Volume 9 : ပထဝီဝင်ဌာန
Chapter 189 (ရေခဲခေတ် ၀၈)
ယခင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ပတ်ဝန်းကျင်ညစ်ညမ်းခြင်းသင်တန်းကို စာမေးပွဲဖြေပြီးတုန်းက လိမ္မော်သီးရောင်းဖို့ ထွက်သွားပေမဲ့ ပြဿနာတက်ခဲ့ပြီး ဒီတစ်ခါတော့ ယွဲ့ရှင်းဝမ်၏နည်းဗျူဟာသည် အမည်မသိ ရှေးခေတ်သတ္တဝါများနှင့် ထိတွေ့မှုအနည်းဆုံးဖြစ်စေရန် မြေအောက်အခြေစိုက်စခန်းမှာ ပုန်းအောင်းပြီး စာမေးပွဲကာလတွင် အသက်ရှင်ကာ ဖြစ်စဉ်များကို ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်လောက်သည်။
စာမေးပွဲသည် သူတို့ကို 10 ရက် အသက်ရှင်ရန် လိုအပ်ပြီး ယနေ့က တတိယမြောက်နေ့ဖြစ်သည်။
ကျန်ခုနစ်ရက်အတွက် သူတို့မှာ ရှင်းယန်ရှိပြီး ပေါင်းခံရေကို အချိန်မရွေး လုပ်လို့ရကာ အစာစားဖို့ ဂူဝက်ဝံကြီးကို အမဲလိုက်သတ်ဖြတ်သည့်အတွက် အသက်ရှင်ဖို့ မခက်ပါဘူး။
ပဉ္စမနေ့သည် ဤကဲ့သို့ အေးအေးချမ်းချမ်း ဖြတ်သန်းသွားရာ လူတိုင်းသည် ဝက်ဝံအသားကို မြင်သောအခါ မအီမသာ ဖြစ်ကုန်ကြသည်။
ဆားနှင့် ငရုတ်ကောင်း စသည့် သာမာန်ဟင်းခတ်အမွှေးအကြိုင်များမပါဘဲ ကင်ထားသောအသားသည် မျိုချရခက်သည့် ထူးဆန်းသော ငါးညှီနံ့ရှိသည်။ ထို့အပြင် အသားကင်ချည်းပဲ ခုနစ်နပ်၊ ရှစ်နပ် ဆက်တိုက်စားပြီး လူတိုင်းက ငြီးငွေ့လာတာကြောင့် ပျို့အန်တာကိုသာ ခံနိုင်ရည်ရှိကြပြီး သူတို့ပါးစပ်ထဲကို ထည့်ထားကြရသည်။
အသားကို ရက်အတော်ကြာ ဆက်တိုက်စားခြင်း၏ ရလဒ်မှာ လူတိုင်း အစာမကြေခြင်း ဝေဒနာကို ခံစားနေကြရသည်။
ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ မရှိဘဲ အေးခဲနေသော မြေဆီလွှာများနှင့် ပြည့်နေသော နှင်းများပေါ်တွင် စားသုံးနိုင်သော အပင်များကို ရှာဖွေရန် ခက်ခဲသည်။ လျှိုကျောက်ချင်းက အကြံပြုသည်။
"နွယ်ပင်တချို့ကို စားကြည့်ကြမလား… အရသာက သိပ်မကောင်းပေမဲ့ အပင်စိမ်းဖြစ်ပြီး အမျှင်ဓာတ်အပင်တချို့ကိုစားရင် အစာအိမ်နဲ့အူလမ်းကြောင်းအတွက် ကောင်းမွန်စေတယ်"
ရှင်းယန်က အမူအရာမဲ့စွာ ပြောခဲ့သည်။
"မင်းတို့မျိုချရလွယ်အောင် နွယ်ပင်တွေကို ပျော့သွားအောင် ပြုတ်ဖို့ ငါ ပေါင်းခံပုလင်းကိုသုံးလို့ရတယ်"
ခယ်ရှောင်ပင်းက ခါးသက်သက်ဖြင့် ဆိုသည်။
"ဒီဟင်းလျာကို 'နွယ်ပင်စိမ်းပြုတ်'လို့ ခေါ်ပြီး သဘာဝစစ်စစ် လေထုညစ်ညမ်းမှုကင်းတဲ့ အစိမ်းရောင်အစားအစာပဲ"
လင်းမန့်လော်က သူမ၏နားထင်ကို အကူအညီမဲ့စွာ ပွတ်သပ်နေသည်။
"နင်တို့ နွယ်ပင်စိမ်းတွေကို တကယ်စားချင်တာ သေချာလား"
ယွဲ့ရှင်းဝမ်က ခွဲခြမ်းစိတ်ဖြာခဲ့သည်။
"အပြင်မှာ အပူချိန်က အရမ်းနိမ့်ကျပြီး အခြားတောရိုင်းဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ အများစုတူးရတဲ့တချို့ပေါင်းပင်တွေကို ငါတို့ရှာမတွေ့နိုင်ဘူး… နောက်ပြီး ရေခဲခေတ်မှာ ဘယ်အပင်တွေကို စားလို့ရမှန်းမသိဘူး… အဆိပ်သင့်ရင် ကယ်ဖို့နည်းလမ်းမရှိဘူး… စီနီယာအစ်ကိုလျှိုရဲ့အကြံပြုချက်က ပိုစိတ်ချရတယ်လို့ ငါထင်တယ်… လက်ရှိမှာ စီနီယာအစ်မလင်းရဲ့ နွယ်ပင်စိမ်းကိုပဲ ငါတို့စားလို့ရမှာ… အနည်းဆုံးတော့ ဒီအပင်က အဆိပ်မရှိသလို အစာကြေအောင်လည်း ကူညီပေးနိုင်တယ်"
ကျန်းဖျင်စစ်သည် ခေတ္တတိတ်ဆိတ်နေပြီး ပြောလာသည်။
"အခုချိန်က အစားအသောက်အတွက် ချေးများနေရမဲ့အချိန်မဟုတ်ဘူး… အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ… စီနီယာအစ်မလင်းရဲ့ သစ်ရွက်တွေ၊ သစ်ခေါက်နဲ့ နွယ်ပင်တွေကို ပြုတ်ပြီး စားလို့ရတယ်… ရှေးခေတ်တုန်းက ငတ်မွတ်ခေါင်းပါးခြင်းကို ကြုံတဲ့အခါ လူသားတွေက အသက်ရှင်ဖို့ ပေါင်းပင်တွေနဲ့ သစ်ခေါက်တွေကို စားသုံးခဲ့ကြတာပဲမလား"
လန်ယာရုန်က သူမလက်ကို မြှောက်လိုက်သည်။
"ငါတော့ ပြဿနာမရှိဘူး… ဘာမဆို ငါစားနိုင်တယ်"
ခယ်ရှောင်ပင်း: "ငါလည်းပဲ… ငါ အသားမစားချင်တော့ အခြားတစ်မျိုးပြောင်းတာကလည်း ကောင်းပါတယ်… ငါ့ဗိုက်က အရမ်းမသက်မသာဖြစ်နေပြီး ငါစားလိုက်တဲ့အသားက ရပ်နေသလိုမျိုး ငါ့ဗိုက်ထဲမှာကပ်နေပြီး အစာမကြေသလို ခံစားရတယ်"
လျှိုကျောက်ချင်းက ရှင်းပြသည်။
"အပူချိန်နိမ့်တဲ့ ပတ်ဝန်းကျင်က လူ့ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ကို အားနည်းစေတယ်… နောက်ပြီး အခုငါတို့စားနေတဲ့ အစားအစာက ရိုးရှင်းလွန်းပြီး အစာအိမ်နဲ့ အူလမ်းကြောင်း လှုပ်ရှားမှုကို ကူညီပေးတဲ့ အမျှင်ဓါတ်လည်း မရှိဘူး… အခု အစာမကြေဖြစ်နေတုန်းဆိုတော့ နှစ်ရက်လောက်နေရင် အူလမ်းကြောင်း ပိတ်ဆို့သွားမှာ ငါစိုးရိမ်ပြီး အဲဒီလိုသာဆိုရင် အဆုံးသတ်သွားလိမ့်မယ်"
ခယ်ရှောင်ပင်းက လျင်မြန်စွာ ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်… အသက်ရှင်ဖို့ အရေးကြီးတယ်"
လင်းမန့်လော်သည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချပြီး နွယ်ပင်ခြောက်ခုကို အမြန်ဆင့်ခေါ်လိုက်သည်။ ရှင်းယန်သည် ပေါင်းခံပုလင်းထဲတွင် နွယ်ပင်များကို စုစည်းပြီး ယွဲ့ရှင်းဝမ်၏ မိုးသည်းခြင်းမှ မိုးသီးများနှင့်အတူ ၎င်းတို့ကို ပေါင်းထည့်လိုက်သည်။ ခဏကြာတော့ နွယ်ပင်စိမ်းများကို ရေအိုးထဲမှာ ပြုတ်လိုက်သည်။
ရှင်းယန်က အားလုံးကို ပုလင်းတစ်လုံးစီပေးလိုက်သည်။
အရသာက တကယ်ကို ဖော်မပြနိုင်လောက်အောင် ဖြစ်ခဲ့ပြီး ခယ်ရှောင်ပင်းသည် သူ့ဘဝမှာ ဘယ်တော့မှ ထပ်မစမ်းချင်တော့ဘူးလို့ ခံစားရသည်။
အားလုံးသည် ရှုပ်ထွေးသောအမူအရာများဖြင့် နွယ်ပင်ဟင်းရည်ကို သောက်ကြပြီး ပျော့ပျောင်းသော အစိမ်းရောင်အရွက်များနှင့် အကိုင်းအခက်များကိုပင် မျိုချလိုက်ကြသည်။ မြေအောက်အခြေစိုက်စခန်းတစ်ခုလုံးတွင် ခါးသီးသောမျက်နှာဖြင့် ဟင်းရည်သောက်နေသည့် ကျောင်းသားများ၏ အသံသာရှိတော့သည်။
ရွှီယိရှန်းသည် နှာခေါင်းကိုပိတ်ကာ ထူးဆန်းသောအရောင်ဟင်းရည်ကို တစ်ကျိုက်တည်း သောက်ပြီးနောက် အတင်းပြုံးကာ ပြောလိုက်သည်။
"ဒါက အဝတ်လျှော်ရေထက် ပိုဆိုးတယ်"
လျှိုကျောက်ချင်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"အဝတ်လျှော်ရေကို မင်းက သောက်ဖူးလို့လား"
ရွှီယိရှန်းက သူ့နားထင်များကို ဖိကာ ပြောသည်။
"ကျွန်တော်က စကားအဖြစ်ပြောတာပါ… အခု စဉ်းစားကြည့်လိုက်တော့ အသင့်စားခေါက်ဆွဲခြောက်က တကယ်အရသာရှိတယ်"
လျှိုကျောက်ချင်းက အပြုံးဖြင့်ပြောသည်။
"ငါတို့အဖွဲ့မှာ မန့်လော်ရှိတာ ဝမ်းသာသင့်တယ်… အနည်းဆုံးတော့ ငါတို့က အပင်စိမ်းတချို့ကို စားနိုင်တယ်… အဖွဲ့ထဲမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ကျောင်းသားမရှိရင် ငါတို့တွေ ပေါင်းပင်တွေကို တူးရမှာ"
ခယ်ရှောင်ပင်းက သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။
"ထားလိုက်ပါတော့… နွယ်ပင်စိမ်းတွေကိုစားရတာက ပိုကောင်းပါတယ်"
ချင်မြောင်က ပေါ့ပါးစွာဆိုသည်။
"သမိုင်းမှာ အငတ်ဘေးဟာ မကြာခဏဆိုသလို ပုလိပ်ရောဂါတွေကြောင့် ပါလာတတ်တယ်… ရွာနဲ့မြို့ပြက လူတွေဟာ ရက်အနည်းငယ်အတွင်းမှာပဲ သေဆုံးသွားကြပြီး ဇွဲနပဲကြီးတဲ့သူ အနည်းငယ်ပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်… သစ်ခေါက်နဲ့ အရွက်တွေကို စားသုံးတာက အရမ်းအဖြစ်များတယ်… ပြီးတော့ လူသားစားတဲ့လူတွေလည်းရှိတယ်… ငါတို့ရဲ့ လက်ရှိအခြေအနေက တကယ်ကောင်းပါတယ်… အစားအသောက်က အရမ်းရိုးရှင်းပေမဲ့ အနည်းဆုံးတော့ ပုန်းအောင်းဖို့ အခြေစိုက်စခန်းရှိပြီး အနီးနားမှာ ကူးစက်နိုင်တဲ့ ပုလိပ်ရောဂါ မရှိဘူး"
ယွဲ့ရှင်းဝမ်က ထောက်ခံသည်။
"ဟုတ်တယ်… အားလုံး မဖျားသ၍ ဗိုက်ဆာတာကိုဘေးဖယ်ထားလိုက်ရင် အသက်ရှင်ဖို့က မခက်ပါဘူး… ငါတို့ နေ့စဉ် လှုပ်ရှားမှု ပမာဏကိုလျှော့ချပြီး ပိုအိပ်ပြီးတော့ ရက်အနည်းငယ်ကို ရှင်သန်ကြမယ်"
ခြောက်ရက်မြောက်နေ့မှစ၍ လူတိုင်းသည် စွမ်းအင်သုံးစွဲမှုကို လျှော့ချရန် အပြင်မထွက်ဘဲ အခန်းထဲတွင် နေကြသည်။
နေ့တိုင်း နေ့လယ်နှင့် ညနေများမှာ ရှောင်ထူက လူတိုင်းကို ထမင်းစားဖို့ ခေါ်သည်။
အခြေစိုက်စခန်းထဲတွင် မီးပုံကအမြဲရှိနေပြီး လေထုကို အဆက်မပြတ် သန့်စင်နေသော်လည်း ယွဲ့ရှင်းဝမ်သည် အိပ်ရာထဲမှ ထွက်သွားရန် အေးလွန်းနေသဖြင့် ကျန်းဖျင်စစ်က သူ့လက်ကို ဆန့်တန်းပြီး သူ့ရင်ခွင်ထဲသို့ ညင်သာစွာ ပွေ့ဖက်ထားသည်။
အစပိုင်းမှာတော့ ယွဲ့ရှင်းဝမ်သည် အလွန်ရှက်သွားပြီး ယောင်္ကျားကြီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ရတာ ရှက်စရာကောင်းတယ်လို့ ခံစားမိပေမဲ့ နှစ်ရက်အကြာမှာတော့ ဒီပွေ့ဖက်မှုက တကယ်ကို နွေးထွေးနေတာ တွေ့လိုက်ရသည့်အတွက် သူ ဘာမှထပ်မပြောဘဲ ကျန်းဖျင်စစ်၏ခါးကို ရိုးရိုးသားသား ပွေ့ဖက်ပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကျောင်းပြန်တက်ရင် မင်းမှာ ဘာအစီအစဉ်ရှိလဲ"
ကျန်းဖျင်စစ်: "နောက်ဆုံးနှစ်စာမေးပွဲပြီးရင် ငါ့ရဲ့ဘွဲ့ယူစာတမ်း နောက်စာသင်နှစ် တစ်ခုရေးပြီး စောစောစီးစီး ချေပရေးအတွက် လျှောက်ထားမယ်… ပြီးရင် ပရောဂျက်အတွက်ပြင်ဆင်ဖို့ ဘွဲ့လွန်အကြံပေးပုဂ္ဂိုလ်ကိုရှာမယ်"
ယွဲ့ရှင်းဝမ်က ခဏလောက်စဉ်းစားပြီး ပြောသည်။
"ဒါဆို မင်းက အစောကြီးဘွဲ့ရချင်တာလား… ငါမင်းကို အမြန်လိုက်ရမယ်"
ဟွာအန်းတက္ကသိုလ်၏ ဘွဲ့ယူချေပရေးကို ဒီဇင်ဘာလနှင့် ဇွန်လတွင် နှစ်ပိုင်းခွဲထားသည်။ ဘွဲ့ယူရန် နှောင့်နှေးသူများ သို့မဟုတ် ကြိုတင်စာတမ်းချေပရေးထားသူများသည် ဒီဇင်ဘာတွင် စာတမ်းချေပရေးအတွက် လျှောက်ထားနိုင်သည်။ ကျန်းဖျင်စစ်သည် တတိယနှစ်သာ ရှိသေးသော်လည်း လိုအပ်သော သင်တန်းအများစုကို ပြီးမြောက်ပြီးဖြစ်သည်။ သူ၏စာတမ်းရေးပြီး လာမည့်စာသင်နှစ်မှာ သူ၏ဘွဲ့ယူချေပရေးပြီးရင် စောစော ဘွဲ့ရနိုင်မည်။
ယွဲ့ရှင်းဝမ်သည် ရုတ်တရက် စိတ်အားထက်သန်လာပြီး အပြုံးဖြင့် ပြောလိုက်သည်။
"ဒါဆို ငါ ပြန်ရောက်ရင် ငါလည်း စာတမ်းရေးဖို့ မြန်မြန်လုပ်ပြီး ကြိုတင်ချေပပြီးတော့ မင်းနဲအတူ ဘွဲ့ယူမယ်… ဒါဆိုရင် ငါတို့က အတန်းဖော်တွေ ပြန်ဖြစ်လာတော့မှာ"
ကျန်းဖျင်စစ်က လက်ဆန့်ပြီး သူ့ဆံပင်ကိုထိကာ နူးညံ့စွာ မေးလိုက်သည်။
"ဘွဲ့လွန်ကျောင်းသားတွေအတွက် အိပ်ဆောင်က လေးယောက်ပါ… တရုတ်ဘာသာစကားဌာနနဲ့ သင်္ချာဌာနက အတူတူနေဖို့ဆိုတာ မဖြစ်နိုင်ဘူး… ဒီတော့ ငါတို့တွေ အပြင်ထွက်ပြီး အခန်းငှားကြမလား"
ယွဲ့ရှင်းဝမ်သည် ခဏတာ အံ့အားသင့်သွားပြီး တစ်ဖက်လူကို လှမ်းကြည့်လိုက်သည်ာ
"မင်းက အပြင်ထွက်ပြီး အိမ်ငှားချင်တာလား"
ကျန်းဖျင်စစ်: "အင်း… အရင်က ကျောင်းနဲ့နီးတဲ့ အိမ်တချို့ကို ငါတွေ့ဖူးပြီး ဈေးလည်းမကြီးဘူး… ပတ်ဝန်းကျင်က အရမ်းကောင်းတယ်… ငါတို့အတူတူနေရင် အလုပ်မရှိလို့ ကျောင်းကန်တင်းမှာ မစားချင်တဲ့အခါ ငါတို့တွေ ကိုယ့်ဟာကိုယ် အိမ်မှာ ချက်စားလို့ရတယ်"
ယွဲ့ရှင်းဝမ်၏မျက်လုံးများက အနည်းငယ် ပြူးကျယ်သွားသည်။
"မင်းဟင်းချက်တတ်တာလား"
ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောသည်။
"အင်း… ငါ အိမ်ဟင်းလျာတွေချက်ပြုတ်နိုင်ပြီး နံရိုး၊ အမဲသားနဲ့ ကြက်တောင်ပံတွေလို အများသုံးပါဝင်ပစ္စည်းတွေကို ငါချက်ပြုတ်နိုင်တယ်… တက္ကသိုလ်အိပ်ဆောင်မှာ မီးဖိုချောင်းမရှိလို့ပါ… အဲဒါကြောင့် ကန်တင်းကိုသွားတာက ငါ့အတွက် ပိုအဆင်ပြေပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ငါ ဟင်းသိပ်မချက်ဖြစ်ဘူး"
ယွဲ့ရှင်းဝမ်သည် နှစ်ယောက်အတူတူ အိမ်ငှားရန် ထွက်သွားသည့် လူနှစ်ယောက်၏ ပုံရိပ်ကို စိတ်ကူးကြည့်မိသည်။ ကျောင်းမှ အိမ်ပြန်ရောက်ပြီးနောက် ကျန်းဖျင်စစ်သည် မီးဖိုချောင်တွင် ခါးစည်းဝတ်ကာ ဟင်းချက်နေပြီး ရုတ်တရက် ပုံရိပ်က အလွန်နွေးထွေးသွားသလို ခံစားလိုက်ရသည်။
သူနဲ့ ဖျင်စစ်က အနှောင့်အယှက်ကင်းတဲ့ အသိုက်ထဲမှာ အတူနေထိုင်ကြတယ်…
အဲဒီလိုနေ့ရက်မျိုးက ပျော်စရာကောင်းတယ် မဟုတ်လား…
ယွဲ့ရှင်းဝမ်၏နှုတ်ခမ်းထောင့်များက မနေနိုင်ဘဲ မြှောက်တက်သွားပြီး ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ကောင်းပြီ… အိမ်ငှားကြရအောင်… အဲဒီအချိန်ရောက်ရင် အိမ်လခနဲ့ နေထိုင်စရိတ်ကို ငါတို့နှစ်ယောက် ညီတူမျှတူခွဲပေးမယ်… အများကြီးမကုန်ကျနိုင်ဘူးမလား"
အိမ်လခကို ညီတူမျှတူခွဲပေးခြင်းဖြစ်သော ယွဲ့ရှင်းဝမ်၏ တောင်းဆိုမှုကို ကျန်းဖျင်စစ်က ခန့်မှန်းထားပြီးဖြစ်သည်။
သူတို့သည် "မျှဝေခြင်း"ဆက်ဆံရေးတွင် ရှိနေသောကြောင့် သူတို့ထဲမှ တစ်ဦးက ငွေအားလုံးကို ပေးဆောင်ရန် အကြောင်းပြချက်မရှိဘူး။ ကျန်းဖျင်စစ်တစ်ယောက်တည်းသာ ပေးခဲ့မည်ဆိုလျှင် ယွဲ့ရှင်းဝမ်သည် သူနှင့်အတူ နေလိုမည်မဟုတ်ပေ။
ကျန်းဖျင်စစ်သည် ရှင်းဝမ်၏စိတ်ထားကို သူ့လက်ဖမိုးကဲ့သို့ သိထားပြီး ရှင်းဝမ်၏အကြံပြုချက်ကို သူ သေချာပေါက် မဆန့်ကျင်ပေ။ ရှင်းဝမ်သည် သူဆွဲထားသော စက်ဝိုင်းထဲကို တစ်လှမ်းပြီးတစ်လှမ်း ခြေလှမ်းလှမ်းနေတာကို သူတွေ့လိုက်သည်။ ဖားကို ရေနွေးပူပူထဲတွင် အကြာကြီးပြုတ်ပြီးနောက် သူ့လက်မောင်းထဲရှိဖားက ကျက်တော့မည်ဖြစ်သည်။ ကျန်းဖျင်စစ်က ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး… ငါတို့တွေ အိမ်လခနဲ့ နေထိုင်စရိတ်တွေကို အတူတူမျှဝေပေးတာက နေထိုင်စရိတ်ကို လျှော့ချပေးပြီးတော့ ပိုက်ဆံနည်းနည်းစုလို့ရပြီး အနာဂတ်အတွက် အစီအစဉ်ဆွဲမယ်"
ယွဲ့ရှင်းဝမ်က ထောက်ခံသည်။
"ဟုတ်တယ်… တက္ကသိုလ်ကနေ ဘွဲ့ရရင် ငါတို့မိဘတွေကို ပိုက်ဆံတောင်းလို့မရတော့ဘူး… ကိုယ့်ဟာကိုယ် ထောက်ပံ့ရမှာ… ငါတို့ ကျူတာလုပ်ပြီး မုန့်ဖိုးနည်းနည်းလောက်နဲ့ နေလို့ရတယ်… မင်းဟာ ထိပ်တန်းသိပ္ပံကျောင်းသားဆိုတော့ သင်္ချာကျူတာလုပ်ဖို့ ကျောင်းသွားလို့ရပြီး မင်းကို လိုက်ရှာချင်တဲ့ ကျောင်းသားတွေ အများကြီးရှိရမယ်… ငါက သူတို့ကို ဝိဇ္ဇာဘာသာရပ်သင်တန်းတွေကို သင်ကြားပေးနိုင်တယ် ဒါမှမဟုတ် ဆောင်းပါးတွေရေးပြီး ပိုက်ဆံရှာလို့ရတယ်… ငါတို့နှစ်ယောက်သာ အတူတူနေရင် သေချာပေါက် ငတ်သေမှာမဟုတ်ဘူး"
သူတို့နှစ်ဦးကြား စကားပြောဆိုမှုသည် အထူးသဖြင့် အနာဂတ်ကို စီစဉ်နေသည့် လူငယ်စုံတွဲတစ်တွဲနှင့်တူကြောင်း သူလုံးဝသတိမထားမိခဲ့ပေ။
'ငါ့အနာဂတ်မှာ မင်းရှိတယ်၊ မင်းရဲ့အစီအစဥ်မှာ ငါရှိတယ်' လူနှစ်ယောက်အတူတကွနေထိုင်ကြပြီး အနာဂတ်အတွက်အတူတကွကြိုးစားလုပ်ဆောင်ကြပြီး တတ်နိုင်သမျှအမြန်ဆုံးအတူတကွနေထိုင်မည့်နေ့ကိုပင် စောင့်မျှော်နေသည်။ မိတ်ကောင်းဆွေကောင်းနှင့် ညီအစ်ကိုကောင်းများမှာ မည်ကဲ့သို့ ဆက်ဆံရေးမျိုး ရှိသင့်သနည်း။
ကျန်းဖျင်စစ်သည် သူ၏ပွေ့ဖက်မှုကို ညင်သာစွာ ဆုတ်လိုက်ပြီး ပြောသည်။
"ဒီတော့ မင်း ငါနဲ့အတူနေဖို့ ဆန္ဒရှိလား"
ယွဲ့ရှင်းဝမ်က အပြုံးဖြင့်ဆိုသည်။
"လေးယောက်ခန်းအိပ်ဆောင်မှာ နေပြီး အခန်းဖော်အသစ်တွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ ပြုလုပ်ရတာထက်စာရင် မင်းနဲ့အတူနေရတာက သေချာပေါက် ပိုကောင်းတာပေါ့… ငါတို့က တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းသိပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့အလေ့အထကို လိုက်လျောညီထွေဖြစ်အောင် လုပ်လို့ရတယ်"
ကျန်းဖျင်စစ်က မေးခဲ့သည်။
"မင်းမိဘတွေက သဘောတူနိုင်လား"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။
"ငါ့မိဘတွေက ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ဘယ်တုန်းကမှ ဝင်မစွက်ဖက်ဖူးဘူး… ပြီးတော့ သူတို့က ငါ့ရြဲဆုံးဖြတ်ချက်ကို လေးစားမှာပါ"
ကျန်းဖျင်စစ်က အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ရှင်းဝမ်၏ မိဘများနှင့် သူမတွေ့ဖူးသော်လည်း ရှင်းဝမ်သည် သူ့မိဘများအကြောင်းပြောတိုင်း သူကြားသည့်အခါ ရှင်းဝမ်သည် အလွန်ပွင့်လင်းပြီး နွေးထွေးသော မိသားစုပတ်ဝန်းကျင်တွင် ကြီးပြင်းလာသည်ဟု ခံစားရသည်။ ဒါက အကောင်းဆုံးပါပဲ။ သူနှင့် ရှင်းဝမ်သည် အနာဂတ်မှာ အတူရှိနေရင် သူ့မိဘများက နားလည်ဖို့ လွယ်ကူပါလိမ့်မည်။
အနာဂတ်အတွက်မျှော်လင့်ချက်သည် သူ့အား ဆက်လက်ရပ်တည်နိုင်ရန် ပံ့ပိုးပေးကာ စာကြည့်တိုက်မှ ထွက်ခွာသည့်နေ့အထိ သူ ကြိုးစားနေမည်ဖြစ်သည်။
ထို့အပြင် သူနှင့် ရှင်းဝမ်မှာ အကောင်အထည်ဖော်ဖို့ အိပ်မက်တွေ အများကြီး ကျန်ပါသေးသည်။
မျိုချရခက်သော ဝက်ဝံအသားနှင့် ထူးဆန်းသောအရသာ နွယ်ပင်များကို သူ နေ့တိုင်းစားရင်တောင် သူသည် ရှင်းဝမ်ကို ပွေ့ဖက်ပြီး နေ့တိုင်း အိပ်ရာပေါ်မှာ လဲလျောင်းနေနိုင်သည်။ ကျန်းဖျင်စစ်သည် ယခုအချိန်တွင် ရေခဲခေတ်က သူအကြိုက်ဆုံး သင်တန်းဖြစ်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
အအေးဓာတ်နှင့် ဆာလောင်မှုတို့သည် ခံနိုင်ရည်ရှိရန် ခက်ခဲသော်လည်း ထိုအရာများကြောင့် သူသည် နေ့တိုင်း ရှင်းဝမ်ကို ပွေ့ဖက်ပြီး အိပ်နိုင်သည်။
သူ နှစ်ပေါင်းများစွာချစ်ခဲ့ရသည့်လူက နောက်ဆုံးမှာ စတင်ပွင့်လင်းလာကာ သူ့ကို ဂရုစိုက်ဖို့ သင်ယူခဲ့ပြီး သူ့ခြေရာအတိုင်း လိုက်လျှောက်ခဲ့သည်။ ငယ်ရွယ်ပြီး လေးနက်သောရှင်းဝမ်သည် ကျန်းဖျင်စစ်၏ နှလုံးသားကို အမှန်တကယ် လှုံ့ဆော်ပေးခဲ့သည်။
ဤသင်တန်းသည် အဆုံးတွင် အမှတ်မည်မျှရနိုင်ပါစေ ကျန်းဖျင်စစ်အတွက် ဤသင်တန်းသည် သူနှင့် ရှင်းဝမ် အကြားအကွာအဝေးကို မမြင်နိုင်လောက်အောင် ကျဉ်းမြောင်းသွားစေသည့် "နွေးထွေးသော" သင်တန်းတစ်ခုဖြစ်သည်။
သူနှင့် ရှင်းဝမ်တို့ကို နေ့ရောညပါ အတူရှိနိုင်စေမည့် စာကြည့်တိုက်တွင် နောက်ထပ် ရှင်သန်ခြင်းသင်တန်းများရှိလိမ့်မည်ဟု သူ အမှန်တကယ် မျှော်လင့်ခဲ့သည်။ သူတို့တွေ စာကြည့်တိုက်မှမထွက်ခွာမီ သူတို့၏ဆက်ဆံရေးကို အတည်ပြုနိုင်မည်လား။
#TK