♎️Chapter 68
ဖုယွမ်ကျိုးသည် အိပ်ပျော်နေသည့်အချိန်အတွင်း အတိတ်ဘဝကိုအိပ်မက်မက်နေခဲ့၏။
အိပ်မက်ထဲတွင် သူပြန်လည်မွေးဖွားလာခဲ့သည့်ဖြစ်အင်ကို မေ့လျော့နေခဲ့သည်၊၊ အရာအားလုံးကယခင်အတိုင်းပင်။ သူ၏ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့၊ ရှဲ့လင်အိမ်မှ ပီယာနိုထားသည့်အခန်းထဲတွင် ရှဲ့လင်နှင့်အတူထိုင်ကာ ထိုသူပီယာနိုတီးနေသည့်အသံကိုနားထောင်နေခဲ့သည်။
ပီယာနိုတီးကွက်များက သူနှင့်မရင်းနှီးသေးပေ။ ရှဲ့လင်က ပထမဆုံးအနေဖြင့် တီးခတ်နေခဲ့ခြင်းဖြစ်သည်။ ၎င်းက ဖုယွမ်ကျိုးအတွက် မွေးနေ့လက်ဆောင်ပင်ဖြစ်ပြီး ၎င်းကဖုယွမ်ကျိုးအတွက် ကိုယ်တိုင်ရေးစပ်ထားသည့်သံစဥ်ဖြစ်သည်။ သဘာဝအရ လက်ခံရရှိသူဖုယွမ်ကျိုးသည် အဆိုပါသံစဥ်ကိုပထမဆုံးနားထောင်ရသူဖြစ်လာခဲ့၏။
ဖုယွမ်ကျိုးက တေးဂီတနှင့်ပတ်သက်ပြီးမသိပေ။ ပီယာနိုသံစဥ်အကြောင်းကိုလည်း တီးမိခေါက်မိရုံသာသိထားခဲ့သည်။ သံစဥ်ကိုနားထောင်နေချိန်အတွင်း သူဖော်ပြချင်သည့်ခံစားချက်ကို ပုံမဖော်နိုင်ခဲ့ပေ။ သံစဥ်ကောင်းမကောင်းကိုသာ ဝေဖန်နိုင်ခဲ့သည်။
ရှဲ့လင် သူ့အားတီးခတ်ပြသည့်သံစဥ်က နားထောင်ကောင်းပြီး ဖုယွမ်ကျိုးကလည်း အလွန်တရာနှစ်သက်ခဲ့သည်။ တေးသွားက ပေါ့ပါးသာယာပြီး သာမန်ထက်သိမ်မွေ့သည့်သံစဥ်မျိုးပင်။
သံစဥ်ဆုံးသွားသည့်အခါ ရှဲ့လင်၏လက်ချောင်းသွယ်တို့က အဖြူနှင့်အနက်ကီးများအပေါ်တွင် ညင်သာသည့်လှပမှုတစ်မျိုးဖြင့် ရပ်သွားခဲ့၏။ ဖုယွမ်ကျိုးသည် ယခုလိုသီချင်းကောင်းကို ကျွမ်းကျင်စွာတီးခတ်နိုင်ခဲ့သည့်အတွက် လက်ခုပ်တီးကာအားပေးလိုက်လေသည်။
"ကြိုက်လား..."
ရှဲ့လင်ကမေးလာလေသည်။
"ကြိုက်တာပေါ့...ငါအရမ်းကြိုက်တယ်..."
ဖုယွမ်ကျိုးက ပြုံးလိုက်သည်၊၊ ရှဲ့လင် သူ့အားပေးလာသည့်အရာတိုင်းကိုသူနှစ်သက်သည်၊၊ သူ့အတွက် အထူးတလည် ရေးစပ်ပေးထားသည့်သီချင်းဆိုလျှင် ဆိုဖွယ်ရာပင်မရှိတော့ပေ။ သူသည် ယခင်က ဤသို့သောလက်ဆောင်မျိုးကိုတစ်ခါမှမရဖူးလေရာ သူပျော်နေခဲ့ပြီး ပီယာနိုတေးသွား သက်သက်ကိုပင် သဘောကျနေခဲ့သည်။
ရှဲ့လင်ကထရပ်ပြီး သူ့ဆံပင်လေးများကိုကိုင်တွယ်လာခဲ့သည်။ ဖုယွမ်ကျိုးက ပီယာနိုအဖုံးပေါ်တွင်ထိုင်ကာ ရှဲ့လင်ကို မျက်လုံးတောက်တောက်လေးများဖြင့်ကြည့်နေပြီး သိချင်စိတ်ဖြင့်မေးလိုက်လေ၏။
"သီချင်းနာမည်ကဘာလဲ..."
"နာမည်မရှိဘူး..."
ရှဲ့လင်က ငြိမ်သက်သွားပြီးမှ ပြန်ဖြေလာခဲ့သည်။
ဖုယွမ်ကျိုးက စောဒကတက်လာသည်။
"မင်းကငါ့ကိုလက်ဆောင်လည်းပေးသေးတယ်...နာမည်လည်းမပေးဘူး...ဂရုမစိုက်တာလား..."
"မင်းပဲပေးလိုက်..."
ယင်းက ဖုယွမ်ကျိုးအတွက် အရှက်ရစရာပင်။ သူလည်း နာမည်မပေးတတ်ပေ။
သူသည် ရှဲ့လင်ကို သီချင်း၏နောက်ခံကျောရိုး သို့မဟုတ် ဖော်ပြချင်သည့်ခံစားချက်အကြောင်းကို အရင်မေးကြည့်ပြီး ၎င်းမှတဆင့် သီချင်းကိုနာမည်တပ်ရန်စဥ်းစားခဲ့သည်။ သို့သော် ရှဲ့လင်ကမဖြေခဲ့သည့်အပြင် ပေးချင်သည့်နာမည်ကိုလည်းမပြောပေ။ ထို့ကြောင့် နောက်ဆုံးတွင်လက်လျှော့လိုက်ရပြီး ရှဲ့လင်ကို သီချင်းခေါင်းစဥ်ပေးခိုင်းလိုက်သည်။
"နောက်မှ မင်းစဥ်းစားထားတာကိုပြောတော့..."
ဖုယွမ်ကျိုးသည် ရှဲ့လင်ကိုထိုင်ခိုင်းလိုက်ပြီး ၎င်း၏လက်ခုံလေးကိုပုတ်ကာ ပြုံးပြုံးလေးတောင်းဆိုခဲ့သည်။
"ငါ့အတွက် နောက်တခေါက်လောက်ထပ်တီးပြဦး..."
နောက်တွင် ဖုယွမ်ကျိုးသည် ရှဲ့လင်ကို အသေအချာတီးခိုင်းပြီး သီချင်းကိုအသံသွင်းထားခဲ့သည်။ စီဒီခွေအဖြစ်သွင်းထားသည့်အပြင် ဖုန်းထဲတွင်လည်း ထည့်ထားခဲ့သေး၏။ သူအိပ်မပျော်ဖြစ်နေခဲ့လျှင် loop ဖွင့်နားထောင်ပြီး အဆိုပါအမည်မဲ့သီချင်းကို အကြိမ်ကြိမ်နားထောင်ခဲ့သည်၊၊ ၎င်း သာယာအေးချမ်းသည့်ပီယာနိုသံစဥ်ကြောင့် သူခပ်မြန်မြန်အိပ်ပျော်ခဲ့ရသည်။
ထိုပီယာနိုသီချင်းက ရှဲ့လင်ကိုယ်တိုင် သူ့အားပေးထားသည့်လက်ဆောင်ဖြစ်ပြီး ဖုယွမ်ကျိုးက ၎င်းကိုရတနာတစ်ပါးသဖွယ် သဘောထားခဲ့သည်။ သူသည် အမျိုးချစ်ပုဂ္ဂိုလ်ဖြစ်သည့်တိုင် ထိုသီချင်းကိုမူ အခြားသူများနှင့်နားထောင်လေ့မရှိပေ။ သူ့မိသားစုမှလွဲပြီး ယွိဖေးနှင့်ယွမ်ယဲ့တို့နှစ်ယောက်သာနားထောင်ဖူးကြသည်။ အသေအချာပင် ရှန်းရှီကောလည်းပါ၏။
သူနှင့်ရှန်းရှီကောက ဝါသနာတူသည်။ ၎င်းကလည်း သီချင်းကိုကြိုက်နှစ်သက်ခဲ့၏။ ပုံမှန်အတိုင်း ရှန်းရှီကောလည်းသူ့အတိုင်းဖြစ်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သူသည် ရှဲ့လင်ကထိုသီချင်းကို သူ့အတွက်ရေးထားပေးခြင်းဖြစ်ကြောင်း ရှန်းရှီကောကိုပြောပြလိုက်၏။ ထိုစကားကြားလိုက်ရသည့်အခါ ရှန်းရှီကောက စိတ်မပါသည့်အပြုံးဖြင့်ခေါင်းညိတ်ပြခဲ့သည်။
"မဆိုးပါဘူး..."
"မင်းပဲ အရမ်းကြိုက်ခဲ့တာမဟုတ်ဘူးလား..."
ဖုယွမ်ကျိုးက ၎င်း၏ ပေါ့ပျက်ပျက်စကားကြောင့် အံ့ဩသွားခဲ့သည်။
"ကိုယ်က သူဖော်ပြထားတဲ့ခံစားချက်ကိုမကြိုက်ရုံပါ..."
ရှန်းရှီကောကလည်းပြန်ဖြေခဲ့သည်။
"မင်းလည်းကြားလိုက်တယ်မလား...ငါလည်းနားမလည်ဘူး...ဒါပေမဲ့ တီးလုံးကတော့နားထောင်လို့ကောင်းပါတယ်..."
ဖုယွမ်ကျိုးက ပြန်လည်ချေပခဲ့သည်။
"ဒီသီချင်းကိုအတိအကျ ဘယ်လိုဖော်ပြမလဲ..."
ရှန်းရှီကောက ပြန်မဖြေလာတော့ဘဲ ပြုံးရုံသာပြုံးပြီးခေါင်းယမ်းပြသည်။ သူ မဖြေချင်ပုံပင်။
.........
ထိုရင်းနှီးနေသည့်သံစဥ်က သူ့နားစည်အိမ်ထဲတွင် ပျံဝဲနေခဲ့ပြီး ဖုယွမ်ကျိုးသည်လည်း ၎င်းတွင်စီးမြောနေခဲ့သည်။ သို့သော် သတိပြန်ရလာသည်နှင့် တကိုယ်လုံးမှာ တမဟုတ်ချင်း တစ်ပိုင်းစီဖြတ်တောက်ခံထားရသလို နာကျင်ကိုက်ခဲနေခဲ့၏။ အဖျားကြီးသည့်နောက် ကျန်ရစ်ခဲ့သည်မှာ အားနည်းပြီးနုန်းချိမှုပင်။
သူမျက်လုံးဖွင့်လိုက်ပြီး ကုတင်တစ်လုံးပေါ်ရောက်နေကြောင်းသိလိုက်ရသည်။ လိုက်ကာအထူများကို အောက်ချထားသော်ငြား အဟလေးကြားမှ အလင်းရောင်ဝင်နေခဲ့သည်။ ပြတင်းအပြင်တွင် ငှက်ကလေးများ၏ကျီကျီကျာကျာအသံတို့ကိုကြားနေရလေ၏။ မနက်မိုးလင်းနေပြီထင်သည်။
အမှန်တကယ်၌ မိုးသောက်ချိန်တွင်သာရှိပါသေး၏။
သူထပ်မစဥ်းစားနိုင်တော့ပေ။ ရှိသမျှအားအင်တို့က ခမ်းခြောက်နေပြီး အိပ်ရာမှထရန်ပင် အင်မတန်ခက်ခဲနေခဲ့သည်။ ဖုယွမ်ကျိုး အိပ်ရာခေါင်းရင်းတွင်မှီထိုင်နေလိုက်သည်။ တကိုယ်လုံးနာကျင်နေပြီး လည်ဂုတ်ကလည်း ဓားနှင့်ခွဲခံထားရသည့်အတိုင်းနာကျင်နေသည်။ သူတစ်ချက်လှုပ်လိုက်သည်နှင့် တဆစ်ဆစ်နာကျင်နေလေ၏။
"......"
စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် ဖုယွမ်ကျိုးအသားအရေမှာ နည်းနည်းချင်းစီဖြူဖျော့လာလေသည်။ သူချက်ချင်း လည်ဂုတ်ရှိရာကိုလှမ်းကိုင်လိုက်သည်။ လက်ရှိတွင်သူသည် လည်ပတ်မဝတ်ထားဘဲ လက်ချောင်းထိပ်လေးက အသားအရေနှင့်တိုက်ရိုက်ထိတွေ့သွားသည်။ ကိုက်ဖောက်ထားပုံရသည့်သွားရာကိုပင် သာသာလေးခံစားနိုင်၏။
ဖယ်ရိုမုန်းအနံ့တို့က အိမ်ထဲတွင် ဝေ့နေသေးသည်၊၊ heatကာလက လွန်သွားပြီဖြစ်၍ သူ၏ဖယ်ရိုမုန်းများကတည်ငြိမ်သွားပြီဖြစ်ပြီး အနံ့ကလည်းပုံမှန်ထက်ပိုပြီးအားနည်းသွားလေပြီ။
တစ်ညတည်းဖြင့် မက်မွန်ပန်းရနံ့တို့က မန်ဒလားပန်းအနံ့တို့ဖြင့်ရောပြီး ညစ်ညမ်းသွားခဲ့သည်။ မနေ့ညက ဖြစ်ခဲ့သမျှကို နည်းနည်းချင်းစီသတိရလာပြီး သူ့ကိုရှန်းရှီကောက ယာယီအမှတ်အသားလုပ်ပေးခဲ့မှန်း မှတ်မိသွားသည့်အခါ စပြီးချောက်ချားသွားတော့သည်။
အယ်လ်ဖာဖယ်ရိုမုန်းများက သူ့ကိုယ်ထဲဝင်ပြီး သူ့အပိုင်ဖယ်ရိုမုန်းများနှင့် ပြီးပြည့်စုံစွာပေါင်းစပ်သွားခဲ့သည်။ အမှတ်အသားပေးခံရသည့်အချိန်တွင် သူ့ဘက်မှ အသိတဝက်သာကပ်နိုင်သည့်အနေအထားတွင်ရှိနေခဲ့သည်၊၊ သူ့ဘေးတွင်တချိန်လုံးရှိနေသူက ရှန်းရှီကောသာဖြစ်ပြီး သူရှန်းရှီကောအနံ့ကိုသိနေသည်။
အဖျားဝင်နေချိန်တွင် အနံ့ပျံ့နှံ့မှုကတိုတောင်းသည်၊ သူအကျဥ်းချုပ်သာမှတ်မိလိုက်သော်လည်း သူ၏အသက်ရှူသံနှင့်သွေးထဲမှတဆင့် ၎င်း၏ခန္ဓာကိုယ်ကို သူမြေကြီးလက်ခတ်မလွဲသိနေခဲ့၏။
ဖုယွမ်ကျိုးမှာ ဒေါသနှင့်အကြောက်တရား နှစ်ခုလုံးကိုပြိုင်တူခံစားနေရ၍ လက်ဖျားများပင်အေးစက်လာခဲ့သည်။
ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း သူအကြောက်ဆုံးအရာမှာ တူညီသည့်အမှားကို နောက်တကြိမ်ထပ်ကျုးလွန်မိမည့်အဖြစ်မျိုးပင်။ ထိုအရာကြောင့်ပင် သူရှန်းရှီကောနှင့်ဝေးရာတွင်နေခဲ့လင့်ကစား ယခုဘာများထူးခြားသွားခဲ့သည်လဲ။ ယခင်ဘဝကထက်ပင် တလှမ်းပိုနီးသွားပြီး ရှန်းရှီကော၏ယာယီအမှတ်အသားပေးခြင်းကိုပင် ခံလိုက်ရပြီ။နောင်တွင် မည်သည့်အရာများဆက်ဖြစ်လာဦးမည်နည်း။
ယာယီအမှတ်အသားက တစ်လသာခံလျှင်ပင် ထိုလအတွင်းဖြစ်လာနိုင်မည့်အရာများကို မည်သူကမှခန့်မှန်းနိုင်မည်မဟုတ်ပေ။
ရှန်းရှီကော၏ဖယ်ရိုမုန်းတို့က သူ့အပေါ်တပ်မက်မှုပြင်းပြနေသည်ကို သူခံစားမိသည်။ သူထိုအနံ့ကိုစွဲလန်းသွားပြီး ရှန်းရှီကောအပေါ် စိတ်ရောကိုယ်ပါ အလုံးစုံမှီခိုမိသွားမည်ကိုသူစိုးရိမ်မိသည်။
ဖုယွမ်ကျိုးအသက်ရှူသံများက မြန်ဆန်လာသည်၊၊ သူခေါင်းငုံ့ကြည့်လိုက်သည့်အခါ ရေလဲဝတ်ရုံအစား ညအိပ်ဝတ်စုံဖြစ်နေသည်ကိုသတိထားမိလိုက်၏။
ရှန်းရှီကော အဝတ်လဲပေးထားခြင်းဖြစ်လိမ့်မည်၊၊ ဖုယွမ်ကျိုး ငြိမ်ငြိမ်ထိုင်မနေနိုင်တော့။ စောင်ကိုချက်ချင်း မ ကာ အဝတ်အစားလဲချင်ခဲ့သည်။ သို့ထိတိုင် သူ့တကိုယ်လုံးကနာကျင်နေလေပြီ။
"ဂျောက်...."
သူသည်တံခါးကိုကျောပေးရပ်နေပြီး အနောက်မှတံခါးပွင့်သွားသံကိုကြားလိုက်ရသည်၊၊ အပြင်တွင် လူများစကားပြောနေသည့်အသံကိုလည်းကြားရ၏။ ရှန်းရှီကောနှင့် သူ့မိဘများပင်။ ၎င်းတို့ပြောနေကြသည့်စကားများကိုမကြားရစေကာမူ ရှန်းရှီကောအသံကိုကြားလိုက်ရသည်နှင့် သူ့အားလုံးဝအေးခဲသွားစေခဲ့သည်။
၎င်း၏ ပြန့်ကျဲနေသောမှတ်ဉာဏ်အပိုင်းအစများက အပြီးသတ်စုစည်းသွားခဲ့ပြီး ရှန်းရှီကော သူ့အားနမ်းခဲ့သည်ကိုပင်သတိရလိုက်သည်၊၊ ၎င်း၏ အမောတကောအသက်ရှူသံနှင့်အပူချိန်၊ ရီဝေစေမည့် မန်ဒလာအနံ့။
သူရှန်းရှီကောကိုကြောက်သည့်တိုင် အိုမီဂါ၏ ဆန္ဒကိုမကျော်လွန်နိုင်ပေ ။ ၎င်းက သူ့အားအမှတ်အသားပေးခဲ့သည့်အယ်လ်ဖာက အပြင်တွင်ရှိနေကြောင်း သတိပေးနေခဲ့သည်။ သူတစ်ယောက်တည်းမဟုတ်ဘဲ သူမှီခိုရမည့်သူရှိနေသည်။ ယင်းက သူမှီခိုရမည့်အယ်လ်ဖာပင်ဖြစ်သောကြောင့် သူထွက်ပြီးနှုတ်ဆက်သင့်သည်။
ရှန်းရှီကောအသံကြားလိုက်သည်နှင့် အိုမီဂါတစ်ယောက်၏ဆန္ဒအရ တစ်ခါမှမကြုံဖူးသေးသည့် ကြည်နူးမှုနှင့်ပျော်ရွှင်မှုတို့ကိုခံစားလိုက်ရသည်။
ယာယီမှီခိုမှုက သူထင်ထားသည်ထက် ပိုပြင်းထန်နေခဲ့၏။ ဖုယွမ်ကျိုးက အိပ်ရာအခင်းကိုမှီထားပြီး ဒူးလေးပိုက်ထားမိသည်။ မျက်နှာကို ဒူးခေါင်းနှစ်လုံးကြားဝှက်ထားမိသည်။ သူရှန်းရှီကောကို လုံးဝထွက်မတွေ့ချင်ပေ၊ သူလုံးဝမလုပ်နိုင်ပေ။
"ယွမ်ကျိုး..."
လူတစ်ယောက်က အခန်းထဲဝင်လာပြီး တံခါးပိတ်လိုက်ကာ ပြင်ပမှအသံတို့ကိုဖြတ်တောက်လိုက်သည်။ ဖုယွမ်ကျိုးသည် ဝင်လာသူ၏အေးတိအေးစက်အသံကို ရင်းနှီးသည်ထက်ပိုနေခဲ့သည်။ ၎င်းကရှဲ့လင်၊ ဝင်လာသူကရှဲ့လင်ဖြစ်နေ၏။
ဤအချိန်လေးတွင် ရှဲ့လင်ရှိနေခြင်းက ဖုယွမ်ကျိုးအတွက် အရေးကြီးနေပြီး ၎င်း၏လွှမ်းမိုးမှုကြောင့် သူချက်ချင်းစိတ်အေးလက်အေးရှိလာခဲ့သည်။
သူသည် နာကျင်မှုကိုသည်းခံကာ စိတ်မရှည်တော့သည့်ဟန်ဖြင့်မတ်တပ်ရပ်လိုက်၏၊၊ သူ့ဂလင်းပေါ်မှကိုက်ရာကိုသတိရလိုက်သည်နှင့် ဂုတ်ပိုးကိုအုပ်လိုက်ပြီး ဖြည်းဖြည်းချင်းထလိုက်သည်။ ယခုလိုကျွတ်ဆတ်နေသည့်အခြေအနေတွင် သူရှဲ့လင်ကို ကိုက်ရာအားမမြင်တွေ့စေလိုပေ။
ယင်းက သင်္ကာမကင်းဖြစ်စရာကောင်းနေလျှင်ပင် သူလုပ်ရလိမ့်မည်။ ရှဲ့လင်နှင့်ရှီကော နှစ်ယောက်လုံးအတူရှိနေပြီဆိုတည်းက သိထားသင့်သည့်အရာမှန်သမျှသိပြီးလောက်ပြီဟုယူဆနိုင်သည်။ ဖယ်ရိုမုန်းပြောင်းလဲသွားခြင်းက ငြင်းမရနိုင်သည့်သက်သေပင်။
သူဖြည်းညှင်းစွာဖြင့် တဖက်လှည့်လိုက်သည်။ ရှဲ့လင်က စကားမပြောဘဲ တံခါးဝတွင်သာရပ်နေခဲ့၏။ ဖုယွမ်ကျိုးမှာ ထိုသူတွေးနေမည့်အတွေးတို့ကိုမသိနိုင်သည့်တိုင် သူ၏မျက်လုံးများက စိတ်ရှုပ်ထွေးမှုတို့ကိုပြသနေလေသည်။ သူကသာ အရင်စပြီး တိတ်ဆိတ်မှုကိုချိုးဖျက်လိုက်ရ၏။
"အန်တီယွိရော...ဘယ်လိုနေသေးလဲ..."
သူသည်ကား ကိုယ့်ကိစ္စကိုယ်ထုတ်မပြောရဲပေ၊၊ ယွိဖေးအမေအကြောင်းကိုသာ စဥ်းစားနေမိပြီး သူမအခြေအနေကိုအရင်မေးမိသွားခဲ့သည်။ မေးပြီးမှ သူ့လက်ဖဝါးပြင်တွင်ချွေးများစိုလာပြီး မသိလိုက်ခင်မှာပင် မျက်လွှာချမိလိုက်၏။
"သက်သာသွားပြီ...ရှောင်ဖေးကဘေးမှာရှိနေတယ်..."
ရှဲ့လင်ကပြန်ဖြေလာသည်။
"ရှောင်ဖေးက မင်းကိုလာကြည့်သေးတယ်..အခုလေးတင်ပြန်ထွက်သွားတာ..."
"ငါသက်သာသွားပါပြီ..."
ဖုယွမ်ကျိုးကလည်း အသက်မပါစွာဖြင့်ပြန်ပြုံးပြလိုက်သည်။ သူသည်ကား အိပ်ရာဘေးမှ စားပွဲရှိရာသို့တရွေ့ရွေ့သွားပြီး ထိန်းသိမ်းရေးလည်ပတ်ကိုဆွဲယူလိုက်သည်။
"ငါအဝတ်အစားလဲလိုက်ဦးမယ်..မင်းအရင်ထွက်နှင့်လိုက်.."
သူ့စကားမဆုံးသေးခင်မှာပင် ရှဲ့လင်ကအရှေ့တိုးလာပြီး လက်ကောက်ဝတ်ကိုလှမ်းဆွဲသည်။ ထို့နောက် လည်ပတ်ကို ဘေးသို့ပစ်ထုတ်လိုက်၏။
"ကိုယ်မင်းကိုကြည့်ချင်သေးတယ်..."
ရှဲ့လင်ကပြောပြီး ဖုယွမ်ကျိုးကိုကူညီပေးရန်ပြင်သည်၊၊ သို့ရာတွင် သူ့ကိုကိုင်လိုက်သည်နှင့် ဖုယွမ်ကျိုးက ဆတ်ကနဲလှုပ်သွားပြီး ရှဲ့လင်လက်ကိုပုတ်ထုတ်လိုက်သည်။
"....."
ရှဲ့လင်ကတိခနဲရပ်သွားပြီး ဖုယွမ်ကျိုးကိုယ်တိုင်လည်း တောင့်တင်းသွားခဲ့သည်။ သူရှဲ့လင်ကို တွန်းလွှတ်ပြီးဖုံးကွယ်ထားချင်ခဲ့သည်၊၊ သို့သော်လည်း ယခုတော့သူသည် ရှန်းရှီကောအမှတ်အသားပေးထားသည့်အိုမီဂါဖြစ်နေပြီး အလိုအလျောက် အခြားသောအယ်လ်ဖာများ၏ထိတွေ့မှုကို ငြင်းလိုက်သလိုဖြစ်သွားခဲ့၏။
သူ့ထံတွင် ဖယ်ရိုမုန်းတုံ့ပြန်မှုမြင့်မားသည့် လက္ခဏာရှိပြီး ရှန့်ရှီကော၏ဖယ်ရိုမုန်းများက ရှဲ့လင်ထက် ပိုမွှေးနေ၏။ အိုမီဂါ၏ဆန္ဒက သူ့အားရှန်းရှီကောနှင့်ချစ်မိသွားစေရန် ဖြစ်လာသည်မှာ အတိအကျဖြစ်ပြီး သူ၏အငွေ့အသက်နှင့်ထိတွေ့မှုတို့ကို လက်ခံနိုင်မည့်အခြေအနေဖြစ်လာခဲ့သည်။
"တောင်းပန်ပါတယ်...ငါ...!"
ရှဲ့လင်က မျက်လုံးမှေးကြည့်လာ၍ ဖုယွမ်ကျိုးမှာ ပိုပြီးထိတ်လန့်လာရသည်။ သူအိုမီဂါ၏ဆန္ဒအတိုင်း ထိန်းချုပ်မခံချင်ပေ၊၊ ရှဲ့လင်ကို စိတ်ဆိုးခွင့်ပေးလိုက်ပြီး သူ့ဘက်မှအရင် ရှဲ့လင်လက်ကိုကိုင်ကာ ကြောက်စိတ်ဖြင့်တောင်းပန်လိုက်ရလေ၏။
"ငါမင်းကိုဖုံးကွယ်မထားချင်ပါဘူး..."
"ကိုယ်နားလည်ပါတယ်..."
ရှဲ့လင်က သူ့လက်ကိုဆွဲကာ ပွေ့ဖက်ထားလိုက်သည်။
ဝိုင်နီရနံ့သည် ဖုယွမ်ကျိုးနှင့် ရင်းနှီးနေပြီဖြစ်ပြီး ပြန်လည်မွေးဖွားလာပြီးနောက်ပိုင်း သူ့အားလုံခြုံမှုအပေးနိုင်ဆုံးအနံ့ပင်။ ယခုတော့ သူ့ခန္ဓာကိုယ်ကတောင့်တင်းနေလေပြီ။ သူ၏ပွေ့ဖက်ထားမှုမှရုန်းထွက်ပြီး သူ့အယ်လ်ဖာကိုသာသွားရှာချင်စိတ်ဖြစ်နေခဲ့သည်။
"ဒါပေမဲ့မင်းကြောက်နေတယ်လေ..."
ရှဲ့လင်ကဆိုလာခဲ့လေ၏။
"မင်းကိုယ့်ကိုကြောက်နေတယ်လေ..."
"ငါမကြောက်ပါဘူး..."
ဖုယွမ်ကျိုးလက်များမှာ တုန်ယင်နေပြီ။ အထူးသဖြင့် ရှဲ့လင်လက်များက သူ့လည်ဂုတ်အနောက်ကိုကိုင်လိုက်ချိန်တည်းက တွန်းထုတ်ချင်စိတ်ဖြစ်နေခဲ့သည်။ သို့ထိတိုင် သူ့ခံစားချက်တို့က လုပ်ခွင့်မပေးပေ။ ထိုအစား သူရှဲ့လင်ခါးကိုပြန်ဖက်လိုက်မိသည်။
သူရှဲ့လင်ကို လက်မလွှတ်နိုင်ပေ။
လက်ရှိအချိန်လေးအတွင်း သူ့ခေါင်းထဲတွင်ရှိနေသည့်တစ်ခုတည်းသောအရာက ထိုအတွေးသာရှိသည်။
မလွှတ်ပေးနိုင်ဘူး။
သူဒီလူကိုလိုအပ်နေတယ်။
သို့သော်လည်း ကြောက်စိတ်ကိုမဖုံးကွယ်နိုင်ခဲ့ပေ။ ရှဲ့လင်က သူ့အားမတုံ့ပြန်ဘဲ ဖုယွမ်ကျိုးကိုဖြည်းညှင်းစွာလွှတ်ပေးလိုက်လေသည်။
လူတိုင်းကအိုမီဂါသဘာဝကိုသိကြသည်။ သူတို့လွတ်လပ်သွားသည့်အခိုက် ဘယ်အယ်လ်ဖာမဆို ပိုင်ဆိုင်ခွင့်ရှိသည်။ သို့သော် အယ်လ်ဖာတစ်ယောက်တည်းကသာ အခြားသူတို့၏ချဥ်းကပ်မှုကို တားဆီးနိုင်သည်။ ယင်းက အတော်လေးဒွိဟဖြစ်ရသည့် လက္ခဏာတစ်ရပ်ပင်။
"ပြောလိုက်ပါ..."
သူဖုယွမ်ကျိုးကိုပြောလာခဲ့သည်။
"မင်းသည်းမခံနိုင်ဘူးလေ..."
ဖုယွမ်ကျိုး၏လက်ချောင်းထိပ်ဖျားလေးများက တဆတ်ဆတ်တုန်နေခဲ့သည်။ ရှဲ့လင်၏အယ်လ်ဖာအငွေ့အသက်က သူ့ထံမှဝေးကွာသွားပြီး အကြောက်တရားလည်းပြေလျော့သွားခဲ့သည။၊ သို့တစေ သူ့စိတ်ကမူ အပြင်းအထန်နှောင့်ယှက်ခံနေရဆဲ။
ထိုသူကိုဖက်ထားချိန်မှာပင် ပုံရိပ်အများအပြားက သူ့စိတ်ထဲတွင်ထင်ဟပ်လာခဲ့သည်။ ရှဲ့လင် သူ့အားပေးခဲ့သည့် လက်စွပ်တစ်စုံ။ နေ့စဥ်ပြောခဲ့ကြသည့် ဂွတ်မောနင်းနှင့် ဂွတ်နိုက် နှုတ်ဆက်စကားများ။ လရောင်အောက်မှအနမ်းနှင့် ငြိမ့်ညောင်းသည့် ပီယာနိုသံစဥ်။
"ငါလွှတ်မပေးနိုင်ဘူး..."
ဖုယွမ်ကျိုးက မျက်လုံးမှိတ်ကာ ရှဲ့လင်ကို ခပ်တင်းတင်းဖက်လိုက်ကာ ရှဲ့လင်မျက်နှာကိုဖွဖွလေးနမ်းလိုက်သည်။
သူလွှတ်မပေးနိုင်ချေ။
♎️