Chapter 138
Viewers 22k

Volume 7 : ဥပ‌ဒေဌာန


Chapter 138 (ရှေ့နေသေဆုံးခြင်း ၀၉)


ယွဲ့ရှင်းဝမ်သည် ရှင်းဟိုင်အဆောက်အဦးသို့ ပြန်ရောက်ပြီးနောက် ပထမထပ်မှ အထပ် 40 အထိ အဆောက်အဦးအတွင်းရှိ စောင့်ကြည့်ရေးကင်မရာအားလုံးကို ဂရုတစိုက်စစ်ဆေးခဲ့သည်။


ဤအဆောက်အဦး၏အတွင်းပိုင်းသည် မြွေလိမ်မြွေကောက်ပုံသဏ္ဌာန်ဖြစ်ပြီး ဓာတ်လှေကားသည် အလယ်တွင်တည်ရှိကာ အရှေ့၊ တောင်၊ အနောက်နှင့် မြောက်ဘက်ရှိ စင်္ကြံများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြီး ပတ်ဝန်းကျင်ရှုခင်းကို အပေါ်စီးမှမြင်နိုင်သော ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြတင်းပေါက်ကြီးများရှိသည်။


တချို့အထပ်များတွင် ထောင့်လေးထောင့်ရှိသည့် စင်္ကြံများ၌ မတူညီသောစတူဒီယိုအသေးစားလေးများရှိပြီး တချို့ကုမ္ပဏီကြီးများသည် အထပ်တစ်ခုလုံးကို နေရာယူထားမည်ဖြစ်သည်။


မင်ဟွေးဥပဒေလုပ်ငန်းသည် ငွေအမြောက်အမြားရှိပြီး အထပ် 40 ၏ တစ်ထပ်လုံးကို ငှားထားသည်။ ရှေ့နေတစ်ဦးစီတွင် ဇိမ်ခံအလှဆင်မှုဖြင့် လွတ်လပ်သောရုံးခန်းတစ်ခုရှိသည်။ ဓာတ်လှေကားထဲတွင် ‘40F – မင်ဟွေးဥပဒေလုပ်ငန်း’ ဟူသော ဆိုင်းဘုတ်ပင် ရှိသည်။


39 ထပ်ရှိ လရောင်ဒီဇိုင်းစတူဒီယိုသည် သိသိသာသာ မချမ်းသာဘဲ အရှေ့စင်္ကြံရှိ အခန်းကိုသာ ငှားထားသည်။ အနောက်ဘက်တွင် ကိုယ်ပိုင် "စာရင်းကိုင်လုပ်ငန်း" ရှိပြီး တောင်နှင့် မြောက်ဘက်တွင် သပ်ရပ်စွာ အလှဆင်ထားသော ‘ယိယန်အလှပြင်ကလပ်’ဖြစ်သည်။ စာရင်းကိုင်လုပ်ငန်းနှင့် အလှပြင်ကလပ်အားလုံးသည် ည 10 နာရီမထိုးခင် အလုပ်ဆင်းကြပြီး ရှင်းဟိုင်အဆောက်အဦးတွင် မည်သူမျှ မနေခဲ့ကြပေ။


အထပ်တစ်ခုစီတွင် ဧည့်ခန်း၏ ဘယ်ဘက်နှင့် ညာဘက်၌ စောင့်ကြည့်ရေးကင်မရာများအပြင် စင်္ကြံထောင့်နှင့် ဓာတ်လှေကားအတွင်းတွင် ကင်မရာများပါရှိကြောင်း ယွဲ့ရှင်းဝမ်မှ တွေ့ရှိခဲ့သည်။ လှေကားထစ်သည် အဆောက်အဦး၏တောင်ဘက်တွင်ရှိပြီး အထပ်တစ်ခုစီတွင် ကင်မရာတစ်လုံးပါရှိသည်။


အပေါ်ယံတွင် အဆောက်အဦး၏ အတွင်း၌ စောင့်ကြည့်ရေးကင်မရာလွတ်သောနေရာ မရှိပေ။


အပေါ်ထပ်ကို ဓာတ်လှေကားနဲ့ တက်တာပဲဖြစ်ဖြစ်၊ လှေကားနဲ့ တက်တာပဲဖြစ်ဖြစ်၊ ထောင့်တိုင်းမှာရှိသည့် စောင့်ကြည့်ရေးကင်မရာများက ရိုက်ကူးလိမ့်မည်။


အထပ် 40 မှ ခေါင်မိုးအထိ လှေကားထစ်များတွင်လည်း စောင့်ကြည့်ရေးကင်မရာများရှိသည်။ စောင့်ကြည့်ရေးကင်မရာကို သူတို့တွေ စစ်ဆေးကြည့်ရုံဖြင့် ချန်ယွဲ့ချင်နှင့် ချီကျောက် ပြောခဲ့တာတွေက မှန်သလား၊ မှားသလားဆိုတာ သက်သေပြနိုင်သည်။


မနေ့ညက ရှင်းဟိုင်အဆောက်အဦးမှာ စောင့်ကြည့်ရေးဗီဒီယိုတွေ အလွန်များနေတာကြောင့် အထပ် 40 တစ်ခုလုံး၏ စောင့်ကြည့်ရေးအချက်အလက်အားလုံးကို ခေါင်းဆောင်လင်မှ ပြန်လည်ကူးယူခဲ့သည်။ ရဲတပ်ဖွဲ့တွင် စောင့်ကြည့်စစ်ဆေးရန် အထူးတာဝန်ရှိသူတစ်ဦးရှိပြီး ခယ်ရှောင်ပင်းက ယင်းကိစ္စနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။


သူတို့သည် အထပ် 39 နှင့် 40 ရှိ စောင့်ကြည့်ရေးကင်မရာများကို စစ်ဆေးရန် ဆွဲထုတ်ကာ အသုံးဝင်သော သဲလွန်စများစွာကို တွေ့ရှိခဲ့သည်—


ပထမဦးစွာ အထပ် 40 ရှိ စင်္ကြံ၏ စောင့်ကြည့်ရေးကင်မရာတွင် ပစ္စည်းပို့သူကောင်လေးသည် ရှင်းဟိုင်အဆောက်အဦး၏ အထပ် 40 သို့ ည 8 နာရီဝန်းကျင်တွင် အစား‌အသောက်များ ပို့ဆောင်ပေးခဲ့ကြောင်း ပြသထားသည်။ ချီကျောက်သည် ထွက်လာပြီး အထပ် 40 က ဧည့်ကြိုကောင်တာရှိ အစားအသောက်ယူပြီး ရုံးခန်းဘက်သို့လှည့်ကာ ဝင်သွားပြီးနောက် တစ်ခါမှ မထွက်ခဲ့ပေ။


ဒုတိယအနေဖြင့် 39 ထပ်ရှိ စောင့်ကြည့်ရေးကင်မရာတွင် ည 9 နာရီ မှ 9 နာရီခွဲအတွင်း ချန်ယွဲ့ချင်သည် ပစ္စည်းယူရန် နှစ်ကြိမ်အပြင်ထွက်ခဲ့သည်။ ပထမအကြိမ်က ပစ္စည်းပို့သူကောင်လေးက ကိတ်မုန့်ဘူးကို သယ်လာပြီး ဒုတိယအကြိမ်က သူမမှာထားသော အနောက်တိုင်းအစားအစာဖြစ်သည်။ ၎င်းသည် ကျိုးကျီယန်ကို သူမ၏မွေးနေ့အတွက် ရှင်းဟိုင်အဆောက်အဦးဆီလာဖို့ ဖိတ်ခေါ်ခဲ့တယ်ဆိုသည့် သူမ၏ဖော်ပြချက်နဲ့ ကိုက်ညီပါသည်။ 


တတိယအနေဖြင့် ပထမထပ်ရှိ ဧည့်ခန်းမှ စောင့်ကြည့်ရေးကင်မရာတွင် ကျိုးကျီယန်သည် ည 9:50 တွင် ခရီးဆောင်အိတ်ဖြင့် အဆောက်အဦးထဲသို့ လျှောက်လာသည့်မြင်ကွင်းကို ဖမ်းယူရရှိခဲ့သည်။ သူက နံပါတ် 1 ဓာတ်လှေကားဖြင့် အထပ် 40 ကို တက်ခဲ့သည်။ မိနစ်နှစ်ဆယ်အကြာ ည 10:10 တွင် ချန်ယွဲ့ချင်သည် ကိတ်မုန့်နှင့် ယူဆောင်လာသောပစ္စည်းများဖြင့် အထပ် 40 သို့ ဓာတ်လှေကားဖြင့် တက်လာခဲ့ပြီး ‌မင်ဟွေးဥပဒေလုပ်ငန်း၏ မှန်တံခါးကို တိတ်တဆိတ် တွန်းဖွင့်လိုက်သည်။


ရုံးအတွင်း အလုပ်ခွင်ကို စောင့်ကြည့်ခြင်းမရှိဘဲ ဖြစ်ပျက်သွားသည်ကို မည်သူမျှ မသိကြသော်လည်း သူတို့နှစ်ဦးသည် မွေးနေ့ကိတ်နှင့် အနောက်တိုင်းအစားအစာများကို အတူတူစားပြီး ချိုမြိန်သော မွေးနေ့ကို ပြုလုပ်ပြီးနောက် သန့်စင်ခန်းထဲသို့ ပြေးဝင်သွားခဲ့သည်။ ရုံးခန်းထဲတွင် အချိန်ပိုအလုပ်လုပ်နေသော ချီကျောက်သည် လှုပ်ရှားမှုကိုကြားရပြီး သန့်စင်ခန်းထဲတွင် တစ်စုံတစ်ယောက်နှင့် လိင်ဆက်ဆံနေသည့် သူ့ crush ကို သူ့မျက်လုံးများဖြင့် မြင်လိုက်ရကာ သူ့အမြင်သုံးမျိုးက ပျက်စီးသွားခဲ့သည်။


စတုတ္ထအနေဖြင့် ည 11:15 တွင် ချန်ယွဲ့ချင်သည် ဓာတ်လှေကားခန်းမတွင် ပြန်လည်ပေါ်လာပြီး 39 ထပ်သို့ ကိတ်မုန့်ဘူးအလွတ်နှင့် ယူဆောင်သွားသည့်ဘူးများဖြင့် ပြန်လာခဲ့ကာ အမှိုက်များကို အမှိုက်ပုံးထဲသို့ ပစ်ချပြီးနောက် ‘လရောင်ဒီဇိုင်းစတူဒီယို’ဆီ လမ်းလျှောက်သွားသည်။


အဲဒီနောက်ပိုင်း သူမ ထွက်မလာတော့ဘူး။


ဤစောင့်ကြည့်ရေးကင်မရာသည် ချန်ယွဲ့ရှင်း၏ သံသယကို ဖယ်ရှားနိုင်သည်။ သူမသည် ည 11:15 တွင် 39 ထပ်သို့ ဓာတ်လှေကားဖြင့် ပြန်ဆင်းခဲ့ပြီး ‘ည 11 နာရီလောက် ပြန်အိပ်ခဲ့တယ်’ဟူသော သူမ၏ဝန်ခံချက်က ကိုက်ညီပြီး ကျိုးကျီယန်သေဆုံးချိန်က ည 12 ဖြစ်သည်။ သူမတွင် အလီဘိုင်ရှိ၏။


ချီကျောက်သည် ရုံးခန်းထဲကနေ ထွက်လာတာ၊ ဓာတ်လှေကားစီးတာမျိုး တစ်ခါမှ မရှိခဲ့ပေမယ့် အထပ် 40 ကနေ ခေါင်မိုးကိုတက်ဖို့ ဓာတ်လှေကားဖြင့် တက်ဖို့မလိုအပ်ဘဲ လှေကားဖြင့် တက်ခဲ့နိုင်သည်။


ခယ်ရှောင်ပင်းနှင့် သူ၏လုပ်ဖော်ကိုင်ဖက်များသည် အထပ် 40 ရှိ လှေကားထစ်၏ စောင့်ကြည့်ရေးကင်မရာကို ဆွဲထုတ်ကာ စောင့်ကြည့်ရေးဗီဒီယိုကို စေ့စေ့ကြည့်နေကြသည်။


ညဘက်တွင် လှေကားထစ်များ၌ မီးများမရှိသော်လည်း စောင့်ကြည့်ရေးကင်မရာမှ အနီအောက်ရောင်ခြည်ဖြင့် လူများကို ဖမ်းယူနိုင်သေးသည်။ မနေ့ညက သည်လှေကားကို ဘယ်သူမှ ဖြတ်မသွားဘူး။ သူတို့သည် ည 11:50 အထိ အမြန်ဆုံးလေးဆဖြင့် ကြည့်ခဲ့ကြပြီး စောင့်ကြည့်ရေးကင်မရာတွင် အရိပ်မည်းတစ်ခု ပေါ်လာခဲ့သည်။


ခယ်ရှောင်ပင်းသည် ချက်ချင်းရပ်လိုက်ပြီး ဖန်သားပြင်ကို ချဲ့ကြည့်သည်။


အနက်ရောင် အားကစားဝတ်စုံဝတ်ထားပြီး အရပ်ရှည်သော အမျိုးသားက ကျိုးကျီယန်ဖြစ်သည်။


သူက နည်းနည်းမူးနေပြီး သူ၏ခြေလှမ်းများက အနည်းငယ် ယိုင်တိုင်တိုင်ဖြစ်နေကာ လမ်းလျှောက်ရင်း ခေါင်မိုးပေါ်ကို တက်သွားပြီး ဘယ်တော့မှ ဆင်းမလာတော့ဘူး။


ခယ်ရှောင်ပင်းသည် သူ့မျက်မှန်ကိုပင့်တင်ပြီး သူတို့ကို သေချာဂရုတစိုက်ပြန်ကြည့်ကာ သံသယရှိစွာဖြင့် ပြောသည်။

"သူက ခေါင်မိုးပေါ်ကို တစ်ယောက်တည်းတက်သွားတာလား?"


သူ့ဘေးနားရှိ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဆိုသည်။

"မနေ့ညက စောင့်ကြည့်ရေးကင်မရာမှာ ခေါင်မိုးပေါ်ကို ဘယ်သူမှ မတက်ခဲ့ဘူးဆိုတော့ အမှန်ပဲပေါ့… မင်း ခေါင်မိုးပေါ်တက်ချင်ရင် အထပ် 40 မှာရှိတဲ့ လှေကားထစ်ကနေ တက်ရမယ်… ပြီးတော့ ဒီလှေကားရဲ့အပိုင်းမှာ စောင့်ကြည့်ရေးကင်မရာရှိပြီး ပေါ်လာတဲ့သူမှန်သမျှကို ဖမ်းယူထားလိမ့်မယ်…"


ထိုအချိန်မှာပဲ ကျန်းဖျင်စစ်က ရောက်လာပြီး စောင့်ကြည့်ရေးကင်မရာ၏ရလဒ်များကို ကြည့်ဖို့ လူတိုင်းကို တောင်းဆိုခဲ့သည်။


ခယ်ရှောင်ပင်းသည် သံသယရှိသူနဲ့ သေဆုံးသူနှင့် ပတ်သက်သည့် စောင့်ကြည့်ရေးဗီဒီယိုငါးခုကိူ သီးခြားစီဖြတ်တောက်ခဲ့သည်။ ကျန်းဖျင်စစ်က သေသေချာချာကြည့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"ချန်ယွဲ့ချင်နဲ့ ချီကျောက်တို့ရဲ့ သံသယတွေအားလုံး ရှင်းသွားပြီပေါ့?"


"စောင့်ကြည့်ရေးကင်မရာရဲ့ မြင်ကွင်းကနေ ခေါင်မိုးပေါ်တက်သွားတာ ကျိုးကျီယန်တစ်ယောက်ပဲရှိတယ်…" ခယ်ရှောင်ပင်းက ပြောသည်။ "ချန်ယွဲ့ချင်က ည 11:15 မှာ 39 ထပ်ရှိ လရောင်ဒီဇိုင်းစတူဒီယိုကို ပြန်လာခဲ့ပြီး ဘယ်တော့မှ အပြင်မထွက်ခဲ့ဘူး… ချီကျောက်က ည 8 နာရီမှာ အပြင်ထွက်ပြီးနောက် ဥပဒေလုပ်ငန်းကနေ မထွက်ခဲ့သလို၊ ခေါင်မိုးပေါ်တက်တဲ့ အထပ် 40 က လှေကားဆီလည်း မရောက်ခဲ့ဘူး…"


အထပ် 40 ရှိ ခေါင်မိုးပေါ်သို့ ဦးတည်သော လှေကားထစ်သည် ဤကိစ္စ၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည်။


ဤနေရာရှိ စောင့်ကြည့်ရေးကင်မရာမှာ ပေါ်လာပြီး ခေါင်မိုးပေါ်သို့ လမ်းလျှောက်သွားသည်ကို ဖမ်းယူရရှိခဲ့သော်လည်း သေဆုံးသူမှလွဲ၍ အခြားမည်သူမျှ ဖမ်းယူမရရှိခဲ့ပေ။


ဒါဆို လူသတ်သမားက ဘယ်လိုတက်သွားတာလဲ? နံရံတွေကို ခုန်ကျော်၊ ပြတင်းပေါက်ကနေတက်ပြီး ခေါင်မိုးပေါ် ခုန်ပျံကျော်လွှားခဲ့တာလား?


ကျန်းဖျင်စစ်သည် သူ၏ဖုန်းကိုထုတ်ကာ သူ၏လက်ချောင်းများဖြင့် ခပ်သွက်သွက်စာရိုက်ခဲ့ပြီး ယွဲ့ရှင်းဝမ်ဆီ စာပို့လိုက်သည်။

"ရှင်းဝမ်၊ စောင့်ကြည့်ရေးကင်မရာက ချန်ယွဲ့ချင်ရဲ့သံသယကို ပယ်ချခဲ့ပြီး သေဆုံးသူက ည 11:50 မှာ ခေါင်မိုးပေါ်တက်သွားတာကို တွေ့ရှိခဲ့ပေမယ့် လူသတ်သမားရဲ့ အရိပ်အယောင်မရှိဘူး… လူသတ်သမားက အထပ် 40 ရဲ့ ပြတင်းပေါက်ကနေ ခေါင်မိုးပေါ်ကိုတက်နိုင်မလားဆိုတာ မင်းကြည့်နိုင်မလား?"


ယွဲ့ရှင်းဝမ်သည် ပြတင်းပေါက်ကိုဖွင့်ကာ ခန္ဒာကိုယ်ကိုကိုင်းပြီး မော့ကြည့်လိုက်သည်— အထပ် 40 မှ ခေါင်မိုးပေါ်အထိ ကြမ်းပြင်အမြင့်မှာ 3 မီတာခန့်ရှိပြီး အရှေ့တောင်နှင့် အနောက်မြောက်ရှိ စင်္ကြံလေးခုတွင် အများစုမှာ တစ်ပြေးညီတည်းပြတင်းပေါက်များရှိပြီး ခြေထောက်တင်စရာနေရာမရှိသောကြောင့် အပေါ်တက်ဖို့မကောင်းပေ။ အဆောက်အဦးထောင့်ကနေ တက်ဖို့လည်း ခက်ခဲသည်။ ဤအဆောက်အဦး၏ပုံသဏ္ဌာန်သည် အနည်းငယ်ထူးခြားသောကြောင့် အထပ် 40 ၏ အပေါ်ဆုံးရှိ ‘တံစက်မြိတ်’နှင့် ဆင်တူသော ဖွဲ့စည်းပုံရှိသည်။


အဆောက်အဦတစ်ခုလုံးသည် ဦးထုပ်ဆောင်းထားသည့်ပုံစံဖြစ်ပြီး တံစက်မြိတ်အကျယ်သည် 1 မီတာကျော်ရှိသည်။ ပြတင်းပေါက်ကနေ အပြင်မှာ တပ်ဆင်ထားသည့် လေအေးပေးစက်ပေါ်တက်ရင်တောင် ခေါင်းထိပ်မှာ တစ်မီတာကျယ်သည့် တံစက်မြိတ်က ပိတ်ဆို့ထားတာကြောင့် ခုန်တက်ရန်မဖြစ်နိုင်ပေ။


လူသတ်သမားသည် သူ့လက်ထဲတွင် ပရော်ဖက်ရှင်နယ်ကြိုးများ၊ ချိတ်များနှင့် အခြားတောင်တက်ကိရိယာများရှိသော အထူးတပ်ဖွဲ့စစ်သားမဟုတ်သ၍ပေါ့။


ရှေ့နေချီကျောက်သည် အထပ် 40 မှ တံစက်မြိတ်ပေါ်ခုန်တက်နိုင်သည့် ကြံ့ခိုင်မှုအခြေအနေ မရှိနိုင်ပေ။


ယွဲ့ရှင်းဝမ်သည် အပေါ်ဆုံးထပ်၏ ဓာတ်ပုံတချို့ကို ရိုက်ယူပြီး ကျန်းဖျင်စစ်ထံသို့ ပေးပို့ကာ ကောက်ချက်ချလိုက်သည်။

"ငါ အဲဒီနေရာကို ကြည့်လိုက်တော့ အထပ် 40 ကနေ အပေါ်ဆုံးထပ်ရဲ့ ခေါင်မိုးကို တက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ…"


အမှု၏ စုံစမ်းစစ်ဆေးမှုက ရပ်တန့်သွားပြီ။


သံသယရှိသူအားလုံးတွင် အလီဘိုင်ရှိသည်။ ထို့အပြင် သူတို့၏ ထွက်ဆိုချက်သည် စောင့်ကြည့်ရေးကင်မရာများမှ ရိုက်ကူးထားသော ဗီဒီယိုများနှင့် လုံးဝကိုက်ညီသည်။ လျှိုလန်နှင့် လျှိုမင်ဟွေးတို့သည် အိမ်သို့ပြန်ရောက်ပြီးနောက် သူတို့နေထိုင်ရာနေရာကနေ ဘယ်တော့မှ မထွက်ခွာခဲ့ကြပေ။ ချီကျောက်က ရုံးခန်းထဲမှာ ဂိမ်းတွေဆော့နေခဲ့သည်။ ချန်ယွဲ့ချင်က 39 ထပ်ရှိ စတူဒီယိုကို ည 11:15 တွင် ပြန်လာခဲ့ပြီး ချန်ရွှယ်ချင်က တစ်ညလုံး မာကျောက်ကစားနေခဲ့သည်။


‌စောင့်ကြည့်ရေးကင်မရာက ကျိုးကျီယန်တစ်ယောက်တည်း ခေါင်မိုးပေါ် လျှောက်သွားတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့သည်။


သူ့ရှေ့မှာကော၊ သူ့နောက်မှာကော၊ ခေါင်မိုးပေါ်ကို လူသတ်သမားက တက်မလာဘူး။


သူ့ရဲ့သေဆုံးမှုကို ဘယ်လိုရှင်းပြရမလဲ?


ခေါင်းဆောင်လင်သည် ကော်ဖီခွက်ကို ကိုင်ဆောင်ကာ လူတိုင်း၏နောက်တွင် ရပ်လိုက်ပြီး လက်ပိုက်ကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"သေဆုံးသူကျိုးကျီယန်က မနေ့ညက ချန်ယွဲ့ချင်နဲ့ သာယာတဲ့မွေးနေ့ပွဲလုပ်ခဲ့ပြီး သန့်စင်ခန်းထဲမှာ ကိစ္စလုပ်ခဲ့ပြီးတော့ သူက သေချာပေါက် ခြိမ်းခြောက်မခံထားရဘူး… ခြိမ်းခြောက်ခံရတဲ့အခါ သာမန်လူတွေက အေးအေးဆေးဆေး ပြုမူဖို့ဆိုတာ မဖြစ်နိုင်ဘူး…"


သူခေတ္တရပ်လိုက်ပြီး ပြောသည်။ 

"သူနဲ့ အဆက်အသွယ်ရှိတဲ့ သံသယရှိသူတွေမှာ အလီဘီရှိတယ်… သူသေတာက လူသတ်မှုဖြစ်မှရမှာလား?"


ကျန်းဖျင်စစ်က အံ့အားသင့်သွားသည်။

"ခေါင်းဆောင်လင် ဆိုလိုတာက… ဒါက လူသတ်မှုမဟုတ်ဘူးပေါ့?"


ခေါင်းဆောင်လင်က ပြုံးလိုက်သည်။

"သူ့အပျော်မယားနဲ့ လုပ်ပြီးနောက် သူက ဝိုင်သောက်ပြီး အပေါ်တက်သွားပြီးရင် ဘယ်ဖြစ်မလဲ? သူက နည်းနည်းမူးနေပြီး စိတ်ခံစားမှုရှိနေတယ်၊ သူက ရှုခင်းကြည့်ဖို့ ခေါင်မိုးပေါ်တက်ရင်း ခြေချော်ပြီး ပြုတ်ကျသွားတယ်…"


ခယ်ရှောင်ပင်းက အဲဒါကို သေသေချာချာ တွေးပြီး အသံတိုးတိုးဖြင့် ပြောသည်။

"ဒါဆို အခုထိ ရှာဖွေတွေ့ရှိထားတဲ့ သဲလွန်စတွေက ရှင်းပြနိုင်ပါ့မလား? ကျိုးကျီယန်က ဝိုင်သောက်ပြီး ချန်ယွဲ့ချင်နဲ့လုပ်ပြီးနောက် သူ့ဦးနှောက်က မကြည်ခဲ့ဘူး… သူက အမှတ်မထင် သူ့မိန်းမကိုဖုန်းခေါ်ပြီး ဖုန်းကို သန့်စင်ခန်းထဲမှာ မတော်တဆ ပစ်ချမိပြီးတော့ သန့်စင်ခန်းဘေးက လှေကားကနေ ခေါင်မိုးပေါ်တက်ပြီး လေရှူရှိုက်ချင်ပေမယ့် ပြုတ်ကျသွားတာလား?"


ခေါင်းဆောင်လင်က ခေါင်းငြိမ့်သည်။

"အင်း၊ လက်ရှိမှာ ဒီရှင်းပြချက်က အသင့်လျော်ဆုံးပဲ… ဘာဖြစ်လို့လဲဆိုတော့ သက်သေကွင်းဆက်အားလုံးမှာ လူသတ်သမားကို မတွေ့ခဲ့ရသလို ခေါင်မိုးပေါ်မှာ ဘယ်သူကိုမှ ဖမ်းယူမရရှိခဲ့ဘူး…"


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး ပြောသည်။ 

"လူသတ်သမားက သူ့ကို ခေါင်မိုးပေါ်မှာ အချိန်အကြာကြီး စောင့်နေတာဆိုရင်ကော?"


ခေါင်းဆောင်လင်က သူ့ကို ပြုံးပြီး ပြန်ကြည့်သည်။

"မနေ့ညက ရာသီဥတုက ဘယ်လိုလဲ?"


"တစ်ညလုံး မိုးသည်းတယ်…"


"ဒါဆို လူသတ်သမားက မိုးသက်မုန်တိုင်းကြောင့် ပြတင်းပေါက်ကနေ လှည့်ပြီး ခေါင်မိုးပေါ်ကို လွယ်လွယ်နဲ့တက်လို့ရမယ် ထင်နေတာလား? ဒါမှမဟုတ် လူသတ်သမားက ခေါင်မိုးပေါ်ကို လွန်ခဲ့တဲ့အချိန်ကတည်းက တက်သွားပြီး မိုးသက်မုန်တိုင်းထဲမှာ သူ့ကို 3 နာရီကြာအောင် စောင့်နေရမှာလား? ဒါဆို ကျိုးကျီယန်က ခေါင်မိုးပေါ် သေချာပေါက်တက်လိမ့်မယ်လို့ လူသတ်သမားက ဘယ်လိုလုပ်သိတာလဲ?"


ခေါင်းဆောင်လင်၏ စကားလုံးအသုံးအနှုန်းမေးခွန်းသည် လူတိုင်းကို တစ်ယောက်ကိုတစ်ယောက် ကြည့်မိသွားစေသည်။


သူက ဆက်ပြောသည်။

"လူသတ်သမားက ကျိုးကျီယန်ကို စာပို့တာ၊ ဒါမှမဟုတ် ဖုန်းဆက်ပြီး ခေါင်မိုးပေါ်မှာတွေ့ပြီး ညှိနှိုင်းခိုင်းတယ်ဆိုပါစို့… သတိရှိတဲ့ ရှေ့နေကျိုးကျီယန်က သေခြင်းတရားကိုရှာဖို့ ခေါင်းမိုးပေါ်ကို မိုက်မဲစွာ တက်နေမှာလား? မင်းတို့လည်း တွေ့မှာပဲ၊ စောင့်ကြည့်ရေးကင်မရာထဲမှာ သူက အဲဒီခရီးဆောင်အိတ်ကို သယ်မသွားဘူး၊ ဆိုတော့ သူက လူသတ်သမားရဲ့ခြိမ်းခြောက်မှုကို ခံရပြီး လူသတ်သမားနဲ့ လျှို့ဝှက်အပေးအယူပြုလုပ်ခဲ့တယ်လို့ ယူဆချက်က မှားတယ်…"


သူ့ဘေးရှိ လုပ်ဖော်ကိုင်ဖက် အတော်များများက စတင်ဆွေးနွေးကြသည်။

"ခေါင်းဆောင်လင်ပြောတာ မှန်တယ်…"


"ကျိုးကျီယန်က ခေါင်မိုးပေါ်ကို သူ့ဘာသာသူတက်သွားတာပြီး သူခြေချော်ပြီး ပြုတ်ကျနိုင်ခြေပိုများတယ်!"


"သူ့ခရီးဆောင်အိတ်ထဲက ငွေတွေက လူသတ်သမားနဲ့ အပေးအယူလုပ်ဖို့အတွက် အသုံးပြုတာ မဖြစ်နိုင်ဘူး… သူက အဲဒါကို ခဏလောက် ဖွက်ထားပြီး နောက်မှ ဖြေရှင်းဖို့ စဉ်းစားထားတာများလား?"


"သူသာ ခြိမ်းခြောက်ခံရရင် ချန်ယွဲ့ချင်ရဲ့မွေးနေ့ကို ကျင်းပဖို့ သူ့မှာစိတ်ကူးရှိဦးမလား?"


ကျန်းဖျင်စစ်: "ဒါပေမယ့် အပြင်မှာ မိုးတွေ အရမ်းရွာနေတာကို သူ ခေါင်မိုးပေါ် တက်ခဲ့တယ်… ဘာလို့ သူ ထီးမယူခဲ့တာလဲ?"


ခေါင်းဆောင်လင်: "ဒီရှေ့နေကျိုးက မိုးရေထဲမှာ လန်းဆန်းချင်လို့ ခေါင်မိုးပေါ်တက်ပြီး မိုးရေခံတတ်တဲ့ အလေ့အထ ရှိကောင်းရှိနိုင်တယ်… ဒါက အပေါ်ဆုံးထပ်ကို သူ စိတ်လိုလက်ရတက်သွားတာက ပိုပြီးသက်သေခံတယ်… လူသတ်သမားက သူ့ကို စေ့စပ်ညှိနှိုင်းဖို့ပြောရင် သူ ထီးယူလာသင့်တယ်မဟုတ်ဘူးလား? ထီးက မိုးရေကို ကာထားနိုင်သလို ပဋိပက္ခဖြသ်တဲ့အခါ ကိုယ့်ကိုယ်ကိုကာကွယ်ဖို့ ထီးကိုလည်း လက်နက်အဖြစ်သုံးနိုင်တယ်…"


လူတိုင်း: "..."


သက်သေအားလုံးတွင် လူသတ်မှုကျူးလွန်သူမရှိကြောင်း၊ သေဆုံးသူနှင့် ပတ်သက်သည့် သံသယရှိသူများတွင်လည်း အလီဘီများရှိသည်။ ခေါင်းဆောင်၏ ခွဲခြမ်းစိတ်ဖြာမှုသည် အမှန်ပင် ပို၍ကျိုးကြောင်းဆီလျော်သည်။ သို့သော် ကျန်းဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့က စာမေးပွဲဖြေဖို့ ရောက်လာခဲ့သည်။ ပြီးနောက် အဖြေက ‘‌အရက်မူးပြီး ပြုတ်သေဆုံးသွားတယ်’ဆိုရင် ရယ်စရာကောင်းလွန်းပြီး သူတို့သည် ဤအယူအဆကို လုံးဝသဘောမတူဘူး။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ပြီး တွေးနေတာကိုမြင်တော့ ခေါင်းဆောင်လင်က သူ့ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"ရှောင်ကျန်း၊ ဒီကောက်ချက်က မှားနေတယ်လို့ မင်းထင်ရင် စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နိုင်တယ်… ဒါပေမယ့် ရဲအင်အားက အကန့်အသတ်ရှိပြီး အခြားကွင်းဆက်လူသတ်မှုတွေကို စုံစမ်းရမယ်… ကျိုးကျီယန် အဆောက်အဦးကနေ ပြုတ်ကျတဲ့ကိစ္စကို လက်ရှိမှာ ခေတ္တဆိုင်းငံ့ထားပြီး ငါးရက်အတွင်း မင်း လူသတ်မှုသက်သေအသစ်မတွေ့ရင် အဆောက်အဦးပေါ်ကနေ မတော်တဆပြုတ်ကျခြင်းကြောင့်ဆိုပြီး အမှုပိတ်သွားလိမ့်မယ်…"


ကျန်းဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သည်။


ယခင်သက်သေများအားလုံးသည် အကြောင်းအရာမှ သူတို့အား ပေးထားသည့် အချက်အလက်များဖြစ်သည်။


စစ်မှန်သော စာမေးပွဲက ယခုမှ စတင်မည်ဖြစ်သည်။


ရဲတပ်ဖွဲ့က သူတို့ကို သဲလွန်စတွေ ရှာပေးမှာ မဟုတ်ဘူး။ ကျိုးကျီယန် ဘယ်လိုသေတာလဲ။ သူတို့ကိုယ်တိုင် စုံစမ်းစစ်ဆေးဖို့လိုသည်။


#TK