Chapter 75
Viewers 4k

♎️Chapter 75




ကျောင်းရောက်သည်နှင့် တစ်ပတ်မျှအတန်းမတက်ခဲ့သောဖုယွမ်ကျိုးကို အတန်းဖော်များကဝိုင်းထားကြပြီး အားလုံးက သူ့ကျန်းမာရေးအခြေအနေကိုမေးမြန်းလာခဲ့ကြသည်။ ဖုယွမ်ကျိုးက ၎င်းတို့အားလုံးကိုကျေးဇူးတင်ကြောင်းပြောခဲ့သော်လည်း အအေးမိပြီးဖျားနာခြင်းဖြစ်ကြောင်းလိမ်လည်ထားခဲ့သည်။ ယာယီအမှတ်အသားကိစ္စကို အလွယ်တကူထုတ်ပြောလိုက်ပါက ဟိုးလေးတကျော်ကျော်ဖြစ်သွားနိုင်သောကြောင့်ပင်။


သူသည်ကား ထိန်းသိမ်းရေးလည်ပတ်ကိုဝတ်ထားပြီး ဆေးလည်းသောက်ထားသည့်အပြင် ဖယ်ရိုမုန်းတားဆေးများကိုပါ တပါတည်းသယ်လာခဲ့သည်။ လည်ဂုတ်မှအမှတ်ရာကို နူးညံပြီး အသားရောင်နီးနီးဆင်တူသည့်ပလက်စတာနှင့်ဖုံးကွယ်ထားသောကြောင့် ဘယ်သူ့ကမှသူ့အပေါ်သံသယမဝင်ကြပေ။ သူ့အခြေအနေကိုသိထားသူက ယွမ်ယဲ့တစ်ယောက်တည်းသာရှိသည်။ 


"မင်းရောက်နေပြီပဲ..." 


ယွမ်ယဲ့က သူ့ကိုတွေ့သည့်အခါ ပြုံးပြပြီးဘေးတွင်ဝင်ထိုင်ကာ လက်ဆန့်ထုတ်၍သူ့ဆံပင်တို့ကိုထိကိုင်လာလေသည်။


ဖုယွမ်ကျိုးမှာ မသင့်တော်သလိုခံစားလိုက်ရပြီး နောက်ဆုတ်လိုက်မိသည်။ 


ယွမ်ယဲ့က ဖုယွမ်ကျိုးသည်ရှဲ့လင်နှင့်ဒိတ်နေသောကြောင့် သူ့ကိုရှောင်သည်ဟု မတွေးမိပေ။ အမှတ်အသားပေးခံထားရသောအိုမီဂါက အခြားအယ်လ်ဖာကနီးကပ်လာမှုကို ကြောက်နေခြင်းဖြစ်မည်ဟုယူဆပြီး ချက်ချင်းရပ်သွားလေသည်။ 


"ဆောရီး...ငါသတိထားပါ့မယ်..."


"ရပါတယ်..." 

ဖုယွမ်ကျိုးလည်း မရှင်းပြတတ်လေရာ စကားလွှဲလိုက်လေ၏။

 "ပြိုင်ပွဲဘယ်လိုနေလဲ...နိုင်ခဲ့လား..မင်းအဖေကရောဘာပြောသေးလဲ..."


"သေချာတာပေါ့...နိုင်လာတယ်လေ...ငါကဘယ်လိုလုပ်ရှုံးနိုင်မှာလဲ.." 

ယွမ်ယဲ့က ရယ်မောနေလေသည်။ 

"အဖေလား...သူဘာပြောနိုင်မှာလဲ...သူကငါသွားပြိုင်တာတောင်သိတာမဟုတ်ဘူး...ငါ့ကိုကျောင်းမှာပဲလို့ထင်တာလေ..."


ဖုယွမ်ကျိုးက ထိုအကြောင်းကိုတွေးမိပြီးပြောလိုက်သည်။

 "ငါမင်းဝင်ပြိုင်တဲ့ဂိမ်းကိုကြားဖူးတယ်..ဖိုင်နယ်ကို ခန်းမကျယ်မှာလုပ်မှာဆို...တိုက်ရိုက်လွှင့်မယ်လို့လည်းပြောကြတယ်...မင်းအဖေမြင်သွားလောက်တယ်နော်.."


၎င်းက သာမန်ဂိမ်းပြိုင်ပွဲများထက် ပိုသာသည်။ နေရာတစ်နေရာသာ သေချာသွားပါက အားကစားလက်မှတ်ဖြင့်အသိအမှတ်ပြုခံရနိုင်သည်။ စီစဥ်သူများကလည်း ဆုတံဆိပ်ပေးနိုင်သည်။ ယင်းကြောင့်ပင် "ဂိမ်းပြိုင်ပွဲ" ဟုဆိုရမည်ထက် "ပြိုင်ပွဲကြီး" တစ်ခုနှင့်ပိုတူသည်။ ပါပါးယွမ်ကိုသာပြလိုက်လျှင် နဂိုအခြေအနေကိုပြောင်းပြန်လှန်နိုင်လိမ့်မည်။


"သူကြည့်မှာမဟုတ်ပါဘူး..."


ယွမ်ယဲ့က အားလျော့စွာဖြင့်ပြုံးလာသောကြောင့် ဖုယွမ်ကျိုးမှာ အနည်းငယ်ကူကယ်ရာမဲ့သွားခဲ့သည်။ အမှန်တွင် ပါပါးယွမ်ရော သားဖြစ်သူယွမ်ယဲ့ပါ ခေါင်းမာနေကြခြင်းပင်။ ပါပါးယွမ်က ယခင်အတိုင်းစည်းကမ်းတင်းကျပ်နေဆဲဖြစ်ပြီး သူ့ဘက်မှလည်းအလျှော့မပေးလျှင် ပါပါးယွမ်က တသက်လုံး e-sport ကစားခြင်းကို ဘဝင်ကျမည်မဟုတ်ချေ။


ဖုယွမ်ကျိုးသည် ယခင်ဘဝက ပါပါးယွမ်စိတ်ပြောင်းသွားပုံကို မမြင်ခဲ့ရဖူးသောကြောင့် လုံးဝမယုံကြည်နိုင်ပေ။ သို့သော်လည်း ထိုအတွက်ကြောင့်နှင့် သူ့ယုံကြည်ချက်ကပြောင်းလဲသွားမည်မဟုတ်။ သူ့ဘက်မှ ယွမ်ယဲ့ သူ့အိပ်မက်ကိုသဘောပေါက်နားလည်ပြီး မိသားစုမှအထောက်အပံ့ရအောင်ကူညီပေးရလိမ့်မည်။


နေ့လည် ထမင်းစားချိန်တွင် ဖုယွမ်ကျိုး ရှဲ့လင်ထံသွားခဲ့သည်။ နေ့လည်စာစားပြီးနောက်၌ အတန်းကိုပြန်ရောက်လာချိန် သူ့အားလာရှာသူရှိနေသည်ဟု ကြားလိုက်ရသည်။


 သူ့ထံရောက်လာသူကရန်ရှူးထန်ဖြစ်နေလေသည်။


"မင်းအတွက်..."


ရန်ရှူးထန်က အဖုံးနှင့်ဘူးလေးတစ်ဘူးကို ဖုယွမ်ကျိုးလာပေးခဲ့သည်။ လွန်ခဲ့သည့်ရက်က ဖုယွမ်ကျိုးကိုကျောင်းလာလျှင်ပြောရန် သူ့အား WeChat မှမက်ဆေ့ချ်ပို့ထားခဲ့၏။ ထိုသူက သည်နေ့တွင်အတန်းပြန်လာတက်သောကြောင့် အိမ်မှပစ္စည်းတစ်ခုကိုယူလာခဲ့ခြင်းဖြစ်သည်။


"အိမ်မှာလုပ်တဲ့ ဖက်ထုပ်တွေလေ...ဆေးဖက်ဝင်အရွက်တွေနဲ့လုပ်ထားတာ..မင်းခန္ဓာကိုယ်အတွက်ကောင်းတယ်..."


"ဒါ...ဒါမျိုးက...ငါလက်ခံလို့ဖြစ်ပါ့မလား..." 

ဖုယွမ်ကျိုးမှာ ယူရန်ပင် တွန့်ဆုတ်ဆုတ်ဖြစ်နေရရှာသည်။


"ဘာမှမဖြစ်ပါဘူး..." 

ရန်ရှူးထန်ကလည်း ပြန်ပြောလာ၏။ 

"ငါအတန်းထဲက အတန်းဖော်တွေအကုန်လုံးကိုပေးထားပြီးပြီ..."


ထိုအခါမှ ဖုယွမ်ကျိုးတစ်ယောက် စိတ်အေးသွားရလေသည်။ 

"ဒါဆိုလည်း ကျေးဇူးပါပဲ...ငါနောက်မှ အိမ်အကူအဒေါ်ကို မင်းစားဖို့တစ်ခုခုပြင်ခိုင်းလိုက်မယ်..."


ရန်ရှူးထန်ကခေါင်းညိတ်ပြပြီး တိတ်ဆိတ်သွားလေသည်။ စက္ကန့်အနည်းငယ်ကြာမှ သူထပ်ပြောလာခဲ့၏။ 

"မင်းအဲဒီနေ့ကပါတီကိုမှတ်မိသေးလား..."


"ဘာလဲ..." 

ဖုယွမ်ကျိုးက နားမလည်ပေ။ 

"မင်းပြောချင်တာဘာအဓိပ္ပါယ်လဲ..."


ရန်ရှူးထန်က သူ၏ ထုံပေပေအမူအရာကိုအကဲခတ်နေသည်။ ထိုသူက တစ်ခုမှကောင်းကောင်းမှတ်မိပုံမရပေ။ သူသည်နှုတ်ခမ်းကိုဖိကာ တိုးလျလှသည့်အသံဖြင့်ငြင်းဆိုလိုက်လေသည်။ 


"ဘာမှမဟုတ်တော့ဘူး..."


ထိုသူက ဆက်ပြောလာခြင်းမရှိမှ ဖုယွမ်ကျိုးလည်း ကျိတ်ပြီးသက်ပြင်းချလိုက်သည်။ တကယ်တော့ သူရန်ရှူးထန်ပြောချင်သည့်စကားကိုသိနေသည်။ အနှီသူက KTV မှကိစ္စကိုပြောချင်နေခြင်းပင်။ သူ ကော်ရစ်တာတွင် မူးနေသည့်ရန်ရှူးထန်နှင့်တိုက်မိပြီး သူ့အားနံရံတွင်တွန်းကာ နမ်းခဲ့သည်။ 


သူ့အားဖွင့်ပြောလုနီးပါးဖြစ်ခဲ့ပြီး ရန်ရှူးထန်စကားကိုဆုံးအောင်ပင်နားမထောင်ဘဲ ထွက်ပြေးလာခဲ့လိုက်၏။


ထိုအချိန်က ရန်ရှူးထန်မှာ အတော်လေးမူးနေခဲ့သည်။ ဖုယွမ်ကျိုးက ဘာသိဘာသာဖြင့်ကျော်လာပြီး ရန်ရှူးထန်ကမူးနေ၍ မမှတ်မိလောက်ဟုထင်ခဲ့သည်။ သို့သော်လည်း သူက ယောင်ဝါးဝါးသိနေခဲ့၏။ ကံကောင်း၍ ရန်ရှူးထန်၏အရက်ဒဏ်ခံနိုင်စွမ်းကသိပ်မကောင်းလှပေ။


ရန်ရှူးထန်ကမျက်လွှာချလိုက်သည်။ အကြီးအကျယ်စိတ်ပျက်အားငယ်သွားပုံက ၎င်းမျက်နှာတွင်ပေါ်နေလေ၏။


သူအမူးလွန်နေခဲ့၍ မှတ်မိသမျှက မရေရာပေ။ ဖုယွမ်ကျိုးနှင့်တွေ့ခဲ့သည်ကို မှတ်မိခဲ့သလိုသာရှိပြီး ဖွင့်ပြောရာတွင်သတ္တိရှိလာအောင် ရဲဆေးတင်ပေးလိုက်သလိုဖြစ်ခဲ့သည့်တိုင် ဟန့်တားခံလိုက်ရသည်။ ထိုသူက ဖုယွမ်ကျိုးမဟုတ်သည့်အကြောင်းပြောခဲ့သည်။ ထိုအတိုင်းဆိုလျှင် သူဘယ်သူ့ကိုပြောခဲ့ခြင်းဖြစ်မည်နည်း။


ရန်ရှူးထန်က မူးနေစဥ်တွင် မည်သည့်အရာများဖြစ်ပျက်ခဲ့မှန်းမသိရှာပေ၊၊ သို့ထိတိုင် သိရရန်လည်းကြိုးစားကြည့်ခဲ့သည်။ ဥပမာ၊ ဖုယွမ်ကျိုးကို ဖက်ထုပ်လာပေးခြင်းမျိုး။ သူအတန်းဖော်အများအပြားကိုပေးခဲ့သော်လည်း ဖုယွမ်ကျိုးကိုပေးသည့်ဘူးတစ်ဘူးတည်းကသာ သူ့လက်ဖြင့်ကိုယ်တိုင်လုပ်ထားခဲ့ခြင်းဖြစ်သည်။ နောက်တစ်မျိုးဥပမာပေးရလျှင်-


"မင်းဒီတစ်ပတ်ပိတ်ရက်အားလား..." 

ရန်ရှူးထန်က စိတ်တည်ငြိမ်အောင်လုပ်ရင်းမေးလိုက်လေ၏။ 


"တစ်ယောက်က ငါ့ကို chess master ဂိမ်းလက်မှတ်ပေးလိုက်တယ်..မင်းစိတ်ဝင်စားရင် အတူသွားကြည့်ရအောင်လေ.."


ဖုယွမ်ကျိုးမဖြေရသေးခင် လူတစ်ယောက်ကသူတို့ကြားမှ စကားဝိုင်းထဲကိုကြားဖြတ်ဝင်လာလေသည်။


"သူကဒီတစ်ပတ်ကို ငါနဲ့ချိန်းထားတယ်..." 

ရှဲ့လင်က ကော်ရစ်တာအဆုံးမှထွက်လာပြီး ရန်ရှူးထန်ကိုပြောလိုက်သည်။


"ဆောရီး...ဒီတစ်ပတ် ရှဲ့လင်နဲ့အပြင်ထွက်ဖို့ချိန်းထားလို့..." 


ဖုယွမ်ကျိုးမှာ ရန်ရှူးထန်ကိုတောင်းပန်လိုက်ရသည်။ ၎င်းကိုအကြောင်းပြပြီး ငြင်းလိုက်ခြင်းဖြစ်သော်လည်း တကယ်လည်းရှဲ့လင်နှင့်ချိန်းထားခဲ့သည်။ သည်တပတ် ယွိဖေးအမေကလည်းဆေးရုံမှဆင်းမည်ဖြစ်သောကြောင့် သူတို့နှစ်ယောက်တည်းသာရှိနေ၏။ သို့ဖြစ်၍ သူရှဲ့လင်နှင့်ဒိတ်ရလိမ့်မည်။


"ငါသိပြီ..."


ရန်ရှူးထန်က ဘယ်လိုအမူအရာမှမပြပေ။ လက်သီးတင်းတင်းဆုပ်ရင်းဖြင့်သာ ခေါင်းညိတ်ပြလိုက်သည်။ 

"နောက်မှ ထပ်ချိန်းကြတာပေါ့..."


သူထွက်သွားမှ ရှဲ့လင်ကဖုယွမ်ကျိုးကို ဖုန်းပြန်ပေးလာသည်။ ယခုအချိန်မှစပြီး သူတို့နှစ်ယောက်အတူရှိနေကြပြီဖြစ်၍ ဖုယွမ်ကျိုးက ဖုန်းကိုထိုသူလက်ထဲတွင်ထားခဲ့လေ၏။


"ငါတို့ဒီပိတ်ရက်မှာဘာလုပ်ကြမလဲ..." 

ဖုယွမ်ကျိုးမှာ ရှဲ့လင်နှင့်ဒိတ်ပြီးနောက်ပိုင်း ဘာလုပ်ရမှန်းမသိပေ။ သူတို့ကသူငယ်ချင်းများအဖြစ်သာရှိသေးသောကြောင့် လုပ်နိင်သမျှအကုန်လုပ်ကြည့်နိုင်သည်။


သူကားစဥ်းစားနေဆဲရှိသေးစဥ်မှာပင် ရှဲ့လင်ပြောလာသည့်စကားကိုကြားလိုက်ရလေ၏။


"ရေပူစမ်းသွားကြမယ်..."


♎️