Chapter 6
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 6 (2 of Diamonds – လျှို့ဝှက်ခန်းမှတ်တမ်းများ)


နှင်းဆီဈာပနက ဇာတ်ကွက်ကတ်၊ သစ်သီးဓားနှင့် နှင်းဆီရေမွှေးက ကိရိယာကတ်များဖြစ်ပြီး ဤထောင်ယွမ်မင်က ဆင့်ခေါ်ခြင်းကတ်ဖြစ်သည်။


သူက ထောင်ယွမ်မင်ကို ဆင့်ခေါ်နိုင်မှာလား?


ရှောက်လုံသည် ကတ်ကို ချက်ချင်း ယူလိုက်ပြီး ဂရုတစိုက် ကြည့်ရှုလေ့လာခဲ့သည်။


ကတ်၏နောက်ကျောသည် ငွေဖြူရောင်ဖြစ်ပြီး Hearts ၊ Spades ၊ Diamonds နှင့် Clubs များပါရှိသော ပုံစံလေးမျိုးရှိသည်။ အရှေ့ဘက်တွင် 'ထောင်ယွမ်မင်' ဟူသော စာလုံးဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို ရေးဆွဲထားသည်။ ထိုအမျိုးသားသည် ရှေးခေတ်ပုံစံအတိုင်း ဆံပင်ရှည်ရှည်ရှိပြီး မီးခိုးရောင်ဝတ်ရုံကို ဝတ်ထားသည်။ သူ့နောက်မှာ ကောက်ရိုးဦးထုပ်ကြီးတစ်လုံးရှိကာ သူ့လက်ထဲမှာ ငါးမျှားတံတစ်ချောင်းနဲ့ သူ့မျက်နှာမှာ အေးအေးဆေးဆေး ပြုံးနေခဲ့သည်။


ဇာတ်ကောင်ကို ကွက်ကွက်ကွင်းကွင်း ရေးဆွဲထားသော်လည်း ကတ်ဖော်ပြချက်က လူများကို မှင်တက်သွားစေခဲ့သည်။


[ဆင့်ခေါ်ခြင်းကတ်: ထောင်ယွမ်မင်]


ရှားပါးမှု: S


ဖော်ပြချက်: ကတ်ဆွဲခြင်းအစုအဝေးက အကန့်အသတ်ရှိပြီး ပြီးပြည့်စုံသော ဖြစ်စဉ်ရှင်းလင်းပြီးနောက် ဒါကိုဆွဲမိရန် ဖြစ်နိုင်ခြေက အလွန်နည်းပါသည်။ PS: ထောင်ယွမ်မင်ကိုဆွဲမိသည့် သင်၏ကံက အရမ်းကောင်းပါသည်။ နောက်တစ်ခါကတ်ဆွဲရင် လက်မဆေးဖို့ သတိရပါ။


နောက်ထပ်စွမ်းရည် 1: မက်မွန်ပွင့်နွေဦးကိုသတိရပါ။


ထောင်ယွမ်မင်သည် မက်မွန်ပွင့်နွေဦးမှာ စွဲမက်ဖွယ်ကောင်းသော ကောင်းကင်ဘုံဖြစ်ပြီး ထိုနေရာက မြေဩဇာကောင်းပြီး ရေပေါများတယ်လို့ ဖော်ပြထားပါသည်။ လူတွေဟာ ငြိမ်းချမ်းစွာ နေထိုင်ပြီး အလုပ်လုပ်ကြသည်။ သူတို့သည် ကမ္ဘာကြီးကို မသိဘဲ ပျော်ပျော်ရွှင်ရွှင် အေးချမ်းစွာနေထိုင်ကြသည်။


အသုံးပြုနည်း: ထောင်ယွမ်မင်ကို မည်သည့်လျှို့ဝှက်ခန်းတွင်မဆို ဆင့်ခေါ်နိုင်ပြီး မက်မွန်ပွင့်နွေဦးစွမ်းရည်ကို အသုံးပြုနိုင်သည်။ ထောင်ယွမ်မင်သည် မက်မွန်ပွင့်နွေဦး၏ သီးခြားနေရာကို 10 စက္ကန့်အတွင်း တွေ့ရှိမည်ဖြစ်သည်။ မက်မွန်ပွင့်နွေဦးဆီသို့ဝင်ပေါက်သည် အလွန်လျှို့ဝှက်ထားပြီး အခြားသူများမမြင်နိုင်ပါ။ သင်က ဝင်ပေါက်ဆီသို့ ချက်ချင်း တယ်လီပို့နိုင်ပြီး မက်မွန်ပွင့်နွေဦးတွင် အချိန်မရွေး ပုန်းနိုင်ပါသည်။


မက်မွန်ပွင့်နွေဦးသည် မိနစ် 30 ကြာ တည်ရှိပြီး အချိန်ကုန်ပြီးနောက် အလိုအလျောက် ပျောက်သွားမည်။ ထောင်ယွမ်မင်သည် 24 နာရီတိုင်း မက်မွန်ပွင့်နွေဦးကို ရှာဖွေတွေ့ရှိနိုင်သည်။ မက်မွန်ပွင့်နွေဦးကို တစ်စုံတစ်ယောက်မှတွေ့မြင်ရပါက စွမ်းရည်ကို ထုတ်လွတ်လို့ရမည်မဟုတ်ပေ။

 

မှတ်ချက်: အဆင့် 1 တွင် သင်တစ်ယောက်တည်းသာ မက်မွန်ပွင့်နွေဦးဆီ ဝင်ရောက်နိုင်သည်။ အဆင့်တစ်ခုတိုးတိုင်း နောက်ထပ်လူတစ်ဦးကို မက်မွန်ပွင့်နွေဦးဆီ ခေါ်ဆောင်နိုင်သည်။


 နောက်ထပ်စွမ်းရည် 2: ကတ်သည် အဆင့် 10 သို့ တိုးလာသောအခါမှသာ လော့ခ်ပွင့်မည်။


ရှောက်လုံသည် ဤကတ်၏ ရှုပ်ထွေးသောဖော်ပြချက်ကို မြင်သောအခါ ခဏတာ အံ့အားသင့်သွားသည်။


ဒီအရှုပ်အထွေးက ဘာကြီးလဲ?


မက်မွန်ပွင့်နွေဦးကို မှတ်မိပါ? ကျောင်းတက်တုန်းက ထောင်ယွမ်မင်ရေးတဲ့ ဒီစာကို သူဖတ်ဖူးပေမယ့် အတိအကျ အကြောင်းအရာကို မမှတ်မိတော့ဘူး။


ရှောက်လုံသည် ၎င်းကို သေချာစွာ နှစ်ကြိမ်ဖတ်ပြီး နောက်ဆုံးတွင် ထောင်ယွမ်မင်၏ကတ်အသုံးပြုပုံကို နားလည်သွားသည်။


ထောင်ယွမ်မင်၏ မက်မွန်ပွင့်နွေဦးသည် ဖော်ပြချက်မှ လျှို့ဝှက်နေရာအဖြစ် မြင်နိုင်ပြီး ‘အခြားလူများက ဝင်ပေါက်ကို မမြင်နိုင်သောကြောင့်’ဖြစ်သည်။ တစ်နည်းဆိုရသော် ထောင်ယွမ်မင်၏စွမ်းရည်ကို အောင်မြင်စွာ ထုတ်လွတ်နိုင်သ၍ လျှို့ဝှက်ခန်းထဲရှိ NPC ဒါမှမဟုတ် အခြားစိန်ခေါ်သူများသည် ဝင်ပေါက်ကို မမြင်နိုင်ပေ။ သို့သော် ရှောင်လုံသည် မက်မွန်ပွင့်နွေဦးနေရာတွင် အချိန်မရွေး ပုန်းနေနိုင်သည်။


သူ နားလည်တာ မှန်ကန်မယ်ဆိုရင် ‘မက်မွန်ပွင့်နွေဦးကိုသတိရပါ’က တကယ်တော့ တယ်လီပို့စွမ်းရည်တစ်ခုဖြစ်သည်။


လက်ရှိတွင် သူတစ်ယောက်တည်းသာ teleport လုပ်နိုင်သည်။ နောက်ပိုင်းတွင် ကတ်က အဆင့်တိုးလာသောအခါတွင် သူသည် သူ၏သူငယ်ချင်းအားလုံးကို မက်မွန်ပွင့်နွေဦးဆီသို့ ပို့နိုင်သည်။


——၎င်းသည် S အဆင့် ရှားပါးကတ်တစ်ခုအဖြစ် ထိုက်တန်ပါသည်။ ၎င်းသည် အဖွဲ့လိုက်ဂိမ်းတစ်ခုတွင် ပျောက်ကွယ်သွားခြင်းနှင့် ညီမျှသည့် မက်မွန်ပွင့်နွေဦးတွင် ချက်ချင်းဝှက်ထားနိုင်သည်။


စွန်းရည် စောင့်ဆိုင်ချိန်က 24 နာရီအထိကြာသော်လည်း မက်မွန်ပွင့်နွေဦးသည်လည်း အချိန်ကြာမြင့်စွာတည်ရှိနေသည်။ မိနစ် 30 သည် အရေးကြီးသောအခိုက်အတန့်များတွင် အသက်အန္တရာယ်ကို ရှောင်ရှားရန် လုံလောက်ပါသည်။


မက်မွန်ပွင့်နွေဦးကိုသတိရပါကို အသုံးပြုနည်းမှာ အခြားသူများ မမြင်စေနိုင်ခြင်းဖြစ်သည်။ မက်မွန်ပွင့်နွေဦးကို လွတ်မြောက်ရန် လျှို့ဝှက်နေရာအဖြစ် အသုံးပြုနိုင်သည်။ အန္တရာယ်ရှိသော ကတ်ကမ္ဘာတွင် ကြိုတင်၍ ဘေးကင်းလုံခြုံသော နေရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။


ဒုတိယစွမ်းရည်အတွက် လော့ခ်ဖွင့်ထားခြင်းမရှိပေ။ ၎င်းကိုလော့ခ်ဖွင့်ဖို့ ကတ်က အဆင့် 10 သို့ ရောက်ရှိရန် လိုအပ်သည်။


ရှောက်လုံက သည်ကတ်၏အသုံးပြုမှုကို နားလည်သွားပြီး မေးလိုက်သည်။

"ကတ်ရဲ့အဆင့်ကို ငါဘယ်လိုမြင့်ရမှာလဲ?"


A of Hearts က ပြန်ဖြေသည်။ 

"S အဆင့် ကတ်တစ်ခုစီမှာ အဆင့်မြင့်တင်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်… အဲဒါကို နင်ဖြည်းဖြည်းချင်း စူးစမ်းဖို့ လိုအပ်တယ်… ဆင့်ခေါ်ခြင်းကတ်ကို ဆွဲမိတဲ့ နင့်ရဲ့ကံက အရမ်းကောင်းတယ်… ရှားပါးကတ်ထဲကနေ ထောင်ယွမ်မင်ကို ဆွဲမိတာက ဒါပထမဆုံးပဲ… လက်ရှိမှာ အဲဒါက တစ်ခုပဲရှိတယ်…"


ရှောက်လုံ: "..."


သူသည် လက်တွေ့ကမ္ဘာတွင် အလွန်ကံမကောင်းသူတစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ကတ်ကမ္ဘာထဲသို့ ဆွဲခေါ်ခံရပြီးနောက် သူ၏ကံကောင်းလာသည်။


S အဆင့်ကတ်များသည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း ၎င်းတို့ကို စိတ်ရှည်စွာ အဆင့်မြင့်ပေးရန် လိုအပ်ပါသည်။ ကတ်တိုးတက်မှုအဆင့်ကို မြင့်တင်ခြင်းဖြင့် စွမ်းရည်များ၏ အကျိုးသက်ရောက်မှုကို မြင့်တင်နိုင်ပြီး စွမ်းရည်များကို ပိုမိုလော့ခ်ဖွင့်နိုင်ပါသည်။ ထောင်ယွမ်မင်၏ကတ်ကို မည်သို့အဆင့်မြင့်နိုင်သည်ကို မသိရသေးသော်လည်း ရှောက်လုံက စိတ်မရှည်တော့ပေ။ အနည်းဆုံးတော့ ဤကတ်သည် အရေးကြီးသောအခိုက်အတန့်တွင် လွတ်မြောက်ရန် အခွင့်အရေးရှိသည်။


သူက ခေါင်းကိုမော့ပြီး မေးခွန်းထုတ်လိုက်သည်။

"ဆင့်ခေါ်ခြင်းကတ်ကို ဘယ်လိုသုံးရမှာလဲ? ငါ အဲဒါကိုထုတ်ပြီး သုံးရမှာလား?"


A of Hearts: "ဒီကတ်ကို ကတ်ထုပ်ထဲကထုတ်ပြီး ထောင်ယွမ်မင်ကို ဆင့်ခေါ်ပြီးတော့ စွမ်းရည် 1 ကို ထုတ်ခိုင်းလိုက်ပါ…နင်သတ်မှတ်ထားတဲ့နေရာမှာ မက်မွန်ပွင့်နွေဦးကို အလိုအလျောက် ထုတ်ပေးလိမ့်မယ်… သစ်သီးဓားနဲ့ နှင်းဆီရေမွှေးလိုမျိုး ကိရိယာကတ်တွေက တိုက်ရိုက်အသုံးပြုနိုင်ပါတယ်… ကတ်ထုပ်က လူတိုင်းအတွက် အရမ်းအရေးကြီးပါတယ်… အရေးကြီးတဲ့အခိုက်အတန့်တွေမှာ အလျင်စလိုမဖြစ်စေဖို့နဲ့ ဘယ်ကတ်တွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ မသိတာမျိုး ဒါမှမဟုတ် နင်လိုချင်တဲ့ကတ်ကို ရှာမတွေ့တာမျိုး မဖြစ်စေဖို့ ဂရုတစိုက် စုစည်းထားသင့်တယ်…"


ရှောက်လုံက ကတ်ထုပ်ကိုဖွင့်ပြီး ပြန်စီစဉ်လိုက်သည်။


သူသည် “ဇာတ်ကွက်ကတ်: နှင်းဆီဈာပန”ကို နောက်ဆုံးတွင်ထားပြီး S အဆင့် “ဆင့်ခေါ်ခြင်းကတ်: ထောင်ယွမ်မင်”ကို ပထမဇယားကွက်တွင် ထားခဲ့သည်။ ဒါက အချိန်မရွေးထွက်ပြေးလွန်မြောက်ရန်အတွက် ထုတ်ယူဖို့ အဆင်ပြေသည်။ C အဆင့်ကတ်များ “သစ်သီးဓား”နှင့် “နှင်းဆီရေမွှေး”တို့ကို ဒုတိယနှင့် တတိယအကွက်များတွင် အသီးသီး ထားရှိသည်— လောလောဆယ် ဤကတ်များသာ ရှိသေးပြီး နောက်ထပ်ရှိသေးပါက နောက်ပိုင်းတွင် ၎င်းတို့ကို ချိန်ညှိရမည်။


သူ၏ကတ်ထုပ်ကို ရှင်းလင်းပြီးနောက် A of Hearts ဆီမှ နူးညံ့သောစကားသံကို ကြားလိုက်ရသည်။

"လျှို့ဝှက်ခန်းကို ရှင်းလင်းပြီးရင် 15 မိနစ်ခန့် အနားယူလို့ရပါတယ်… နင်အခု အနားယူနိုင်ပါပြီ၊ နောက်စိန်ခေါ်မှုအတွက် ကျင့်သားရအောင်လုပ်ပြီး ပြင်ဆင်နိုင်ပါတယ်…"


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။

"ကောင်းပြီ…"


သူစကားပြောပြီးတာနဲ့ သူ၏ကိုယ်ပိုင်နေရာတွင် ဆိုဖာတစ်ခုပေါ်လာသည်။ ရှောက်လုံက လျှောက်သွားပြီး ဆိုဖာပေါ်မှာထိုင်ကာ မျက်စိမှိတ်ပြီး တရားထိုင်နေသည်။


ပထမအဆင့်က သူ့ကို သတင်းအချက်အလက်တွေ အများကြီးပေးခဲ့ပြီး အဲဒါကို ဝေဖန်ပိုင်းခြားဖို့ လိုအပ်နေပါသေးသည်။ 15 မိနစ်လောက် အနားယူချိန်ဟာ သူ့စိတ်ကို တည်ငြိမ်ဖို့ အချိန်ကောင်းပဲဖြစ်သည် 


ကတ်အခန်း၏အခက်အခဲသည် သူကစားခဲ့သော လက်တွေ့ဘဝက လွတ်မြောက်ခြင်းဂိမ်းများထက် များစွာကြီးမားသည်။


လက်တွေ့ဘဝက လျှို့ဝှက်ခန်းဂိမ်းများတွင် ကစားသမားအတွက် အလောင်းကို အမှန်တကယ် ထားရှိခဲပါသည်။ ထို့အပြင် လျှို့ဝှက်ခန်းဂိမ်းအများစုသည် ကစားသူပေါင်းစုံ ပူးပေါင်းဆောင်ရွက်သည့် ပုံစံများဖြစ်သည်။ ကိုယ့်အနီးနားတွင် ရင်းနှီးသောအပေါင်းအဖော်များရှိပြီး လူတိုင်းနဲ့စကားပြောနိုင်သောကြောင့် စိတ်ပိုင်းဆိုင်ရာ အကြောက်တရားဖိစီးမှုကို လျှော့ချပေးနိုင်ပါသည်။


နှင်းဆီဈာပနသည် လူလေးယောက်အတွက် လျှို့ဝှက်အခန်းဖြစ်ပါက လူတစ်ဦးစီသည် အခန်းတစ်ခန်းကို ရှာဖွေပါက ဖြစ်စဉ်ကိုပြီးမြောက်ရန် အခက်အခဲများစွာက လျော့ကျသွားမည်ဖြစ်သည်။


ကတ်ကမ္ဘာတွင် သူတို့သည် အဆင့်များကို ကျော်လွှားရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး ပူးပေါင်းဆောင်ရွက်နိုင်ပါသလား။


ရှောက်လုံသည် ခဏလောက်စဉ်းစားပြီးနောက် မျက်လုံးဖွင့်ကာ စောင့်ရှောက်သူကို မေးလိုက်သည်။ 

"လျှို့ဝှက်အခန်းထဲရှိ အတွေ့အကြုံက အဲဒီလျှို့ဝှက်ခန်းကမ္ဘာနဲ့ပဲ ကန့်သတ်ထားတာလား? လျှို့ဝှက်ခန်းထဲမှာ ဒဏ်ရာရလို့ လျှို့ဝှက်ခန်းထဲကနေ ထွက်သွားပြီးရင် ဒဏ်ရာက အလိုလိုပျောက်သွားလာမှာလား?"


A of Hearts က သူမရှေ့ရှိ လူငယ်လေးကို အံ့သြတကြီး လှမ်းကြည့်နေသည်။ မျက်နှာပေါ်မှာ မျက်ရည်စီးကျနေသူတွေ၊ အော်ကြဟစ်ကြသူတွေနဲ့ ကြောက်လန့်တကြား ဘောင်းဘီထဲ ဆီးသွားသူတွေအပါအဝင် လူအတော်များများကို သူမ မြင်ဖူးသည်။ ရှောက်လုံလို ပထမအဆင့်ကို ကျော်ဖြတ်ပြီး အလွန်တည်ငြိမ်သောလူက တကယ့်ကို ရှားပါးသည်။

 

သူမရှေ့က လူငယ်ကို စိတ်ဝင်တစားကြည့်ကာ မေးလိုက်သည်။

"နင် ဘယ်လိုသိတာလဲ?"


ရှောက်လုံက သူ့လက်တွေကို ဆန့်တန်းပြီး အေးဆေးတည်ငြိမ်စွာပြောသည်။

"ငါ့ခန္ဓာကိုယ်နဲ့ ငါ့လက်တွေမှာ ပေကျန်ထားတာ ဘာမှမရှိဘူးလေ… ဆိုလိုတာက 2 of Hearts ရဲ့ လျှို့ဝှက်ခန်းကမ္ဘာကနေ ငါ ထွက်လာတဲ့အခိုက်အတန့်မှာ လျှို့ဝှက်ခန်းထဲက အချက်အလက်အားလုံးကို ရှင်းသွားတာပဲ… နောက်ထပ်စိန်ခေါ်သူတွေက ဒီလျှို့ဝှက်ခန်းထဲကို ဝင်ရောက်လာတဲ့အခါ 2 of Hearts လျှို့ဝှက်ခန်းက မူလအခြေအနေကို ပြန်လည်ရောက်ရှိသွားလိမ့်မယ်… အဲဒါက ဂိမ်းတစ်ခုလိုပဲ… စိန်ခေါ်သူအသစ်တွေနဲ့ တွေ့ဆုံဖို့ ဖြစ်စဉ်ကို အဆက်မပြတ်ပြန်လည်သတ်မှတ်နေမှာ… ဒီလျှို့ဝှက်ခန်းလေးတွေကို မရေမတွက်နိုင်တဲ့ အပြိုင်နေရာတွေအဖြစ် နားလည်နိုင်တယ်မလား?"


A of Hearts: "..."


ကတ်ကမ္ဘာထဲကိုဝင်ပြီး နာရီဝက်လောက်အကြာမှာ သူက သည်လောက်အထိ ခွဲခြမ်းစိတ်ဖြာနေနိုင်ပြီလား။ A of Hearts သည် သူမရှေ့ရှိ ယောင်္ကျားကို အထင်ကြီးသွားပြီး လေးလေးစားစား ခေါင်းငြိမ့်လိုက်သည်။

"နင် ဘာကိုမှန်းဆမိသေးလဲ?"


ရှောက်လုံ: "နောက်ပိုင်း အဆင့်မြင့်လျှို့ဝှက်ခန်းတွေက အဖွဲ့လိုက်လုပ်ဆောင်သင့်တယ်မလား?"


A of Hearts : "နင့်ရဲ့အကြောင်းပြချက်ကို ပြောပြ…"


ရှောက်လုံက ရှင်းပြသည်။

"လူတစ်ယောက်တည်း လျှို့ဝှက်ခန်းက ဘယ်လောက်ပဲ ခက်ခဲနေပါစေ ရှင်းလို့မရလောက်အောင်အထိ ကြီးကြီးမားမား ပြဿနာမရှိနိုင်ပါဘူး… ဒီကမ္ဘာမှာ စုံထောက်တွေ ပြတ်တောက်မှုမရှိဘူး… ပြီးတော့ စိန်ခေါ်သူ သန်း 80 ကျော်မှာ နောက်ဆုံးလျှို့ဝှက်ခန်းကို ရှင်းလင်းနိုင်တဲ့သူ တစ်ယောက်မှမရှိသေးဘူးလို့ မင်းငါ့ကို ပြောခဲ့တယ်လေ… နောက်ပိုင်းလျှို့ဝှက်ခန်းတွေရဲ့ အခက်အခဲက စိတ်ကူးထားတာထက် ကျော်လွန်နေပြီး ပဟေဠိကို ဖြေရှင်းဖို့ စိန်ခေါ်သူ အများအပြားကို လိုအပ်နိုင်ဖွယ်ရှိတယ်… ဒါပေမယ့် ကျွမ်းကျင်သူအဖွဲ့တစ်ဖွဲ့ကို စုစည်းဖို့က သူ့ဟာသူကို ကြီးမားတဲ့ပြဿနာဖြစ်နေပြီ…"


အကယ်၍ လျှို့ဝှက်ခန်းများအားလုံးသည် လူတစ်ဦးတည်းလျှို့ဝှက်ခန်းများဖြစ်ကြပါက စိန်ခေါ်သူ သန်း 80 ကျော်တွင် အထူးသဖြင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု၊ မှုခင်းဆေးပညာ၊ လျှို့ဝှက်ဆန်းကြယ်သော ဝတ္ထုစာရေးဆရာများနှင့် အခြားသော အသက်မွေးဝမ်းကျောင်းပညာရပ်များတွင် ပြင်းထန်သောအတွေးအခေါ်ရှိသည့် ကျွမ်းကျင်မှုများရှိနေနိုင်သောကြောင့် သူတို့၏ ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်မှုမှာ အလွန်ကောင်းမွန်မည်ဖြစ်ပြီး သူတို့အားလုံးက ဖြစ်စဥ်ကို ကျော်ဖြတ်ဖို့ မဖြစ်နိုင်ပေ။


နောက်ပိုင်းတွင် လျှို့ဝှက်ခန်းများသည် အဖွဲ့လိုက်လုပ်ဆောင်ရန် လိုအပ်သည်။


အဖွဲ့လိုက်လျှို့ဝှက်ခန်းက အခက်ဆုံးဖြစ်သည်။ သဲလွန်စတွေက ပြန့်ကျဲလွန်းနေပြီး လူတစ်ယောက်က အမှားလုပ်မိရင် သူတို့တွေ ကျရှုံးသွားလိမ့်မည်။


ထို့ကြောင့် မည်သူမျှ ဖြစ်စဉ်ကို အောင်မြင်စွာ မကျော်ဖြတ်နိုင်ပေ။


ရှောက်လုံက ထပ်ပြောသည်။

"ဟုတ်တာပေါ့၊ ဒါက ငါ့ရဲ့စိတ်ကူးသက်သက်ပါပဲ…"


A of Hearts က ပြုံးလိုက်သည်။

"နင့်ရဲ့ခန့်မှန်းချက်က မှန်ပါတယ်… D အဆင့် တစ်ယောက်တည်းကစားသမား လျှို့ဝှက်ခန်းတွေက Beginner အဆင့်တွေဖြစ်ပြီး နင့်ကို ကျင့်သားရအောင်လုပ်ဖို့ အချိန်ပေးတာပါ… C အဆင့် လျှို့ဝှက်ခန်းတွေက ပိုခက်ခဲပြီး အဖွဲ့လိုက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်… နင့်ရဲ့အဖွဲ့ဝင်တွေက နင့်ကို ဝန်ထုပ်ဝန်ပိုးဖြစ်အောင်မလုပ်ဖို့ ငါမျှော်လင့်ပါတယ်…"


သေချာတာကတော့ အဖွဲ့တစ်ဖွဲ့ဟာ ထိန်းချုပ်ရအခက်ခဲဆုံးဖြစ်သည်။ မကောင်းသောအဖွဲ့ဝင်နဲ့တွေ့ရင် နတ်ဘုရားတောင် ဖြစ်စဉ်ကို ရှင်းလင်းနိုင်မှာမဟုတ်ဘူး။


ရှောက်လုံက ခဏလောက် တိတ်ဆိတ်သွားပြီး မေးလာသည်။

"မင်းရဲ့ဖြစ်စဉ်တွေကို ရှင်းလင်းတာက Hearts၊ Diamonds၊ Spades နဲ့ Clubs တွေရဲ့ ထိပ်ဆုံးအဆင့် လျှို့ဝှက်ခန်းတွေကို ဖွင့်ဖို့လား? ဒါမှမဟုတ် ငါက Hearts တွေကိုပဲ ရွေးချယ်ရှင်းလင်းလို့ရလား?"


သည်မေးခွန်းက အရေးကြီး၏။ ဖြစ်စဉ်ရှင်းလင်းခြင်းဆိုသည်မှာ လျှို့ဝှက်ခန်း လေးမျိုးစလုံးကို ရှင်းလင်းခြင်းအား ရည်ညွှန်းပါက အခက်အခဲသည် လေးပုံတစ်ပုံမျှသာ မဟုတ်ပေ။ အကယ်၍ သူသည် ပဟေဠိဖြေရှင်းသော Heart လျှို့ဝှက်ခန်းတွေကိုသာ ကစားနိုင်ခဲ့ပါက အဆုံးသတ်သို့ရောက်ရှိနိုင်ခြေက အလွန်များပြားလာမည်ဖြစ်သည်။


သို့ပေမယ့် နောက်အခိုက်အတန့်မှာတော့ A of Hearts က သူ့အပေါ် ရေအေးနဲ့လောင်းချလိုက်သည်။

"အလေးအနက်စိန်ခေါ်သူတွေကို အဆင့်ကျော်ဖို့အတွက် ငါတို့က မတိုက်တွန်းပါဘူး… နောက်ဆုံးဖြစ်စဉ်ရှင်းလင်းခြင်းက K of Hearts၊ K of Diamonds၊ K of Spades၊ K of Clubs အားလုံးကို ရည်ညွှန်းတာပါ… K လျှို့ဝှက်ခန်း လေးခုစလုံးကို ဖြေရှင်းနိုင်တဲ့ စိန်ခေါ်သူတွေသာ နောက်ဆုံး နေနဲ့လနတ်ဘုရား SS အဆင့်အတွက် လက်မှတ်ရရှိဖို့ အရည်အချင်းပြည့်မှီမှာဖြစ်ပါတယ်…"


Hearts လျှို့ဝှက်ခန်းကိုပဲ ရှင်းလင်းရန် စိတ်ကူးက မဖြစ်နိုင်ပေ။ သို့ပေမယ့် နောက်ပိုင်းအဆင့်မှာ အဖွဲ့တစ်ခုကို ဖွဲ့နိုင်မှာဖြစ်သည့်အတွက် သူ့အားနည်းချက်တွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ပြီး တချို့သောအဖွဲ့ဝင်တွေကို သူရှာဖွေနိုင်သည်။


အဖွဲ့တစ်ခုဖွဲ့ခြင်းသည် တစ်ခါတစ်ရံတွင် ရှုပ်ထွေးနိုင်ပြီး မကောင်းသောအဖွဲ့ဝင်နှင့် တွေ့ဆုံပါက အဖွဲ့တစ်ခုလုံးကို အောက်သို့ဆွဲချသွားစေနိုင်သည်။


သို့သော် တစ်ခါတစ်ရံမှာ အဖွဲ့လိုက်အင်အားက အစွမ်းထက်ဆုံးဖြစ်သည်။


အားလုံးက ထင်းတွေပေါင်းထည့်လိုက်သောအခါ မီးတောက်က ပို၍မြင့်တက်လာသည်။ သူ၏အဖွဲ့ဝင်တွေက သူတွေးလို့မရသည့် အရာတွေကို တွေးကောင်းတွေးနိုင်ပါသည်။ ခေါင်းချင်းဆိုင်အဖြေရှာခြင်းသည် လျှို့ဝှက်ခန်းကို ရှင်းလင်းရာတွင် အလွန်အသုံးဝင်သောကြောင့် လက်တွေ့ဘဝက လျှို့ဝှက်ခန်းဂိမ်းများအားလုံးသည် ကစားသမားပေါင်းများစွာ ပူးပေါင်းဆောင်ရွက်ရသောပုံစံများဖြစ်သည်။


ဒါကိုစဉ်းစားရင်း ရှောက်လုံက မေးလိုက်သည်။

"ငါ့ရဲ့အဖွဲ့ဝင်တွေကို ဘယ်လိုရှာရမှာလဲ?"


A of Hearts က စိတ်ရှည်စွာ ‌ရှင်းပြခဲ့သည်။

"အဖွဲ့တစ်ဖွဲ့မှာ လူအရေအတွက် ကန့်သတ်ချက်ရှိပါတယ်… အတူတူဝင်ဖို့ အဖွဲ့ဝင်ကို နင်ကြိုတင်ရှာလို့ရပါတယ်… နင် ရှာလို့မတွေ့ဘူးဆိုရင် နင်က အခြားကစားသမားတွေနဲ့ ကြုံရာကျလိမ့်မယ်… ဒီကမ္ဘာမှာ နင် ဘယ်လိုအဖွဲ့ဝင်တွေနဲ့ တွေ့ပါစေ အဲဒါက နင့်ရဲ့ကံတရားအပေါ်မှာပဲ မူတည်တယ်…"


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။

"ကျေးဇူးပါ၊ ငါနားလည်ပြီ…"


15 မိနစ်က မြန်မြန်ဆန်ဆန်ကုန်သွားသည်။


A of Hearts က သတိပေးလာသည်။

"အနားယူချိန်ကုန်သွားပြီ… ကတ်နံရံကိုသွားပြီး နောက်ထပ်လျှို့ဝှက်ခန်းကို ရွေးပါ…"


ရှောက်လုံက မတ်တတ်ရပ်ပြီး ကြီးမားသော ကတ်နံရံဆီသို့ ထပ်မံသွားလိုက်ရသည်။


ကတ်နံရံတွင် 2 of Hearts ကို ရှင်းလင်းထားပြီး နောက်အဆင့်က 3 of Hearts ဖြစ်သည်။ Diamonds၊ Spadesနှင့် Clubs လျှို့ဝှက်ခန်းများအတွက် သူက 2 အဆင့်ကို ရွေးချယ်နိုင်သေစသည်။ အဆင့်မြင့်လေလေ အခက်အခဲက မြင့်လာလေလေဖြစ်သည်။ ရှောင်လုံက 2 အဆင့်ကနေ စတင်ရမည်။ အနာဂတ်အတွက် ထည့်သွင်းစဉ်းစားပြီး သူသည် လျှို့ဝှက်ခန်းလေးမျိုး၏ လက္ခဏာများနှင့် အကျွမ်းတဝင်ရှိရမည်ဖြစ်ကာ Diamonds၊ Spades နှင့် Clubs တို့ကိုလည်း သွားကြည့်ရမည်ဖြစ်သည်။


ရှောက်လုံက 2 of Diamonds ၏လျှို့ဝှက်ခန်းသို့ ဦးစွာသွားရန် ဆုံးဖြတ်လိုက်သည်။


Diamonds က ယန္တရားအမျိုးအစား လျှို့ဝှက်ခန်းဖြစ်ပြီး ယန္တရားအမှားကို တက်နင်းမိ၍ အချွန်တွေနဲ့ ထိုးသတ်ခံရခြင်း၊ စကားဝှက်မှားရိုက်ထည့်မိ၍ တွင်းထဲကို ကျသွားခြင်းစသည့် အန္တရာယ်တချို့ရှိသင့်သည်။ 2 of Hearts နှင့် သူ၏အတွေ့အကြုံအပေါ် အခြေခံ၍ Beginner အဆင့်တွင် အလွန်ကြောက်စရာမလိုလောက်ပေ။ 2 of Hearts တွင် ‘သဲလွန်စစုဆောင်းခြင်း’၏ အချက်ပြမှုရှိပြီး 2 of Diamonds ၏ ယန္တရားသည် အလွန်ခက်ခဲမည်မဟုတ်ပေ။


Spades ၏ ရှင်သန်ခြင်းလျှို့ဝှက်ခန်းနှင့် Clubs ၏ စိန်ခေါ်ခြင်းလျှို့ဝှက်ခန်းနှင့် နှိုင်းယှဉ်ပါက ဆုလာဘ်များကို ပိုမိုရယူရန် Diamonds ကို ဦးစွာရွေးချယ်ခြင်းက ပညာအရှိဆုံးဖြစ်သည်။


ရှောက်လုံသည် သူ့လက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး “2 of Diamonds” ကတ်ကို ဆွဲထုတ်လိုက်သည်။


ဤအခိုက်အတန့်တွင် သူ့ခေါင်းပေါ်ရှိ အကြည်ရောင် လေးထောင့်ဘောင်ပေါ်တွင် သွေးနီရောင် စာလုံးကြီးက ရုတ်တရက် ပေါ်လာသည်။


[2 of Hearts လျှို့ဝှက်ခန်း “နှင်းဆီဈာပန”ကို 13 မိနစ်၊ 15 စက္ကန့်အတွင်း ပြီးပြည့်စုံစွာရှင်းလင်းနိုင်ခဲ့သည့်အတွက် စိန်ခေါ်သူ “ယွီဟန်ကျန်း”အား ဂုဏ်ယူပါသည်။]


ရှောက်လုံ: "…"


ယွီဟန်ကျန်းလား?!


သူသိတဲ့ မှုခင်းရဲတပ်ဖွဲ့က အဖွဲ့ခေါင်းဆောင်ယွီလား?


မျိုးရိုးအမည်‘ယွီ’က ရှားပါးပြီး သည်နာမည်ကို အတိအကျ ရေးသားထားသည်။


ထို့အပြင် ယွီဟန်ကျန်းက ပြစ်မှုဆိုင်ရာရဲအရာရှိတစ်ဦးဖြစ်သည်။ ကျန်းကျိုးမြို့၏ MCU အဖွဲ့ခေါင်းဆောင်အနေဖြင့် ဤလူသည် သူတာဝန်ယူချိန်မှစ၍ မရေမတွက်နိုင်သောအမှုများကို ဖြေရှင်းနိုင်ခဲ့ပြီး ရဲအရာရှိလောကတွင် ကျော်ကြားလာခဲ့သည်။ လူသတ်မှုကိစ္စကြောင့် ယွီဟန်ကျန်းနဲ့တွေ့ခဲ့ရတာကို ရှောက်လုံ မှတ်မိနေပါသေးသည်။ သူတို့ကျောင်းက မိန်းကလေးကို သူမ၏အခန်းဖော်က အောက်ထပ်သို့ တွန်းချခဲ့ပြီး အဖွဲ့ခေါင်းဆောင်ယွီက လူသတ်သမားအစစ်ကို နှစ်ရက်အတွင်း ဖမ်းမိခဲ့သည်။


အမှုများဖြေရှင်းရာတွင် ရှောက်လုံကို အပျော်တမ်းကစားသမားအဖြစ်သာ သတ်မှတ်နိုင်သော်လည်း ယွီဟန်ကျန်းက ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်သည်။


နှင်းဆီဈာပန၏ လျှို့ဝှက်ခန်းတွင် ရှောက်လုံသည် ပဟေဠိကို ချောချောမွေ့မွေ့ဖြင့် 18 မိနစ်ကြာ ဖြေရှင်းခဲ့သည်။ သို့သော် ယွီဟန်ကျန်းသည် 13 မိနစ်အတွင်း ဖြစ်စဉ်ကို ပြီးပြည့်စုံစွာ ကျော်ဖြတ်နိုင်ခဲ့သည်။ တစ်ဖက်တွင်မူ ရဲတပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်အဖြစ် ယွီဟန်ကျန်းသည် လူသတ်မှုများစွာကို မြင်တွေ့ခဲ့ရပြီး အခင်းဖြစ်ပွားရာနေရာ၌ သက်သေများ စုဆောင်းပြီး အမှုကို ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းက အလွန်အားကောင်းသည်။ ထို့အပြင် သေဆုံးသူ၏ လက်ဗွေရာသည် ဖုန်းကို လော့ခ်ဖွင့်၍မရဘဲ ယွီဟန်ကျန်းက ၎င်းကို ချက်ချင်းစဉ်းစားနိုင်လိမ့်မည်။ ယခင်က အမှုကိစ္စများကို ကိုင်တွယ်သည့်အခါတွင် သူသည် လော့ခ်ဖွင့်၍မရသော ဖုန်းကို ချန်ထားခဲ့ရသည့် အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရပေမည်။


ပြီးပြည့်စုံသော ကောက်ချက်ချမှုများအပေါ် အခြေခံ၍ 2 of Hearts လျှို့ဝှက်ခန်းကို ဖြတ်ကျော်ကာ ကမ္ဘာ့စံချိန်ချိုးခဲ့သည့် ယွီဟန်ကျန်းသည် သူသိသော မှုခင်းရဲတပ်ဖွဲ့ခေါင်းဆောင်ဖြစ်ကြောင်း ရှောက်လုံက သေချာလုနီးပါးဖြစ်နေသည်။


ဒါပေမယ့် အဖွဲ့ခေါင်းဆောင်ယွီက ဘယ်လိုလုပ် ကတ်ကမ္ဘာထဲကို ရောက်လာတာလဲ?!


#TK