♎️Chapter 69
ဖုယွမ်ကျိုးသည် ရှဲ့လင်ကိုဖက်ထားပြီး မသိစိတ်အလျောက် ထိုသူ၏မျက်နှာကိုနမ်းလိုက်မိသည်။ သူကိုယ်တိုင်လည်း ထိုသူကိုဘာကြောင့်နမ်းချင်လာမှန်းမသိတော့ပေ။
ရှဲ့လင်ကိုတစ်ခါမှမနမ်းခဲ့ဖူးသော်လည်း ရှဲ့လင်ကသူ့ကို အမြဲဦးဆောင်ခိုင်းတတ်သည်။ ယခုတကြိမ်မှာ သူ့ဘက်မှပထမဆုံးစတင်လိုက်ခြင်းပင်။ သူတမဟုတ်ချင်းကြောက်လန့်လာသော်လည်း တခဏလေးအတွင်းမှာပင် သူ့ခံစားချက်များက ထိန်းချုပ်မရဖြစ်ခဲ့သည်။
သူ့လုပ်ရပ်သူလည်း အံ့အားသင့်သွားပြီး ရှက်ရွံ့စွာဖြင့်နောက်ဆုတ်လိုက်မိသည်။ သူ ရှဲ့လင်ကို ခဏမျှဖက်ထားချင်ရုံဖြစ်သော်လည်း ရှဲ့လင်ကခေါင်းငုံ့ပြီး သူ့နှုတ်ခမ်းတို့ကိုတိုက်ရိုက်နမ်းလာခဲ့၏။
ဝိုင်နံ့ကပြင်းလွန်းပြီး သူ့အားအသိစိတ်လွတ်သွားစေခဲ့သည်။ အမှတ်အသားပေးထားသည့်ဖယ်ရိုမုန်းက သူ့အားအပြင်းအထန်သတိပေးနေခဲ့၏။ ဖုယွမ်ကျိုးသည် ခန္ဓာကိုယ်ကတဆတ်ဆတ်တုန်ယင်လာသည့်တိုင် ရှဲ့လင်၏အင်္ကျီအစွန်းကို ဆွဲထားခဲ့သည်။
ရှဲ့လင်က သူ့ကိုဆက်နမ်းနေဆဲ။ ယင်းက သူခံစားဖူးသမျှတွင် အပြင်းပြဆုံးသောအနမ်းမျိုးဖြစ်ခဲ့သည်။ ၎င်းသည် သူ့အားပိုင်ဆိုင်ကြောင်းပြထားသည့် အခြားသောဖယ်ရိုမုန်းများကိုပင် ဖယ်ရှားပစ်ချင်နေသလိုပင်။ ၎င်း၏လက်ချောင်းများက ဖုယွမ်ကျိုးလည်ဂုတ်ကိုကိုင်ပြီး ဂလင်းရှိသည့်နေရာကိုဖိထားခဲ့သည်။
သူသည် ဖုယွမ်ကျိုး၏အကြောက်တရားနှင့်တုန်လှုပ်နေမှုတို့ကို မခံစားရ၍မဟုတ်ပေ။ သို့တစေ တဖက်လူက သူများလက်ထဲရောက်နေသည်ဆိုသည့်ခံစားချက်က သူ၏တည်ငြိမ်အေးဆေးမှုအလုံးစုံကို နောက်ဆုံး၌ ပြိုလဲသွားစေခဲ့သည်။
ဖုယွမ်ကျိုး မည်မျှပင်ကြောက်လန့်နေပါစေ ယခုအချိန်လေးတွင် အနှီသူကိုလွှတ်မပေးနိုင်ပေ။
သူသဘောကျနေသည့်အိုမီဂါတွင် အခြားအယ်လ်ဖာတစ်ယောက်၏ရနံ့ရှိနေသည်။ သူဘယ်လိုလုပ် သည်အတိုင်းငြိမ်နေနိုင်ပါမည်နည်း။
မျက်ခွံအောက်မှ မျက်ဝန်းတစ်စုံမှာ အေးစက်နေလေ၏။ သူသည်ဖုယွမ်ကျိုးကို ပိုတင်းကြပ်သည်အထိဖက်ထားလိုက်ရင်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
သူ့နှလုံးသားက ဆုပ်ဖြဲခံလိုက်ရသလို သွေးစိမ်းရှင်ရှင်ကျနေသည့်အနာမှ ထိန်းချုပ်ထားရသည့်ခံစားချက်တို့ ထွက်ကျလာခဲ့သည်။ ၎င်းက ချဥ်စူးပြီး ထိုဝေဒနာထဲတွင်သူ့အားနစ်မွန်းနေစေ၏။ ကြားရက်များထဲတွင် တည်ငြိမ်ပြီးကျိုးကြောင်းဆင်ခြင်နိုင်လေ၊ ယခုလိုချိန်ခံစားချက်များအုံကြွလာရန် ပိုလွယ်ကူလေပင်။
သူ ဖုယွမ်ကျိုးကို အပြီးပိုင်အမှတ်အသားပေးချင်ပြီး ထိုသူကိုပိုင်ဆိုင်ချင်လှပြီ။
သူတို့သည် ဆယ်နှစ်တာလုံးအတူကျော်ဖြတ်လာခဲ့ကြပြီး တစ်ရက်ထက်တစ်ရက် ပိုမိုကာ သံယောဇဥ်တွယ်ခဲ့ကြသည်။ သူ့ဘက်မှ ဖုယွမ်ကျိုးကို သူ့အားပိုမှီခိုလာပြီး ယုံကြည်လာစေချင်သည်။ သူ့အားလိုအပ်နေခြင်းက မှီခိုမှုတစ်မျိုးပင်ဖြစ်ပြီး သူလည်းဖုယွမ်ကျိုးနှင့် ခွဲနိုင်တော့မည်မဟုတ်ပေ။
သူသည် ထိုသူမှလွဲပြီး ဘယ်သူ့ကိုမှမလိုချင်တော့ပေ။
ပြင်းပြလွန်းသည့်အနမ်းကြောင့် ဖုယွမ်ကျိုးမှာ အသက်မရှူနိုင်တော့ပေ၊၊ မျက်လုံးများပင်နီလာပြီး ရှဲ့လင် သူ့ကိုဝါးစားတော့မည်ဟုပင် ထင်ယောင်ထင်မှားဖြစ်လာလေ၏။
ကိုယ်ချင်းခွာလိုက်ချိန်တွင် ရှဲ့လင်၏အသက်ရှူသံသည်လည်း မတည်မငြိမ်ဖြစ်နေခဲ့သည်။ သူသည် ဖုယွမ်ကျိုးကိုရင်ခွင်ထဲတွင်ဖက်ထားပြီး နဖူးအားနမ်းလိုက်ကာ မျက်ရည်စတို့ကိုသုတ်ပေးလိုက်သည်။
ထိုအချိန်လေးတွင်ပင် တံခါးပွင့်လာပြီး ရှန်းရှီကောကတံခါးအပြင်တွင်ရပ်ကာ သူတို့နှစ်ယောက်ကိုကြည့်နေခဲ့သည်။ သူ့နှုတ်ခမ်းထောင့်ကကွဲနေပြီး မျက်နှာပေါ်တွင်လည်းဒဏ်ရာရှိနေသေး၏။ အခန်းထဲရှိ ဖက်နေသည့်လူနှစ်ယောက်ကိုမြင်ပြီးသည့်နောက် မူလက နူးညံ့နေခဲ့သော၎င်း၏မျက်လုံးတို့မှာ စက်လုံးမျက်နှာပြင်တွင် ဖုန်တလွှာတင်နေသလို တစထက်တစဝေဝါးလာခဲ့သည်။
ဖုယွမ်ကျိုးက သူဝင်လာမှန်းသိသည်။ သူမကြည့်ချင်သည့်တိုင် စိတ်မထိန်းနိုင်၍ ရှန်းရှီကောကိုလှမ်းကြည့်မိလိုက်၏။
ယာယီအမှတ်အသားကြောင့် ၎င်း၏တည်ရှိမှုက သူ့အပေါ်အလွန်အမင်း လွှမ်းမိုးမှုရှိနေသည်။ ၎င်း၏ မန်ဒလာပန်းအနံဖျော့ဖျော့ကိုပင် ရနေလေ၏။
ယင်းအနံ့က သူ့သွေးထဲတွင်ပျော်ဝင်နေပြီး ချောက်နက်ထဲမှခေါ်သံလိုပင်။ တားမြစ်မှော်ဖြင့်စီရင်ထားသည့် ဆွဲဆောင်မှုတို့က အပြည့်ဖြစ်နေလေသည်။
သူ့အားအမှတ်အသားပေးထားသည့် အယ်လ်ဖာက မနာလိုဖြစ်ပြီးဝမ်းနည်းနေသည်။ အမှတ်အသားပေးခံထားရသည့်အိုမီဂါအနေဖြင့် ထိုသူအနားတွင်နေပြီး ဖက်ပေးထားသင့်သည်။
ဖယ်ရိုမုန်းများက သူ့အားအသံတိတ် ညို့ငင်နေလေသည်။ သူ့ခန္ဓာကိုယ်ထဲမှဆန္ဒနှင့် စိတ်ဝိညာဥ်မှပေါက်ဖွားလာသည့်ခံစားချက်တို့က နှစ်ခြမ်းကွဲထွက်သွားခဲ့သည်။ ရှန်းရှီကော၏ဖယ်ရိုမုန်းများက သူ့အားသက်သောင့်သက်သာရှိစေသည်။ သူ့အားဆွဲဆောင်နေသည်။ သူ၏အကြောင်းပြချက်ကို ငြင်းပယ်နေသည်၊၊ ထို့ကြောင့် အလိုအလျောက် အနှီသူထံလျှောက်သွားမိသော်လည်း ရှဲ့လင်ကိုကျော်သွားသည်နှင့် ထိုသူကိုခပ်တင်းတင်းဖက်ထားမိပြီး သူ့ဆန္ဒကိုအတင်းအကျပ်တားဆီးမိလေ၏။
ရှဲ့လင်ကလည်း သူ့အားတင်းကြပ်နေအောင်ပြန်ဖက်ထားပြီး ကျောကိုဖွဖွလေးပုတ်ပေးလာလေသည်။
"ဆောရီး..."
ရှန်းရှီကောက ပြောလာခဲ့သည်။
"မင်းမှာ ဖယ်ရိုမုန်းအာရုံခံ(တုံ့ပြန်)မှု ပြင်းထန်တဲ့ရောဂါရှိတယ်လို့ မင်းမိဘတွေဆီကကြားလိုက်ရတယ်..ယွမ်ကျိုး...ကိုယ်တောင်းပန်ပါတယ်..."
မနေ့ညက သူဖုယွမ်ကျိုးကို ယာယီအမှတ်အသားလုပ်ပေးခဲ့ပြီးနောက် အချိန်များစွာကြာပြီးမှ ထိုသူအနားကိုချဥ်းကပ်နိုင်ခဲ့ပြီဖြစ်၍ ဖော်မပြတတ်သည့်ပျော်ရွှင်မှုများထဲတွင် နစ်မြုပ်သွားခဲ့မိသည်။
ရုတ်ချည်းပင် ဖုယွမ်ကျိုးဖုန်းက မြည်လာခဲ့သော်လည်း သူ ဖုန်းမကိုင်ခဲ့မိပေ။ တဖက်က မကိုင်မချင်းခေါ်နေ၍ သူဖုန်းကိုင်လိုက်ချိန်တွင် ဖုန်းခေါ်လာသူက ရှဲ့လင်ဖြစ်နေခဲ့သည်။
ယာယီအမှတ်အသားက အပြီးသတ်အမှတ်အသားမဟုတ်ပေ။ အခြေအနေကိုထိန်းနိုင်ခဲ့လျှင်ပင် ရှန်းရှီကောသည် ဖုယွမ်ကျိုးမိဘများကိုပြောရန်စီစဥ်ထားခဲ့သည်။ ဖယ်ရိုမုန်းအနံ့ပြောင်းသွားခြင်းက ဖုံးကွယ်ထား၍မရသလို သူကိုယ်တိုင်လည်း ဖုံးမထားချင်ပေ။
သူတို့သုံးယောက်အပြင် ယွိဖေးလည်းရောက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှဒဏ်ရာက ယွိဖေးထိုးထားခဲ့ခြင်းဖြစ်ပြီး ယွိဖေးကသူ့အားသတ်ပစ်ချင်လောက်သည်အထိ ဒေါသထွက်နေခဲ့သည်။ လူကြီးသူမများအရှေ့တွင်လည်း မယဥ်ကျေးနေတော့ဘဲ သူ့ထံတည့်တည့်လျှောက်လာပြီး လက်သီးဖြင့်ထိုးခဲ့သည်။ ဖုယွမ်ကျိုးမိဘများသာ မတားထားခဲ့ပါက သူဆေးရုံရောက်မှရပ်မည်အထိ ဖြစ်သွားနိုင်၏။
ယွိဖေးမျက်လုံးများက ခဏတွင်းချင်းနီရဲလာခဲ့သည်။ သူ့အမေက ဆေးရုံတင်ထားရ၏။ သူမကအသက်အန္တရာယ်မစိုးရိမ်ရသော်လည်း ထိုနေ့ညတွင် သူ့စိတ်အခြေအနေက အောက်ဆုံးအထိကျနေခဲ့သည်။ ယခုလည်း ဖုယွမ်ကျိုးက ရှန်းရှီကောထံတွင် ထပ်ပြီးယာယီအမှတ်အသားပေးခြင်းကိုခံလိုက်ရပြန်ပြီ။
ဖုယွမ်ကျိုးအခြေအနေနှင့် ရှန်းရှီကော၏ဖယ်ရိုမုန်းက မည်မျှအန္တရာယ်များမှန်းသူသိနေ၏၊ သူဘယ်လိုလုပ် ဒေါသမထွက်၊ ဝမ်းမနည်းဘဲနေနိုင်ပါမည်နည်း။
ဖုယွမ်ကျိုးမိဘများကအချိန်ယူပြီး ရှန်းရှီကောနှင့် စကားပြောခဲ့သည်။ ရှန်းရှီကောက အခြေအနေကိုပြန်ရှင်းပြခဲ့၏။ သူပြတင်းပေါက်တွင်ရပ်နေစဥ် ဖုယွမ်ကျိုးမေ့လဲသွားသည်ကိုမြင်လိုက်ရသည်။ သူစိတ်ပူ၍ ရောက်လာသည်အထိ ဖုယွမ်ကျိုး၏ဖယ်ရိုမုန်းကမတည်ငြိမ်သေး၍ ထိုသူကိုအမှတ်အသားပေးလိုက်ရသည်။
ကြမ်းပြင်ပေါ်တွင် တနေရာစီကျနေသည့်ဆေးထိုးအပ်များနှင့် ဖုယွမ်ကျိုးလက်မောင်းပေါ်မှအပ်ရာများကသက်သေပင်။ ဒေါက်တာစွင်းက ဖုယွမ်ကျိုးကိုလာကြည့်ပေးပြီး သက်သေခံပေးခဲ့သည်။ အယ်လ်ဖာတစ်ယောက်အတွက် ယခုလိုဖြေရှင်းချက်က အညင်သာဆုံးနည်းလမ်းပင်။
အချိန်အတန်ကြာစကားပြောလိုက်ရမှ ဖုယွမ်ကျိုးတွင် ဖယ်ရိုမုန်းအာရုံခံမှုပြင်းထန်နေသည့်လက္ခဏာပေါ်လာသည်မှာ မကြာသေးကြောင်း ရှန်းရှီကောသိလိုက်ရသည်၊၊ ထိုသူသည် ဖယ်ရိုမုန်းများအပေါ်မှီခိုမှုပိုများလာပြီး ယာယီအမှတ်အသားနှင့်အသားကျရန်လည်း အချိန်ယူရလိမ့်မည်။
သူစိတ်မကောင်းဖြစ်မိသွားခဲ့သည်။ သူ့ဘက်မှဖုယွမ်ကျိုးကို မထိခိုက်စေလိုပေ။ သို့သော်လည်း နှလုံးသားထဲမှဆန်းကြယ်သည့်ခံစားချက်ကိုလည်း မငြင်းပယ်နိုင်ဖြစ်နေပြန်သည်။
ထိုအခွင့်အရေးက အန္တရာယ်များသည်။ ရှောင်ချီးက သူ့အားနည်းနည်းချင်းစီလက်ခံလာရန် မျှော်လင့်ထားမိ၏။ အနည်းငယ်ပင်ဖြစ်ပါစေ၊ သူ့အတွက်လုံလောက်နေပြီ။
ယခုလို စိတ်အားထက်သန်မှုမျိုးကို သူတစ်ခါမှမခံစားခဲ့ရဖူးသော်လည်း သူအိပ်ခန်းတံခါးကိုဖွင့်လိုက်ချိန်တွင် ဖုယွမ်ကျိုးကရှဲ့လင်ကိုဖက်ထားခဲ့ပြီး ယခင်ထက်ပင် သူ့အားတွန်းထုတ်နေခဲ့သည်။
ရှန်းရှီကောနှလုံးသားက ရေအေးကန်ထဲသို့ပြုတ်ကျသွားသလိုပင်။
သူသည်ကား သူ၏ရှောင်ချီးကိုထိခိုက်အောင်လုပ်မိနေဆဲပင်။
****
နေမကောင်းဖြစ်နေသည့်တစ်ပတ်အတွင်း ဖုယွမ်ကျိုး ကျောင်းမသွားခဲ့ပေ။ အဖျားကြီးခြင်းက ၎င်း၏ခန္ဓာကိုယ်ခုခံအားကို ပိုမိုကျဆင်းသွားစေခဲ့သည်။ အိမ်တွင် နေကောင်းလာသည်အထိနေခြင်းက ပိုသင့်လျော်သည့်တိုင် သူသည်ကား အိမ်အကူအဒေါ်ကဂရုစိုက်ပေးလိမ့်မည်ဟုဆိုပြီး တိုက်ခန်းကိုသာပြန်ချင်နေခဲ့၏။
သူကျောင်းမလာသောကြောင့် ယွမ်ယဲ့နှင့်ရန်ရှူးထန်တို့က သူ့အားသတင်းလာမေးကြသည်။ ဖုယွမ်ကျိုးက အမှန်အတိုင်းမပြောဘဲ နေမကောင်းဖြစ်နေသည်ဟုသာပြောလိုက်၏။ ယွမ်ယဲ့က အတန်းဖျက်ပြီးချက်ချင်းလာခဲ့မည်ဟုပြောလာသည့်တိုင် ဖုယွမ်ကျိုးကသူ့အားငြင်းလိုက်ပြီး ကျောင်းပြန်တက်မှတွေ့မည့်အကြောင်း ပြောလိုက်ရသည်။
ယွိဖေးက ဆေးရုံမှ မာမားယွိကိုသွားတွေ့ရသည်။ သူ့ခမျာ နှစ်နေရာကိုခေါက်တုံ့ခေါက်ပြန်ပြေးနေရပြီး ကောင်းကောင်းမအိပ်ရပေ။ သို့ထိတိုင် ဖုယွမ်ကျိုးကိုမြင်တိုင်း အားတင်းပြီးပြုံးပြနေခဲ့သည်။
ဖုယွမ်ကျိုးမှာ အနှီသူဝမ်းနည်းနေသည်ကိုမမြင်ချင်လေရာ သူကယာယီအမှတ်အသားပေးခံထားရရုံပင်ဖြစ်ကြောင်းပြောပြီး နှစ်သိမ့်ပေးထားရလေသည်။ သူသည်ကား အရင်ရက်က ရှိသမျှတားဆေးများနှင့် စပရေးဘူးများကိုယူလာခဲ့သေး၏။ ရှန်းရှီကောကိုမတွေ့ရသောကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရပါချေ။ အမှတ်အသားက သူ့အပေါ်တွင်အလုပ်မလုပ်တော့ပုံရသည်။
လွန်ခဲ့ပြီးသောရက်များက ရှဲ့လင်ကသာ သူ့အားအများဆုံးအဖော်ပြုပေးခဲ့သည်။ ရှဲ့လင်သည် ကျောင်းလည်းမသွားသလို သူ့အနားမှလည်းမခွာခဲ့ပေ။ ဖုယွမ်ကျိုးသည်လည်း ရှဲ့လင်၏ဖယ်ရိုမုန်းများနှင့် အလိုက်အထိုက်ပြန်ဖြစ်လာခဲ့လေသည်။
သူသည် ရှဲ့လင်ကိုကြည့်မိပြီး ထိုသူကိုဘာကြောင့်စိတ်လိုလက်ရ နမ်းမိသလဲဟူ၍ အဖြေရှာကြည့်မိ၏။ ထိုအနမ်းထဲတွင် သောင်းပြောင်းထွေလာခံစားချက်များပါနေသည့်တိုင် အဖြေတစ်ခုကမူ ရိုးရှင်းစွာဖြင့်ထွက်ပေါ်လာခဲ့သည်။ သူသည်ရှဲ့လင်ကို သူငယ်ချင်းတစ်ယောက်အနေဖြင့်လိုအပ်နေခြင်းမဟုတ်တော့ပေ။
ယခု သူ၏ခန္ဓာကိုယ်အခြေအနေက လက်ရှိသူ၏ခံစားချက်များကို ထဲထဲဝင်ဝင်ဆန်းစစ်ခွင့်မပေးတော့ပေ။ သူယွိဖေးကိုနှစ်သိမ့်ပေးနေသည့်စကားများက အလိမ်အညာတစ်ခုဖြစ်နေခဲ့သည်။ ယာယီအမှတ်အသားက မည်သို့များအလုပ်မဖြစ်ဘဲနေမည်နည်း။ ရှန်းရှီကောအဝေးတွင်နေထိုင်ရခြင်းက အရိုးထဲအထိစိမ့်ဝင်နေသော ရာဂပြင်းပြမှုတို့ကို ပိုမိုပြင်းထန်လာစေသည်။ ၎င်းက သူ့အားရှန်းရှီကောထံသွားရန် အတင်းအကြပ်တွန်းအားပေးနေပြီး သူ၏အယ်လ်ဖာထံမှ ပိုမိုများပြားသောဖယ်ရိုမုန်းများကိုတောင်းခံခိုင်းနေသည်။
ထိုသို့သောစွဲလန်းမှုမျိုးက ဖုယွမ်ကျိုးကို အလွန်အမင်းခံရခက်စေခဲ့သည်။ အိပ်ပျော်နေချိန်တစ်ခုတည်းကသာ သူ့ကိုယ်သူနှင့် အိုမီဂါ၏အလိုအလျောက်တုံ့ပြန်မှုတို့ကိုခွဲခြားထားနိုင်လိမ့်မည်။
သို့တစေ ဖယ်ရိုမုန်းများက အတော်လေးကောက်ကျစ်သည်။ သူအိပ်ပျော်နေချိန်မှာပင် ၎င်းတို့က သူ့ဦးနှောက်မှအာရုံကြောတို့ကိုပိတ်ဆို့ထားတတ်သည်။ သူနှင့်ရှန်းရှီကောတို့ သာယာယစ်မှုးဖွယ်အချိန်များကို ထပ်ခါတလဲလဲကျော်ဖြတ်နေသလိုအိပ်မက်တို့ကိုဖန်တီးပေးလေ၏။ အသေးစိတ်မမှတ်မိနိုင်သလို နာကျင်မှုတို့လည်းမရှိပေ။ သူ၏အပျော်ရွှင်ရဆုံးအမှတ်တရများကို ပြသနေသလိုပင်။
သူရှန်းရှီကောနှင့်အွန်လိုင်းပေါ်တွင်ဆုံခဲ့ရသည်။ ထိုနေ့က ၎င်း၏ပေ့ချ်ကို ငြီးငွေ့စွာဖြင့်မွှေနှောက်ကြည့်နေပြီး အင်မတန်ကျော်ကြားသည့် ရှုခင်းပုံအများအပြားကို အမှတ်မထင်တွေ့လိုက်ရသည်။ ၎င်းတို့က အင်မတန်လှပသည်ဟုထင်လိုက်မိသောကြောင့် ၎င်းအောက်တွင်မက်ဆေ့ချ်ရေးခဲ့သည့်တိုင် ပြန်စာမရခဲ့ပေ။
နောက်ပိုင်း၌ သူတို့တစ်ယောက်နှင့်တစ်ယောက် တဖြည်းဖြည်းရင်းနှီးလာခဲ့ကြသည်။ ဖုယွမ်ကျိုးသည် ရှန်းရှီးကောက ဤမျှများပြားသောမက်ဆေ့ချ်များကြားမှ သူ့ကိုစာပြန်ခဲ့သည့် အကြောင်းအရင်းကိုသိချင်ခဲ့၏။ ရှန်းရှီကောက သူကိုယ်တိုင်လည်းမသိကြောင်း ပြန်ဖြေခဲ့သည်။ သူကံကောင်းပြီး ဖုယွမ်ကျိုး၏မက်ဆေ့ချ်ကိုမြင်သွား၍လည်းဖြစ်နိုင်သည်။ ထိုအချိန်လေးအတွင်း သူစာပြန်သင့်သည်ဆိုသည့် ဖော်ပြရန်ခက်ခဲသောခံစားချက်ကိုရလိုက်ပြီး ၎င်းကသူတို့အတွက်အစဖြစ်လာခဲ့သည်။
ထိုအချိန်က ရှန်းရှီကော၏အွန်လိုင်းနာမည်မှာ လော့ရန်စုန့်ဖြစ်၏။ ဖုယွမ်ကျိုးက ထိုသူကိုနိုင်ငံခြားသားတစ်ယောက်ဟုထင်ခဲ့၍ အင်္ဂလိပ်စကားဖြင့်ပြောဆိုခဲ့သည်။ ထို့နောက် တရုတ်လူမျိုးမှန်းသိသွားသည့်အခါ တရုတ်စကားကိုပြောင်းပြောခဲ့ပြီး သူတို့နှစ်ယောက်၏ဆက်သွယ်မှုကပိုအဆင်ပြေလာခဲ့သည်။
ဖုယွမ်ကျိုးက သူ့ကို အတော်လေးသဘောကျသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက်မမြင်ဖူးကြသည့်တိုင် ဂရုမစိုက်ကြပေ။ သူတို့ပထမဆုံးအကြိမ်မတွေ့ခင်အထိ ဓာတ်ပုံလည်းမပြကြဘဲ နာမည်မပြောဘဲနေခဲ့ကြသည်။
ဓာတ်ပုံထဲတွင် ရှန်းရှီကောက အညိုရောင်ဆံပင်နှင့်မျက်လုံးပြာများရှိနေခဲ့သည်။ ဥပဓိရုပ်ကောင်းပြီး သဘောထားလည်းပျော့ပျောင်းသည်။ ဆိုရိုးအရ အပြင်ပန်းတွင်ထူးချွန်သည့်ပုံစံရှိသူတိုင်း ယုံကြည်ချက်အပြည့်ရှိသည့်မျက်နှာမျိုးရှိကြသည်။ ဆိုရှယ်မီဒီယာတွင်ဓာတ်ပုံတင်လျှင်ပင် ရှက်ကြောက်စိတ်မရှိကြပေ၊၊ သို့သော်လည်း ရှန်းရှီကောက တခါမှဓာတ်ပုံမတင်ဖူးသောကြောင့် ဖုယွမ်ကျိုးကထိုသူကိုစနောက်ခဲ့ဖူးသည်။
"မင်းသူများဓာတ်ပုံတွေယူလာပြီး ငါ့ကိုပြနေတာလား"
"မင်းလည်းဘာထူးလို့လဲ"
ရှန်းရှီကောကလည်းပြန်ပြောခဲ့သည်။
"မင်းလည်းတစ်ခါမှဓာတ်ပုံမတင်ဖူးဘဲနဲ့..မင်းလည်းချောမှာမဟုတ်ပါဘူး"
ဖုယွမ်ကျိုးမှာ ရှက်သွားမိသည်။ အရိုးသားဆုံးပြောရပါက သူယခင်ကလည်း အင်စတာဂရမ်မသုံးသောကြောင့် ဓာတ်ပုံတစ်ပုံမှမတင်ခဲ့ဖူးပေ။ နောက်ပိုင်း သူ့အကျင့်ကထူးခြားဆန်းကြယ်စွာဖြင့်ပြောင်းလဲသွားခဲ့သည်။ ပြည်တွင်းသုံးဆိုရှယ်မီဒီယာများတွင် သူဓာတ်ပုံအများအပြားတင်ခဲ့ပြီး သူ၏နေ့စဥ်ဘဝကိုအခြားသူများထံမျှဝေပေးခဲ့သည်။
"ကိုယ်မင်းဓာတ်ပုံတွေကိုကြိုက်တယ်"
ရှန်းရှီကောကပြောခဲ့သည်။
"ကိုယ်ထင်ထားခဲ့တာထက်တောင် ပိုချောနေတာပဲ"
သူ့စကားက ဖုယွမ်ကျိုးကိုရှက်သွားစေသော်လည်း ပျော်ရွှင်စေခဲ့ပြန်သည်။ ယောကျ်ားလေးသူငယ်ချင်းတစ်ယောက်က သူ့ရုပ်ရည်ကိုချီးမွမ်းပေးနေခဲ့သည်။ ၎င်းက ချဲ့ကားပြောနေခြင်းဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မြှောက်ပေးသည့်စကားကိုမကြိုက်သူမရှိပေ။
"မင်းလည်းမဆိုးပါဘူး...ချောပါတယ်..."
ဖုယွမ်ကျိုးကထိုသူကို ပြောင်စပ်စပ်နှင့် ပြန်လည်မြှောက်ပေးလိုက်ပြီး တပုံစံတည်းပြန်မေးလိုက်သည်။
"မင်းနာမည်ကဘာအဓိပ္ပါယ်လဲ...'ရှီကော' ဆိုတဲ့နာမည်ကိုမှည့်တဲ့လူရှားတယ်"
ရှန်းရှီကော: "ရှီကော...စုန့်မင်းဆက်ခေတ်ကလေ..အမေကကိုယ့်ကိုပေးထားတာ"
ယင်းက အတော်လေးရိုမန့်တစ်ဆန်သည့်အမည်ဟု ဖုယွမ်ကျိုးကတွေးမိသွားခဲ့သည်။ ရှန်းရှီကောက အတော်လေးကဗျာဆန်ပြီး ၎င်း၏အမေကလည်းရိုမန်တစ်ဆန်သည့်အမျိုးသမီးမျိုးဖြစ်နိုင်သည်။ ၎င်းကအမေတူသားတစ်ယောက်ဖြစ်နိုင်၏။
ရှန်းရှီကော၏အမည်ကြောင့် ဖုယွမ်ကျိုးသည် ထိုသူ၏အမေအကြောင်းကို အနည်းငယ်ခန့်ပိုသိချင်စိတ်ဖြစ်လာခဲ့သည်။ သို့သော် ပထမဆုံးအကြိမ် ရှန်းရှီကောနှင့်တွေ့ရန် နိုင်ငံခြားသွားရစဥ်က ၎င်း၏မိသားစုနှင့်မတွေ့ခဲ့ရပေ။ အကြိမ်ရေအတန်များလာမှ ရှန်းရှီကောသည် ၎င်း၏အမေနှင့်တစ်ကြိမ်သာမိတ်ဆက်ပေးခဲ့သည်။
သူရှန်းရှီကောအမေကိုစကားမပြောဖြစ်ခဲ့ပေ။ အဝေးမှသာလှမ်းကြည့်ပြီး သူမပုံစံကြောင့် မှင်သက်သွားခဲ့ရဖူးသည်။
ရှန်းရှီကောအမေက အတော်လေးလှပြီး နုပျိုသည်။ သူမသားအတိုင်း အရှေ့နှင့်အနောက်စပ်ထားသည့်မျက်နှာနှင့် လှပသည့်မျက်လုံးပြာများရှိပြီး မျက်နှာပုံစံသည်လည်း ရှန်းရှီကောနှင့်ဆင်တူနေသည်။ ရှန်းရှီကောရုပ်ရည်အစိတ်အပိုင်းအများစုက သူမထံမှအမွေရထားခြင်းဖြစ်လိမ့်မည်။
ကလေးဘဝမှအရွယ်ရောက်သည်အထိ ဖုယွမ်ကျိုးသည် သူမနှင့်ယှဥ်နိုင်သည့် အလှလေးဟူ၍ ယွိဖေးတစ်ယောက်တည်းကိုသာမြင်ခဲ့ဖူးသည်၊၊ သို့ထိတိုင် လှပုံလှနည်းကမတူပေ၊၊ ယွိဖေးကညို့ယူဖမ်းစားနိုင်သည့်အလှမျိုးဖြစ်ပြီး ရှန်းရှီကောအမေက သိမ်မွေ့ကာကျက်သရေရှိသောအလှမျိုးပင်။
သူမသည် ဥယျာဥ်ထဲမှ အရိပ်ကောင်းသည့်နေရာအောက်တွင်ထိုင်နေပြီးစာအုပ်ဖတ်နေလေ၏။ သို့တစေ သူမထိုင်နေသည့်နေရာက ဝှီးချဲတစ်လုံးပေါ်တွင်ဖြစ်နေခဲ့သည်။ သူမအနားတွင် ရှန်းရှီကောအဖေဖြစ်သည့် အမျိုးသားတစ်ယောက်ရှိနေခဲ့သည်။
"မင်းလည်းသူတို့ကိုမြင်ဖူးမှာပါ..."
ရှန်းရှီကောက သူ့အားပြုံးပြရင်းပြောလိုက်၏။
"ကိုယ်မင်းကိုပြဖူးတယ်လေ.."
ဖုယွမ်ကျိုး: "သွားမယ်လေ...သွားနှုတ်ဆက်ကြမယ်.."
"ရပါတယ်..."
ရှန်းရှီကောက ညင်သာစွာဖြင့်ပြောခဲ့သည်။
"သူ့ကိုသွားမနှုတ်ဆက်တာပိုကောင်းလိမ့်မယ်..."
ရှန်းရှီကောအမေကလှသော်လည်း စကားပြောရန်အဆင်မပြေပေ။ သူမကစိတ်ပိုင်းဆိုင်ရာတွင်ထိခိုက်ထားပြီး အောက်ပိုင်းသေနေသည့်လူဖြစ်သောကြောင့် ဝှီးချဲကိုသာအမှီပြုနေရသည်။ ထိုသို့ဖြစ်ရခြင်းမှာ သူမကမဆင်မခြင်ဖြင့် တိုက်ပေါ်မှခုန်ချပြီး သေကြောင်းကြံစည်ခဲ့သောကြောင့်ပင်။
သူမသည် ဤလောကတွင်အသက်ရှင်ရခြင်းကိုငြီးငွေ့နေပြီး အသက်မရှင်ချင်တော့ပေ။ ရှန်းရှီကော၏အဖေကသာ သူမကို ဘဝတွင်နေထိုင်နိုင်မည့်အကြံကောင်းများပေးနိုင်ခဲ့သည်။ သူမနိုးထလာသည့်အခါ သူမ၏ခင်ပွန်းကအနားတွင်ရှိမနေခဲ့သောကြောင့် စွန့်ပစ်ခံရသလိုခံစားရပြီး နောက်တကြိမ်သေကြောင်းကြံခဲ့ပြန်သည်။
ထိုအချိန်က သူမကို သူမခင်ပွန်းက ကုမ္ပဏီသို့ခေါ်သွားပေးခဲ့သည်။ သူမအိပ်ပျော်သွားချိန်တွင် သူမခင်ပွန်းက အရေးကြီးသည့်အစည်းအဝေးတက်နေရပြီး နာရီဝက်ခန့်ကြာမြင့်ခဲ့သည်။ သူမအိပ်ရာမှနိုးလာချိန်တွင် သူမခင်ပွန်းကိုမတွေ့ရတော့ပေ။ သူမသည် ဘေးမှသူနာပြုကိုချက်ချင်းတွန်းထုတ်ပြီး နောက်တထပ်သို့ခုန်ဆင်းသွားခဲ့သည်။
ထိုနောက်ပိုင်းတည်းက ရှန်းရှီကောအဖေသည် သူမအနားမှ ခြေတစ်လှမ်းပင်မခွာတော့ပေ။ သူမကိုလည်း ကုမ္ပဏီသို့မခေါ်သွားတော့ဘဲ အလုပ်များအားလုံးကိုဗီလာမှသာလုပ်ကိုင်ခဲ့သည်။
"ကိုယ်တောင်မှ သူအရင်ကပျော်ရွှင်ခဲ့ဖူးတဲ့အချိန်တွေကိုမှတ်မိအောင်မလုပ်ပေးနိုင်ဘူး..."
ရှန်းရှီကောကပြုံးလာလေ၏။
"သူ့ဘဝမှာ ကိုယ့်အဖေပဲရှိတယ်...ပြီးတော့ သူ့အတွက်ပဲ သူမကအသက်ရှင်နေရတာလေ..."
♎️
(ဘယ်သူ့ သနားရမယ်မသိတော့ဘူး 🥹)