Chapter 1
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 1 (ကတ်ကမ္ဘာ)


ချမ်းအေးသော ဆောင်းရာသီတွင် အပူချိန်များ ကျဆင်းပြီး ရက်အတော်ကြာ နှင်းများထူထပ်စွာ ကျလာကာ ကျန်းကျိုးမြို့တစ်ခုလုံးကို ငွေရောင်ကမ္ဘာအဖြစ် ပြောင်းလဲစေခဲ့သည်။


ဆောင်းရာသီ အားလပ်ရက်မှာ ကျောင်းပိတ်တော့ ကျောင်းသားတွေ အိမ်ပြန်ကြလေသည်။ ရှောက်လုံကို ပညာရေးဆိုင်ရာ ဖလှယ်ပွဲသို့ တက်ရောက်ရန် ဌာနမှ စေလွှတ်ခဲ့သည်။ ဤအစည်းအဝေးသည် ဒီဇင်ဘာလ 28 ရက်နေ့အထိ ကြာမြင့်ခဲ့သည်။ ထို့နောက် တစ်နေကုန် အနားယူပြီးနောက် အိတ်များကို သူ့ထုပ်ပိုးကာ နှစ်သစ်ကူးကို အဘိုးအဘွားများနှင့် ဖြတ်သန်းရန် ဇာတိမြို့သို့ ပြန်လည်ထွက်ခွာခဲ့သည်။


ငယ်စဉ်ကပင် သူ့မိဘများက အလုပ်များလွန်းသဖြင့် ရှောက်လုံသည် အဘိုးအဘွားများနှင့်အတူ ကျေးလက်တွင် ခဏတာ နေထိုင်ခဲ့သည်။ သူသည် ထိုအချိန်က အလွန်ငယ်သေးပြီး သူ့ကလေးဘဝအကြောင်း မရေမတွက်နိုင်သော အမှတ်တရများသာ ရှိခဲ့သည်။ သို့သော် နှစ်သစ်ကူးပွဲတော်သည် ရှောက်မိသားစု၏ အစဉ်အလာဖြစ်သောကြောင့် နှစ်စဉ် နွေဦးပွဲတော်အတွင်း သူ့မွေးရပ်မြေသို့ ပြန်လာလေ့ရှိသည်။ နှစ်သစ်ကူးမှာ အတူတူ ဖြတ်သန်းဖို့ သူ့အဖေနဲ့ ဦးလေးကလည်း သူတို့၏ဇနီးများနှင့် သားသမီးများကို အိမ်ပြန်ခေါ်လိမ့်မည်။


ရှောက်လုံ အိမ်ပြန်ရောက်ချိန်မှာတော့ နှစ်သစ်ကူးအကြိုနေ့လယ်ခင်းဖြစ်နေသည်။ သူဝင်လာပြီးနောက် သူ့ညီမဝမ်းကွဲ ရှောက်ရှင်းယွဲ့က အပြုံးဖြင့် နှုတ်ဆက်သည်။

"ကောက ဘာလို့ အရမ်းနောက်ကျနေတာလဲ? အဘွားက အခုလေးတင် ကောအကြောင်းပြောနေတာ!"

သူမ ရောက်လာပြီး ရှောက်လုံ၏နားထဲသို့ တိုးတိုးလေးကပ်ပြောသည်။

"သူမက ကောဘာလို့ အိမ်ထောင်မပြုသေးတာလဲလို့ မေးနေတယ်…"


ရှောက်လုံ: "..."


နှစ်သစ်ကူးနေ့တိုင်း အိမ်မှာ အိမ်ထောင်ပြုဖို့ လူကြီးတွေက သူ့ကို တိုက်တွန်းကြသည်။


ရှောက်လုံသည် ယခုအခါ ‘အရွယ်ရောက်ပြီး လက်မထပ်ရသေးသော လူငယ်တစ်ဦး’ဖြစ်သည်။ အသက် 27 နှစ်အရွယ်မှာ single dog အဖြစ် ရှိနေဆဲဖြစ်သည်။


အသက် 17 နှစ်တွင် ဆေးကျောင်းတက်ခဲ့ပြီး တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ကျောင်းဆရာအဖြစ် ဆက်လက်နေထိုင်ကာ ငယ်ငယ်ရွယ်ရွယ်နဲ့ တွဲဖက်ပါမောက္ခ ဖြစ်လာခဲ့သည်။ ရှောက်လုံသည် အရပ်ရှည်ပြီး နူးညံ့သိမ်မွေ့သော စရိုက်လက္ခဏာရှိကာ အလွန်ချောမောသည်။ သူက blind date market မှာ အလွန်နာမည်ကြီးနေသင့်တယ်လို့ ပြောလို့ရသည်…


ကံမကောင်းစွာဖြင့် သူက မှုခင်းဆေးပညာကို လေ့လာခဲ့သည်။


လူတစ်ယောက်သည် ‘မှုခင်းဆေးပညာ’ ဟူသော စကားကို ကြားလျှင် လူသေကောင်ဟု သဘာဝကျကျ တွေးတတ်ကြသည်။ နေ့တိုင်း အလောင်းကို ခွဲစိတ်နေသော အမျိုးသားနဲ့ ဘယ်သူကရှိချင်မှာလဲ?


တကယ်တော့ ရှောက်လုံသည် ပြစ်မှုဆိုင်ရာမှုခင်းစုံစမ်းစစ်ဆေးသူမဟုတ်သလို သေဆုံးရသည့်အကြောင်းရင်းကို ဖော်ထုတ်ရန် လူသတ်မှုအခင်းဖြစ်ပွားရာနေရာကို သွားဖို့လည်း မလိုအပ်ပေ။


ဘွဲ့ရပြီးနောက် ကြီးကြပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ဆေးတက္ကသိုလ်တွင် သူဆက်လက်နေထိုင်ခဲ့သည်။ သူသည် မှုခင်းဆေးပညာဌာနမှ ကျောင်းသားများအား အချိန်အများစုကို သင်ကြားပို့ချပေးလေ့ရှိသည်။ အားလပ်ချိန်များတွင် သူသည် ကျန်းကျိုးမြို့ရှိ မှုခင်းဆေးပညာစစ်ဆေးရေးစင်တာသို့ ကူညီရန် သွားသည်။ စစ်ဆေးရေးစင်တာသို့ ပေးပို့သော အမှုများသည် ယေဘုယျအားဖြင့် ယာဉ်မတော်တဆထိခိုက်ဒဏ်ရာများ၊ တိုက်ခိုက်ခြင်းဒဏ်ရာများနှင့် ရံဖန်ရံခါ မျိုးရိုးဗီဇသတ်မှတ်ခြင်းနှင့် အဆိပ်ဖော်ထုတ်ခြင်းတို့ကို ဖော်ထုတ်ရန်ဖြစ်သည်။ သူ အလောင်းကို မတွေ့တာကြာလှပြီဖြစ်သည်။


***


ရှောက်လုံသည် ဧည့်ခန်းသို့သွားကာ လူကြီးများကို ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ သူသည် လူတိုင်းအား လက်ဆောင်များဝေငှပြီးနောက် သူ့အဘွားက သူ့ကို ပြုံးပြုံးလေးဖြင့် မေးသည်။

"ရှောင်လုံ၊ နင့်ရဲ့ဇနီးကို အဘွားဆီ ဘယ်တော့ခေါ်လာမှာလဲ?"

『MC တို့ရဲ့ မျိုးရိုးနာမည်က ‘肖/ရှောက်/Xiao’ပါ၊ အဘွားဖြစ်သူက ရှောက်လုံကို ချစ်စနိုးနဲ့ ‘小/ရှောင်/Xiao’လို့ တပ်ခေါ်တာပါနော်၊ pinyin အရ စာလုံးတူပေမယ့် အသံထွက်မတူပါဘူး』


ရှောက်လုံက အဘွား၏ပခုံးပေါ် လက်တစ်ဖက်ကို တင်ကာ နွေးထွေးစွာပြောခဲ့သည်။

"အဘွား၊ ကျွန်တော် အလုပ်အရမ်းရှုပ်နေသေးတယ်… အိမ်ထောင်ပြုရန် စဉ်းစားဖို့အတွက် ကျွန်တော် အသက် 30 ပြည့်တဲ့အထိ စောင့်ချင်တယ်…"


ရှောက်ရှင်းယွဲ့က ဘေးကနေ သူ့ကို စနောက်သည်။

"ကောက လက်တွေ့ဆေးဝါးကုသမှုကို လေ့လာပြီး ဆေးရုံမှာ ဆရာဝန်သွားလုပ်မယ်ဆိုရင် ကောကို လိုက်ဖို့ တန်းစီနေတဲ့ မိန်းကလေးတွေ အများကြီးရှိမှာ သေချာတယ်… အခုတော့ ကောက မှုခင်းဆရာဝန်ဖြစ်တယ်ဆိုတာ သူတို့ကြားလိုက်ရင် မိန်းကလေးအများစုက ကြောက်လန့်နေကြတာ… ဟားဟား…"


ရှောက်လုံးက သူ့ညီမဝမ်းကွဲကိုကြည့်ကာ ပြုံးလိုက်သည်။

"ဒါက အတက်ပညာနဲ့ပတ်သက်ပြီး ဘက်လိုက်တာပဲ… မှုခင်းဆရာဝန်က အသက်ရှင်နေတဲ့လူတွေကို ခွဲစိတ်စရာမလိုဘူး… အဲဒါက horror ရုပ်ရှင်တွေလောက်တော့ မဆိုးရွားပါဘူး… နောက်ပြီး ငါက အလောင်းကို မထိတာကြာလှပြီ…"


‘အလောင်း’ဟူသော စကားကိုကြားတော့ ရှောက်ရှင်းယွဲ့၏ ဦးရေပြားက ထုံကျင်လာပြီး သူမ ချက်ချင်း လှည့်ထွက်သွားသည်။


သူတို့က ထမင်းစားခန်းဆီသို့ လျှောက်သွားကာ ထမင်းစားရန် ပြင်ဆင်ကြသည်။ ရှောက်လုံက သူ့အဘွားကို ထိုင်စေပြီး အကြောင်းအရာကိုပြောင်းကာ ရှောက်ရှင်းယွဲ့ကို မေးလိုက်သည်။

"နောက်နှစ်မှာ မင်းဘာကျောင်းတတ်ဖို့ စိတ်ကူးထားလဲ?"


သူ၏အငယ်ဆုံးညီမဝမ်းကွဲ ရှောက်ရှင်းယွဲ့က အသက် 18 နှစ်ဖြစ်ပြီး လာမည့်နှစ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ရင်ဆိုင်ရမည်ဖြစ်သည်။ ရှောက်လုံက သည်လိုမေးလိုက်တာနဲ့ လူကြီးတွေသည် အနာဂတ်အလုပ်အတွက် ဘယ်လိုသင်တန်းတွေ ကောင်းမလဲဆိုတာ ဆွေးနွေးကြပါတော့သည်။ ရှောက်ရှင်းယွဲ့သည် တက်ကြွစွာပါဝင်ဆွေးနွေးခဲ့ပြီး ရှောင်လုံ၏အိမ်ထောင်ရေးကို မည်သူမျှမပြောတော့ဘဲ ရှောက်လုံက အနည်းငယ်စိတ်သက်သာရာရသွားခဲ့သည်။


နှစ်သစ်ကူးညစာစားပြီးသည်နှင့် လူကြီးတွေက မာကျောက် ကစားကြသည်။ ရှောက်လုံက သူ၏ဝမ်းကွဲတွေကို ကစားဖို့ တစ်ဖက်အခန်းဆီ ခေါ်သွားသည်။


ရှောက်ရှင်းယွဲ့က အသစ်စက်စက် ဖဲထုပ်တစ်ထုပ်ကို ထုတ်လိုက်သည်။ 

"ကျွန်မတို့သုံးယောက်က Fight the Landlord (ကတ်ဂိမ်း)ကို ကစားကြမယ်… ရှုံးတဲ့သူတွေက သောက်ရမယ်၊ ဘယ်လိုလဲ?"


သူ၏ညီဝမ်းကွဲ ရှောက်ဝေ့က သူ့အင်္ကျီလက်များကို ခေါက်တင်ကာ ကြိုးစားချင်စိတ်ပြင်းပြနေသည်။ 

"လာစမ်း၊ ငါက Fight the Landlord မှာ အတော်ဆုံးပဲ!"


ရှောက်လုံက ကတ်ကစားတာကို စိတ်မဝင်စားသော်လည်း နွေဦးပွဲတော်တိုင်းတွင် လူကြီးများသည် အမြဲတမ်း မာကျောက်ကစားလေ့ရှိသည်။ လူနှစ်ယောက်တည်း ကတ်ကစားရတာက ပျင်းစရာကောင်းလွန်းတာကြောင့် အကိုကြီးတစ်ယောက်အနေနဲ့ အတူတူအဖော်လိုက်ပေးရသည်။


Fight the Landlord သည် ကတ်ကစားရာတွင် အသုံးအများဆုံးနည်းလမ်းများထဲမှတစ်ခုဖြစ်သည်။ စည်းမျဉ်းများသည် အလွန်ရိုးရှင်းပါသည်။ 'မြေရှင်' သည် တိုက်ပွဲစွမ်းအားမြင့်တင်ရန် ကတ်အနည်းငယ်ကို သူ့လက်ထဲသို့ပေါင်းထည့်နိုင်သော်လည်း ကျန် 'လယ်သမား' နှစ်ဦးက စည်းလုံးရန် လိုအပ်သည်။ နှစ်ဖက်စလုံးကို စခန်းနှစ်ခုခွဲပြီး ကတ်အရင်ကုန်သွားသူက ပထမဆုံးအနိုင်ရရှိမည်။


ရှောက်လုံ၏ပထဆုံးလှုပ်ရှားမှုက အလွန်ကောင်းမွန်ပြီး သူသည် King Bomb ကို တိုက်ရိုက်ရခဲ့သည်။ 

『ဂိမ်းထဲမှာ Joker နှစ်ကတ်က အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်၊ King Bomb တစ်လုံးမှာ Joker နှစ်ကတ်ရှိပါတယ်။』


သူ့လက်ထဲက King Bomb ကို မြင်လိုက်တော့ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

"ငါ့ကို မြေရှင်လို့ခေါ်ပါ…"


ရှောက်ရှင်းယွဲ့နှင့် ရှောက်ဝေ့တို့က သူ့ကို အနိုင်ယူရန် ပူးပေါင်းခဲ့ကြသည်။


ရလဒ်ကတော့ သည်ဂိမ်းမှာ ရှောက်လုံ၏ကတ်တွေက အလွန်ကောင်းနေသည်။ 9 ၊ 10 ၊ J ၊ Q နှင့် K တို့၏ ကြီးမားသော straight အပြင် သူ့တွင် pair များစွာရှိပြီး၊ four bomb (အဆင့်တူ ကတ်လေးခု)နှင့် King Bomb တစ်စုံရှိသည်။ သူသည် ပြိုင်ဘက်များကို အသက်ရှင်နေထိုင်ရန် နည်းလမ်းအား မပေးခဲ့ချေ။ 


ကတ်များအားလုံးကို သူ တစ်ချက်တည်း ကစားပြီးသောအခါ ညီနှင့်ညီမတို့သည် ရှုံ့တွသောအမူအရာဖြင့် သူ့ကိုကြည့်နေသည်။


ရှောက်လုံက ပြုံးလိုက်သည်။

"ငါနိုင်သွားပြီ၊ မင်းတို့ coke သောက်တော့…"


ရှောက်ရှင်းယွဲ့နှင့် ရှောက်ဝေ့တို့သည် ခါးသီးသော မျက်နှာဖြင့် Coke ကို သောက်ခဲ့ရသည်။


နောက်တစ်ခုကတော့ ရှောက်ရှင်းယွဲ့က မြေရှင်ပဲဖြစ်ဖြစ်၊ ရှောက်ဝေ့က လယ်သမားပဲဖြစ်ဖြစ်၊ အချိန်တိုင်း သူတို့အကိုကြီး၏ အနိုင်ယူခြင်းကို ခံရသည်။ သည်ညမှာ ရှောက်လုံ၏ ကတ်တွေက အလွန်ကောင်းနေတာကြောင့် သည်လူတွေက တွက်ဆလို့တောင်မရပေ။ King Bomb ကို အကြိမ်းပေါင်းများစွာ သူ ထိခဲ့ပြီး ညီနှင့် ညီမတို့က သောက်ရင်း အော့အန်လုနီးပါး ဖြစ်ခဲ့ရသည်။ 


သုံးယောက်သား ညသန်းခေါင်အထိ ကစားခဲ့သည်။


အပြင်ဘက်မှ မီးရှူးမီးပန်းဖောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ညီနှင့် ညီမက မီးရှူးမီးပန်းဖောက်ရန် ခြံထဲသို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြသည်။ ရှောက်လုံသည် ကုတ်အင်္ကျီကို ဝတ်လိုက်ပြီး သူ့ဖုန်းက မီးလင်းလာသောအခါတွင် ဖုန်းစခရင်ပေါ်တွင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

"ပျော်ရွှင်စရာနှစ်သစ်ကူးဖြစ်ပါစေ…"


ပေးပို့သူ: ယွီဟန်ကျန်း


ရင်းနှီးပြီးသား နှင်းတွေကျနေသည့် မြင်ကွင်းကို မြင်လိုက်ရတော့ ရှောက်လုံ၏နှုတ်ခမ်းက အနည်းငယ် ကွေးညွှတ်သွားပြီး လျင်မြန်စွာ ပြန်ပို့လိုက်သည်။

"ခင်ဗျားရောပဲ ပျော်ရွှင်စရာနှစ်ကူးဖြစ်ပါစေ…"


ယွီဟန်ကျန်းက မေးသည်။

"မင်းဘယ်တော့ ကျောင်းပြန်လာမှာလဲ?"


ရှောက်လုံက ပြန်ဖြေသည်။

"နှစ်သစ်ကူးပြီး ခုနစ်ရက်မြောက်နေ့မှာ ပြန်လာခဲ့မယ်…"


ယွီဟန်ကျန်း: "နောက်ဆုံးတစ်ခေါက်က မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်… မင်းပြန်လာတာနဲ့ ငါမင်းကို ညစာစားဖို့ ဖိတ်လိုက်မယ်…"


ရှောက်လုံ: "ခေါင်းဆောင်ယွီက ယဉ်ကျေးလွန်းနေပြန်ပြီ… ကျွန်တော်ပြန်လာရင် ခင်ဗျားကို ဆက်သွယ်လိုက်မယ်…"


ပြတင်းပေါက်အပြင်ဘက်မှ 'ဘမ်းခနဲ' အသံ ထွက်ပေါ်လာသည်။ ရောင်စုံမီးရှူးမီးပန်းမျိုးစုံက ပွင့်လန်းနေကာ ညကောင်းကင်သည် နေ့ဘက်ကဲ့သို့ တောက်ပလာသည်။


ရှောက်လုံသည် ပြတင်းပေါက်ရှေ့တွင် ရပ်ကာ သူ့ဖုန်းထဲက စကားပြောမှတ်တမ်းများကို စိုက်ကြည့်နေသည်။ ယွီဟန်ကျန်းအား ပထမဆုံးမြင်ဖူးသည့်အချိန်ကို သူပြန်လည်သတိရမိသည်။


အဲဒါက မိုးရွာသည့်နေ့တွင် ဖြစ်ခဲ့သည်။ ဆေးတက္ကသိုလ်မှ မိန်းကလေးတစ်ဦးက ပြုတ်ကျသေဆုံးခဲ့သည်။ ယင်းက ကျန်းကျိုး၏ ပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့ကို သတိပေးခဲ့သည်။ ရှောက်လုံသည် ဤမိန်းကလေးနှင့် မရင်းနှီးသော်လည်း သူမတတ်ခဲ့သော နောက်ဆုံးအတန်းမှာ သူ့အတန်းဖြစ်သည်။ သည်အမှုနဲ့ပတ်သက်သော ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ရှောက်လုံကို ထွက်ဆိုချက်ပေးရန် ရဲတပ်ဖွဲ့က တောင်းဆိုခဲ့သည်။


ရဲတပ်ဖွဲ့ဆီ လမ်းလျှောက်လာရင်း သည်လူကို သူပထမဆုံး တွေ့လိုက်သည်။ ထိုလူသည် နက်ပြာရောင် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး ပြတင်းပေါက်တွင် မတ်တပ်ရပ်နေ၏။ သူသည် အရပ်ရှည်ရှည် ခြေတံရှည်ရှည်နှင့် ချောမောသော မျက်နှာဖြင့် အလှပဆုံးရုပ်ထုတစ်ခုနှင့်တူသည်။


အကြည့်ကို သူခံစားလိုက်ရပြီး ထိုလူက ရှောက်လုံကို လှည့်ကြည့်လာသည်။ သူရောက်လာပြီး ခေါင်းငြိမ့်ပြကာ ပြောသည်။

"မင်္ဂလာပါ၊ ငါက ပြစ်မှုဆိုင်ရာရဲတပ်ဖွဲ့ရဲ့ MCU(Major Crimes Unit)ရဲ့ အဖွဲ့ခေါင်းဆောင် ယွီဟန်ကျန်းပါ… ပရော်ဖက်ဆာရှောက်၊ ကျေးဇူးပြုပြီး ဒီကိုလာပြီးတော့ စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းဆောင်ရွက်ပေးပါ…"


ရှောက်လုံက ယဉ်ကျေးစွာ သူ့ကို ခေါင်းငြိမ့်ပြသည်။ 

"မင်္ဂလာပါ အဖွဲ့ခေါင်းဆောင်ယွီ… ကျွန်တော် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာပါ…"


ယွီဟန်ကျန်းက ရှောက်လုံနဲ့ စုံစမ်းစစ်ဆေးရေးအခန်းထဲကို ဝင်သွားပြီး ‘ကျေးဇူးပြု၍ထိုင်ပါ’ဆိုပြီး အမူအရာလုပ်ပြကာ ပေါ့ပါးစွာ မေးလိုက်သည်။

"နာမည်၊ အသက်နဲ့ အလုပ်အကိုင်… ဒါက ထွက်ဆိုချက်ပေးဖို့ လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းတွေပါ… အမှန်အတိုင်းဖြေပေးပါ…"


ထွက်ဆိုချက်ရေးနေစဉ် ထိုလူ၏အသံသည် နိမ့်ပြီး အားကောင်းသည်။ သူ့အမူအရာက အလွန်လေးနက်ပြီး သူ့မျက်လုံးများက ဓားသွားကဲ့သို့ ထက်ရှသည်။ သူစိုက်ကြည့်နေသောအခါ ပြင်းထန်သော ဖိနှိပ်မှု ခံစားချက်ကို ပေးစွမ်းပြီး ရှောက်လုံက အသက်ရှူမဝသလို ဖြစ်နေသည်။


ရှောက်လုံသည် ဤကိစ္စနဲ့ တိုက်ရိုက် ပတ်သက်မှု မရှိခဲ့ရင်တောင် သည်လူ၏မျက်လုံးကို မကြည့်ချင်ပေ။


ဤမျက်လုံးများက လူတွေ၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားစေပြီး ဆောင်းရာသီတွင် ရေခဲဖုံးနေသော ရေကန်တစ်ခုကဲ့သို့ နက်ရှိုင်းပြီး အေးစက်နေသည်။ 


သည်အမှုကို ဖြေရှင်းခြင်းက ရှောက်လုံ စိတ်ကူးထားတာထက် အများကြီး ပိုမြန်ခဲ့သည်။ လူသတ်မှုဟု ဆုံးဖြတ်ပြီး နောက်တစ်နေ့မှာ ရဲက လူသတ်သမားကို ဖမ်းမိခဲ့သည်။ မိန်းကလေး၏အခန်းဖော်က သူမကို လှေကားကနေ တွန်းချခဲ့သည်။ သည်အဖြစ်အပျက်ဟာ အင်တာနက်မှာ လှုပ်လှုပ်ရွရွ ဖြစ်စေခဲ့သည်။


ထိုအချိန်တုန်းက ရှောက်လုံသည် ကျန်းကျိုးရဲတပ်ဖွဲ့၏ အမှုအား ဖြေရှင်းရာတွင် စွမ်းဆောင်ရည် အလွန်တိုးတက်လာတာကို သတိပြုမိခဲ့သည်။


ယွီဟန်ကျန်းအကြောင်းကို သူ၏ မှုခင်းဆေးပညာ အတန်းဖော်များမှတစ်ဆင့် မေးမြန်းခဲ့ရာ ယွီဟန်ကျန်း၏ နောက်ခံက အလွန်လျှို့ဝှက်ဆန်းကြယ်ကြောင်း တွေ့ရှိခဲ့သည်။ သူက ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲတပ်ဖွဲ့၏ MCU အဖွဲ့ခေါင်းဆောင်အဖြစ် ရုတ်တရက် ရောက်သွားခဲ့သည်။ MCU သည် လူသတ်မှု၊ မုဒိမ်းမှုနှင့် အခြားသော ပြစ်မှုကြီးများကို စုံစမ်းစစ်ဆေးရန် ကျန်းကျိုးမြို့၌ တည်ထောင်ထားသော အထူးလှုပ်ရှားရေးအဖွဲ့ဖြစ်သည်။ ယွီဟန်ကျန်း ရောက်လာပြီးကတည်းက မဖြေရှင်းနိုင်သော အမှုများစွာကို ဖြေရှင်းနိုင်ခဲ့ပြီး အမှုကိစ္စများကို ကိုင်တွယ်ရာတွင် ထိရောက်မှုများစွာ မြင့်တင်ခဲ့သည်။


သံမျက်နှာရှိသော ဤလူသည် ကိုယ်ကျိုးမဖက်၊ သွေးအေးပြီး ရက်စက်ကြမ်းကြုတ်သောကြောင့် ရာဇဝတ်ကောင်များကို စိတ်ပျက်စေခဲ့သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အပြစ်ရှိသူတစ်ဦးကို တုန်လှုပ်စေသည်ဟု ဆိုသည်။ သူသည် ရာဇ၀တ်ကောင်ကို စုံစမ်းစစ်ဆေးရာတွင် ကြီးမားသော ကျွမ်းကျင်မှုရှိပြီး ခေါင်းမာသော သံသယရှိသူသည် သူ၏မေးမြန်းမှုအောက်တွင် အပြစ်ရှိကြောင်း ဝန်ခံလိမ့်မည်ဟု ဆိုသည်။ နှစ်နှစ်အတွင်းမှာပဲ ယွီဟန်ကျန်းဆိုသည့်နာမည်က ကျန်းကျိုးမြို့ရှိ ရဲတွေကြားထဲမှာ ကျော်ကြားလာခဲ့သည်။


ဒါကိုကြားပြီးနောက် ရှောက်လုံသည် ဤလူကို လေးစားသွားပြီး ယွီဟန်ကျန်းသည် ငယ်ငယ်ရွယ်ရွယ်နဲ့ အလားအလာကောင်းကြောင်း ခံစားလိုက်ရသည်။


သူနဲ့ အများကြီး ထိတွေ့ဆက်ဆံမှုမရှိနိုင်ဘူးဟု ထင်ခဲ့သော်လည်း ရက်အနည်းငယ်အတွင်း ယွီဟန်ကျန်းသည် မှုခင်းဆေးပညာစစ်ဆေးရေးစင်တာတွင် သူ၏ရုံးခန်းကို ရုတ်တရက်တွေ့ရှိခဲ့ပြီး အလွန်ရှားပါးသောအဆိပ်ကိုဖော်ထုတ်ရန် ရှောက်လုံကိုကူညီပေးဖို့ တောင်းဆိုခဲ့သည်။ ရှောက်လုံသည် ဘွဲ့လွန်အဆင့်တွင် မှုခင်းဆေးပညာအဆိပ်ဗေဒဖော်ထုတ်ခြင်းကို အထူးပြုပြီး တန်ဖိုးမြင့်စာတမ်းများစွာကို ထုတ်ဝေခဲ့သည်။ သူဟာ မှုခင်းဆေးပညာနယ်ပယ်မှာ လူသိများတာကြောင့် ယွီဟန်ကျန်းက သူ့ကို တွေ့ရှိခဲ့သည်။ သူတို့နှစ်ဦးသည် WeChat နှင့် ဖုန်းနံပါတ်များကိုလည်း ဖလှယ်ခဲ့ကြသည်။


ရှောက်လုံသည် ရဲတွေကို ဤအဆိပ်သင့်ခြင်းအမှု၏ သဘောသဘာဝကို ဖော်ထုတ်ရာတွင် ကူညီပေးခဲ့ပြီး ဒါက ယွီဟန်ကျန်း ရည်ညွှန်းခဲ့သည့် ‘ကျေးဇူးတင်ပါတယ်’ဆိုသောစကား၏အဓိပ္ပါယ်ဖြစ်သည်။ သူတို့နှစ်ယောက်သည် လေးကြိမ်တွေ့ဖူးပေမယ့် အလုပ်များနေသောကြောင့် သူတို့၏ခင်မင်ရင်းနှီးမှုဟာ နက်ရှိုင်းမှုမရှိခဲ့ပေ။ ထို့ကြောင့် ရှောက်လုံသည် ဂရုမစိုက်ဟန်ရှိသော အဖွဲ့ခေါင်းဆောင်က သူ့ကို ထမင်းစားရန် ဖိတ်ကြားသောအခါ အလွန်အံ့သြသွားသည်။


ပြတင်းပေါက်မှာရပ်နေပြီး သူ့အမှတ်တရတွေထဲမှာ နှစ်မြုပ်နေသည့် ရှောက်လုံဟာ စားပွဲပေါ်ရှိ ဖဲချပ်တွေက ထိုအခိုက်အတန့်မှာ သွေးနီရဲရဲတောက်နေတာကို မတွေ့လိုက်ပေ။ တောက်ပမှုသည် ကတ်များအတွင်း အရာအားလုံးကို စုပ်ယူလိုက်သကဲ့သို့ ကတ်များအနီးရှိ နေရာကို ကွဲလွဲသွားစေသည့် ရေဝဲတစ်ခု တဖြည်းဖြည်း ဖြစ်ပေါ်လာသည်။


***


နှစ်သစ်ကူး၏ ခုနစ်ရက်မြောက်နေ့မှာ ရှောက်လုံသည် သူ့မိသားစုကို နှုတ်ဆက်ပြီး ကျန်းကျိုးကို လေယာဉ်နဲ့ ပြန်လည်ထွက်ခွာခဲ့သည်။ နှစ်သစ်ကူးအကြိုနေ့က Wechat စကားဝိုင်းကို စဉ်းစားရင်း ရှောက်လုံက ယွီဟန်ကျန်းဆီသို့ ရိုးရှင်းသော မက်ဆေ့ချ်တစ်ခုကို ပေးပို့ခဲ့သည်။ 

"ဟယ်လို၊ ကျွန်တော်ပြန်လာပြီ… အတူတူထမင်းစားဖို့ ခင်ဗျားမှာအချိန်ရှိလား?"


တုံ့ပြန်မှု မရှိခဲ့ပေ။


တစ်ဖက်လူက အလုပ်များနေလိမ့်မည်ဟု သူထင်ကာ သူ၏ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ပြီး စာပြန်တာကိုစောင့်ရင်း သတင်းကို ကြည့်နေခဲ့သည်။


ညစာစားချိန်လွန်နေပြီဖြစ်ပြီး ယွီဟန်ကျန်းက စာမပြန်လာသေးပေ။


မည်သို့ပင်ဖြစ်စေကာမူ အဖွဲ့ခေါင်းဆောင်တွင် အထူးအခြေအနေတစ်ခုရှိနေသည်။ အကယ်၍ သူသည် မက်ဆေ့ချ်ကို မပြန်ခဲ့ပါက ခက်ခဲသော အမှုတစ်ခုနှင့် ကြုံတွေ့ရနိုင်ပြီး သက်သေများကို စုံစမ်းရှာဖွေ စုဆောင်းနေလောက်သည်။ ရှောက်လုံသည် တစ်ဖက်လူကို မနှောင့်ယှက်ချင်တာကြောင့် ခေါက်ဆွဲစားရန် ထွက်သွားသည်။


သူ စားပြီးတာနဲ့ စူပါမားကတ်သို့သွားပြီး နေ့စဉ်သုံးပစ္စည်းတွေကို ဝယ်ချင်လာသည်။ သူ လမ်းဖြတ်ကူးနေစဉ် လမ်းထောင့်ကနေ ဘတ်စ်ကားတစ်စီးက သူ့ဆီသို့ အမြန်လာနေတာကို ရုတ်တရက်မြင်လိုက်ရသည်။


ရှောက်လုံ၏ မျက်လုံးများက ပြူးကျယ်လာပြီး နှလုံးခုန်သံက ရပ်တန့်လုနီးပါး ဖြစ်နေသည်။


သူ ခပ်သွက်သွက်ပြေးသွားပေမယ့် ဘတ်စ်ကား၏အရှိန်က အလွန်မြန်သည်။ သူ့ခန္ဓာကိုယ်က လေထဲကို မြှောက်သွားသည့်အချိန် ခြေတစ်လှမ်းပဲ ရှိသေးသည်။


ရုတ်တရက် သူ့မျက်လုံးတွေက လှည့်သွားပြီး ရှောက်လုံ လုံးဝသတိလစ်သွားသည်။


***


သူပြန်နိုးလာသောအခါ သူ့ပတ်ဝန်းကျင်မှာ အဖြူရောင်မြူခိုးတွေ ရှိနေသည်။ မြူခိုးများကြားတွင် အေးစက်စက်နှင့် စက်သံက သူ့နားထဲသို့ ရှင်းရှင်းလင်းလင်း ဝင်လာသည်။ 

【ရှောက်လုံ၊ ကတ်ကမ္ဘာမှ ရွေးချယ်ခံရတဲ့အတွက် ဂုဏ်ယူပါတယ်။ အခု မင်းမှာ ရွေးချယ်စရာနှစ်ခုရှိပါတယ်—


A: စိတ်အေးချမ်စွာ အရာအားလုံးကို မေ့ပစ်လိုက်ပြီး သေမယ်။ မင်းရဲ့ဝိညာဉ်က လုံးဝသေဆုံးသွားပြီး ဘယ်တော့မှ နာကျင်မှုကို မခံစားရတော့ဘူး။ 


B. ပြန်လည်မွေးဖွားပြီး စိန်ခေါ်မှုအသစ်တွေကို လက်ခံပြီးတော့ ကတ်ကမ္ဘာမှာ မင်းရဲ့မှတ်ဉာဏ်တွေကို သိမ်းဆည်းထားမယ်။ ဒါပေမယ့် ကတ်ကမ္ဘာမှာ ရှင်သန်ခြင်းရဲ့စည်းမျဉ်းတွေက အရမ်းရက်စက်ပါတယ်။ ဒီမှာ အသက်ရှင်နေတာထက် ရိုးရိုးရှင်းရှင်းသေလိုက်တာက ပိုကောင်းလိမ့်မယ်။】


ရှောက်လုံက သံသယအချို့ကို ခံစားလိုက်ရသည်။


ဒီအသံက ထင်ယောင်ထင်မှားလား? ဒါက သူ့ကို ထူးဆန်းတဲ့ရွေးချယ်စရာနှစ်ခုကိုလည်း ပေးခဲ့တာလား?


သူပြန်မဖြေသည့်အတွက် စက်သံက ပြောလာသည်။

"မင်းရဲ့မှတ်ဉာဏ်ကို မရှင်းခင် 10 စက္ကန့်အချိန်ပေးမယ်။ အချိန်ရေတွက်ပြီ 10 ၊ 9 ၊ 8 …"


ရှောက်လုံက ပြတ်ပြတ်သားသား ပြောလိုက်သည်။ 

"ငါ B ကိုရွေးတယ်…"


အသံက ထင်ယောင်ထင်မှားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူသည် ရွေးချယ်စရာနှစ်ခု၏ နောက်ဆုံးကိုသာ ရွေးချယ်နိုင်သည်။


သူသည် အသက် 27 နှစ်သာရှိသေးပြီး သူ၏မှတ်ဉာဏ်များကို ဖျက်ပစ်ကာ လုံးဝသေဆုံးသွားတာမျိုး မလိုလားပေ။ ကမ္ဘာသစ်က ဘယ်လောက်ပဲ ခက်ခဲပြီး အန္တရာယ်ရှိနေပါစေ သူ ပြန်လည်ရှင်သန်ဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်... အနည်းဆုံးတော့ သူ အသက်ရှင်နေပြီမလား?


အသက်ရှင်နေမှ မျှော်လင့်ချက်ရှိမည်။


ရှောက်လုံက သူ့ကိုယ်သူ အမြန်တည်ငြိမ်အောင် ပြုလုပ်ပြီး မေးလိုက်သည်။

"မင်းက ဘယ်သူလဲ?"


တစ်ဖက်က အေးစက်စွာပြောလာသည်။

"ငါက ကတ်ကမ္ဘာရဲ့ ဉာဏ်ရည်မြင့် System Elf ပါ။ မင်း ငါ့ကို မမြင်ရပေမယ့် ငါမင်းကို မြင်ရတယ်…"


စောင့်ကြည့်ခံရသည့်ခံစားချက်က ရှောက်လုံကို မျက်မှောင်ကြုတ်သွားစေသည်။ သူက အသက်ပြင်းပြင်းရှူပြီး ဆက်မေးသည်။ 

"မင်းပြောနေတဲ့ ကတ်ကမ္ဘာဆိုတာက ဘာလဲ?"


နောက်အခိုက်အတန့်တွင် မရေမတွက်နိုင်သော ကတ်များက သူ့ရှေ့တွင် ပေါ်လာသည်။


၎င်းတို့သည် နွေဦးပွဲတော်ညတုန်းက သူ၏မောင်နှမဝမ်းကွဲများနှင့် ကစားစဉ် သူအသုံးပြုခဲ့သော ကတ်များဖြစ်သည်။ ကျောဘက်၌ စတိုးဆိုင်များတွင် အသုံးအများဆုံးသော အပြာရောင်စိန်ပုံစံ ပါရှိသည်။ 5 of Hearts, 8 of Diamonds, 10 of Clubs, J of Spades... အမျိုးမျိုးသော ကတ်များကို ကြိုးရှည်ကြီးတစ်ခုအဖြစ် ချိတ်ဆွဲထားပြီး အရှိန်လေးဆဖြင့် ရိုက်ထားသော ရုပ်ရှင်ကဲ့သို့ သူ့ရှေ့တွင် လျင်မြန်စွာ ဖြတ်သန်းသွားသည်။


အဖြူရောင်မြူခိုးများတွင် ကတ်ကြိုးများသည် အလျားလိုက်နှင့် ဒေါင်လိုက် လမ်းကြောင်းများဖြင့် လျင်မြန်စွာစီစဉ်ထားသည်။ စည်းမျဉ်းလုံးဝမရှိဘဲ ကတ်လေးမျိုးကို ပေါင်းစပ်ထားသည်။ သာမန်မျက်စိနဲ့ မြင်နိုင်သော အရှိန်ဖြင့် ကတ်များသည် 10 စက္ကန့်အတွင်း ကြီးမားသော ကတ်နံရံတစ်ခု ဖြစ်ပေါ်လာသည်။


System က ကြေညာခဲ့သည်။

"ကစားသမားရှောက်လုံ၊ ကတ်ကမ္ဘာမှ ကြိုဆိုပါတယ်။"


MC/Shou - ရှောက်လုံ(မှုခင်းဆရာဝန်)

ML/Gong - ယွီဟန်ကျန်း(မှုခင်းရဲ)



『TK: Card Room ဆိုတော့ Card အကြောင်း နည်းနည်း intro ဝင်မယ်။

Card တွေမှာ 13 Ranks ရှိပါတယ်။ ကြီးစဉ်ငယ်လိုက်စီရရင်—

A(Ace) , K(King) , Q(Queen) , J(Jack) , 10 , 9 , 8 , 7 , 6 , 5 , 4 , 3 , 2 တို့ပဲဖြစ်ပါတယ်။

Rank မှာ A က အကြီးဆုံးဖြစ်ပြီး 2 က အငယ်ဆုံးပါ။


အပွင့်တွေမှာလည်း 4 Ranks ရှိပါတယ်။ ကြီးစဉ်ငယ်လိုက်စီရရင်—

Spades(♠️) , Hearts(♥️) , Diamonds(♦️) , Clubs(♣️) 

အပွင့်တွေမှာ spades က အကြီးဆုံးဖြစ်ပြီး clubs က အငယ်ဆုံးပါ။


Cards Game ထဲမှာ—

ကတ်နှစ်ခုက Rank တူခဲ့ရင် ‘Pair’ လို့ခေါ်ပါတယ်။

ကတ်နှစ်ခုက အပွင့်တူခဲ့ရင် ‘Suit’ လို့ခေါ်ပါတယ်။


ဒီ Card World ထဲမှာတော့ မပါပေမယ့် လက်တွေ့ Poker ကစားရာမှာ သုံးကြတဲ့ ကတ်တွေရဲ့ Hand Strength တွေကို ဖော်ပြပေးလိုက်ပါ့မယ်။


‘Hand Strength’(ကြီးစဉ်ငယ်လိုက်)


No.1 ‘Royal Flush’

A(♠️) , K(♠️) , Q(♠️) , J(♠️) , 10(♠️)

လက်ထဲရှိ Rank တွေက အစဉ်လိုက်ဖြစ်ပြီး အပွင့်အားလုံးတူနေရပါမယ်။


No.2 ‘Straight Flush’

8(♠️) , 7(♠️) , 6(♠️) , 5(♠️) , 4(♠️)

လက်ထဲရှိ Rank တွေက အစဉ်လိုက်ဖြစ်ပြီး အပွင့်အားလုံးတူပါတယ်။ ဒါပေမယ့် Royal Flush မှာ A,K,Q,J ပါတာကြောင့် Straight Flush က ပိုနိမ့်ပါတယ်။


No.3 ‘4 of Kind’

5(♦️) , 5(♠️) , 5(♣️) , 5(♥️) , 3(♥️)

ကတ်လေးကတ်က Rank တူနေရင် 4 of kind လို့ခေါ်ပါတယ်။ ‘4 of Kind’ရဲ့ Rank အနိမ့်ဆုံးဖြစ်တဲ့ 2,2,2,2,3 ဟာ ‘Full House’ရဲ့ Rank အမြင့်ဆုံးဖြစ်တဲ့ A,A,A,K,K ထက် ပိုမြင့်ပါတယ်။


No.4 ‘Full House’

A(♦️) , A(♠️) , A(♥️) , K(♣️) , K(♥️)

ကတ်သုံးကတ်တူပြီး နောက်ထပ်ကတ်နှစ်ကတ်တူရင် Full House ခေါ်ပါတယ်။ ဒါပေမယ့် အကယ်၍များ A,A,A,K,K 🆚 9,9,9,5,5 လိုမျိုး နှစ်ဖက်စလုံး Full House ဖြစ်နေရင် Rank မြင့်တဲ့ A,A,A,K,K က အနိုင်ရပါလိမ့်မယ်။


No.5 ‘Flush’

K(♠️) , J(♠️) , 9(♠️) , 7(♠️) , 5(♠️)

Rank အစဉ်လိုက်မဟုတ်ပေမယ့် အပွင့်အားလုံးတူရပါတယ်။ ဒါပေမယ့် နှစ်ဖက်စလုံး ‘Flush’ဖြစ်နေရင် Rank ချင်းယှဉ်ရပါတယ်။ ကိုယ့်ဘက်မှာ Rank အမြင့်ဆုံးက K ဖြစ်ပြီး တစ်ဖက် Rank အမြင့်ဆုံးက Q ဖြစ်နေရင် ကိုယ်နိုင်ပါတယ်။


No.6 ‘Straight’

K(♥️) , Q(♠️) , J(♦️) , 10(♣️) , 9(♥️)

Rank အားလုံးက အစဉ်လိုက်ဖြစ်နေရင် ‘Straight’ဖြစ်ပါတယ်။ ‘Straight’ချင်းတူနေရင်တော့ Rank မြင့်တဲ့သူက နိုင်ပါတယ်။ 


No.7 ‘Three-of-a-Kind’

Q(♣️) , Q(♥️) , Q(♠️) , 9(♦️) , 8(♣️)

ကတ်သုံးကတ်က Rank တူနေရင် ‘Three-of-a-Kind’လို့ခေါ်ပါတယ်။ 


No.8 ‘Two Pair’

A(♠️) , A(♥️) , K(♣️) , K(♥️) , 9(♦️)

Rank တူတာ နှစ်တွဲရှိနေရင် ‘Two Pair’လို့ခေါ်ပါတယ်။


No.9 ‘One Pair’

Q(♠️) , Q(♥️) , 9(♦️) , 5(♣️) , 3(♠️)

Rank တူတာ တစ်တွဲရှိရင် ‘One Pair’ လို့ခေါ်ပါတယ်။


No.10 ‘Hight Value’

A(♥️) , Q(♦️) , J(♠️) , 9(♦️) , 7(♣️)

Rank အစဉ်လိုက်လည်းမဟုတ်သလို၊ အပွင့်လည်းမတူပေမယ့် Rank အမြင့်တွေရှိနေရင် Hight Value ဖြစ်ပါတယ်။ Poker မှာ A က Rank အမြင့်ဆုံးပါ။


1-10 မှာ ‘Royal Flush’ က အမြင့်ဆုံးဖြစ်ပြီး ‘High Value’က အနိမ့်ဆုံးပါ။ ဆိုတော့ ‘Royal Flush’ ထက် မြင့်တဲ့ Cards မရှိတော့ဘူးလား? တကယ်တော့ ရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာ အဲဒီ Cards ကိုဖြစ်မြောက်အောင် ဆွဲနိုင်ဖို့ ဖြစ်နိုင်ခြေမရှိလို့ပါ။


‘Royal Card’ထက်မြင့်ပြီး အနိုင်ယူတဲ့ကတ်က—

【Five-of-a-Kind】ဆိုတာ A(♣️) , A(♠️) , A(♦️) , A(♥️) , Joker ဖြစ်ပါတယ်။ ဒါပေမယ့် Poker အများစုမှာ 52 ကိုပဲ အသုံးပြုပြီး Joker 2 ကတ်ကိုထုတ်လေ့ရှိပါတယ်။ အကယ်၍ Joker 2 ကတ်ပါနေရင်တောင် Ace 4 ကတ်ကို ဆွဲမိဖို့ဆိုတာ မဖြစ်နိုင်သလောက်ရှားပါတယ်။ A,A,A,A,Joker ဆွဲမိခဲ့ရင်တော့ ‘Royal Flush’ကို နိုင်ပါတယ်။』


မေးချင်တာမျိုးရှိရင် မေးခဲ့လို့ရပါတယ်ရှင့်…


#TK