Chapter 23
Viewers 19k

👻Chapter 23: 

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း(1)



ချူဟွိုက်က အတွေးတို့ နစ်နေစဥ် အနက်ရောင် ကတ်လေးက ရုတ်တရက် လေဟာနယ်ထဲ ကွယ်ပျောက်လွင့်စင်သွားသည်။


သူ့လက်ဖဝါးပေါ် 'နတ်ဘုရား' ဆိုသည့် ရွှေရောင်စာလုံးလေးက ခပ်ရေးရေးပေါ်လာပြီးနောက် တစ်ခဏအကြာ ပျောက်ကွယ်သွားလေသည်။


'ကျွီ' ဆိုသည့် အသံနှင့်အတူ လှောင်အိမ်၏ တံခါးမကြီးက ပွင့်လာပြီး လှောင်အိမ်ထဲက စိုစိစိအနံ့အသက်တို့ကလည်း ထူးထူးဆန်းဆန်း အနံ့ကင်းသွားကြသည်။


အပြင်ဘက်က အလင်းရောင် မှိန်မှိန်လေးတစ်ခု ဝင်လာသည်။ ချူဟွိုက်က သေချာကြည့်လိုက်မှ ပိန်းပါးပါးသဏ္ဍာန်တစ်ခုက တံခါးပေါက်ဝတွင် ပေါ်လာသည်။


ထိုပုံရိပ်၏ အောက်ပိုင်းက တစ်ဖြောင့်တည်း ဖြစ်နေ၍ ကြည့်ရသည်က အနည်းငယ် ထူးဆန်းနေသည်။


လော်မင်က ဤနေရာသို့ ရန်စကားပြောရန် လာခဲ့သော်လည်း တံခါးပွင့်သွားသည့်အချိန် အဖြူရောင်စကပ် ဝတ်ထားသည့် ပိန်ပိန်သွယ်သွယ် အလှလေးတစ်ယောက်ကို တွေ့လိုက်ရသည်။


အနှီမိန်းမလှလေးနှင့် အကြည့်ချင်းဆုံသွားသည့်အချိန် လော်မင်က သူမမျက်ဝန်းလေးများက ကျောက်မျက်ရတနာသဖွယ် တလက်လက် တောက်ပနေပြီး အကြောက်အလန့်ကင်းနေသလို နှစ်ထောင်းအားရ ဖြစ်နေဟန်လည်း မပေါ်ချေ။ ထို့အစား သူမမျက်ဝန်းထက် ရင့်ကျက်သည့် အရိပ်ရောင်တို့ ခိုအောင်းနေသည်။ 


လော်မင်က အသက်ရှူဖို့ပင် မေ့သွားသည်ထိ ထိတ်လန့်သွားရသည်။


မိန်းမလှလေး၏ စကပ်စမှ သွေးစက်များက ဒူးထိ လိမ့်ဆင်းလာပြီး ခြေသလုံးထိ ပွတ်တိုက်သွားကာ ခြေကျင်းဝတ်နား ဝေ့ဝဲနေသည်။


လော်မင်၏ စိတ်က စွဲမက်ဖွယ် ပုံရိပ်များနှင့်အတူ ပြည့်ကျပ်လာရသည်။ 


ဒီသွေးကျလာတဲ့ နေရာက...


သူက ထိုအကြံက မသင့်လျော်မှန်း တွေးထားပြီးသားဖြစ်သည်။


ချူဟွိုက်က လှောင်အိမ်အပြင်ဘက်သို့ လျှောက်လာချိန် လော်မင်၏ မျက်လုံးများက ပုံမှန်မဟုတ်သလို ခံစားလိုက်ရသည်။


ချူဟွိုက်က ဗိုက်အရမ်းဆာနေပြီ ဖြစ်၍ ယာဂုချိုချိုလေး သောက်ချင်မိသည်။


လော်မင့်ဘေးကို ဖြတ်သွားလိုက်စဥ် ချူဟွိုက်က သူ့ကို ခေါင်းအသာညိမ့်ပြလိုက်ရင်း ထွက်သွားဟန်ပြုလိုက်သော်လည်း လော်မင်က သူ့လက်ကောက်ဝတ်ကို ဖမ်းဆွဲလာသည်။


"ကျွန်မဆီက ဘာအလိုရှိလို့လဲ"


"အခုလေးတင် ငါနဲ့ပြိုင်ခဲ့တဲ့ တစ်ယောက်က...မင်းလား"


လော်မင်၏ မျက်လုံးများက အံ့သြသလို ကြည့်လာသည်။


ချူဟွိုက်က မျက်ခုံးပင့်လိုက်ရင်း ဖြေလိုက်သည် ။


" တခြားဘယ်သူရှိသေးလို့လဲ"


လော်မင်၏ မည်းမှောင်နေသည့် စိတ်က ချက်ချင်း ကွယ်ပျောက်သွားသည်။


သူ ကျင်းထျန်းယိကို မရှုံးခဲ့ဘူးပဲ။


သူ့ရှေ့က အလှလေးကို ရှုံးရသည်က ကောင်းကင်က ဖန်ဆင်းပေးသည့် ဆန်းကြယ်သော ဖူးစာဟု ခံစားရသည်။


နောက်ဆုံးတော့ သူနဲ့ ထိုက်တန်တဲ့ မိန်းကလေးတစ်ယောက် ရှိလာပြီပေါ့။


"...မင်းဘယ်လို နိုင်သွားတာလဲ" သူက အတန်ငယ် တုံ့ဆိုင်းနေပြီးမှ မေးစရာမလိုသည့် မေးခွန်းကို မေးလာသည်။


"ရှင်သိချင်ရင် အိမ်ပြန်ပြီး ပြန်ရစ်ကြည့်လိုက်လေ" ချူဟွိုက် စိတ်မရှည်ဖြစ်လာရသည်။


သူက လော်မင်၏မျက်နှာကို စိုက်ကြည့်နေပြီးမှ လော်မင်၏ ကောင်းကင်ဘုံအမှတ်အသားတွင် အမြီးနှစ်ချောင်းသာ ကျန်တော့မှန်း တွေ့လိုက်ရသည်။ 


ရူးသွပ်ဖွယ် သွေးနီလရောင် မြို့တော်က လော်မင်၏ ၆ခုမြောက် ဖြစ်ရပ်ဆိုလျှင် သူ၏ ရုပ်ပုံ၌ စုစုပေါင်းအမြီးခုနစ်ချောင်းရှိပြီး သူက အဆင့်၇ ဖြစ်သည် ဆိုသည့် အဓိပ္ပါယ်ပင်။ 


လော်မင်က အံ့ဖွယ်အလှလေး၏ ရွှန်းလဲ့နေသည့် မျက်ဝန်းများက တောက်လောင်နေသလို ခံစားမိ၍ သူ့မျက်နှာလည်း ပူရှိန်းရှိန်း ဖြစ်လာရသည်။ 


ချူဟွိုက်က သူ့ရှေ့က လူကို အတန်ကြာအောင် ကြည့်နေမိသည်။ ထို့ပြင် လော်မင်ဆိုသည့်သူက အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေမှန်း သတိထားမိသွားသည်။ 


တော်တော် ထူးဆန်းတာပဲ။


ဘာပဲဖြစ်ဖြစ် ဒီလူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်။


လော်မင်က စိတ်လှုပ်ရှားစွာနှင့် သူ့ကိုယ်သူ မိတ်ဆက်လာပြီး မျှော်လင့်နေသည့် အကြည့်လေးနှင့် မေးလာသည် " မင်း....မင်း နာမည်က ဘယ်လိုခေါ်လဲ"


ချူဟွိုက်က သူ့ကို အပြုံးမမည်သော အပြုံးတစ်ခုနှင့် ဝေ့ကြည့်လာသည် " ကျွန်မ နာမည်က..."


သူက တမင်သက်သက် လော်မင့်ကို ကျီစယ်လိုက်သည်။


"ဘာများလဲ" လော်မင်က လေးလေးနက်နက် မေးလာသည်။


"ကျွန်မနာမည်က...ကျင်းထျန်းယိရဲ့ မိန်းမတဲ့" ချူဟွိုက်က ရှက်သွေးဖြာသည့် ပုံလေး ဖြစ်သွားသည်။


ချက်ချင်းဆိုသလို လော်မင်၏ မျက်နှာက လှောင်အိမ်ထဲက အိုးမည်းကြီးထက် ပိုပြီး မည်းမှောင်သွားလေသည်။  

…


တိုက်ခန်းထဲတွင်....


လော့ဇီယန်:"ဘော့စ်။ ဘော့စ်မျက်နှာက နီရဲလို့ပါလား" 


ကျင်းထျန်းယိမျက်နှာက ခံစားချက်မရှိသည့်အတိုင်းပင်။


"နှုတ်ခမ်းတွေက တင်းတင်းစေ့ထားပြီး နှုတ်ခမ်းထောင့်ကကျ တွန့်ကွေးလို့။ ကြွက်သားတွေကလည်း တောင့်တောင့်ကြီး ဖြစ်နေပေမယ့် အောက်မျက်ခွံက အပေါ်တက်နေတယ်။ မျက်လုံးထောင့်ကလည်း ညွတ်ကိုင်းနေတယ်" 


လော့ဇီယန်က ပိုပိုသာသာ ပြောနေသည် 


" ဘော့စ်။ ဘော့စ်ကလေ တကယ် မပြုံးမိအောင် တင်းခံထားတာ အရမ်း သိသာတာပဲ” 


“ဘာ"


လော့ဇီယန်က ခေါင်းအုံးပျံနှင့် အပေါက်ခံလိုက်ရသည်။


ကျင်းထျန်းယိက ယာဂုယူရန် မီးဖိုချောင်ထဲ ဝင်သွားလေသည်။


ချူဟွိုက်ပြန်လာသည့်အချိန် စုန့်ချန်၏ မျက်နှာက အနည်းငယ် ရှုပ်ထွေးသည့်အမူအရာဖြစ်နေ၏။


 á€œá€ąá€Źá€ˇá€‡á€Žá€šá€”်က ကျင်းထျန်းယိ မီးဖိုချောင်ထဲ ရောက်နေသည်ကို အခွင့်ကောင်းယူပြီး ချုဟွိုက်ဆီ ဖိနပ်မစီးပဲ ပြေးဖက်လိုက်သည်။


ချူဟွိုက်၏ မျက်နှာက အေးအေးဆေးဆေး ဖြစ်လာပြီး မျက်ခုံးတန်းတို့က တဖြေးဖြေး ပြေလျော့လာသည်။


"ဝါး...တော်လိုက်တာ ကျောင်းကျောင်းက...တကယ် အမိုက်စားပဲ" လော့ဇီယန်က စိတ်လှုပ်ရှားစွာ ပြောလာသည်။


"အဆင့်၅လား။ ဘုရားရေ...ငါ မယုံနိုင်သေးဘူး။ မင်း တကယ်ကြီး နိုင်သွားတာပဲ"


“မင်း လော်မင်ရဲ့ မျက်နှာကြီးကို မတွေ့လိုက်လို့...။ အဲ့ဒီတုန်းကလေ သူဖြစ်သွားတဲ့ ပုံစံကြီးက ဝက်အသည်းကြီးတိုင်းပဲ။ ပြိုင်ချင်တာလည်း သူပဲ ။ အခုကျတော့လည်း သူနဲ့ တန်တာ ရသွားတာ။ သူ လုံးဝကို မျက်နှာဖော်နိုင်တော့မှာ မဟုတ်ဘူး"


လော့ဇီယန်က ရုတ်တရက် ချူဟွိုက်၏ကိုယ်ကို နှာခေါင်းတရှုံ့ရှုံ့လုပ်လာရင်း မေးလာသည် " ကျောင်းကျောင်း။ မင်းကိုယ်က အနံ့က အရမ်းကောင်းတာပဲ။ အဲ့ဒါ ဘာအနံ့လဲ။ ဗိုက်တောင်ဆာလာပြီ"


ချူဟွိုက်က ပြုံးပြလိုက်သည် " လူသားနံ့" 


လော့ဇီယန်က တစ်ကိုယ်လုံး တုန်ယင်သွားပြီး အရှက်ပြေရယ်မောလိုက်ရင်း ချက်ချင်း လွှတ်ပေးလာသည်။


ကျင်းထျန်းယိက ချူဟွိုက်အတွက် တူတစ်စုံ ပြင်ပေးလိုက်ပြီးနောက် သူတို့ဆီ လျှောက်လာသည်။


ချူဟွိုက်က တည်တည်ငြိမ်ငြိမ်ပင် လက်ဆန့်ပြီး ကျင်းထျန်းယိဆီ သွားလိုက်သည်။


ကျင်းထျန်းယိက အနည်းငယ် အံ့သြသွားရသည်။


"ဖက်ထားပေး" ချူဟွိုက်အသံက ပျစ်ချွဲနေပြီး မျက်လုံးလေးများက ကြောင်ပေါက်လေးလို အရည်လဲ့နေသည်။


ကျင်းထျန်းယိက မနေနိုင်ပဲ တစ်ချက် ရယ်မောလိုက်ပြီး ချူဟွိုက်ကို သူ့ရင်ခွင်ထဲ ထည့်လိုက်သည်။


တစ်ဖက်တွင်လည်း လော့ဇီယန်က တိတ်တဆိတ် မျက်ရည်သုတ်နေရပြီ ဖြစ်သည်။  


သူလည်း အဖော်တစ်ယောက် မြန်မြန် ရှာမှပါ...။


…

ညဦးပိုင်းတွင် ကျင်းထျန်းယိ ရေချိုးနေသည့်အချိန် ချူဟွိုက်က ကျင်းထျန်းယိ၏ စာအုပ်စင်နား ပြေးသွားရင်း ပဟေဠိရှာသည့် စာအုပ်ကို မတော်တဆ တွေ့မိသွားသည်။ 


အတိတ်တစ်ချိန်က စိတ်ကျန်းမာရေးဆေးရုံတွင် သူ ပျင်းနေသည့်အခါတိုင်း ထိုပစ္စည်းများနှင့် ကစားလေ့ရှိသည်။


ချူဟွိုက်က စာအုပ်ကိုင်ထားရင်း ထိုင်ချလိုက်ကာ ပျင်းတိပျင်းတွဲဖြင့် လှန်ကြည့်မိသည်။


ကျင်းထျန်းယိ အဝတ်အစား ဝတ်ပြီး ထွက်လာသည့်အချိန် တင်ပျဥ်ခွေထိုင်ပြီး စာအုပ်ဖတ်နေသည့် ချူဟွိုက်ကို တွေ့လိုက်ရသည်။


"မင်းက လက်ဟန်အမူအရာ ဘာသာစကား ပြောတတ်တယ်လား" ကျင်းထျန်းယိက ဆံပင်သုတ်ရင်း မေးလာသည်။


ချူဟွိုက်က အံ့သြသွားရင်း ခေါင်းညိမ့်ပြမိသည်။


စိတ်ကျန်းမာရေးဆေးရုံတွင် ဆွံ့အနားမကြားသော ကလေးမလေးတစ်ယောက် ရှိပြီး သူက စကားမပြောတတ်သော်လည်း သူနာပြုများနှင့် တော်တော်လေး ရင်းနှီးလေသည်။


နောက်ပိုင်းတွင် ထိုကောင်မလေးက လက်ဟန်ဘာသာစကား ပြောတတ်မှန်း သိလိုက်ရ၍ သူက ထိုဘာသာရပ်ကို အချိန်ယူပြီး လေ့လာကာ သူမကို ရယ်မောအောင် လုပ်ပေးလေ့ရှိသည်။


ချူဟွိုက်က အတွေးတို့ကို စုစည်းလိုက်ရင်း ပြောင်ပြောင်တင်းတင်း လိမ်ညာလိုက်သည်


 " ကျွန်မက ကောလိပ်ကျောင်းသူလေ။ ကျောင်းက အသင်းတွေမှာ လက်ဟန်ဘာသာစကားသင်တဲ့ အသင်းတစ်ခု ရှိတယ်။ ကျွန်မက အဲ့ဒီအသင်းထဲ ဝင်ထားတာ" 


ကျင်းထျန်းယိက အဓိပ္ပါယ်ပါပါ ပြုံးပြလာသည်။


"အို့...ဒါနဲ့ ကျွန်မတို့ ပဟေဠိရှာတဲ့အကြောင်း ပိုလေ့လာပြီးတော့ ဖြစ်ရပ်တွေမှာ သုံးလို့ရတယ်ရော..." 


ကျင်းထျန်းယိက ချုဟွိုက်က ပဟေဠိစာအုပ်ကိုင်ထားမှန်း မြင်သွား၍ အနည်းငယ် အံ့သြသွားရသည် "မင်းက ဒါကိုလည်း သိတာပဲလား"


“…အင်း...အဲ့ဒါက..." ချူဟွိုက်က နှုတ်ခမ်းတင်းတင်းစေ့ပြီး စကားဆက်ပြောလာသည် 


" ကျောင်းမှာ ပဟေဠိရှာတဲ့ ကလပ်တစ်ခုလည်း ရှိတယ်လေ။ အဲ့ဒီအသင်းထဲလည်း ဝင်ထားလို့"


ကျင်းထျန်းယိက သူ့အလိမ်အညာကို မဖော်ထုတ်တော့ပဲ ချူဟွိုက်ကို အမျိုးအမည်မသိသည့် အကြည့်နှင့် ကြည့်လာသည်။


သူက ချူဟွိုက်ဆီ တိုးသွားရင်း သူ့နောက်တွင် ရပ်လိုက်သည်။ ထို့နောက် ကျင်းထျန်းယိက ဘောပင်အဖုံးကို ဖွင့်ပြီး ဘောပင်ကို ထုတ်လိုက်သည်။ သူ၏ ဘယ်လက်က ချူဟွိုက်ပုခုံးပေါ် တင်လာ၍ သူ့မျက်နှာကလည်း ချူဟွိုက်လည်ပင်းနား ကပ်နေသည်။


ချူဟွိုက်က ကျင်းထျန်းယိက သူ့ကို စာရေးနည်း သင်ပေးတော့မည်လားဟုပင် အထင်မှားသွားရသည်။ 


“ရှင့်ရဲ့ အနံ့က တော်တော်ကောင်းတာပဲ" ချူဟွိုက်က ဆိုလိုက်သည်။


ကျင်းထျန်းယိမှာ သတိလစ်မတတ် ဖြစ်သွားရ၏။


ချူဟွိုက်:"...ရှင် ရေချိုးဆပ်ပြာကို ဘယ်တံဆိပ် သုံးတာလဲ"


ကျင်းထျန်းယိက ချူဟွိုက်လည်ပင်းကို ခပ်ဖွဖွပုတ်လိုက်သည်။


ချူဟွိုက်က မနေတတ်သလို ချမ်းစိမ့်စိမ့် ဖြစ်သွားရသည်။ 


ကျင်းထျန်းယိ၏ ဘောပင်ကိုင်ထားသည့် လက်က ရှည်ရှည်သွယ်သွယ်လေး ဖြစ်ပြီး လက်ဆစ်ကလေးများ တညီတည်း ရှိနေသည်။ 


သူက ချူဟွိုက်ကို ခေါင်းစောင်းကြည့်ပြီး ပြုံးပြလာကာ  အစက်ကလေးချပြီး သင်္ကေတစာလုံးလေးများကို အမှန်တကယ် ရေးချလာသည်။ 


ချူဟွိုက်က သူ့ရှေ့က သင်္ကေတများကို တစ်ချက် ကြည့်လိုက်ရင်း မျက်ဆံများ ကျုံ့ဝင်သွားကာ အနည်းငယ် မသေချာမရေရာ ဖြစ်သွားသလို ခံစားရသည်။


ဒီလူက တကယ် တော်တာပဲ။


ချူဟွိုက် သက်ပြင်းငွေ့ငွေ့ ချမိသည်။


ဒါပေမယ့် သူက ယောကျ်ားလေး ဖြစ်နေတာ စိတ်မကောင်းစရာပဲ။


ကျင်းထျန်းယိက ပဟေဠိရှာသည့် စာအုပ်ပေါ်တွင် 'ကိုယ် မင်းကို သဘောကျတယ်' ဟု ရေးလာသည်။


ဒါကို ဖွင့်ပြောတယ်လို့ သဘောထားရမှာလား။


ကြည့်ရတာ သူ အကြာကြီး ကြိုးစားထားရသမျှက သဲထဲရေသွန် ဖြစ်မသွားဘူးနဲ့ တူတယ်။


နောက်ဆုံး သူတို့ အခု အတူတူအိပ်လိုက်ရင်တောင် ပိုပြီး သင့်လျော်သွားမယ့်ပုံပဲ။


ဒီလိုဆိုပေမယ့်လည်း သူတို့က အရင်ကတည်းက အတူတူ အိပ်ခဲ့တာပဲလေ။


ကျင်းထျန်းယိက ချုဟွိုက်ကို စောင့်ကြည့်နေရင်း သူ စိတ်အနှောင့်အယှက် ဖြစ်သွားမှန်း သိလိုက်ရသည်။


ကျင်းထျန်းယိ သူ့ကိုယ်သူ လှောင်ရယ်ချင်မိသည်။ ချူဟွိုက် တုံ့ပြန်လာမှာ မဟုတ်ဘူးဆိုတာ သူ သိထားပေမယ့်....။ 


ထို့ကြောင့် သူက ဘောပင်ကို ပြန်ယူလိုက်မှ ချူဟွိုက်က အသိဝင်လာကာ ကျင်းထျန်းယိဘက်ကို ရုတ်တရက် ခေါင်းလှည့်လာသည်။


မထင်မှတ်ပဲ...  သူ၏ နှုတ်ခမ်းက ကျင်းထျန်းယိ၏ နှုတ်ခမ်းစွန်းကို လျှပ်တိုက်သွားသည်။


ချူဟွိုက်:"...."ရိုးရိုးသားသား ပြောရရင် ဒီတစ်ကြိမ်က တကယ် မရည်ရွယ်ပဲ ဖြစ်သွားတာ။


ချူဟွိုက်က ရှက်ကိုးရှက်ကန်း ပြန်လှည့်သွားပြီး ကျင်းထျန်းယိလက်ထဲမှ ဘောပင်ကို အမြန် ယူလိုက်သည်။ ကျင်းထျန်းယိ၏ စူးစမ်းလိုသည့် အကြည့်အောက်တွင် ချူဟွိုက်က စာလုံးဆက်လေးများကို ရေးလိုက်သည်။ 


သူက ဒီနေ့ကို အကြာကြီး စောင့်နေခဲ့ရတာ။ ဘာလို့ ဒီအခွင့်အရေးကို လက်လွှတ်ခံနိုင်မှာလဲ။


ချူဟွိုက်က သူ့ဘက်က စတင်ရမည်ဟု တွေးလိုက်သည့် အချိန်တိုင်း အမြဲ ရှက်သွားရသည်ချည်းသာ။


ကျင်းထျန်းယိက သူ့မျက်စိရှေ့က လက်ရေးဝိုင်းဝိုင်းလေးများကို အချိန်အတန်ကြာ ကြည့်နေရင်း အသံတိတ် ရယ်မောလိုက်လေ၏။ 


…


ချူဟွိုက် အိပ်ပျော်သွားပြီးနောက် ကျင်းထျန်းယိက လက်နောက်ပစ်လိုက်ရင်း အမှောင်ယံထဲ မျက်လုံးဖွင့်ကြည့်လိုက်သည်။


ချူဟွိုက်သွားရမည့် ဖြစ်ရပ်၏ အခက်အခဲများက မှန်းထားသလို ဟုတ်မနေချေ။


သူက အဆင့်ကိုးရှိတဲ့သူ ဖြစ်နေလို့လား။


ဘယ်အချိန်တုန်းက လောကကြီးက စိတ်မရှည်သလို ဖြစ်လာရတာလဲ။


ကျင်းထျန်းယိ၏ မျက်လုံးထက် အေးစက်စက်အလင်းတန်းတို့ ဖြတ်ပြေးသွား၏။


ဒါမှမဟုတ် တခြား အကြောင်းရင်း ရှိနေလို့လား။


ကျင်းထျန်းယိက မျက်မှောင်ကြုတ်ပြီး အတွေးတို့ နစ်နေစဥ် ချူဟွိုက်က ရုတ်တရက် လှည့်လာပြီး သူ့ကိုယ်ပေါ် လက်တင်လာသည်။


သူပုံစံက ချမ်းနေ၍ထင် မြေတစ်ကောင်လို ကွေးနေပြီး ကျင်းထျန်းယိအင်္ကျီထဲ လက်လျှိုဝင်လာ၏။


ကျင်းထျန်းယိက တစ်ကိုယ်လုံး တောင့်တင်းသွားရသည်။ 


လေထုကလည်း ချက်ချင်း အေးခဲသွားသည့် ပုံပင်။


တစ်ဖက်လူ၏ ကိုယ်က ရုတ်တရက် ပြောင်းလဲသွားမှန်း ခံစားမိ၍ ချူဟွိုက်က ချက်ချင်း အိပ်ချင်ပြေသွားရသည်။


အစ်ကိုကြီးရေ...ငါသာ ယောကျ်ားလေးမှန်း သိသွားရင်တော့ မင်း ဒီလိုမျိုး ခက်ခက်ခဲခဲ ခံစားမနေရမှာ စိုးမိတယ်။


"အင်း...ရှင်က ဘာလို့ မအိပ်သေးတာလဲ" 


ချုဟွိုက်က ရူးချင်ယောင်ဆောင်လိုက်ရင်း မျက်လုံးပွတ်ကာ အိပ်ချင်မူးတူးမေးလိုက်သည်။


သူက ကျင်းထျန်းယိ အင်္ကျီထဲ ရောက်နေသည့် လက်ကို ပြန်ရုတ်လိုက်ချင်သော်လည်း သူသာ ချက်ချင်း လက်ပြန်ရုတ်လိုက်လျှင် ဘာဆက်ဖြစ်မည်ကို သိနေသလို ဖြစ်သွားလိမ့်မည်။


ချူဟွိုက်က လက်ကို တစ်ချက်မှ မရွေ့လိုက်တော့ပေ။


သို့သော်လည်း ကျင်းထျန်းယိကဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်လာပြီးပြီ ဖြစ်သည်။


ချူဟွိုက်က သက်ပြင်းချလိုက်ရင်း ကျင်းထျန်းယိ တစ်ကိုယ်တည်းသမား ဖြစ်နေသည့် လျှို့ဝှက်ချက်ကို သိလိုက်ရသလို ခံစားမိသည်။


ကျင်းထျန်းယိ၏ နားရွက်များက နီရဲလာပြီး တိတ်တဆိတ် အိပ်ရာထသွားလေသည်။ 


…👻


နှစ်ရက်ကြာပြီးနောက် ညနေ ၅နာရီခွဲတွင် စုန့်ချန် ကျင်းထျန်းယိနှင့် ချူဟွိုက်တို့က တိုက်ခန်းရှေ့က လမ်းတစ်ဖက်မှ ဘတ်စ်ကားစောင့်နေကြသည်။


ချူဟွိုက်က ကျင်းထျန်းယိ၏ နာရီကို သူ့လက်တွင် ပတ်ထားလေသည်။


၅နာရီ ၅၀မိနစ်တွင် ဘတ်စ်ကား ရောက်လာ၏။


လော့ဇီယန်က ဒုတိယထပ်မှနေ၍ သူတို့ကို လက်ယမ်းပြနေရင်း ဝမ်းနည်းလာသလိုလည်း ခံစားရသည်။


သူက ကျောင်းကျောင်းနှင့် ချန်ချန်တို့ကို နောက်တစ်နေ့ မနက်တွင် ထပ်မြင်ရပါ့မလား သေချာမသိပေ။


သူက ကျောင်းကျောင်းချက်ပေးသည့် ဟင်းလျာများကို စားချင်သေးသလို ချန်ချန်နှင့်လည်း ငြင်းခုန်ချင်ပါသေးသည်။


…


ချူဟွိုက်က ဘတ်စ်ကားပေါ် တက်လိုက်သည်နှင့် လော်မင့်ဆီက တောက်လောင်နေသော အကြည့်ကို ခံစားလိုက်ရလေသည်။



👻