👻Chapter 15:
ဝိဥာဥ်လက်ထပ်ပွဲ (14) အဆုံးသတ်
လွန်ခဲ့သော နှစ်ရက်က ညနေခင်းတွင် ဝမ်ရွှယ်က သူမအခန်းသို့ ပြန်လာခဲ့သည်။ သူမက အေးစိမ့်စိမ့် ခံစားရ၍ နှလုံးက ထုံကျင်လာသည်။
အပြင်တွင် ရပ်စောင့်နေသည့် လီပင်းက ဝင်မလာရဲချေ။
သူမခန္ဓာကိုယ်က ညစ်ပတ်ပြီး စေးကပ်ကပ်ဖြစ်နေ၍ ဝမ်ရွှယ်က ရေချိုးလိုက်ချင်သော်လည်း သူမက ကြောက်နေ၍ သူမကိုယ်သူမ အသုံးမဝင်သလို ခံစားရသည်။
ဝမ်ရွှယ်က အမြဲတမ်း ဤအတိုင်းပင်။ သူမ ကိုယ်ပိုင်အားနှင့် ဘာမှမလုပ်နိုင်ပဲ သူမ၏ တုံးအမှုကြောင့် အခြားသူများက ဒုက္ခရောက်ကြရ၍ သူမက တန်ဖိုးမရှိသလို ဖြစ်သွားရသည်။
သူမက လီပင်းက အခြားမိန်းမနှင့် ထွက်ပြေးသွားသည် ဆိုသည့် အိပ်မက်များလည်း မကြာခဏ မက်လေ့ရှိသည်။ ထို့ကြောင့် ဝမ်ရွှယ်က လီပင်း၏ နှလုံးသားထဲ အရေးပါသည့် နေရာရန် မျှော်လင့်ချက်နှင့် အလုပ်ကြိုးစားခဲ့သည်။
အမှန်တွင်ဖြင့် ဝမ်ရွှယ်က သိမ်နုပ်နိမ့်ပါးသည့် ဘဝမျိုးတွင် လုံးဝ မနေချင်သော်လည်း သူမတွင် အခြားရွေးစရာ မရှိချေ။ သူမဘဝကြီး ပြောင်းလဲသွားမှာကို စိုးရိမ်နေခဲ့ရသည်။
နောက်ထပ်လည်း သူမက အပျိုမဟုတ်တော့ကာ သူမ၏ ဖြူစင်မှုကို လီပင်းဆီ ပေးခဲ့ပြီးပြီဖြစ်၍ သူမှလွဲပြီး အခြားသူများကလည်း သူမကို လိုချင်တော့မည် မဟုတ်ပေ။
သူမ၏ မိဘများကလည်း သူမ လက်ထပ်နိုင်ပြီး သူမအစ်ကိုအတွက် အိမ်တစ်လုံးဝယ်ပေးနိုင်မည်ဟု မှန်းထားကြ၍ သူမကို မကျေမနပ်ဖြစ်နေကြသည့် ပုံပင်။
မျက်ရည်ပူများက သူမ၏ လက်ခုံပေါ်သို့ တစက်စက်ကျလာသည်။
သူမသာ မစ်ရှင်ကို အပြီးလုပ်နိုင်ခဲ့ပြီး အစစ်အမှန်ကမ္ဘာကို ပြန်သွားရလျှင် သူမ ဘာလုပ်သင့်လဲ။
အဆုံးတွင် ဝမ်ရွှယ်က ရေချိုးလိုက်သည်။
သူမသာ ယခု သန့်ရှင်းရေးမလုပ်လိုက်လျှင် လူတိုင်းက သူမကို ရွံရှာသွားကြပေမည်။ သူမက အရိပ်အကဲသိ၍ လီပင်း၏ မျက်လုံးထဲက စိတ်ညစ်နေမှုတို့ကို ဘယ်လိုလုပ် သတိမထားမိပဲ နေမည်နည်း။
အစ်မချူကျောင်း တစ်ယောက်တည်းကသာ သူမအပေါ် ကောင်းလေသည်။
အစ်မချူကျောင်း မရှိရင် သူမ သေသွားတော့မှာ မဟုတ်ဘူးလား။
ဝမ်ရွှယ်က ရေချိုးပြီးသွားသည့်အချိန် သူမအဝတ်အစားများက ပျောက်နေမှန်း သတိထားမိသွားသည်။
ထို့အစား အနီရောင် သတို့သမီးဝတ်စုံတစ်စုံက သူမ အဝတ်သိမ်းထားသည့် နေရာတွင် ရောက်နေသည်။
ဝမ်ရွှယ်က သရဲကြောက်သော်လည်း ဤသတို့သမီးဝတ်စုံနှင့် အတန်ငယ် ရင်းနှီးနေ၍ သတိမထားမိပဲ ထိမိသွားသည်။
သတို့သမီး ဝတ်စုံ ဝတ်ထားသည့် မနာလိုရလောက်အောင် အရမ်းလှသည့် အစ်မကြီးတစ်ယောက်လည်း ရှိနေသည်။
သူမသာ အစ်မချူကျောင်းလောက်လှရင် ဒီအဆင့်လောက်ကို ကြွေသွားမှာ မဟုတ်ဘူး။ ရိုးရိုးသားသား ပြောရလျှင် ဘေးတွင် အစ်ကိုကျင်းလို ပြီးပြည့်စုံသည့် ယောကျ်ားရှိနေသည့် အစ်မချူကျောင်းကို အားမကျဘူး ဆိုသည်က မဖြစ်နိုင်ပေ။
သို့သော်လည်း ဝမ်ရွှယ်က သူမကိုယ်သူမ ကောင်းကောင်း သိလေသည်။ သူမက ထိုသို့ ပြီးပြည့်စုံသည့် ယောကျ်ားမျိုးနှင့် မထိုက်တန်ချေ။
သတို့သမီး ဝတ်စုံဝတ်ထားသည့် အစ်မကြီးက ကြင်နာပြီး သဘောကောင်းသည့်ပုံရှိကာ သူမ၏ နာကျည်းချက်များကို သိနေ၍ လက်စားချေပေးမည်ဟု ကတိပေးလာသည်။
"ရှောင်ရွှယ်...မင်း အစ်မနဲ့ အတူတူနေချင်လား" ယင်းရှောင်ဖုန်းက မေးလိုက်သည်။
“အစ်မနဲ့ အတူတူ နေရမှာလား" ဝမ်ရွှယ်၏ အသံက အနည်းငယ် တုန်ယင်နေသည်။
ယင်းရှောင်ဖုန်းက ပြုံးလိုက်ပြီး သူမကို သိမ်းသွင်းရန် ကြိုးစားလာသည် "ဟုတ်တယ်။ ဘယ်သူမှ မင်းကို မလှောင်စေရဘူး။ ပြီးတော့ လီပင်းကလည်း သူနဲ့ ထိုက်တန်တာကို ရစေရမယ်"
ဝမ်ရွှယ်၏ မျက်လုံးများက လက်ခနဲ ဖြစ်သွားရင်း သိချင်စိတ်နှင့် မေးလာသည် " ကျွန်မ ဘာလုပ်ပေးရမလဲ"
ယင်းရှောင်ဖုန်းက သူမကို နူးနူးညံ့ညံ့ ပြောလာသည် " ဒီသတို့သမီးဝတ်စုံကို ဝတ်လိုက်"
ဝမ်ရွှယ်၏ မျက်နှာက ဆန္ဒတို့ ပြင်းပြလာပြီး တုံ့ဆိုင်းမနေပဲ ထူးဆန်းသည့် သတို့သမီးဝတ်စုံကို ဝတ်လိုက်သည်။
ဝမ်ရွှယ်က သေသွားခဲ့သည်။
သူမက ဤ'ဝိဥာဥ်လက်ထပ်ပွဲ'ကမ္ဘာတွင် တစ်သက်လုံး နေရတော့မည် ဖြစ်သည်။
ထိုနေ့က ဝမ်ရွှယ်နှင့် ချူဟွိုက်တို့ အမေမာ၏ အိမ်မှ ပြန်လာသည့်အချိန်တွင် ယင်းရှောင်ဖုန်းက သူ့(ချူဟွိုက်)ကို တိုက်ခိုက်ချင်သော်လည်း ဝမ်ရွှယ်က သူမကို တားလိုက်သည်။
"အစ်မ...သူမကို မသတ်ပါနဲ့။ သူမက ကျွန်မကို တစ်ကြိမ် ကယ်ခဲ့ဖူးတယ်" ဝမ်ရွှယ်က ဆိုလိုက်သည် " လီပင်းကိုပဲ သတ်ပေးဖို့ လိုတာပါ"
ယင်းရှောင်ဖုန်းက တစ်ခဏမျှ တွန့်ဆုတ်နေသေးသော်လည်း ချူဟွိုက်က သတိထားမိသွား၍ သူမက ရပ်လိုက်ရသည်။
နောက်ပိုင်းတွင် သူမက လော့ဇီယန်ကို သတ်ရန်ပြင်လိုက်စဥ် ဝမ်ရွှယ်က ပြောလာသည်။
" အစ်ကိုလော့က ကျွန်မကို အထင်သေးတတ်ပေမယ့် သူကလည်း ကျွန်မအပေါ် ကောင်းပေးခဲ့ပါတယ်။ အစ်မ...သူ့ကို လွှတ်ပေးလိုက်လို့ရမလား"
သူမက ကျောက်ရှင်းအတွက်ပါ အသနားခံခဲ့သည်။
" ကျွန်မမှာ ဖျောင်းဖျဖို့ အခွင့်အရေးမရှိမှန်း သိပါတယ်။ တကယ်လည်း အစ်မရှင်းက လျှာစောင်းထက်တာကိုး"
အဆုံးတွင် ယင်းရှောင်ဖုန်းက ကျောက်ရှင်းကို သတ်ခဲ့သည်။ ဝမ်ရွှယ်က တုံးအပြီး ကြင်နာတတ်ကာ ဥာဏ်နည်းသည့်သူလည်း ဖြစ်သည်။
အချို့သူများက သေဖို့ရာ ခေါင်းစဥ်တပ်ခံခဲ့ရသည်။
မြေအောက်လောကကြီးက အလွတ်ကြီး ဖြစ်ပြီး နတ်ဆိုးအစစ်က လူသားကမ္ဘာတွင် ရှိလေသည်။
အမှောင်လမ်းကြောင်းက ကောက်ကွေ့ပြီး လူသားများ၏ ဆန္ဒကလည်း အရှုပ်အထွေးဆုံး ဖြစ်သည်။
သရဲများကလူသားများထက် ပိုပြီး စစ်မှန်ကြလေသည်။
👻
ကျင်းထျန်းယိက ရှေ့တိုးလိုက်ပြီး ချူဟွိုက်၏ ကိုယ်ပေါ်က သတို့သမီးဝတ်စုံကို ချွတ်ရန် ပြင်လိုက်သည်။ သို့သော်လည်း တစ်ဖက်လူက ရုတ်တရက် မေ့လဲသွားလေသည်။
သူ မေ့မလဲခင် ယင်းရှောင်ဖုန်း၏ စူးစူးဝါးဝါးအော်သံကြီးကို ကြားလိုက်ရသည်။
သတို့သမီးဝတ်စုံပေါ်က အနီရောင် အလင်းတန်းက မှေးမှိန်သွားပြီး ချူဟွိုက်ကိုယ်ပေါ်က ကွာကျသွားသည်။
ယင်းရှောင်ဖုန်းက တစ်ခုခုဆီမှ အတိုက်ခံရပုံရှိကာ ကျင်းထျန်းယိလက်ထဲက မာကျစ်ချိန်၏ အဝတ်စကလည်း ထောက်လှမ်းနေရင်း အော်လာတော့သည်။
ကျင်းထျန်းယိက သတိလစ်နေသော ချူဟွိုက်ကို ဖက်ထားလိုက်ရင်း သူ၏ မျက်ဆံများက အနည်းငယ် ကျဥ်းမြောင်းသွားရသည်။
အခုလေးတင် ဘာဖြစ်သွားတာလဲ။
"ဘော့စ်။ ကျောင်းကျောင်းကို ယင်းရှောင်ဖုန်းက တိုက်ခိုက်လိုက်တာလား" လော့ဇီယန်က စိတ်ပူသလို မေးလာသည်။
ကျင်းထျန်းယိက စကားဆိုမလာချေ။
ချူဟွိုက်တွင် လျှို့ဝှက်ချက် တစ်ခု ရှိနေသည်။
သူက အဝတ်စနှစ်ခုလုံးကို ဝတ်လိုက်ပြီး ချူဟွိုက်ကို ဘတ်စ်ကားပေါ်သို့ တင်ပေးလိုက်သည်။ ချူဟွိုက်၏ လက်က သူ့နောက်ကို ဖြတ်ခနဲ ရောက်လာပြီး သူ့နောက်ကျောက ကြောက်စရာကောင်းသည့် ဒဏ်ရာကို ပွတ်သပ်ပေးလာသည်။
ကျင်းထျန်းယိက အံကြိတ်လိုက်ရင်း ဒေါသထွက်စွာ ရယ်မောလိုက်သည်။
သူ တကယ်ပဲ ဤလူ့ကို အကြွေးတင်နေသည်။
လော့ဇီယန်က ဘတ်စ်ကားပေါ် ရောက်သွားချိန် တံခါးက သူ့အလိုလို ပိတ်သွားလေသည်။
ထို့နောက် ဘတ်စ်ကားက လီပင်း၏ အလောင်းပေါ် တက်ကြိတ်ပြီး ရှေ့ကို စရွေ့လာသည်။
......
"ရှောင်ဖုန်း...အဆင်ပြေရဲ့လား"
"ကျစ်ချိန်...သူ့ကိုယ်ထဲမှာ ချောင်ရုန်ထက် အဆတစ်ရာလောက် စွမ်းအားကြီးတဲ့ သရဲတစ်ကောင် ရှိနေတယ်...."
ယင်းရှောင်ဖုန်းက အထိတ်ထိတ်အလန့်လန့်နှင့် အားနည်းစွာ ပြောလာသည်။
"သူက ကျွန်မကို တိုက်ခိုက်ခဲ့တယ်။ ကျွန်မ အကြာကြီး မနေရတော့ဘူး..."
.....
ဘတ်စ်ကားထဲတွင် ချူဟွိုက်က အိပ်မှုန်စုန်မွှား နိုးလာလေသည်။
လော့ဇီယန်က အသက်ရှင်ပြီး အားအင်အပြည့်ဖြစ်ကာ ချူဟွိုက်နောက်ကျောက ဒဏ်ရာကလည်း အမာရွတ်ပင် မကျန်ပဲ လုံးဝ ပျောက်ကင်းသွားပြီ ဖြစ်သည်။
စောစောက ဖြစ်ခဲ့သည့်အရာကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့သည်။
ယင်းရှောင်ဖုန်းက သူ့ခန္ဓာကိုယ်ကို ယူခဲ့သော်လည်း သူ့အသိစိတ်ကို ပိတ်မထားခဲ့ချေ။
သူ....တကယ်ကြီး ကျင်းထျန်းယိကို နမ်းခဲ့လေသည်၊
ဤအမှန်တရားကို လက်ခံရန် ချူဟွိုက်က အချိန်တစ်ခု ယူလိုက်ရသည်။
ကြီးထွားဖွံ့ဖြိုးလာမှုက အရမ်း မြန်နေသည်။
သူက သက်ပြင်းသဲ့သဲ့ ချမိသည်။
သူ၏ မူလအစီအစဥ်က သူတို့၏ ဆက်ဆံရေးကို သန့်ရှင်းသည့် နည်းလမ်းနှင့် ဖြေးဖြေးချင်းသွားရန် လုပ်ထားခြင်းပင်။ စစချင်းတွင် သူတို့ လက်ကိုင်၍ရသည်၊ ဖက်၍ရသည်၊ ကျင်းထျန်းယိသာ စိတ်မရှည်ပါက အခြားနည်းလမ်းတစ်ခုကို သူစဥ်းစားမည်ပင်။
ဒါပေမယ့် အခု သူ ဘာလို့ ရုတ်တရက်ကြီး မနေတတ်သလို ဖြစ်လာရတာလဲ။
ထိုကိစ္စက အလွန် မြန်ဆန်နေ၍ တစ်ချိန်တည်းမှာပင် ကူကယ်ရာမဲ့သွားသလို ခံစားရသည်။
ဤသည်က မတော်တဆ တစ်ခုသာ ဖြစ်သည်။
ကျင်းထျန်းယိနှင့် အတူတူအိပ်နိုင်ရန်အတွက် သူက အရာရာတိုင်းကို အရှုံးပေးထားပြီး ဖြစ်သည်။
ကံကောင်း၍ ပရလောကရှိ မည်သူမှ သူ့ကို မသိကြချေ။
သူ၏ လိင်အမျိုးအစားကို ဖော်ထုတ်မခံရခင် သူ့ကိုယ်ထဲအောင်းနေသည့် သရဲကို သတ်နိုင်မည်ဟု မျှော်လင့်မိသည်။
အမှန်တွင်ဖြင့် သူ့ဘက်က အရင်စလိုက်လျှင်လည်း ကျင်းထျန်းယိက ငြင်းပယ်လာမည် မဟုတ်သလို သူ့ကို မျက်နှာသာပေးသည့်အနေနှင့် သူနှင့်ပင် လိုက်ကစားပေးနေဦးမည် ဖြစ်သည်။
“နိုးပြီလား" ကျင်းထျန်းယိက သဘောကျသလို ရယ်မောလိုက်သည်။
"အင်း...." ချူဟွိုက်က ကျင်းထျန်းယိ၏ အကြည့်စူးစူးများနှင့် ဆုံလိုက်ရ၍ သူ့အသံက ခြင်သံလောက်သာ ထွက်လာသည်။
"ကျောင်းကျောင်း။ စောစောတုန်းက ယင်းရှောင်ဖုန်းက တိုက်ခိုက်လိုက်လို့လား" လော့ဇီယန်က ကုန်းပြီး မေးလာသည်။
"ကျွန်မလည်း မသိဘူး" ချူဟွိုက်က မျက်မှောင်ကြုတ်လိုက်သည်။
ကျင်းထျန်းယိက အနည်းငယ် အံ့အားသင့်သွားရသည်။
ဘတ်စ်ကားက အမှောင်ယံထဲ ပြေးဆွဲနေသည်။
မှုန်ပျပျအလင်းရောင်က ရုတ်တရက် သူ့ရှေ့ပေါ်လာ၍ ကျင်းထျန်းယိက ချက်ချင်းပင် ချူဟွိုက်မျက်လုံးကို အုပ်ပေးလာသည်။
"ငါ ဒီကို စစချင်း လာတုန်းက ဘာလို့ ဒီလို အဆက်ဆံမခံရတာပါလိမ့်" လော့ဇီယန်က ပွစိပွစိ ပြောလာသည်။
ချူဟွိုက်က အလင်းနှင့် အနည်းငယ် လိုက်လျောညီထွေဖြစ်လာချိန် ကျင်းထျန်းယိ၏ လက်ချောင်းကြားထဲမှနေ၍ မဖြစ်ထွန်းသော တောင်ပို့မြင့်မြင့်တစ်ခုကို တွေ့လိုက်ရသည်။
ထို့နောက် ဘတ်စ်ကားက ထိုနေရာဆီ တည့်တည့် သွားနေသည်။
ချူဟွိုက်က အံ့သြသွားပြီး ကျင်းထျန်းယိကို အလိုလို ဖက်ထားလိုက်မိသည်။
မျှော်လင့်ထားသလို တိုက်မသွားပဲ ဘတ်စ်ကားက ထိုတောင်ပို့ကို ဖြတ်ပြီး မောင်းသွားလေသည်။
အခြားကမ္ဘာတစ်ခုက ချူဟွိုက်၏ မျက်လုံးရှေ့ ပေါ်ထွက်လာသည်။
ဘတ်စ်ကားက မြစ်ဘေးတွင် ရပ်သွားပြီး ထိုမြစ်ရေက ကြက်သွေးရောင် တောက်နေသည်။
အဖြူရောင်သန့်သန့် အိမ်လေးများက မြစ်ဘေးတွင် ရှိနေသည်။ ချူဟွိုက်က အိမ်များအားလုံးက ဆင်တူနေသလို ခံစားရသည်။
မြစ်၏ တစ်ဖက်ခြမ်းက မှောင်မည်းနေပြီး ခြောက်ခြောက်ကပ်ကပ်နှင့် အသက်မရှိသည်ပုံ ပေါက်နေသည်။
အမှောင်ထဲတွင် 'လူများ'က အော်ဟစ်ပြီး လမ်းမပေါ်တွင် တစ်ခုခု ရောင်းနေကြသည်။
"ဒါက မြေအောက်လောကလား" ချူဟွိုက်က သံသယများနှင့် မေးလိုက်၏။
လော့ဇီယန်က တည်တည်ငြိမ်ငြိမ်ဖြစ်နေသည့် သူ့မျက်နှာကြောင့် အံ့သြသွားရသည်။
ဤနေရာကို သူ ပထမဆုံးရောက်သည့်အချိန်ကို အမှတ်ရသွားရင်း သူ့မျက်နှာက ရှက်သွားဟန် နီမြန်းလာသည်။ သူက ပတ်ဝန်းကျင်အသစ်ကြောင့် အလွှမ်းမိုးခံလိုက်ရ၍ပင်။
ကျင်းထျန်းယိက ခေါင်းညိမ့်ပြလာသည်။
ချူဟွိုက်က အဖိုးကြီးယွဲ့ပြောဖူးသည့် သရဲတောင်ပို့များအကြောင်း ကြားဖူးလေသည်။ တောင်ပေါ်တွင် နေထိုင်သူများက သရဲများ ရွာထဲ ဝင်မလာစေရန် သူတို့အတွက် တောင်ပို့များ ဆောက်ပေးထားကြသည်။
အခု ငါတို့က သူတို့နဲ့ ဆက်သွယ်မိသွားရပြီဆိုတော့ မှတ်ချက်ချဖို့ လွယ်သွားပြီပေါ့။
တောင်ပို့က ယင်နှင့်ယန်ကြားရှိ နယ်နမိတ်နှင့် အတူတူပင်။ သရဲများနှင့် လူများက အတူတူနေ၍ မရချေ။ ကောင်းကင်ဘုံအမှတ်အသားကလည်း ယာယီနေခွင့်လက်မှတ် တစ်ခုလိုမျိုးပင်။
မြေအောက်လောက ရှိနေတာဆို ပရလောကဆိုတ ဘာလဲ။ သူ့ရဲ့ တည်ရှိမှု အဓိပ္ပါယ်က ဘယ်လိုမျိုးလဲ။
ချူဟွိုက်က ထပ်မမေးတော့ချေ။
ကျင်းထျန်းယိက အေးအေးဆေးဆေး ပြောလာသည်
" မင်း အရင်ပြန်နှင့်။ အိမ်ကြမ်းခင်းဝယ်ဖို့ ကျောင်းကျောင်းကို ငါခေါ်သွားဦးမယ်"
ချူဟွိုက်က မျက်လုံးပြူးသွားရသည်။
အိမ်ဝယ်မလို့လား။
စဥ်းစားတတ်လိုက်တာ။
ကျင်းထျန်းယိမှာ သူ့ထက်ပိုပြီး ပိုက်ဆံရှိတယ်ပေါ့။
ချူဟွိုက်က ကျင်းထျန်းယိပြောသွားသည့် အိမ်ကြမ်းခင်းကို ရှင်းရှင်းလင်းလင်း မကြားလိုက်ရချေ။
“ကောင်းပြီလေ။ မင်းတို့တွေ သွားပြီးတော့ မင်္ဂလာအိပ်ခန်းတစ်ခု ဝယ်ကြပေါ့" လော့ဇီယန်က အံ့သြသွားဟန်မပြပဲ စနောက်လာသည်။
ကျင်းထျန်းယိက သူ့ကို ဖွဖွစိုက်ကြည့်လာပြီး ဇဝေဇဝါ ဖြစ်နေသည့် ချူဟွိုက်ကို ဘတ်စ်ကားအပြင်သို့ ဆွဲခေါ်သွားသည်။
လမ်းပေါ်က ဆိုင်များက ကိုယ်ပိုင်စတိုင်နှင့် ခင်းထားကြပြီး ကျင်းထျန်းယိက သူ့ကို ပန်းချီကားရောင်းသည့် ဆိုင်တစ်ခုသို့ ခေါ်သွားလိုက်သည်။
ဆိုင်ပေါက်ဝတွင် မီးလင်းဖိုကြီးတစ်ခု ရှိနေသည်။ အထဲတွင် တစ်ခုခု လောင်ကျွမ်းနေပုံရပြီး မီးခိုးငွေ့များ ထွက်လာ၍ ဝင်လာသည့်သူများက ချောင်းတဟွတ်ဟွတ်ဖြစ်သွားရသည်။
နှစ်ယောက်သား ဆိုင်ထဲ ဝင်လိုက်ကြသည်။
ပန်းချီကားများက ရိုးရှင်းပြီး သာမန်ဆန်၏။ အိမ်၏ အတွင်းပိုင်း ဖွဲ့စည်းပုံများ ရေးဆွဲထားခြင်းသာ ဖြစ်သည်။
ပန်းချီဆွဲနေသည့် အသက်သုံးဆယ်အရွယ် ဘော့စ်မမက လှပပြီး နူးညံ့သန့်စင်သည့် သွင်ပြင်ရှိသည်။
“ထျန်းယိ...ဒါက နောက်ထပ် အသစ်လေးလား"
စုတ်တံကို ချလာသည့် ဘော့စ်မမ၏ လက်က သွယ်လျပြီး မျက်လုံးတစ်စုံကလည်း လှပလေသည်။ ထိုအချိန်ထိ သူမက ရယ်မောနေဆဲဖြစ်သည်။ သို့သော်လည်း ချုဟွိုက်နှင့် ကျင်းထျန်းယိက လက်ဆွဲထားကြမှန်း သတိထားမိသွားချိန် သူမမျက်နှာက တောင့်တင်းသွားသည်။
ကျင်းထျန်းယိဘေးတွင် ရပ်နေသည့် အမျိုးသမီးက အရပ်ရှည်ပြီး လှပကာ သာမန်ထက်ပိုသည့် ကိုယ်ရောင်ကိုယ်ဝါတို့ ရှိနေသည်။
သူ၏ စူးရှသော အမြင်အရ ချူဟွိုက်က ဘော့စ်မမဆီမှ ရန်မူလိုသည့် အငွေ့အသက်ကို ခံစားရသည်။ သူက သူမကို တစ်ခဏမျှ အကဲခတ်လိုက်ပြီးနောက် သူက အကျိုးမရှိသည့် အခြေအနေတစ်ခုထဲ ရောက်နေသလို ခံစားရ၍ စကားဆိုရန် ပြင်လိုက်စဥ် ကျင်းထျန်းယိက လက်ဦးယူသွားသည်။
“ယွင်မမလေး...နောက်ဆုံးတစ်ခေါက်ကတည်းက ပြောထားတယ်လေ ကျွန်တော့်ကို အဲ့လိုမခေါ်ဖို့..."
သူက ချူဟွိုက်၏ မျက်နှာကို ထိတွေ့လိုက်ရင်း မျက်လုံးထက် ဖုံးကွယ်ထားသည့် အပြုံးတစ်ခုနှင့် ပြောလာသည်
" သူက တစ်နေ့လုံး သဝန်တိုနေတော့မှာ..."[T/N: “他=tā” ဒီစကားလုံးက သူ သူမ ထိုအရာ အကုန်သုံးလို့ရပါတယ်။ ဒီနေရာမှာ ကျင်းထျန်းယိက ချူဟွိုက်ရဲ့ လိင်အမျိုးအစားကို သိပြီးသားဆိုတော့ 'သူ'လို့ သုံးလိုက်တာပါ]
ချူဟွိုက်က "....."သူ့မျက်နှာက တောက်လောင်နေပြီ ဖြစ်သည်။
ယွင်မမလေးက အားတင်းပြုံးလိုက်ရ၏။
သူမက ကျင်းထျန်းယိနှင့် သိလာသည်က အချိန်ကြာပြီဖြစ်သည်။ ထိုအချိန်က သူမခန္ဓာကိုယ်ကိုပင် သူ့ကို ကမ်းလှမ်းခဲ့သော်လည်း အငြင်းခံလိုက်ရသည်။
အမှန်တွင်ဖြင့် ဤအမျိုးသားနှင့် မည်သူမှ မတန်ချေ။ သူက စွမ်းအားကြီးပြီး နှိမ့်ချနေတတ်သည်။
သို့သော်လည်း သူမက တစ်နေ့တွင် သူ့ဘေး၌ မိန်းမတစ်ယောက် ရှိလာမည်ဟု တစ်ခါမှ ထင်မထားခဲ့ပေ။
"ကျွန်တော်တို့ လက်ထပ်ပြီးသွားပြီ" ကျင်းထျန်းယိက ပေါ့ပေါ့ပါးပါး ပြောလာသည်။
ချူဟွိုက်က အံ့သြသွားသလို သူ့ကို ခေါင်းစောင်းကြည့်လာသည်။
သိသိသာသာပင် သူတို့က ဖြစ်ရပ်၏ မစ်ရှင်ကြောင့်သာ လုပ်ခဲ့ရခြင်းဖြစ်၍ သူက အတည်မယူခဲ့။
ကျင်းထျန်းယိက သူ့ရှေ့က မိန်းမလှလေးကို တားဖို့အတွက်သက်သက် ဒီအကြောင်း ပြောလိုက်တာလား...။
သူက နှမြောစရာကောင်းသည်ဟု ခံစားရသည်။
ယွင်မမလေးက သရဲတစ်ကောင် ဖြစ်သည်။ ကျင်းထျန်းယိနှင့် သူမကြားတွင် ဆက်ဆံရေးတစ်ခု ရှိနေပါက လူသားနှင့် သရဲဖြစ်နေ၍ ပိုပြီး စိတ်ဝင်စားစရာကောင်းသွားလိမ့်မည်။
သူက ကျင်းထျန်းယိကို ဤသို့ ကြေညာချက်မျိုး ထုတ်မပြောစေချင်ပေ။ အမှန်တွင်ဖြင့် သူတို့က မကြာခင်ဖြစ်ဖြစ် နောက်ပိုင်းမှဖြစ်ဖြစ် ကွဲကွာကြမည့် သူများဖြစ်၍ ကျင်းထျန်းယိ နောင်တရနေမှာ စိုးမိသည်။
ချူဟွိုက်က ရုတ်တရက် သူကိုယ်သူ ငါးဆားနူးကောင်လို ခံစားရသည်။
ကြည့်ရတာ နောက်ပိုင်းမှာ သူက ကျင်းထျန်းယိကို အချစ်တွေ အများကြီးပေးပြီး ဂရုစိုက်ပေးတတ်တဲ့ ချစ်သူလိုပုံစံမျိုး သရုပ်ဆောင်ဖို့ ပိုကြိုးစားရမယ်ထင်တယ်။
ကျင်းထျန်းယိက ယွင်မမလေးကို တည်တည်ငြိမ်ငြိမ်မျက်နှာနှင့် စိုက်ကြည့်လိုက်ရင်း အဓိပ္ပါယ်အပြည့်နှင့် ပြောလာသည်
" ဝိဥာဥ်လက်ထပ်ပွဲ"
ယွင်မမလေး၏ မျက်နှာက စက္ကူတစ်ရွက်လို ရုတ်ချည်းဖြူဖျော့သွားရသည်။
အကြောင်းမှာ ကျင်းထျန်းယိ ကိုယ်တိုင်ကလည်း သရဲတစ်ကောင် ဖြစ်နေ၍ပင်။
👻