖြင့် ကျောင်းသား များလွန်းသောကြောင့် အပြေးပြိုင်ပွဲကို 3 စက္ကန့်အတွင်းပင် ပြီးမြောက်နိုင်သည်။ အားကစားပြိုင်ပွဲများတွင် အသုံးများသည့် မီတာ 50 အပြေးနှင့် မီတာ 100 အပြေးပြိုင်ပွဲကို ဖျက်သိမ်းခဲ့ပြီး မီတာ 400 နှင့် မီတာ 3,000 တို့ကိုသာ ထားရှိထားသည်။


အပြေးပြိုင်ပွဲအချိန်ဇယားအရ မီတာ 50,000 မာရသွန်ပြိုင်ပွဲသည် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲမတိုင်မီ ရောက်ရှိလာမည်ဖြစ်သည်။ ယွဲ့ရှင်းဝမ်နှင့် ရွှီယိရှန်းတို့သည် မာရသွန်ပြိုင်ပွဲအတွက် စာရင်းသွင်းခဲ့ကြသည်။ သူတို့သည် မာရသွန်ပြိုင်ပွဲကို ပြေးမယ်ဆိုရင် အဖွဲ့လိုက် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲအတွက် ပြေးရန် သက်လုံမရှိတော့ပေ။


ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး မေးလိုက်သည်။

"လက်ဆင့်ကမ်းအပြေးပြိုင်ပွဲက လူလေးယောက်ရှိဖို့လိုတယ်… ဘယ်သူ့ကိုပါဝင်ခိုင်းတာက ပိုကောင်းမလဲဆိုတာ ဆွေးနွေးကြည့်ရအောင်…"


ကျိုဖုန်း: "ရှင်းဝမ်ကတော့ သေချာပေါက် ပါဝင်မှာမလား? အဖွဲ့လိုက်အရှိန်မြင့်ခြင်းစွမ်းရည်က အဖွဲ့ဝင်အားလုံးအပေါ် သက်ရောက်မှုရှိပြီး အရမ်းအသုံးဝင်တယ်…"


ရွှီယိရှန်း: "ငါလည်း သွားလို့ရတယ်… ဒါပေမယ့် လက်ဆင့်ကမ်းအပြေးပြိုင်ပွဲက အဖွဲ့ဝင်တွေဆီ တုတ်ပေးဖို့လိုတယ်… ငါက ဆဲလ်ဖြစ်သွားရင် တုတ်မကိုင်နိုင်တော့ဘူး… မြန်မြန်နေရာရွှေ့ဖို့ mitosis ကိုပဲ သုံးလို့ရတယ်… လိုအပ်မယ်ဆိုရင် DNA helix နဲ့ လူတွေကို ငါထိန်းချုပ်လို့ရတယ်…"


ချင်လုက တိုးတိုးပြောသည်။

"ငါက ကျောက်ထုလွှာလှုပ်ရှားမှုကို အသုံးပြုပြီး အမြန်ဆုံး အဆုံးစည်းကို နေရာရွှေ့နိုင်တယ်… ဒါပေမယ့် အပြေးပြိုင်ပွဲတွေမှာ ပထဝီဝင်ဌာနကို ပစ်မှတ်ထားတာက အရမ်းဆိုးရွားလွန်းတယ်… စွမ်းရည်ကို ငါအသုံးမပြုနိုင်မှာဘဲ စိုးရိမ်တာ…"


ယွဲ့ရှင်းဝမ်က ရယ်လိုက်သည်။

"ရပါတယ်၊ C-183 သုတေသနအဖွဲ့ဆိုတာကို ဖန်သားပြင်ကြီးမှာ ပြသထားသ၍ ငါတို့ထဲက ဘယ်သူပဲပါဝင်နေပါစေ ငါတို့တွေ ဆိုးဆိုးရွားရွား ပစ်မှတ်ထားခံရလိမ့်မယ်…"


လူတိုင်း: "..."


ရှင်းဝမ်၏စကားက မမှားဘူး။ ထို့အပြင် C-183 သုတေသနအဖွဲ့၏အမည်သည် စာကြည့်တိုက်တွင် လူသိများပြီး ဖိုရမ်တွင်တင်ထားသော ထောင်ပေါင်းများစွာသော နည်းဗျူဟာများက သူတို့ဆီမှဖြစ်သည်။


သူတို့က အလွန်သန်မာတယ်ဆိုတာ လူတိုင်းသိသည်။ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် တွေ့ဆုံကြသည့်အခါ သူတို့အပေါ်ကို ထိန်းချုပ်ရေးစွမ်းရည်များဖြင့် မိတ်ဆက်မည်မှာ သေချာပါသည်။


လျှိုကျောက်ချင်းက ကူကယ်ရာမဲ့စွာ ပြောသည်။

"ဘယ်သူ့ကိုပဲလွတ်လွတ် ငါတို့ကပစ်မှတ်ထားခံရမှာဆိုတော့ အမြန်ဆုံးအဖွဲ့ကိုပဲ လွတ်လိုက်ကြရအောင်… ရှင်းဝမ်၊ ဖျင်စစ်၊ ရွှီယိရှန်းနဲ့ ချင်လုတို့ အတူတူသွားဖို့ ငါအကြံပြုတယ်…"


လန်ယာရုန်၊ လင်းမန့်လော်နှင့် ချင်မြောင်တို့အားလုံးတွင် ထိန်းချုပ်ရေးစွမ်းရည်ရှိသော်လည်း မိန်းကလေးသုံးဦးသည် လျင်မြန်စွာ မပြေးနိုင်တာကြောင့် ယွဲ့ရှင်းဝမ်၏အဖွဲ့က အခြားအဖွဲ့များထက် အမြန်ပြေးနိုင်မည်မဟုတ်ပါ။ သူတို့တွင် နေရာရွှေ့ပြောင်းခြင်းစွမ်းရည်လည်း မရှိဘူး။


လျှိုကျောက်ချင်းမှ ဖော်ပြခဲ့သော လူလေးဦးသည် အမှန်တကယ်ပင် အဖွဲ့ထဲ၌ အမြန်ဆုံးနေရာရွှေ့ပြောင်းခြင်းစွမ်းရည်ရှိသည့် လူလေးဦးဖြစ်သည်။


ကျန်းဖျင်စစ်: "ကျွန်တော်ကတော့ ပြဿနာမရှိဘူး၊ ဒါပေမယ့် ရှင်းဝမ်နဲ့ စီနီယာအစ်ကိုရွှီယိရှန်းတို့နှစ်ယောက်က မာရသွန်ပြိုင်ပွဲအတွက် စာရင်းသွင်းထားပြီး လက်ဆင့်ကမ်းပြိုင်ပွဲအချိန်နဲ့ ကပ်နေတယ်… မာရသွန်ပြိုင်ပွဲပြေးပြီးရင် သက်လုံရှိပါဦးမလား?"


ယွဲ့ရှင်းဝမ်က ရွှီယိရှန်းကို ကြည့်လိုက်သည်။

"စီနီယာအစ်ကို၊ ကျွန်တော်တို့ မာရသွန်ပြိုင်ပွဲမှာ ပေါ့ပေါ့ပါးပါးပဲပြေးပြီး ပဏာမအဆင့်မှာတင် ထွက်လိုက်ပြီးတော့ အဖွဲ့လိုက်လက်ဆင့်ကမ်းပြိုင်ပွဲအတွက် အင်အားချန်ထားလိုက်မယ်… မီတာ 50,000 မာရသွန်ပြိုင်ပွဲအတွက် ကျွန်တော်တို့ဆုရဖို့ ခက်ခဲမယ်လို့ ကျွန်တော်ထင်မိတယ်…"


ရွှီယိရှန်းက သဘောတူကြောင်း ခေါင်းငြိမ့်ပြသည်။

"အင်း… မီတာ 50,000 တာဝေးအပြေးမှာ အဆက်မပြတ် နေရာရွှေ့ပြောင်းခြင်းစွမ်းရည် လိုအပ်တယ်… ပထဝီဝင်ဌာနက 12 ကြိမ်တိတိ နေရာရွှေ့ပြောင်းရင်တောင် အဆုံးစည်းကို မရောက်နိုင်ဘူး… အားကစားကျောင်းရဲ့ ကျောင်းသားတွေမှာ ပိုပြီးအားသာချက်ရှိလိမ့်မယ်… သူတို့က စကိတ်ဘုတ်တွေ၊ တုတ်ထောက်ခုန်တွေ၊ သုံးကြိမ်ခုန်တာတွေနဲ့ မီတာ 50,000 တစ်လျှောက်လုံးကို ပြေးသွားလို့ရတယ်… ငါတို့နှစ်ယောက်က ဆုရဖို့ တကယ်ခက်ခဲတာကြောင့် လက်လျှော့လိုက်တာပေါ့…"


"ဒါဆို အဖွဲ့လိုက်ပြိုင်ပွဲအတွက် ကျွန်တော်တို့ရဲ့ကြံ့ခိုင်မှုကို ထိန်းသိမ်းထားမယ်…" ယွဲ့ရှင်းဝမ်က ခေတ္တရပ်ပြီး ခယ်ရှောင်ပင်းကို မေးလိုက်သည်။ "လက်ဆင့်ကမ်းပြိုင်ပွဲရဲ့ စည်းမျဉ်းက ပြိုင်ပွဲဝင်တွေအားလုံး စွမ်းရည်တွေကို အသုံးပြုနိုင်တာလား? ဒါမှမဟုတ် တုတ်ကိုင်ထားတဲ့ကျောင်းသားတွေပဲ စွမ်းရည်တွေကို အသုံးပြုခိုင်းတာလား?"


ခယ်ရှောင်ပင်းသည် စာကြည့်တိုက်၏ ဖိုရမ်ပေါ်ရှိ သတိပေးချက်ကို ကြည့်လိုက်ပြီး ပြောခဲ့သည်။

"ကျောင်းသားအားလုံး စွမ်းရည်တွေအသုံးပြုနိုင်တယ်…"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဒါက ပြဿနာပဲ၊ အဖွဲ့ 10 ဖွဲ့က တစ်ပြိုင်နက် လက်ဆင့်ကမ်းပြိုင်ပွဲမှာ ပြေးနေပြီး ပြေးလမ်းပေါ်မှာ ကစားသမားအယောက် 40 ရှိတယ်… သူတို့ရဲ့ အဖွဲ့ဝင်တွေ ရလဒ်ကောင်းရဖို့အတွက် တစ်ဖက်အဖွဲ့က ပြိုင်ဘက်တွေကို ထိန်းချုပ်နိုင်ဖို့ သူတို့ရဲ့စွမ်းရည်တွေကို ထုတ်လွတ်နိုင်တယ်… ငါတို့တွေ အရမ်းမြန်မြန်ပြေးရင် အခြားအဖွဲ့တွေရဲ့ ပစ်မှတ်ထားခြင်းကို ရင်ဆိုင်ရလိမ့်မယ်…"


ကျန်းဖျင်စစ်သည် သူ၏ဆိုလိုရင်းကို လျင်မြန်စွာ နားလည်သဘောပေါက်ခဲ့သည်။

"မင်းဆိုလိုတာက အမုန်းတရားတန်ဖိုးကို လျှော့ချဖို့ ငါတို့က အစမှာ တမင်တကာ နောက်ကျအောင်လုပ်ရမှာလား?"

 

ယွဲ့ရှင်းဝမ်: "ငါတို့ အစမှာ အရမ်းမြန်မြန်ပြေးရင် အခြားပြေးလမ်း 9 ခုက ကစားသမား 36 ယောက်က ငါတို့ကို ပစ်မှတ်ထားပြီး ထိန်းချုပ်ရေးစွမ်းရည် အမျိုးမျိုးက ငါတို့ကို မိတ်ဆက်ဖို့ အလှည့်ကျ လှည့်ပတ်နေလိမ့်မယ်… ငါတို့က နတ်ဘုရားတွေဆိုရင်တောင် ပြေးနိုင်မှာမဟုတ်ဘူး…"


ရွှီယိရှန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး စက္ကန့်အနည်းငယ်မျှ တွေးတောကာ ပြောလာသည်။

"အဲဒါက ရန်သူကို ငါတို့က အားနည်းတယ်ဆိုပြီး အယောင်ပြပြီးတော့ နောက်မှ လှုပ်ရှားတာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… ကျွန်တော်တို့ အနိုင်ရချင်ရင် နောက်ဆုံးမိနစ်မှာမှ တန်ပြန်တိုက်ခိုက်ရမယ်… ဒီနည်းနဲ့သာ ချန်ပီယံဆုကို ရနိုင်မှာ…"


ကျိုဖုန်းက ချီးကျူးသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်… 183 သုတေသနအဖွဲ့က အစပိုင်းမှာ သေချာပေါက် ပစ်မှတ်ထားရမှာ… လှေကို ရေစီးအတိုင်းလွတ်ပြီးတော့ ထိန်းချုပ်ချင်ယောင်ဆောင်ပြီး စက္ကန့်အနည်းငယ်လောက် နှေးလိုက်… 183 သုတေသနအဖွဲ့က နောက်ကျန်ခဲ့ပြီဆိုတာ လူတိုင်းသိသွားရင် ငါတို့ကို ဖြေရှင်းဖို့ သူတို့ရဲ့စွမ်းရည်တွေကို အလဟဿ ဖြုန်းတီးပစ်မှာမဟုတ်ဘူး… ဒါပေမယ့် အမြန်ဆုံးအပြေးသမားကတော့ ထိန်းချုပ်ခံရလိမ့်မယ်… နောက်ဆုံးအပတ်ရောက်မှ တန်ပြန်တိုက်ခိုက်ဖို့ နည်းလမ်းကို ငါတို့ရှာတွေ့လိမ့်မယ်…"


လင်းမန့်လော်က ယွဲ့ရှင်းဝမ်ကို စိတ်ဝင်တစားကြည့်ပြီး ပြောသည်။

"ဒါပေမယ့် အစမှာ ငါတို့အရမ်းနောက်ကျသွားရင် နောက်ဆုံးအပတ်မှာ အရှုံးကနေ အနိုင်ကိုပြောင်းဖို့ ခက်ခဲလိမ့်မယ်… ရှင်းဝမ်မှာ အကြံဉာဏ်ကောင်းတွေရှိတာလား?"


ယွဲ့ရှင်းဝမ်က သူ့အသံကိုလျှော့ပြီး အဖွဲ့ဝင်များကို သူထင်တာပြောပြလိုက်ပြီး အားလုံးက လက်မထောင်ပြကြသည်။


အပြေးပြိုင်ပွဲများကို တစ်ခုပြီးတစ်ခု ယှဉ်ပြိုင်ခဲ့ကြပြီး မီတာ 800 နှင့် မီတာ 3,000 ပြိုင်ပွဲများ ပြီးဆုံးသွားခဲ့သည်။ မီတာ 50,000 မာရသွန်ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲအတွက် စာရင်းသွင်းထားသည့် ယွဲ့ရှင်းဝမ်နှင့် ရွှီယိရှန်းတို့ကို ပဏာမအဆင့်မှာတင် ဖယ်ထုတ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က စိတ်မကောင်းမဖြစ်ဘူး။


မီတာသောင်းချီသော မာရသွန်ပြိုင်ပွဲအတွက် ချန်ပီယံဆုကိုရရှိရန် အားကစားကျောင်းမှ ကျောင်းသားများနှင့် ယှဉ်ပြိုင်ဖို့က အမှန်ပင် ခက်ခဲသည်။ လက်ဆင့်ကမ်းပြိုင်ပွဲကို တည်ငြိမ်အောင်ထိန်းတာက ပိုကောင်းပါသည်။


ဤအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်လဲလှယ်ခြင်းဆိုင်ရာ စည်းမျဉ်းများသည် တစ်ယောက်ချင်း/နှစ်ယောက်တွဲပြိုင်ပွဲများတွင် သူတို့ကိုယ်တိုင်အတွက် ရွှေတံဆိပ် 2 ခုဖြင့် credit 1 မှတ်ကို လဲလှယ်နိုင်သည်၊ ဒါမှမဟုတ် credit လဲလှယ်ဖို့အတွက် အဖွဲ့ဝင်ကို ကိုယ့်ရွှေတံဆိပ်များအား ပေးနိုင်သည်။ အဖွဲ့လိုက်ပြိုင်ပွဲများတွင် သုတေသနအဖွဲ့တစ်ခုလုံးအတွက် credit ကို လဲလှယ်နိုင်ပြီး သုတေသနအဖွဲ့၏အဖွဲ့ဝင်အားလုံးက credit များရရှိနိုင်မည်ဖြစ်သည်။


အဖွဲ့လိုက်ပြိုင်ပွဲများက ပိုအရေးကြီးကြောင်း သိသာပါသည်။


4x800 လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ယွဲ့ရှင်းဝမ်သည် ချန်ပီယံဆုအား ရရှိရန် ကြိုးစားလိုခဲ့သည်။


သူ၏နည်းဗျူဟာက နည်းနည်း အန္တရာယ်များပေမယ့် ချောမွေ့စွာ အကောင်အထည်ဖော်နိုင်ရင် ချန်ပီယံဆုရဖို့ မျှော်လင့်ချက်ရှိပါသည်။


မနက် 11:00 နာရီတွင် လူတိုင်း၏နားထဲတွင် ရင်းနှီးသည့် စက်သံတစ်ခု ထွက်ပေါ်လာသည်။

"နောက်ပြိုင်ပွဲကတော့ ‘4x800 မီတာ အဖွဲ့လိုက်လက်ဆင့်ကမ်းပြိုင်ပွဲ’ဖြစ်ပါတယ်… လက်ဆင့်ကမ်းပြိုင်ပွဲရဲ့ ပြိုင်ပွဲဝင်တွေက စစ်ဆေးရေးတက်ဘလက်မှာ စာရင်းပေးသွင်းနိုင်ပါပြီ…"


ယွဲ့ရှင်းဝမ်၊ ကျန်းဖျင်စစ်၊ ရွှီယိရှန်းနှင့် ချင်လုတို့သည် ထိုင်ခုံဘေးရှိ တက်ဘလက်ဆီသို့ သူတို့လက်ချောင်းများကို ချက်ချင်း ဖိနှိပ်လိုက်ကြသည်။


လက်ဗွေရာစစ်ဆေးခြင်း အောင်မြင်ခဲ့ပြီး သူတို့၏တက်ဘလက်ကွန်ပျူတာများပေါ်တွင် အချက်အလက်စာတန်းတစ်ခု ထွက်ပေါ်လာသည်။

"C-183 သုတေသနအဖွဲ့၊ ပြိုင်ပွဲဝင်လေးဦး စာရင်းသွင်းပြီးပါပြီ… လက်ဆင့်ကမ်းပြိုင်ပွဲရဲ့ ပဏာမအုပ်စု 11 ဖြစ်ပါတယ်…"


4x800 မီတာ လက်ဆင့်ကမ်းပြိုင်ပွဲအတွက် အဖွဲ့ 400 နီးပါး စာရင်းသွင်းခဲ့ကြပြီး ပဏာမအကျော့အတွက် အဖွဲ့ 40 ဖွဲ့ကာ အုပ်စုတစ်ခုစီတွင် 10 သင်းပါရှိသည်။


စက်ပိုင်းအသံက ဆက်လက်ထုတ်လွှင့်သည်။

"လက်ဆင့်ကမ်းပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အောက်ပါအတိုင်း ဖတ်ပြပါမယ်: 1. ပြိုင်ပွဲဝင်အားလုံးက ပြေးလမ်းပေါ်ရှိ စည်းအတိုင်း မတ်တတ်ရပ်နေသင့်ပြီး တုတ်ကိုင်မယ့်အဖွဲ့ဝင်တစ်ယောက်စီက ကြိုတင်စီစဉ်ထားရန် လိုအပ်ပြီး အနှောင့်အယှက်မပြုလုပ်ရပါ။ 2. တုတ်ပြုတ်ကျသွားတာနဲ့ ဆက်မပြေးခင် ပြန်ကောက်ရပါမယ်။ 3. ပြိုင်ပွဲအတွင်း ပြေးလမ်းပေါ်ရှိ ကျောင်းသားအားလုံးက စွမ်းရည်တွေကို အသုံးပြုနိုင်တယ်။ 4. လက်ဆင့်ကမ်းပြိုင်ပွဲက 4x800 မီတာဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးစီက တုတ်ကိုလက်ဆင့်ကမ်းရန် နှစ်ပတ်ပြေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်ပဲပြေးပြီး တုတ်ကိုလက်ဆင့်ကမ်းပါက ပြစ်ဒဏ်အဖြစ်သတ်မှတ်ပြီး ဖယ်ထုတ်ခံရပါမယ်…"

[TK: 4x800 မီတာဆိုတာက လူလေးယောက်မှာ တစ်ယောက်ကို မီတာ 800 စီပြေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် ကွင်းက မီတာ 400 ပဲရှိတာကြောင့် တစ်ယောက်ကို ကွင်း 2 ပတ်ပတ်မှ မီတာ 800 ပြည့်မှာပါ။]


တုတ်က ပြုတ်ကျသွားလျှင် ‌ဆက်ပြေးဖို့ ပြန်ကောက်ရလိမ့်မည်။ ချင်မြောင်က သူတို့ကို သတိပေးသည်။

"အားလုံး သတိထားကြပါ… သမိုင်းဌာနရဲ့ ‘ဝိုင်ခွက်’စွမ်းရည်က အုပ်စုလိုက် လက်နက်ဖြုတ်ချနိုင်တာကြောင့် အားလုံးရဲ့တုတ်တွေက မြေပြင်ပေါ်ပြုတ်ကျပြီး 10 စက္ကန့်အတွင်း ကောက်နိုင်မှာမဟုတ်ဘူး…"


ယွဲ့ရှင်းဝမ်က အလေးအနက်ကြည့်ကာ ပြောသည်။

"ဆိုလိုတာက အခြားအဖွဲ့တွေမှာ သမိုင်းဌာနက ကျောင်းသားတွေပါရင် နောက်ဆုံးအပတ်မှာ အုပ်စုလိုက်လက်နက်ဖြုတ်ချတဲ့စွမ်းရည်ကို အသုံးပြုပြီး ကိုယ့်အဖွဲ့ဝင်တွေကို အဆုံးစည်းရောက်အောင် ကူညီဖို့ အချိန် 10 စက္ကန့်လောက် ဆွဲနိုင်တယ်ပေါ့?"


ချင်လုက မေးသည်။

"အစ်မ၊ ‘ဝိုင်ခွက်’စွမ်းရည်ကို ထုတ်လွတ်ဖို့အတွက် စာရွတ်ဖို့လိုတယ်မလား?"


ချင်မြောင်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်၊ ဒီတော့ နင်တို့ နောက်ဆုံးအပတ်ကို ပြေးတော့မယ်ဆိုရင် ရှင်းဝမ်က ပတ်ဝန်းကျင်ကို ကြိုပြီး အသံတိတ်အောင်လုပ်လို့ရတယ်… ဒါဆိုရင် သမိုင်းဌာနရဲ့ စွမ်းရည်တွေကို မထုတ်နိုင်တော့ဘူး…"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့်ပြောသည်။

"နားလည်ပြီ… ဖျင်စစ်က နောက်ဆုံးအပတ်ကို တာဝန်ယူပြီး ငါက ဖျင်စစ်ရဲ့ အနှောင့်အယှက်အားလုံးကို ရှင်းပစ်ဖို့ ကူညီပေးမယ်…"


ကျန်းဖျင်စစ်: "ပြိုင်ပွဲစတော့မယ်၊ အားကစားကွင်းကို သွားကြစို့…"


အခြားအဖွဲ့ဝင်များက သူတို့လေးယောက်ကို အားပေးကြသည်။


သူတို့လေးယောက်က အားကစားကွင်းကို ရောက်လာသည်။


ပဏာမအဆင့်တွင် အဖွဲ့ 10 ဖွဲ့၌ 2 ဖွဲ့သာ အဆင့်တက်နိုင်ပြီး ဖယ်ထုတ်နှုန်းက 80% အထိမြင့်မားနေဆဲဖြစ်သည်။


ယွဲ့ရှင်းဝမ်တို့လေးယောက်ကိုမြင်တော့ သူတို့အနီးနားရှိ ကျောင်းသားများက တီးတိုးပြောကြသည်။

"ဒါက C-183 သုတေသနအဖွဲ့မလား?" 


"စီနီယာအစ်ကိုရှင်းဝမ်၊ ခင်ဗျားတို့ကလည်း လက်ဆင့်ကမ်းပြိုင်ပွဲမှာ ပြေးဖို့ ဒီကိုရောက်နေတာလား?"


ယွဲ့ရှင်းဝမ်က ယဉ်ယဉ်ကျေးကျေးပြောသည်။

"ဟုတ်တယ်၊ အားလုံး သက်ညှာကြပါဦး…"


စကားလုံးတွေ ယဉ်ကျေးနေပေမယ့် ပြိုင်ပွဲထဲရောက်ရင် ဘယ်သူက သက်ညှာမှာလဲ။


ဒိုင်လူကြီး၏ သေနတ်သံ မြည်လာသည်နှင့် တစ်ပြိုင်နက် အကွာအဝေး ထိန်းချုပ်ခြင်း စွမ်းရည် အမျိုးမျိုးက တခဲနက် ကျလာသည်။


ရွှီယိရှန်းသည် 183 သုတေသနအဖွဲ့တွင် ပထမဆုံးတုတ်ကိုင်သူ ဖြစ်သည်။ သူ၏တုံ့ပြန်မှုက အလွန်မြန်ပြီး သေနတ်သံထွက်ပေါ်လာခါနီးတွင် သူသည် နေရာမှာတင် လူငါးယောက်အဖြစ် ကွဲသွားခဲ့သည်။


ဇီဝသိပ္ပံဌာန၏ "mitosis" သည် ကိုယ်ပွားများကို ခွဲထုတ်ရုံသာမက တိုက်ခိုက်ခြင်း/ထိန်းချုပ်ခြင်းစွမ်းရည်များကို ရှောင်ရှားရန် ကိုယ်ပွားငါးယောက်ကို မတူညီသောနေရာများသို့ ပြန့်ကျဲသွားစေနိုင်သည်။ ထို့အပြင် ကျောင်းသားများမှ ထုတ်လွတ်သော ထိန်းချုပ်ခြင်းစွမ်းရည်များသည် အကန့်အသတ်များရှိသည်။ သူတို့က ရွှီယိရှန်း 5 ယောက်ကို တစ်ချိန်တည်း မထိန်းချုပ်နိုင်သ၍ ရွှီယိရှန်း၏ ကိုယ်ပွားတစ်ယောက်ယောက်သာ လွတ်သွားပါက သူ၏ခန္ဓာကိုယ်ကို ချက်ချင်း ပြောင်းနိုင်သည်။


တကယ်တော့ mitosis ကို ‘ထွက်ပြေးခြင်းစွမ်းရည်’အဖြစ်လည်း သုံးနိုင်သည်။


ရွှီယိရှန်းသည် အမှန်တကယ် ပထမလှိုင်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်သွားပြီး ယွဲ့ရှင်းဝမ်သည် အဖွဲ့လိုက်အရှိန်မြင့်ခြင်းစွမ်းရည် ‘အလင်းကဲ့သို့လျင်မြန်ခြင်း’ကို ချက်ချင်း စတင်ခဲ့ပြီး အဖွဲ့ဝင်များအားလုံးက အရှိန် 5 ဆကို မြင့်နိုင်ခဲ့သည်။


အရှိန်မြင့်တင်ခြင်း၏လွှမ်းမိုးမှုအောက်တွင် ရွှီယိရှန်းသည် လမ်းတစ်လျှောက်လုံး ပျံသန်းသွားသလိုမျိုး ပြေးသွားခဲ့ပြီး ရွှီယိရှန်း၏ပုံရိပ်ကိုသာ အားကစားကွင်းနေရာတိုင်းတွင် မြင်နေရသည်။ မိနစ်ဝက်အတွင်းမှာပင် သူသည် နှစ်ပတ်ပြေးပြီး တုတ်ကို နောက်ထပ်ပြေးလမ်းက ယွဲ့ရှင်းဝမ်ဆီသို့ ပေးလိုက်သည်။


ယွဲ့ရှင်းဝမ်သည် တုတ်ကိုယူကာ အရိုင်းဆန်စွာ ပြေးသွားခဲ့သည်။


ကံမကောင်းစွာဖြင့် သူ့တွင် အခြားနေရာရွှေ့ပြောင်းခြင်းစွမ်းရည်မရှိသည့်အပြင် 5 ဆ အရှိန်ဖြင့်သာ ပြေးနေရပြီး နေရာရွှေ့ပြောင်းခြင်းစွမ်းရည်ရှိသည့် ကျောင်းသားများနောက်သို့ လျင်မြန်စွာ သူကျန်ရစ်ခဲ့သည်။ ယွဲ့ရှင်းဝမ်က အလျင်လိုမပါဘူး။ ထို့အပြင် ရှေ့မှ ကျောင်းသားများသည် ‘မင်းငါ့ကိုခဲတယ်၊ ငါမင်းကိုရပ်နေအောင်မယ်’ဖြင့် အချင်းချင်း စွမ်းရည်များဖြင့် ပစ်ပေါက်နေကြပြီး စွမ်းရည်များကို စားမိရန် ရှေ့က အဖွဲ့ဆီသို့ သူမသွားချင်ပါ။


ယွဲ့ရှင်းဝမ်သည် 5 နေရာဖြင့် တုတ်ကို ချင်လုအား လွှဲပြောင်းပေးခဲ့သည်။


ချင်လုသည် ချက်ချင်း နေရာများ ပြောင်းရွှေ့လိုက်ပြီး 3 စက္ကန့် ပထမအပတ်၊ 3 စက္ကန့် ဒုတိယအပတ်ဖြင့် မျက်စိတစ်မှိတ်အတွင်း တုတ်ကို ကျန်းဖျင်စစ်လက်ထဲသို့ ပေးလိုက်သည်။


ကျန်းဖျင်စစ်သည် နောက်ဆုံးအပတ်တွင် လူနှစ်ဦးကို တစ်ခါတည်းကျော်တက်ခဲ့ပြီး နောက်ဆုံးတွင် အုပ်စုဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။


သူတို့လေးယောက်၏ တိတ်တိတ်ဆိတ်ဆိတ် ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ရင်း ခယ်ရှောင်ပင်းက လေးနက်စွာ ခွဲခြမ်းစိတ်ဖြာသည်။

"အပေါ်ယံမှာ ထိပ်ဆုံးသုံးယောက်က အချင်းချင်း ထိန်းချုပ်နေတာကြောင့် ရှင်းဝမ်နဲ့ အခြားသူတွေကို အဆင့်လေးနေရာကို အခွင့်အရေးပေးထားတယ်… ဒါပေမယ့် အမှန်တော့ ရှင်းဝမ်က အခြေအနေကို တွက်ချက်ပြီးသားမလား? သူက မီတာ 200 ကို ချက်ချင်း တယ်လီပို့နိုင်တဲ့ ‘ရွှေပုစဉ်းရင်ကွဲခွံ’ကို အသုံးမပြုခဲ့ဘူး…"


ကျိုဖုန်း: "ပဏာမအကျော့မှာ ပြိုင်ဘက်တွေက သိပ်အင်အားမကြီးဘူး၊ သူတို့က စွမ်းရည်အများကြီး သုံးစရာမလိုဘူး…"


နောက်အကျော့တွင် C-183 သုတေသနအဖွဲ့သည် သူတို့၏လှည့်ကွက်ဟောင်းများအတိုင်း ထပ်ခါပြန်လုပ်ကာ အုပ်စုဒုတိယအနေဖြင့် ထပ်မံပြုလုပ်ပြီး ဖိုင်နယ်သို့ရောက်ရှိခဲ့သည်။


ပရိသတ်ထဲတွင် ဆွေးနွေးမှုများစွာရှိခဲ့သည်။

"အဲဒါက စီနီယာအစ်ကိုရှင်းဝမ်ရဲ့ C-183 ရွှယ်ပအဖွဲ့မဟုတ်ဘူးလား? ဒီနေ့ သူတို့ပြေးတာကို ကြည့်ရတာ ရလဒ်တွေက သိပ်မကောင်းဘူး!"


"သူတို့ကံကတော့ မဆိုးပါဘူး၊ သူတို့က ပဏာမနဲ့ ဆီမီးဖိုင်နယ်မှာ အုပ်စုဒုတိယရခဲ့တယ်လေ…"


"ဒီလိုသာဆက်သွားရင် ဖိုင်နယ်ပွဲမှာ အန္တရာယ်ရှိလိမ့်မယ်… သူတို့လေးယောက်ထဲမှာ အမြန်ဆုံးက ပထဝီဝင်ဌာနမှ ချင်လုပဲ… ချင်လုသာ ထိန်းချုပ်ခံလိုက်ရရင် ဒုတိယနေရာရဖို့မပြောနဲ့ အဆင့်ငါးနေရာတောင် ရောက်မှာမဟုတ်ဘူး!"


"မဖြစ်နိုင်ဘူးမလား? သူတို့က ဖိုင်နယ်အတွက် စွမ်းရည်တွေကို ထိန်းသိမ်းထားတာဖြစ်နိုင်ပြီး သူတို့ရဲ့ စောင့်ဆိုင်းချိန်များလွန်းတဲ့ လှုပ်ရှားမှုကြီးတွေကို အသုံးမပြုရသေးဘူးလေ!"


‌စက်အသံက သူတို့နားထဲသို့ ထပ်မံပြန့်လွှင့်လာသည်။

"4x800 မီတာ လက်ဆင့်ကမ်းပြိုင်ပွဲ ဖိုင်နယ်ကို တက်လှမ်းခဲ့တဲ့ အဖွဲ့ 10 ဖွဲ့တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်… ပြိုင်ပွဲဝင်တွေက ကြိုတင်ပြင်ဆင်ထားကြပါ… ပြေးလမ်း 1၊ A-76 သုတေသနအဖွဲ့၊ ခေါင်းဆောင်ယွိမင်ယွီ: ‌ပြေးလမ်း 2၊ A-153 သုတေသနအဖွဲ့၊ ခေါင်းဆောင်ချင်းလန်: ပြေးလမ်း 3၊ B-98 သုတေသနအဖွဲ့၊ ခေါင်းဆောင်ချန်မုယွင်: ပြေးလမ်း 4၊ C-183 သုတေသနအဖွဲ့၊ ခေါင်းဆောင်ယွဲ့ရှင်းဝမ်!"


ယွဲ့ရှင်းဝမ်: "..."


တိုက်ဆိုင်စွာပင် သူတို့အားလုံးက အသိအကျွမ်းဟောင်းများဖြစ်နေသည်။


သုတေသနအဖွဲ့မှ အဖွဲ့ဝင်များသည် စုရုံးရန် အားကစားကွင်းသို့ အလျင်အမြန် ရောက်လာကြသည်။


ယွိမင်ယွီသည် ယွဲ့ရှင်းဝမ်ဆီသို့ လျှောက်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ရွှီယိရှန်းက ဒီတစ်ခါ ဆဲလ်အဖြစ်ပြောင်းပြီး လူတွေအပေါ် လဲအိပ်နေလို့ မရတော့ဘူးမလား?"


ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။

"ဟုတ်တယ်၊ သူက ဆဲလ်ဖြစ်သွားရင် တုတ်ကိုင်လို့မရတော့ဘူး…"


ချင်းလန်က ပြုံးပြီး ယွဲ့ရှင်းဝမ်၏ ပခုံးကို ပုတ်လိုက်သည်။

"ငါ မင်းကို အချိန်ပြည့် အာရုံစိုက်ပြီး သင်ခန်းစာမှတ်စုတွေဖတ်ခိုင်းဖို့ငါ့ရဲ့အဖွဲ့ဝင်တွေကို မင်းကို အထူးအာရုံစိုက်ခိုင်းထားမယ်…"


ယွဲ့ရှင်းဝမ်: "??"


နေပါဦး၊ ကျွန်တော့်မှာ ဒီလောက်မြင့်မားတဲ့ အမုန်းတရားတန်းဖိုးရှိနေတာလား? စီနီယာအစ်ကိုနဲ့အစ်မတို့ ကျေးဇူးပြုပြီး သက်ညှာပေးကြပါ!


#TK