Chapter 13
Viewers 1k

Volume 1 : Beginner ၏ လျှို့ဝှက်ခန်း


Chapter 13 (2 of Spades – ကတ်အသစ်ဆုများ)


ရှောက်လုံက ရဟတ်ယာဉ်နဲ့ ပထမဆုံးအကြိမ် လိုက်ပါခဲ့သည်။


ရဟတ်ယာဉ်သည် လျင်မြန်စွာ တက်သွားစဉ် သူ၏ခေါင်းထက်၌ ပန်ကာများ၏ ဆူညံသောများ ထွက်ပေါ်လာခဲ့သည်။ ရှောက်လုံက တင်းတင်းကျပ်ကျပ် ထိုင်ချလိုက်ပြီး ပြတင်းပေါက်ကနေ ငုံ့ကြည့်လိုက်သည်။ လျှိုရှောင်ယွမ် ခေါ်လိုက်ပြီးနောက် ကစားကွင်းရှိ ဇွန်ဘီများသည် အကွင်းထိန်းချုပ်မှုမှ လွတ်မြောက်သွားခြင်း ရှိ၊မရှိကို သူသိချင်ခဲ့သည်။ ရလဒ်မှာ မြေပြင်ပေါ်တွင် မရေမတွက်နိုင်သော အလားတူဇွန်ဘီမြို့များရှိကြောင်း သူ မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရသည်။


မြို့တစ်မြို့ချင်းစီအကြား၌ အကြည်ရောင် အတားအဆီးတစ်ခု ရှိနေပုံရသဖြင့် အချင်းချင်း ဆက်သွယ်ထားချင်းမရှိသလို အချင်းချင်း သက်ရောက်မှုလည်းမရှိပါ။


မြို့တိုင်း၌ လူသားများ ပြေးလွှားနေတာကို သူမြင်ရသည်။ အခြားသူများက ဇွန်ဘီများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေချိန်တွင် တချို့က ထိတ်လန့်တကြားဖြစ်ပြီး ယိမ်းယိုင်နေကာ တချို့က လျင်မြန်သွက်လက်ပြီး ငြိမ်သက်နေပါသည်။


ရဟတ်ယာဉ်၏ အရှိန်က အလွန်မြန်သည်။ ကမ္ဘာငယ်လေးများသည် အနက်ရောင်အစက်အပြောက်များဖြစ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်မသွားမီ သူတို့ကိုကြည့်ရန် သူ့မှာအချိန်မရှိခဲ့ပေ။


ရှောက်လုံက မျက်မှောင်ကြုတ်ကာ ဆင်ခြင်သုံးသပ်ခဲ့သည်။


သူသည် ဇွန်ဘီအုပ်လိုက်ကို အပြေးအလွှား ဖြတ်ကျော်နေချိန်တွင် သူကဲ့သို့ လူများစွာသည် ဤလျှို့ဝှက်ခန်းကို စိန်ခေါ်နေပါသည်။ ဖြစ်စဉ်ကို လူဘယ်နှစ်ယောက်ဖြတ်ကျော်သွားသလဲ ဒါမှမဟုတ် လူဘယ်နှစ်ယောက်ကျရှုံးပြီး သည်နေရာမှာ ထာဝရနေခဲ့ရသလဲဆိုတာ သူမသိပါ။


သူ့အတွေးတွေအား မှန်းဆမိသလို ရဟတ်ယာဉ်၏ ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် အမျိုးသားက ရုတ်တရက် စကားပြောလာသည်။

"D အဆင့်လျှို့ဝှက်ခန်းကိုတောင် မအောင်မြင်နိုင်တဲ့သူတွေက ကတ်ကမ္ဘာမှာ အသက်ရှင်ဖို့ မသင့်တော်ဘူး… အသိစိတ်မရှိ၊ နာကျင်မှုမရှိတဲ့ ဇွန်ဘီမြို့မှာနေရတာက သူတို့အတွက် အကောင်းဆုံးအဆုံးသတ်ပဲ…"


ထိုလူ၏အသံက လည်ချောင်းထဲတွင် ရေခဲတုံးရှိနေသကဲ့သို့ အေးစက်နေသည်။


ကတ်ကမ္ဘာသို့ သူပထမဆုံးရောက်သည့်အချိန်က သူ့ကို ‘A ရွေးမလား၊ B ရွေးမလား’မေးသည့် အေးစက်စက်အသံမှန်း ရှောက်လုံ မှတ်မိလိုက်သည်။ သူ့ရှေ့က လူ၏အသံက system နှင့် အတူတူပဲဖြစ်သည်။


ရင်ထဲတွင် အနည်းငယ် အံ့အားသင့်သွားကာ ရှောက်လုံသည် မတ်မတ်ထိုင်ပြီး မှန်‌ကနေ လှမ်းကြည့်လိုက်သည်။


ဒရိုင်ဘာထိုင်ခုံရှိ အမျိုးသားသည် မျက်နှာတစ်ခြမ်းကို ဖုံးအုပ်ထားသည့် နေကာမျက်မှန်ကြီးကို တပ်ဆင်ထားပြီး ချွန်ထက်သော မေးရိုးကိုသာ ထင်ရှားစေသည်။


အမျိုးသားက နောက်ပြန်လှည့်မကြည့်ဘဲ ရှောက်လုံ၏လှုပ်ရှားမှုအားလုံးကို ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်နိုင်ပုံရသည်။ ရှောက်လုံက သူ့ကို ကြည့်လိုက်တာနဲ့ အမျိုးသား၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကြွတက်လာပြီး သူက ဆိုသည်။ 

"မင်္ဂလာပါ၊ ငါက မင်းကို ကတ်ကမ္ဘာဆီ ခေါ်လာတဲ့သူပဲ… မင်း ငါ့ကို A of Spades လို့လည်း ခေါ်နိုင်တယ်…"


ဖြစ်စဉ်ကို ရှင်းလင်းပြီးနောက် စောင့်ရှောက်သူကို မြင်နိုင်သည်။


ရှောက်လုံသည် Hearts အစ်မနှင့် Diamonds Loli ကို မြင်ဖူးသည်။ အရွယ်ရောက်ပြီးသူ Spades အမျိုးသားကို တွေ့လိုက်ရတော့ သူက အလျင်အမြန် လက်ခံလိုက်ပြီး မဝံ့မရဲမေးလိုက်သည်။

"ဇွန်ဘီမြို့ကို ရှင်းလင်းပြီးတဲ့ သူတွေအားလုံးကို ရဟတ်ယာဉ်မောင်းပြီး လူကိုယ်တိုင် လာခေါ်တာလား?"


"မင်းမေးချင်တာကို ငါသိတယ်… ဟုတ်တယ်… ဇွန်ဘီမြို့ဟာ မရေမတွက်နိုင်တဲ့ အပြိုင်နေရာတွေကို ထုတ်ပေးနိုင်သလိုမျိုးက ငါက မရေမတွက်နိုင်တဲ့ ကိုယ်ပွားတွေကိုထုတ်ပြီး စိန်ခေါ်သူတွေအားလုံးကို ခေါ်ဆောင်နိုင်တယ်…"


ရှောက်လုံ၏ ယခင် ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ကတ်တစ်ထုပ်မှာ 54 ကတ်သာရှိသော်လည်း ကတ်တစ်ခုစီမှ ကိုယ်စားပြုသောကမ္ဘာတွင် မရေမတွက်နိုင်သောဖြစ်စဉ်များရှိသည်။ သူနှင့် ယွီဟန်ကျန်းတို့ နှစ်ဦးစလုံးသည် 2 of Spades တွင် ရှိနေကြသော်လည်း ကမ္ဘာများကြားတွင် အမည်မသိအတားအဆီးတစ်ခုရှိ၍ မဆုံစည်းနိုင်ခဲ့ကြပေ။ သူ့အောက်ရှိ မရေမတွက်နိုင်သောမြို့တွေက သက်သေပါပဲ။


စိန်ခေါ်သူများသည် တူညီသောနေရာသို့ ဝင်ရောက်နိုင်သည့် ကစားစုံလင်လှသော လျှို့ဝှက်အခန်းများကိုသာ သူစောင့်ဆိုင်းနိုင်ခဲ့သည်။ သူသည် စာချုပ်ကို လိုအပ်ပြီး ယွီဟန်ကျန်းကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖွေရမည်။ သို့သော်လည်း A of Hearts က သူ့ကို စာချုပ်တစ်ခုဝယ်ယူရန် ရွှေဒင်္ဂါးပြားများ လိုအပ်ကြောင်း ပြောကြားခဲ့သည်။ လောလောဆယ်မှာတော့ ရွှေဒင်္ဂါးပြားကို ဘယ်လိုရှာရမှန်း သူမသိဘူး။


ဒါကိုတွေးမိပြီး ရှောက်လုံက မေးလိုက်သည်။

"A of Hearts က နောက်ဆက်တွဲဖြစ်စဥ်တွေမှာ ငါ ရွှေဒင်္ဂါးတွေရနိုင်တယ်လို့ ပြောခဲ့ပေမယ့် လျှို့ဝှက်ခန်းတွေထဲမှာ ရွှေဒင်္ဂါးရနိုင်မယ့် နေရာကို ငါမတွေ့ခဲ့ဘူး…"


A of Spades က သူ့ကို ပြောသည်။ "မင်း မကြာခင် သိလိမ့်မယ်…"


"စာချုပ်တစ်ခုဝယ်ဖို့ ရွှေဒင်္ဂါးဘယ်လောက်လိုလဲ?"


"10,000"


ရှောက်လုံ: "..."


Spades သည် ရက်စက်ကြမ်းကြုတ်သော ရှင်သန်ခြင်းလျှို့ဝှက်ခန်းကို ကိုယ်စားပြုသောကြောင့် ဖြစ်နိုင်သော်လည်း Spade ၏ စောင့်ရှောက်သူက အလွန်အေးစက်သည်။ ရှောက်လုံ၏မေးခွန်းကို ယခင်အစောင့်များကဲ့သို့ တုံ့ပြန်မှုမရှိပေ။


ရှောက်လုံသည် ဘာမှမပြောတော့ဘဲ ပါးစပ်ပိတ်နေခဲ့ရသည်။


ရဟတ်ယာဉ်သည် ၎င်း၏ ဦးတည်ရာသို့ လျင်မြန်စွာ ရောက်ရှိခဲ့သည်။


၎င်းသည် ရင်းနှီးသော အဖြူရောင် မြူခိုးများဖြင့် ဝန်းရံထားသည့် လွင့်မျောနေသောစင်္ကြံတစ်ခုဖြစ်သည်။ အဖြူရောင်မြူခိုးများအလယ်တွင် ရှောက်လုံသည် အပြင်လောကကို မမြင်နိုင်ဘဲ သူ့ရှေ့ရှိ ကြီးမားသော ကတ်ကမ္ဘာကြီးကိုသာ မြင်နေရသည်။


ဤအချိန်တွင် 2 of Spades ကတ်၏ ညာဘက်အောက်ထောင့်တွင် အစိမ်းရောင်ဖြင့် ‘ရှင်းလင်းပြီး’စာလုံး ရှိသည်။


စောင့်ရှောက်သူက သူ့ကို ပြောခဲ့သည်။

"ဆုတွေကို ရှင်းလင်းပြီးပြီ… ကတ်ထုပ်ကို စစ်ကြည့်လိုက်…"


ရှောက်လုံသည် ကတ်ထုပ်ကိုဖွင့်လိုက်ပြီး ကတ်အသစ်နှစ်ခုရှိနေတာကို တွေ့လိုက်ရသည်။


[ကိရိယာကတ်: ဇွန်ဘီဗိုင်းရပ်စ်]


ရှားပါးမှု: A


ဖော်ပြချက်: ဇွန်ဘီမြို့၏ 2 of Spades လျှို့ဝှက်ခန်းကို ရှင်းလင်းခြင်းအတွက် သတ်မှတ်ထားသောဆုဖြစ်သည်။


မှတ်ချက်: ဇွန်ဘီဗိုင်းရပ်စ်၏ ကူးစက်မှုသည် အမှုန်အမွှားများဖြင့် ပျံ့နှံ့သည်။ ဗိုင်းရပ်စ်သည် လေထဲသို့ ပျံ့နှံ့သွားပြီး အနီးတဝိုက်သို့ လျင်မြန်စွာ ပျံ့နှံ့သွားမည်ဖြစ်သည်။ မီတာ 100 အတွင်း သက်ရှိအားလုံး (သင်ကိုယ်တိုင်အပါအဝင်) ထိခိုက်မည်။ ရောဂါပိုးရှိသောသက်ရှိများသည် သွေးအပူချိန်မြင့်ခြင်း၊ ကိုယ်လက်အင်္ဂါအားနည်းခြင်းနှင့် 10 စက္ကန့်အတွင်း အလောင်းကောင်အဖြစ်သို့ ပြောင်းလဲခြင်းစသည့် လက္ခဏာများခံစားရနိုင်သည်။ အလောင်းကောင်အဖြစ်သို့ ပြောင်းလဲပြီးနောက် ရွေ့လျားမှုအမြန်နှုန်း 80% ကျဆင်းလာပြီး တိုက်ခိုက်စွမ်းအား နှစ်ဆတိုးလာမည်ဖြစ်သည်။ ဦးခေါင်းကို မဖြတ်သ၍ ခန္ဓာကိုယ်ကို သက်ရောက်စေသည့် ထိခိုက်မှုအားလုံးကို ပြန်လည်ကုသနိုင်သည်။


အသုံးပြုနိုင်သောအရေအတွက်: တစ်ကြိမ်


*****


[ကိရိယာကတ်: အထူးအကျိုးသက်ရောက်မှု ကာကွယ်ဆေး]


ရှားပါးမှု: A


ဖော်ပြချက်: 2 of Spades ၏လျှို့ဝှက်ခန်းကို ပြီးပြည့်စုံစွာ ရှင်းလင်းပြီး ကနဦးကူးစက်ခံရသူ၏ သွေးရည်ကြည်နမူနာများကို ရယူပါ။


မှတ်ချက်: ပထမဆုံး ဇွန်ဘီဗိုင်းရပ်စ် ကူးစက်ခံရသူ လျှိုရှောင်ယွမ်သည် ဇွန်ဘီဗိုင်းရပ်စ်အတွက် ပဋိပစ္စည်းများကို ထုတ်လုပ်ထားသည်။ တချို့သော သုတေသနပြုလုပ်ပြီးနောက် ပညာရှင်များသည် နောက်ဆုံးတွင် ဇွန်ဘီကာကွယ်ဆေးကို ပြုလုပ်ခဲ့ပြီး ကာကွယ်ဆေးထိုးသူများသည် ဇွန်ဘီဗိုင်းရပ်စ်အား ခံနိုင်စွမ်းကို ရရှိမည်ဖြစ်သည်။


အသုံးပြုနိုင်သောအရေအတွက်: ကူးစက်ခံရသူထံမှ သွေးရည်ကြည်နမူနာခြောက်ခုကို သင်ပြန်လည်ယူဆောင်လာသောကြောင့် ခြောက်ပြွန်ကာကွယ်ဆေးကို ပြုလုပ်ထားသည်။ အနီရောင်၊ အဝါရောင်နှင့် အပြာရောင်ပြွန်များ၏ ကာကွယ်ဆေးများသည် သင့်အား ဇွန်ဘီဗိုင်းရပ်စ်မှ လုံးဝခုခံကာကွယ်ပေးနိုင်ပါသည်။ အစိမ်းရောင်၊ ခရမ်းရောင်နှင့် အနက်ရောင်ပြွန်များသည် ကာကွယ်ဆေးထိုးခြင်း၏ အကျိုးသက်ရောက်မှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေသည်။ ၎င်းသည် အဆိပ်ရှိသော အခိုးအငွေ့များ၊ အသက်ရှုကြပ်စေသော ဓာတ်ငွေ့နှင့် အဆိပ်ရှိသော မြွေကိုက်ခြင်းကဲ့သို့သော အဆိပ်အားလုံးကို ခုခံကာကွယ်ပေးနိုင်သည်။ အစိမ်းရောင်၊ ခရမ်းရောင်နှင့် အနက်ရောင် ကာကွယ်ဆေးကို ထိုးပြီး နောက် 10 မိနစ်ကြာအောင် အဆိပ်ဒဏ်ကို ခံနိုင်ရည်ရှိမည်။


ရှောက်လုံ၏ မျက်လုံးများ တောက်ပလာသည်။ သူသည် ကူးစက်ခံရသူ၏ သွေးနမူနာ ခြောက်ခုလုံးကို ပြန်ယူလာပြီး နောက်ဆုံးတွင် ခြောက်ပြွန်ကာကွယ်ဆေးကို ရရှိခဲ့သည်။ နောက်ပိုင်းမှာ အဆိပ်ရှိသော မြူခိုးတွေနဲ့ ကြုံလာရရင် သူ့အသက်ကို ကယ်နိုင်သည်။


2 of Spades 2 ကို ရှင်းလင်းခြင်းအတွက် သတ်မှတ်ထားသောဆုမှာ တိုက်ရိုက်အသုံးပြုလိုက်အခါ သူ့ကို ဇွန်ဘီအဖြစ်ပြောင်းလဲပေးမည့် ဇွန်ဘီဗိုင်းရပ်စ်ကတ်ဖြစ်သည်။ ပြီးပြည့်စုံသော ရှင်းလင်းရေးကို ရရှိမှသာ ကတ်နှစ်ကတ်ကို အပျက်သဘောဆောင်သည့် သက်ရောက်မှုမရှိဘဲ တွဲသုံးနိုင်မည်ဖြစ်သည်။


ဤ A ကတ်နှစ်ကတ်တွင် ကန့်သတ်ချက်များရှိသော်လည်း တချို့သောအခြေအနေများတွင် A ကတ်သည် S ကတ်ထက် မဆိုးရွားကြောင်း ငြင်းဆို၍မရပေ။


ကတ်များကို လိုက်လျောညီထွေစွာ အသုံးပြုနေသ၍ ကတ်တစ်ခုစီသည် သူတို့တို့၏ ကိုယ်ပိုင်လုပ်ဆောင်ချက်များဖြင့် ကစားနိုင်သည်။ ဥပမာအားဖြင့် C အဆင့်သစ်သီးဓား၊ နှင်းဆီအမွှေးနှင့် B အဆင့်နန်းတော်ကိုးခုလေးထောင့်ကွက်တို့သည် ယခင်ဇွန်ဘီမြို့၌ ရှောက်လုံအတွက် များစွာအထောက်အကူဖြစ်စေပါသည်။


ဒီကတ်ဆွဲခြင်းကနေ သူ ဘယ်ကတ်ရမှာလဲ?


ရှောက်လုံသည် သူ့ရှေ့တွင် ရွှေရောင်ရတနာသေတ္တာကို မြင်ပြီး ရှေ့သို့ လှမ်းကာ ကတ်ကို ဆွဲလိုက်သည်။


[A အဆင့်ကတ် ‘ဆင့်ခေါ်ခြင်းကတ်: ဇွန်ဘီခေါင်းဆောင်’ကို ရရှိသည့်အတွက် ဂုဏ်ယူပါသည်။]


ရှောက်လုံသည် ဤတစ်ကြိမ်တွင် A အဆင့်ကတ်ကို အမှန်တကယ်ဆွဲခဲ့သည်။ ရှင်းလင်းရေးအချိန်က မိနစ် 50 ဖြစ်ပြီး နောက်ဆုံးရမှတ်က A ဖြစ်နေတာကြောင့်များလား။


ဖော်ပြချက်ကို အနီးကပ်ကြည့်ရန် ရှောက်လုံက ကတ်ကို ကောက်ကိုင်လိုက်သည်။


[ဆင့်ခေါ်ခြင်းကတ်: ဇွန်ဘီခေါင်းဆောင်]


ရှားပါးမှု: A 


ဖော်ပြချက်: ပြီးပြည့်စုံသော ရှင်းလင်းရေး လျှို့ဝှက်ခန်း ရရှိပြီးနောက် အကန့်အသတ်ကတ်ဆွဲခြင်းမှ ၎င်းကို ရရှိရန် ဖြစ်နိုင်ခြေ ပိုများသည်။ A အဆင့်ကတ်တစ်ခု၏ အင်အားသည် S အဆင့်ထက် အနည်းငယ်နိမ့်သော်လည်း အဆင့်အပြည့်ရှိပြီး စွမ်းရည်အားလုံးကို အလိုအလျောက်လော့ခ်ဖွင့်ထားသောကြောင့် S အဆင့်ကတ်ထက် ပိုကောင်းသည်။


နောက်ထပ်စွမ်းရည်များ 1: လက်သည်းတိုက်ခိုက်မှု


ဇွန်ဘီခေါင်းဆောင် လျှိုရှောင်ယွမ်သည် သူ၏လက်သည်းများကို ထုတ်ကာ ရန်သူများကို အလွန်လျင်မြင်သောအရှိန်ဖြင့် အနီးကပ်တိုက်ခိုက်သည်။ လျှိုရှောင်ယွမ်၏လက်သည်းများနှင့် ထိတွေ့ထားသောသတ္တဝါများသည် ဇွန်ဘီဗိုင်းရပ်စ်ကိုချက်ချင်းကူးစက်ပြီး လျှိုရှောင်ယွမ်၏ ဇွန်ဘီဖြစ်လာမည်ဖြစ်သည်။


နောက်ထပ်စွမ်းရည်များ 2: ဇွန်ဘီထိန်းချုပ်မှု


လျှိုရှောင်ယွမ်သည် ကျယ်လောင်သော လေချွန်သံကို ပြုလုပ်ပြီး ကူညီရန် beginner ဇွန်ဘီခြောက်ကောင်ကို ဆင့်ခေါ်သည်။ ဤဆင့်ခေါ်ခြင်းကို 24 နာရီလျှင် တစ်ကြိမ်သာ ရရှိနိုင်ပါသည်။ ဆင့်ခေါ်ထားသော ဇွန်ဘီများသည် နှေးကွေးသော်လည်း ၎င်းတို့သည် အလွန်ရန်လိုပြီး သင့်ညွှန်ကြားချက်များကို နားထောင်နိုင်ကာ အခြားသူများကို အာရုံလွှဲနိုင်သည်။ beginner ဇွန်ဘီများကြောင့် တိုက်ခိုက်ခံရပြီးနောက် သွေးထွက်သွားသော သတ္တဝါများသည် ကူးစက်ခံရပြီး 10 စက္ကန့်အတွင်း ကာကွယ်ဆေးမထိုးပါက ဇွန်ဘီများ ဖြစ်လာမည်ဖြစ်သည်။


မှတ်ချက်: လျှိုရှောင်ယွမ်၏မျိုးနွယ်က ဇွန်ဘီဖြစ်ပြီး သူ၏အားနည်းချက်မှာ ခေါင်းဖြစ်သည်။ သူ့ဦးခေါင်းကို ဖြတ်လိုက်သည်နှင့် ချက်ချင်းသေဆုံးသွားကာ ကတ်လည်း ပျက်စီးသွားမည်ဖြစ်သည်။


ကတ်၏ မျက်နှာပြင်ပေါ်တွင် ချွန်ထက်သော ကျားသွားတစ်စုံနှင့် ဖြူဖျော့ဖျော့ကလေးငယ်တစ်ဦးကို ရေးဆွဲထားသည်။ သူ့မျက်လုံးများက အနက်ရောင်လုံးလုံးဖြစ်နေပြီး ကတ်ထဲကနေ ခုန်ထွက်သွားတော့မလို ရှောက်လုံကို စိုက်ကြည့်နေသည်။


ရှောက်လုံသည် တံခါးဖွင့်ပေးရန် လိမ်ညာခဲ့သည့် ထိုကောင်ကလေးရှိသော ဆေးရုံမြင်ကွင်းကို တွေးကြည့်ရင်း သူ့စိတ်တွေ ရှုပ်ထွေးနေခဲ့သည်။


သူက လျှိုရှောင်ယွမ် ဆင့်ခေါ်ခြင်းကတ်ကို တကယ်ဆွဲခဲ့မိသည်။


နောက်ပိုင်းတွင် သူသည် ဤဇွန်ဘီကောင်လေးကို ဆင့်ခေါ်နိုင်သော်လည်း သူ၏နောက်ကျောက အေးစက်နေသည်။ လျှိုရှောင်ယွမ်က တစ်ဖက်သို့လှည့်ပြီး သူ့ကို တိုက်ခိုက်မှာ မဟုတ်ဘူးဆိုတာ သေချာရဲ့လား။ 


ရှောက်လုံသည် သူ၏ ထူးဆန်းသော အတွေးများကို ဖယ်လိုက်ပြီး A of Spades ကို ကြည့်လိုက်သည်။ 

"ငါ အနားယူလို့ရမလား?"


"အနားယူချိန်က 5 မိနစ်ပဲ ရှိတယ်…"


ရှောက်လုံသည် အကူအညီမဲ့သလို ခံစားခဲ့ရ၏။ Hearts သည် အစောင့်များထဲတွင် အကြင်နာဆုံးဖြစ်ပြီး သူ့ကို 15 မိနစ်ပေးခဲ့သည်။ Spades က သူ့ကို 5 မိနစ်ပဲ အနားယူချိန်ပေးစဉ်မှာ Diamonds က သူ့ကို အနားယူချိန်တောင် မပေးခဲ့ဘူး။ သူသည် ဇွန်ဘီမြို့ကို အချိန်အကြာကြီး ဖြတ်ပြေးနေခဲ့ရကာ သူ၏ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုက ပြင်းထန်လှသည်။ လက်ရှိတွင် သူ့ခန္ဓာကိုယ်သည် အလွန်လေးလံနေပြီး ခြေထောက်များတွင် ကျောက်ခဲများဖြင့် ပြည့်နေပုံရသည်။ သူသည် လမ်းလျှောက်ကို ခက်ခက်ခဲခဲ လျှောက်ရလိမ့်မည်။


ဒါပေမယ့်… အနားယူချိန်မရှိတာထက် 5 မိနစ်က ပိုကောင်းပါသည်။


ရှောက်လုံသည် ဆိုဖာပေါ်တွင် ချက်ချင်းထထိုင်လိုက်ပြီး သူ့ကိုယ်သူ ထိန်းညှိရန်အတွက် တောင့်တင်းသောကြွက်သားများကို နှိပ်နယ်လိုက်သည်။


A of Spades က သူ့ကို မေးသည်။

"မင်း‌ နောက်ထပ် ဘယ်ကိုသွားမှာလဲ?"


ရှောက်လုံက တွေးလိုက်သည်။ 

"ငါ မကျော်ဖြတ်ရသေးတဲ့ 2 of Clubs ပဲ ကျန်တော့တာဆိုတော့ ငါ အဲဒီကို သွားလိုက်မယ်…"


"2 of Clubs က နောက်ဆုံး D အဆင့် လျှို့ဝှက်ခန်းပဲ…"


"D အဆင့် လျှို့ဝှက်ခန်းက လေးခန်းပဲရှိတာလား?"

ရှောက်လုံ အံ့ဩသွား၏။ ကတ်ကမ္ဘာသို့ ရောက်လာသော လူသစ်များကို လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ရန် လူသစ်အဆင့်သည် အဆင့်များစွာရှိမည်ဟု သူထင်ခဲ့သည်။ 2 of Hearts၊ 2 of Diamonds၊ 2 of Spades နှင့် 2 of Clubs တို့သာရှိမည်ဟု သူ မမျှော်လင့်ထားပေ။


"D အဆင့် လျှို့ဝှက်ခန်းတွေက မင်းကို လျှို့ဝှက်ခန်းလေးခုရဲ့ ခန့်မှန်းခြေအမျိုးအစားတွေကို အသိပေးရန်သာဖြစ်တယ်… အဆင့်တစ်ခုက လုံလောက်ပြီ…" 

A of Spades က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး 2 of Club က ကတ်နံရံကနေ ရှောက်လုံ ရှေ့ကို တိုက်ရိုက် ပျံသန်းသွားသည်။ 

"2 of Clubs မှာ လူတွေအများကြီးရှိပြီး Clubs ဘက်မှာ မင်းက ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ရလိမ့်မယ်…"


"ပြိုင်ဘက်တွေလား?" ရှောက်လုံက အံ့အားသင့်စွာ ကြည့်လိုက်သည်။


"ဒါက စိန်ခေါ်ခြင်းလျှို့ဝှက်ခန်းဖြစ်လို့ ပြိုင်ဘက်တွေရှိတာက ပုံမှန်ပဲလေ…"


"…" ဒါကို သူသိရင် Clubs ဆီ သူသွားမှာမဟုတ်ဘူး။ လျှို့ဝှက်ခန်းတွေပြောင်းဖို့ အချိန်ရှိသေးလား။


***


တစ်ချိန်တည်းမှာပင် ကိုယ်ပိုင်နေရာတစ်ခုအတွင်း၌


ယွီဟန်ကျန်း၏ အဝတ်အစားများသည် သွေးများဖြင့် စွန်းထင်းနေပြီး သူ့မျက်နှာကို ဖုန်မှုန့်များဖြင့် ဖုံးအုပ်ထားသည်။ သူ့ပုံစံက နည်းနည်းရှုပ်ထွေးနေ၏။


ဖြစ်စဉ်ကိုဖြတ်ကျော်ရင်း ဇွန်ဘီအများအပြားကို သူသတ်ခဲ့သည်။ ဤအဆင့်နိမ့်သတ္တဝါများသည် သူ့အပေါ် မည်သည့်အကျိုးသက်ရောက်မှုမျှ ရှိမည်မဟုတ်သော်လည်း သူတို့ကို ကိုင်တွယ်ရန် အားထုတ်မှု အနည်းငယ်တော့ လိုအပ်သည်။


သို့သော် ညစ်ပတ်သောအဝတ်အစားများသည် ကိုယ်ပိုင်နေရာအတွင်းသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကို သာမန်မျက်စိဖြင့်မြင်နိုင်သည့် အရှိန်ဖြင့် လျင်မြန်စွာ ပြန်လည်ရှင်းလင်းခဲ့သည်။


အဲဒါက ဘာမှမဖြစ်ခဲ့သလိုပါပဲ။


ဤသည်မှာ အချက်အလက်ရှင်းလင်းခြင်း ဖြစ်နိုင်သည်။ စိန်ခေါ်သူသည် လျှို့ဝှက်ခန်းမှ ထွက်သွားသည်နှင့် လျှို့ဝှက်ခန်းထဲတွင် တွေ့ကြုံခဲ့ရသမျှ ရှင်းလင်းသွားသော်လည်း ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုမှာ ရှိနေသေးသည်။ ယွီဟန်ကျန်းက အသက်ပြင်းပြင်းရှူပြီး သူ့ကိုယ်သူ တည်ငြိမ်အောင် ပြုလုပ်ကာ တိုးတိုးလေးပြောလိုက်သည်။

"လူတစ်ယောက်နဲ့ ငါအဖွဲ့ဖွဲ့ချင်ရင် ဘာလုပ်ရမလဲ?"


A of Spades က မျက်နှာသေဖြင့် ပြန်ဖြေသည်။

"ရွှေဒင်္ဂါးတွေနဲ့ စာချုပ်တစ်ခုဝယ်လိုက်… အဲဒါက ရွှေဒင်္ဂါး 10,000 ကျပြီး နောက်ဆက်တွဲ လျှို့ဝှက်ခန်းတွေမှာ ရွှေဒင်္ဂါးရဖို့ မင်းနည်းလမ်းရှာနိုင်တယ်…"


"ဒီလောက် ဒုက္ခများတာလား?"


"မင်းတစ်ယောက်တည်း လျှို့ဝှက်ခန်းတွေကို ရှင်းနိုင်တယ်… ဘယ်သူမှ မင်းကို အဖွဲ့ဖွဲ့ဖို့ ဖိအားမပေးဘူး…"


ယွီဟန်ကျန်းသည် မျက်ခုံးပင့်ကာ အဓိပ္ပါယ်မရှိသောစကားကို မပြောတော့ပေ။


စိန်ခေါ်သူအနေနဲ့ သူ့မျက်လုံးထဲမှာ ကြောက်ရွံ့မှုမရှိဘူး။ အရပ်ရှည်ရှည် ခပ်ဖြောင့်ဖြောင်ဖြင့် သူသည် ရဲစခန်းတွင် ရပ်နေသကဲ့သို့ အဖြူရောင် မြူခိုးများဖြင့် ဝန်းရံထားသည့် လွင့်မျှောနေသော စင်္ကြံပေါ်၌ ငြိမ်သက်စွာ ရပ်နေ၏။


သူက ရတနာသေတ္တာထဲက ကတ်တစ်ကတ်ကို ဆွဲထုတ်ပြီး ဖော်ပြချက်ကို ဖတ်ရှုပြီးနောက် ရိုးရှင်းစွာ ပြောခဲ့သည်။

"ငါ 2 of Clubs ကို သွားလိုက်မယ်…"


"ခဏစောင့်ပါ၊ မင်းရဲ့ပြိုင်ဘက်တွေကို မင်းအတွက် ငါတွဲပေးမယ်…"


ခဏအကြာတွင် ယွီဟန်ကျန်းသည် အချက်ပြုမှုတစ်ခု ရရှိခဲ့သည်။

"ပြိုင်ဘက်တွေ တွဲဖက်ခြင်းပြီးသွားပါပြီ၊ သင်က ကစားသမား နံပါတ် 3 ပါ"


တစ်ချိန်တည်းမှာပင် ရှောက်လုံက အချက်ပြမှုတစ်ခု ရရှိခဲ့သည်။

"ပြိုင်ဘက်တွေ တွဲဖက်ခြင်းပြီးသွားပါပြီ၊ သင်က ကစားသမား နံပါတ် 1 ပါ"


[လျှို့ဝှက်ခန်းဖန်တီးခြင်း။]


[စိန်ခေါ်သူ အချက်အလက်ကို ဖတ်ရှုခြင်း ပြီးသွားပါပြီ။]


[2 of Clubs လျှို့ဝှက်ခန်း ‘စိန်ခေါ်ခြင်း 10.5’သို့ ဝင်ရောက်ရန် စိန်ခေါ်သူကို ကြိုဆိုပါသည်။]


#TK