Chapter 70
Viewers 2k

♎️Chapter 70




အဝေးမှရှန်းရှီကောမိဘများကိုကြည့်ပြီးသည့်နောက် သူတို့သည် ၎င်းတို့ကို မနှောင့်ယှက်ဘဲထွက်လာခဲ့လိုက်ကြသည်။ ဖုယွမ်ကျိုးစိတ်မှာ ကိုယ်ချင်းစာစိတ်နှင့် နောင်တတို့ဖြင့်ပြည့်နှက်နေလျက် ရှုပ်ထွေးပွေလီနေလေ၏။


ရှန်းရှီကောမိဘများမှာ တစ်ယောက်နှင့်တစ်ယောက် အင်မတန်ချစ်ကြသည်။ လူသုံးယောက်နှင့်မိသားစုလေးမှာပျော်ရွှင်ခဲ့သော်လည်း ရှန်းရှီကော၏အမေဖြစ်သူက နာမကျန်းဖြစ်နေပြီး အရာအားလုံးဖျက်ဆီးခံလိုက်ရသည်။ သူမကအတော်လေးသနားစရာကောင်းသည်။ ခင်ပွန်းသည်ဖြစ်သူ ရှန်းရှီကော၏အဖေသည်လည်း သနားစရာကောင်းသူပင်။ ထိုသူသည် ဇနီးဖြစ်သူကို ကောင်းကောင်းဂရုမစိုက်နိုင်ခဲ့၍ သူ့ကိုယ်သူအပြစ်တင်နေခဲ့ပြီး ယင်းက ရှန်းရှီကောအတွက် ဖျောက်ဖျက်မရသည့်အမာရွတ်ဖြစ်လာခဲ့၏။


ဖုယွမ်ကျိုးသည် သနားနေသည့်အမူအရာတစ်ခုမှမပြလိုက်ပေ။ ရှန်းရှီကောလည်း မလိုအပ်လောက်ဟုသူထင်မိသည်။သို့သော် ရှန်းရှီကောကသူ့မျက်နှာမကောင်းနေသည်ကိုသတိထားမိပြီး ပြုံးရွှင်သည့်အမူအရာဖြင့်နှစ်သိမ့်ပေးလာ၏။ 


"မပူပါနဲ့...အဲဒါကသူ့ရဲ့ရွေးချယ်မှုပဲလေ..."


ရောဂါရှာတာက သူ့ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတဲ့လား။


ဖုယွမ်ကျိုးက သူ့စကားကိုနားမလည်နိုင်ပေ။


"သူနေမကောင်းတာကိုပြောချင်တာမဟုတ်ပါဘူး..." 

ရှန်းရှီကောက ဖြေလာခဲ့သည်။ 


"သူက သူ့ဘဝအတွက် အဖေ့ကို အထောက်အပံ့အနေနဲ့ရွေးခဲ့တာလေ...ဘာပဲဖြစ်လာလာ သူနောင်တမရဘူး..."


"ငါ...သူ့အတွေးကိုနားလည်ပါတယ်...ဒါကြောင့် ငါသိသွားပြီ..."


ထိုသူက မျက်လွှာချထားရင်းစိတ်ပျက်နေသည့်ပုံပေါ်သောကြောင့် ဖုယွမ်ကျိုးသည် အမေဖြစ်သူကိုစိုးရိမ်နေခြင်းဖြစ်မည်ဟုတွေးမိပြီး ကျောကိုပုတ်ကာနှစ်သိမ့်ပေးလိုက်သည်။


သူတို့သည် အိမ်တွင် အကြာကြီးမနေခဲ့ကြဘဲ ရှန်းရှီကောကအနီးတဝိုက်ကိုလှည့်ပတ်ပြခဲ့သည်။ သူတို့ကမ်းခြေကိုအတူသွားခဲ့ကြပြီး အတူတောင်တက်ခဲ့ကြသည်။ ၎င်းအပေါ်မှ မြို့လယ်ခေါင်ရှိမိုးမျှော်တိုက်ကြီးနှင့် မမေ့နိုင်စရာညရှုခင်းကိုငေးမောကြည့်ခဲ့ကြသည်။ သည့်နောက် တောင်ပေါ်တွင်စခန်းချကာ မီးပုံဖိုရင်းစကားပြောခဲ့ကြ၏။


တနေ့တွင် နှစ်ယောက်သားလမ်းလျှောက်လာရာမှ ရုတ်တရက် ကြောင်ပေါက်လေးတစ်ကောင်ကိုတွေ့လိုက်ရသည်။ ကြောင်ပေါက်လေးက ကိုယ်လုံးသေးပြီး အမြှီးသေးသေးလေးရှိသည်။ နှင်းဖြူနှယ်အမွှေးများက နူးညံ့ပွယောင်းပြီး ဘောလုံးလေးလိုပင်။ သာယာသည့်အသံလေးလည်းရှိသည်။ ၎င်းကကျယ်လောင်စွာဖြင့် ညောင် ဟုအော်ကာ ခြေတံတိုလေးများဖြင့် သူတို့အနောက်မှလိုက်လာလေ၏။


ဖုယွမ်ကျိုးမှာ စိတ်ပျော့ဖြစ်သောကြောင့် ဆောင့်ကြောင့်ပြီး ၎င်းကိုအကြိမ်အနည်းငယ်ခန့်ပွတ်သပ်ပေးမိသည်။ ကြောင်လေးကသူ့လက်မောင်းပေါ်ခုန်တက်လာပြီး သူ့မျက်နှာကိုနမ်းလာခဲ့သည်။


ယခုလို ချစ်စရာကောင်းသည့်အကောင်ပေါက်လေးချဥ်းကပ်လာခြင်းကြောင့် ဖုယွမ်ကျိုး၏နှလုံးသားလေးက တမဟုတ်ချင်းအရည်ပျော်သွားရပြီး အချိန်အတန်ကြာအထိကစားနေခဲ့၏။ ကြောင်ပိုင်ရှင်က တွေ့သွားမှ တွန့်ဆုတ်ဆုတ်ဖြင့်နှုတ်ဆက်ခဲ့ရလေသည်။


"အဲဒါကအရမ်းချစ်စရာကောင်းတာပဲ..." 


ဖုယွမ်ကျိုးကသက်ပြင်းချကာ ရှန်းရှီကောဘက်ကို ရှက်စနိုးဖြင့်လှည့်လိုက်သည်။ 

"ငါ့ကိုအကြာကြီးစောင့်ပေးနေရတယ်မလား..."


"ရပါတယ်..."


ရှန်းရှီကောက ပြုံးရုံသာပြုံးပြလာ၏။ သူသည်ဖုယွမ်ကျိုးလို အကောင်ပေါက်လေးများအား သဘောမကျတတ်သောကြောင့် ယခုလေးတင်တွေ့ခဲ့ရသောကြောင်ကို သူမကိုင်ခဲ့ပေ။ ယင်းကသူတို့နှစ်ယောက်ကြားမှ ကြုံတောင့်ကြုံခဲ ကွာခြားချက်ပင်။


"မင်းတွေ့လိုက်လား...ကြောင်ရဲ့မျက်လုံးလေးတွေကမင်းနဲ့ အရမ်းတူတယ်...မင်းတို့မျက်လုံးတွေကအပြာရောင်လေးတွေ..."


ရှန်းရှီကောမျက်ဝန်းများက နူးညံ့သွားခဲ့၏။ 

"ဒီတော့ မင်းအရမ်းသဘောကျတယ်ပေါ့..."


ဖုယွမ်ကျိုးက တွေးနေပြီးမှချက်ချင်းပြန်ပြောလိုက်လေသည်။

 "အဲဒီလိုပြောလို့ရပါတယ်..." 


ယင်းကြောင့် သူ့အနေဖြင့်ကြောင်လေးများအပေါ် ပိုရင်းနှီးလာသလိုခံစားရခြင်းပင်။


"ကိုယ်က ကြောင်လောက်တော့မကောင်းဘူးနော်..." 

ရှန်းရှီကောက ခေါင်းယမ်းပြီးပြုံးလာလေသည်။ 

"မင်းနဲ့ပိုရင်းနှီးလာရင်တောင်..."


ထိုသူသည်ခေါင်းမော့ပြီး ဖုယွမ်ကျိုး အခုလေးတင်ကြောင်ကိုနမ်းလိုက်သည့်နေရာလေးအား လာကိုင်သည်။ ၎င်းအထိအတွေ့လေးကဖျော့တော့ပြီး ယားယံမှုတို့ကိုချန်ထားခဲ့သည်။


ညနေပိုင်းတွင် သူတို့နှစ်ယောက် ဟိုတယ်ကိုပြန်လာခဲ့ကြသည်။ သန့်ရှင်းရေးလုပ်ပြီးသည့်နောက် ပထမထပ်မှ အမိုးပွင့်ရေကူးကန်ကိုသွားခဲ့ကြသည်။ သူကအနားယူသည့်နောက်မှီခုံတွင်ထိုင်နေပြီး ရှန်ပိန်သောက်နေခဲ့သည်။ ရှန်းရှီကောက သူ့အဝတ်အစားသူချွတ်ပြီး "ရှောင်ချီး" ဟုထိုးထားသည့် တက်တူးကိုဖော်ပြခဲ့သည်။


ဖုယွမ်ကျိုးမှာ ထိုတက်တူးကို ပထမဆုံးမြင်ရခြင်းဖြစ်၏။ သူ ရှန်းရှီကောနှင့်အတူရေဆင်းကူးရန်ပင် ရှက်သွားခဲ့ပြီး ထိုသူရေကူးနေသည်ကိုထိုင်ကြည့်နေခဲ့သည်။ ရှန်းရှီကောက ခဏလေးသာရေကူးပြီး ပြန်တက်လာသည်။ ထို့နောက် သူ့လက်ကိုကိုင်ကာ တက်တူးကိုထိခိုင်းပြီး ပြုံးနေသည့်မျက်နှာဖြင့် ကြည့်ကောင်းလားဟု မေးခဲ့သည်။



ရုတ်တရက် ဖုယွမ်ကျိုးနှာခေါင်းထဲတွင် မန်ဒလာပန်းအနံ့ရလိုက်သည်။ သူသည်ကား ဖယ်ရိုမုန်းများဖြင့် ပိတ်ဆို့ခံလိုက်ရပြီး သူပြောချင်သည့်စကားကိုပင်မေ့သွားခဲ့သည်။ သူ့အသိစိတ်က တစ်ခုခုမှားနေသည်ဟုပြောဖူးသော်လည်း ငြင်းဆန်မှုက မည်သည့်နေရာမှထွက်လာမှန်းမသိခဲ့ပေ။


ရှန်းရှီကောက သူနှင့်နီးကပ်လာခဲ့ပြီး ၎င်း၏လှပသည့်မျက်လုံးပြာများက သူ့အားနူးညံ့စွာဖြင့်ကြည့်နေခဲ့၏။ ဖုယွမ်ကျိုးမှာ ရင်ခုန်သံမြန်လာသောကြောင့် သွေးခုန်နေသည့်အသံကိုပင်ကြားနေရသည်၊၊ သူ့ပါးများကပူပြင်းနေပြီး အသံမှာ မသိစိတ်အရတိုးညှင်းသွားခဲ့လေသည်။


 "....ကြည့်ကောင်းပါတယ်..."


"ကြိုက်လား..."


ရှန်းရှီကောသည် သူတို့နှုတ်ခမ်းများထိတော့မည်နီးပါး ခေါင်းငုံ့လာခဲ့သည်။ ဖုယွမ်ကျိုးမှာ ပုံမှန်အတိုင်း သူ့လည်ဂုတ်သူပွတ်သပ်မိပြီး နှလုံးသားထဲမှချစ်ခြင်းမေတ္တာတို့မှာ အကန့်အသတ်မရှိတော့သလိုပင် ခပ်တိုးတိုးတုံ့ပြန်လိုက်လေသည်။


 "ကြိုက်တယ်..."


ထို့နောက် သူတို့နမ်းခဲ့ကြသည်။ အားလုံးက အဆင်ပြေနေခဲ့သလိုပါပင်။ ညခင်းလေးကသာယာသည်။ ကောင်းကင်တခွင် ကြယ်များအပြည့်ဖြစ်နေခဲ့၏။ မန်ဒလာပန်းအနံ့သည်ကား အန္တရာယ်အငွေ့အသက်တို့ဖြင့်လွှမ်းခြုံထားခဲ့သည်။ ရှန်းရှီကောက သူ့အားဖက်ထားခဲ့သည်။ နမ်းရှိုက်နေခဲ့သည်။ ယုံကြည်ချက်အပြည့်ရှိနေသည့် ချစ်စကားလေးများက သူ့နားထဲတွင်ရစ်ဝဲနေခဲ့သည်။ သူသည်ကား စကားလုံးချိုချိုလေးများဖြင့် တုံ့ပြန်နေခဲ့ပြီး သူလုံးဝအသိစိတ်ပျောက်သွားသည်အထိ ထိုအငွေ့အသက်များတွင် သူ့ကိုယ်သူပျောက်ဆုံးသွားခဲ့သည်။ ထို့နောက် သူ အိပ်မက်မှ ရုတ်တရက်လန့်နိုးလာခဲ့၏။


ထိုအိပ်မက်က လုံးဝပျက်ပြယ်မသွားသေးပေ။ သို့ထိတိုင် ဖုယွမ်ကျိုးတကိုယ်လုံးမှာ​ ချွေးများဖြင့်ရွှဲနင့်နေပြီး အိပ်မက်ဆိုးမှလန့်နိုးလာသလို မောဟိုက်နေခဲ့လေသည်။


သူနှင့်ရှန်းရှီကောတို့ နမ်းနေသည့်အိပ်မက်ကို သူတကယ်မက်ခဲ့သည်။သို့သော်လည်း သူတို့ရေကူးပြီးသည်နှင့်ပြန်ခဲ့ကြသည်။ အိပ်မက်က အတုအယောင်ဖြစ်ပြီး ယခုလိုမျိုးအဖြစ်မှာ တကြိမ်မှမရှိခဲ့ဖူးပေ။


အိပ်မက်ထဲမှ မန်ဒလာပန်းအနံ့ကို တဖန်အာရုံခံကြည့်ပြီးနောက် ဖုယွမ်ကျိုးမှာ ရုတ်တရက်သဘောပေါက်သွားခဲ့ရသည်။ သူသည်စိတ်ထဲမှတဆင့် ရှန်းရှီကော၏ဖယ်ရိုမုန်းကို တမ်းတနေခြင်းပင်။ ၎င်း၏အလှတရားကို ပုံရိပ်ဖော်ပြီး ရှန်းရှီကောအနားကိုပြန်သွားရန်ကြိုးပမ်းနေခြင်းဖြစ်သည်။အိမ်မက်ထဲမှမြင်ရသည့်ပုံရိပ်များက သူ့အတွက် လက်တွေ့လောကတွင် ဖြစ်နေခဲ့သလို ခံစားခဲ့ရ၏။


ဖုယွမ်ကျိုးမှာ ရူးသွားတော့မတတ်ဖြစ်နေပြီး သူ့ခန္ဓာကိုယ်မှာ ချွေးအေးများဖြင့်စိုရွှဲနေခဲ့သည်။ သူချက်ချင်း စောင်ပုံထဲမှထကာ ရေချိုးပစ်လိုက်သည်။ ရေချိုးကန်ထဲတွင် ကိုယ်ကိုကွေးရင်း ရေနွေးပူထဲတွင်စိမ်နေလိုက်၏။ သို့ထိတိုင် သူသည် အေးသလိုခံစားနေရဆဲ။


ရေချိုးခန်းထဲမှထွက်လာပြီးသည့်နောက် ဖုယွမ်ကျိုးသည် ထိန်းချုပ်ဆေးကို လိုအပ်သည်ထက်ယူလာခဲ့သည့်တိုင် မသောက်မိပေ။ သူ့ခန္ဓာကိုယ်ကရှန်းရှီကောကိုလွမ်းဆွတ်နေပြီး ၎င်း၏ဖယ်ရိုမုန်းကိုတမ်းတနေခဲ့၏။


သူသည်ကား လည်ဂုတ်မှအနီမှတ်ကိုပွတ်သပ်မိလိုက်၏။ ယင်းက ဖုယွမ်ကျိုး၏မသိစိတ်အလျောက်လှုပ်ရှားမှုလေးဖြစ်သော်လည်း မနာကျင်ခဲ့ပေ။


ရမ္မက်ဇော၏နှိပ်စက်ညှင်းပန်းမှုဒဏ်ကြောင့် အားကုန်နေပြီဖြစ်သောဖုယွမ်ကျိုးမှာ ထိုအခိုက်အတန့်လေးတွင် ရှဲ့လင်ကိုသတိရမိသွားလေ၏။ သူအားနည်းနေသည့်အချိန်တိုင်း ရှဲ့လင်ကိုသာ ရှေ့ဆုံးမှသတိရမိတတ်သည်။


သူရှဲ့လင်ကိုတွေ့ချင်သည်။ ရှဲ့လင်ကို သူ့အားဖက်ထားပြီး နှစ်သိမ့်ပေးစေလိုသည်။ သို့သော်လည်း ညနက်နေပြီဖြစ်၍ ရှဲ့လင်ရောယွိဖေးပါအိပ်သွားကြလောက်ပြီ။ သူတို့အိမ်အထိသွားပြီး တံခါးခေါက်ကာမနှိုးချင်သောကြောင့် ရှဲ့လင်ကို WeChat မှသာမက်ဆေ့၄ချ်ပို့လိုက်ရ၏။


WeChat တွင်မက်ဆေ့ချ်ပို့လိုက်သော်လည်း ဖုယွမ်ကျိုးမှာ အလွန်အမင်း မျှော်လင့်မထားပေ။ ရှဲ့လင်ကအိပ်တိုင်း ဖုန်းပိတ်အိပ်တတ်သည်။ သူ မက်ဆေ့ချ်အား မတွေ့လျှင်လည်း ကိစ္စမရှိ၊၊ သူတစ်ယောက်တည်းအံကြိတ်ပြီး သည်းခံထားနိုင်သည်။ အနှီသူ အနားယူနေသည့်အချိန်လေးကိုမနှောင့်ယှက်ချင်ပါချေ။


သို့သော် ရှဲ့လင်က ဖုယွမ်ကျိုးသူ့ကိုလိုအပ်နေမှန်းသိနေပုံရပြီး တစ်မိနစ်ပင်မကြာဘဲစာပြန်လာလေ၏။


"ကိုယ်အပြင်မှာ..."


"...."


ဖုယွမ်ကျိုး၏ခံစားချက်များက ရောထွေးသွားခဲ့သည်။


ရှဲ့လင်က မက်ဆေ့ချ်ကိုမြင်သွားခဲ့သည်။ ယခင်ဘဝကနှင့်အတူတူပင်။ သူရှဲ့လင်ကိုရှာသည်နှင့် ရှဲ့လင်ကအမြဲရောက်လာတတ်သည်။ ထိုနေရာလေးတွင်သာရှိနေပြီး သူလိုအပ်လာသည့်အချိန်တိုင်းစောင့်ပေးနေသလိုပင်။


တံခါးဖွင့်တော့မည့်အချိန်တွင် ဖုယွမ်ကျိုးတွေးမိသွားခဲ့သည်။သူသည်ကား ရှဲ့လင်ကိုညကြီးသန်းခေါင်တွင်ဆက်သွယ်ခဲ့ပြီး ရှဲ့လင်ကလည်းရောက်လာခဲ့သည်။ ဘာဆက်ဖြစ်နိုင်မည်နည်း။


ရလဒ်ကအတူတူသာဖြစ်လိမ့်မည်။ ရှဲ့လင်က သူ့အားယာယီအမှတ်အသားပေးခဲ့ဖူးသော်လည်း မတူပေ။ ရှဲ့လင်က သူ့ခန္ဓာကိုယ်အကြောင်းသိနေပြီး အလွယ်တကူအမှတ်အသားပေးနိုင်သည်။


တကယ်လို့ ရှဲ့လင်ကသူ့ကိုအမှတ်အသားပေးလိုက်ရင်ရော။


ဖုယွမ်ကျိုးသည် ပြန်လည်မွေးဖွားလာခဲ့သည့်အစပိုင်းအချိန်ကို ပြန်စဥ်းစားကြည့်လိုက်သည်။ ရှဲ့လင် heat ဝင်နေချိန်တွင် သူကဘာမှမသိဘဲရောက်သွားခဲ့ပြီး အမှတ်အသားပေးခံရလုနီးပါးဖြစ်ခဲ့သည်။


သူရထားသည့်ဗဟုသုတလေးများကိုပြန်မှတ်မိသွားသည့်အခါ သူ့နှလုံးသားလေးက အပျော်များဖြင့်ပြည့်သွားခဲ့သည်၊ ရှဲ့လင်မအောင်မြင်သွား၍တော်ပါသေး၏။ သူ့ခန္ဓာကိုယ်က မည်သည့်အယ်လ်ဖာဖယ်ရိုမုန်းများနှင့်မှ ညစ်ညမ်းခြင်းမရှိသေးသလို ပိုင်ဆိုင်မှုတံဆိပ်ခတ်နှိပ်ခံထားရခြင်းမရှိသေးပေ။


ယခုမူ ဖုယွမ်ကျိုးသည် ရှဲ့လင်ထံမှအမှတ်အသားပေးခံလျှင်လည်း အဆင်ပြေသည်ဟုမြင်လာလေပြီ။


သူ့ကိုအမှတ်အသားပေးသူက ရှဲ့လင်ဖြစ်နေသရွေ့ ကွာခြားနေဦးမည်ဦးသာ။


သူတံခါးဖွင့်လိုက်သည်၊၊ ရှဲ့လင်ကတံခါးတွင်ရပ်နေပြီး လက်ဆန့်ကာဖုယွမ်ကျိုးကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ထို့နောက် သူ့ဆံပင်လေးများကိုညင်သာစွာ ထိုးဖွလိုက်၏။


ဖုယွမ်ကျိုးမှာ သည်ရက်ပိုင်းအတွင်း အနှီသူ၏အငွေ့အသက်နှင့် အသားကျနေပြီး သူ၏တုန်ယင်နေသည့်ခန္ဓာကိုယ်မှာလည်း တဖြည်ဖြည်းငြိမ်သက်သွားခဲ့သည်။ အကယ်၍သူ့အား အမှတ်အသားပေးခဲ့သူက ရှဲ့လင်မဟုတ်လျှင်ပင် သူ၏အိုမီဂါသဘာဝက အနံ့ကိုကြောက်ရွံ့နေမည်ဖြစ်သောကြောင့် ဖုယွမ်ကျိုးလည်းစိတ်အေးသွားရလေ၏။


သူသည်ကား ရှဲ့လင်၏ရင်ခွင်နှင့်နွေးထွေးမှုအကြားတွင် နစ်မြုပ်နေခဲ့သည်။ ရှန်းရှီကောကို အရူးအမူးတောင့်တနေသည့်စိတ်က တဖြည်းဖြည်းပျက်ပြယ်သွားခဲ့ပြီး သူ၏တရိပ်ရိပ်လှုပ်ခါနေသောမျက်လုံးများဖြင့် ရှဲ့လင်ကိုမော့ကြည့်လိုက်သည်၊၊ ရှဲ့လင်သူ့ကိုငုံ့ကြည့်ပြီး နမ်းရန်ပြင်လာသည်။ ဖုယွမ်ကျိုးသည်လည်း မျက်လုံးမှိတ်ထားလိုက်ပြီး ထိုသူ၏အနမ်းကိုလက်ခံလိုက်လေ၏။


ဘာတွေပဲဖြစ်လာပါစေပေါ့။


သူတွေးလိုက်မိသည်။


ယခင်ဘဝကရှဲ့လင်နှင့်ကွာပြဲသွားပြီးနောက် သူရှဲ့လင်ကိုမကြာခဏသတိရတတ်ပြီး သူတို့အတူရှိခဲ့ကြသည့်နေ့များကိုလွမ်းဆွတ်မိတတ်သည်။ သူသည်ကား ဒေါသထွက်လွယ်ခဲ့ပြီး ပြန်လည်မွေးဖွားလာချိန်တွင် အတိတ်မှအကြောင်းအရာများကြောင့် ရှဲ့လင်ကိုမမုန်းနိုင်ခဲ့ဘဲ ယခင်ကလိုပင် ရှဲ့လင်ကိုသူ့အားဂရုစိုက်ပေးစေချင်ခဲ့သည်။


၎င်းမှာ သူ၏ ရှဲ့လင်အပေါ်ပိုင်ဆိုင်လိုမှုပင်။ ယခင်ကလည်းမမုန်းခဲ့သလို ယခုလည်းအတူတူပင်။ သူ၏အိုမီဂါဆန္ဒက အကြောက်တရားများအကြားတွင်ရှိနေသည့်တိုင်အောင် ရှဲ့လင်အား သူ့ကိုပိုင်ဆိုင်ချင်သေးလားဟု မေးချင်နေဆဲပင်။


ရှဲ့လင်က သူ့ကိုပိုင်ဆိုင်နေသည်ဆိုသည့်ခံစားချက်ကို သူသဘောကျသည်။


"နေရတာအဆင်ပြေလား..."


အတော်ကြာမှ ရှဲ့လင်သည် အနမ်းကိုအဆုံးသတ်လိုက်ပြီး ရှဲ့လင်နှုတ်ခမ်းပေါ်မှ သွားရည်များကိုသုတ်ပေးလိုက်ကာ နူးညံ့သည့်အသံဖြင့်မေးလာခဲ့၏။


"အင်း..."


ဖုယွမ်ကျိုးမျက်နှာက အလွန်အမင်းနီရဲနေကာ မျက်လုံးမှိတ်ပြီးခေါင်းသာညိတ်ပြနိုင်လေသည်။


ရှဲ့လင်က သူ့ဆံပင်လေးများကိုဖွပစ်လိုက်သည်။ 

"သွားအိပ်တော့...ကိုယ်မင်းအိပ်ပျော်တဲ့အထိစောင့်နေပေးမယ်..."


နှစ်ယောက်လုံး ဘေးအခန်းတွင်အိပ်နေသောအိမ်အကူအဒေါ်ကို မနှောင့်ယှက်မိစေရန် ဖွဖွလေးလျှောက်ကြပြီး ဖုယွမ်ကျိုးအိပ်ခန်းထဲသို့ဝင်လာခဲ့ကြသည်။


ဖုယွမ်ကျိုးက အိပ်ရာပေါ်တက်ပြီးလှဲချလိုက်သည်၊၊ ရှဲ့လင်ကမီးပိတ်ပြီး ကုတင်ဘေးမှခုံတစ်လုံးတွင်ဆွဲထိုင်ကာ စောင့်ပေးနေလေ၏။


သူထွက်အလာတွင် ဖုန်းမယူလာခဲ့မိပေ။ ဖုယွမ်ကျိုးက သူပျင်းနေမည်စိုး၍ သူ့ဖုန်းနှင့်ဂိမ်းဆော့နိုင်ကြောင်းပြောလိုက်သည်။ ရှဲ့လင်ကသူ့ဖုန်းကိုထုတ်လိုက်စေကာမူ ဖုန်းကိုမဖွင့်ဘဲတိတ်ဆိတ်စွာထိုင်ရင်း သူ့ကိုသာကြည့်နေခဲ့လေသည်။


ဖုယွမ်ကျိုးကမျက်လုံးမှိတ်ကာ ကြိုးစားပြီးအိပ်ကြည့်သည်။ ယခင်ကအတိုင်းသာဆိုလျှင် အိပ်ပျော်သွားသည်မှာကြာလောက်ပြီဆိုသော်ငြား ယခုရှဲ့လင်ကသူ့အားကြည့်နေသောကြောင့် အနေခက်ပြီးမအိပ်နိုင်တော့ပေ၊၊ ထို့ကြောင့် ပက်လက်လှန်လိုက်ပြီး မျက်လုံးမှေးထားရင်းရှဲ့လင်ကိုချောင်းကြည့်လိုက်သည်။


ရှဲ့လင်သည် ယုံမှားသံသယမရှိလောက်အောင် ချောမောလေသည်။ ထိုသူကအရယ်အပြုံးနည်းပြီး အေးတိအေးစက်နှင့် အခြားသူများကိုဂရုမစိုက်သလိုဖြစ်သော်လည်း ဖုယွမ်ကျိုးကဂရုမစိုက်ပေ။ သူနှင့်ရှဲ့လင်တို့ကရင်းနှီးပြီး မွေးကတည်းကအထက်တန်းကျောင်းပြီးသည်အထိ သိလာခဲ့ကြသည်။ ထိုမတိုင်ခင် သူတို့ နေ့တိုင်းနီးပါးဆုံတွေ့ခဲ့ကြ၏။


သူရှဲ့လင်မျက်နှာကို မကြာခဏမြင်တွေ့ခဲ့ရသော်လည်း ယခုခံစားချက်ကမူ ကွဲပြားနေသည်။ ထိုသူကိုပိုကြည့်လေ ပိုချောသလိုခံစားရလေပင်။ ၎င်း၏မိမိုက်နေသည့်ပုံစံအပြင် ရှဲ့လင်၏အခြားသောပုံစံများကိုလည်း သူမြင်တွေ့ခဲ့ဖူးသည်။ အထူးသဖြင့်နမ်းပြီးသည့်အချိန်မျိုး။ သူ၏ဆွဲဆောင်မှုရှိသည့်ပုံစံကို မြင်တွေ့ဖူးသူက သူတစ်ယောက်တည်းသာဖြစ်မည်ထင်၏။


ဖုယွမ်ကျိုးသည်ကား အိပ်ချင်ဟန်မဆောင်နိုင်တော့သောကြောင့် မျက်လုံးဖွင့်လိုက်သည်။ သူ့နှလုံးကအခုန်မြန်နေပြီး သူရှဲ့လင်ကိုထပ်နမ်းချင်စိတ်ဖြစ်နေမှန်း သဘောပေါက်လိုက်၏၊ အနှီသူ၏ ဆက်စီကျနေမှုကို နောက်တကြိမ်မြင်ချင်သေးသည်။


"ရှဲ့လင်...."


သူ့ပါးစပ်မှ ထိုသူ၏အမည်မှာ ရုတ်တရက်ထွက်လာခဲ့သည်။ ရှဲ့လင်က 'အင်း' ဟုသာတုံ့ပြန်၏။ ထိုသူသည်ကား အခေါ်ခံလိုက်ရ၍ထိတ်လန့်သွားပုံရသည်။ သို့ထိတိုင် သူ့ဘက်မှစကားဆက်မပြောလာသောကြောင့် နောက်တကြောင်းထပ်ဖြည့်ပြောလာသည်။


"ရေသောက်ချင်လို့လား..."


ဖုယွမ်ကျိုးမှာ ယခုလေးတင်တွေးလိုက်မိသည့်အတွေးကို ထုတ်ပြောရန် အရှက်ကြီးရှက်နေလေသည်။ထို့ကြောင့် ချော်လဲရောထိုင်သာလုပ်လိုက်ရ၏။ 


"ငါရေဆာတယ်..."


ရှဲ့လင်က သူ့အတွက်ရေခပ်ပေးရန်အပြင်ထွက်သွားခဲ့သည်။ပြန်ရောက်လာသည့်အခါ ရေခွက်နှစ်ခွက်ပါလာပြီး တစ်ခွက်ကိုဖုယွမ်ကျိုးအားလှမ်းပေးလာလေသည်။


ဖုယွမ်ကျိုးသည်ရေခွက်ကို ကြောင်တောင်တောင်ဖြင့်လှမ်းယူပြီး မျက်လုံးကမူ ရှဲ့လင်ထံမှမခွာပေ။ ရှဲ့လင်ကမျက်လွှာချကာ ရေသောက်နေ၏။ ၎င်း၏နှုတ်ခမ်းများက ရေခွက်အနားသတ်လေးကို ထိနေခဲ့သည်။ အင်မတန်နူးညံ့မည့်ပုံရပြီး ပန်းရောင်ဖျော့ဖျော့နှုတ်ခမ်းများက ရေစက်လေးများနှင့်စွတ်စိုနေပြီး ဆွဲဆောင်မှုကအံ့ဩဖွယ်ပင်။


"....."


ဖုယွမ်ကျိုး လုံးဝလက်နက်ချလိုက်ပြီ။


"ရှဲ့လင်..."


သူ သည်တကြိမ်တွင် ရှဲ့လင်အမည်ကိုထပ်ခေါ်လိုက်သည့်အခါ သတိထားနေရပြီး အသံအဆုံးနားတွင်တုန်ယင်နေသေးသည်။


သူ့အသံကြားရသည့်အခါ ရှဲ့လင်က ရေခွက်ကိုစားပွဲပေါ်သို့လှမ်းတင်လိုက်သည်။ သူ အိပ်ရာကိုရောက်မလာခင် ဖုယွမ်ကျိုးက မစောင့်နိုင်တော့ဘဲ အရင်ဦးအောင်ဖက်ပြီး နှုတ်ခမ်းတို့ကို စိတ်အားထက်သန်မှုအပြည့်ဖြင့်နမ်းရှိုက်လိုက်လေ၏။



♎️