Chapter 30
Viewers 1k

Volume 2 : နှစ်ယောက်တွဲဖြတ်ကျော်ခြင်း


Chapter 30 (3 of Hearts – သွေးစွန်းနေသောမေပယ်ရွက် ၁၁၊ ဖိနပ်၏လျှို့ဝှက်ချက်)


သန့်ရှင်းရေးအန်တီသည် မကြာမီ အမှိုက်ပုံးတစ်ခုလုံးကို လှန်လှောကြည့်ကာ ရှောက်လုံဘက်ကို မျက်နှာမူလိုက်သည်။ 

"ဆရာ... ရှင့် ID က ဒီမှာမရှိဘူးလား"


ရှောက်လုံက သူမကို ပြုံးပြလိုက်သည်။ 

"ကျွန်တော် ခင်ဗျားကို ဒုက္ခပေးမိပြီ... ကျွန်တော် သေသေချာချာ ပြန်ရှာကြည့်လိုက်ဦးမယ်... မလွှင့်ပစ်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်"


အန်တီက ပြောသည်။ "ဒါဆို ရှင် ပြန်ရှာကြည့်လိုက်ပါဦး... ကျွန်မလည်း ရှာထားပေးမယ်... အမှိုက်ပုံးထဲမှာတွေ့ရင် ကျောင်းရဲ့ ပစ္စည်းပျောက်တွေထဲကို ကျွန်မ ပို့ပေးလိုက်မယ်"


ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။

"ကျေးဇူးပါ အန်တီ"


သူသည် ယွီဟန်ကျန်းကို အချက်ပြလိုက်ပြီး ယွီဟန်ကျန်းက ဖိနပ်ကို ကိုင်ထားရင်း တစ်ဖက်သို့လှည့်ထွက်သွားကြသည်။


အန်တီသည် စိတ်ရှုပ်ထွေးစွာဖြင့် သူတို့နောက်ကျောကိုကြည့်ရင်း ‘ဆရာက အမှိုက်ပုံးထဲက ဖိနပ်ကို ဘာလို့ ယူသွားတာလဲ’ဟု တွေးနေမိသည်။


ဒီအချိန်က အတန်းချိန်ဖြစ်ပြီး အာစကစားကွင်းမှာ တစ်ယောက်မှ မရှိဘူး။


လူနှစ်ယောက်သည် အားကစားကွင်း၏ ထောင့်တစ်နေရာသို့ ဦးတည်သွားကာ သက်သေကို သေချာစစ်ဆေးရန် ယွီဟန်ကျန်းက ဆောင့်ကြောင့်ထိုင်လိုက်သည်။


၎င်းသည် အလွန်အသုံးများသော အဖြူရောင် ကင်းဗတ်ဖိနပ်များဖြစ်ပြီး ရင့်ရှောင်ယာဝတ်ဆင်သည့် ပုံစံနှင့် တူညီသည်။ ခြေဖဝါးများသည် ထောင့်ဖြတ်မျဉ်းများကို ဖြတ်ကျော်ကာ မြေပြင်ပေါ်တက်လှမ်းပါက အထူးခြေရာများကို ဖန်တီးနိုင်သည်။ ဖိနပ်၏အစွန်းများတွင်လည်း မြင်သာသော အမှတ်တံဆိပ်များရှိသည်။


ရှောက်လုံက ဖိနပ်ကို စူးစူးစိုက်စိုက် ကြည့်နေသည်။

"ကျောင်းမှာ ဒီတံဆိပ်ဖိနပ်ဝတ်တဲ့ ကျောင်းသားတော်တော်များများကို တွေ့ဖူးတယ်... လူကြိုက်များတဲ့ အမှတ်တံဆိပ်ဖြစ်နိုင်တယ်... ဒီဖိနပ်တွေက အရမ်းသစ်ပေမဲ့ လွှင့်ပစ်ထားတယ်... လူသတ်သမားက ‌သက်သေတွေကို ဖျက်ဆီးချင်တယ်ဆိုတာ ထင်ရှားတယ်... အဖွဲ့ခေါင်းဆောင်ယွီ ဒီဖိနပ်ပိုင်ရှင်က ဘယ်သူဖြစ်မယ်ထင်လဲ"


ယွီဟန်ကျန်းသည် ဖိနပ်၏ အတွင်းနဲ့ အပြင်ကို သေချာစစ်ဆေးပြီး ပြောလာသည်။

"လူသတ်သမားက ဆိုဒ် 37 ဖြစ်ရင် ဒီလိုနာမည်ကြီးတဲ့ ကင်းဗတ်ဖိနပ်တစ်ရံကို ဝယ်တာက အံ့သြစရာတော့ မဟုတ်ဘူး... အဲဒီသူက ဖိနပ်တွေကို သိမ်းထားပြီး အမှိုက်ပုံးထဲ ပစ်စရာ မလိုဘူး... လူသတ်သမားမှာ အကြောင်းပြချက်တစ်ခုကြောင့် ဖိနပ်ကို ပစ်တာဖြစ်ရမယ်... အဲဒီသူရဲ့ခြေထောက်က ရင့်ရှောင်ယာရဲ့ ခြေဖဝါးအရွယ်အစား မတူတာကြောင့် ဒီဖိနပ်ကို ဝတ်ဆင်ဖို့ မသင့်တော်ဘူး... တွေ့ရှိပြီးတာနဲ့ သံသယရှိဖို့ လွယ်ကူတယ်"


ရှောက်လုံက သဘောတူသည်။ 

"တစ်နည်းအားဖြင့်ပြောရရင် လူသတ်သမားက ဒီဖိနပ်တစ်ရံကို ဝယ်ပြီး ခေါင်မိုးပေါ်မှာ ခြေရာအတုလုပ်ဖို့အတွက် ယာယီဝတ်ထားလိုက်တာပေါ့... အဲဒါကြောင့် ခေါင်မိုးပေါ်က ခြေရာတွေဟာ ရင့်ရှောင်ယာ အဆောက်အဦးပေါ်က ခုန်ချပြီး မိမိကိုယ်ကို သတ်သေသွားခြင်းဖြစ်တယ်ဆိုပြီး လူတွေကို အထင်းမှားစေမှာဖြစ်တယ်... လူသတ်မှုကျူးလွန်သူက ရင့်ရှောင်ယာရဲ့ဖိနပ်တွေကို အချိန်အတော်ကြာ အာရုံစိုက်ခဲ့ပြီး ခေါင်မိုးပေါ်မှာ သတ်ပစ်ရန် ကြံစည်ခဲ့တယ်... ဒါက ရေရှည်အကြံအစည်တစ်ခုလို့ မြင်မိတယ်"


"ဟုတ်တယ်... အဲဒါကြောင့် အဲဒီသူက သက်သေကို ရှင်းပစ်ရလိမ့်မယ်" ယွီဟန်ကျန်းက မျက်မှောင်ကြုတ်ပြီး ဖိနပ်ကို စစ်ဆေးကြည့်ကာ ပြောလိုက်သည်။ "ဒီလူသတ်မှုကျူးလွန်သူက အမျိုးသမီးဖြစ်ဖို့ ပိုများတယ်လို့ ကိုယ်ထင်တယ်"


ရှောက်လုံက သူ့ကို သံသယစိတ်နဲ့ ကြည့်သည်။

"ဘာလို့ အမျိုးသားမဟုတ်တာလဲ"


ယွီဟန်ကျန်းက ၎င်းကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"အဲဒါက သိကျွမ်းတဲ့သူ ကျူးလွန်တဲ့ပြစ်မှုပဲ... ရင့်ရှောင်ယာက အတန်း 3 ကနေ ဟန်ကျီးအဆောက်အဦးကို သွားပြီးနောက် စောင့်ကြည့်ရေးကင်မရာတွေကို ရှောင်ရင်း ခုနစ်ထပ်ကို တက်ခဲ့တယ်... ဒီအကွာအဝေးက တိုတောင်းတာမဟုတ်ဘူး... သူမကို အတင်းအဓမ္မခေါ်သွားရင် တိတ်ဆိတ်နေမှာမဟုတ်ဘူး... သူမက အော်တာ ဒါမှမဟုတ် ခုခံတာမျိုးလုပ်ရင် တစ်ယောက်ယောက်က သူမကို ကြားလိမ့်မယ်"


ရှောက်လုံက ဤအတွေးအတိုင်း လိုက်ခဲ့သည်။ သို့သော်လည်း ရင့်ရှောင်ယာသည် အစမှအဆုံး တိတ်ဆိတ်နေပြီး သူမ ပြုတ်ကျခြင်းဖြစ်စဉ်ကို မသိရသေးပေ။ သေချာသည်ကတော့ သူမသည် ခေါင်မိုးပေါ်ကို လူသတ်သမားနောက်ကနေ စိတ်ဆန္ဒအရ လိုက်သွားခဲ့သည်။ 


ယွီဟန်ကျန်းက ရှောက်လုံကို ပြန်ကြည့်သည်။ 

"လူသတ်သမားက အမျိုးသားဆိုရင် ဆိုဒ် 37 အမျိုးသမီးဖိနပ်ကိုဝတ်တာက ရင့်ရှောင်ယာရဲ့ သတိနဲ့ သံသယကို တိုးစေမှာ သေချာတယ်... တကယ်လို့ တစ်ဖက်လူက ဖိနပ်လဲဖို့ ငုံ့လိုက်ရင် ရင့်ရှောင်ယာက တစ်ခုခုမှားနေတာကို သတိပြုမိပြီး ထွက်ပြေးတာ ဒါမှမဟုတ် အကူအညီတောင်းလိမ့်မယ်... အဲဒါကြောင့် လူသတ်သမားက ရင့်ရှောင်ယာကိုတွေ့တဲ့အခါ ဒီဖိနပ်ကို တစ်ခါတည်းဝတ်ထားလိမ့်မယ်"


အမျိုးသားများ၏ခြေထောက်များသည် များသောအားဖြင့် ဆိုဒ် 40 ထက်ပိုပြီး ဆိုဒ် 37 ကင်းဗတ်ဖိနပ်များကို ဝတ်ဆင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အမျိုးသားတစ်ယောက်က ဤဖိနပ်ကို ဝတ်ထားရင် အလွန်ထူးဆန်းလိမ့်မည်။ လမ်းတွင် လူမည်မျှက သူ့အား တွေ့မည်ကို မသိရပေ။ ထို့အပြင် အကယ်၍ အမျိုးသားတစ်ဦးသည် ရင့်ရှောင်ယာကိုရှာဖွေဖို့ ဆိုဒ် 37 ကင်းဗတ်ဖိနပ်ကို ဝတ်ထားလျှင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမ သိသွားပြီး အခြားသူနှင့် ခေါင်မိုးပေါ်ကို မိုက်မဲစွာ လိုက်သွားမည်မဟုတ်ပေ။


လူသတ်သမားက အမျိုးသမီးမဟုတ်သ၍ပေါ့။


ဆိုဒ် 35၊ 36 ရှိသော အခြားသူတစ်ဦး၏ ခြေဖဝါးသည် ဆိုဒ် 37 ဖိနပ်ကို အလွယ်တကူဝတ်ဆင်နိုင်စေမည်ဖြစ်သည်။ သူမသည် အတွင်းထဲတွင် စက္ကူများကိုသာ ထည့်ထားရပြီး ဖိနပ်ကြိုးများကို ချည်နှောင်ထားကာ ဖိနပ်များက အလွယ်တကူ ကျွတ်သွားမည်မဟုတ်ပေ။ ဒါမှမဟုတ် ဆိုဒ် 38 ရှိသောလူက ဆိုဒ် 37 ဖိနပ်ကို ဝတ်ထားရင် ကျပ်နေလိမ့်မည်။ ထိုသူ၏ခြေထောက်များက နေရသိပ်အဆင်မပြေပေမဲ့ ရေတိုမှာ လျစ်လျူရှုထားနိုင်ပါသည်။


ခြေဖဝါးက နည်းနည်းသေးတာ ဒါမှမဟုတ် နည်းနည်းပိုကြီးရင် ဒီဖိနပ်များက မသင့်တော်ဘူးဆိုတာ သိဖို့ခက်လိမ့်မည်။ ထို့အပြင် ဤဖိနပ်အမျိုးအစားသည် အလွန်အသုံးများသည်။ ကျောင်းရှိ ဆရာမများနဲ့ ကျောင်းသူများ အပါအဝင် လူတော်တော်များများက ဝတ်ထားကြသည်။ ရင့်ရှောင်ယာက အတွေးလွန်မှာမဟုတ်ဘူး။


ရှောက်လုံက ခေါင်းငုံ့ကာ စဉ်းစားလိုက်သည်။

"ပြစ်မှုကျူးလွန်တဲ့ အမျိုးသမီးဆိုတော့... ယိရူ... သူမရဲ့ အရပ်က ရင့်ရှောင်ယာထက် ပိုပုပြီး သူမခြေထောက်ဆိုဒ်က အတူတူလောက်ပဲဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်မှတ်မိတယ်... ရင့်ရှောင်ယာနဲ့ တူညီတဲ့ ဖိနပ်ကို ဝတ်ထားရင် အာရုံစိုက်ဖို့ မလွယ်ဘူး"


သူက ခေတ္တရပ်ကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။ 

"ဒါ့အပြင် ယိရူရဲ့ဝန်ခံချက်က အရမ်းတစ်ဖက်သက်ဆန်တယ်... အဲဒီအချိန်မှာ ရင့်ရှောင်ယာမသေဆုံးခင် သူမနဲ့ ရင့်ရှောင်ယာက စာသင်ခန်းထဲကို အတူတူပြန်လာခဲ့တယ်... သူမက မုန့်ဆိုင်ကိုသွားကြောင်း သက်သေမရှိဘူး... မုန့်ဆိုင်က သူမကို အမှန်တကယ်တွေ့လိုက်ပေမဲ့... သူတို့က ခေါင်မိုးပေါ်ကို အရင်ရောက်သွားပြီး ရင့်ရှောင်ယာကို ခေါင်မိုးပေါ်ကနေ တွန်းချပြီမှ မျက်မြင်သက်သေအဖြစ်ဟန်ဆောင်ဖို့ အာလူးကြော် သွားဝယ်ခဲ့တာလား"



ယွီဟန်ကျန်းသည် ဤနေရာအထိ ကြားလိုက်ရပြီး အဝေးမှ ခေါင်မိုးပေါ်ကို လှမ်းကြည့်လိုက်ပြီးနောက် မုန့်ဆိုင်၏ တည်နေရာကို ကြည့်လိုက်သည်။ သူသည် လျင်မြန်စွာ ကောက်ချက်ချပြီး ခေါင်းခါလိုက်သည်။ 

"အဲဒါက ယိရူမဟုတ်ဘူး... အချိန်မလောက်ဘူး"


ရှောက်လုံသည် ဖြစ်နိုင်ခြေကို ခွဲခြမ်းစိတ်ဖြာရုံမျှသာဖြစ်ပြီး ယွီဟန်ကျန်းက အမှန်တကယ် ပြစ်မှုများတွင် ပိုမိုအတွေ့အကြုံရှိခဲ့သည်။


သူသည် အဖွဲ့ခေါင်းဆောင်ယွီ၏ မျက်လုံးများအနောက်ကနေ လိုက်ကြည့်သည်။ ဟန်ကျီးအဆောက်အဦးသည် ခုနစ်ထပ်ရှိပြီး ရင့်ရှောင်ယာသည် အဆောက်အဦး၏ထိပ်မှ ပြုတ်ကျခဲ့သည်။ မုန့်ဆိုင်သည် ဟန်ကျီးအဆောက်အဦးနှင့် ဝေးသည်။ ယိရူသည် ရင့်ရှောင်ယာကို ခေါင်မိုးပေါ်ကနေ တွန်းချပြီး အာလူးကြော်ဝယ်ဖို့ မုန့်ဆိုင်ဆီသွားပြီး ရင့်ရှောင်ယာ ပြုတ်ကျသွားတာကို မြင်ချင်ယောင်ဆောင်ဖို့ အောက်ထပ်ကို ပြန်လာခဲ့မယ်ဆိုရင် ဒီအချိန်က တကယ့်ကို တိုတောင်းလှပါသည်။


ရှောက်လုံသည် မနေ့က အခင်းဖြစ်ပွားသည့်မြင်ကွင်းကို သတိရမိသည်။ ယိရူသည် ရဲများ၏မေးခွန်းများကို ပြတ်ပြတ်သားသား ဖြေကြားခဲ့သော်လည်း အားသွန်ခွန်စိုက် လေ့ကျင့်ခန်းလုပ်ထားသကဲ့သို့ သူမသည် မောပန်းခြင်းမရှိခဲ့ပေ။ သူမ၏ အသက်ရှုသံက အတော်လေး တည်ငြိမ်နေသည်။


ကျောင်းမှာ ဓာတ်လှေကား မရှိဘူး။ ယိရူသည် ခုနစ်ထပ်သို့ ပြေးတက်ကာ ရင့်ရှောင်ယာကို တွန်းချပြီး အာလူးကြော်ဝယ်ချင်ဟန်ဆောင်ရန် ခုနစ်ထပ်မှ ပြေးဆင်းကာ ဟန်ကျီးအဆောက်အဦးကို ဖြတ်သွားဟန်ဆောင်ဖို့ ခက်လိမ့်မည်။ သူမသည် အိုလံပစ်တာဝေးချန်ပီယံတစ်ဦး၏ အမြန်နှုန်းနှင့် ကီလိုမီတာအနည်းငယ်သာ ပြေးနိုင်မှသာ ဖြစ်နိုင်သည်။


ရှောက်လုံသည် သူ့ကိုယ်တိုင် ခွဲခြမ်းစိတ်ဖြာမှုကို ဖယ်လိုက်သည်။

"ယိရူက ဖယ်ထုတ်လို့ရလောက်ပြီ... ပြစ်မှုကျူးလွန်ဖို့ အချိန်က မလုံလောက်ဘူး... သူမက အာလူးကြော်ဝယ်ခဲ့ပြီး မုန့်ဆိုင်က သူဌေးက သူမရဲ့အလီဘိုင်ကို သက်သေပြနိုင်တယ်"


ယွီဟန်ကျန်းက သူ့ကို သတိပေးသည်။

"ကိုယ်တို့ ဆရာမတွေကို အာရုံစိုက်သင့်တယ်"


စာသင်ခန်းထဲသို့ ဖိနပ်တစ်ရံယူဆောင်လာခြင်းသည် အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်လွန်းသည်။ ယွီဟန်ကျန်းသည် အဲဒါကို စဉ်းစားပြီး စက္ကူအိတ်တောင်းဖို့ မုန့်ဆိုင်ဆီ သွားလိုက်သည်။ သူသည် ဖိနပ်ကို အထဲမှာ ထည့်ပြီး ကျောင်းမြေပုံကို ယခင်ရေးဆွဲခဲ့သည့် အိမ်စာစာအုပ်က အိမ်စာအိတ်တစ်လုံးလို ဖြစ်စေသည်။


လူနှစ်ယောက်က စာသင်ခန်းသို့ ပြန်သွားကြသည်။


အတန်း 3 ၏ ဓာတုဗေဒဆရာမကို ရဲများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အတန်း 3 ရှိ ကျောင်းသားများက အထိတ်တလန့်ဖြစ်ခဲ့ရသည်။ အားလုံးက ဂနာမငြိမ်ဖြစ်ပြီး အတန်းကို ဂရုမစိုက်နိုင်ကြဘူး။ သို့သော် ဒုတိယအတန်းက ဘာသာစကားအတန်းဖြစ်ခဲ့ပြီး အတန်းပိုင်ဆရာက စာစီစာကုံးမေးခွန်းတစ်ခု စီစဉ်ပေးကာ လူများကိုထိန်းသိမ်းရန် ကိုယ်တိုင်လာခဲ့သည်။ ကျောင်းသားများသည် မဆင်မခြင်ပြောဆိုခြင်းမပြုဝံ့ဘဲ စာသင်ခန်းသည် အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။


ယွီဟွေး၊ ရှဲ့ရှင်းဟယ်နှင့် ယိရူတို့တွင် သိသာသော မူမမှန်မှု မရှိဘူး။


ရှဲ့ရှင်းဟယ်သည် ခေါင်းငုံ့ကာ ဘောပင်ကို ရွှေ့ရင်း လေးနက်စွာ ကြည့်နေသည်။ စာမျက်နှာတစ်ခုလုံးကို ရေးနေရင်း သူ့စိတ်များက ပွင့်လင်းနေပုံရသည်။ ယွီဟွေးသည် ရူးသွပ်စွာ ခေါင်းကုတ်နေပြီး ဘာရေးရမှန်း မသိဖြစ်နေသည်။ ယိရူသည် သူမ၏ ဘောပင်ကို ခါးခါးသီးသီးကိုက်နေပြီး စာမရေးနိုင်သည်မှာ သိသာလှသည်။


ဆရာ့၏စာစီစာကုံးခေါင်းစဉ်က ‘ရှာဖွေခြင်း’ ဖြစ်ပြီး ဒါက တကယ့်ကို ခေါင်းကိုက်စရာပါပဲ။


အတန်းကို ခဏစောင့်ကြည့်ပြီး လှုပ်ရှားမှုမရှိတာကို ရှာတွေ့ပြီးနောက် ယွီဟန်ကျန်းက တိုးတိုးပြောလိုက်သည်။

"စာသင်ခန်းထဲမှာ သဲလွန်စအသစ်တွေ မရှိလောက်တော့ဘူး... အခင်းဖြစ်ပွားချိန်မှာ အခြားဆရာတွေ အတန်းဝင်နေတာ ရှိမရှိ စစ်ဆေးတာက ပိုကောင်းတယ်"


အထက်တန်းပြဆရာတစ်ဦးသည် အတန်းတစ်တန်းတည်းတွင်သာ သင်ကြားခြင်းမဟုတ်ပါ။ အတန်းပိုင်ဆရာများမှလွဲ၍ ဆရာအများစုသည် အနည်းဆုံး အတန်းနှစ်တန်းရှိမည် သို့မဟုတ် အလုပ်တာဝန်မလုံလောက်ပါက နောက်ဆုံးအကဲဖြတ်မှုတွင် အမှတ်များ နုတ်ယူမည်ဖြစ်သည်။ မနေ့က ရင့်ရှောင်ယာ၏ မတော်တဆမှုဟာ စတုတ္ထအချိန်မှာ ဖြစ်ခဲ့တာဖြစ်သည်။ အကယ်၍ ဆရာတစ်ဦးက အခြားအတန်းတစ်ခုတွင်ရှိနေရင် သူတို့အား သံသယရှိသူအဖြစ်ကနေ ဖယ်ရှားပစ်နိုင်သည်။


စာသင်ခန်းတံခါးများပေါ်တွင် တင်ထားသော အတန်းအချိန်ဇယားတွင် ဘာသာစကားနှင့် ဓာတုဗေဒဘာသာရပ်များသာ ပါရှိပြီး ဆရာအမည်မရှိပေ။ ဆရာ၏ကိုယ်ပိုင်အတန်းချိန်ဇယားမှာ သူတို့၏ကိုယ်ပိုင်အတန်များနှင့် အတန်းချိန်များပဲ ရှိသည်။


ရှောက်လုံက သေသေချာချာစဉ်းစားလိုက်သည်။

"အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒနဲ့ ဇီဝဗေဒ ဘာသာရပ် လေးခုမှာ အမျိုးသမီးဆရာမတွေ ရှိပြီး သူတို့ရဲ့ အရပ်က 1.6 ကနေ 1.7 မီတာကြား ရှိတယ်... သူတို့က ဆိုဒ် 37 ဖိနပ် ဝတ်နိုင်တယ်... ဓာတုဗေဒဆရာမကလွဲရင် မနေ့က စတုတ္ထအချိန်မှာ အတန်းရှိမရှိကို စစ်ဆေးဖို့ ရုံးခန်းဆီ သွားရမယ်"


ယွီဟန်ကျန်းက ဆက်ပြောသည်။ 

"ဘာသာစကားရုံးခန်းမှာ ကိုယ်တို့ အာရုံစိုက်သင့်တဲ့ အမျိုးသမီးဆရာမလည်း ရှိသေးတယ်"


ရှောက်လုံက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ 

"အတန်းပိုင်ဆရာနဲ့ ရင့်ရှောင်ယာတို့ စကားပြောနေတုန်းက ဝင်နှောင့်ယှက်လိုက်တဲ့ အမျိုးသမီးဆရာမကို ဆိုလိုတာလား... သူမကလည်း အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ပြစ်မှုကျူးလွန်နိုင်တာလား"


ယွီဟန်ကျန်းသည် တိုးတိုးလေးပြောရင်း လေးနက်စွာကြည့်လိုက်သည်။

"အဲဒီဆရာမရောက်လာတာက တိုက်ဆိုင်လွန်းတယ်... အဲဒီအချိန်မှာ ရင့်ရှောင်ယာက သူမရဲ့စွမ်းဆောင်ရည် ကျဆင်းရခြင်း အကြောင်းအရင်းကို တစ်စုံတစ်ယောက်ဆီ ပြောပြတော့မှာဖြစ်တယ်... အဲဒီအကြောင်းပြချက်က အရမ်းအရေးကြီးပြီး သူမသေဆုံးမှုကို ဖြစ်စေတာဖြစ်လိမ့်မယ်... ကံမကောင်းစွာပဲ အပြင်လူကဝင်လာပြီး သူမပြောမဲ့စကားတွေကို ကြားဝင်ဖြတ်လိုက်တယ်"


ရှောက်လုံသည် ထိုအချိန်က မြင်ကွင်းကို မှတ်မိပြီး ချက်ချင်း သဘောတူလိုက်သည်။ 

"ဟုတ်တယ်... သူမဝင်လာတဲ့အချိန်က တကယ်တိုက်ဆိုင်တာပဲ"


ရင့်ရှောင်ယာသည် “ဒီတစ်ခေါက် ကျွန်မရဲ့စွမ်းဆောင်ရည် ကျသွားတာက...”လို့ ပြောနေသည့်အချိန်မှာ အမျိုးသမီးဆရာမက တံခါးဖွင့်လိုက်ပြီး ရင့်ရှောင်ယာက ချက်ချင်း ပါးစပ်ကို ပိတ်လိုက်သည်။


ဤဆရာမသည် ရင့်ရှောင်ယာ ပြုတ်ကျသွားခြင်းနှင့် ပတ်သက်မှုတစ်ခုခုရှိကောင်းရှိနိုင်ပြီး ကြားဝင်နှောင့်ယှက်ရန် တမင်ဝင်ရောက်လာခဲ့သည်။


ဤသည်မှာ လျှို့ဝှက်ခန်း၏ ဇာတ်ကွက်ကို တွန်းထုတ်ရန် စီစဉ်သည့် ဇာတ်ကောင်တစ်ခုသာ ဖြစ်နိုင်သည်။ အကယ်၍ သူမသာ ထိုအချိန်တွင် ဝင်လာခဲ့ပါက ရင့်ရှောင်ယာသည် ဖြစ်ပျက်နေသည့်အရာအားလုံးကိုအမှန်အတိုင်း ပြောပြလိမ့်မည်။


သို့တိုင် စစ်ဆေးကြည့်တာက မမှားပါဘူး။


သံသယရှိသူတွေကို သူတို့မလွတ်ထားနိုင်ဘူး။


#TK