Chapter 73
Viewers 4k

♎️Chapter 73




ရှန်းရှီကောက စိတ်ကျန်းမာရေးမကောင်းဘူး။ ပြီးတော့ လောကကြီးကိုစိတ်ကုန်နေလို့ သတ်သေဖို့ကြိုးစားနေတယ်။


အရင်ဘဝကလည်း ထိုအတိုင်းဖြစ်ခဲ့သည့်တိုင် သူမသိခဲ့ရပေ။


ဒေါက်တာစွင်းစကားကြောင့် ဖုယွမ်ကျိုးမှာ စိတ်မတည်မငြိမ်ဖြစ်လာရသည်။ မျက်နှာကိုအထိုးခံလိုက်ရသလိုပင် အောင့်သက်သွားရပြီး ရင်ဘတ်ထဲတွင်လည်းလေးလံနေသောကြောင့် အသက်ပင်မရှူနိုင်ပေ။


သူ့မျက်နှာကဖျော့တော့နေ၍ ဒေါက်တာစွင်းကသူလည်းထိတ်လန့်သွားသည်ဟုထင်ပြီး အသံတိုးတိုးလေးဖြင့်သက်ပြင်းချလေသည်။ သူမမှာ ရှန်းရှီကောအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် ဖုယွမ်ကျိုးကိုအပြည့်အဝနားလည်ပေးနိုင်ပါသည်။ ယခုလိုအခြေအနေကိုကြုံတွေ့လိုက်ရသည့် မည်သူမဆို ကြောက်လန့်သွားမည်ပင်။ သူမသည်ကား ဖုယွမ်ကျိုးဘေးတွင်သာရပ်တည်ပေးမည့်သူဖြစ်သည်။


"နောက်ဆိုရင် မင်းရဲ့လုံခြုံရေးအတွက်သတိထားနော်...တစ်ယောက်တည်း ရှန်းရှီကောနဲ့သွားမတွေ့နဲ့..." 

သူမကသတိပေးလာလေသည်။ 


"သူကမင်းကို အရမ်းစွဲလန်းနေတာ...မင်းသူနဲ့အရမ်းနီးနီးကပ်ကပ်မပေါင်းသင့်ဘူး..."


"ကျေးဇူးပါပဲ...ဒေါက်တာစွင်း..."


ဖုယွမ်ကျိုးမှာ ယောင်ဝါးဝါးနှင့်သာခေါင်းညိတ်ပြလိုက်ရ၏။ သူထိခိုက်မည်ကိုစိုးရိမ်ရမည့်အစား ရှန်းရှီကော၏စိတ်ကျန်းမာရေးအခြေအနေကိုလက်ခံပေးရမည့်အရေးက သူ့အတွက်ပိုခက်ခဲနေခဲ့သည်။ ၎င်းက မိခင်ဖြစ်သူထံမှကူးစက်လာခြင်းဖြစ်နိုင်၏။ ယခင်ဘဝက သူသည်ရှန်းရှီကောနှင့် နှစ်များစွာရင်းနှီးလာခဲ့သော်ငြား ယင်းကိစ္စကိုလုံးဝသတိမထားမိလိုက်ပေ။


သူ့အမေနှင့်တထပ်တည်းဖြစ်လာခဲ့သည်ပင်။ ဖုယွမ်ကျိုးသည် အသေးအမွှားကိစ္စလေးများကိုပင်အတိအကျမှတ်မိနေခဲ့၏။ ရှန်းရှီကော၏အမေက သူ၏ခင်ပွန်းနှင့် အဆင်ပြေပြေရှိခဲ့သည့်တိုင် ရှန်းရှီကောသည်ကား ဆန္ဒမပါဘဲအသက်ရှင်ခဲ့ရရှာသည်။


ရှန်းရှီကောက သူမရှိရင် သေသွားလိမ့်မည်ဟု အမြဲပြောခဲ့ဖူးသည်။ထိုအချိန်က မျိုးရိုးလိုက်သည့်ရောဂါအကြောင်းကိုမစဥ်းစားမိလိုက်ပေ။


သူရှန်းရှီကောကို သေချာဂရုမစိုက်မိလို့များလား။ ဒေါက်တာစွင်းက ထိုသူအိမ်ကိုရောက်ခဲ့၍ ရှန်းရှီကောသုံးနေသည့်ဆေးနှင့်ဆေးလက်မှတ်တို့ကိုတွေ့ခဲ့ရသည်။သူတို့နှစ်ပေါင်းများစွာရင်းနှီးခဲ့ပြလင့်ကစား သူသည်ကား ရှန်းရှီကော၏ဆေးများ၊ လက်မှတ်မပြောနှင့်၊ သူနှင့်ပတ်သက်၍ မှားယွင်းနေသည့်အရာရှိသည်ဟူ၍ပင် မထင်ခဲ့ပေ။


ရှန်းရှီကောက သူ့အားတမင်ဖုံးကွယ်ထားခဲ့ခြင်းဖြစ်မည်။မဟုတ်ပါက သူ့ကိုလည်းပြောမည်ပင်။ ဘာလို့ ရှန်းရှီကောကသူ့ကိုမပြောခဲ့တာလဲ။အနာဂတ်မှာ သူနဲ့ဝေးသွားမှာကိုကြောက်လို့များလား။


ထိုသူက ယခုလိုလုပ်ရက်နိုင်ခဲ့သည်၊၊ ရှန်းရှီကောသာ သူ့အားစောစောစီးစီးပြောခဲ့လျှင် သူ့အနားတွင်နေပြီး ၎င်း၏ကျန်းမာရေးကိုကုသပေးနိုင်သည်။ ဤအကြောင်းပြချက်လောက်လေးဖြင့် ဘာကြောင့်များ သူငယ်ချင်းကိုဖုံးကွယ်ထားနိုင်ရပါသနည်း။


နောင်တ၊ ဒေါသ၊ အရှက်တရား၊ ကြောက်ရွံ့မှုနှင့် နှလုံးသားအတွင်းမှ ကိုက်ခဲနာကျင်မှုတို့သည် သူ့ထံသို့အလုံးအရင်းဖြင့် ရိုက်ခတ်လာကြလေ၏။


ဖုယွမ်ကျိုးလက်များက တဆတ်ဆတ်တုန်လာခဲ့သည်။ သူဘာဆိုဘာမှမသိခဲ့ရပေ။သူသာရှန်းရှီကောကို ပိုဂရုစိုက်ပေးခဲ့မိလျှင်။ အကြောင်းမှန်ကိုစောစောသာသိနိုင်ခဲ့လျှင် အနာဂတ်မှ အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရမှုတို့ကို ရှောင်ရှားနိုင်ခဲ့ပေမည်။


မျက်နှာကိုဖြတ်ရိုက်ခံလိုက်ရသလိုပင်။ သူရှန်းရှီကောအကြောင်းကို ကောင်းကောင်းသိသည်ဟုထင်ခဲ့သည့်တိုင် အမှန်တရားနှင့်ဝေးကွာနေဆဲ။ သူသည်ကား ရှန်းရှီကောနာကျင်နေခဲ့ရသည်ကိုပင် မသိခဲ့ပေ။ 


ရှန်းရှီကောကြောင့် သူ ဒုက္ခများကိုတသီတတန်းကြီးခံစားခဲ့ရသည်မှာ အမှန်ပင်။ ရှန်းရှီကောက သူ့အားသေရာပါဒဏ်ရာများပေးခဲ့သည်။ ထိုအတွက်လည်း သူ့ထံတွင်ဝဋ်ကြွေးရှိ၍ဆပ်ရသည်ဟုပင်သဘောထားခဲ့ပြီး ထိုသူကိုအပြစ်မတင်ခဲ့ပေ။ သို့သော်လည်း မတိုင်ခင်က မည်သည့်အရာများဖြစ်ပျက်ခဲ့မှန်းသူမသိခဲ့ပေ။ သူ့ထံတွင် ရှောင်လွှဲနိုင်ရန်အခွင့်အရေးရှိခဲ့ပါလျက် လွဲချော်သွားခဲ့သည်။


ထိုအချိန်က ရှန်းရှီကောသည် ချောက်နက်ထဲသို့နည်းနည်းချင်းစီသက်ဆင်းနေခဲ့၏။ ထိုသူသည် ချောက်ကမ်းပါးအစွန်းတွင်ရပ်နေရင်း ပြုတ်ကျမည့်အရေးကိုလည်းမမှုဘဲ နောက်ဆုံးတွင်မူ လုံးဝကျဆင်းသွားခဲ့သည်။ သူနှင့်ရှန်းရှီကောတို့သည် အတူသက်ဆင်းခဲ့ကြပြီး သွယ်ဝိုက်ပတ်သက်ခဲ့ကြသည်။


"မင်းအရမ်းလည်းစိတ်ပူစရာမလိုပါဘူး..နောက်ပိုင်းကျရင် မင်းလည်းသူနဲ့တွေ့ရဖို့ အခွင့်အရေးသိပ်မရှိတော့ဘူးလေ..သူလည်းမင်းကိုဘာမှမလုပ်နိုင်ပါဘူး..."


ဒေါက်တာစွင်းက သူအမူအရာပျက်နေသည်ကိုမြင်ပြီး နှစ်သိမ့်ပေးလိုက်သည်။


 "မင်းနောက်တခါအိမ်ပြန်လာမယ်ဆိုရင် တစ်ယောက်တည်းမလာနဲ့တော့..ရှဲ့လင်ကိုဖြစ်ဖြစ် ယွိဖေးကိုဖြစ်ဖြစ်အဖော်ခေါ်လာခဲ့...ပြီးတော့ ယာယီအမှတ်အသားသက်ရောက်မှုကပျက်သွားပြီ...မင်းခန္ဓာကိုယ်ကလည်း ကောင်းကောင်းသက်သာနေပြီ...အခြေခံအားဖြင့်ဖယ်ရိုမုန်းမကျန်တော့ဘူးဆိုတော့ မင်းစိတ်ချထားလို့ရပါပြီ..."


ဖုယွမ်ကျိုးမှာ ငေးတိငေးကြောင်ဖြစ်နေ၍ သူမစကားကိုသေချာမကြားရပေ။ သူမတစ်ခုခုပြောလိုက်သည်ဟုထင်၍ ခေါင်းကိုသာအသာညိတ်ပြလိုက်ရသည်။ ရုတ်တရက် သူသည် ရင်ဘတ်တစ်ခုလုံးတင်းကျပ်နေရင်း ခြောက်ကပ်နေသည့်အသံဖြင့်မေးမိသွားရလေ၏။ 


"ရှန်းရှီကောက...သတ်သေတာမျိုးကျုးလွန်နိုင်ခြေရှိလား..."


ရှန်းရှီကောအမေသည် သူမခင်ပွန်းအနားတွင်မရှိခင်က မိမိကိုယ်ကိုသေကြောင်းကြံစည်ရန် ကြိုးစားခဲ့ဖူးသည်။ ထိုအတိုင်းသာဆိုလျှင် ရှန်းရှီကောသည်လည်း...


"ဖြစ်နိုင်ခြေတော့ရှိတယ်..."


ဒေါက်တာစွင်းကသက်မချသည်။


"ငါအဲဒီဆေးဖက်ဆိုင်ရာလက်မှတ်ကိုကြည့်လိုက်သေးတယ်...အဲဒီမှာရေးထားတာက သေကြောင်းကြံစည်တာမျိုးမဟုတ်ဘဲ အသက်ရှင်ချင်စိတ်မရှိတာတဲ့..."


"ပြောရရင်....သူ့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းချို့ယွင်းအောင်လုပ်တဲ့အကျင့်က သာမန်လူတွေထက်လွန်ကဲတယ်...သွေးတွေအများကြီးဆုံးရှုံးလိုက်ရတယ်...သေသွားနိုင်တာကိုလည်းသိတယ်...ဒါပေမဲ့ သာမန်လူတွေလိုမျိုး သေမှာတော့မကြောက်ဘူးလေ..."


"သူ့ဘက်ကကြည့်ရင်တော့ 'သွေးထွက်လွန်ပြီးသေတာ'မလို့ ခန္ဓာကိုယ်အခြေအနေကပြောင်းလဲသွားရုံပဲ..'စားတယ်'ဆိုတာကလည်း 'ဗိုက်ပြည့်အောင်' လို့ပဲ...သူ့အမြင်မှာ နှစ်ခုလုံးကအတူတူပဲ..."


"ဒါဆို ထိခိုက်မိသွားလည်းကိစ္စမရှိဘူး...သူ့ရည်ရွယ်ချက်သာအောင်မြင်သွားရင်...."


ဒါကမှ မိမိကိုယ်ကိုအပြစ်ပေးခြင်းပေါ့။


ဖုယွမ်ကျိုးသည် သူအချုပ်အနှောင်ခံရစဥ်က ရှန်းရှီကော၏ မိမိကိုယ်ကိုထိခိုက်အောင်လုပ်သည့်အကျင့်ကို ရုတ်တရက်သတိရမိသွားခဲ့သည်။ ရှန်းရှီကောကသူနာကျင်နေမှန်းသိ၍ ခန္ဓာကိုယ်ကိုချို့ယွင်းအောင်လုပ်ပြီး သူ့ကိုယ်သူအပြစ်ပေးခဲ့သည်။


နောက်ဆုံးတော့ ရှန်းရှီကော သူ့ခန္ဓာကိုယ်ကိုလုံးဝဂရုမစိုက်ရသည့်အကြောင်းအရင်းကို သူနားလည်သွားခဲ့ပြီ။ သေမှာမကြောက်သူက နာကျင်ရမည်ကိုလည်းကြောက်မည်မဟုတ်။ သူ၏အာရုံအလုံးစုံကို တန်ဖိုးထားရသည့်အချို့အရာများအပေါ်တွင်သာမြုပ်နှံထားပေမည်။


ဥပမာ...သူ့လိုလူမျိုး....


သူသည်ကား ရှန်းရှီကောအတွက် အထူးဖြစ်တည်မှုအများဆုံးဖြစ်နိုင်ပြီး သူအတော်လေးစိတ်မကြည်ဖြစ်နေသည့်အတိုင်းအတာအထိဖြစ်လျှင်ပင် ရှန်းရှီကောက သူ့ကိုယ်သူလုံးဝဂရုမစိုက်သည့်တိုင် ဒဏ်ရာကြောင့် နာကျင်ရပေမည်။ သူကမှ ရှန်းရှီကော၏အမူအရာကို ဖော်ထုတ်နိုင်မည့်သော့တစ်ချောင်းပင်။


ရှန်းရှီကောက သူမုန်းသွားမည်ကိုမလိုချင်ခဲ့သောကြောင့် သူ့အခြေအနေကိုဖုံးကွယ်ထားရန်သာ ရွေးချယ်ခဲ့သည်။ ရင်ဘတ်တွင်ရေးထိုးထားသည့်အမာရွတ်ပင် "ရှောင်ချီး" မဟုတ်ဘဲ "ယွမ်ကျိုး" ဖြစ်နေခဲ့သည်။ အကြောင်းမှာ သူကရှန်းရှီကောကို "ရှောင်ချီး" ဟုမခေါ်ရန် တားခဲ့သောကြောင့်ပင်။


ဖုယွမ်ကျိုးမှာ တကိုယ်လုံးအေးစက်လာခဲ့သည်၊၊ သူနောက်တကြိမ် တူညီသည့်အမှားမျိုးမလုပ်ချင်ပေ။ သူ့မိဘများနှင့်ရှဲ့လင်ကို လုံခြုံပြီးစိတ်ချမ်းသာစေချင်ခဲ့သည်။ ရှန်းရှီကောကိုလည်း ဘာမှမဖြစ်စေချင်ခဲ့ပေ။ သူ့ကြောင့် ရှန်းရှီကောထိခိုက်သွားမည်ကိုစိုးရိမ်မိသော်လည်း ရှန်းရှီကောက သူ့ကိုယ်သူထိခိုက်အောင်လုပ်ခဲ့သည်၊၊ ထို့ကြောင့်ပင် ဤဘဝတွင်သူတို့နှစ်ယောက်ကသူစိမ်းများဖြစ်သင့်ပြီး အပြန်အလှန်ကျေအေးချမ်းသွားလျှင် အကောင်းဆုံးအဆုံးသတ်ဖြစ်လာလိမ့်မည်။


သို့သော်လည်း ယခုတော့.....


"ငါမင်းရဲ့ ကိုယ်ရေးကိုယ်တာကိုလေးစားတဲ့အနေနဲ့ အများကြီးမမေးတော့ဘူး..."


ဒေါက်တာစွင်း: "ဒါပေမဲ့...ငါမင်းကိုမေးဖို့တော့လိုသေးတယ်...မင်းရှန်းရှီကောမိသားစုနဲ့အဆက်အသွယ်ရှိလား..ဒါမှမဟုတ် သူ့ဖုန်း password ကိုဖြည်တတ်လား...သူ့ဖုန်းက အဆင့်မြှင့်ထားတာ...ဖွင့်ဖို့ခက်တယ်...သူ့ကိုဂရုစိုက်ပေးဖို့ သူ့မိသားစုကိုဆက်သွယ်မရဖြစ်နေတယ်..."


"....." 


ဖုယွမ်ကျိုး ခေါင်းခါပြလိုက်သည်။သူလည်းရှန်းရှီကောအဖေနှင့်အဆက်အသွယ်မရှိပေ၊၊ ရှိခဲ့လျှင်ပင် ထိုသူကရှန်းရှီကောထံ အပြေးတပိုင်းလာပြီးဂရုစိုက်ပေးရန်မဖြစ်နိုင်ပေ။


ရှန်းရှီကောတွင် သူငယ်ချင်းအများအပြားရှိသော်လည်း မေးထူးခေါ်ပြောမျှသာဖြစ်သည်။ ယခင်ဘဝက သူနှင့်အရင်းနှီးဆုံးဖြစ်ခဲ့သူမှာ သူတစ်ယောက်တည်းသာရှိခဲ့သည်။ ဤဘဝတွင် ရှန်းရှီကောက ပိုပြီးပင်အထီးကျန်နေရလေ၏။


ဖုယွမ်ကျိုးမှာ ရှန်းရှီကော သေကြောင်းကြံမည်ကိုစိုးရိမ်လာပြီး စိတ်မကြည်မလင်ဖြစ်လာလေသည်။ သို့ထိတိုင် သူရှန်းရှီကောကိုဂရုမစိုက်ပေးနိုင်ပေ၊၊ ရှန်းရှီကောကသူ့အားထပ်ပြီးတွယ်တာလာခဲ့လျှင် နှစ်ယောက်လုံးနာကျင်ရလိမ့်မည်။


"ငါနည်းလမ်းရှာကြည့်လိုက်ပါ့မယ်...ငါကဆရာဝန်..သူကလူနာလေ...ငါ့လူနာမဟုတ်ရင်တောင် ငါ့မှာအဆုံးအထိတာဝန်ရှိတယ်..."


ဒေါက်တာစွင်းက ခပ်တိုးတိုးလေးသက်ပြင်းချလိုက်သည်။

 "သူဆေးရုံကဆင်းတဲ့အထိ ငါသူ့ကိုဂရုစိုက်ပေးလိုက်မယ်...ဒါပေမဲ့ သူ့ခန္ဓာကိုယ်ပြန်သက်သာလာရင်တော့ စိတ်ကျန်းမာရေးအတွက် တိုင်ပင်သင့်တယ်..."


သူမ၏ကြင်နာတတ်ပုံကြောင့် ဖုယွမ်ကျိုးမှာ သတိပြန်ဝင်လာပြီးအံ့အားသင့်သွားရသည်။ သူမကို ကျေးဇူးတင်ကြောင်းပြောချင်သော်လည်း လက်မတင်လေးထိန်းလိုက်နိုင်၏။ သူကရှန်းရှီကော၏မိသားစုဝင်မဟုတ်သောကြောင့် ဒေါက်တာစွင်းကိုကျေးဇူးတင်စကားပြောရန်အခွင့်အရေးမရှိပေ။


"ကြိုးစားပေးတဲ့အတွက်ကျေးဇူးပါပဲ ဒေါက်တာစွင်း..ရှန်းရှီကောသတိမရလာခင် ဆေးကုသစရိတ်နဲ့လစာကို ကျွန်တော်ပေးပါ့မယ်.." 


နောက်ဆုံး၌ သူထိုစကားကိုဒေါက်တာစွင်းထံပြောလိုက်နိုင်လေသည်။


ဒေါက်တာစွင်းကမငြင်းပဲ ကျေးဇူးတင်သည့်အကြောင်းပြောလာပြ မေးလာလေသည်။ 

"တစ်ခုခုဆိုရင် မင်းကို​ပြောပြရမလား..."


"ဟုတ်ကဲ့..." 

ဖုယွမ်ကျိုးကတွေဝေနေပြီးမှ ပြောလာလေသည်။ 

"သူ့အတွက် နှစ်ဆယ့်လေးနာရီစောင့်ကြည့်နိုင်အောင် သူနာပြုတွေလည်းငှားပေးပါ..ကျွန်တော်စိတ်ပူတာကသူ..."


"မပူပါနဲ့..." 

ဒေါက်တာစွင်းကခေါင်းညိတ်ပြသည်။ 

"ငါကြည့်ထားလိုက်မယ်...မင်းလုပ်ပေးတဲ့အကြောင်းကိုလည်းမပြောပါဘူး..."


"ကျေးဇူးတင်ပါတယ်..." 

ဖုယွမ်ကျိုးက တလေးတစားအပြုအမူဖြင့် ကျေးဇူးတင်စကားပြောလိုက်လေသည်။


"သူမင်းကိုတွေ့ချင်တယ်လို့ပြောလာရင်ရော...ဒါမှမဟုတ် မင်းကိုပြောစရာရှိတယ်ဆိုရင်ရော..ပြောပြရမလား.." 


ဒေါက်တာစွင်းကမေးလာပြန်သည်။


ဖုယွမ်ကျိုးက အချိန်အတော်ကြာအောင် တောင့်တင်းသွားခဲ့သည်။ အချိန်အကြာကြီးငြိမ်နေပြီးမှ ခေါင်းယမ်းပြလိုက်၏။ ဒေါက်တာစွင်းကသူ့ပုခုံးကိုအသာပုတ်ပေးကာ ပျော့ပျောင်းသည့်အသံဖြင့်ပြောလာခဲ့သည်။ 


"သဘောပေါက်ပြီ..မင်းကိုယ်မင်းဂရုစိုက်...ကျန်တဲ့ကိစ္စတွေငါ့ကိုသာအပ်ထားလိုက်..."


ဒေါက်တာစွင်းက ဖုယွမ်ကျိုးကိုစမ်းသပ်ပေးသည်။ ပြဿနာတစုံတရာမရှိကြောင်းသေချာမှ ဆေးရုံကိုပြေးပြီး ရှန်းရှီကောကိုသွားကြည့်ရသည်။ မကြာခင် ရှဲ့လင်ကကျောင်းကပြန်လာပြီး ယွမ်ယဲ့ကလည်းသူနှင့်အတူပါလာလေ၏။


"မင်းတို့တွေ ဘယ်လိုဖြစ်ပြီးရောက်လာကြတာလဲ..."


ဖုယွမ်ကျိုးသည် ရှန်ရှီကောအကြောင်းကိုတွေးနေခဲ့ပြီး တံခါးဖွင့်လိုက်ချိန်၌ ယွမ်ယဲ့ကိုတွေ့လိုက်ရသည့်အခါ သူပျာယာခတ်သွားခဲ့သည်၊၊ ကံကောင်း၍ ယခုလေးတင် ဖယ်ရိုမုန်းအနံ့ပြယ်ဆေးများကိုဖြန်းထားပြီးသားဖြစ်နေလေ၏။ ယွမ်ယဲ့က အနံ့မရနိုင်ချေ။ ရခဲ့လျှင်ပင် ရှန်းရှီကောအနံ့မှန်းသိမည်မဟုတ်။


"မင်းငါ့ကိုရူးနေတယ်ထင်လို့လား...မင်းအအေးမိနေတယ်ပြောရင်တောင် ငါယုံဦးမယ်..."


ကိစ္စများက ဖုယွမ်ကျိုးတွေးထားသည့်အတိုင်း မဖြစ်လာခဲ့ပေ။ ယွမ်ယဲ့ကအိပ်ခန်းထဲသို့ဝင်လာခဲ့သည်။ မျက်နှာကပြုံးနေသော်လည်း မျက်ခုံးများကမူ အေးစက်မည်းမှောင်နေ၏၊၊ ၎င်းကဒေါသကိုချုပ်တည်းထားပုံရပြီး မေးလိုက်လေသည်။ 


"ဘယ်သူလုပ်တာလဲ..."


"ဘာကြီး" 

ဖုယွမ်ကျိုးမှာ ယွမ်ယဲ့သိနေလိမ့်မည်ဟုထင်မထားခဲ့ပေ။


"မင်းကိုအမှတ်အသားပေးလိုက်တာ ဘယ်ကောင်လဲလို့..." 


ယွမ်ယဲ့သည် အတော်လေးဒေါသထွက်နေပုံရပြီး အသံကပင်တင်းမာနေလေသည်။ 

"ငါ့ကိုပြော...သူ့ခြေထောက်တွေကိုသွားရိုက်ချိုးပြီး..မင်းကိုဒူးထောက်တောင်းပန်ခိုင်းလိုက်မယ်...."


ဖုယွမ်ကျိုး ကျောင်းမရောက်ဖြစ်ခဲ့သည်မှာ ရက်အတော်ကြာပြီ။ ယွိဖေးနှင့်ရှဲ့လင်တို့လည်းမသွားကြပေ။ သူနေမကောင်းဖြစ်ရသည့်အကြောင်းအရင်းကမရိုးရှင်းနိုင်ကြောင်း အစတည်းက ယွမ်ယဲ့ သိနေခဲ့သည်။ လွန်ခဲ့သည့်နှစ်ရက်တည်းက သူထိုကိစ္စကိုစိတ်ဝင်စားနေခဲ့ပြီး ရှဲ့လင်ကျောင်းလာသည်အထိစောင့်နေခဲ့သည်။


ရှဲ့လင်က ဖုယွမ်ကျိုးကိစ္စကို ထုတ်မပြောခဲ့ပေ။ ယွမ်ယဲ့ကသူမပြောမချင်း ဆက်တိုက်မေးနေခဲ့သည်။ သူရှဲ့လင်ကိုထိုးမိတော့မည်အထိဒေါသထွက်လာခဲ့ရ၏။ နောက်ဆုံးတွင် သူရှဲ့လင်အနောက်ကိုလိုက်လာပြီး ရှဲ့လင်ကလည်းအသုံးမဝင်၍မတားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့လိပ်စာကိုလည်းသိထားပြီးဖြစ်နေသည်ပင်။


လာနေသည့်လမ်းတွင် ယွမ်ယဲ့က တခုတလေခန့်မှန်းကြည့်ခဲ့၏။ ထို့နောက် လှေကားပေါ်မှဆင်းလာသည့်ဒေါက်တာစွင်းနှင့်ဆုံပြီး ဘာတစ်ခုမှမသိခဲ့ရသလိုဟန်ဆောင်လာခဲ့ခြင်းဖြစ်သည်။


ဒေါက်တာစွင်းက ကြိုမသိထားသောကြောင့် ဖုယွမ်ကျိုးအမှတ်အသားပေးခံထားရသည့်ကိစ္စကို မတော်တဆထုတ်ပြောမိလိုက်သည်။ခဏအကြာတွင် သူမအရူးလုပ်ခံလိုက်ရပြီဖြစ်ကြောင်းသိလိုက်ပြီး တိတ်ဆိတ်သွားကာ ရှန်းရှီကောနာမည်ကိုထုတ်မပြောခဲ့ပေ။ မဟုတ်လျှင် ယွမ်ယဲ့က အပေါ်ထပ်ကိုပင်တက်လာတော့မည်မဟုတ်ဘဲ ဗီလာကိုတန်းသွားပြီး လူရိုက်တော့မည်မှာသေချာ၏။


"ရေးကြီးခွင်ကျယ်လုပ်မနေစမ်းပါနဲ့...."


ယွမ်ယဲ့၏မည်းမှောင်နေသည့်မျက်နှာကိုမြင်ပြီး ၎င်းက တကယ်ကိုလူသတ်တော့မည့်ပုံစံဖြစ်နေသည့်အခါ ဖုယွမ်ကျိုးမှာသက်ပြင်းချပြီးသာ နှစ်သိမ့်ပေးလိုက်ရသည်။


"အဲဒီလောက်လည်း စိတ်မပူပါနဲ့...ယာယီအမှတ်အသားလေးပါ...ပြောရရင် မတော်တဆဖြစ်သွားတာပေါ့ကွာ..."


ရှန်းရှီကောအတွက်တင်မက ယွမ်ယဲ့အတွက်လည် ထိုစကားကပိုကောင်းလိမ့်မည်။ သူသည် အမှတ်အသားကြောင့်နှင့် ယွမ်ယဲ့ကိုကျောင်းထုတ်ခံလိုက်ရသည့်အဖြစ်မျိုးမရောက်စေချင်ပေ။ အနာဂတ်တွင် ထိုသူက ပရိုဖက်ရှင်နယ်ကစားသမားတစ်ယောက်ဖြစ်လာမည်ဖြစ်သောကြောင့် ၎င်း၏ပုံရိပ်ကအင်မတန်အရေးကြီးလေသည်။


ယွမ်ယဲ့က သူ့အား ဒေါသတကြီးဖြင့် အချိန်အကြာကြီးကြည့်နေခဲ့သည်။ မျက်နှာကြောတင်းမာနေမှုက ဖြည်းဖြည်းချင်းလျော့သွားလင့်ကစား ခေါင်းငုံ့သွားပြီး စိတ်ရှုပ်ထွေးမှုနှင့်ဝမ်းနည်းမှုတို့ကိုပြသလာခဲ့သည်။ ၎င်း၏မျက်လုံးများပင် သနားစရာကောင်းသည့်ခွေးတစ်ကောင်ပမာ အနည်းငယ်နီရဲနေခဲ့ရှာသည်။


"ငါမကျေဘူးနော်...မင်းဒီလိုအနိုင်ကျင့်ခံလိုက်ရတဲ့ဟာကို...ဒါပေမဲ့လည်း မင်းကိုမကာကွယ်နိုင်ခဲ့ပြန်ဘူး...မင်းဒေါသပြေအောင်လည်းမလုပ်ပေးနိုင်ဘူး...ငါဘာမှကိုမလုပ်ပေးနိုင်တာ...."


"မင်းငါ့အတွက် စာတွေကူးပေးထားမယ်ဆို..." 

ဖုယွမ်ကျိုးပြောလိုက်သည်။ 

"မင်းယူလာလား..."


"ယူလာတယ်..."


ယွမ်ယဲ့ကနှုတ်ခမ်းကိုဖိကာ အပြင်ထွက်သွားခဲ့သည်။ ထို့နောက် လွယ်အိတ်ထဲမှစာအုပ်များကိုထုတ်ကာ ဖုယွမ်ကျိုးကိုကမ်းပေးလာ၏။ ထိုသူ၏မျက်နှာမှာ မတိုင်ခင်ထက်ပိုကြည်လင်လာလေပြီ။


"ကျေးဇူးပဲ...ဒီလောက်ဆိုရပြီ..." 

ဖုယွမ်ကျိုးက မှတ်စုစာအုပ်ကိုယူကာ ယွမ်ယဲ့ကိုပြုံးပြလိုက်သည်။

 "ငါကူးပြီးမှမင်းကိုပြန်ပေးမယ်နော်..."


"အိုကေ...မလိုပါဘူး...မင်းကိုပေးလိုက်တာ..."


ယွမ်ယဲ့က နှုတ်ဆိတ်နေသည်။ထ်ု့နောက်မှပြောလာ၏။

 

"ဒီလောက်နဲ့မရသေးဘူး...ငါမင်းအတွက်ပိုလုပ်ပေးချင်တာ...ဘာလို့လဲဆိုတော့ ငါ...."


"ကလစ်"


ထိုအချိန်မှာပင် ရှဲ့လင်က ရေနှင့်ဆေးကိုယူကာ အခန်းထဲသို့ဝင်လာခဲ့လေ၏။



♎️