Chapter 34
Viewers 5k

👻Chapter 34

သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (12)



ဘန်း...


ကောင်ငယ်လေး၏ ဦးခေါင်းနောက်ပိုင်းက မတော်တဆ မြေကြီးနှင့် တိုက်မိသွားသော်လည်း ကောင်ငယ်လေးက အသံတစ်ချက်မှ ထွက်မလာချေ။


ထိုမြင်ကွင်းကြောင့် ချူဟွိုက်က သည်းမခံထားနိုင်တော့ပေ။ သူက ချက်ချင်း ကျင်းထျန်းယိ၏ ကျောပေါ်မှ ခုန်ဆင်းလိုက်ချင်မိသည်။ သူ့ခြေထောက်က မြေကြီးနှင့်ထိသည့်အချိန် အနည်းငယ် ထုံကျင်နေသည်။


အမျိုးသမီးက ကလေးမူမမှန်သည်ကို သတိထားမိပုံမပေါ်။ သူမက တုန်တုန်ယင်ယင်နှင့် နောက်လှည့်ကြည့်လိုက်သည်။ သရဲများက...လက်တစ်ကမ်းအကွာထိ နီးကပ်နေပြီ ဖြစ်သည်။


ချူဟွိုက်က နောက်ဆုံးတွင် သရဲများ၏ ပုံသဏ္ဍာန်ကို တွေ့လိုက်ရပြီ ဖြစ်သည်။အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အမျိုးသားက အရပ်ပုပုနှင့် အမျိုးသမီးက....စုန့်ချန် ဖြစ်နေသည်။


စုန့်ချန်ကလည်း ချူဟွိုက်တို့အုပ်စုကို တွေ့လိုက်၍ မျက်လုံးက လက်ခနဲဖြစ်သွားသည်။ သူမက ပြေးနေရာမှ အရှိန်လျော့ပြီး လမ်းလျှောက်သွားလိုက်ကာ နောက်ဆုံး ရပ်သွားလေသည်။


ပုပုနှင့်လူက စုန့်ချန်၏ ပြောင်းလဲမှုကို သတိမထားမိချေ။ သူက သူ့မျက်လုံးများနီရဲနေသည်ထိ ထိုအမျိုးသမီးကြီးနောက်ကိုသာ လိုက်နေပြီး သူမ လဲကျသွားသည်ကို မြင်လိုက်ချိန် ထိုအခွင့်အရေးကို မည်သို့များ လက်လွှတ်ခံမည်နည်း။


ထိုလူက ဓါးကိုင်ထားရင်း လက်ထဲက ဓါးချွန်က ထိုအမျိုးသမီးပေါ် ကျလာတော့မည့်အချိန် အမျိုးသမီးကြီးက ကလေးကို သူမကိုယ်နှင့် ကာပေးလိုက်ရင်း မျက်စိမှိတ်ပြီး သေခြင်းတရားကို ရင်ဆိုင်ရန် ပြင်လိုက်သည်။


သို့သော်လည်း မျှော်လင့်ထားသော နာကျင်မှုက ရောက်မလာချေ။ 


ကျင်းထျန်းယိက ထိုလူ့ဆီ ပြေးသွားလိုက်ပြီး ကန်လိုက်သည်။ ထိုလူက ထိတ်လန့်သွားပြီး ထရပ်ကာ ခုခံရန်ပြင်သည်။ သို့သော်လည်း သူ့ဘက်က မစနိုင်ခင် ကျင်းထျန်းယိက ချက်ချင်း ကုန်းလိုက်ပြီး ထိုလူ့ကိုယ်ပေါ် ဒူးနှင့်ဖိထားကာ လည်ပင်းညစ်လာသည်။


ချူဟွိုက်က စိတ်အေးသွားသလို သက်ပြင်းချမိသည်။


ထိုလူက ရုန်း၍မရတော့၍ မျက်လုံးထက် မသဲမကွဲအလင်းတန်းတစ်ခု ပေါ်လာသည်။ ထို့နောက် သူက လက်မြောက်ပြီး ကျင်းထျန်းယိကို ဓါးနှင့်ထိုးရန်ပြင်သည်။ သို့သော်လည်း သူမအောင်မြင်သွားမီ ကျင်းထျန်းယိက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။


ထိုလူ့လက်ကောက်ဝတ်က ကျင်းထျန်းယိဆီမှ လိမ်ချိုးခံရ၍ လက်က ပုစွန်တုပ်လို လိမ်ကောက်သွားလေသည်။ 


ကျင်းထျန်းယိက လှောင်ရယ်လိုက်ရင်း မျက်ခုံးပင့်ပြီး ထိုလူ့လက်ကောက်ဝတ်ပေါ် အားထပ်ထည့်လိုက်သည်။ ထိုလူက စူးစူးဝါးဝါး အော်လာရင်း လက်ထဲကဓါးက လွှတ်ကျသွားကာ သူ့မျက်နှာတည့်တည့် ကျလာသည်။


ထိုလူ၏ မျက်လုံးအစုံ ပြူးကျယ်သွားပြီး နှလုံးက လည်ချောင်းနားထိ မြောက်တက်လာသလို ခံစားရသည်။


ခွလမ်...


ဓားဦးက သူ့လက်ကောက်ဝတ်နားရှိ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ခုနက ဖြစ်သွားသည့်ပုံစံက အလွန်အန္တရာယ် များလေသည်။


ထိုလူက စိတ်အေးသွားသလို သက်ပြင်းချလိုက်ရင်း ချက်ချင်း မြေပြင်ပေါ် လှဲချလိုက်ကာ မျက်စိတစ်မှိတ်စာအတွင်း သေခြင်းတရားဆီ လက်ဆန့်လိုက်ရသလို အသက်ကို ဖုတ်လိုက်ဖုတ်လိုက် ရှူနေရသည်။


ကျတော့မလို့...


ဓါးက သူ့ကိုယ်ပေါ်ကို ကျလာတော့မလို့...


ကျင်းထျန်းယိက ထိုလူ၏ ပျော်သွားသည့် မျက်လုံးများကို မြင်သွားသည်။


သူ့နှုတ်ခမ်းထောင့်၌ လှောင်ပြုံးတစ်ခု နေရာယူလာသည်။


ထိုလူက ကျင်းထျန်းယိထံမှ လူသတ်ချင်သည့် အကြည့်များကို ခံစားမိဟန်တူသည်။ တစ်ခုခုကို သတိရသွားသလို သူက ခေါင်းစောင်းလိုက်ရင်း ဘေးတွင် ရပ်နေသည့် စုန့်ချန်ကို အော်ပြောလိုက်သည် 


" စုန့်ချန်။ ငါ့ကို ကယ်ပါဦး။ မင်းမှာရှိ..."


"ပါးစပ်ပိတ်ထားစမ်း" စုန့်ချန်၏ မျက်နှာက မည်းမှောင်နေသည်။ သူမက ထိုလူ့ကို သတိပေးသည့် အကြည့်နှင့် ကြည့်လိုက်ရန်လည်း မမေ့ချေ။


ထိုလူက သူပြောချင်သည့် အကြောင်းအရာအကြောင်း တွေးမိသည်နှင့် ခိုက်ခိုက်တုန်လာပြီး ပါးစပ်တင်းတင်းပိတ်ကာ ဆက်မပြောရဲတော့ချေ။


တစ်ဖက်တွင်လည်း ကျင်းထျန်းယိ၏ မျက်ခုံးတို့ ရွေ့သွားပြီး စုန့်ချန်ကို လှည့်ကြည့်လာကာ ပုံမှန်လေသံနှင့် ပြောလာသည်


 "သူက မင်းရဲ့အဖော်ပဲ"


ထိုစကားပြောပြီးနောက် သူ့ခေါင်းထဲ အတွေးတစ်ခု ဝင်လာသည်။ ကျင်းထျန်းယိက ခပ်ဖွဖွရယ်လိုက်သည်။


လွန်ခဲ့သော နာရီအနည်းငယ်ခန့်က သူမက သူ၏ အဖော် ဖြစ်ခဲ့သေးသည်။


စုန့်ချန်က စကားတစ်ခွန်းမဆိုပဲ လျှောက်လာသည်။ ထိုအမျိုးသမီး၏ အနက်ရောင် ဘွတ်ဖိနပ်က မြေပြင်နှင့်ထိပြီး တဒေါက်ဒေါက်မြည်သံ ထွက်လာသည်။ 


ပုပုနှင့်အမျိုးသား၏ မျက်လုံးထက် မျှော်လင့်ချက်လေး သန်းလာသည်။ 


စုန့်ချန်မှာ မုစန်း ရှိတယ်။ [T/N 木仓 သူက အင်္ဂလိပ်လိုက သစ်သားစတိုခန်းလေးတဲ့။ ဒါပေမယ့် ရှာကြည့်တော့ ဓါတ်ပုံတွေ ထွက်လာတယ်။ သူက သေနတ်လိုမျိုးပဲ သေနတ်နာမည်တစ်ခုပါ ။]


သူက ကျင်းထျန်းယိတို့ အုပ်စုကို တွေ့ပြီး ဆက်လိုက်ရဲသည်က စုန့်ချန်က သူမတွင် မုစန်းရှိသည်ဟု ပြောထား၍ ဖြစ်သည်။ ဤအုပ်စုက လက်ဗလာနှင့် တိုက်နိုင်လေသည်။ သို့သော်လည်း သူသာ လက်နက်သုံးလိုက်ပါက သူတို့ ပြန်တိုက်နိုင်မည် မဟုတ်ပေ။


သူက အသက်ရှူဖို့ရာ ရုန်းကန်နေရချိန် စုန့်ချန်က ကျင်းထျန်းယိနောက်ကို လျှောက်သွားပြီးဖြစ်သည်။ ထိုလူ့မျက်လုံးထဲ သဘောကျသွားသည့် အရိပ်များ ထင်ဟပ်လာသည်။ 


ကံကောင်းပြီး စုန့်ချန်တွင် သေနတ်ရှိသည်ဟု ပြောမည့်စကားကို ဆုံးအောင် မပြောလိုက်ရ၍ပင်။ မဟုတ်ပါက အန္တရာယ်ကျသွားမည့်သူက သူဖြစ်သွားလိမ့်မည်။


၁၀မီတာ။ ၈မီတာ။ ၅မီတာ...


ထိုလူက အသက်အောင့်ထားပြီး မကျေမနပ် မျက်နှာနှင့် စိတ်ထဲ ရေတွက်နေသည်။ 


စုန့်ချန်၏ မျက်နှာက ခံစားချက်မရှိသလိုမျိုးပင်။


မြန်မြန်လေး မင်းရဲ့ မုစန်းကို ထုတ်လိုက်တော့။


စုန့်ချန်က တွန့်ဆုတ်နေသေးမှန်း တွေ့လိုက်၍ ထိုအမျိုးသားက စိုးရိမ်သည့်အကြည့်နှင့် တိုက်တွန်းလာသည်။


ကျင်းထျန်းယိက ဓါးကိုင်ထားဆဲဖြစ်ပြီး စုန့်ချန်သာ လှုပ်မလာလျှင် သူသေတော့မည် ဖြစ်သည်။


စုန့်ချန်က ဘယ်လက်နှင့် သူမအင်္ကျီလက်ကို စမ်းနေသည်။ ထိုလူက ဝမ်းသာလုံးစို့သွားသည်။ သူမ လုပ်တော့မယ်...။


ထိုလူ၏ နှလုံးက လည်ချောင်းထက်ထိ မြင့်တက်လာပြီ ဖြစ်သည်။


စုန့်ချန်က သူ့ကို ထိခိုက်အောင် မလုပ်နိုင်ပေ။


မည်သူမှ သတိမထားမိခင် ကျင်းထျန်းယိ၏ နှုတ်ခမ်းတို့ တွန့်ကွေးသွားသည်။


ထိုအချိန် အမျိုးသမီးကြီး၏ ငိုကြွေးသံက အနောက်မှ ထွက်လာသည်။


ကျင်းထျန်းယိက စုန့်ချန်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်သော်လည်း တစ်ဖက်လူက ထိတ်လန့်သွားပုံမပေါ်ချေ။ သူမက တည်တည်ငြိမ်ငြိမ်ပင် ခေါ်လာသေးသည်


 "အစ်ကိုကျင်း"


ကျင်းထျန်းယိက သူမကို တစ်ခဏကြာသည်ထိ စိုက်ကြည့်နေသည်။ သူ၏ အကြည့်စူးစူးအောက်တွင် စုန့်ချန်က အင်္ကျီလက်ထဲမှ သံချေးတက်နေသော ဓါးတစ်လက်ကို ထုတ်လာသည်။ ထိုဓါးက မြို့ထဲတွင် တွေ့ခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် သူမ၏ အပြုအမူက အေးအေးဆေးဆေး ဖြစ်နေသည်။


သူတို့က လေထုထဲ မျက်လုံးချင်းဆုံသွားကြသည်။ ကျင်းထျန်းယိ၏ နှုတ်ခမ်းပါးတို့က တညီတည်း ဖြစ်သွားပြီး ထင်မှတ်မထားစွာ သူက မတ်တပ်ရပ်လာသည်။


ထိုအခွင့်အရေးကို ဖမ်းဆုပ်ပြီး ပုပုနှင့်လူက ကျင်းထျန်းယိကို အနောက်မှနေ၍ ဓါးနှင့်ထိုးရန် ပြင်သည်။ သို့သော်လည်း ကျင်းထျန်းယိက နောက်မျက်စိပါနေသည့်အတိုင်း နောက်ဆက်တွဲ ဖြစ်လာမည့် အရာကို သိနေသော်လည်း မရှောင်လိုက်ချေ။


သူက စုန့်ချန်ကိုသာ တစ်ချက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများက စူးစမ်းလိုဟန် အပြည့်ဖြစ်နေ၍ ကြောင်က ကြွက်ကို ဖမ်းနေသည့် ပုံစံလိုမျိုး ဖြစ်နေသည်။


စုန့်ချန်၏ မျက်နှာက အနည်းငယ် တောင့်တင်းသွားရသည်။


"အစ်ကိုကျင်း။ သတိထား..." သူမက ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး ကျင်းထျန်းယိကို စိုးရိမ်ဟန်ပြလာသည်။ စုန့်ချန်က ဤသို့အော်လိုက်ရုံသာ တတ်နိုင်သည်။ သူမက ဒဏ်ခတ်သည့်အနေနှင့် ထိုလူ့ရင်ဘတ်ကို ဖိနပ်နှင့် ကန်လိုက်သေးသည်။ 


ထိုလူ၏ ဦးခေါင်းက မြေကြီးနှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားပြီး အရိုးကျိုးမတတ် ဖြစ်သွားရသည်။ သူ၏ မျက်လုံးများက မယုံနိုင်သလို ဖြစ်သွားသည်။


ဒီလို အခွင့်အရေးကောင်းမျိုးကို လက်လွှတ်ခံပြီး စုန့်ချန်က ကျင်းထျန်းယိကို မသတ်ပဲ သူ့ကို ကျောခိုင်းလိုက်တယ်ပေါ့။


ဒါမှမဟုတ် သူက အစကတည်းက အလှည့်စားခံခဲ့ရတာလား။


ထိုလူက ချက်ချင်း သဘောပေါက်သွားသည်။


"မင်း...။ မင်းတို့အားလုံးက တစ်ဖွဲ့တည်းပဲ" သူ၏ အသံက စူးရှနေသော်လည်း နောက်ဆုံးတွင် ပြင်းပြင်းရှရှအော်သံကြီးက အစားဝင်လာသည်။


စုန့်ချန်က စကားမဆိုပဲ ပုပုနှင့်လူ၏ ဘဝကို သံချေးတက်နေသော ဓါးနှင့် အဆုံးသတ်ပေးလိုက်သည်။


ကျင်းထျန်းယိ၏ မျက်လုံးထက် အေးစက်မှုများ ထင်ဟပ်နေသည်။


သူက လှည့်ထွက်သွားပြီး မြေကြီးပေါ် ထိုင်ချနေသည့် ချူဟွိုက်ရှိရာ လျှောက်သွားလိုက်သည်။


လော်မင်က လောလောဆယ် သူတို့ မလွတ်နိုင်မှန်းသိ၍ သူက သူတို့နောက်ကို လိုက်လာသည့် သရဲများဆီ ပြန်သွားပြီး လမ်းလွှဲအောင် လုပ်ချင်ကြောင်း ချူဟွိုက်ကို ပြောပြနေသည်။ ချူဟွိုက်က သက်လတ်ပိုင်း အမျိုးသမီးကြီးရှေ့ ဆောင့်ကြောင့်ထိုင်ထားရင်း သူ့မျက်နှာက အနည်းငယ် လက်မခံနိုင် ဖြစ်နေဟန်ပင်။ 


ကောင်ငယ်လေး၏ နှုတ်ခမ်းများက ဖြူဖျော့နေပြီး မျက်နှာသေးသေးလေးက သွေးမရှိသလို ဖြစ်ကာ အိပ်ပျော်နေသလို မျက်လုံးကို တင်းတင်းပိတ်ထားသည်။


ကောင်လေး၏ ခေါင်းနောက်ပိုင်းက သွေးတို့ စွန်းနေပြီး အင်္ကျီတစ်ခုလုံး သွေးနစ်နေသည်။ အမျိုးသမီးက ရူးသွားသလို ပြာယာခတ်နေပြီး ကောင်လေး၏ သွေးတို့တိတ်အောင် လက်နှင့်သုတ်ပေးနေသည်။ သို့သော်လည်း သူမ မည်မျှ ကြိုးစားပါစေ သွေးတို့က လက်ကြားမှ စီးကျနေသည်။


အမျိုးသမီးက တရှုံ့ရှုံ့ငိုနေပြီး သားရဲကောင်လို သူမအသံက အက်ကွဲနေသည်။


"သွားရအောင်" ချူဟွိုက်က ထိုအမျိုးသမီး၏ လက်မောင်းကို ဆွဲယူလိုက်သည်။ သို့သော်လည်း သူပိုပြီး ကြိုးစားလေလေ ထိုအမျိုးသမီးက သူ့ကို လွှတ်ချပြီး ကလေးကိုသာ တင်းတင်းပွေ့ပိုက်ထားသည်။


"ငါ့ကလေးကို ခေါ်ထုတ်သွားဖို့ စဥ်းတောင်မစဥ်းစားလိုက်နဲ့"


"မဟုတ်ဘူး" သူမမျက်လုံးများက ရူးသွပ်သွားသလို ရှေ့တိုးလာပြီး ချူဟွိုက်ဆီ မြွေတစ်ကောင်လို မှီလာသည်


 " ဘယ်သူမှ ခေါ်ထုတ်သွားလို့မရဘူး"


“ငါ နောက်ဆုံးမှ ကလေးတစ်ယောက် ရခဲ့တာ။ ဘယ်သူမှ သူ့ကို ခေါ်သွားလို့ မရဘူး"


သူမက ချူဟွိုက်ကို မျက်ရည်အပြည့်နှင့် စူးစူးဝါးဝါး အော်လာသည် " ထွက်သွားကြ...။ မင်းတို့ကို ထွက်သွားလို့ ပြောနေတယ်လေ"


"ရှင် နားမလည်သေးဘူးလား။ သူ့မှာ မရှိလောက်တော့..."


ထိုအမျိုးသမီးက ချူဟွိုက့်စကားကို ဖြတ်ပြီး နောက်ထပ် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။


အခြေအနေကို နားလည်သွား၍ လော်မင်က ရှေ့တိုးပြီး နှစ်ယောက်ကို ခွဲထုတ်လိုက်သည်။


ကောင်လေးက မြေကြီးပေါ် ပြုတ်ကျမလို ဖြစ်သွားချိန် ချူဟွိုက်က အမြန် ဖမ်းယူလိုက်သည်။


ချူဟွိုက်က လက်ညှိုးနှင့် ကလေး၏ အသက်ရှူသံကို စမ်းကြည့်ရာ ကလေးက အသက်ရှူနေသေးသည်။


သူ၏အသက်ရှူနှုန်းက အားနည်းလွန်း၍ ပိုးမျှင်လို ပါးပါးလေး ဖြစ်နေသည်။


"ငါ့ကလေးကို ပြန်ပေးစမ်း" ထိုအမျိုးသမီးက လော်မင်၏ လက်ကို ဆွဲယူပြီး ကိုက်ရန်ပြင်သည်။ တစ်ဖက်မှ ကျင်းထျန်းယိက သူမနောက်ကနေ လက်ကို အမြန်ဆွဲလိုက်ရင်း မေးကို ပိတ်ထားရသည်။


ထိုအမျိုးသမီး၏ လက်ရှိပုံစံက သားရဲတစ်ကောင်နှင့်ပင် တူနေသည်။


"ပါးစပ်ပိတ်ထား" ကျင်းထျန်းယိက အေးစက်စက် အမိန့်ပေးလိုက်သည်။


" သူ အသက်ရှင်နေသေးတယ်" ချူဟွိုက်က ပြောလာသည်။


ထိုအမျိုးသမီးက မျက်လုံးပြူးလာပြီး မျှော်လင့်ချက် ရောင်ခြည်လေး သန်းလာရသည်။


" ဒါပေမယ့် သေဖို့ သိပ်မလိုတော့ဘူး" ချူဟွိုက်က အေးစက်စက်အသံနှင့် ပြောလာသည်။ အကြောင်းပြချက်တစ်ချို့ကြောင့် သူက အနည်းငယ် စိတ်ညစ်သွားရသည်။ ထိုအမျိုးသမီးသာ လက်လွှတ်စပယ်မနိုင်ပဲ ကလေးကို တင်းတင်းချီထားလျှင် ယခုလို ဖြစ်သွားမည် မဟုတ်ပေ။


ထိုအမျိုးသမီး၏ မျက်ဝန်းထက်က မျှော်လင့်ချက်ရောင်ခြည်လေးက ချက်ချင်း လွှင့်ပျယ်သွားရသည်။


လော်မင်က အသံတိတ်နေပြီး လက်သီးတင်းတင်းဆုပ်ထားလေသည်။ 


သူ့မျက်လုံးထဲ ဒေါသခိုးဝေနေသည်။ ထို့နောက် လော်မင်က မကြာခင်က သေသွားသည့် ပုပုနှင့်လူဆီ လျှောက်သွားလိုက်သည်။


ဒီလိုလူမျိုးက အပိုင်းပိုင်းဖြတ်ခံရသင့်တာ။


ရက်စက်သည့် အပြုံးတစ်ခုက လော်မင်၏ မျက်နှာထက် ပေါ်ပေါက်လာသည်။ 


ချူဟွိုက်က ကလေးချီထားပြီး မတ်တပ်ရပ်လိုက်စဥ် သွေးစီးကြောင်းက သူ့လက်ထဲမှ စီးကျလာပြီး တစ်စက်ပြီးတစ်စက် ကျလာသည်။


ဤမြင်ကွင်းက ကြေကွဲဖွယ်ကောင်းလှသည်။


ချူဟွိုက်က နှုတ်ခမ်းတို့ တင်းတင်းစေ့ပြီး ရုတ်တရက် ပရလောကကြီးကို မုန်းတီးလာသည်။


ကလေးမှာ အပြစ်မှမရှိတာ...။


လွန်ခဲ့သော အချိန်အနည်းငယ်က ချူဟွိုက်မှာ ထိုကောင်လေးနှင့် ကမ္ဘာသေးသေးလေး ရှိခဲ့သေးသည်။ ထိုကလေးက တခစ်ခစ်ရယ်မောပြီး သူ့ကိုလည်း မော့ကြည့်ပြီး မမ မမဟု ခေါ်ခဲ့သေးသည်။ သို့သော်လည်း ယခုတွင်ဖြင့် ကောင်ငယ်လေးက သူ့လက်မောင်းထဲ တိတ်တိတ်ဆိတ်ဆိတ် လှဲနေပြီး သူ့ခန္ဓာကိုယ်ကလည်း သွေးတို့လွှမ်းနေသည်။


ကမ္ဘာအစစ်မှာဆို သူ့ကို ကယ်လို့ ရနိုင်သေးတယ်။ သို့သော်လည်း ယခုအချိန်က ဖြစ်ရပ်ထဲတွင် ရောက်နေ၍ ကလေးက ဆိုးဆိုးဝါးဝါး အန္တရာယ်ရှိနေသည်။ သူ့လို ကလေးငယ်လေးက ဘယ်လောက်လောက် ခံနိုင်မှာတဲ့လဲ။


ချူဟွိုက်က ကလေးကို သူ့မိခင်ဆီ ပြန်ပေးရန် သွားလိုက်သည်။


မသေခင် အမေ့လက်ပေါ် နေသွားရတာက ကလေးအတွက် အကောင်းဆုံး စိတ်သက်သာရာရသွားလိမ့်မယ်။


တစ်လှမ်း...နှစ်လှမ်း...။


ချူဟွိုက်၏ လက်များက တုန်ယင်နေသည်။


လော်မင်က ဓါးကို ထုတ်ပြီး ပုပုနှင့်လူ၏ ကိုယ်ကို အပိုင်းပိုင်း ဖြတ်နေသည်။


စုန့်ချန်၏ မျက်လုံးများက ရှုပ်ထွေးနောက်ကျိနေသည်။


အမျိုးသမီးက ထပ်မငိုတော့ချေ။ သူမက မိုက်မဲသော်လည်း နားလည်ပါသေးသည်။ ကလေးက အသက်ရှိသေးမှန်း သိရင်တောင် ဘာဖြစ်သွားမှာလဲ။


သူမက ကလေးကို မကာကွယ်ခဲ့နိုင်တာပဲလေ။


သူမသားလေး သေမင်းတံခါးဝဆီ လျှောက်သွားပြီး အနက်ရောင် ပုခက်ကြီးထဲ ထာဝရအိပ်စက်သွားရမှာကို ကြည့်နေရုံပဲ တတ်နိုင်တယ်။ နောက်ဆုံးတွင် သူမက အားပြတ်သွားရသည်။


အရင်တုန်းကသာ ဒီကလေးကို အတင်းအဓမ္မခေါ်မလာခဲ့ရင် သူလေးက ကောင်းကောင်းမွန်မွန် နေနေရမှာ။ မြို့ထဲမှာရှိတဲ့ အကောင်းဆုံး မူလတန်းကျောင်းကို သွားပြီး ကစားစရာတွေ အများကြီးနဲ့ ဆော့နေရမှာ။ မုန့်ဖိုးနဲ့ အရုပ်ဝယ်ဖို့အတွက် မျှော်လင့်ချက်လေးနဲ့ သူမခြေထောက်ကို နေ့တိုင်းဖက်နေမယ့်အစား ရေကူးလည်း သင်နိုင်မယ်၊ ပန်းချီဆွဲတာတွေလည်း သင်နိုင်မယ်။


ဒါတွေအကုန်လုံးက သူမအမှားတွေပဲ။


သူမမှာ ကလေးမရှိတာနဲ့ပဲ တခြားသူရဲ့ ကလေးအပေါ် မကောင်းတဲ့အတွေးတွေ မထားခဲ့သင့်ဘူး။


ဒါက သူမ ပြန်ပြီး အပြစ်ပေးခံရတာ။


အန်အန်က သူမကို မေမေဟု ခေါ်သည့်အချိန်တိုင်း သူမရင်ထဲ ချိုမြိန်သွားရသည်။ သို့သော်လည်း သူမစိတ်ထဲ အပြစ်မကင်းသလို ခံစားခဲ့ရသည်။


သူမက အသက်လေးဆယ်ပင် မပြည့်သေးသော်လည်း ရုပ်ရင့်နေသလိုပင်။


သူမက ကောင်းကောင်းမအိပ်နိုင်ပဲ ဆံပင်ကလည်း တော်တော်များများ ကျွတ်သွားခဲ့၍ပင်။


သူမ အိပ်မောကျသွားသည့်အခါတိုင်း သူမနောက်ကို အမြဲလိုက်နေသည့် အိပ်မက်တစ်ခု ပေါ်လာတတ်သည်။


သူမက အောက်ထပ်ကို ဆင်းပြီး တံခါးသွားဖွင့်သည်ဟု အိပ်မက်မက်ခဲ့သည်။ ထို့နောက် အန်အန်၏ မိဘများက အဝတ်အစား ကောင်းကောင်း ဝတ်ထားပြီး သူမရှေ့ ပေါ်လာကြသည်။


အရုပ်လေးများနှင့် ကစားနေသည့် အန်အန်လေးက တံခါးအပြင်ဘက်က လူများကို တွေ့သွားချိန် ပျော်ပျော်ရွှင်ရွှင်ပြေးသွားပြီး 'ဖေဖေ မေမေ' ဟု ခေါ်လာသည်။


ထိုမြင်ကွင်းက အရမ်းလှပသက်ဝင်နေသော်လည်း နှစ်ပေါင်းများစွာတိုင်အောင် သူမ၏ အိပ်မက်ဆိုးကြီး ဖြစ်ခဲ့ရသည်။


…


ကျင်းထျန်းယိက ထိုအမျိုးသမီးကို လွှတ်ပေးလိုက်သည်။


ထိုအမျိုးသမီးက ဒူးထောက်ထိုင်လိုက်ရင်း မြေကြီးကို ထုရိုက်ပြီး ဝမ်းပန်းတနည်း ငိုကြွေးနေသည်။


ချူဟွိုက်၏ ပုံရိပ်က ရုတ်တရက် တောင့်ခနဲ ဖြစ်သွားလေသည်။


သွေးနီရောင် စာတန်းကြီးက သူ့ခေါင်းထဲ ပေါ်ပေါက်လာသည်။


[အခြေအနေက အစပျိုးပြီးပြီ ဖြစ်လို့ နတ်ဘုရားအဖွဲ့ရဲ့ စွမ်းရည်တွေ နိုးထလာပါပြီ]


ချူဟွိုက်လက်က အလိုလို တုန်ယင်လာသည်။


သွေးနီရောင် စာတန်းကြီးက တစ်ခုပြီးတစ်ခု ပေါ်လာသည်။


[ပထမမြောက် စွမ်းရည်: ယဇ်ပူဇော်ခြင်း]


[စွမ်းရည် မိတ်ဆက်ခြင်း: အပြစ်ရှိပေမယ့် ဘုရားသခင်ရဲ့ ခွင့်လွှတ်မှုကို ရချင်တဲ့သူတွေက သူတို့ကိုယ်သူတို့ ယဇ်ပူဇော်လို့ရနိုင်တယ်]



👻