Chapter 74
Viewers 4k

♎️Chapter 74




တိုက်တိုက်ဆိုင်ဆိုင်ပင် ရှဲ့လင် အခန်းထဲကိုဝင်လာခဲ့ပြီး ယွမ်ယဲ့ပြောမည့်စကားတို့ကိုနှောင့်ယှက်လိုက်သည်။ 

သူကစကားဆက်မပြောဘဲ ရှဲ့လင်ကိုသာလှမ်းကြည့်လိုက်၏။


ရှဲ့လင်က သူ့ကိုမကြည့်ဘဲ အိပ်ရာကိုတန်းနေအောင်သွားပြီး ဖုယွမ်ကျိုးအားဆေးခွက်လှမ်းပေးလိုက်သည်။


"ကျေးဇူး..."


ဖုယွမ်ကျိုးက ဆေးခွက်ကိုလှမ်းယူပြီး အခန်းထဲတွင်ရပ်နေသည့်လူနှစ်ယောက်ကိုကြည့်လိုက်သည်။ ရုတ်တရက် သူ့ရင်ထဲ၌ ရှင်းပြရခက်သည့်ခံစားချက်တို့စုဖွဲ့လာလေ၏။ ၎င်းတို့ကသူ့သူငယ်ချင်းများဖြစ်ပြီး သူ့ဘက်မှလည်း သူတို့အချင်းချင်းကလည်းခင်မင်ရင်းနှီးသည့်ဆက်ဆံရေးသာရှိခဲ့ကြသည်။ယခုတော့ သူကရှဲ့လင်နှင့်ချစ်သူများဖြစ်နေပေပြီ။


 သူ့အနေဖြင့်ယွမ်ယဲ့ကို အကျိုးအကြောင်းရှင်းပြပြီး စောစောလက်လျှော့လိုက်သင့်ကြောင်းပြောပြလိုက်သင့်သည်။


သို့ပါသော်လည်း ထိုစကားလုံးများက သူ့ပါးစပ်နားအရောက်မှာပင် ဖုယွမ်ကျိုးမပြောတတ်တော့ပေ။ သူ့ရင်ထဲတွင်လေးလံနေမိသည်၊၊ သူတကြိမ်အပြတ်ပြောလိုက်သည်နှင့် ယွမ်ယဲ့နှင့်သူ၏ခင်မင်မှုကပျက်စီးသွားမည်ဖြစ်ပြီး နောင်တွင် သူစိမ်းများဖြစ်သွားကြလိမ့်မည်။ ရှောင်ဖေးလည်းထိုနည်းတူပင်။ သည့်အပြင် သူသည်လည်းရှဲ့လင်နှင့်တွဲနေသည့်အကြောင်းကို လူတိုင်းရှေ့တွင် အနှေးနှင့်အမြန် ဖော်ထုတ်ရတော့မည်။


ဖုယွမ်ကျိုးသည်ကား နောင်တမရမိပေ။ သူရှဲ့လင်နှင့်ချစ်မိနေပြီဖြစ်၍ သူ့ထံတွင်အခြားရွေးချယ်စရာမရှိတော့သလို ဘယ်သူ့ကိုမှလည်းမရွေးချင်တော့ပေ။


သူသည်ကားစိတ်မသက်မသာဖြင့် ပြောရမည့်စကားကို အသံတိတ်စဥ်းစားနေလင့်ကစား ယွမ်ယဲ့ကမူ ၎င်း၏စာအုပ်တို့ကိုဘေးချကာ လွယ်အိတ်ကိုကောက်လွယ်၍သွားဟန်ပြင်သည်။ 


"ငါပြန်တော့မယ်...နေ့လည်ကျရင်ပွဲရှိသေးလို့..ငါလွတ်သွားလို့မရဘူး...နောက်မှပဲမင်းကိုလာတွေ့တော့မယ်..."


"....."


ဖုယွမ်ကျိုး တုံ့ဆိုင်းသွားပြီး ယခုအချိန်ကရှင်းပြရမည့်အချိန်ကောင်းမဟုတ်သေးကြောင်း သဘောပေါက်လိုက်သည်။ ယွမ်ယဲ့၏ဂိမ်းပွဲကိုလည်း နောက်မကျစေချင်သောကြောင့် သူပြောမည့်စကားတို့ကိုပြန်မျိုချလိုက်ရသည်။


ဂိမ်းအကြောင်းပြောမှ ယွမ်ယဲ့ သူ့အဖေနှင့်အဆင်ပြေသွားပုံကိုမေးချင်လာမိသည်။ သူဂိမ်းကစားသည့်အပေါ် ပါပါးယွမ်၏သဘောထားကပြောင်းလဲသွားခြင်းရှိမရှိ သူသိချင်နေမိသည်။


လွန်ခဲ့သည့်နှစ်ရက်က သူနှင့်ပါပါးယွမ်တို့ အွန်လိုင်းတွင် စကားနည်းနည်းပြောဖြစ်ခဲ့ကြသည်။ တဖက်ပုဂ္ဂိုလ်က ယွမ်ယဲ့အကြောင်းပြောရာတွင် အင်မတန်တည်ငြိမ်နေလေ၏။ ဝိရောဓိဖြစ်စရာမရှိသလိုထင်ရသော်လည်း တကယ့်အခြေအနေမှန်ကိုလည်းမသိရသောကြောင့် အပြင်လူအနေဖြင့် တိုက်ရိုက်မေးခြင်းကမကောင်းသလိုခံစားရသည်။


အခြေအနေကိုသုံးသပ်ကြည့်ပြီး ယွမ်ယဲ့စိတ်အခြေအနေဆိုးရွားသွားမည်ကို သူစိုးရိမ်သွားမိသည်။ထို့ကြောင့် နောက်ဆုံးတွင် အပိုစကားများမပြောတော့ဘဲ ရိုးရိုးရှင်းရှင်းပင်အားပေးလိုက်၏။ 


"ကြိုးစားထား..."


ယွမ်ယဲ့ကပြုံးပြလာသည်။ 


"ငါနိုင်ခဲ့ရင်..ဖိုင်နယ်ပွဲကျမင်းကိုလာကြည့်လို့ရအောင်ဖိတ်လိုက်မယ်...မင်းနေကောင်းအောင်လုပ်ထား..." 

ပြောပြီးသည့်နောက် ထိုသူသည်ရှဲ့လင်ကိုထပ်ကြည့်လိုက်ပြန်၏။ 


"စီနီယာ...သူ့ကိုကောင်းကောင်းဂရုစိုက်ပေးပါဦး..."


ရှဲ့လင်က သူ့အားခဏလောက်ကြည့်နေပြီးမှ ပြန်ဖြေလေသည်။ 

"ပြောစရာမလိုပါဘူး...ငါ့တာဝန်ပါ..".


ယွမ်ယဲ့က ပြုံးပြလိုက်ပုံနှင့် နှုတ်ခမ်းထောင့်လေးများက ကွေးသွားတိုင်အပြုံးမမည်ပေ။ သည့်နောက် ၎င်းက လှည့်မကြည့်ဘဲလက်ပြနှုတ်ဆက်သွားလေသည်။ 


"နောက်မှတွေ့မယ်..."


"သေချာပြိုင်ခဲ့..." 

ဖုယွမ်ကျိုးကလည်းပြန်ပြောလိုက်သည်။


ယွမ်ယဲ့သည် အမြန်ရောက်လာပြီး အမြန်သာပြန်ထွက်သွားခဲ့သောကြောင့် ဖုယွမ်ကျိုးမှာစိတ်သက်သာသွားလေ၏။ သူမရှင်းပြတတ်သော်လည်း ရှဲ့လင်ကိုဝမ်းမနည်းစေချင်သောကြောင့် မဖြစ်မနေပြောရမည်မှန်းသိထားခဲ့သည်။


ရုတ်ချည်းပင် သူ့အရှေ့တွင်အလင်းကွယ်သွားပြီး ရှဲ့လင်ကသူ့အားနမ်းလာခဲ့သည်။ ဖုယွမ်ကျိုးကခေါင်းမော့ကာ အနမ်းတို့ကိုပိုနက်ရှိုင်းစေလိုက်သည်။ နောက်ဆုံး၌ ၎င်းတို့နှစ်ယောက်အသက်ရှူသံများက ပရမ်းပတာဖြစ်လာခဲ့သည်။ ဖုယွမ်ကျိုးက ပင့်သက်ရှိုက်ကာ အရည်လဲ့နေသည့်မျက်လုံးများဖြင့်ပြောလာလေ၏။


 "မင်းမနာလိုဖြစ်နေတာလား..."


ရှဲ့လင်ကသူ့ပါးကိုညှစ်လိုက်ပြီး ဘာမှပြန်မပြောလာခဲ့ပေ။ သူတို့သည်အတူကြီးပြင်းခဲ့ကြပြီး ယခုတော့ ပိုပြီးပင် ပတ်သက်မိကြပြီ။ ထိုအကြောင်းအရင်းများကြောင့် ဖုယွမ်ကျိုးမှာ ၎င်း၏မျက်နှာထားနှင့်ပတ်သက်လာလျှင် ထိလွယ်ရှလွယ်အခြေအနေဖြစ်လာခဲ့၏။ သူ မပျော်ရွှင်သည့်ပုံစံဖြစ်နေလျှင် သူ့စိတ်ကချက်ချင်းပျော့သွားပြီး စိတ်ဓာတ်ကျကာ စိတ်မပျော်ဖြစ်လာရသည်။ သူ့ကိုရှဲ့လင်က ပိုင်ဆိုင်သည့်ပုံစံပြနေလျှင်မူ သူသဘောကျလေသည်။


သူသည်ကား ရှဲ့လင်ကိုဦးအောင်နမ်းပြီးပြောလိုက်သည်။ 


"ငါယွမ်ယဲ့ကိုရှင်းပြလိုက်ပါ့မယ်...မင်းကငါသဘောကျရတဲ့လူလေ...မင်းကိုသဘောကျတဲ့လူဆိုတော့...ငါကအခြားလူတွေနဲ့မပတ်သက်သင့်ဘူး...ဘယ်လိုပြောသင့်လဲဆိုတာစဥ်းစားနေရုံပါ..."


သူသည် ရှဲ့လင်၏ခါးကိုဖက်ထားရင်း အနှီသူ၏နားသို့တီးတိုးကပ်ပြောလိုက်၏။ 

"ငါမင်းကိုအရမ်းသဘောကျတယ်...ရှဲ့လင်..."


သူသည် ရှဲ့လင်ကိုသူမည်မျှသဘောကျကြောင်း သိစေချင်၍ ချစ်စကားပြောရာတွင် တွန့်တိုနေမည်မဟုတ်ပေ။ သူ့စကားကိုကြားလိုက်ရသည့်အခါ ရှဲ့လင်၏မျက်ခွံလေးများက အနည်းငယ်မျှတုန်လှုပ်သွားပြီး ဖြည်းညှင်းစွာဖြင့်ခေါင်းလှည့်လိုက်၏။ ဖုယွမ်ကျိုးက သူလုပ်ချင်နေသည့်အရာကိုအတိအကျသိနေ၍ ပျော်ရွှင်သွားရကာ ရှဲ့လင်ကိုနမ်းလိုက်လေသည်။


"ယာယီအမှတ်အသားမရှိတော့ရင်..လူကြီးတွေကိုပြောလိုက်ရအောင်..."


ရှဲ့လင်က သူ့နှုတ်ခမ်းထောင့်ကိုဖွဖွလေးနမ်းလာကာ ရင်ခွင်ထဲသို့ဆွဲယူလိုက်ရင်းပြောလာလေသည်။ 


"မင်းဒီလိုမျိုးကြီး လူတိုင်းကိုလိုက်ရှင်းပြနေစရာမလိုပါဘူး..."


ဖုယွမ်ကျိုး မှင်သက်သွားခဲ့သည်။ သူယခင်ဘဝကလည်း ဤပုံစံအတိုင်း အငြင်းခံခဲ့ရဖူး၏။ သူရှောင်ဖေးကိုသဘောကျကြောင်းပြောခဲ့ပြီး အထက်တန်းအောင်ပြီးမှတွဲပါမည်ဟုပြောခဲ့ဖူးသည်။


 ယခု သူ ရှဲ့လင်နှင့်လူသိရှင်ကြားတွဲပြလိုက်ပါက ရှောင်ဖေးလည်းသိသွားမည်ဖြစ်ပြီး စိတ်မကောင်းဖြစ်သွားမည်မှာအသေအချာပင်။


သို့သော်.....


သူရှဲ့လင်ကိုပြန်ဖက်လိုက်သည်။ သူ ရှဲ့လင်ချစ်ရေးဆိုခြင်းကိုမငြင်းနိုင်ပေ။ ထိုအချိန်က သူရှောင်ဖေးကိုထိုသို့ပြောခဲ့ခြင်းမှာ သူဘယ်သူ့ကိုမှသဘောမကျနိုင်ဟုထင်ခဲ့သောကြောင့်ပင်။ သို့ထိတိုင် သူရှဲ့လင်ကိုချစ်မှန်းသေချာသွားပြီး ပြန်တွေးကြည့်လိုက်သည့်အခါ ရှဲ့လင်ကိုစောင့်မနေစေချင်တော့ပေ။ သူလည်းထပ်မစောင့်နိုင်တော့ပေ။ အတတ်နိုင်ဆုံး ရှဲ့လင်ကို သူ့အားပိုင်ဆိုင်စေချင်သည်။


တောင်းပန်ပါတယ်...ရှောင်ဖေး....


သူမျက်လုံးမှိတ်လိုက်ပြီး ရှဲ့လင်ကို ချိုသာစွာဖြင့်တုံ့ပြန်လိုက်သည်။ 

"အိုကေ...."


နောက်ဆုံး၌ ဖုယွမ်ကျိုး၏ယာယီအမှတ်အသား လုံးဝပျောက်သွားမှ တရားဝင်တွဲကြပြီး လူကြီးများအရှေ့တွင်ပြောမည်ဟုဆုံးဖြတ်လိုက်ကြသည်။ ထိုအတိုင်းမဟုတ်ဘဲ ယခု သူတို့မိဘများအရှေ့တွင် တွဲနေသည့်အကြောင်းပြောလိုက်ပါက အနည်းငယ်ကို့ရို့ကားယားဖြစ်သွားနိုင်၏။


အိမ်တွင်တစ်ပတ်ခန့်နေပြီး နာလန်ထူလာမှ ဖုယွမ်ကျိုး ကျောင်းပြန်တက်နိုင်ခဲ့သည်။ သည်တစ်ပတ်အတွင်း၌ သူ့အခြေအနေကပိုကောင်းလာခဲ့၏။ သူ၏ဆန္ဒများက ရှန်းရှီကောကို အိပ်မက်မက်စေသော်လည်း သူ့စိတ်ထဲတွင်ရှဲ့လင်ရှိနေသောကြောင့် နာကျင်မှုနှင့်ကြောက်ရွံ့မှုတို့ကို ထပ်မခံစားရတော့ပေ။ ပိုကောင်းသည့်အတွေးမျိုးဖြင့် ထိုကိစ္စကိုကြည့်နိုင်လာခဲ့သည်။


သို့သော်လည်းညသူသည် ဖယ်ရိုမုန်းကြောင့်မဟုတ်ဘဲ ရှန်းရှီကောနှင့်ခင်မင်ခဲ့ခြင်းကြောင့် အနှီသူ၏အခြေအနေကို ပုံမှန်အတိုင်းဂရုစိုက်မိနေဆဲပင်။


သူသည်ကား ရှန်းရှီကော သူ့ကိုယ်သူသတ်သေသွားမည်စိုးရိမ်၍ ဒေါက်တာစွင်းကိုနေ့တိုင်းဆက်သွယ်၍ ရှန်းရှီကောအခြေအနေကိုမေးမြန်းခဲ့ရ၏။ ကံသီ၍ ရှန်းရှီကောအခြေအနေကတည်ငြိမ်နေပြီး သူ့ကိုယ်သူထိခိုက်စေမည့်အပြုအမူမျိုးမရှိတော့ကြောင်း အဖြေရလာခဲ့သည်။ ထိုသူသည် ဆရာဝန်၏ကုသပေးမှုကို ကောင်းကောင်းမွန်မွန်ပူးပေါင်းပေးနေသည်ဟုဆို၏။


ဖုယွမ်ကျိုးက စိတ်အေးသွားသလိုသက်ပြင်းမှုတ်ထုတ်ကာ ခပ်ရွံ့ရွံ့မေးလိုက်သည်။

 "သူ...သူတစ်ခုခုပြောသေးလား..."


"မပြောပါဘူး..." 

ဒေါက်တာစွင်းက ခဏမျှရပ်သွားပြီးနောက် ပြန်ဖြေလာသည်။ 

"သူကမင်းကိုအမှတ်အသားပေးမိလို့ တောင်းပန်ပါတယ်တဲ့..."


ဖုန်းချလိုက်ပြီးနောက် ဒေါက်တာစွင်းက က စံအိမ်ထဲသိုဝင်သွားလိုက်သည်။


 ရှန်းရှီကောသတိရလာစဥ်က အခြေအနေပိုကောင်းလာသောကြောင့် သူသည်ကိုယ်ပိုင်အိမ်ကိုပြောင်းရွှေ့ခဲ့သည်။ ဒေါက်တာစွင်းကဖုယွမ်ကျိုး၏တောင်းဆိုချက်ကြောင့်ရော ဆရာဝန်အနေဖြင့်တာဝန်ရှိနေခြင်းကြောင့်ပါ ရံဖန်ရံခါလာလည်တတ်၏။ 


သူမ၏ဆရာဝန်လုပ်သက် နှစ်သုံးဆယ်အတွင်း လူနာအမျိုးမျိုးဖြင့်ကြုံတွေ့ခဲ့ရဖူးသည်။ သူမက၎င်းတို့အားလုံးကို အညီအမျှဆက်ဆံခဲ့၏။ ရှန်းရှီကောက စိတ်ကျန်းမာရေးမကောင်းသည့်တိုင် ရှောင်ဖယ်ခြင်းမရှိသလိုကြောက်စိတ်လည်းမရှိခဲ့ပေ။ ယခုလိုလူနာမျိုးများအပေါ်တွင် သူမကပိုပြီးကိုယ်ချင်းစာစိတ်ရှိခဲ့သည်။


ရှန်းရှီကောမိသားစုက အတော်လေးကောင်းမွန်သော်လည်း သည်ရက်ပိုင်းအတွင်း သူ့မိသားစုကသူ့ထံလာလည်သည်ကို တစ်ခါမှမတွေ့ခဲ့ရပေ။ ရှန်းရှီကောထံလာပြီး ဂရုစိုက်ပေးသူအချို့ရှိသော်လည်း အိမ်နီးနားချင်းများသာ။ ၎င်းတို့ကတာဝန်အရ ရှန်းရှီကောကိုလာကြည့်ကြခြင်းဖြစ်ပြီး တကယ်ဂရုစိုက်ကြခြင်းမဟုတ်ပေ။


"ဘယ်လိုနေသေးလဲ..."


ရှန်းရှီကောသည် ရေကန်ဘေးမှလေသာဆောင်တွင်ထိုင်နေခြင်းဖြစ်ပြီး ဒေါက်တာစွင်းက သူ့အရှေ့တွင်ရပ်ကာမေးလိုက်သည်။


"အဆင်ပြေပါတယ်.." 

သူမရောက်လာသည်ကိုမြင်လိုက်၍ ရှန်းရှီကောကမတ်တပ်ရပ်ကာ ခေါင်းညိတ်ပြလိုက်သည်။ 


"ကူညီပေးတာအတွက်ကျေးဇူးတင်ပါတယ်...ဒုက္ခပေးမိပါပြီ..."


ဒေါက်တာစွင်းက သိမ်မွေ့စွာဖြင့်ပြုံးလိုက်ကာ ရှန်းရှီကောကထပ်မေးလိုက်ပြန်သည်။ 

"ယွမ်ကျိုးရော?"


"သူလည်းသက်သာနေပါပြီ...နေကောင်းသွားပြီ..မင်းစိတ်ပူဖို့မလိုတော့ဘူး..."


ဒေါက်တာစွင်းသည် မျက်လုံးထဲမှရှုပ်ထွေးမှုတို့ကိုဖော်ပြရင်း ပြန်ဖြေလာလေ၏။


ရှန်းရှီကောသတိရလာစဥ်က ၎င်းပထမဆုံးပြောလာသည့်စကားမှာ သူ့ကိုယ်သူထိခိုက်အောင်လုပ်ခဲ့ခြင်းအတွက် မည်သူကိုမှမပြောဘဲ လျို့ဝှက်ထားပေးရန်ဖြစ်ပြီး အထူးသဖြင့် ဖုယွမ်ကျိုးကိုပင်။


သူ့စကားအရ သူ့ကိုယ်သူထိခိုက်အောင်လုပ်မိသည်မှာ စိတ်မတည်ငြိမ်နေ၍ဖြစ်ပြီး ဖုယွမ်ကျိုးနှင့်မသက်ဆိုင်ပေ။ သူသည် ဖုယွမ်ကျိုး သူ့ကိုပိုကြောက်သွားပြီး သနားကာအပြစ်ရှိသလိုခံစားနေမည်စိုးရိမ်သောကြောင့် မသိစေချင်ခဲ့ပေ။ နောက်ဆုံးတွင်တော့ ၎င်းကသူ၏ရွေးချယ်မှုပင်ဖြစ်ပြီး ဖုယွမ်ကျိုးတွင်လည်းတာဝန်မရှိပေ။


ဒေါက်တာစွင်းက ဖုယွမ်ကျိုးကို အန္တရာယ်မရှိစေချင်သည့်အကြောင်းပြချက်ကြောင့် မရင်းနှီးစေချင်ကြောင်းကိုမူ မပြောခဲ့ပေ။ ရှန်းရှီကောသဘောအတိုင်း လျို့ဝှက်ထားပေးလိုက်ပြီး ဖုယွမ်ကျိုးကိုလည်းပြန်မပြောဘဲနေခဲ့သည်။


"မင်းဒါပြီးရင် ဘာဆက်လုပ်မှာလဲ..." 

ဒေါက်တာစွင်းကမေးလာခဲ့သည်။


"ကျွန်တော် ယွမ်ကျိုးကို ပြန်လျော်ပေးရမှာပေါ့...သူ့အတွက် နောက်ဆုံးတစ်ခုလုပ်ပေးပြီးရင်ထွက်သွားတော့မယ်.."


အစကသူသည် ရှောင်ချီး သူ့ကိုအကြောင်းမရှိဘဲရှောင်နေသောကြောင့် လာခဲ့ခြင်းဖြစ်ပြီး သူတို့ကြားမှခင်မင်မှုကိုထိန်းသိမ်းချင်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးအထိသူအဖြေမရခဲ့ပေ။


မည်သည့်အဖြေပင်ရပါစေ။ သူ ဤနေရာတွင်ဆက်နေလည်း ကောင်းကျိုးမရှိမှန်းသိသွားခဲ့ပြီ။ သူ့ကြောင့် ရှောင်ချီးလည်းကြာရှည်မပျော်ရတော့ပေ။ ထိုသူကိုပင် အန္တရာယ်ဖြစ်သွားစေခဲ့သောကြောင့် ရှောင်ချီးကသူ့ကိုရှောင်နေလေပြီ။ ယင်းက မှန်ကန်သည့်ရွေးချယ်မှုပင်။  သူအပါအဝင် ရှောင်ချီးကိုထိခိုက်စေမည့် မည်သည့်အရာမှရှိမနေသင့်ပေ။


ရှန်းရှီကော သူ့ရင်ဘတ်ကိုအသာထိကြည့်လိုက်သည်။ ဆေးရုံတက်ရစဥ်က ရင်ဘတ်တွင်ပတ်တီးအပြည့်စည်းထားခဲ့ရ၏။ သူစိတ်မငြိမ်သည့်အချိန်က "ယွမ်ကျိုး" ဆိုသည့်စာလုံးကိုရေးခဲ့ပြီး အနာဖေးပင်တက်နေပြီ။ နောင်အနာဂတ်တွင် ၎င်းတို့ကအမာရွတ်ကျန်နေခဲ့ရတော့မည်။


ရှောင်ချီးသူ့အားပေးလာသမျှအရာတိုင်း နာကျင်မှုပင်ဖြစ်စေ၊ သွေးပင်ဖြစ်စေ၊ သူ့အတွက် ချမ်းမြေ့စရာများဖြစ်ပြီး သူကမူ ရှောင်ချီးကိုနာကျင်အောင်မလုပ်သင့်ပေ။


ရှောင်ချီးက ထိုနာမည်ကိုမကြိုက်သည့်အတွက် "ရှောင်ချီး" ဆိုသည့်နာမည်ကိုမထိုးရဲခဲ့ဘဲ "ယွမ်ကျိုး" ဟုသာထိုးခဲ့သည်။ သို့ထိတိုင် ထိုနာမည်လေးကိုပင်ထိန်းသိမ်းထားခွင့်မရတော့ပေ။ သူယခုလိုလုပ်ခဲ့သည်ကိုရှောင်ချီးသာသိသွားပါက ရွံရှာသွားပေလိမ့်မည်။


....ဒါပေမဲ့ ဒီခန္ဓာကိုယ်သာပြာဖြစ်သွားရင် အမာရွတ်ဆိုတာလည်းမရှိတော့ဘူးပေါ့...


ရှန်းရှီကော မျက်လွှာချပြီး သူ့လက်ကိုရင်ဘတ်မှခွာကာ ငုံ့ကြည့်လိုက်သည်၊၊ ၎င်းက သွေးမလျှောက်သလို ဖြူဖတ်ဖြူရော်ဖြစ်နေ၏။


ပြာမှုန်များဘဝရောက်သွားသည်နှင့် ဘယ်အရာကိုမှမြင်ရတော့မည်မဟုတ်။


"အိမ်ပြန်တော့မှာလား.." 

ဒေါက်တာစွင်းကမေးကြည့်လိုက်သည်။

 "အိမ်ပြန်သွားရင်လည်း ကုသမှုခံဦးမှာလား..."


ရှန်းရှီကောက မျက်လုံးပင့်ကြည့်လာသည့်တိုင် တိုက်ရိုက်ပြန်မဖြေပေ။ 


"ကျွန်တော်ကုနေတာကြာပြီ..သက်ရောက်မှုသိပ်မရှိသလိုပဲ..."


ယင်းက ရှန်းရှီကော အသက်ရှင်လိုစိတ်မရှိခြင်းကြောင့်ဖြစ်ပြီး အဓိကပြဿနာတစ်ရပ်ဖြစ်နေသည်။ ယခုလိုစိတ်နှင့်သာဆိုပါက ကုသမှုခံလျှင်ပင် ရလဒ်ကောင်းမထွက်လာနိုင်ပေ။


"ဘာတွေပဲဖြစ်ဖြစ် မင်းကုသမှုခံခဲ့တာပဲ.." 

ဒေါက်တာစွင်းကသူ့အား အားပေးလာသည်။ 


"မင်းကငယ်ပါသေးတယ်..လှပတဲ့အရာတွေကမင်းကိုစောင့်မျှော်နေသေးတယ်..လွတ်မသွားစေနဲ့..."


"ကျေးဇူးတင်ပါတယ်.." 

ရှန်းရှီကောကပြုံးပြလိုက်သည်။ 

"ကျွန်တော်ကြိုးစားပါ့မယ်..."


ဒေါက်တာစွင်းမှာ စနိုးစနောင့်ဖြင့်ထွက်သွားရလေသည်။ ရှန်းရှီကောကရေကန်ဘေးတွင်ထိုင်နေပြီး ကောင်းကင်၏အရိပ်ထင်နေသောကန်ရေပြင်ကိုကြည့်နေလေသည်။ ရေကန်ကတောက်ပနေသော်လည်း သူ့မျက်လုံးထဲတွင် အလင်းစက်လေးများမရှိပေ။


လှပတဲ့အရာတွေတဲ့လား။


သူတွေ့ခဲ့ရပြီး လွဲချော်သွားခဲ့သည်။


ရှန်းရှီကောက ဖုန်းထုတ်ကာ လက်ဗွေရာဖြင့်ဖုန်းဖွင့်လိုက်သည်။ အယ်လ်ဘမ်ထဲတွင် ရှုခင်းပုံအမြောက်အများရှိနေ၏။ သူတစ်ပုံချင်းစီဆွဲကြည့်နေလိုက်သဘ်။


သူသည် နှစ်ချီအောင်ခရီးသွားလာခဲ့ပြီး မှော်ဆန်သည့် တော်ဝင်အလှတရားများစွာကို မရေတွက်နိုင်အောင်မြင်တွေ့ခဲ့ရသည်။ ကနဦးက ထိုရှုခင်းပုံများကြောင့် သူနှင့်ဖုယွမ်ကျိုးတို့ သူငယ်ချင်းဖြစ်ခဲ့ကြသည်။ အစမှအဆုံးတိုင် သူနေရာတိုင်းကို ခရီးသွားလာခဲ့ရာတွင် ရည်ရွယ်ချက်တစ်ခုသာရှိခဲ့သည် ။ သူအနှစ်သက်ဆုံးဟုပြောနိုင်မည့် အလှပဆုံးနေရာနှင့် သူသေဆုံးသွားသည့်အခါ အရိုးပြာတို့ကိုလွှင့်နိုင်မည့်နေရာတစ်ခုကိုရှာဖွေရန်ဖြစ်သည်။


သို့သော်လည်း....သူရှောင်ရမည့် နေရာအချို့လည်းရှိနေ၏။


ရှန်းရှီကောက အချို့ဓာတ်ပုံများကိုရွေးပြီး ဖျက်ပစ်လိုက်သည်။ ထိုဓာတ်ပုံများက နောက်တွင် ဖုယွမ်ကျိုးတွေ့ချင်သည်ဟုပြောဖူးသောနေရာများပင်။ ဖုယွမ်ကျိုးက သူနှင့်အတူမကြည့်ချင်လောက်၍ ရှောင်သင့်သည်ဟုယူဆလိုက်သည်။


ပိုဝေးလေ၊ ပိုကောင်းလေပင်။



♎️