Chapter 175
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 175 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၁၃ နှင့် ဇာတ်သိမ်း) 


ကျန်းဖျင်စစ်သည် သူ့အဖွဲ့ဝင်များကို လမ်းများစွာတွင် ဆက်တိုက် ပျံသန်းရန် သြဒီနိတ်စနစ်ဖော်မြူလာကို အသုံးပြုခဲ့သည်။ သူ့စွမ်းရည်များ စောင့်ဆိုင်းချိန်ရောက်သွားသောအခါ သူက လူတိုင်းကို မြေပြင်ပေါ် ချပေးလိုက်သည်။


လေထုထဲတွင် သဲများနှင့် ဖုန်မှုန့်များ သိပ်သည်းဆသည် မြေပြင်ထက် မြင့်မားနေပြီး ညဘက်တွင် လေပြင်းများ တိုက်နေကာ လူတိုင်းက အေးခဲပြီး နှာချေနေကြသည်။ လျှိုကျောက်ချင်းသည် အကြိမ်အနည်းငယ် ချောင်းဆိုးပြီး လည်ချောင်းခြောက်ခြင်းကို ခုခံကာ သူသည် သုတေသနအဖွဲ့ chat channel တွင် စာရိုက်ပြီး မေးခဲ့သည်။

"ငါတို့ရဲ့အခြေစိုက်စခန်းတည်နေရာက ပေါ်သွားပြီလား"


ရွှီယိရှန်းက ပြန်ဖြေသည်။

"မဖြစ်နိုင်ဘူး… အားလုံးက လမ်းတစ်ဝက်မှာ အဖမ်းခံရပြီး အဲဒီတုန်းက အခြေစိုက်စခန်းနဲ့ နှစ်ကီလိုမီတာဝေးတယ်"


ယွဲ့ရှင်းဝမ်: "ကျွန်တော် ဖျင်စစ်နဲ့ ရှောင်ခယ်နဲ့အတူ အခြေစိုက်စခန်းကို ပြန်ရောက်တုန်းက ကျွန်တော် စစ်ကြည့်လိုက်တယ်… ဝင်ပေါက်ကို ဖုံးထားတဲ့ သစ်သားပြားက ရွှေ့ထားတဲ့အရိပ်အယောင်မရှိဘူး… အနီးနားမှာ အခြားသူတွေရဲ့ ခြေရာတွေကို မတွေ့ခဲ့ဘူး… ဒါပေမဲ့ ကျွန်တော် စိုးရိမ်တာက ကျွန်တော်တို့တွေ ဒီနေ့ လိမ္မော်သီးရောင်းဖို့ ခေါက်တုံ့ခေါက်ပြန်သွားခဲ့ကြပြီး တစ်ယောက်ယောက်က ကျွန်တော်တို့နောက်ကလိုက်လာရင် ကျွန်တော်တို့ပုန်းနေတဲ့နေရာကို ရှာတွေ့လိမ့်မယ်"


ခယ်ရှောင်ပင်း: "သူတို့က ငါတို့ကို အကြာကြီး တိတ်တဆိတ် မျက်စိကျနေခဲ့တာ ဖြစ်မယ်လို့ ငါထင်တယ်"


ကျိုဖုန်းက မျက်မှောင်ကြုတ်ကာ ပြောသည်။

"ဒီလူတွေရဲ့ မူလအစက ဘာလဲ"


ရွှီယိရှန်းက လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ပြောသည်။ 

"မင်းတို့ မေ့ဆေးပေးပြီး သော့ခတ်ထားတော့ ဒီအရူးတွေ ဘာလုပ်နေလဲ မင်းတို့သိမှာမဟုတ်ဘူး… မင်းတို့အချုပ်ခန်းရဲ့ဘေးမှာ မီးဖိုချောင်တစ်ခုရှိတယ်… အိုးတစ်လုံးထဲမှာ လူ့အင်္ဂါရပ်တွေဖြတ်တောက်ထားတာ အများကြီးတွေ့တယ်"


ကျန်းရှောင်နျန်က ထိတ်လန့်စွာကြည့်ရင်း "သူတို့က လူသားစားတယ်လို့ စီနီယာအစ်ကို ဆိုလိုတာလား"


ရွှီယိရှန်းက ခေါင်းငြိမ့်လိုက်သည်။

"အင်း… ငါတို့ အချိန်မီ မလွတ်မြောက်ခဲ့ရင် သူတို့ရဲ့နောက်ထပ်အစီအစဉ်က လိမ္မော်သီးတွေရဲ့ မူလဇစ်မြစ်ကို ငါတို့ဆီကနေ အတင်းတောင်းပြီး အရင်းအမြစ်တွေ လွှဲပေးဖို့ ငါတို့ကိုပြောမယ်ထင်တာပဲ… ငါတို့နားမထောင်ရင် သူတို့က ငါတို့ကို သတ်စားလိမ့်မယ်"


အကျဉ်းထောင်မှလွတ်လာသော အဖွဲ့ဝင်များ၏ မျက်နှာများက ပိုရုပ်ဆိုးလာသည်။


ကံကောင်းထောက်မစွာ ရွှီယိရှန်းသည် ပျင်းရိပြီး ကြိုတင် ဆဲလ်အဖြစ်ပြောင်းသွားတာကြောင့် ဘေးအန္တရာယ်မှ လွတ်မြောက်သွားသည်။ ရှင်းဝမ်၊ ဖျင်စစ်နှင့် ခယ်ရှောင်ပင်းတို့၏ ပံ့ပိုးမှုအမြန်နှုန်းသည် အန္တရာယ်မရှိဘဲ လွတ်မြောက်နိုင်လောက်အောင် မြန်ဆန်သည်။


မဟုတ်ရင် ဘာဖြစ်မလဲဆိုတာ စိတ်ကူးကြည့်လို့ မရဘူး။


ယွဲ့ရှင်းဝမ်: "ဒီကိစ္စတွေကို နောက်မှ ဆွေးနွေးမယ်… ငါတို့ ဘယ်ကို သွားကြမလဲ… အခြေစိုက်စခန်းကို အရင်ပြန်သွားကြမလား"


ကျန်းဖျင်စစ်က အေးဆေးတည်ငြိမ်စွာပြောသည်။

"အခြေစိုက်စခန်းက သေချာပေါက် မလုံခြုံဘူး… ငါတို့တွေ အခြားတစ်နေရာမှာ နေရမယ်ထင်တယ်"


ကျန်းရှောင်နျန်ရှိတာကြောင့် သူတို့တွေ အခြေစိုက်စခန်းတစ်ခုကို အချိန်မရွေး တည်ဆောက်နိုင်သည်။ နေရာတွေပြောင်းရတာ လွယ်ပါသည်။ သို့သော် အခြေစိုက်စခန်းမှာ ကျန်ခဲ့သော ပစ္စည်းတွေပါပဲ...


ရွှီယိရှန်း: "လုပ်ပြီးသား စောင်တွေ၊ ကုတင်တွေနဲ့ ရေလီတာ ထောင်ပေါင်းများစွာကို စွန့်လွှတ်လိုက်ရတာ ဝမ်းနည်းစရာပဲ… ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည် သုံးလို့ရရင်တော့ ရွှေ့လို့ရတယ်"


ခယ်ရှောင်ပင်းက ထပ်ပေါင်းပြောသည်။

"စူပါမားကက်ကနေ ငါတို့ဝယ်ခဲ့တဲ့ ဟင်းသီးဟင်းရွက် အိတ်ကြီး 3 အိတ်ရှိပြီး ယွမ် 500 ကျော်တန်တယ်… အဲဒါတွေကို စွန့်လွှတ်လိုက်ရတာက ဝမ်းနည်းစရာကောင်းတယ်… နောင်ကျရင် ဒီနေ့လို ငါတို့တွေအပြင်ထွက်ပြီး ပိုက်ဆံရှာနိုင်တော့မှာမဟုတ်ဘဲ အဲဒီဟင်းသီးဟင်းရွက်က တစ်ပတ်စာ စားဖို့ လုံလောက်တယ်"


ယွဲ့ရှင်းဝမ်က အရှေ့ကနေ ဦးဆောင်သွားနေသော ရှောင်ထူကိုကြည့်ပြီး ပြောလိုက်သည်။

"ရှောင်ထူ ဘယ်အချိန်ရှိပြီလဲ"


ရှောင်ထူသည် ခယ်ရှောင်ပင်း၏ အသံကိုသာ မှတ်မိခဲ့သော်လည်း ယခုအခါ အဖွဲ့ဝင်အားလုံး၏ အသံများကို မှတ်မိနိုင်ပြီဖြစ်သည်။ ဒါကိုကြားတော့ ၎င်းက ချက်ချင်း တင်ပြသည်။

"ည 11:30 ရှိပြီး အရမ်းနောက်ကျပြီ… အိပ်ရာဝင်ဖို့အချိန်ရောက်ပြီ"


ည 12 ရောက်ရန် နာရီဝက်လိုနေသေးပြီး ချင်လု၏စွမ်းရည်များက ပြန်ရလာနိုင်သည်။


ယွဲ့ရှင်းဝမ်: "ဒီလိုဆိုရင် ငါက စီနီယာအစ်ကိုရွှီနဲ့ ချင်လုနဲ့အတူ အခြေစိုက်စခန်းကို ပြန်သွားပြီး အခြေစိုက်စခန်းမှာရှိတဲ့ ပစ္စည်းတွေကို ရှင်းလင်းပြီးတော့ ည 12 နာရီမှာ အတူတူရွှေ့လိုက်မယ်… ကျန်တဲ့သူတွေက နောက်ထပ် အခြေစိုက်စခန်းတစ်ခုကို ဆောက်ထားကြမယ်"


ကျန်းဖျင်စစ်က မေးသည်။

"ငါတို့တွေ ဘယ်နေရာကို ရွေးကြမလဲ"


ယွဲ့ရှင်းဝမ်က အဲဒါကို စဉ်းစားပြီး "တောင်ထိပ်" လို့ပြောလိုက်သည်။ သူက သူ့အဖွဲ့ဝင်များကို ကြည့်ပြီး ရှင်းပြသည်။

"ဒီမြိုကလူတွေက တောင်တွေဆီ သွားရခဲတယ်… ပထမအချက်က တောင်ပေါ်က လေဟာ မြေပြင်ထက် ပိုဆိုးတယ်ပြီး ဖုန်မှုန့်တွေ အရမ်းများတာကြောင့် အသက်ရှုရခက်တယ်… ဒုတိယအချက်ကတော့ တောင်တွေ ဟာလာဟင်းလင်းဖြစ်ပြီး မြက်ပင်တွေတစ်ပင်မှမရှိသလို တောင်တက်တဲ့အခါ မမြင်နိုင်တဲ့ရှုခင်းတွေ မရှိဘူး… ငါတို့ရဲ့အခြေစိုက်စခန်းအဖြစ် အခြေချဖို့ အလုံခြုံဆုံးပဲ"


လင်းမန့်လော်: "ရှောင်နျန်က တောင်ထိပ်မှာ အပေါက်ကြီးတစ်ပေါက်တူးပြီး အခြေစိုက်စခန်းအသစ်ဆောက်နိုင်ပေမဲ့ တောင်ထိပ်က လေထုအရည်အသွေးက အရမ်းညံ့ဖျင်းတယ်… ငါ့ရဲ့သစ်ပင်စိမ်းက တစ်နေ့ 1 နာရီပဲ သန့်စင်ပေးနိုင်တာကြောင့် အားလုံး သည်းခံနိုင်ပါ့မလား"


ရှင်းယန်က ရုတ်တရက် ပြောလာသည်။

"ကျွန်တော့်မှာ နည်းလမ်းရှိတယ်"


လင်းမန့်လော်က သူ့ကိုပြန်ကြည့်လိုက်ပြီး ရှင်းယန်က ဆက်ပြောသည်။

"လေကောင်းလေသန့်ကို ကျွန်တော် ပေါင်းခံပုလင်းကို အသုံးပြုပြီး ပုလင်းကို အလုံပိတ်ထားနိုင်တယ်… အဲဒါကို အရက်မီးခွက်နဲ့ အပူမပေးသ၍တော့ ပေါင်းခံပုလင်းကို ယာယီလေလုံပုလင်းအဖြစ် အသုံးပြုနိုင်တယ်… စီနီယာအစ်မရဲ့ သန့်စင်ခြင်းစွမ်းရည် စောင့်ဆိုင်းချိန်ရောက်သွားတဲ့အခါ အသက်ရှူဖို့ ပေါင်းခံပုလင်းကို ဖွင့်ပေးလို့ရတယ်"


ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာသည်။ 

"ဒီနည်းနဲ့ ငါတို့က လေကောင်းလေသန့်တွေ တဖွဲဖွဲ ရရှိလာမှာလား"


ရှင်းယန်က ခေါင်းငြိမ့်လိုက်သည်။

"သီအိုရီအရတော့ ဟုတ်တယ်… စီနီယာအစ်မရဲ့လေသန့်စင်ခြင်းက အကွာအဝေးသန့်စင်ခြင်းဖြစ်တာကြောင့် စွမ်းဆောင်ရည် ကန့်သတ်ချက် မရှိဘဲ လေက တစ်ချိန်လုံး စီးဆင်းနေမှာ… တစ်နာရီအတွင်း လေပုလင်းအမြောက်အမြား သိမ်းဆည်းထားနိုင်တယ်"


အဖွဲ့ဝင်များက ဒါကိုကြားသောအခါ အားလုံးက စိတ်ခံစားမှုဖြင့် သက်ပြင်းချကြသည်— ဓာတုဗေဒဌာန၏ ပေါင်းခံပုလင်းဟာ တကယ်ကို ဘက်စုံသုံးပစ္စည်းဖြစ်သည်။


ရေသန့်ပြုလုပ်ခြင်း၊ ယာဂုချက်ပြုတ်ခြင်းနှင့် ဟင်းသီးဟင်းရွက်များကို ချက်ပြုတ်ခြင်းသာမက ကွန်တိန်နာအဖြစ်လည်း အချိန်မရွေး အသုံးပြုနိုင်ပါသည်။ ပေါင်းခံပုလင်းကို ယာယီ "လေပုလင်း" အဖြစ် အသုံးပြုခြင်းသည် လက်ရှိပြဿနာကို အမှန်တကယ် ဖြေရှင်းပေးနိုင်ပါသည်။


ယွဲ့ရှင်းဝမ်က ရိုးရှင်းစွာပြောခဲ့သည်။

"ဒီလိုလုပ်ရအောင်… ဖျင်စစ်က အဖွဲ့ကိုဦးဆောင်ပြီး တောင်ပေါ်တက်သွားပြီးတော့ ငါက စီနီယာအစ်ကိုရွှီနဲ့ ချင်လုနဲ့အတူ အခြေစိုက်စခန်းကို ပြန်သွားလိုက်မယ်… တောင်ပေါ်တက်တဲ့လမ်းပြမြေပုံတစ်ခုလုပ်ပြီးတော့ သုတေသနအဖွဲ့ chat channel ထဲမှာ လမ်းကြောင်းကို ချင်လုဆီ တိုက်ရိုက်ပေးပို့လိုက်ပါ"


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကိုကြည့်ကာ တိုးတိုးလေးပြောခဲ့သည်။

"ဂရုစိုက်ပါ"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"မင်းတို့လည်း ဂရုစိုက်ပါ… ငါးမိနစ်တိုင်း သုတေသနအဖွဲ့ chat channel မှာ အတည်ပြုဖို့ 1 လို့ စာရိုက်ခဲ့မယ်"


အားလုံးက လမ်းဆုံလမ်းခွတွင် လူခွဲသွားကာ ယွဲ့ရှင်းဝမ်၊ ရွှီယိရှန်းနှင့် ချင်လုတို့က အခြေစိုက်စခန်းသို့ ပြန်လာခဲ့သည်။


အခုလေးတင်ပဲ အဖွဲ့များကို တတ်နိုင်သမျှအမြန်ဆုံးရှာနိုင်ဖို့ ခယ်ရှောင်ပင်းသည် စူပါမားကတ်မှ ဟင်းသီးဟင်းရွက်သုံးထုပ်ကို အခြေစိုက်စခန်း၏အဝင်ဝရှိ သစ်သားပြားအောက်မှာ ထားခဲ့သည်။ ရွှီယိရှန်းက ပြောလိုက်သည်။ 

"ငါအရင်ဆင်းပြီး လမ်းကြောင်းကို လေ့လာလိုက်မယ်"


သူသည် mitosis ကို အလျင်အမြန်သုံးကာ ကိုယ်ပွားငါးခုခွဲပြီး သစ်သားပြားကိုမကာ အခြေစိုက်စခန်းထဲဝင်ခဲ့သည်။ ခဏအကြာတွင် ရွှီယိရှန်းဆီမှ စာများက သုသေသနအဖွဲ့ chat channel တွင် ပေါ်လာသည်။

"ဘယ်သူမှ မြေအောက်စခန်းထဲမလာဘူး… သူတို့က ငါတို့အခြေစိုက်စခန်းကို တိုက်ခိုက်ဖို့ အချိန်မရှိလောက်ဘူး… မြန်မြန်လာခဲ့ကြ"


ယွဲ့ရှင်းဝမ်နှင့် ချင်လုတို့သည် အခြေစိုက်စခန်းထဲသို့ အနီးကပ်လိုက်လာခဲ့သည်။ ချင်လုသည် အခန်းအားလုံးမှ စောင်များနှင့် အိပ်ရာခင်များကို အမြန်သိမ်းဆည်းပြီး ဧည့်ခန်းထဲတွင် သစ်သားတုံးအနည်းငယ်ဖြင့် စုထားလိုက်သည်။ ထုပ်ပိုးထားသော ဟင်းသီးဟင်းရွက်များကို သစ်သားစားပွဲပေါ်တွင် တင်ထားသည်။


"ဂိုဒေါင်ထဲက ရေကိုလည်း ဘယ်သူမှ ရှာမတွေ့အောင် ရွှေ့ရမယ်"


ချင်လုက ခေါင်းငြိမ့်ပြီး ပြောသည်။

"ကျောက်ထုလွှာလှုပ်ရှားမှုက 12 ကြိမ်ပဲ သုံးလို့ရတာ… ဒီလိုလောက်ပစ္စည်းတွေအများကြီးကို ရွှေ့လို့ရပါ့မလား"


ယွဲ့ရှင်းဝမ်: "12 ကြိမ်က လုံလောက်ပါပြီ… ဖျင်စစ်က မင်းကို တိကျတဲ့ထောင့်တွေနဲ့ အချက်အလက်တွေ ပေးလိမ့်မယ်… ဒီကနေ တောင်ခြေအထိ တစ်ကီလိုမီတာအောက်ပဲ ဝေးတယ်… နေရာတွေကို တစ်ကြိမ်ပြောင်းပြီး ပစ္စည်းတွေကို တောင်ခြေရင်းဆီ ရွှေ့ပြီးတော့ နေရာထပ်ပြောင်းရင် ငါတို့တောင်ထိပ်ကိုရောက်နိုင်တယ်"


ကျောက်ထုလွှာလှုပ်ရှားမှုသည် တူညီသော အလျားလိုက် ပြင်ညီပေါ်တွင် ရှိနေရန် မလိုအပ်ဘဲ အထက်သို့ ကူးပြောင်းနိုင်သည်။


ည 12 နာရီတွင် ကျန်းဖျင်စစ်၏မက်ဆေ့ခ်ျက သုတေသနအဖွဲ့ chat channel တွင် ပေါ်လာခဲ့သည်။

"အဆင်သင့်ဖြစ်ပြီလား… မီတာ 400 ရှေ့တည့်တည့်သွားပြီး 45 ဒီဂရီစောင်းပြီးတော့ 513 မီတာ အပေါ်တက်လိုက်"


ချင်လုက ချက်ချင်း စာရိုက်ခဲ့သည်။

"လက်ခံရရှိပြီ"


သုံးယောက်သားက စတင်လှုပ်ရှားကြပြီး နှစ်ကြိမ်ဆက်တိုက် နေရာပြောင်းပြီးနောက် တောင်ထိပ်ရှိ ပြန့်ပြူးသော ကွင်းပြင်တစ်ခုတွင် ပေါ်လာကြသည်။


မြေမျက်နှာပြင်ကို ကြည့်ပြီး ကျန်းရှောင်နျန်က မြေထိုးစက်နှင့် လမ်းကြိတ်စက်ကို လမ်းအား အဆင့်မြင့်ဖို့ အသုံးပြုခဲ့တာ ထင်ရှားပါသည်။ မဝေးတော့သောနေရာတွင် ကျန်းရှောင်နျန်သည် အပေါက်ကြီးတစ်ခုတူးပြီး ကွန်ကရစ်ကြမ်းခင်းများခင်းကာ ငလျင်ဒဏ်ခံနံရံတစ်ခုကို တည်ဆောက်နေပါသည်။


ရွှီယိရှန်းက ပြုံးပြီး စနောက်လိုက်သည်။

"ဂျူနီယာညီလေးက တစ်ယောက်တည်းနဲ့ အင်ဂျင်နီယာအဖွဲ့ပဲ"


ကျန်းရှောင်နျန်၏လက်ထဲက မြေတူးစက်သည် Transformer နဲ့တူသည်။ ၎င်းကို တခဏအတွင်း မြေထိုးစက်၊ လမ်းကြိတ်စက် သို့မဟုတ် မွှေစက်အဖြစ် ပြောင်းလဲနိုင်သည်။ သူ၏ တစ်ကိုယ်တော်အင်ဂျင်နီယာအဖွဲ့သည် ရာနှင့်ချီသော အလုပ်သမားများထက် ပိုမိုထိရောက်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပဲ ကျန်းရှောင်နျန်က အခြေစိုက်စခန်းအသစ်တစ်ခုကို တည်ဆောက်ခဲ့သည်။ မူလဒီဇိုင်းအစီအစဥ်ကိုလည်း ပြန်လည်ပြင်ဆင်ခဲ့သည်။ ရေချိုးခန်းနှစ်ခန်းသည် မူလအခြေစိုက်စခန်းထက် နှစ်ဆပိုကြီးသောကြောင့် ရှင်းယန်က ရေချိုးခန်းများစွာသို့ ခွဲပေးရန် အဆင်ပြေသည်။


ကျန်းရှောင်နျန်က ပြေးလာပြီး ပြောသည်။

"စီနီယာတို့ ပစ္စည်းတွေ ရွှေ့လို့ရပြီ"


ချင်လုသည် ချက်ချင်း နေရာပြောင်းပြီး ပစ္စည်းများကို "အိမ်သစ်" သို့ အမြန်ပြောင်းလိုက်သည်။ အဖွဲ့ဝင်များသည် မြေအောက်ခန်းအသစ်ထဲသို့ ဆင်းလာကာ သးတို့၏ အိပ်ခန်းများကို သတ်မှတ်ကြသည်။


ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ဆီကို လျှောက်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။ 

"တောင်ခြေရင်းက အခြေစိုက်စခန်းကို ငါတို့ဖျက်လိုက်ကြမလား"


ကျန်းဖျင်စစ်က သဘောတူကာ ပြောသည်။

"အင်း… အဲဒီလူတွေ ရှာတွေ့သွားရင် အဆုံးမဲ့အကျိုးဆက်တွေ ရှိလာလိမ့်မယ်"


ယွဲ့ရှင်းဝမ်သည် ကျန်းရှောင်နျန်ကို ခေါ်လိုက်ပြီး ပြောသည်။

"ရှောင်နျန်… မင်း အလုပ်ကြိုးစားရဦးမယ်… တောင်ခြေကိုပြန်သွားပြီး အရင်အခြေစိုက်စခန်းကို ဖြိုချရအောင်"


ကျန်းရှောင်နျန်: "ကောင်းပြီ"


ချင်လုက ရောက်လာပြီး မေးသည်။

"နင်တို့ကို ပြန်ခေါ်ပေးရဦးမှာလား"


ယွဲ့ရှင်းဝမ်က ပြုံးပြီး ပြောသည်။

"မလိုဘူး… မင်းရဲ့စွမ်းရည်က ကန့်သတ်ချက် ရှိတာကြောင့် အခု သိမ်းထားလိုက်ပါ… ဖျင်စစ်က ငါတို့ကို parabola နဲ့ ပို့ပေးလို့ရတယ်"


ကျန်းဖျင်စစ်တွင် လမ်းကြောင်းတလျှောက် မြေပုံလမ်းညွှန်မှုရှိထားပြီး သူသည် အခြေစိုက်စခန်း၏ တိကျသော သြဒီနိတ်များကို သိရှိကာ တောင်ထိပ်မှ ပါရာဘိုလာတစ်ခုသည် လူသုံးယောက်စလုံးကို အခြေစိုက်စခန်း၏ ဝင်ပေါက်တံခါးဆီသို့ တိုက်ရိုက်ပေးပို့နိုင်သည်။


ကျန်းရှောင်နျန်သည် မြေထိုးစက်ကို ဆင့်ခေါ်ပြီး ဗိသုကာဌာန၏ မြေထိုးစက် လုပ်ဆောင်ချက်ကြောင့် မြေအောက်အခြေစိုက်စခန်းက ချက်ချင်း ပျက်စီးသွားခဲ့သည်။


သူတို့၏သဲလွန်စများကို ရှင်းလင်းနောက် သုံးယောက်သားက တောင်ထိပ်သို့ ပြန်သွားကြသည်။


အဖွဲ့ဝင်များက သူတို့၏ပစ္စည်းများကို နေရာချနေဆဲဖြစ်ပြီး သူတို့သုံးယောက်ပြန်လာတာကိုမြင်တော့ ရွှီယိရှန်းက အစပြုပြီး မေးလိုက်သည်။ 

"အားလုံးကို ရှင်းခဲ့ပြီလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အင်း… ဗိသုကာဌာနက တည်ဆောက်ထားတဲ့ အခြေစိုက်စခန်းတွေက ဗိသုကာဌာနရဲ့ မြေထိုးစက်တွေနဲ့ပဲ ဖျက်ဆီးနိုင်တဲ့ ငလျင်ဒဏ်ခံနံရံတွေပဲ… ပျက်စီးသွားရင် မြေပြင်က မူလအခြေအနေအတိုင်း ပြန်ဖြစ်သွားပြီး သဲလွန်စမတွေ့တော့ဘူး"


ဒါကိုကြားတော့ လူတိုင်းက စိတ်သက်သာရာ ရသွားကြသည်။


တောင်က မမြင့်ဘူး။ တောင်ထိပ်ကနေ ကြည့်သောအခါ တစ်မြို့လုံး အုံ့မှိုင်းနေပြီး အဆောက်အဦးများအားလုံးသည် အဝါရောင်သဲအလွှာဖြင့် ဖုံးလွှမ်းထားကာ အလင်းရောင်မရှိသလို ကြယ်ရောင်ကိုလည်း မမြင်ရပေ။


အသက်မဝင်သောမြို့သည် လူများအား နောက်ထပ်တစ်ရက်ဆက်နေရန် စိတ်ပျက်စေသည်။


လူ 12, ယောက်သည် တောင်ထိပ်တွင် ခဏတာတိတ်ဆိတ်စွာ ရပ်နေကာ ကျန်းရှောင်နျန်က အကြိမ်အနည်းငယ် ချောင်းဆိုးပြီးပြောလိုက်သည်။ 

"အားလုံး အခြေစိုက်စခန်းထဲပြန်သွားကြရအောင်… စီနီယာအစ်မမန့်လော်က လေသန့်စင်ပေးလို့ရမလား… လေက အရမ်းသဲထူပြီး အဟွတ်… အဟွတ်…ကျွန်တော် အသက်ရှူမရတော့ဘူး"


လင်းမန့်လော်က ပြောသည်။

"ကောင်းပြီ… အားလုံး အခြေစိုက်စခန်းထဲသွားရအောင်"


လူတိုင်းသည် လှေကားထစ်များတလျှောက် မြေအောက်ခန်းသို့ လျှောက်သွားခဲ့ကြပြီး လျှိုကျောက်ချင်း ပြင်ဆင်ထားသည့် သစ်သားပြားဖြင့် ဝင်ပေါက်ကို ပိတ်ဆို့လိုက်သည်။


လင်းမန့်လော်သည် သစ်ပင်စိမ်းကို ဆင့်ခေါ်ကာ ပတ်ဝန်းကျင်လေထုသည် ချက်ချင်းပင် အလွန်လတ်ဆတ်သန့်ရှင်းလာသည်။ လူတိုင်းသည် သူတို့မျက်နှာဖုံးများကို တစ်ခုပြီးတစ်ခုချွတ်ကာ အသက်ပြင်းပြင်းရှူလိုက်ကြသည်။ လတ်ဆတ်သောလေကို မိနစ်ဝက်လောက် ရှူရှိုက်ပြီးနောက် နောက်ဆုံးတော့ သူတို့တွေ နေလို့ကောင်းလာခဲ့သည်။


ရှင်းယန်သည် ပေါင်းခံပုလင်းဖြင့် လေကို စတင်စုဆောင်းခဲ့ပြီး အခြားသူများသည် သစ်သားတုံးပေါ်တွင် ထိုင်ကာ နောက်အစီအစဉ်အကြောင်း ဆွေးနွေးကြသည်။


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကိုကြည့်ပြီး မေးသည်။

"ဒီဓားပြအဖွဲ့အစည်းကို မင်းဘယ်လိုထင်လဲ… ငါတို့ဒီမှာပုန်းပြီး 14 ရက်ကြာနေထိုင်ပြီးတော့ ထွက်သွားမလား ဒါမှမဟုတ် ငါတို့တွေ သူတို့ကိုဖြေရှင်းဖို့ သွားကြမလား"


ကျိုဖုန်းက ဒေါသတကြီးနဲ့ပြောသည်။ 

"သူတို့က အရူးလူဆိုးအုပ်စုတွေပဲ… သူတို့က ငါတို့တွေ လိမ္မော်သီးရောင်းတာကိုမြင်လို့ လောဘကြီးပြီးတော့ အရင်းအမြစ်တွေရဖို့အတွက် ငါတို့ကိုဖမ်းတယ်ဆိုရင် နားလည်ပေးနိုင်သေးတယ်… ဒါ့အပြင် ဒီကမ္ဘာက အရင်းအမြစ်တွေရှားပါးပြီး လှုပ်ရှားမှုကြီးတွေလုပ်မိတာ ငါတို့အမှားလည်းပါတာကြောင့် သူတို့က ငါတို့ကို မျက်စိကျသွားတာ… ဒါပေမဲ့… သူတို့က လူသားကို တကယ်စားရဲတယ်… fuck… အရမ်းရွံစရာကောင်းတာပဲ"


ကျန်းဖျင်စစ်က အေးစက်စွာပြောခဲ့သည်။

"ဒီကမ္ဘာကြီးမှာ အပင်တွေရှင်သန်ဖို့ ခက်ခဲသလို တိရစ္ဆာန်မွေးမြူစရိတ်လည်း အရမ်းကြီးတယ်… လူတွေက တစ်နှစ်ပတ်လုံး အသားတွေ မစားနိုင်ကြဘဲ လက်လှမ်းမီဆုံးအသားအစားအစာကတော့ လူသားတွေမလား"


ခယ်ရှောင်ပင်းသည် အော့အန်ချင်စိတ်ကို တွန်းလှန်ကာ သူ့ကျိုးရိုးတလျှောက် ကြက်သီးမွေးညင်းထခြင်းကြောင့် တုန်ခါသွားပြီး ပြောခဲ့သည်။

"ငါ ငတ်သေသွားမယ်ဆိုရင်တောင် လူသားကို မစားချင်ဘူး… အရမ်းကြောက်စရာကောင်းတယ်… အဲဒီလူတွေက သူတို့ရဲ့လူသားဆန်မှုကို ‌ဆုံးရှုံးသွားပြီပဲ…"


လင်းမန့်လော်၏ မျက်နှာက အလွန်လေးနက်နေသည်။


ဤသည်မှာ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဆိုးရွားသော ကွင်းဆက်ဖြစ်သည်။ 


ရေနှင့် မြေဆီလွှာသည် ညစ်ညမ်းပြီး အပင်များ မကြီးထွားနိုင်ပါ။


လုံလောက်သော အပင်မရှိလျှင် ခြံမွေးတိရစ္ဆာန်များနှင့် ဘဲ၊ကြက်မွေးမြူရန် ခက်ခဲသည်။ ရလဒ်အနေဖြင့် လူသားများသည် လတ်ဆတ်သော အသားထွက်ကုန်များ မဆိုထားနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကိုပင် မတတ်နိုင်ပေ။ သူတို့သည် တစ်နေ့ပြီးတစ်နေ့ ဆာလောင်မှုကို ပြေပျောက်စေရန် အရသာမရှိသော ဘီစကွတ်များကိုသာ အားကိုးနိုင်သည်။


လေထုညစ်ညမ်းမှု၏ ရေရှည်ပတ်ဝန်းကျင်တွင် အသက်ရှင်ရပ်တည်ရန် ရုန်းကန်ရင်း တဖြည်းဖြည်းနှင့် လူတချို့သည် သူတို့၏ လူသားဆန်မှုကို ဆုံးရှုံးကာ ဓားပြတိုက်ခြင်းနှင့် လူသတ်မှုများဖြင့် ရှင်သန်လာကြပြီး နောက်ပိုင်းတွင် လူသတ်သမားများက လူသားများကိုစားပြီး ခုခံနိုင်စွမ်းမရှိသူများကို သတ်ဖြတ်ကြသည်…


ဒီလို ကြမ်းတမ်းသော ပတ်ဝန်းကျင်မှာ ဘယ်လောက်ကြာကြာ ရှင်သန်ရမလဲဆိုတာ လူတွေ မသိကြဘူးမလား။


လင်းမန့်လော်က သက်ပြင်းချလိုက်ပြီး ပြောသည်။

"ငါတို့ရဲ့ ခွန်အားနဲ့ ဘာမှမပြောင်းလဲနိုင်ဘူး… တစ်ကမ္ဘာလုံးပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုက နေ့ချင်းညချင်း ဖြစ်မလာဘူး… မြေဆီလွှာ၊ ရေနဲ့ လေထုညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ရက်ပိုင်းလောက်မဆိုထားနဲ့ အဲဒါကို နှစ်အနည်းငယ် ဒါမှမဟုတ် ဆယ်နှစ်အတွင်းတောင် အပြီးမသတ်နိုင်ဘူး… အဲဒါကို မျိုးဆက်ပေါင်းများစွာရဲ့ ကြိုးစားအားထုတ်မှု လိုအပ်နိုင်တယ်"


သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ တိုးတက်ကောင်းမွန်လာရန် အချိန်အတော်ကြာသည်။ သို့ပေမဲ့ ဖျက်ဆီးဖို့ အလွန်လွယ်သည်။


ဤကမ္ဘာကြီး၏ပတ်ဝန်းကျင်သည် ဤကဲ့သို့ဖြစ်လာပြီး ဒါဟာ သူတို့ဘိုးဘေးများက သူတို့ကိုယ်တိုင်ဖန်တီးခဲ့သောနတ်ဆိုးလိုပင်ဖြစ်သည်။ သူတို့၏ 183 သုတေသနအဖွဲ့တွင် စွမ်းရည်မည်မျှပင်ရှိစေကာမူ ကမ္ဘာကြီးကို အပြာရောင် ကောင်းကင်ပြာနှင့် တိမ်ဖြူများအဖြစ်သို့ မပြောင်းလဲနိုင်ပေ။


အားလုံးက ခဏလောက် တိတ်ဆိတ်သွားပြီး ယွဲ့ရှင်းဝမ်က ပြောလိုက်သည်။

"ငါတို့မှာ အဆုံးမရှိလိမ္မော်သီး၊ ဟင်းသီးဟင်းရွက်တွေ၊ ရေ၊ လေကောင်းလေသန့်နဲ့ ဘီစကွတ်တွေ ရှိတယ်… စာမေးပွဲကိုအောင်တဲ့အထိ ငါတို့တွေ ဒီမှာ ပုန်းအောင်းနေတာက ပြဿနာမရှိဘူး… အဲဒီအဖွဲ့အစည်းတွေကို ဖြေရှင်းမလား မဖြေရှင်းဘူးလားဆိုတာ ဆုံးဖြတ်ရအောင်"


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို တစ်ချက်ကြည့်လိုက်သည်။


အရက်မီးခွက်၏အလင်းရောင်အောက်တွင် ရှင်းဝမ်၏မျက်နှာက ဖြူဖျော့နေခဲ့သည်။ သူဒီနေ့တစ်နေကုန် အလုပ်ရှုပ်နေပြီး ညဘက်လေအေးဒဏ်ကို ဆန့်ကျင်ရင်း သူ့အဖွဲ့ဝင်များကို ကယ်တင်ဖို့ သွားခဲ့သည်။ သူ၏ရုပ်ပိုင်းဆိုင်ရာ အခြေအနေက သိသိသာသာ မကောင်းဘူး။


ကျန်းဖျင်စစ်သည် အမှောင်ထဲတွင် ရှင်းဝမ်၏လက်ကို ပေါ့ပါးစွာ ကိုင်လိုက်ရာ သူ့လက်ချောင်းများက အေးစက်နေတာကို တွေ့လိုက်ရပြီး သူက ချက်ချင်း ပြောလိုက်သည်။

"ဒီမှာ အရမ်းအေးနေပြီ… နွေးအောင် မီးပုံလုပ်လိုက်တာက ပိုကောင်းတယ်"


လင်းမန့်လော်၏သစ်ပင်က မပျောက်သေးပေ။ လျှိုကျောက်ချင်းသည် သစ်ကိုင်းတချို့ကို ပစ္စည်းများအဖြစ် ဖြတ်တောက်ပြီးရှင်းယန်က အရက်မီးခွက်ဖြင့် မီးပုံလုပ်လိုက်သည်။


အားလုံးက မီးပုံဘေးတွင် ထိုင်ရင်း မီးရှို့ကာ စကားစမြည်ပြောကြပြီး ရုတ်တရက် ပို၍နေသာထိုင်သာရှိသွားသည်။


ယွဲ့ရှင်းဝမ်: "စီနီယာအစ်မန့်လော် ပြောတာမှန်တယ်… အဲဒါကို ဖြည်းဖြည်းချင်း စီမံခန့်ခွဲဖို့ မျိုးဆက်ပေါင်းများစွာအထိ အချိန်မသုံးဘူးဆိုရင် ဒီကပတ်ဝန်းကျင်က မျှော်လင့်ချက်မဲ့နေပြီ… ငါတို့က ဖြတ်သွားဖြတ်လာတွေပဲ ဖြစ်ပြီး ဘာမှမကူညီနိုင်ဘူး… 12 ရက်နေပြီးရင် စာကြည့်တိုက်ကို ပြန်သွားရမှာ"


သူက ခေတ္တရပ်ပြီး တစ်လုံးချင်းပြောခဲ့သည်။

"ဒါပေမဲ့ ဒီအဖွဲ့အစည်းက လုယက်၊ သတ်ဖြတ်ပြီ လူသားတွေကိုတောင် စားတယ်ဆိုတာ သိထားတော့ ငါတို့တွေ ထိုင်စောင့်ပြီး စာမေးပွဲအောင်ပြီးနောက် ပြန်သွားရင်တောင် အားလုံးရဲ့ရင်ထဲမှာ နောင်တရ‌နေကြမယ်ဆိုတာ ငါယုံကြည်တယ်"


ကျိုဖုန်းက ပထမဆုံးသဘောတူခဲ့သည်။

"မှန်တယ်… ငါတို့က အကြီးကြီးတွေကို မကူညီနိုင်ဘူး… ဒါပေမဲ့ ဒီအဖွဲ့အစည်းကို ရှင်းဖို့က မခက်ပါဘူး"


ရွှီယိရှန်းလည်း ဆိုသည်။

"ရိုးရိုးသားသားပြောရရင် သူတို့တွေ လူသားစားတဲ့ပုံမြင်တော့ ငါတကယ်… အိုင်းယား… သူတို့ထဲမှာ ကလေးတွေရဲ့ လက်မောင်းတွေရှိတယ်… ဒီတော့ အရမ်းငယ်သေးတဲ့ကလေးတွေကို သတ်ပစ်ကြတာကြောင့် ဒီအဖွဲ့က အရူးတွေပဲ"


လျှိုကျောက်ချင်းက သူ့ကို ပခုံးကိုပုတ်ပြီး ပြောလိုက်သည်။

"အရမ်းမတွေးပါနဲ့… ထိတ်လန့်စရာရုပ်ရှင်ကြည့်တယ်လို့ပဲ သဘောထားလိုက်ပါ"


ရွှီယိရှန်းက ခါးသက်သက်ပြုံးလိုက်သည်။

"ဒါက တကယ့်ကို ထိတ်လန့်စရာရုပ်ရှင်ပဲ"


ယွဲ့ရှင်းဝမ်သည် သူ့အဖွဲ့ဝင်များကို တစ်ချက်ကြည့်လိုက်ပြီး မေးသည်။

"ဒီအဖွဲ့အစည်းကို ရှင်းပစ်ဖို့ အခွင့်အရေးရှာကြမယ်… မင်းတို့သဘောတူကြလား"


အားလုံးက ခေါင်းငြိမ့် သဘောတူကြသည်။


ထိုအချိန်၌ အကျဉ်းထောင်ထဲတွင် အဖမ်းခံရပြီး ထိုလူများအတွက် စားစရာဖြစ်လာလုနီးပါးခဲ့တာကို တွေးလိုက်မိတာကြောင့် လူတိုင်း၏ နောက်ကျောမှာ ကြက်သီးမွေးညင်းထသွားသည်။


ဤကမ္ဘာကြီး၏ ပတ်ဝန်းကျင်သည် အလွန်ခက်ခဲနေပြီဖြစ်၍ "လူ" ဟု မခေါ်ထိုက်သော ဤအရာများသည် အရင်းအမြစ်များကို မဖြုန်းတီးသင့်ပေ။


*****


လာမည့်ရက်အနည်းငယ်အတွင်း လူတိုင်းသည် ဤအဖွဲ့အစည်း၏အသေးစိတ်စုံစမ်းစစ်ဆေးမှုကိုလုပ်ဆောင်နေစဉ်တွင် လူတိုင်းသည် သူတို့၏စွမ်းအင်ကို အခြေစိုက်စခန်းတွင် ပြန်လည်အားဖြည့်ခဲ့ကြသည်။


ရှောင်ထူသည် အဖွဲ့ဝင်များကို ရှာဖွေရန် ရေဒါကို တစ်လမ်းလုံး စောင့်ကြည့်နေပြီး လမ်းတလျှောက် အသေးစိတ် လမ်းညွှန်လမ်းကြောင်းကို ဆွဲထားသည်။ ဤလမ်းညွှန်မြေပုံဖြင့် လူတိုင်းသည် အဖွဲ့အစည်း၏ အသိုက်အဝန်းကို လျင်မြန်စွာ တွေ့ရှိခဲ့ကြသည်။ ရွှီယိရှန်း ဆဲလ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သူတို့၏ အသိုက်ထဲကို ဝင်ရန် အလွန်လွယ်ကူသည်။


ရွှီယိရှန်း၏ဆဲလ်စွမ်းရည်ကို အဆင့်မြင့်ပြီးနောက် သူသည် သူ၏အဖွဲ့ဝင်များကို ဆဲလ်များအဖြစ် ပြောင်းလဲနိုင်သည်။


သူသည် လျှိုကျောက်ချင်း၊ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့နှင့်အတူ ဆဲလ်တစ်ခုဖြစ်လာခဲ့သည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် သူသည် အဖွဲ့အစည်း၏ အခြေစိုက်စခန်းကို ဝင်ရောက်ခဲ့ပြီး အဖွဲ့အစည်းတစ်ခုလုံး၏ ဝန်ထမ်းဖွဲ့စည်းပုံနှင့် စခန်းဖွဲ့စည်းပုံတို့ကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။


ဤအဖွဲ့တွင် အဖွဲ့ဝင် 33 ဦးရှိပြီး ခေါင်းဆောင်မှာ မုတ်ဆိတ်မွေးရှိသော လူလတ်ပိုင်းတစ်ဦးဖြစ်သည်။


သူ့မိသားစုက ဆင်းရဲလွန်းလို့ ငတ်သေခါနီးမှာ သူ့မိန်းမကို ရက်ရက်စက်စက် သတ်ဖြတ်စားသောက်ပြီး နေရာတိုင်းဆီ ထွက်ပြေးပြီးနောက် ဒီမြို့ကို ရောက်လာပြီး စိတ်တူကိုယ်တူ အရူးအုပ်စုတစ်စုကို စုစည်းခဲ့သည်။ သူတို့က အမှောင်ထဲမှာ ပုန်းအောင်းပြီး ပြစ်မှုတွေ ကျူးလွန်ဖို့ လှည့်ပတ်ထွက်ပြေးကြပြီး မေ့ဆေးသေနတ်တွေ လက်ထဲမှာ ကိုင်ဆောင်ထားလို့ ဖမ်းမိသောလူတွေထဲက တစ်ယောက်မှ မလွတ်မြောက်ဘဲ သူတို့၏နေရာကို အတိအကျ ဆုပ်ကိုင်လို့မရဘူး။


မနေ့က လျှိုကျောက်ချင်းနှင့် သူ့အဖွဲ့ကို လောဘဇောနဲ့ ဖမ်းဆီးလိုက်ပြီး သူတို့က သံပြားကို ပထမဆုံးအကြိမ် ကန်ခဲ့ကြခြင်း ဖြစ်သည်။


ယွဲ့ရှင်းဝမ်တို့လေးဦးအား စုံစမ်းစစ်ဆေးသောအခါတွင် ဤလူများသည် ထိုနေ့၏ အဖြစ်အပျက်များကို ဆွေးနွေးနေကြဆဲဖြစ်သည်ကို ကြားသိရသည်။

"အဲဒီနေ့က ဖမ်းမိတဲ့လူတစ်ခုက ဂြိုဟ်သားတွေလား… သူတို့က ဘာလို့ပျံနိုင်ရတာလဲ"


"သူတို့က သေချာပေါက် ဂြိုဟ်သားတွေမဟုတ်ဘူး… သူတို့မှာ ထူးခြားတဲ့စွမ်းရည်‌တွေရှိလောက်တယ်"


ယွဲ့ရှင်းဝမ်: "…" 


ငါတို့က နတ်ဆိုးအုပ်စုဖြစ်ပြီး မင်းတို့တွေ ငါတို့နဲ့တွေ့ခဲ့တဲ့အတွက် မင်းတို့ရဲ့နေ့ရက်တွေ အဆုံးသတ်ပြီ…


စုံစမ်းစစ်ဆေးမှုအပြီးတွင် သူတို့လေးဦးသည် စခန်းသို့ပြန်သွားကာ သတင်းကို ဖော်ထုတ်နိုင်ခဲ့သည်။


လူတွေကို သတ်နိုင်သော သူတို့၏စွမ်းရည်များဖြင့် တိုက်ရိုက် မလုပ်နိုင်ဘူး။ ဤလူများသည် ရူးသွပ်ကြသော်လည်း သူတို့သည် လူသားများသာ ဖြစ်ကြပြီး ယွဲ့ရှင်းဝမ်သည် သူ့အတန်းဖော်များ၏ လက်ကို သွေးစွန်းအောင် မလုပ်ချင်ပေ။


ဒီကမ္ဘာကြီးမှာ အမိန့်အာဏာရှိနေတုန်းဖြစ်သည်။ လုံးလုံးလျားလျား ထိန်းချုပ်မရသော ဖရိုဖရဲမြို့ မဟုတ်ပါ။ အစိုးရသည် ရေအရင်းအမြစ်များကို ထိန်းချုပ်ထားပြီး ပြည်သူများအား သောက်သုံးရေ ဖြန့်ဝေပေးသည်။ ပုံမှန်အားဖြင့် လူ့အဖွဲ့အစည်းကို ထိန်းသိမ်းရန် တရားဝင်ရဲများရှိနိုင်သည်။


ခယ်ရှောင်ပင်းသည် ရှောင်ထူကို အဖွဲ့အစည်းအဖွဲ့ဝင်များ၏ ဓာတ်ပုံများကို ရိုက်နှိပ်ထုတ်ဝေရန် တောင်းဆိုခဲ့ပြီး ကျန်းဖျင်စစ်က အဖွဲ့အစည်း၏ အခြေစိုက်စခန်း လမ်းကြောင်းမြေပုံနှင့် မြေမျက်နှာသွင်ပြင်မြေပုံကို ဆွဲထုတ်ကာ လျှိုကျောက်ချင်းက သူတို့၏ မေ့ဆေးသေနတ်များ သိမ်းဆည်းသည့် တည်နေရာနှင့် သူတို့၏ မေ့ဆေးသေနတ်အရေအတွက်တို့ကို ရှင်းထုတ်ကာ ယွဲ့ရှင်းဝမ်ကလည်း ဒီလူများ၏နေထိုင်မှုအလေ့အထတွေအကြောင်း ရှင်းလင်းစွာ ရေးသားခဲ့သည်။


အသေးစိတ်အချက်အလက်များကို ရွှီယိရှန်းမှ ရဲတပ်ဖွဲ့၏ စာတိုက်ပုံးသို့ လျှို့ဝှက်ပေးပို့ခဲ့သည်။


နောက်ပိုင်းကိုတော့ သက်ဆိုင်ရာအား ကိုင်တွယ်ခိုင်းလိုက်မည်။ ထိုလူရမ်းကားများတွင် အထူးအားကောင်းသော လက်နက်များ မရှိပါ။ ရဲအရာရှိများသည် သူတို့၏ နေရပ်နှင့် အခြေစိုက်စခန်းကို ကျွမ်းကျင်သ၍ သူတို့တွေ ရှုံးနိမ့်မည်မှာ သေချာသည်။


ဤကမ္ဘာ၏အရေးကိစ္စများကို ဤနေရာရှိ လူသားများကသာ ကိုင်တွယ်သင့်သည်။


သူတို့၏ သုတေသနအဖွဲ့ 183 သည် သူတို့၏ တာဝန်ဝတ္တရားများကို လုပ်ဆောင်ခဲ့သည်။


အခြေစိုက်စခန်းသို့ပြန်သွားပြီးနောက် သူတို့၏ရင်ထဲရှိ ကျောက်တုံးတစ်တုံးက မြေပြင်ပေါ်သို့ကျသွားပြီး အားလုံးက စိတ်သက်သာရာရသွားသည်။ ခယ်ရှောင်ပင်းက စနောက်သည်။

"ရှင်းဝမ်… မင်းက ရဲစခန်းကို သတင်းပို့မယ်လို့ ငါမထင်ထားဘူး… မင်းက ငါတို့ကို ရန်ပွဲကြီးထဲ ခေါ်သွားလိမ့်မယ် ထင်ခဲ့တာ"


ယွဲ့ရှင်းဝမ်က ရယ်လိုက်သည်။

"သတ်ဖို့အတွက် မင်းတို့ကိုခေါ်သွားရမှာလား… ငါ စံနမူနာ မပြချင်ဘူး"


ဇီဝသိပ္ပံဌာနမှ ပင့်ကူများ၊ ဝံပုလွေများနှင့် သန္ဓေပြောင်းသတ္တဝါများကို ဖြေရှင်းရန် သူတို့၏စွမ်းရည်များကို အသုံးပြုခဲ့ကြသော်လည်း သူတို့သည် မည်သူ့ကိုမျှ မသတ်ခဲ့ပေ။


ထိုလူများသည် လူဆိုးများဖြစ်သော်လည်း သူတို့လို ကျောင်းသား 12 ဦးသည် မဆိုင်းမတွဘဲ ပစ်သတ်ခဲ့လျှင်ပင် သူတို့တွင် "တရားမျှတမှုကိုတွေ့မြင်ခြင်း" နှင့် "တရားမျှတမှုဖြင့် မကောင်းမှုကို ဖယ်ရှားခြင်း" ဟူသော စိတ်ရှိနေသည်ဟု ယူဆနိုင်သော်လည်း လက်တွေ့ဘဝသို့ ပြန်ရောက်ပြီးနောက် သူတို့သည် ဤအတွေ့အကြုံများကို မှတ်မိပြီး အိပ်မက်ဆိုးများ ရှိကြမည်လားဆိုတာ ယွဲ့ရှင်းဝမ် မသိချေ။


ယွဲ့ရှင်းဝမ်သည် လူတိုင်းက စာကြည့်တိုက်ကို သန့်ရှင်းသပ်ရပ်စွာ လာပြီး လိပ်ပြာသန့်သန့်နဲ့ ထွက်လာနိုင်မယ်လို့ မျှော်လင့်ပါသည်။


ထို့အပြင် သူတို့သည် သူတို့၏ ပုံမှန်ဘဝကို ပြန်သွားလို့နေရဆဲဖြစ်သည်။ စာမေးပွဲများ၊ စာစီစာကုံးများ၊ ဘွဲ့ရပြီးနောက် သူတို့က အလုပ်ရှာရဦးမည်...


လူသတ်သော အစွန်းအထင်းတွေကို ချန်ထားခဲ့ပြီး သူတို့က ဒီနေရာမှာ ပျောက်ကွယ်မှာမဟုတ်ဘူး။


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကိုကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

"မင်းရဲ့ဆုံးဖြတ်ချက်က မှန်တယ်… ငါတို့ ဖြတ်သန်းသွားလာရုံပဲ… ဒီကမ္ဘာကြီးရဲ့ပြဿနာတွေကို ‌ဒီကမ္ဘာကြီးရဲ့လူတွေကိုပဲ ကိုယ်တိုင်ဖြေရှင်းခွင့်ပေးလိုက်တာပေါ့"


ခယ်ရှောင်ပင်းက ပြုံးကာ ပြောသည်။

"ငါကနောက်တာပါ… မင်းငါ့ကို တကယ်သတ်ခိုင်းရင်တောင် ငါ လူတစ်ယောက်ကို မသတ်ရဲပါဘူး… နောင်အခါ ငါ့မှာရွေးချယ်စရာမရှိဘဲ တစ်စုံတစ်ယောက်ကို သတ်ရမယ်ဆိုရင် ရှောင်ထူကို လွှတ်လိုက်မယ်"


ရှောင်ထူ: "သခင်...."


လျှိုကျောက်ချင်းက ပြုံးကာ ရှောင်ထူ၏ခေါင်းကိုပုတ်လိုက်သည်။

"မင်းက မင်းသခင်အတွက် ပြဿနာသယ်ပေးမဲ့သူပေါ့"


ရှောင်ထူ: "ရှောင်ထူပျက်သွားပြီး ရှောင်ထူလို့မခေါ်နဲ့"


ခယ်ရှောင်ပင်း: "…မင်းက ဝိညာဉ်ဖြစ်လာတော့မှာလား"


အားလုံးက စခန်းကို ပြန်လာပြီး ပစ္စည်းများရှင်းလင်းကာ ယွဲ့ရှင်းဝမ်သည် လိမ္မော်သီးကို ပုံတူကူးရန် မိုးသည်းခြင်းနှင့် နောက်ကျောမြင်ကွင်းစွမ်းရည်ကို အသုံးပြုခဲ့သည်။ လိမ္မော်သီးထောင်ပေါင်းများစွာသည် အချိန်အကြာကြီးစားရန် လုံလောက်ပါသည်။


သူအရင်ကဝယ်ထားသော အသီးအရွက်တွေကို ရှင်းယန်က ဟင်းသီးဟင်းရွက်ဟင်းရည်အဖြစ် နေ့စဉ်သရေစာ ပြုလုပ်ပေးသည်။


ခယ်ရှောင်ပင်းက မနေနိုင်ဘဲ ညည်းညူသည်။

"မင်းဘာလို့ ဂေါ်ဖီ၊ အာလူး၊ ခရမ်းချဉ်သီး၊ မုန်လာဥနဲ့ ခရမ်းချဉ်သီးတွေကို အတူတူချက်ပြုတ်ရတာလဲ… ရှင်းယန်… မင်းက တက်သစ်စထမင်းချက်တစ်ယောက်ပဲ… သပ်သပ်စီခွဲချက်လို့မရဘူးလား"


ရှင်းယန်က ပေါ့ပါးစွာ ဆိုသည်။

"ခွဲချက်ပါလို့ မင်းမှမပြောတာ"


ခယ်ရှောင်ပင်း: "..."


လူတိုင်းသည် ထူးထူးခြားခြား အနံ့ဖြင့် "ဟင်းချိုပျစ်ပျစ်နှင့် အသီးအရွက်ဟင်းရည်"ကို သူတို့၏ မျက်နှာများထက်တွင် ရှုပ်ထွေးသော အမူအရာများဖြင့် စားသုံးကြသည်။ နောက်ကြောင်းပြန်ခြင်းအားဖြင့် ဇီဝသိပ္ပံဌာနမှာ စားခဲ့ရသော ဂျုံယာဂုသည် ရိုးရိုးရှင်းရှင်း အရသာရှိသည်။ ဒီအသီးအရွက်ဟင်းရည်က "ဆံပင်ဆိုးဆေးရေ"နဲ့တူပြီး ကြောက်စရာကောင်းလှသည်...  


ကံကောင်းထောက်မစွာ ထိုနေ့မှစ၍ ခယ်ရှောင်ပင်းသည် ရှင်းယန်ဆီမှ "စားဖိုမှူး" ရာထူးကို လုယူခဲ့ပြီး သူလုပ်သော ခရမ်းချဉ်သီးဟင်းရည်က အလွန်အရသာရှိလှသည်။


အချိန်က တဖြည်းဖြည်းကုန်ဆုံးလာခဲ့သည်။


နောက်နေ့များက အလွန်ပျင်းစရာကောင်းသည်။ သူတို့သည် မြေအောက်ခန်းမှာ ပုန်းအောင်းနေကြပြီး သူတို့၏အခြေအနေများက အကန့်အသတ်ရှိပေမဲ့ ဒီကမ္ဘာကလူတွေနဲ့ ယှဉ်ရင် သူတို့နေထိုင်သည့်ပတ်ဝန်းကျင်က ကောင်းကင်ဘုံလိုပါပဲ။ 


စာမေးပွဲ 14 ရက်မြောက်နေ့မှာ အားလုံးက တောင်ထိပ်မှာ ရပ်ပြီး မြို့ကို နောက်ဆုံးအကြိမ် ကြည့်ကြသည်။


ပတ်ဝန်းကျင်က သူတို့တွေ ပထမဆုံးရောက်တုန်းကနဲ့ အတူတူပါပဲ။ လေနှင့် သဲတို့သည် ကောင်းကင်နှင့် နေကို ဖုံးလွှမ်းသွားကာ တစ်မြို့လုံးကို မြူမှုန်များ ဖုံးလွှမ်းသွားသည်။ ဤနေရာရှိလူများသည် နေ့စဉ်အသက်ရှင်ရန် ရုန်းကန်နေကြရပြီး ရံဖန်ရံခါ ဝမ်းလျှောခြင်းက လူများကို သေစေနိုင်သည်။


သူတို့ 12 ယောက်က ဘာမှ ပြောင်းလဲနိုင်စွမ်း မရှိပါဘူး။


သို့သော် ရာသီဥတု မပူလွန်းသော ညနေခင်းတွင် ကားတစ်စီးသည် ဆင်ခြေဖုံးရပ်ကွက်များသို့ ဖြည်းညှင်းစွာ မောင်းနှင်လာပြီး တောင်ခြေတွင် ရပ်သွားတာကို လူတိုင်း မထင်မှတ်ဘဲ တွေ့ရှိခဲ့ကြသည်။ ဤနေရာတွင် မြေနမူနာများ ကောက်ယူနေသည့် အဝတ်ဖြူဝတ်ထားသော လူတချို့လည်း ရှိသေးသည်။


လင်းမန့်လော်၏ မျက်လုံးများက တောက်ပလာသည်။ 

"ဒါဟာ ဒီကမ္ဘာပေါ်က သုတေသီတွေ ဖြစ်နိုင်တယ်… သူတို့တွေ လက်မလျှော့ဘူး"


ယွဲ့ရှင်းဝမ်: "မြေဆီလွှာညစ်ညမ်းမှုပြဿနာကို ဖြေရှင်းဖို့ သူတို့ကြိုးစားနေပုံရတယ်… နှစ်အတော်ကြာကြာ ဒါမှမဟုတ် ဆယ်စုနှစ်များစွာကြာအောင် သူတို့တွေ ပြင်းပြင်းထန်ထန်ကြိုးစားပြီးရင် ပတ်ဝန်းကျင်က တိုးတက်လာနိုင်တယ်မလား"


ဖြစ်နိုင်ပါတယ်…


ဒါပေမဲ့ မင်းဘာမှမလုပ်ရင် "ဖြစ်နိုင်ပါတယ်"လို့တောင် မပြောနိုင်ဘူး။


မျိုးဆက်ဟောင်းက အကြောင်းတရားကို ဖြစ်စေခဲ့ပြီး နောက်မျိုးဆက်သစ်က ရလဒ်များကို ခံရမည်။ သူတို့၏ဘိုးဘေးများသည် သူတို့၏ဇာတိမြေကို ဖျက်ဆီးခဲ့ကြသော်လည်း သူတို့၏သားစဉ်မြေးဆက်အတွက် သာယာလှပသောဇာတိမြေကို ပြန်လည်တည်ဆောက်ရန် ကြိုးစားကြသည်။


#TK