Chapter 2
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း 


Chapter 2 (2 of Heart – နှင်းဆီဈာပန)


ရှောက်လုံသည် ကတ်နံရံရှေ့တွင် ရပ်လိုက်ပြီး ကတ်အများအပြားကြောင့် အံ့သြသွားမိသည်။ ကတ်တစ်ခုစီတွင် ဘယ်ဘက်အပေါ်ထောင့်၌ 2 of Hearts သို့မဟုတ် 3 of Spades ကဲ့သို့သော အမှတ်အသားများအပြင် ကတ်တစ်ခုစီတွင် ရုပ်ပုံတစ်ခုပါရှိတာကို တွေ့ရှိသဖြင့် အံ့အားသင့်ခဲ့ရသည်။


ဤကတ်များတွင် မရေမတွက်နိုင်အောင် ပေါင်းစည်းထားသော နေရာများ ရှိပုံရသည်။ ကတ်တစ်ခုစီသည် မတူညီသော ဇာတ်ကွက်များကို ဖွင့်ထားသည့် ပုံသေး TV ဖန်သားပြင်နှင့် တူသည်။


သူ့ရှေ့က ကတ်ပြားမှာ အရှင်းလင်းဆုံး ရုပ်ပုံပါရှိသည်။


ရှောက်လုံသည် ကတ်ကမ္ဘာတွင် အရပ်ပုပုမိန်းကလေးတစ်ယောက်က ရုပ်ဆိုးသော ဖုတ်ကောင်များစွာ၏ လိုက်ဖမ်းခြင်းကို ခံနေရတာကို မြင်လိုက်ရသည်။ ကောင်မလေးသည် မတော်တဆ ချော်လဲပြီး မြေပြင်ပေါ်သို့ လဲကျကာ ဖုတ်ကောင်များက သူမကို အမြန်ဝိုင်းရံလိုက်သည်။ သူတို့သည် သူမ၏ခေါင်းကို ဆုတ်ဖြဲကာ မြိန်ရေရှက်ရေ ကိုက်စားကြသည်။ မိန်းကလေး၏ ထိတ်လန့်သော မျက်လုံးများသည် ရှောက်လုံ၏ ကတ်အပြင်ကို တည့်တည့်စိုက်ကြည့်နေပုံရသည်။


ရှောက်လုံ၏ ဦးရေပြားမှာ ထုံကျင်သွားပြီး မအီမသာ ဖြစ်နေသည်။ သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားပြီး လက်သည်းတွေက သူ့လက်ဖဝါးထဲကို နက်နက်နဲနဲ ထိုးဖောက်ဝင်ရောက်သွားသည်။ ပြင်းထန်သော နာကျင်မှုက အိပ်မက်မဟုတ်ကြောင်း ပြောပြနေသည်။ ၎င်းသည် သူနားမလည်နိုင်သော အခြားနေရာတစ်ခုဖြစ်ပြီး ကတ်များပါရှိသည်။


ထိုမိန်းကလေးသည် အသက်မရှင်နိုင်တော့ဘဲ သူမ၏‘ဦးနှောက်ကို ဖုတ်ကောင်များစားလိုက်ခြင်း’ကြောင့် ဤသေခြင်းမျိုးက ရက်စက်လွန်းလှသည်။


သူမသည် သူ့လိုမျိုး ကတ်ကမ္ဘာထဲသို့ တိုးတိုးတိတ်တိတ် ဆွဲသွင်းခဲ့တာလား? ရှောက်လုံသည် မျက်လုံးများကိုမှိတ်ထားကာ ပြန်မကြည့်ရဲတော့ပေ။


System က အေးစက်စွာ မေးသည်။

"မင်း ကတ်ကမ္ဘာကို မြင်လား?"


ရှောက်လုံက အသက်ပြင်းပြင်းရှူပြီး ပြန်ဖြေလိုက်သည်။

"ငါမြင်တယ်…"


"မင်းရဲ့ရွေးချယ်မှုကို ပြန်ပြောင်းဖို့ အခွင့်အရေးတစ်ခုပဲရှိတယ်… A or B ၊ မင်း ဘာကိုရွေးမှာလဲ?"


ရှောက်လုံက တွန့်ဆုတ်ခြင်းမရှိပေ။

"ငါ B ကိုရွေးတယ်"


System က ကြေညာလိုက်သည်။

"ရွေးချယ်မှုကို အတည်ပြုပြီးပါပြီ"


"86587847 ယောက်မြောက် ကတ်ကမ္ဘာ စိန်ခေါ်သူဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်… ကမ္ဘာသစ်ကိုမဝင်ခင် မင်းရဲ့ရုပ်ရည်နဲ့ လိင်ကို ပြောင်းလဲနိုင်ပါတယ်… ကနဦးအချက်အလက် ချိန်ညှိမှုတွေကိုပြုလုပ်ဖို့ အချိန်သုံးမိနစ်ရှိပါတယ်…"


သူ့ရှေ့မှာ မှန်တစ်ချပ်ရှိသည်။ မှန်ထဲက လူငယ်လေးသည် ချောမောပြီး သူ့မျက်ခုံးတွေက နူးညံ့သည်။ ထိုအချိန်တွင် သူ့မျက်နှာမှာ သဘာဝအတိုင်းမဟုတ်ဘဲ ဖြူဖျော့နေသည်။ ဘယ်သူမဆို သည်လိုအဖြစ်မျိုး ရုတ်တရက်ကြုံလာတိုင်း စိတ်အေးအေးထားဖို့က ခက်ခဲပါသည်။ ရှောက်လုံသည် ကောင်မလေးက ဖုတ်ကောင်ကိုက်ခံရသည်ကို မြင်သောအခါ မအော်ဘဲ ငြိမ်သက်နေခဲ့ပြီဖြစ်သည်။


ရှောက်လုံသည် မှန်ထဲတွင် သူ့ကိုယ်သူ ကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်။

"ငါ့ရဲ့ရုပ်ရည်နဲ့ လိင်ကို မပြောင်းဘူး…"


မမျှော်လင့်ဘဲ သေဆုံးသွားသူအများအပြားကို ကတ်ကမ္ဘာသို့ ပို့လိုက်ခြင်းဖြစ်နိုင်သည်။ သည်နေရာမှာ စိန်ခေါ်သူ သန်း 80 ကျော်ရှိခဲ့သည်။ သူ့အသွင်အပြင်ကို မပြုပြင်ရင် သူယခင်က သိခဲ့သောသူနဲ့ တွေ့နိုင်သည်။ ဤကတ်ကမ္ဘာကို သူနားမလည်သော်လည်း ယခု သူလုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ ကမ္ဘာသစ်၏ စည်းမျဉ်းများကို လိုက်နာပြီး တတ်နိုင်သမျှ အသက်ရှင်ရန် အခွင့်အလမ်းများ တိုးမြင့်လာစေရန်ဖြစ်သည်။


"စိန်ခေါ်သူရှောက်လုံ၊ ကနဦးအချက်အလက်သိမ်းဆည်းမှု အောင်မြင်သွားပါပြီ" မှန်သည် ပျောက်သွားပြီး system ၏ စက်သံကို ကြားလိုက်ရသည်။ "နောက်ထပ်က ကမ္ဘာသစ်ရဲ့ အခြေခံစည်းမျဉ်းတွေကို ငါဖတ်ပြမယ်"


"ကတ်ကမ္ဘာက ကတ်တိုင်းမှာ မတူညီတဲ့ကမ္ဘာငယ်တစ်ခုရှိတယ်… အဲဒါကို လျှို့ဝှက်ခန်းတစ်ခုအဖြစ် မင်းနားလည်နိုင်တယ်…"


"လျှို့ဝှက်ခန်းအမျိုးအစားကို ကတ်အမျိုးအစားနဲ့ ဆုံးဖြတ်တယ်… Hearts က ပဟေဠိတွေဖြေရှင်းခြင်းကို ကိုယ်စားပြုတယ်၊ Diamonds က မတူညီတဲ့ယန္တရားတွေနဲ့ လျှို့ဝှက်ခန်းကို ကိုယ်စားပြုတယ်၊ Spades က ရှင်သန်ခြင်းအခန်းဖြစ်ပြီး Clubs က စိန်ခေါ်ခြင်းအခန်းဖြစ်တယ်…"


"လျှို့ဝှက်ခန်းတွေရဲ့ အခက်အခဲက အနိမ့်ကနေ အမြင့်ဖြစ်ပြီး D, C, B, A, S နဲ့ SS က အမြင့်မားဆုံးအခက်အခဲဖြစ်ပါတယ်… SS အဆင့် လျှို့ဝှက်ခန်းကို ကျော်ဖြတ်ပြီးမှသာ ဘဝသစ်ကိုရရှိနိုင်ပြီး လူသားကမ္ဘာကို ပြန်သွားနိုင်မှာဖြစ်ပါတယ်…"


"မင်း အောင်မြင်ရင် ဆုတွေ ရနိုင်တယ်… ကျရှုံးရင် အပြစ်ခံယူဖို့အတွက် အိမ်မက်ဆိုးအခန်းထဲကို ပို့ဆောင်ခံရမယ်… အိမ်မက်ဆိုးအခန်းမှာ မရှင်သန်နိုင်တဲ့ ကစားသမားတွေကို ကတ်ကမ္ဘာကနေ လုံးဝဖယ်ရှားပစ်မှာဖြစ်တယ်…"


"စည်းကမ်းချက်တွေကို တစ်ကြိမ်ပဲပြောပြပါမယ်… ဒီတော့ ကတ်တစ်ခုကို ရွေးပါ…"


ရှောက်လုံ အရှေ့က လေထဲတွင် ကတ်လေးကတ် ‌ထွက်ပေါ်လာသည်—— 2 of Hearts, 2 of Diamonds, 2 of Spades, 2 of Clubs…


ဤကတ်လေးခုသည် ကတ်နံရံရှိ ကတ်များနှင့်မတူဘဲ ရုပ်ကြွဇာတ်ကွက်များမပါရှိသလို အခြေခံအကျဆုံးကတ်နှင့်တူသည်။ ရှေ့မျက်နှာစာမှာ ရောင်စုံရိုက်နှိပ်ထားပြီး ကတ်ကိုဖွင့်ပြီးရင် သူ ဘာတွေကြုံရမယ်ဆိုတာ မသိနိုင်ပေ။


ကတ်တစ်ခုက ကမ္ဘာတစ်ခုဖြစ်သည်။ သူ ဘယ်တစ်ခုကို ရွေးရမလဲ?


ရှောက်လုံသည် သေချာစဉ်းစားပြီး ‘2 of Hearts’ကိုဆွဲရန် လက်လှမ်းလိုက်သည်။


သူငယ်ငယ်လေးကတည်းက စုံထောက်လျှို့ဝှက်ဆန်းကြယ်ဝတ္ထုတွေကို ဖတ်ရတာ ဝါသနာပါသည်။ တက္ကသိုလ်တက်နေစဉ်ကာလအတွင်း လျှို့ဝှက်ခန်းဂိမ်းတစ်ခုကစားရန် သူ့အခန်းဖော်များ ‌ဆွဲခေါ်တာကိုခံပြီးကတည်းက ဤစိတ်လှုပ်ရှားဖွယ်ကောင်းသော၊ ယုတ္တိကျကျနှင့် ပြင်းထန်သော လွတ်မြောက်ခြင်းအခန်းဂိမ်းကို သူနှစ်သက်ခဲ့သည်။ သူသည် မြို့တစ်မြို့ကိုသွားတိုင်း ရှောက်လုံဟာ လျှို့ဝှက်ခန်းတွေကို သွားပြီး ကစားလေ့ရှိသည်။ သူသည် လျှို့ဝှက်ခန်းပေါင်း ရာနှင့်ချီ ကစားခဲ့ပြီး အတွေ့အကြုံက ကြွယ်ဝသည်။ သို့သော် သူ့ကမ္ဘာက လျှို့ဝှက်ခန်းဂိမ်းအများစုသည် ပဟေဠိဖြေရှင်းခြင်း သို့မဟုတ် ယန္တရားများဖြစ်သည်။ ‘ရှင်သန်ခြင်း’ သို့မဟုတ် ‘စိန်ခေါ်ခြင်း’ လျှို့ဝှက်ခန်းများကို သူ တစ်ခါမျှ မကြားဖူးချေ။


ကောင်မလေးကို ဖုတ်ကောင်များ သတ်ခဲ့သည့် ဗီဒီယိုကို တွေးကြည့်တော့ Spades လျှို့ဝှက်ခန်းဟာ ရှင်သန်ခြင်း အကျပ်အတည်းနဲ့ ရင်ဆိုင်ရဖွယ်ရှိသည်။ Clubs စိန်ခေါ်ခြင်းအခန်းသည် နာမည်ပေါ်အခြေခံ၍ ဆုံးဖြတ်ရန် ခက်ခဲပြီး ထိုအထဲကို အလျင်စလိုသွားခြင်းက ပိုဆိုးနိုင်သည်။ နှိုင်းယှဥ်ပြောရလျှင် Hearts ပဟေဠိဖြေရှင်းခြင်းအခန်းက ရင်းနှီးပုံပေါ်ပြီး ရှောက်လုံက ထိုအရာများကို ကောင်းကောင်းသိသည်။


ဘေးကင်းရန် Hearts ကို သူဦးစွာရွေးချယ်ခဲ့သည်။


— ကတ်ရွေးချယ်မှုပြီးသွားပါပြီ။


— 2 of Hearts လျှို့ဝှက်ခန်း (နှင်းဆီဈာပန) ကို ဖွင့်ပါပြီ။


— စိန်ခေါ်သူရှောက်လုံ၊ အချက်အလက်ဖတ်ခြင်းပြီးပါပြီ။


— အချိန်ကန့်သတ်ချက်မှာ မိနစ် 30 ဖြစ်သည်။ သည်အချိန်ကို ကျော်လွန်ပါက ဖြေရှင်းရန် ကျရှုံးမှုအဖြစ် ဆုံးဖြတ်မှာဖြစ်သည်။


System အချက်ပြမှုတစ်ခုရှိပြီး 2 of Hearts ကတ် မှ အနီရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ အနီရောင်အလင်းတန်းသည် လျင်မြန်စွာ ရေဝဲဖြစ်ပေါ်လာပြီး ရှောက်လုံက ကတ်ကမ္ဘာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားခဲ့သည်။


ရှောက်လုံ၏ အမြင်အာရုံက ရုတ်တရက် မည်းမှောင်သွားသည်။ အမြင်အာရုံကို ပြန်မြင်ရသောအခါ ကျဉ်းမြောင်းသော စင်္ကြံတွင် သူရှိနေတာကို တွေ့ရှိခဲ့သည်။


စင်္ကြံရှိ အလင်းရောင်သည် အလွန်မှိန်နေပြီး အဆုံးတွင် တံခါးတစ်ခုရှိသည်။ ဘေးပတ်ပတ်လည်နံရံများသည် ဗလာဖြစ်ပြီး အသုံးအများဆုံး အဖြူရောင်နံရံများဖြစ်သည်။ ထိုအချိန်တွင် မြေပြင်ပေါ်၌ ဖုန်မှုန့်များ စွန်းထင်းနေသော အဝါရောင် ကြွေပြားများ ရှိနေသည်။ အသုံးဝင်သော သဲလွန်စ ရှာမတွေ့ပေ။


မိနစ် 30:00 အချိန်ရေတွက်ခြင်းဖြင့် အကြည်ရောင်လေးထောင့်ဘောင်က သူ့ရှေ့တွင် ပေါ်လာသည်။ ရှောက်လုံသည် အချိန်ရေတွက်ခြင်းစတင်နေပြီကို တွေ့ရှိပြီး တံခါးဆီသို့ အမြန်လျှောက်သွားခဲ့သည်။


တံခါးကို တွန်းဖွင့်ပြီး အိမ်ထဲကို အမြန်ကြည့်လိုက်သည်။


၎င်းသည် အကျယ်အဝန်း 120 စတုရန်းမီတာခန့်ရှိသော အများသုံး အိပ်ခန်းသုံးခန်းဖြစ်သည်။


ပရိဘောဂများသည် နွေးထွေးသောအရောင်ရှိပြီး အလွန်နှစ်လိုဖွယ်‌ကောင်းသည်။ ဧည့်ခန်းထဲတွင် ပျော့ပျောင်းသော ဆိုဖာတစ်ခု၊ ကော်ဖီစားပွဲအောက်ရှိ ကော်ဇောထူထူနှင့် တစ်ဖက်ခြမ်းတွင် LCD TV ကြီးတစ်ခုရှိသည်။ ထမင်းစားခန်းသည် သန့်ရှင်းသပ်ရပ်ပြီး စားပွဲပေါ်တွင် နှင်းဆီပန်းစည်းများရှိသည်။


၎င်းဘေးနားရှိ အခန်းသုံးခန်းက ပွင့်နေသည်။ တစ်ခန်းက အိမ်ရှင်အိပ်ခန်း၊ တစ်ခန်းက ကာတွန်းပုံများပါသည့် ကလေးအခန်းဖြစ်ပြီး နောက်တစ်ခုကတော့ စာကြည့်ခန်းဖြစ်သည်။


အိမ်တစ်ခုလုံးသည် မြောက်နှင့်တောင်ဘက်တွင်ရှိပြီး စတုရန်းပုံသဏ္ဍာန်က မိသားစုသုံးယောက်အတွက် အသုံးအများဆုံးပုံစံဖြစ်သည်။


သူအိမ်ထဲသို့ဝင်လိုက်သည်နှင့် ရှောက်လုံသည် နှင်းဆီရနံ့နှင့် ရောနှောနေသည့် ထူးဆန်းသောရနံ့ကို ရလိုက်သည်။


ရနံ့သင်းသင်းရသော သခင်အိပ်ခန်းဆီသို့ သူသွားခဲ့သည်။


အိပ်ခန်းအလယ်တွင် နှစ်ယောက်အိပ်ကုတင်တစ်လုံးရှိသည်။ ထိုအချိန်တွင် အိပ်ရာကို အနီရောင် နှင်းဆီပွင့်ချပ်များဖြင့် ဖုံးအုပ်ထားသည်။ အဖြူရောင် ပိုးသားညအိပ်ဝတ်စုံဖြင့် အမျိုးသမီးတစ်ဦးသည် နှင်းဆီပွင့်များပေါ်တွင် အိပ်ပျော်နေခဲ့သည်။ သူမ၏ ဝမ်းဗိုက်ပေါ်တွင် လက်များကို ညင်သာစွာ ချထားကာ အေးချမ်းစွာ အိပ်ပျော်နေပုံရသည်။


သို့သော် သူမ၏ ရင်ဘတ်မှာ ပွင့်နေပြီး သွေးအိုင်ကြီး ရှိနေသည်။


အမျိုးသမီးညဝတ်ဝတ်စုံ၏ ရင်ဘတ်တစ်ဝိုက်တွင် သွေးများဖြင့် စွန်းထင်းနေပြီး နူးညံ့သိမ်မွေ့သော မျက်နှာကို မိတ်ကပ်များဖြင့် ဖုံးအုပ်ထားကာ သေခြင်း၏ လက္ခဏာများကို ထင်ရှားစွာပြသခဲ့သည်။ သူမ၏နှုတ်ခမ်းတွေက အပြာရောင်ဖြစ်ပြီး အသားအရေက စက္ကူလို ဖျော့တော့နေသည်။ ပြင်းထန်သော အနံ့အသက်သည် ဤအမျိုးသမီး၏ ခန္ဓာကိုယ်မှ ထွက်လာသည်။


2 of Hearts ၏ လျှို့ဝှက်ခန်းသည် အမှန်တကယ် လူသတ်မှု မြင်ကွင်းတစ်ခု ဖြစ်သည်။


ရှောက်လုံက ပြင်းထန်သော အနံ့ကို ရှုရှိုက်မိသွားသည်။ သူ့နှာခေါင်းကို ပြင်းပြင်းထန်ထန် ရှုံ့လိုက်ပြီး သူ့မျက်လုံးတွေက ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်လိုက်သည်။


လွတ်မြောက်ခြင်းဂိမ်းများ၌ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော ကစားသမားတစ်ဦးအနေဖြင့် သူသည် ပဟေဠိဖြေရှင်းခြင်း အခန်းများစွာကို ကစားခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းများစွာကို မြင်တွေ့ခဲ့ရသည်။ သူ၏မှုခင်းဆေးပညာကျွမ်းကျင်မှုက လူသေအလောင်းတွေကို ခုခံနိုင်စွမ်းရှိစေတာကြောင့် ကုတင်ပေါ်မှာ အမျိုးသမီး အလောင်းကို တွေ့သောအခါ ထိတ်လန့်မနေဘဲ အမြန်ငြိမ်သက်သွားခဲ့သည်။


Hearts ကတ်သည် 'ပဟေဠိအခန်း' ကို ကိုယ်စားပြု၏။


ဤအခန်းသည် လူသတ်မှု မြင်ကွင်းဖြစ်သောကြောင့် ဖြေရှင်းရမည့် ပဟေဠိမှာ သေဆုံးသူ၏ သေဆုံးရခြင်း အကြောင်းရင်း ဖြစ်သည်။


ရှောက်လုံသည် အလောင်း၏အနံ့ကို သည်းခံကာ လူသေကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးရန် ရှေ့သို့ တိုးလာသည်။


သေဆုံးသူမှာ အသက် 30 အရွယ် အမျိုးသမီးငယ်တစ်ဦးဖြစ်ပြီး အိမ်တွင် သူမ၏ညဝတ်းဝတ်စုံဖြင့် သေဆုံးခဲ့သည်။


သူမ၏ ရင်ဘတ်တွင် ကြီးမားသော သွေးစွန်းကွက် ရှိနေသည်။ ပြင်းထန်သောဒဏ်ရာက နှလုံးကိုထိုးဖောက်ခြင်းမှ ‌ဖြစ်ပေါ်လာသည်။ လက်နက်သည် နှလုံးသွေးကြောကို တိုက်ရိုက်ထိုးဖောက်သော ထက်ရှသည့်ဓားဖြစ်နိုင်သည်။ လုပ်ဆောင်ပုံက သန့်ရှင်းသပ်ရပ်သည်။ ထို့အပြင် သူမ၏ ခန္ဓာကိုယ်တွင် အခြားဒဏ်ရာများ မရှိကြောင်းနှင့် ညှင်းပန်းနှိပ်စက်ခံရသည့် သဲလွန်စများ မရှိကြောင်း သိရသည်။


ဤသည်မှာ သီးသန့်ရေချိုးခန်းပါသော အိမ်ရှင်အိပ်ခန်းဖြစ်သည်။


ရှောက်လုံသည် သဲလွန်စများကို ရှာဖွေရန် ရေချိုးခန်းထဲသို့ ဦးစွာ စတင်ခဲ့သည်။


ရေချိုးခန်းကြမ်းပြင်ပေါ်တွင် ဆံပင်ရှည်များစွာရှိသည်။ ၎င်းတို့သည် သေဆုံးသူ၏ အညိုရောင် ဆံပင်ကောက်ကောက်များနှင့် တူသည်။ သူမ မသေခင် ရေချိုးခန်းထဲမှာ ထိုအရာများကို ထားခဲ့တာမဖြစ်နိုင်သလို သန့်ရှင်းရေးလုပ်ဖို့ အချိန်လည်း မရှိခဲ့ပေ။ ရေချိုးခန်းထဲက အဝတ်အစားတချို့လည်း သူမပြောင်းလဲဝတ်ဆင်ထားပြီး အဝတ်အစားမှာ အနီရောင်အစက်အပြောက်တွေ ရှိနေသည်။


ရှောက်လုံက ထိုအရာတွေကို ကောက်ယူပြီး စစ်ဆေးလိုက်သည်။ သွေးနှင့်တူသော်လည်း အမှန်တကယ်တော့ မဟုတ်ပေ။ ၎င်းက သူမ၏ညအိပ်ဝတ်စုံပေါ်ရှိ သွေးများနှင့် သိသိသာသာ ကွဲပြားသည်။


[အချိန်ရေတွက်ခြင်း 28:10]


[D အဆင့် လျှို့ဝှက်ခန်း အထူးအကြံပြုချက်: သဲလွန်စများစုဆောင်းခြင်း 5%]


အဝတ်အစားတွေကို ကောက်ကိုင်လိုက်သည်နှင့် လေးထောင့်ဘောင်၏ အရှေ့ရှိစာတန်းက ရုတ်တရက် ပြောင်းလဲသွားသည်။ သဲလွန်စ စုဆောင်းမှုပမာဏ၊ ဤအချက်ပြမှုက အလွန်အရေးကြီးပါသည်။ ကတ်ကမ္ဘာကို အသစ်ရောက်လာသူများအတွက် သူတို့တွေ့ရှိခဲ့သည့်အရာများသည် အမှုကိစ္စနှင့် သက်ဆိုင်ကြောင်း အနည်းဆုံးသေချာစေနိုင်သည်။


ဤအဝတ်အစားများသည် အမှုကိစ္စနှင့် အမှန်တကယ် ဆက်စပ်နေပုံရသည်။ ရှောက်လုံသည် အဝတ်အိတ်များကို ဂရုတစိုက်ကြည့်လိုက်ရာ အခြားဘာမှ မတွေ့ချေ။ သို့သော်လည်း အဝတ်အစားပေါ်ရှိ အနီရောင် သဲလွန်စများက သူ့ကို တစ်ခုခုသတိပေးနေပုံရသည်။


သူသည် အဝတ်အစားများကို ချလိုက်ပြီး အခြားသဲလွန်စများကို ဆက်လက်ရှာဖွေခဲ့သည်။


ရေချိုးကန်နှင့် အိမ်သာသည် အလွန်သန့်ရှင်း၏။ လက်ရေဆေးကန်ပေါ်တွင် တင်ထားသော တစ်ကိုယ်ရေသုံးပစ္စည်းများက ပုံမှန်မဟုတ်ပေ။ အမှိုက်ပုံးထဲတွင် အိမ်သာသုံးစက္ကူတချို့ရှိပြီး ညစ်ပတ်နေပုံရသည်။ ရှောက်လုံသည် အမှိုက်ပုံးကို ပြောင်းပြန်လှန်ရန် တုံ့ဆိုင်းမနေဘဲ အတွင်းမှ အမှိုက်အားလုံးကို ထုတ်လိုက်သည်။


စာရွက်အပိုင်းအစတစ်ရွက်ကို သူတွေ့လိုက်သည်။


ရှောက်လုံသည် ညစ်ပတ်သော အိမ်သာသုံးစက္ကူကို လျင်မြန်စွာ ဖယ်လိုက်ရာ စာရွက်အပိုင်းအစများအားလုံးကို တွေ့လိုက်ရသည်။ သူသည် ထိုအရာများကို တစ်စုတစ်စည်းတည်း ထားလိုက်သောအခါ ၎င်းက ဓာတ်ပုံတစ်ပုံဖြစ်ပြီး တရားဝင်လက်ထပ်စာချုပ်၏ ဓာတ်ပုံဖြစ်သည်။


[အချိန်ရေတွက်ခြင်း 27:45 ၊ သဲလွန်စများစုဆောင်းခြင်း 15%]


ရှောက်လုံက သဲလွန်စနှစ်ခုကို သတိရပြီး ရေချိုးခန်းထဲက ထွက်လာသည်။ သူ အိပ်ခန်းထဲကိုစပြီး အသည်းအသန် ရှာဖွေလေသည်။


သူကစားခဲ့သည့် လျှို့ဝှက်ခန်းများသည် ယေဘုယျအားဖြင့် တစ်နာရီထက် ပိုကြာသည်။ ခက်ခဲပါက ပုံမှန်အားဖြင့် သုံးနာရီကနေ ငါးနာရီအထိ ကြာပါသည်။ တချို့သော လျှို့ဝှက်အခန်းကြီးများသည် ထွက်ပြေးရန် ခုနစ်နာရီ သို့မဟုတ် ရှစ်နာရီပင် ကြာသည်။


ပဟေဠိတစ်ခုကို ဖြေရှင်းဖို့ နာရီဝက်က တိုတောင်းလွန်းလှသည်။


ကံကောင်းထောက်မစွာ သည်လျှို့ဝှက်အခန်းက သိပ်မခက်ခဲပေ။ ထို့အပြင် ၎င်းသည် D အဆင့် လျှို့ဝှက်ခန်းဖြစ်ပြီး သဲလွန်စစုဆောင်းခြင်းအကြံပြုချက်လည်း ရှိသည်။


ရှောက်လုံသည် ဗီရိုကို ဖွင့်ကြည့်ကာ သူ့စိတ်ထဲတွင် လျင်မြန်စွာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။


လက်ထပ်စာချုပ်၏ ဓာတ်ပုံကို စုတ်ပြဲပြီး အိမ်သာ၏ အမှိုက်ပုံးထဲသို့ ပစ်ချခဲ့ရာ အမျိုးသမီး၏ အိမ်ထောင်ရေးမှာ ပျက်ပြားနေကြောင်း ညွှန်ပြခဲ့သည်။ သူမ၏နေအိမ်တွင် အမျိုးသားအဝတ်အစားများနှင့် ဖိနပ်များရှိနေဆဲဖြစ်ပြီး သူတို့နှစ်ဦးသည် ကွာရှင်းပြတ်စဲသည့်အဆင့်သို့ မရောက်ရှိသေးကြောင်း ညွှန်ပြနေသည်။ သူမ၏သေဆုံးမှုသည် ခင်ပွန်းဖြစ်သူနှင့် ဆက်စပ်နိုင်ဖွယ်ရှိပြီး နောက်ထပ်ရှာဖွေမှုမှာ ခင်ပွန်းဖြစ်သူ၏အရာများကိုသာ အာရုံစိုက်သင့်သည်။


ရှောက်လုံသည် ဗီရိုအတွင်းမှ အိမ်ရှင်ယောင်္ကျား၏အဝတ်အိတ်များအားလုံးကို လျင်မြန်သောအရှိန်ဖြင့် လှမ်းကြည့်လိုက်သည်။ ငွေသားနှင့် ဘဏ်ကတ်မပါသော ပိုက်ဆံအိတ်ကိုသာ တွေ့ရှိခဲ့သည်။ သို့သော်လည်း လက်ထပ်စာချုပ်တွင် စုံတွဲတစ်တွဲ၏ ဓာတ်ပုံတစ်ပုံရှိခဲ့သည်။


ဓာတ်ပုံထဲတွင် အမျိုးသမီးသည် အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး အမျိုးသား၏ ရင်ခွင်ထဲတွင် ပျော်ရွှင်စွာ မှီထားသည်။ ချောမောသော ယောင်္ကျားနှင့် လှပသော မိန်းမချောလေးက လိုက်ဖက်လှသည်။


[အချိန်ရေတွက်ခြင်း 24:06 ၊ သဲလွန်စစုဆောင်းခြင်း 25%]


ဗီရိုကိုရှာဖွေရန် အချိန်များစွာယူခဲ့ရသည်။ ရှောက်လုံသည် အဝတ်အစားနှင့် ကုတင်ဘေး စားပွဲဆီသို့ လှည့်မသွားမီ တည်ငြိမ်စွာ စဉ်းစားနေခဲ့သည်။ 


မှန်တင်ခုံပေါ်မှ သပ်ရပ်လှပသော ရေမွှေးပုလင်းကိုတွေ့၍ သူဖွင့်ကြည့်လိုက်သည်။ ၎င်းတွင် နှင်းဆီရနံ့ပါသည်။


အံဆွဲထဲတွင် ကတ်တစ်ခုရှိပြီး ဖတ်ကြည့်လိုက်သည်: ‘အချစ်လေး၊ ဒီနှင်းဆီရေမွှေးပုလင်းက နင့်အတွက်ပါ။ ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပြီး အမြဲတမ်းလှပတဲ့မိန်းကလေးဖြစ်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်— နင့်ရဲ့အချစ်ဆုံးသူငယ်ချင်းလျှိုယွင်/ ဇူလိုင် 17 ရက်’။ ကတ်ထဲရှိ 'အချစ်ဆုံးသူငယ်ချင်း' ဟူသော စာလုံးကို အနီရောင် ကြက်ခြေခတ်ကြီးဖြင့် ခြစ်ထားသည်။


မွေးနေ့၊ နှင်းဆီရေမွှေး၊ ကြက်ခြေခတ်ခြစ်ထားသောကတ်နှင့် ဇာတ်ကောင်အသစ် လျှိုယွင်။ ဤသဲလွန်စအားလုံးသည် အရေးကြီး၏။ ရှောက်လုံ၏အရှေ့ရှိ လေးထောင့်ဘောင်သည် သဲလွန်စစုဆောင်းခြင်းပမာဏမှာ 25% မှ 50% သို့ တိုက်ရိုက်ခုန်တက်သွားသည်။


[အချိန်ရေတွက်ခြင်း 22:00 ၊ သဲလွန်စစုဆောင်းခြင်း 50%]


[သင်က သဲလွန်စတစ်ဝက်ကို စုဆောင်းထားပြီး သံသယရှိသူပေါ်လာပါပြီ။ လူသတ်သမားကို ဖော်ထုတ်လိုက်ပါသလား? Yes/No]


[အကြံပြုချက်: ဖြစ်စဉ်ရှင်းလင်းရေးအချိန်နည်းပြီး သဲလွန်စတွေ များများပိုစုဆောင်းနိုင်လေ၊ ဆုပိုများလေဖြစ်ပါတယ်။]


ရှောက်လုံက အဲဒါကို စဉ်းစားပြီး 'No' ကို ရွေးလိုက်သည်။


သူ့မှာ 22 မိနစ်ကျန်သေးပြီး သဲလွန်စအားလုံးကို ရှာမတွေ့သေးပေ။ လူသတ်သမားကို ဖော်ထုတ်ရာတွင် သူ အမှားလုပ်မိနိုင်ဖွယ်ရှိသည်။


လက်ရှိတွင် လူသတ်မှုကျူးလွန်သူမှာ ခင်ပွန်း သို့မဟုတ် သူငယ်ချင်းဖြစ်ကြောင်း သဲလွန်စများစွာ တွေ့ရှိထားကြောင်း သိရသည်။ ခင်ပွန်းသည် သူငယ်ချင်းနှင့် ဖောက်ပြန်တာကို ဇနီးဖြစ်သူက ရှာဖွေတွေ့ရှိခဲ့သည်။ မိန်းမဖြစ်သူသည် ဒေါသတကြီးဖြင့် သူမ၏ တရားဝင်လက်ထပ်စာချုပ်ကို ဆုတ်ဖြဲကာ သူမ၏ သူငယ်ချင်း ပေးပို့သော ကတ်ပေါ်တွင် အနီရောင် ကြက်ခြေခတ်ကြီး ဆွဲခဲ့သည်။ သူမ၏ မွေးနေ့တွင် အငြင်းပွားမှုတစ်ခု ဖြစ်ပွားခဲ့ပြီး မိန်းမဖြစ်သူသည် ခင်ပွန်း သို့မဟုတ် ရည်းစားဖြစ်သူ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာဖြစ်နိုင်သည်။


ထိုသို့သောဇာတ်လမ်းမျိုးဖြစ်ခဲ့လျှင် သဲလွန်စအများစုကို ကျိုးကြောင်းဆီလျော်စွာ ရှင်းပြနိုင်သည်။


ဒါပေမယ့်…


တကယ်ပဲ ဒီလိုမျိုးရိုးရှင်းခဲ့တာလား?


ရှောက်လုံသည် အလွန်လှပသော နှင်းဆီကုတင်ကို ကြည့်ကာ အခန်းအပြင်သို့ အမြန်လှည့်သွားသည်။


သည်နေရာဟာ ပထမဆုံး အခင်းဖြစ်ပွားသည့်နေရာ လုံးဝမဟုတ်ချေ။


#TK