👻Chapter 25:
သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (3)
ချူဟွိုက်၏ မျက်ဆံများ ကျုံ့ဝင်သွားသည်။
ဒါ သူ့ဖုန်းပဲ။
ခုနက ရုန်းရင်းကန်ရင်း ပြုတ်ကျသွားတာ နေမယ်။
သူက ပြန်လှည့်လိုက်ရင်း သွေးစွန်းနေသည့် ဖုန်းကို ကောက်ယူလိုက်သည်။ ခေါ်လာသူက 'စုန့်ချန်' ဖြစ်နေသည်။
ချူဟွိုက်က သေချာ စဥ်းစားကြည့်မိသည်။
သူတို့ကို တစ်နေရာစီ ပို့လိုက်တဲ့ ပရလောကရဲ့ ရည်ရွယ်ချက်က ဘာဖြစ်နေမလဲ။
သူတို့သာ အတူတူစုနေရင် သရဲ မလှုပ်နိုင်မှာကြောင့်များလား။ ဒါမှမဟုတ် ဖြစ်ရပ်ရဲ့ အဓိကဇာတ်ကြောင်းအတွက် မကောင်းမှာစိုးလို့ ဖြစ်နိုင်တယ်။ ဘာလို့ ပရလောကက တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်ခွင့် ပေးထားတာလဲ။
ဖြစ်နိုင်တာက...
ပရလောကက မစ်ရှင်ကို ထောက်ပံ့ပေးဖို့ ကြိုးစားနေပြီး ပြိုင်ပွဲဝင်တွေကို လက်တွဲသွားအောင် လုပ်နေတာလား။
မဟုတ်ဘူး။ တစ်ခုခု မှားနေတဲ့အရာ ရှိရမယ်။
"ကျင်းထျန်းယိလား" လော်မင်က မပျော်မရွှင် ဖြစ်သွားသည်။
ချူဟွိုက်က ခေါင်းခါပြလိုက်ပြီး ဖုန်းလက်ခံဖြေဆိုလိုက်သည်။
စုန့်ချန်၏ အသံက ဖုန်းတစ်ဖက်မှ ထွက်လာသည်
" ဟယ်လို ။ ကျောင်းကျောင်းလား"
ချူဟွိုက်က နူးနူးညံ့ညံ့ ပြန်ဖြေလိုက်သော်လည်း သူ့စိတ်ထဲ ရှုပ်ထွေးမှုတို့ ရှိနေသေးသည်။
စုန့်ချန်က ကျေနပ်ပြီး အံ့သြသွားသည့် အသံနှင့် ပြောလာသည်
" ဖုန်းဆက်သွယ်လို့ရတာ ကောင်းသွားတယ်။ အစ်ကိုကျင်းက ဘာမှမလုပ်ခိုင်းဘူးလေ။ အစ်မလည်း ဘာဆက်လုပ်ရမလဲ မသိတော့လို့ စမ်းကြည့်သင့်တယ်လို့ ပြောလိုက်တာ။ အလုပ်ဖြစ်သွားမယ်လို့ မထင်မိဘူး"
ကျင်းထျန်းယိက သူမကို ဘာမှမလုပ်ခိုင်းဘူးလား။
ချူဟွိုက်၏ မျက်နှာက တောင့်တင်းလာသည်။
သူက ဖြစ်လာမယ့်အရာတွေကို သိနေတာလား။
"အစ်မတို့ အခု အတူတူရှိနေတာလား" ချူဟွိုက်မျက်မှောင်ကြုတ်လိုက်သည်။
"ဟုတ်တယ်လေ"
လိုချင်သည့်အဖြေရသွား၍ ချူဟွိုက်က စိတ်အေးသွားသလို သက်ပြင်းတစ်ချက် ချမိသည်။
ဒါ သတင်းကောင်းပဲ။
စုန့်ချန်နဲ့ ကျင်းထျန်းယိတို့သာ အတူတူရှိနေရင် သူတို့ အသက်ရှင်နိုင်ခြေက ပိုများလိမ့်မယ်။
ပြီးတော့ စုန့်ချန်ကိုလည်း ကျင်းထျန်းယိက ကာကွယ်ပေးဦးမှာ ဆိုတော့ လောလောဆယ်တော့ သူမက အန္တရာယ်မရှိနိုင်သေးဘူး။
သူနှင့် ကျင်းထျန်းယိက အမျိုးသားများဖြစ်၍ အမျိုးသမီးများနှင့် ကလေးများကို ကာကွယ်ပေးရမည်ဆိုသည့် ပင်ကိုဗီဇက ပါနေပြီးသားပင်။
စုန့်ချန် "ကျောင်းကျောင်း။ မင်း အခု ဘယ်မှာလဲ။ အစ်ကိုကျင်းနဲ့ အစ်မ မင်းကို လာရှာမယ်"
ချူဟွိုက်က လှည့်ပတ်ကြည့်နေရင်း လက်ရှိ သူရောက်နေသည့်နေရာကို စုန့်ချန်ကို ဘယ်လိုပြောပြရမလဲ စဥ်းစားနေမိသည်။ သို့သော်လည်း သူက ပတ်ပတ်လည်က တစ်ပုံစံတည်း ဖြစ်နေမှန်း တွေ့လိုက်ရသည်။
သူ့မျက်လုံးမှောက်သွားရသည်။
အကြောင်းမသိပဲ ကျင်းထျန်းယိနဲ့ စုန့်ချန်တို့က သူ့ကို ဘယ်လို ရှာနိုင်တော့မှာလဲ။
သူ့ကို စောစောက အဓမ္မကျင့်ချင်ခဲ့သည့် အမျိုးသားအလောင်းကိုသာ ထောက်တိုင်အဖြစ် သုံးရမည်ပင်။
သို့သော်လည်း သူဒီမှာ နေပြီး စောင့်နေရန်ကလည်း မဖြစ်နိုင်ချေ။ ထို့ပြင် သူတို့က မြို့နယ်နိမိတ်ပင် မမြင်ရသေး၍ မြို့ကြီးအလယ် အလောင်းတစ်ခုကို ရှာဖို့က ကျင်းထျန်းယိနှင့် စုန့်ချန်တို့အတွက် မလွယ်ကူလောက်။
အနည်းဆုံး သူက အရှေ့အနောက် တောင်မြောက်ကို သိထားလျှင် ပိုကောင်းသွားမည်။ ချူဟွိုက်က အသံတိတ် စဥ်းစားကြည့်နေသည်။
"ကျောင်းကျောင်း။ ဘာလို့ စကားမပြောတော့တာလဲ" စုန့်ချန်က အလောတကြီးသံနှင့် ပြောလာပြီးမှ ရုတ်တရက် ပြဿနာကို နားလည်သွားရသည်။
လရောင်က တဖြေးဖြေး မှိန်လာသည်။
ချူဟွိုက်က ညယံကောင်းကင်ထက်ကိုသာ တစိုက်မတ်မတ် ကြည့်နေမိသည်။
ထူးထူးဆန်းဆန်း ကောင်းကင်ထက်တွင် ကြယ်တစ်လုံးမှ ရှိမနေချေ။
ကံကောင်း၍ လထွက်နေလို့သာ။
လက တစ်ခြမ်းပဲ လင်းနေ၍ လတစ်ဝက် ရောက်နေပြီဖြစ်သည်။
၆နာရီ မိနစ်၂၀မှာ ညလယ်ရောက်နေပြီ ဆိုတော့ ထိန်ထိန်သာနေတဲ့ လမင်းကြီးက အနောက်ဘက်မှာ ရှိရမယ်။
လဆိုတာ အရှေ့ဘက်က ထွက်ပြီး အနောက်ဘက်ကို ဝင်တယ်။ သူ့ဦးတည်ချက်က အနောက်ဘက်ကို ရွေ့သွားတယ်။
ချူဟွိုက်က ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း သိသွား၍ စုန့်ချန်ကို ရှင်းပြရန် ကြိုစားလိုက်သည်။
သို့သော်လည်း စုန့်ချန်က ချူဟွိုက်ပြောသွားသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး ခေါင်းရှုပ်သွားသည့်ပုံပင်။
"အစ်ကိုကျင်းကို ဖုန်းပေးလိုက်ပါ။ ကျွန်မ သူ့ကို ပြောပြလိုက်မယ်" ချူဟွိုက်က ဆိုလိုက်သည်။
ကျင်းထျန်းယိကတော့ လအကြောင်း နားလည်လောက်တယ်။
ချူဟွိုက်ဘေးက လော်မင်က လှောင်ပြုံးပြုံးလိုက်သည်။
နှစ်ဦးသား စကား အကြာကြီး ပြောနေကြပြီး ပြိုင်ပွဲတွင် သူ့ကို ရှုံးသွားခဲ့သည့် စုန့်မျိုးရိုးနှင့် မိန်းမကလည်း အရည်မရအဖတ်မရ စကားများ ပြောနေသည်။
တစ်ဖက်တွင်လည်း ထို ကျင်းထျန်းယိဆိုသည့် သူက ထိုနှစ်ယောက် စကားပြောနေသည်ကို ဖြတ်မပြောပဲ နားပင်ထောင်နေလိုက်သေးသည်။
ထပ်ပေါင်းပြောရလျှင် ချူကျောင်းက ကျင်းထျန်းယိကို စကားပြောချင်ကြောင်း တောင်းဆိုထားသည့်သူ ဖြစ်သည်။
လော်မင်က သူ့စိတ်ကို ကလိကလိဖြစ်စေသော ထိုလူသားကို တကယ်ပဲ ပွေ့ဖက်လိုက်ချင်သော်လည်း ကျင်းထျန်းယိက ရှိနေသေးသည်။ ချူကျောင်းကလည်း ထိုလူကြောင့် စိတ်အားငယ်နေမှန်း သူ သိပါသည်။
"ကျောင်းကျောင်း" ကျင်းထျန်းယိ၏ အသံက တည်ငြိမ်နေသည်။
ချူဟွိုက်က စောစောက စုန့်ချန်ကို ပြောခဲ့သည့် စကားများကို ပြန်ပြောပြလိုက်သည်။
ကျင်းထျန်းယိ " ကောင်းပြီ"
ထိုအခိုက် တစ်ဖက်လူက သူ့စကားလုံးများကို ရွှေတုံးများသဖွယ် လက်ခံယူလာသည်။ ချူဟွိုက်ကလည်း ကျင်းထျန်းယိက စေ့စပ်သေချာသည့်သူ ဖြစ်ရမည်ဟု ခန့်မှန်းကြည့်ရင်း သူ၏ ပုံမှန်ထက်သာလွန်ထက်မြက်မှုကို နားလည်သွားရသည်။
ချူဟွိုက် " ကျွန်မ ရှင့်ကို စောင့်နေမှာပါ"
ကျင်းထျန်းယိက အသံတိတ်နေသော်လည်း ချူဟွိုက် ဖုန်းချတော့မည် ပြင်သည့်အချိန် စကားနှစ်ခွန်း ဆိုလာသည် " သတိထားပါ"
ဖုန်းတစ်ဖက်မှာ ဖြတ်သန်းသွားလာသံများကို ကြားနေရသည်။
သတိထားရမှာလား။
ဤသည်က ကျင်းထျန်းယိ သူ့ကို ပြောသွားသည့် အရာဖြစ်သည်။
ဒီလူက သူ့ကို ဘာတွေ သတိထားစေချင်တာလဲ။
ခုနက ကျင်းထျန်းယိရဲ့ အပြုအမူက တစ်ခုခု ပတ်သတ်နေတာများ ရှိနေတာလား။
ချူဟွိုက်က ဖုန်းကိုင်ထားပြီး လော်မင့်ကို ကြည့်လိုက်သည် " သွားကြစို့"
“သူက အမြဲတမ်း မင်းကို ဒီလို ဆက်ဆံတာပဲလား" လော်မင်က အနောက်က မေးလာသည်။
ချူဟွိုက် ဝတ်ကျေတန်းကျေ ပြန်ဖြေလာသည်
" ကျွန်မက အဲ့လိုမျိုးလို့ မပြောပါဘူး"
မည်သို့ဆိုစေ ချူဟွိုက်ပုံစံက လော်မင်၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်သည်နှင့် တူသည်။
"သူက အရမ်း ကောင်းတာပဲလား။ သူက မင်းကို ဒီလိုမျိုး ဆက်ဆံတာကို ဝမ်းမနည်းဘူးလား။ တစ်ခုခု မှားနေတယ်လို့ မထင်ဘူးလား"
ချူဟွိုက်က စကားတစ်ခွန်းမှ မဆိုလာသော်လည်း လော်မင်က ဆက်ပြီး အပေးအယူ လုပ်လာပြန်သည်။
နောက်ဆုံး ချူဟွိုက်က စိတ်ရှုပ်လာ၍ အပိတ်ပြောထားလိုက်သည် " လူတိုင်းက ချစ်လို့ အတူတူရှိနေကြတာမျိုး မဟုတ်ဘူး။ ကျွန်မကလည်း သူ့ကို မချစ်လို့ ကျွန်မကိုလည်း ချစ်မလာစေချင်ဘူး"
"မင်း ဘာကို ပြောချင်တာလဲ။ ဒါဆို ဒါက မင်းရဲ့ အကြံအစည်ပေါ့"
လော်မင်က ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
ချူဟွိုက်က ပြုံးပြလိုက်သည် " အရာအားလုံး ပြီးဆုံးသွားတဲ့အချိန် ရှင်က ကောင်းကောင်း နေရတော့မှာ မဟုတ်ဘူး။ ဒါကြောင့် အနာဂတ်အကြောင်း ဘာမှ တွေးမနေပဲ ပျော်ပျော်ရွှင်ရွှင် နေတာက ရှင့်အတွက် ပိုကောင်းပါတယ်"
လော်မင်"....."
"ကျွန်မအတွက်ကတော့ ကျင်းထျန်းယိက ဧဝရတ်တောင်ကြီးလောက် ကြီးမြတ်တယ်။ ဒါက ရည်မှန်းချက်ကြီးတဲ့ အမျိုးသမီးတိုင်း တက်ချင်နေကြတဲ့ တောင်ကြီးပေါ့။ ကျွန်မက ဆန္ဒပြည့်သွားရပြီ ဆိုပေမယ့် စိတ်လည်း ရှင်းသွားရတယ်။ ဘယ်သူမှ ဧဝရတ်တောင်ပေါ် လာနေမှာ မဟုတ်ဘူးလေ"
"ရှင် နားလည်ပြီလား"
လော်မင်က မေ့လဲမတတ် ဖြစ်သွားရသည်။
ချူဟွိုက်က အရူးလုပ်ခံလိုက်ရသည့် လော်မင့်ပုံစံကို မြင်ပြီး ပျော်ပျော်ရွှင်ရွှင် ရယ်မောလိုက်သည်။
သူက ကျင်းထျန်းယိကို ဤအဆင့်ထိ ကြွားပြီး ပြောလိုက်၍ သူ့ကို မျက်နှာသာပေးပြီးသား ဖြစ်သွားသည်။
လော်မင်က ထိုအချက်ကို ဆုပ်ကိုင်ပြီး သူ့စွမ်းရည်ကို ပြလာသည် " ကိုယ်လည်း...ပျော်ပျော်ရွှင်ရွှင် နေမှာပါ"
သူ့နားရွက်များက ခရမ်းချဥ်သီးလို နီရဲလာသည်။
ချူဟွိုက်"....." လော်ဇီက မင်းထက် ပိုကြီးတာပေါ့။
"ချူကျောင်း" လော်မင်က တုန့်ဆိုင်းနေရာမှ သူမကို မကြည့်ရဲပဲ ပြောလာသည်
" မင်းကလည်း ဧဝရတ်တောင်ကြီးနဲ့ တူပါတယ်"
ချူဟွိုက်က 'ချီးကျူးပေးတဲ့အတွက် ကျေးဇူးပါ'ဟု မပြောလိုက်နိုင်မီ လော်မင်က နောက်ထပ် ဆက်ပြောလာသည်
" ဒါကြောင့် ကိုယ်တက်လို့ ရနိုင်မလား"
သူက ပြောပြီးသည်နှင့် မျက်နှာက ရှက်ရိပ်သန်းသွားလေသည်။
ချူဟွိုက်"....."
🤣
သူနှင့် ကျင်းထျန်းယိတို့ သဘောတူထားသည့် ဦးတည်ချက်အတိုင်း ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူက အသံသေးသေးလေး တစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်
" ငါနဲ့ ဝေးဝေးမှာနေ"
ထိုအသံပိုင်ရှင်က ငါးနှစ်ခြောက်နှစ် အရွယ် ကောင်လေးတစ်ယောက် ဖြစ်နေသည်။ ထိုကောင်လေးက အသားဖြူဖြူ ဝတုတ်တုတ်ကလေး ဖြစ်သည်။ မျက်လုံးများက ဝိုင်းစက်နေပြီး သူ့ခန္ဓာကိုယ်က ထိန်လန့်ပြီး တုန်ယင်နေသည်။
ချူဟွိုက်မှာ လန့်သွားရသည်။ သူက ကြောက်စရာကောင်းနေလို့လား။
"လူသတ်သမား" ထိုကောင်လေးက အော်ပြီး ထွက်ပြေးသွားလေသည်။
ထိုအခါမှ ချူဟွိုက်က လော်မင်ကို ပြောနေမှန်း သဘောပေါက်သွားရသည်။
ထိုကောင်လေးက လော်မင် လူသတ်ခဲ့မှန်း မျက်မြင်တွေ့လိုက်ရ၍ ကြောက်လန့်သွားခြင်း ဖြစ်သည်။
မတိုင်မီက သူက ဘတ်စ်ကားပေါ် ရှိနေသည့်အချိန် ချူဟွိုက်က ပြိုင်ပွဲဝင်များကို သေသေချာချာ ကြည့်ခဲ့ပါသော်လည်း ဤကောင်လေးကို သတိမထားမိခဲ့။ သူက ကလေးလေး ဖြစ်နေ၍ မတွေ့လိုက်ခြင်း ဖြစ်မည်။
ဘာလို့ ပရလောကကြီးက ငါးနှစ်ခြောက်နှစ် အရွယ်ကလေးကိုတောင် လွှတ်မပေးရတာလဲ။
ဒီလို ကလေးငယ်လေးက ဖြစ်ရပ်ထဲမှာ ဘယ်လို အသက်ရှင်နိုင်မှာ မို့လို့လဲ။
ချူဟွိက်က အတွေးနယ်ချဲ့နေစဥ် လော်မင်က ရှေ့သို့ လှမ်းသွားပြီး ထိုကောင်လေး၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
သူ့မူလအစီအစဥ်က ထိုကောင်လေးကိုပါ အတူခေါ်သွားရန် လုပ်ထားသော်လည်း လော်မင်ကြောင့် ကလေးက လန့်သွားပြီ ဖြစ်သည်။
"အား...သရဲ...။ မလာခဲ့နဲ့"
လော်မင်၏ မျက်နှာက ချက်ချင်း အရောင်မရှိသလို ဖြစ်သွားလေသည်။
"မေမေရေ...ကယ်ပါ" ထိုကောင်လေးက ရုန်းကန်နေရင်း နောက်ဆုံး ချူဟွိုက်က ထိုင်ချလိုက်ပြီး သူ့ပုခုံးကို ထိန်းကိုင်လိုက်သည်။
"သူက လူဆိုးကြီးကို သတ်ခဲ့တာပါ" ချူဟွိုက်အသံက တည်ငြိမ်နေသော်လည်း သူ၏ မျက်ဆံများက ချော့မြူလိုသည့် အရိပ်ရောင်တို့ သန်းနေသည်။
ထိုကောင်လေးက ရုန်းကန်နေရာမှ ရပ်သွားပြီး လော်မင်ကို ကွက်ကြည့်ကွက်ကြည့် ကြည့်လာသည်။
"တကယ်လား"
"ဟုတ်တယ်။ လူဆိုးကြီးသာ မသေဘူးဆိုရင် မင်းလည်း အသတ်ခံရတော့မှာ။ မင်းအမေနဲ့လည်း တွေ့ရတော့မှာ မဟုတ်ဘူး။ ပြီးတော့ ဒီနေရာက လူတွေအကုန်လုံးလည်း အန္တရာယ်တွင်းထဲ ကျကုန်ကြလိမ့်မယ်"
လူတိုင်းမှာ ကျင်းထျန်းယိနှင့် လော်မင်တို့လို အရည်အချင်း မရှိချေ။
သူ့အမေအကြောင်း ပြောလိုက်မှ ထိုကောင်လေးက ရုတ်တရက် ထငိုလာသည် " မေမေရေ..."
ချူဟွိုက်က တစ်ခုခုမှားနေသလို ခံစားရသည် " မင်းအမေလည်း ဒီမှာ မရှိဘူးလား"
ထိုကောင်လေးက ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာပြီး မျက်ရည်ကျလာသည် " မေမေက ပျောက်နေတာ..."
ချူဟွိုက်က ခေါင်းစောင်းလိုက်ရာ လော်မင်၏ မျက်နှာက ပုံမှန် မဟုတ်မှန်း သတိထားမိသွားသည်။သူက မေးလိုက်သည်
" ရှင် ဘာဖြစ်နေတာလဲ"
လော်မင်က ခပ်ဖွဖွ ပြုံးပြီး ဖုန်းကွယ်လိုက်သည် " ဘာလို့လဲ။ ကိုယ့်ကို ဂရုစိုက်ပေးတာလား"
ချူဟွိုက်က ခေါင်းငုံ့လိုက်ရင်း ထိုကောင်လေးကို ပြောလိုက်သည် " မင်းအမေကို ရှာဖို့ ခေါ်သွားပေးမယ်လေ"
ထိုကောင်လေး၏ မျက်လုံးများ မြောက်တက်သွားကာ ချူဟွိုက်လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လာသည်။
"မမ"
ချူဟွိုက်"....."
ချူဟွိုက်က ထိုကောင်လေးနှင့် လမ်းလျှောက်နေရင်း စိတ်လွတ်နေမိသည်။
ဤကောင်လေး၏ ရုက်တရက် ပေါ်လာမှုက ဖြစ်ရပ်ထဲကို ဝင်လာခဲ့သည့် လီရှင်းရန်ကို အမှတ်ရစေသည်။
လီရှင်းရန်က လွန်ခဲ့သော နှစ်နှစ်က သူကူညီပေးဖူးသည့် ကောလိပ်ကျောင်းသူ တစ်ယောက် ဖြစ်သည်။
…
ကျင်းထျန်းယိက လကို ကြည့်ပြီး လမ်းလျှောက်နေသည်။
စုန့်ချန်က သူ့နောက်က အကွာအဝေးတစ်ခုထားပြီး လိုက်ပါလာရင်း သူမ၏ မျက်လုံးကိုလည်း အဆက်မပြတ် ပွတ်နေသည်။
မြို့ကြီးက အလွန်အမင်း ကြီးမားလှကာ သူနှင့် ချူဟွိုက်က လမ်းတစ်ဝက် ရောက်နေလျှင်ပင် တွေ့ဆုံရန် မည်မျှကြာမည်မှန်း သူ မသိချေ။
ကျင်းထျန်းယိက လက်က နာရီကို တစ်ချက်ကြည့်လိုက်သည်။
နာရီဝက်ခန့် လျှောက်ပြီးသည့်တိုင် အသစ်ကလေးတစ်ယောက်မှ မတွေ့ရသေးချေ။
၇နာရီထိုးရန် မိနစ်အနည်းငယ်သာ ကျန်တော့သည်။
ဤအချိန်အတွင်း တစ်ယောက်ယောက် သေသွားနိုင်မလား သူ မသိချေ။
ကျင်းထျန်းယိက ချူဟွိုက်ကို အရမ်း စိတ်ပူနေသည်။ ကံကောင်း၍ စုန့်ချန်က လော်မင်လည်း ဘေးတွင် ရှိနေသည်ဟု ပြောထား၍သာ။
ဤအချက်က သူ့ကို စိတ်အေးသွားစေသည်။
ချူဟွိုက်၏ ခန္ဓာကိုယ်က အရမ်း အားနည်းလေသည်။
ချူဟွိုက်အတွက် သူ့ကို အန္တရာယ်ပြုလာနိုင်သည့် ကြောက်စရာအကောင်းဆုံး တည်ရှိမှုက သရဲမဟုတ်ပဲ လူသားများပင် ဖြစ်လိမ့်မည်။
သူက တတ်နိုင်သရွေ့ အမြန်ဆုံး ချူဟွိုက်ကို ရှာရပေမည်။
…
၇နာရီထိုးရန် စက္ကန့်အနည်းငယ်သာ လိုတော့သည်။
မြို့ထဲရှိ ပြိုင်ပွဲဝင်များအားလုံး တစ်ပြိုင်တည်း ခေါင်းမော့ကြည့်လိုက်သည်။
ကြောက်စရာကောင်းသည့် မြင်ကွင်းကြီး တစ်ခု ပေါ်လာသည်။
ထိန်ထိန်သာ နေသည့် အဖြူရောင် လမင်းကြီးက သွေးရည်လောင်းခံလိုက်ရသည့်နှယ် သွေးနီလကြီး အဖြစ် ပြောင်းသွားလေသည်။
လရောင်က ပိန်းပိတ်အောင် မှောင်မည်းလာ၏။
အမြင်အာရုံကလည်း ၉၀ရာခိုင်နှုန်းထိ ချက်ချင်း ကျဆင်းသွားသည်။
ချူဟွိုက်က သူ့ဘေးတွင် ရပ်နေသည့် လော်မင့် မျက်နှာကိုပင် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။
ရင်းနှီးနေသော နာကျင်မှုက တိုးဝင်လာပြီး သွေးနီရောင် စာတန်းကြီးက ပြိုင်ပွဲဝင်တိုင်း၏ ခေါင်းထဲ ပေါ်လာသည်။
[ပြိုင်ပွဲဝင်များအားလုံးအတွက် ဂုဏ်ပြုပေးပါတယ်။ ဇစ်မြစ်သတ်မှတ်ခြင်း လုပ်ငန်းစဥ်သို့ ဝင်လာပြီးနောက် အခြေအနေက အစပျိုးထားပြီးပြီ ဖြစ်ပါတယ်]
['ရူးသွပ်ဖွယ် သွေးနီလရောင် မြို့တော်'ဆိုတဲ့ ဖြစ်ရပ်ခေါင်းစဥ်ကို ' သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း' ဆိုပြီး တရားဝင် အမည်ပြောင်းထားပါတယ်]
[သွေးနီလက ပေါ်ပေါက်လာပါပြီ]
[အခုချိန်က သရဲအဖွဲ့အတွက် အချိန်ပါ]
[သတ်ဖြတ်ခြင်း စတင်ပြီ]
👻