♎️Chapter 71
မယုံနိုင်စရာပင်။
ဖုယွမ်ကျိုးမှာ သည်တကြိမ်သူလုပ်လိုက်မိသည့်ကိစ္စအတွက် ထိုစကားလုံးနှင့်သာဖော်ပြနိုင်ခဲ့သည်။
သူရှဲ့လင်ကို တစ်ကြိမ်မကနမ်းခဲ့ပြီး ဤတစ်ခေါက်က သူ့ဘက်မှအရင်စခဲ့ခြင်းဖြစ်သည့်အပြင် စိတ်အခြေအနေမှာလည်းယုံနိုင်စရာမရှိလောက်သည်အထိ ကောင်းလွန်းနေခဲ့သည်။ ရင်ခုန်သံမှာအဆမတန်မြန်နေခဲ့ပြီး သူ့နှုတ်ခမ်းလေးကိုထိရုံသာနမ်းခဲ့သည့်တိုင် ရှက်လွန်းသောကြောင့်
သူ့ပါးနှစ်ဖက်နှင့်တကိုယ်လုံးမှာ ပူနွေးလာခဲ့သည်။
"......"
ရှဲ့လင်ကသူ့အား ချက်ချင်းမတုံ့ပြန်ခဲ့သလို ဘာမှလည်းမလုပ်ခဲ့ပေ။ ဖုယွမ်ကျိုးဘက်မှယခုလို အံ့အားသင့်စရာကောင်းသည့်အရွေ့တစ်ခုကိုဖန်တီးလာလိမ့်မည်ဟုဟု မမျှော်လင့်ထားခဲ့သလိုမျိုး ၎င်း၏မျက်လုံးထဲတွင် ကြုံတောင့်ကြုံခဲအမူအရာတစ်ခုဖြစ်ပေါ်လာခဲ့၏။
၎င်း၏တုံ့ပြန်မှုကြောင့် ဖုယွမ်ကျိုးမှာ ပိုပြီးရှက်လာရသည်။ သူနောင်တရမိသည့်အပြင် မလုပ်သင့်သည့်အရာတစ်ခုဟုလည်းယူဆမိလိုက်သည်။
သူ ယွိဖေးနှင့်ချစ်ကြိုးသွယ်ခဲ့စဥ်ကပင် ယခုလောက်ရင်ဖိုရခြင်းမျိုးမရှိခဲ့ဖူးပေ။ သူရှဲ့လင်ကိုနမ်းချင်နေသည့်စိတ်က နှလုံးသား၏အနက်ရှိုင်းဆုံးနေရာမှပေါ်ထွက်လာခဲ့ခြင်းဖြစ်ပြီး လက်တွေ့တွင်လည်း ထိုသူကိုနမ်းရှိုက်ခဲ့သည်။
တစ်စုံတစ်ခုက ပို၍ပိုကာပြတ်သားလာသလိုပင်။ ထို့ကြောင့်ပင် သူရှဲ့လင်ကို ရုတ်တရက်နမ်းခဲ့မိသည်။ ဖုယွမ်ကျိုးက နောက်ဆုတ်ပြီးလူချင်းခွာတော့မည့်အချိန် ရှဲ့လင်ကသူ့ခါးကိုခပ်တင်းတင်းပြန်ဖက်ထားပြီး မတိုင်ခင်ကထက်ပို၍ ဆာလောင်မွတ်သိပ်စွာဖြင့်နမ်းလာခဲ့သည်။
စိတ်ပိုင်းဆိုင်ရာပျော်ရွှင်မှုလေးက သဘာဝအလျောက်ဖြစ်ပေါ်လာသည့်အကြောက်တရားနှင့်နာကျင်မှုတို့အကြားတွင် ပျော်ဝင်သွားခဲ့သည်။ ဖုယွမ်ကျိုးက ၎င်း၏လည်ပင်းကိုပြန်ဖက်ထားကာ ကြောင်တစ်ကောင်လိုကုပ်တွယ်ထားခဲ့သည်။ သူ့သဘောထားကိုနားလည်သွားသည့်အခါ သကြားရည်ဝဲဂယက်ထဲသို့ပြုတ်ကျသွားသလိုခံစားလိုက်ရပြီး ရှဲ့လင်ကိုကြည့်လိုက်သည့်မျက်လုံးထဲတွင်ပင် ချိုမြိန်မှုလေးများပါနေခဲ့သည်။
ရှဲ့လင် သူ့ကိုပိုင်ဆိုင်ထားသည်ဆိုသော ခံစားချက်ကို သူသဘောကျသည်။ သူသည် ရှဲ့လင် သူ့ကိုပိုင်ဆိုင်ချင်စိတ်အားပိုပြင်းပြလာစေပြီး သူလည်းရှဲ့လင်ကိုပိုပြီးပိုင်ဆိုင်ချင်လာသည်။
ရှဲ့လင်သာ သူ့ကိုပိုင်ဆိုင်ရမည်။
ထိုသူတစ်ယောက်တည်းသာ။
နမ်းပြီးသည့်နောက် အသက်ရှူမဝတော့သည့်ဖုယွမ်ကျိုးကို ရှဲ့လင် လွှတ်ပေးလိုက်ပြီး ပြောင်လက်နေသည့်သူ့နှုတ်လမ်းကိုလက်ချောင်းလေးများဖြင့်ဖိရင်း သူ့အားနင့်နင့်နဲနဲကြည့်လာလေ၏။
"ငါ...."
ဖုယွမ်ကျိုးမျက်နှာက ရဲတွက်နေသည်၊၊ သူအလွန်အမင်းရှက်နေမိသည်။ သူ့သူငယ်ချင်းအပေါ်ရှိခံစားချက်က အင်မတန်ချိုမြိန်သည့်အကြောင်း ချက်ချင်းဝန်ခံလိုက်ရန် သူ့အတွက်ခက်ခဲနေလေသည်။ ရုတ်တရက်အဖြေရှာတွေ့သွားခြင်းမျိုးဖြစ်ပြီး ပြောင်းလဲသွားရသည့်အကြောင်းအရင်းကိုလည်းမသိခဲ့ပေ။
ယခုအချိန်က ရှဲ့လင်ကိုဖွင့်ပြောရန်အကောင်းဆုံးမဟုတ်သေးမှန်း ဖုယွမ်ကျိုး နားလည်လိုက်သည်။ သူ့ထံတွင်ဖြေရှင်းစရာကိစ္စလေးများရှိနေသေးသည်၊ လက်ရှိတွင် သူ့အားယာယီအမှတ်အသားပေးထားသူကရှန်းရှီကောဖြစ်နေပြီး ရှဲ့လင်ကိုဖွင့်ပြောရန်မသင့်တော်မှန်း သူသိထားလေသည်။
သို့ထိတိုင် ရှဲ့လင်အား သူ့ရည်ရွယ်ချက်ကိုသိစေချင်သည်။ သူဖုံးကွယ်မထားချင်ပေ။ ရှဲ့လင်ကသူ့အား ကာလကြာရှည်စွာစောင့်ဆိုင်းခဲ့ရရှာသည်။ သူတို့အချင်းချင်းချစ်မြတ်နိုးကြလျှင် ရှဲ့လင်ကိုဆက်စောင့်ခိုင်းစရာအကြောင်းမရှိ။ သူရှဲ့လင်ကို နောက်ထပ်တစ်စက္ကန့်လောက်ထပ်စောင့်ခိုင်းလျှင်ပင် သူရှဲ့လင်အပေါ်အားနာစိတ်ဖြစ်မိသည်။
"ဒါက...ဟို...."
ဖုယွမ်ကျိုးမျက်နှာမှာ ထိတ်ပျာမှုကြောင့်ပူထူနေပြီး ရှဲ့လင်ကိုလည်းမကြည့်ရဲပေ။
"ဘာလို့လဲဆိုတော့ ငါမင်းကိုကြိုက်လို့..."
သူစကားဆုံးသည်အထိပြောလိုက်သည်။ ရှဲ့လင်မျက်နှာကိုမမြင်ရသည့်တိုင် ရှဲ့လင်လက်က သူ့ကျောပေါ်ရုတ်တရက်ရောက်လာသည့်အခါ ကိုယ်ကဆတ်ကနဲမတ်သွားလေသည်။
"နောက်တခေါက်ထပ်ပြောပါဦး..."
ရှဲ့လင်က သူ့မျက်နှာကိုလှည့်စေလိုက်သည်။အသံကအနည်းငယ် ခပ်အောအောဖြစ်နေပြီး တစ်လုံးချင်းပြောလိုက်၏။
"ကိုယ့်ကိုကြည့်ပြီးနောက်တစ်ခါလောက်ထပ်ပြောပေးပါ..."
ဖုယွမ်ကျိုးမှာ ထိုစကားကိုကြားလိုက်ရပြီးသည်နှင့် သူ့ကိုလှည့်ကြည့်လိုက်သည်။
ရှဲ့လင်၏မျက်ဝန်းများက မည်းနက်တောက်ပြောင်ပြီး အေးစက်တည်ငြိမ်သည်။ ည၏အေးစိမ်မှုတို့ဖြင့်ရောစွက်ထားသလိုထင်ရသော်ငြား ၎င်းတို့ပျောက်ကွယ်သွားသည်နှင့် အလင်းစက်လေးတစ်စက်ကျန်ရစ်ခဲ့သည်။
မှန်သည်။
သူ သူ့(ရှဲ့လင်)ကိုသဘောကျသည်။
သူ ရှဲ့လင်ကိုသဘောကျသည်။
ဖုယွမ်ကျိုးသည် ထိုသူကိုချစ်ရည်ရွှန်းလဲ့သည့်မျက်ဝန်းများဖြင့်ကြည့်လိုက်ရင်း သတိလက်လွတ်ပြောလိုက်မိလေ၏။
"ငါမင်းကိုကြိုက်တယ်..."
နောက်ဆုံးစကားတစ်ခွန်းက အနမ်းကြားတွင်ပင်တိမ်မြုပ်သွားခဲ့သည်၊၊ ရှဲ့လင်ကသူ့အားဆွဲလိုက်ကာ ဖုယွမ်ကျိုးအသက်မရှူနိုင်ဘဲ နောက်ပြန်လဲကျသွားသည်အထိ နင့်နဲစွာဖြင့်နမ်းလာခဲ့သည်။ သူကထိုသူအား အင်မတန်ပြင်းပြသည့်အနမ်းမျိုးပေးနေခြင်းဖြစ်၍ သူ၏ တုန်ယင်နေသည့်လက်ချောင်းများကိုဆွဲယူကာ သူ့ခေါင်းကိုငြိမ်အောင်ထိန်းထားစေလိုက်သည်။
ဖုယွမ်ကျိုးလက်များသာမက ရှဲ့လင်လက်ချောင်းလေးများကလည်း တုန်ယင်နေခဲ့ပြီး ၎င်း၏စိတ်လှုပ်ရှားမှုကိုသက်သေခံနေလေသည်။ ဖုယွမ်ကျိုးနှလုံးသားက ပျော့ပျောင်းပြီးကြွပ်ဆတ်နေရင်း ရှဲ့လင်ကိုမလွှတ်တမ်းဖက်ထားမိသည်။ ရှဲ့လင်၏ ယခုလို အရိုင်းဆန်လှသည့်တုံ့ပြန်မှုမျိုးကို သူလုံးဝမမြင်တွေ့ခဲ့ရဖူးပေ။
အရာအားလုံးက သူ့ကြောင့်သာ။
ယင်းက အခြားသူများမမြင်နိုင်သော ရှဲ့လင်၏အခြားတဖက်ဖြစ်ပြီး ယင်းတို့အားလုံးက သူ့ကြောင့်သာဖြစ်တည်လာခဲ့သည်။
သူ ရှဲ့လင်ကို သဘောကျနေမိမှန်းသိလိုက်ချိန်တွင် ရေမြုပ်အခြောက်တစ်ခုက ရေထဲကျသွား၍ တပွက်ပွက်မြည်လာသလိုပင်။ ၎င်းက အလျင်အမြန်ပင်ရေများကိုစုပ်ယူသွားပြီး မိနစ်ပိုင်းစက္ကန့်ပိုင်းလေးအတွင်းမှာပင် ပြန့်ကားကြီးထွားလာခဲ့သည်။
ရေအရင်းအမြစ်များက ရှဲ့လင်၏ချစ်ခြင်းမေတ္တာများသာ။ ထိုသူအတွက် သူ့ခံစားချက်များက ရေကန်တစ်ကန် သို့မဟုတ် ပင်လယ်ပြင်ကျယ်လိုပင်။ နည်းနည်းချင်းစီနစ်မြုပ်သွားပြီး သူ့အားထိုအထဲတွင်ပျော်ဝင်နေစေကာ မနိုးထချင်တော့သည်အထိ။
"ကိုယ်လည်းမင်းကိုသဘောကျတယ်...ယွမ်ကျိုး..."
ရှဲ့လင်က သူ့ခေါင်းထိပ်နှင့်ပါးတို့ကိုနမ်းလိုက်ပြီး သူ့အားရင်ခွင်ထဲတွင်ပွေ့ဖက်ထားရင်း တိုးညှင်းစွာဖြင့်ပြန်ပြောလာလေ၏။ ဖုယွမ်ကျိုးခေါင်းက ထိုသူ၏ရင်ဘတ်နှင့်ကပ်နေသည်ဖြစ်ရာ ၎င်း၏အတိုင်းထက်အလွန်မြန်ဆန်နေသည့်နှလုံးခုန်နှုန်းကို ခံစားမိနေလေသည်။
အတိတ်ကိုစွန့်လွှတ်လိုက်ပြီး ယခုအခိုက်အတန့်လေးတွင်မူ သူတို့သည် တစ်ယောက်ကိုတစ်ယောက် ထပ်တူညီသည့်နှလုံးသားဖြင့်ချစ်မြတ်နိုးနိုင်ခဲ့ကြပြီ။
အချိန်အတန်ကြာသည်အထိ နှစ်ဦးသားမှာ စကားမဆိုဘဲဖက်ထားခဲ့ကြသည်။ ရုတ်ချည်း တံခါးဖွင့်လိုက်သံထွက်လာခဲ့သည်။ ဆိတ်ငြိမ်နေသည့်ညသန်းခေါင်အချိန်တွင် ထိုအသံက တိကျပြတ်သားနေ၏။ အိမ်အကူအဒေါ်က ရေသောက်ရန်အပြင်ထွက်လာပုံရသည်။
သူ့ခန္ဓာကိုယ်ကအပြည့်အဝပြန်မကောင်းသေးသောကြောင့် သူ့အခန်းထဲတွင်မီးလင်းနေသည်ကိုသတိထားမိသွားနှင့် ချက်ချင်းလာကြည့်လိမ့်မည်။ ရှဲ့လင်သာ သူ့အခန်းထဲတွင်ရှိနေသည်ကိုမြင်သွားခဲ့လျှင် သူရှင်းပြတတ်မည်မဟုတ်ပေ၊၊ ဖုယွမ်ကျိုးက ချက်ချင်းထပြီး မီးအိမ်ကိုပိတ်လိုက်သောကြောင့် တခန်းလုံးမှောင်အတိကျသွားခဲ့လေသည်။
အခန်းတွင်းမှလိုက်ကာများက ထူလွန်းသည်။ အလင်းမဖောက်နိုင်ပေ။ မှောင်လွန်းသောကြောင့် ကိုယ့်လက်ကိုယ်ပင်မမြင်နိုင်ပေ။ ကံသီ၍ လိုက်ကာများက သူတို့နှင့်မဝေးပေ။ ဖုယွမ်ကျိုးက လိုက်ကာတဝက်ကိုဟကာ အိပ်ခန်းထဲသို့လရောင်ကျစေလိုက်သည်။
လရောင်က မှိန်ဖျော့အေးချမ်းသည်၊ ဖုယွမ်ကျိုးလှည့်ကြည့်လိုက်သည့်အခါ ရှဲ့လင်ကလည်းသူ့အားကြည့်နေခဲ့လေ၏။
ရှဲ့လင်ကသူ့အိပ်ရာပေါ်တွင်ထိုင်နေပြီး အိပ်ရာတစ်ခုလုံးလည်းရှုပ်ပွနေသည်။ ရှဲ့လင်အဝတ်အစားများလည်း သူ့ကြောင့်တွန့်ကြေနေပြီ။ အပေါ်ဆုံးကြယ်သီးတစ်လုံးကပြုတ်နေပြီး ၎င်း၏ညှပ်ရိုးကိုမြင်ရနိုင်သည်။ ဖွေးစွတ်နေသည့်အသားအရေက လရောင်ထက်ပင်တောက်ပပြီး ဆွဲဆောင်အမှုအပြည့်ရှိလာစေ၏။
ဖုယွမ်ကျိုးက အမြန်ပင်ရေခွက်ကိုကောက်ကိုင်ကာ ရေတစ်ငုံသောက်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် အလင်းရောင်သိပ်မရှိသောကြောင့် သူ့မျက်နှာပေါ်မှချွေးသီးချွေးပေါက်များကို ရှဲ့လင်မမြင်လိုက်ရပေ။
ရေသောက်ပြီးသည်နှင့် အိမ်အကူအဒေါ်က သူမအခန်းထဲကိုပြန်ဝင်သွားခဲ့သည်။
ဖုယွမ်ကျိုးမှာ အခန်းထဲမှလေထုက အတော်လေးအသက်ရှူကျပ်စရာဖြစ်နေသလိုခံစားနေရ၏။ သူမီးဖွင့်ရန်ကြိုးစားသည့်အခါ ရှဲ့လင်ကသူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလာသည်။ သူကသတိလက်လွတ်ဖြစ်သွားသောကြောင့် ခြေထောက်ကယိုင်သွားပြီး ရှဲ့လင်ပေါင်ပေါ်သို့ပြုတ်ကျသွားလေသည်။
သူဘေးတွင်ထိုင်ရန်ပြင်လိုက်သည်။ ရှဲ့လင်ကသူ့လက်ကိုဆွဲကာ သူ့လည်ဂုတ်ကိုဖက်ထားခိုင်းလိုက်ပြီး သူကမူဖုယွမ်ကျိုး၏ခါးကိုကိုင်ကာ ငုံ့ကြည့်လာသည်။
"ယွမ်ကျိုး...ခေါင်းငုံ့လိုက်တော့..."
ရှဲ့လင်အသံက ပုံမှန်ပင်ဆိုသော်ငြား ဖုယွမ်ကျိုးနားထဲတွင်မူ အကြောင်းပြချက်ရေရှာမှုမရှိဘဲ ပြင်းပြသည့်တပ်မက်ခြင်းတို့ရောနှောနေသလိုပင်။ သူသည် အသိစိတ်အားနည်းနေချိန်တွင် ရှဲ့လင်စကားအတိုင်း ထိုသူ၏ပေါင်ပေါ်တွင်ထိုင်ကာခေါင်းငုံ့ပြီး စတင်နမ်းရှိုက်လိုက်သည်။ ရုတ်တရက် လေထုသည်ကား ချိုမြိန်ပူလောင်လာ၏။ ရှဲ့လင်က သူ့အားလျှာချင်းရစ်ငင်ကာနမ်းရှိုက်ရင်း အချိန်တိုလေးအတွင်း အိပ်ရာပေါ်သို့လှဲချစေလိုက်သည်။
ထိုသူကိုနမ်းနေစဥ်အတောအတွင်း ဖုယွမ်ကျိုးမျက်လုံးထဲတွင် မျက်ရည်များဖြင့်ပြည့်နေခဲ့သည်။ သူအသက်ရှူမဝဖြစ်လာချိန်တွင် ရှဲ့လင်၏ကျောကိုပုတ်ကာသတိပေးလိုက်၏။ သို့ထိတိုင် ရှဲ့လင်ကသူအသက်ရှူပြီးသည်နှင့် ခေါင်းငုံ့ကာဆက်နမ်းပြန်သည်။
အကြိမ်ပေါင်းများစွာရှောင်တိမ်းနေခဲ့ပြီး နောက်ဆုံးတွင် တုံ့ပြန်ချက်ကိုစောင့်ဆိုင်းရသူက သူဖြစ်လာခဲ့သည်။ ထိုသူက သူနှစ်ပေါင်းများစွာသဘောကျလာခဲ့ရသူ။ စရိုက်များက မည်မျှကွဲပြားပါစေ၊ ထိုသူကိုရှောင်ဖယ်မနေနိုင်ပေ။
သည့်အပြင် ဖုယွမ်ကျိုးထံတွင် အခြားသူတစ်ယောက်၏အငွေ့အသက်များက စွဲကျန်နေသေးသည်။ အယ်လ်ဖာတစ်ယောက်၏ ဆန္ဒပြင်းပြမှုများက ရှဲ့လင်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့စေ၏။ သူသည် ဖုယွမ်ကျိုးကိုသူ့အပိုင် အိုမီဂါတစ်ယောက်ဖြစ်လာစေချင်ခဲ့သည်။
သို့ထိတိုင် မရပေ။
အနည်းဆုံးတော့ လက်ရှိအချိန်တွင်လုပ်၍မဖြစ်ပေ။
အချိန်ကြာမြင့်စွာနမ်းနေခဲ့ကြပြီး ရှဲ့လင်ကသူ့မျက်လုံးများကိုမှိတ်ထားစေခဲ့သည်။ တကိုယ်လုံးတုန်ယင်နေသည့်ဖုယွမ်ကျိုးကိုဖက်ထားပြီး သူ့အားပြောလိုက်၏။
"ကိုယ်နဲ့ဒိတ်လုပ်ရအောင်..."
ထိုမတိုင်ခင်ကလည်း ဂိမ်းကြောင့် သူတို့နှစ်ယောက်သည် သုံးရက်ဒိတ်ခဲ့ကြ၏။ မာမားဖုကဝင်တားသောကြောင့် ရပ်သွားခဲ့စေကာမူ နှစ်ရက်ကျန်နေသေးသည်။
ဖုယွမ်ကျိုးက နောက်ထပ်နှစ်ရက်ကျန်သေးသည့်အတွက် လက်ခံခဲ့သည်။ သူရှဲ့လင်ကိုသဘောကျလာနိုင်မလားဟု စမ်းကြည့်ချင်ခဲ့သည်။ ယခုမူ နှစ်ရက်ပင်မစရသေးခင် သူရှဲ့လင်အပေါ်စိတ်ပါသွားခဲ့ပြီ။
ပြန်တွေးကြည့်ပါက ရှဲ့လင်နှင့်ဒိတ်လုပ်ရန်ကြိုးစားသည့်စိတ်ကူးက ရှေ့ပြေးလက္ခဏာတစ်ခုဖြစ်နေခဲ့သည်။ သူစိတ်မရှိလျှင် ကြိုးစားကြည့်ရန်တွေးခဲ့မည်မဟုတ်ဘဲ သိခဲ့မည်လည်းမဟုတ်ပေ။
ဖုယွမ်ကျိုးမှာ ရှဲ့လင်စကားကိုလက်ခံချင်သော်လည်း သူ့ကိုယ်ပေါ်တွင်ရှန်းရှီကော၏ ယာယီအမှတ်အသားရှိနေသေးသည်။ ယခုလိုအခြေအနေအောက်တွင် သူ့အနေဖြင့် ရှဲ့လင်နှင့်ဒိတ်ရန်အခက်တွေ့နိုင်၏။
သည့်အပြင် ရှန်းရှီကောကို အသာထား ရှောင်ဖေးကရှိနေသေးသည်။ ရှောင်ဖေးကသူတို့နှင့်ရှိနေ၍ ဒိတ်လုပ်မည့်အကြောင်းကိုမပြောဘဲထား၍မဖြစ်ပေ။ ယခု ရှောင်ဖေးအမေက ဆေးရုံတက်နေရသောကြောင့် ရှောင်ဖေးအတွက် စိတ်ဓာတ်ကျစရာအခြေအနေဖြစ်နေသည်။ ရှောင်ဖေးကလည်းသူ့အားသဘောကျနေသည်။ ထိုသူအရှေ့တွင် ဟာကွက်မရှိသရုပ်ဆောင်ပြလျှင်ပင် ကြာရှည်မခံလောက်ပေ။
သူသည် ရှဲ့လင်နှင့်ချစ်မိသွားပြီဖြစ်၍ ဖုယွမ်ကျိုးမှာ ယွိဖေးကိုတွေ့ရန်မျက်နှာပူနေမိသည်။ သို့တစေ အချစ်ရေးဆိုသည်မှာ တကိုယ်တည်းဆုံးဖြတ်ရမည့်အရာပင်။ သူရှဲ့လင်ကိုချစ်မိသွားပြီဖြစ်၍ မည်မျှပင်အပြစ်ရှိသလိုခံစားနေရပါစေ သူသည်အမြဲ ယွိဖေးကိုကျော်ပြီးရှဲ့လင်ကိုသာရွေးချယ်ခဲ့သည့်တိုင် ယခုမူ ထိုအတိုင်းမဖြစ်နိုင်တော့ချေ။
"ခဏလေး...ငါရှောင်ဖေး စိတ်မချမ်းသာဖြစ်မှာစိုးတယ်..."
ဖုယွမ်ကျိုးသည်ကား ရှဲ့လင်လက်ကိုလှမ်းကိုင်လိုက်၏။
"ပြီးတော့...ငါ...အမှတ်အသားပျောက်သွားဖို့ကလည်း စောင့်ဖိုလိုသေးတယ်..."
"အိုကေ..."
ရှဲ့လင်ကလည်းလက်ခံလာပါသည်။
"ငါမင်းနဲ့ဒိတ်မှာပါ..."
ရှဲ့လင်စိတ်မချမ်းသာဖြစ်သွားမည်စိုးသောကြောင့် ဖုယွမ်ကျိုးမှာ အနှီသူကိုမှီကာနမ်းလိုက်ပြီး စိတ်ရင်းနှင့်ပြောလိုက်လေသည်။
"ဒီတခေါက်က ဂိမ်းမဟုတ်ပါဘူး...တကယ်တွဲမှာပါ...ရှဲ့လင်...ငါမင်းကိုကြိုက်နေတာမလို့..."
သူ့ ရှင်းပြချက်က ရှဲ့လင်ကို နောက်တကြိမ်နမ်းရန်တွန်းအားပေးလိုက်သလိုပင်။ နှစ်ပေါင်းများစွာကြာ သိမ်းဆည်းလာခဲ့သည့်အချစ်တို့ကို သူ့အားပြသချင်နေသလိုမျိုး ရှဲ့လင်သည် သူ့အားမည်မျှပင်နမ်းပါစေ ။ မလုံလောက်နိုင်ပါချေ။
သို့သော်လည်း ယခုလိုမျိုးဆက်သွားနေလျှင် အခြေအနေကပိုဆိုးလာနိုင်သည်။ သူဆင်ခြေပေးတော့မည့်အချိန်မှ ရှဲ့လင်ကသူ့အားနမ်းနေခြင်းကိုရပ်လိုက်ကာ အိပ်ရာမှထပြီး ဖုယွမ်ကျိုးအားပြောလိုက်လေ၏။
"အိပ်တော့..."
သူသည် ဂရုတစိုက်ဖြင့်ခေါင်းလေးသာပေါ်သည်အထိ ဖုယွမ်ကျိုးအား စောင်ခြုံပေးလိုက်သည်။ ဖုယွမ်ကျိုးမှာ ကုတင်ပေါ်တွင်ကွေးနေရင်း အသက်ရှူကျပ်နေပြီး တဖက်လူကမူ သူ့အားအတင်းအိပ်ခိုင်းနေလေသည်။ သို့ထိတိုင် သူကမျက်လုံးမှိတ်မည့်အစား ရှဲ့လင်ကိုသာတည့်တည့်ကြည့်လိုက်သည်။
ရှဲ့လင်ကသူ့အားမေးလာလေသည်။
"ဘာလို့မအိပ်တာလဲ..."
ဖုယွမ်ကျိုးကပြန်မဖြေလိုက်ပေ။ အစက ရှဲ့လင်ကိုသူနှင့်အတူအိပ်စေချင်ခဲ့သည်။ သို့တစေ ယခုတော့ ရှဲ့လင်ကသည်နေရာတွင်ရှိနေ၍ သူကောင်းကောင်းအိပ်မရတော့ပေ။
"ကိုယ်အရင်ပြန်နှင့်လိုက်မယ်..."
ရှဲ့လင်ကသူအိပ်မပျော်နိုင်ရသည့်အကြောင်းအရင်းကိုသိသွားလေပြီ။
"မသွားနဲ့ဦး..."
ဖုယွမ်ကျိုး ရှဲ့လင်ကိုပြန်ဆွဲထားလိုက်သည်၊၊ ရှဲ့လင်ထွက်သွားသည်နှင့် ယခင်ကအိပ်မက်မျိုးကိုနောက်တဖန်မက်လာလိမ့်မည်။ သူရှန်းရှီကောကိုအိပ်မက်ထဲတွင်မပါလာစေချင်ပေ။
"မင်းကကိုယ့်ကိုဘယ်လိုလုပ်ပေးစေချင်နေတာလဲ..."
ရှဲ့လင် အိပ်ရာအစွန်းတွင်ဝင်ထိုင်ပြီး သူ့နဖူးလေးကိုဖွဖွလေးလာတိုက်လေသည်။
"ဒါမှမဟုတ်..."
ဖုယွမ်ကျိုးက စောင်ထောင့်ကိုပင့်တင်ပြီး ပုံမှန်အတိုင်းပြောလိုက်၏။
"မင်းဒီမှာငါနဲ့လာအိပ်ပါလား..."
ယခင်ဘဝကလည်း ရှဲ့လင်ကသူ့ကိုဖက်ထားပြီး အတူအိပ်ပေးခဲ့ဖူးသည်။ သူ့အမေဆုံးသွားချိန်တွင် သူလမ်းပျောက်သလိုခံစားခဲ့ရပြီး အိပ်မပျော်နိုင်ခဲ့ပေ။ ထိုအချိန်က ရှဲ့လင်သည်သူ့အားဖက်ထားပေးခဲ့၏။ မထင်မှတ်ဘဲ ထိုရက်များအတွင်း သူအေးချမ်းစွာဖြင့်အိပ်ပျော်နိုင်ခဲ့သည်။ ရှဲ့လင်ကသူ့အပေါ် မှော်အစွမ်းတစ်မျိုးသုံးလိုက်သလိုပင်။
ရှဲ့လင်က ဆတ်ကနဲလှုပ်သွားပြီး သူ့အားစက္ကန့်အနည်းငယ်ကြာအောင်စိုက်ကြည့်နေခဲ့ကာ ဖြည်းဖြည်းချင်းပြောလိုက်လေ၏။
"မင်းဆက်အိပ်လို့ရတော့မှာမဟုတ်ဘူး..."
"ရပါတယ်..."
ဖုယွမ်ကျိုးက ငြင်းကောင်းနေဆဲ။
ရှဲ့လင်: "ကိုယ်အန်တီ့ကိုဘာပြောလိုက်လဲသိလား..."
♎️