♎️Chapter 72
ရှဲ့လင်: "ကိုယ်အန်တီ့ကိုဘာပြောလိုက်လဲသိလား..."
"ဟင်? ဘာပြောလိုက်တာလဲ..."
ဖုယွမ်ကျိုး နားထောင်နေလိုက်သည်။ မာမားဖုက သူတို့ဂိမ်းကိုရပ်လိုက်ရန်တိုက်တွန်းနေစဥ်က သူမသည် ရှဲ့လင်တစ်ယောင်တည်းကိုသာခေါ်ပြ အချိန်ယူကာစကားပြောခဲ့သည်။ ရှဲ့လင်က သူတို့နှစ်ယောက်ဘာအကြောင်းပြောခဲ့ကြမှန်း တခါမှမပြောပြခဲ့ဖူးသောကြောင့် သူ့မှာ အတော်ကြာအောင်သိချင်စိတ်ဖြစ်ခဲ့ရဖူးသည်။
"ကိုယ်က မင်းကိုသဘောကျတယ်လို့ သူ့ကိုပြောပြလိုက်တာ..."
ရှဲ့လင်ကပြောလာခဲ့လေသည်။
ဖုယွမ်ကျိုးမျက်နှာကပန်းရောင်သန်းသွားခဲ့သည်။ ယင်းကတည့်တိုးဆန်လွန်း၏။နောက်ရက်အနည်းငယ်အထိ သူထိုအကြောင်းကိုစဥ်းစားနေမိတော့မည်မှာ အသေအချာပင်။
"အန်တီက ကိုယ်မင်းကိုလိုက်ရင် ကူညီမယ်တဲ့..."
ရှဲ့လင်က ဖုယွမ်ကျိုးကိုငုံ့ကြည့်သည်။ ၎င်း၏လက်ချောင်းထိပ်လေးများက သူ့မျက်နှာတလျှောက် ပွတ်တိုက်နေလေ၏။
"သူကကိုယ့်ဆီက ကတိတစ်ခုတောင်းခဲ့တယ်..ကိုယ်တို့တွဲကြရင် အနည်းဆုံးကောလိပ်မရောက်ခင်အထိ ကိုယ်စည်းမကျော်ရဘူးတဲ့...ဒါပေမဲ့ မင်းကကိုယ့်ကိုအတင်းအိပ်ခိုင်းနေရင်တော့ ကိုယ်ကတိကိုဖျက်ရလိမ့်မယ်.."
သေဟ။
ဖုယွမ်ကျိုးမှာ ရှက်လည်းရှက်ပြီး ဒေါသပါထွက်သွားရသည်။ သူ့အမေက ယခုလိုအကြောင်းများကိုရှဲ့လင်နှင့်ပြောလိမ့်မည်ဟု စိတ်ကူးပင်မယဥ်ခဲ့ဖူးပေ။ ရှဲ့လင်က ဘွင်းဘွင်းရှင်းရှင်းကိုထုတ်ပြောလာခဲ့သည်။ တိရစ္ဆာန်ကောင်...တိရစ္ဆာန်ကောင်။
"လစ်စမ်းကွာ...သွားတော့..."
သူသည် စောင်ကိုခေါင်းပေါ်အထိဆွဲခြုံလိုက်ပြီး ဒေါသထွက်လွန်းသောကြောင့် ရှဲ့လင်ကိုလည်းဆက်မကြည့်နေတော့ပေ။ ရှဲ့လင်ကမူ သူ့အားစောင်ပေါ်မှအသာပုတ်ကာ သူ့အကျီကို ခေါင်းအုံးအိပ်ရန်သတိပေးလာ၏။
"ကိုယ့်ဖယ်ရိုမုန်းအနံ့ရရင်တော့ မင်းပိုပြီးအဆင်ပြေသွားမှာပါ.."
ရှဲ့လင်ကခေါင်းငုံ့လာပြီး သူ့နဖူးလေးကိုနမ်းလာခဲ့သည်။
"ကောင်းသောညပါ.."
"ကောင်းသောညပါ"
ယခုလေးတင် လူများကသူ့အနောက်လိုက်နေသည့်နှယ် ထိုသူသည်ကားထွက်သွားခဲ့တော့မည်မှန်းသိလိုက်ရသည့်အခါ ဖုယွမ်ကျိုးက လက်လျှော့ရန်တုံ့ဆိုင်းနေပြီး ရှဲ့လင်ကိုနမ်းချင်လာပြန်သည်။
သို့သော် ယခုလိုတွေးလိုက်ပြန်သည့်အခါ သူ့ကိုယ်သူအပြစ်တင်လိုက်မိပြန်၏။ သူက ဘေးအိမ်မှာနေတာလေ။ ဘာလို့ပြန်မလွှတ်ချင်ဖြစ်နေတာလဲ။
ရှဲ့လင်ထွက်သွားမှ ဖုယွမ်ကျိုးစိတ်အခြေအနေက တဖြည်းဖြည်းပြန်ကောင်းလာခဲ့သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်ကအပြည့်အဝပြန်မကောင်းသေးသောကြောင့် ခပ်မြန်မြန်ပင်အိပ်ပျော်သွားခဲ့လေ၏။ သူအိပ်ပျော်သွားသည့်အခိုက် ရှဲ့လင်၏အင်္ကျီကော်လံကိုကိုင်ထားခဲ့သည်။
ဝိုင်နီနံ့ဖယ်ရိုမုန်းများကြောင့် ထိုနေ့ညတွင် သူရှန်းရှီကောကိုအိပ်မက်ထပ်မက်ခြင်းမရှိတော့ပေ။ သို့သော်လည်း မာမားဖုဈာပနချသည့်နေ့တွင် ရှဲ့လင်နှင့်အတူအိပ်ခဲ့ရသည့်ညကိုအိပ်မက်မက်ခဲ့သည်။
ထိုနေ့က သူအငိုလွန်သွားရာမှ မျက်လုံးအောင့်သွားခဲ့လေရာ ဘယ်အရာမှကြည်ကြည်လင်လင်မမြင်ရပေ။ ထိုအချိန်က ယွမ်ယဲ့သည် နိုင်ငံခြားထွက်သွားပြီဖြစ်ပြီး ယွိဖေးကလည်း ရိုက်ကွင်းတွင်ရှိနေခဲ့သည်။ ရိုက်ကူးရေးတွင် အရေးပေါ်အခြေအနေဖြစ်လာသောကြောင့် သူမကအမြန်ထွက်သွားရပြီး ရှန်းရှီကောကသာသူနှင့်အတူ တစ်နေ့လုံးရှိနေခဲ့သည်။
သူ့အရှေ့မှရှိနေသမျှအရာတိုင်းက အဖြူရောင်များသာ။ ထမင်းစားချိန်တွင်ပင် တူကိုင်ရန် ဘေးမှလူတစ်ယောက်ကကူပေးနေခဲ့ရသည်။ သွားချင်သည့်နေရာသွားနိုင်ရန် လက်ကိုင်ပြီးခေါ်သွားပေးရသည်။ သန့်စင်ခန်းသွားလျှင်ပင် ရှန်းရှီကောနှင့်ရှဲ့လင်ကကူညီပေးခဲ့ရပြီး မဟုတ်လျှင် သန့်စင်ခန်းပင်မသွားနိုင်တော့ပေ။
ညဘက်များတွင်လည်း မျက်လုံးကြောင်နေသောကြောင့် သန်းခေါင်အထိ အိပ်ရာထဲတွင် သည်အတိုင်းလှဲနေခဲ့ရပြီး အမြင်အာရုံမှာ အဖြူရောင်မှအနက်ရောင်အဖြစ်သို့ပြောင်းလဲနေခဲ့သည်။ ရှဲ့လင် သူ့အနားတွင်လာအိပ်သည့်အခါတိုင်း ရှဲ့လင်၏အနွေးဓာတ် အေးစက်သည့်လေထုနှင့် သူ့ဆံပင်ကိုကိုင်တွယ်လာသော၎င်း၏လက်ချောင်းထိပ်မှအထိအတွေ့နှင့် ပွေ့ဖက်ရာမှပေါ်ပေါက်လာသည့်နွေးထွေးမှုတို့သာ။ ထိုစဥ်က ရုပ်ရှင်ပြကွက်ကဲ့သို့သောမှတ်ဉာဏ်များမှာ သူ့အတွက် ပို၍ပင်မေ့မရနိုင်သည့်အမှတ်တရများဖြစ်ခဲ့ပေသည်။
အိပ်ချင်စိတ်နှင့်နိုးကြားစိတ် တဝက်စီအလယ်တွင် သူသည် အနမ်းခံလိုက်ရသည့်နှယ် ခပ်ဖွဖွအထိအတွေ့ကိုလည်းရခဲ့ဖူး၏။ ထိုအချိန်ကသူသည် ဝမ်းနည်းနေခဲ့ရသောကြောင့်သတိမထားမိလိုက်ပေ။ ယခုမှပြန်တွေးကြည့်လိုက်သည့်အခါ ရှဲ့လင်ကသူ့အားနမ်းခဲ့ခြင်းဖြစ်လိမ့်မည်။
သို့သော် ထိုအချိန်ကနှင့်ယခုက ကွဲပြားသွားခဲ့ပြီ။
ဖုယွမ်ကျိုး အိပ်မက်မှနိုးထလာသည့်အခါ မျက်လုံးထဲတွင်ရေငွေ့တလွှာဖုံးအုပ်နေခဲ့၏။
ယခင်က ရှဲ့လင်သည်သူ့အား နဖူး သို့မဟုတ် မျက်နှာကိုတခါမှမနမ်းခဲ့ဖူးသောကြောင့်မဟုတ်ပေ။ သူ့ဘက်မှလည်း နောက်ပြောင်သလိုဖြင့် ရှဲ့လင်မျက်နှာကိုအကြိမ်ရေအချို့နမ်းခဲ့ဖူးသည်။ သို့လင့်ကစား မဖွယ်မရာခံစားချက်များမပါခဲ့ပေ။ ယင်းကရှဲ့လင်နှင့်အတူတူပင်။ ယခင်ဘဝက သူနှင့်ရှဲ့လင်တို့သည် သာမန်သူငယ်ချင်းများသာဖြစ်ပြီး အပြန်အလှန်ချစ်မိသည့်ခံစားချက်မျိုးမရှိခဲ့ပေ။
ယခင်ဘဝက ရှဲ့လင်ကသာ သူ့အားသဘောကျခဲ့ပါလျှင်။
ထိုအတွေးက ဖုယွမ်ကျိုးစိတ်ထဲတွင် ခဏတွင်းချင်းပေါ်လာခဲ့၏။ သူသည်ကား ပို၍ပိုကာလောဘကြီးလာသော်လည်း အတိတ်မှဖြစ်ပျက်ခဲ့ပြီးသားအရာတို့ကိုမပြောင်းလဲနိုင်တော့ပေ။ သူ့အတွက် လက်ရှိကာလမှရှဲ့လင်ကိုသာ တန်ဖိုးထားပေးရလိမ့်မည်။
ညစဥ်ရက်ဆက် အိပ်ရေးပျက်ပြီးမှ ဖုယွမ်ကျိုးသည် အိပ်ရာမှစောစောထကာ ရှဲ့လင်၏ကုတ်အင်္ကျီကိုဝှက်ထားလိုက်ရသည်။ ရှဲ့လင်ပြန်လာမယူခင်အထိ အိမ်အကူအဒေါ်ရော ယွိဖေးပါ မြင်သွား၍မဖြစ်ပေ။ သည့်နောက် ဖယ်ရိုမုန်းအနံ့ပြယ်ဆေးကိုပါ ဖြန်းထားလိုက်ရသည်။ သူသည် မနေ့ညက ရှဲ့လင် သူ့အခန်းထဲအထိရောက်လာခဲ့သည်ကို အခြားသူများအား မသိသွားစေချင်ပေ။
"ငါဒီနေ့အရမ်းပျော်တာပဲ..."
ဆေးရုံမသွားခင် ယွိဖေးကဖုယွမ်ကျိုးထံ ထပ်ရောက်လာခဲ့သည်။ သူ့အိပ်ရာဘေးတွင် ဆောင့်ကြောင့်လာထိုင်ပြီး ဖွဖွလေးပြုံးနေသေး၏။
"မနေ့ညကမင်းအိပ်ပျော်ခဲ့လို့လား..."
"အင်း...အဲဒီလိုပြောလို့ရပါတယ်..."
ဖုယွမ်ကျိုးက ခေါင်းသာညိတ်ပြလိုက်သည်၊၊ ယွိဖေးစိတ်မကောင်းဖြစ်သွားမည်ကိုစိုးရိမ်သောကြောင့် အမှန်အတိုင်းမပြောပြလိုက်ဘဲ လှည့်ပတ်ပြောနေပြီး ပုံမှန်ထက်တည်ငြိမ်အောင်ထိန်းထားနေရ၏။ သူပျော်နေသောကြောင့် ဖုံးထား၍မရနိုင်ဘဲ တဖက်က အလွယ်တကူသိနိုင်လေသည်။
"အန်တီယွိရော ဘယ်လိုလဲ..."
"သူသက်သာနေပါပြီ..နောက်တပတ်ဆို ဆေးရုံကဆင်းတော့မှာလေ...အဖေက လာကြိုပေးမယ်တဲ့...ငါတို့သုံးယောက် ဒီတပတ်ပိတ်ရက်မှာအတူရှိနေကြမှာ..."
သတင်းကောင်းကိုပြောပြနေရသည်ဖြစ်ရာ ယွိဖေးမျက်လုံးလေးများက မသိမသာတောက်ပနေလေသည်။
နောက်တပတ်ပိတ်ရက်မှာ ဒီဇင်ဘာလ၏ပထမဆုံးအားလပ်ရက်ဖြစ်ပြီး ဖုယွမ်ကျိုးနှင့်ရှဲ့လင်တို့ အတူဒိတ်လုပ်ရန် မူလတည်းကစီစဥ်ထားသည့် နှစ်ရက်ပင်။ သူ့နှလုံးက ထိန်းမရအောင်ခုန်လာကာ အကြောင်းမရှိ လာမည့်ပိတ်ရက်ကိုလည်း မျှော်လင့်မိသွားခဲ့သည်။ ထိုနေ့သည် သူနှင့်ရှဲ့လင်တို့ နှစ်ယောက်တည်းအတူရှိနေနိုင်မည့် အခါကောင်းရက်လေးသာ။
သို့သော် ယွိဖေးကသူ့အရှေ့တွင်ရှိနေသေးသောကြောင့် ဖုယွမ်ကျိုးမှာ အခြားအတွေးများကိုအမြန်ဖယ်ထုတ်လိုက်ရပြီး ယွိဖေးကို ရိုးရိုးသားသားဂုဏ်ပြုလိုက်သည်။
"ကောင်းတာပေါ့...အန်တီယွိကို ငါ့အစား နှုတ်ဆက်ပေးပါဦး..."
"အင်း...သူကမင်းကိုစိတ်ပူနေတာ...မင်းအမြန်သက်သာလာအောင်လည်းဆုတောင်းပေးနေတယ်တဲ့..."
ယွိဖေးသည်ကား ဖုယွမ်ကျိုးလက်ကိုလာကိုင်လေ၏။
"မင်းနေကောင်းတဲ့အချိန်ကျရင် ငါတို့အတူအပြင်ထွက်ပြီးကစားကြမယ်နော်..."
၎င်း၏ မျှော်လင့်တကြီးမျက်လုံးများကိုရင်ဆိုင်ရသည့်အခါ ဖုယွမ်ကျိုးမှာ သူ့လက်ကိုဆွဲထုတ်ပြီး ခေါင်းညိတ်လက်ခံလိုက်သည်။
"ဒါပေါ့...ငါတို့ရယ်..ရှဲ့လင်ရယ်...သုံးယောက်အတူအပြင်ထွက်ကြမယ်..."
ယခု သူသည် ရှဲ့လင်ကိုသဘောကျနေပြီဖြစ်သောကြောင့် နောင်တွင်ရှောင်ဖေးနှင့် နှစ်ယောက်တည်းအပြင်သွားရန်မဖြစ်နိုင်တော့ပါချေ၊ ထိုသူနှင့်အီစီကလီလုပ်သည့်အပြုအမူများကိုလည်း ရှောင်ကြဥ်ရမည်ဖြစ်ရာ သူ့လက်ကိုချက်ချင်းပြန်ရုတ်လိုက်သည်။
"အိုကေ...ငါ့အစ်ကိုကိုမေးကြည့်လိုက်မယ်...သူကအထက်တန်းတတိယနှစ်ရောက်နေပြီဆိုတော့ အချိန်သိပ်ရမှာမဟုတ်ဘူး..."
ယွိဖေးမျက်လုံးများက မသိမသာမှောင်မိုက်သွားသော်လည်း ဖုယွမ်ကျိုးကိုမူ ချက်ချင်းပြုံးပြလာလေသည်။
"ဒါဆို ကောင်းကောင်းအနားယူလိုက်ဦး...ငါဆေးရုံသွားလိုက်ဦးမယ်...မင်းအကူအညီလိုရင် အဒေါ့်ကိုအကူအညီတောင်းလိုက်...ကိုယ်ဟာကိုယ်မလုပ်နေနဲ့ဦး..."
ဖုယွမ်ကျိုးက ခေါင်းညိတ်ပြပြီး ယွိဖေးထွက်သွားသည့်အခါမှ သက်ပြင်းချလိုက်ရသည်၊၊ သူရှဲ့လင်ကို အင်မတန်လွမ်းနေမိသည်။ ယနေ့တွင် ရှဲ့လင်သည် မနက်အစောပိုင်းတည်းက ကျောင်းသွားပြီး မေးခွန်းစာရွက်တို့ကိုသွားယူလာသည်။ သုံးခုကိုအိမ်စာရေးပြီး ကျောင်းသားသမ္မဂကိုသွားအပ်ရသောကြောင့် အိမ်တွင်မရှိပေ။
ခဏအကြာတွင် တံခါးဘဲလ်သံမြည်လာ၍ အိမ်အကူအဒေါ်ကတံခါးသွားဖွင့်ပေးလိုက်သည်။ ဒေါက်တာစွင်းက ဖုယွမ်ကျိုးခန္ဓာကိုယ်အခြေအနေကိုစစ်ဆေးပေးရန်ရောက်လာခြင်းဖြစ်၏။ သူမသည် အိမ်မှ ပစ္စည်းတစ်ခုကိုပါသယ်လာခဲ့သေးသည်။ မာမားဖုက ၎င်းတို့ကိုအထဲသယ်သွားခိုင်းလိုက်သည်။
"ဆောရီး...ယွမ်ကျိုး...ငါနောက်ကျသွားတယ်..."
အထဲသို့ဝင်ဝင်ချင်းမှာပင် ဒေါက်တာစွင်းက ဖုယွမ်ကျိုးကိုတောင်းပန်လိုက်လေ၏။ သူမသည်ကား အမြဲအချိန်တိကျသည်။ ချိန်းဆိုထားသည့်အချိန်ကိုမီအောင်လာပြီး နောက်ကျတတ်သည်မှာရှားသည့်တိုင် ယနေ့တွင်မူ တစ်နာရီကျော်မှရောက်လာခဲ့သည်။
"ရပါတယ်...ဒေါက်တာစွင်း..စိတ်ထဲမထားပါနဲ့..."
ဖုယွမ်ကျိုးက အရေးကြီးသလိုမလုပ်နေပေ။ ဒေါက်တာစွင်းသာမပြောလျှင် သူမနောက်ကျလာသည်ကိုပင် သူသိမည်မဟုတ်။ ထို့အပြင် သူမကအင်မတန်အလုပ်များသည်။ သူသည် သူမနောက်ကျသည်ထက် အကြောင်းအရင်းကိုသာပိုစိတ်ဝင်စားနေမိ၏။
"တစ်ခုခုဖြစ်သွားလို့လား..."
ဒေါက်တာစွင်းမျက်နှာက သိပ်မကောင်းဘဲ အနည်းငယ်စိုးရိမ်နေပုံလည်းပေါ်နေသည်။ သူအနားကပ်ကြည့်လိုက်မှ သူမ၏ကုတ်အဖြူတွင် သွေးစအနည်းငယ်စွန်းနေသည်ကိုမြင်လိုက်ရ၏။
"သွေးတွေ.."
ဖုယွမ်ကျိုး ထိတ်လန့်သွားသည်။
"ဒေါက်တာဒဏ်ရာရလာတာလား..."
"မဟုတ်ပါဘူး.."
သည်တော့မှ ဒေါက်တာစွင်းသည် သွေးပေနေသည့်ကုတ်ကိုချက်ချင်းချွတ်ကာ အိမ်အကူအဒေါ်ကိုလှမ်းပေးပြီးလျှော်ခိုင်းလိုက်၏။
"ငါဒဏ်ရာရနေတဲ့လူတစ်ယောက်ကို ဆေးထည့်ပေးခဲ့ရလို့ပါ.."
ဒေါက်တာစွင်းက လမ်းမှာ ကားအက်စီးဒင့်ဖြစ်လာတာများလား။
ဖုယွမ်ကျိုးမှာ အသေးစိတ်ထပ်မေးချင်သေးသော်လည်း ဒေါက်တာစွင်းကိုယ်ပေါ်မှ ခပ်ဖျော့ဖျော့ထွက်နေသည့်ဖယ်ရိုမုန်းနံ့ကို ရုတ်တရက်ရလိုက်သည်။ သူမ ဖယ်ရိုမုန်းအနံ့ပြယ်ဆေးကိုဖြန်းထားသေးသော်လည်း ဘီတာဖြစ်နေ၍ အနံ့မရပေ။ သူမ အကောင်းဆုံးတားမြစ်ထားပြီး အနည်းငယ်မျှအနံ့ကျန်နေရုံသာ။
အခြားသောအိုမီဂါများသာဆိုပါက အနံ့နည်းနည်းလေးရရုံဖြင့် ဂရုစိုက်နေတော့မည်မဟုတ်ပေ။ သို့သော် ဖုယွမ်ကျိုးကမူ ထိုအနံ့နှင့်ပတ်သတ်လာလျှင် အတော်လေးထိလွယ်ရှလွယ်ဖြစ်နေပြီး အနည်းငယ်လေးထပ်ရသည်နှင့် သူ့နှလုံးခုန်နှုန်းကဆတိုးတက်လာခဲ့သည်။
ယင်းက သူ၏အယ်လ်ဖာအနံ့၊ မန်ဒလာပန်းနံ့...ရှန်းရှီကော၏အနံ့အသက်ပင်....
ကုတ်အဖြူပေါ်မှ သွေးများကြောင့် ဖုယွမ်ကျိုးမျက်နှာကသွေးဆုတ်သွားခဲ့သည်။ သူစိတ်မြန်လက်မြန်ဖြစ်လာသည်နှင့် တပ်မက်လိုမှုဆန္ဒက သတိပြုမိသွားမည်ဖြစ်ပြီး ဖယ်ရိုမုန်းအနံ့များကချက်ချင်းပြန့်သွားလိမ့်မည်။ သူသည်ကား ခံစားချက်များကိုထိန်းချုပ်ပြီး မျက်နှာပေါ်တွင် အခြားအမူအရာများမပေါ်လာရအောင် အတင်းသည်းခံနေရသောကြောင့် ပိုပြီးပင်စိတ်ကျဥ်းကြပ်လာခဲ့သည်။
"ရှန်းရှီကော တစ်ခုခုဖြစ်လို့လား..."
သူ၏စကားသံက အကြောင်းမရှိဘဲပြောင်းလဲသွားခဲ့သည်။ စကားလုံးများထဲတွင် သူ၏တပ်မက်မှုဆန္ဒများအပြင် ရှန်းရှီကောအပေါ်စိုးရိမ်ကြောင့်ကြမှုတို့ပါရောနှောနေခဲ့သည်။ သူရှန်းရှီကောအပေါ် ရှုပ်ထွေးသည့်ခံစားချက်များရှိနေသည်မှာ သံသယဝင်စရာမရှိပေ၊ အကြောက်တရား၊ မုန်းတီးမှု၊ နာကျင်ခြင်း၊ တောင့်တမှုနှင့် သည်းခံနိုင်စွမ်းကုန်ဆုံးသွားခြင်းများသာ ရှိနေခဲ့သည်။ ယခင်ဘဝက ရှန်းရှီကောသည် သူ့အတွက် အန္တရာယ်ကြီးတစ်ခုဖြစ်ခဲ့သည်။ သို့သော်လည်း ရှန်းရှီကော အသက်ရှည်နိုင်ရန် သူမျှော်လင့်ခဲ့သည်။
ဒေါက်တာစွင်းသည် မဖုံးဖိထားနိုင်တော့သောကြောင့် အမှန်အတိုင်းပြောပြလိုက်ရ၏။
"ဟုတ်တယ်...ငါသူ့ကို အရေးပေါ်ကုသပေးခဲ့ရတာ..."
သူမက မာမားဖုကို ဆေးရုံကားခေါ်ခိုင်းလိုက်သည်။ သူမအိမ်အပြင်ကိုထွက်လိုက်သည့်အခါ မျက်နှာချင်းဆိုင်ဗီလာမှ အမျိုးသမီးတစ်ယောက်က ရုတ်တရက်အပြင်ပြေးထွက်လာပြီး အော်ဟစ်ကာအကူအညီတောင်းလာလေသည်။
ထိုအမျိုးသမီးသည် ရှန်းရှီကောတို့အိမ်မှအိမ်ထိန်းပင်။ သူမသည် ယနေ့ သန့်ရှင်းရေးလုပ်ရန် ရှန်းရှီကောအိမ်ကိုလာချိန်တွင် ရှန်းရှီကောက သွေးများရွှဲလျက်သားဖြင့်ဆိုဖာပေါ်တွင်လဲနေပြီး မျက်နှာမှာလည်းသွေးရောင်မရှိတော့ပေ။ ရင်ဘတ်ကလှုပ်ရှားနေ၍သာမဟုတ်ပါက သူမမှာ ထိုသူကိုသေသွားလောက်ပြီဟုပင် ထင်သွားနိုင်လောက်၏။
ထိုသို့ဖြစ်လျှင်ပင် အိမ်တော်ထိန်းမှာ ထိတ်လန့်နေဆဲဖြစ်သောကြောင့် ဒေါက်တာစွင်းကိုအပြင်တွင်တွေ့လိုက်သည်နှင့် အမြန်ပြေးထွက်လာပြီး အကူအညီတောင်းခဲ့ခြင်းဖြစ်လေသည်။
ဒေါက်တာစွင်းမှာလည်း ထိတ်လန့်သွားခဲ့သည်။ ဓားပြတိုက်မှုဖြစ်မည်ဟုထင်လိုက်ပြီး အကူအညီပေးရန်ပြေးသွားလိုက်သည်။ ကံကောင်း၍ သာမန်ဒဏ်ရာလောက်သာဖြစ်ပြီး ရှန်းရှီကောက အပြင်းအထန်ဒဏ်ရာရထားခြင်းမျိုးမရှိဘဲ သွေးဆုံးရှုံးမှုကြောင့် သတိလစ်နေရုံသာဖြစ်ခဲ့သည်။ ထပ်လောင်းပြောရပါက ၎င်း၏ခန္ဓာကိုယ်အခြေအနေမှာ ကောင်းလှချည်ရဲ့မဟုတ်သည့်တိုင် အသက်အန္ဒရာယ်မရှိပေ။
"နောက်တော့....လူကြီးတွေအကူအညီနဲ့ ငါသူ့ကိုဆေးရုံပို့ပေးလိုက်တယ်...ပြီးတော့ သူ့အတွက် ဆေးရုံတက်ဖို့လိုအပ်တာတွေလည်းလုပ်ပေးလိုက်တယ်..."
ဒေါက်တာစွင်းကပြောပြလာသည်။
"ဒဏ်ရာကိုဆေးထည့်ပေးတုန်းက ဒဏ်ရာရထားတဲ့ပုံစံကိုကြည့်ရတာ သူများကလုပ်တာမဟုတ်ဘဲ သူဟာသူလုပ်ထားတာမျိုးဖြစ်နေတယ်...မိမိကိုယ်ကိုထိခိုက်နာကျင်စေခြင်းပဲ..."
"ပြီးတော့...ငါသူ့အိမ်မှာဆေးတွေအများကြီးလည်းတွေ့ခဲ့သေးတယ်...အကုန်လုံးကစိတ်ငြိမ်ဆေးတွေချည်းပဲ..အာမခံလက်မှတ်တော့ရှိပါတယ်..သူ့ကိုကြည့်ရတာ အထီးကျန်တဲ့လက္ခဏာကိုတော်တော်ခံစားခဲ့ရပြီး သတ်သေတာမျိုးလည်း လုပ်ဖူးတယ်ထင်တယ်..."
ထိုနေရာအထိပြောလာရင်း သူမမျက်လုံးများက ရှုပ်ထွေးသည့်အမူအရာမျိုးကိုပြသလာကြလေ၏။
"အစကတော့ သူ့ရဲ့ကိုယ်ရေးကိုယ်တာဆိုတော့ မင်းကိုမပြောပြသင့်ဘူးလို့ထင်ခဲ့တယ်...ဒါပေမဲ့ သူ့ရင်ဘတ်ပေါ်ကစာကိုမြင်လိုက်ရတော့ ငါမင်းကိုပြောမှဖြစ်တော့မယ်..."
"သူ့ရင်ဘတ်မှာတက်တူးထိုးထားတာက "ယွမ်ကျိုး"
တဲ့..."
♎️