Chapter 78
Viewers 4k

♎️Chapter 78



ပီယာနိုသီချင်းနာမည်ကြောင့် ဖုယွမ်ကျိုးရောအစ်မချန်ပါ ကြောင်တက်သွားကြပြီး တုံ့ပြန်လာပုံမှာမတူပါချေ။


"မင်းတို့နှစ်ယောက်ကချစ်တတ်လိုက်ကြတာ..."


အစ်မချန်ကရယ်နေပြီး ဖုယွမ်ကျိုးမှာမူ မှင်သက်နေဆဲ။ သူမှတ်မိထားခဲ့သမျှနှင့်မတူတော့ဘဲ ရှဲ့လင်ကသီချင်းကို "အချစ်" ဟုနာမည်ပေးထားခဲ့သည်။ 


ဤဘဝတွင် ရှဲ့လင်ကအချိန်ပိုစောပြီး သူ့အားချစ်ခဲ့မိ၍လည်းဖြစ်နိုင်သည်။သို့ကြောင့် သီချင်းခေါင်းစဥ်ကမတူတော့ခြင်းဖြစ်မည်။ ဒါဆို သီချင်းကနှစ်ပုဒ်ဖြစ်နေတာများလား။


ထိုသို့ဖြစ်နေခဲ့လျှင်ပင် ဖုယွမ်ကျိုးတွင် နောက်တစ်မျိုးဖြစ်နိုင်ချေကိုစဥ်းစားစရာရှိသေးသည်။ သူ့နှလုံးက ပေါက်ထွက်တော့မည့်နှယ်ခုန်လာရကာ လက်ဖဝါးတွင်ပင်ချွေးစေးများစိမ့်ထွက်လာခဲ့ရသည်။


တကယ်ကြီးကို သီချင်းကအတူတူပဲလား။ဖြစ်နိုင်လို့လား။ မကြာသေးခင်က ရှဲ့လင်တွေဝေနေပုံကိုပြန်စဥ်းစားရင်း ဖုယွမ်ကျိုးမှာ ငေးတိငေးငိုင်ဖြင့် အခန်းသို့ပြန်လာခဲ့ရသည်။


အခန်းကတစ်ခန်းတည်းဆိုသော်ငြား သူနှင့်ရှဲ့လင်တို့ကသီးခြားစီခွဲအိပ်ခဲ့ကြ၏။ သူသည် မီးပိတ်ပြီးအိပ်ရာထဲတွင်လှဲနေခဲ့သော်လည်း အိပ်မပျော်နိုင်ခဲ့ဘဲ ကုတင်ပေါ်တွင်လူးလှိမ့်နေခဲ့၏။ အနည်းငယ်မျှပင်စိတ်သောကရောက်နေခဲ့သေးသည်။


ယခုလေးတင် ရှဲ့လင်တီးပြခဲ့သည့်ပီယာနိုသံစဥ်က ခင်ဘဝနှင့်ကွာခြားနေခဲ့သည်၊၊ တီးခတ်ခဲ့သူကမူ တစ်ယောက်တည်းပင်။


ဖုယွမ်ကျိုးမှာ မျက်လုံးကြောင်နေရင်း အမှောင်ထုကြီးကိုသာစိုက်ကြည့်နေမိသည်။ ရုတ်ချည်းပင် ယခင်ဘဝက သူသီချင်းကိုသဘောကျကြောင်းပြောလိုက်ချိန်၌ ရှဲ့လင် သူ့အားကြည့်လာသည့်မျက်လုံးကိုသတိရမိလိုက်သည်။


၎င်းကပျော်သွားပုံမရဘဲ စိတ်ဓာတ်ကျသွားသလိုဖြစ်နေပြီး ရှုပ်ထွေးဖွယ်ခံစားချက်တို့ကို မြိုသိပ်ထားသလိုပင်။ သို့သော်လည်း နောက်ဆုံးအချိန်အထိ ရှဲ့လင်ကစကားထပ်မပြောတော့ဘဲ သူ့ဆံပင်များကိုသာဖွလာခဲ့သည်။


ထိုအချိန်က ဖုယွမ်ကျိုးမှာ အထူးတလည်ခံစားချက်မျိုးမဖြစ်ခဲ့သည့်တိုင် နှလုံးသားထဲမှဆန်းကြယ်သည့်ခံစားချက်ကိုမူ အပြင်းအထန်ရနေခဲ့သည်။ သူက ၎င်းကိုအသေးအဖွဲလေးဟုသာထင်ခဲ့ပြီး နောက်ပိုင်းတွင်လည်း ရှဲ့လင်ကိုမမေးခဲ့မိပေ။ သို့သော် ရံဖန်ရံခါခေါင်းထဲဝင်လာတိုင်း ရင်ဘတ်ထဲတွင်တင်းကျပ်နေခဲ့သည်။


ထိုအချိန်က ယင်းက အရေးမကြီးခဲ့ပေ၊၊ သို့သော် မှတ်မိသွားသည်နှင့် မျက်နှာပေါ်မှအမူအရာကလေးနက်လာခဲ့သည်၊၊ ယခုမှပင် သူထိုအကြည့်ကို ရှင်းရှင်းလင်းလင်းမှတ်မိသွားခဲ့ပြီ။


ဖုယွမ်ကျိုးမှာ စိတ်မသက်မသာဖြစ်လာရပြီး ထပ်မစဥ်းစားနိုင်တော့ပါချေ။ စောင်ကိုဖယ်ကာထထိုင်လိုက်ပြီး အခန်းသော့ကိုကိုင်ကာ အပြင်ထွက်လာခဲ့လိုက်သည်။


ညဥ့်နက်နေပြီ။ သူသည်ကား ကော်ရစ်တာတွင်ဦးတည်ရာမဲ့လျှောက်သွားနေခဲ့၏။ မီးရောင်ကမှိန်လွန်းသောကြောင့် ကျယ်ဝန်းသည့်ပြတင်းပေါက်မှ လရောင်လေးဝင်နေခဲ့သည်။ နေရာတိုင်းက ဆိတ်ငြိမ်နေပြီး အထီးကျန်သည့်ခံစားချက်ကိုပေးနေခဲ့၏။


ဖုယွမ်ကျိုး အပြင်တွင်ခဏမျှရပ်နေပြီး မြူဝေနေသည့်ရှုခင်းကိုကြည့်နေလိုက်သည်။ အနောက်ဘက်မှ ခပ်တိုးတိုးခေါ်သံထွက်လာသည့်အခါ လှည့်ကြည့်လိုက်ပြီး အစ်မချန်ဖြစ်နေသောကြောင့် အံ့အားသင့်စွာဖြင်မေးကြည့်လိုက်သည်။ 


"အစ်မချန်...အခုထိမအိပ်သေးဘူးလား..."


"ငါစာရင်းတွေလုပ်နေတာ...အခုပဲအိပ်တော့မလို့..." 

အစ်မချန်ကပြုံးကာ သူ့အားမေးလာပြန်သည်။ 


"မင်းရောမအိပ်သေးဘူးလား...အပျော်လွန်ပြီးအိပ်မရတော့ဘူးလား..."


သူမသည် ဖုယွမ်ကျိုးက ရှဲ့လင်၏သီချင်းကြောင့် စိတ်လှုပ်ရှားပြီးအိပ်မပျော်ဖြစ်နေသည်ဟု ထင်နေသော်လည်း သူမစကားဆုံးသွားသည်နှင့် ဖုယွမ်ကျိုးကသူမအားခပ်တောင့်တောင့်ပြုံးပြလာ​ခဲ့သည်။


 သူစိတ်မချမ်းသာဖြစ်နေသည်ကိုတွေ့မှ မှင်သက်သွားပြီး အကျိုးအကြောင်းမေးလိုက်၏။ 


"ဘာဖြစ်လို့လဲ...တစ်ခုခုဖြစ်နေလို့လား...ပြောပြလေ..."


ဖုယွမ်ကျိုးမှာ ပြောရခက်နေဆဲ။ အစ်မချန်က သူ လူတစ်ယောက်နှင့် ပွင့်ပွင့်လင်းလင်းပြောရန်လိုနေသည်ဟုထင်လိုက်သောကြောင့် သူ့အားနားနေဆောင်သို့ခေါ်သွားခဲ့ပြီး ရေတစ်ခွက်ခပ်ပေးကာ မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ 


"ပြောလေ...တစ်ယောက်တည်းသည်းခံမနေနဲ့..."


"ရှဲ့လင် ကျွန်တော့်ကိုသဘောကျနေတယ်ဆိုတာ...သိတာကြာပြီလား..." 

ဖုယွမ်ကျိုးမှာ ခေတ္တမျှနှုတ်ဆိတ်နေပြီးနောက် ထုတ်မေးလိုက်လေသည်။ 


"အင်း.."

 အစ်မချန်ကခေါင်းညိတ်ပြလိုက်သည်။ 

"အရမ်းသိသာနေတာပဲကို...သူမင်းကိုသဘောကျနေတာကြာပြီ...မင်းဂျုနီယာအထက်တန်းတည်းကလို့တော့ထင်တာပဲ..ဘာလို့လဲ...အရင်ကမသိခဲ့ဘူးလား..."


"မသိခဲ့ဘူး...သူကျွန်တော့်ကိုဖွင့်ပြောတာလည်းမကြာသေးဘူးလေ..." 


ဖုယွမ်ကျိုးကလည်း ပြန်ပြောလိုက်၏။


"သူမင်းကိုဖွင့်ပြောတာမကြာသေးဘူးလား..." 

အစ်မချန်က အံ့ဩသွားလေ၏။ 


"ငါကတော့ သူမင်းကိုဖွင့်ပြောထားပြီးပြီထင်ခဲ့တာ...မင်းတို့နှစ်ယောက်အတူမဟုတ်တာတွေ့တော့...သူငြင်းခံလိုက်ရပြီလို့ငါထင်ခဲ့တာ...မင်းတို့က ကလေးအရွယ်တည်းကငယ်ကျွမ်းဆွေတွေပဲလေ..သာမန်လူတစ်ယောက်သာ အစောကြီးတည်းက သဘောကျနေခဲ့ရင် ငါကူညီပေးမှာမဟုတ်ဘူး..ဒါပေမဲ့ မင်းတို့နှစ်ယောက်ကတော့ တစ်မျိုးထူးခြားတယ်လေ..."


ဖုယွမ်ကျိုးဆွံအသွားသည်၊၊ ယင်းကအမှန်တကယ်ပင်ဖြစ်နေခဲ့၏။ သူထပ်မေးကြည့်လိုက်သည်။ 


"အစ်မအမြင်အရဆိုရင်ရော...ရှဲ့လင်မှာ ကျွန်တော့်ထက်အရင်သဘောကျသူရှိမယ်ထင်လား..."


၎င်းက အနည်းငယ်စိတ်ရှုပ်စရာကောင်းပြီး ဤဘဝတွင် ရှဲ့လင်မှသူ့အားသဘောကျနေခြင်းက ယခင်ဘဝနှင့် တထပ်တည်းဖြစ်နေခြင်းဟုတ်မဟုတ် သူအသေးစိတ်သိချင်နေခဲ့သည်။ ထပ်တူဖြစ်ခဲ့မည်ဆိုလျှင် ရှဲ့လင်သည် ယခင်ဘဝတည်းကသူ့အပေါ် ယခုသဘောထားအတိုင်းရှိခဲ့နိုင်၏။


"ဒါတော့များသွားပြီ...ငါစဥ်းစားကြည့်လိုက်ဦးမယ်..."


အစ်မချန်က ပြန်တွေးကြည့်နေလိုက်၏။ 

"ဥပမာ...မင်းတို့နေ့တိုင်းတော့ ဂွတ်မောနင်း၊ ဂွတ်နိုက်လောက်တော့ပြောကြတယ်မလား...မင်းတို့ဒီလိုမျိုးစာတွေပို့ခဲ့ကြတာ နှစ်တွေကြာနေပြီဆိုတော့ အကျင့်ဖြစ်နေလောက်ပြီ..သာမန်သူငယ်ချင်းတွေတောင်ဒီလိုမဟုတ်ကြဘူးလေ..ဟုတ်တယ်မလား..."


ဖုယွမ်ကျိုးက စကားမပြန်မိ။ ထိုအကျင့်က နွေရာသီတွင်အဘိုးဖြစ်သူဆုံးသွားပြီးနောက်ပိုင်းမှစတင်ခဲ့ခြင်းဖြစ်သည်။ တောရွာလေးမှပြန်လာပြီးသည့်နောက် သူဝမ်းနည်းရလွန်း၍ အိပ်မပျော်နိုင်ခဲ့ပေ။ ရှဲ့လင်က သူ့အားဂွတ်နိုက်ဟုပြောမှ သူစိတ်သက်သာနိုင်ခဲ့သည်။ သူအရိပ်မည်းများကြားမှ တရွေ့ရွေ့တိုးထွက်လာပြီးသည့်တိုင် အဆိုပါအကျင့်ကစွဲနေသေးပြီး နှစ်များစွာကြာအောင်ရှိနေခဲ့ခြင်းဖြစ်သည်။


"ဥပမာ...မင်းဂျုနီယာအထက်တန်းတုန်းက ဒရမ်မာအတွက် ဝင်သရုပ်ဆောင်ချင်တယ်...အတန်းက 'အိပ်ပျော်နေတဲ့အလှလေး' ဇာတ်လမ်းကိုရွေးထားတယ်..ဒါပေမဲ့ ဖယ်ချခံလိုက်ရတယ်...မင်းကမင်းသားလေးနေရာမှာဝင်သရုပ်ဆောင်ချင်တာ...ဒါပေမဲ့မအောင်မြင်ဘူး..အဲဒီတော့မင်းစိတ်ဓာတ်ကျသွားမယ်...မင်းမသိလို့လည်းဖြစ်နိုင်တယ်...အတန်းတစ်ခုချင်းစီရဲ့ဇာတ်လမ်းတိုင်းကို ကျောင်းသားကောင်စီကအရင်စစ်ရတယ်..မင်းရဲ့ဇာတ်လမ်းကို ရှဲ့လင်ကိုယ်တိုင်ကဖယ်ပစ်လိုက်တာ...ဘာလို့လဲဆိုတော့ မင်း မင်းသားလေးနေရာမှာသရုပ်ဆောင်မှာကိုသူမကြိုက်လို့လေ.."


အစ်မချန်က ရယ်နေသော်လည်း ဖုယွမ်ကျိုးကမူ စိတ်ကျဥ်းကျပ်နေဆဲ။ ယခင်ဘဝကလည်းထိုအတိုင်းဖြစ်ခဲ့ဖူးသည်။ ရှဲ့လင်က ဇာတ်လမ်းကိုဖယ်ချပစ်မည်ဟုသူမထင်ထားခဲ့ပေ။ ကျောင်းသားသမ္မဂက ညွှန်ကြားထား၍ဖြစ်မည်ဟုသူထင်ခဲ့သည်။ နောက်ပိုင်း၌ သူရှဲ့လင်ကို ဆရာနှင့်စကားပြောကြည့်ရန်တောင်းဆိုခဲ့သေးသည့်တိုင် ရှဲ့လင်ကလက်မခံခဲ့ပေ။ စကားပြောကြည့်လျှင် အဆင်ပြေသွားနိုင်လင့်ကစား ရှဲ့လင်ကသူ့အား အောင်ခွင့်မပေးခဲ့ပေ။


"ဒါပေမဲ့ အစ်မချန်...သူ မလုပ်စေချင်တာကိုဘယ်လိုသိလဲ..."


"သူအိမ်ယူလာတယ်လေ...အဲဒီနေ့က ငါသူ့အမေကိုကူညီပေးနေခဲ့ရတော့ ဖြစ်သွားတာတွေအကုန်လုံးကိုမြင်လိုက်တာ..."


အစ်မချန်ကပြုံးလိုက်ပါ၏။


 "မင်းနောက်ပိုင်း သူ့ကိုပြောဆိုနေတယ်လို့ငါကြားရပါတယ်...ငါတကယ်အံ့ဩသွားတာ...ငါပြောမိတော့မလို့..ဒါပေမဲ့ငါထိန်းလိုက်နိုင်ပါတယ်...နောက်ပိုင်း ငါသတိထားကြည့်မိလိုက်တော့ သူမင်းကိုသဘောကျနေတာဖြစ်မယ်လို့ငါသိလိုက်တယ်..."


"ဒါဆိုလည်း ဘာလို့မပြောတာလဲဗျာ..."


 ဖုယွမ်ကျိုး ယောင်ဝါးဝါးနှင့်ရေရွတ်မိလိုက်သည်။


"သူကအရမ်းသတိထားနေတာကိုး..." 

အစ်မချန်က ဖြေလာ၏။ 


"မင်းသိလား...သူ့မိဘတွေကအရမ်းတင်းကြပ်ထားတာ..ငါတို့မသိသေးတဲ့ကိစ္စတွေအများကြီးရှိသေးတယ်..သူကမင်းလိုအချစ်ခံလေးမဟုတ်ဘူး...သူ့စိတ်ထဲမှာ ဖုံးကွယ်ထားတာတွေအများကြီးရှိသေးတယ်...သူ့မှာမင်းကိုဖွင့်ပြောဖို့ ဆယ်နှစ်တောင်အချိန်ယူခဲ့ရတာ...မင်းကိုသူများတွေလုသွားရင် သူဘယ်လိုလုပ်မလဲ..."


သူမဘက်မှ ထိုစကားမျိုးကြားလိုက်ရသည့်အခါ ဖုယွမ်ကျိုးသည်မထင်မှတ်ဘဲ အတိတ်ဘဝက ယွိဖေးနှင့်တွဲခဲ့သည့်ကိစ္စကိုပြန်တွေးမိသွားခဲ့သည်။


ထိုအချိန်က သူနှင့်ယွိဖေးတို့နှစ်ယောက်အတည်တွဲကြသည်နှင့် သူထိုအကြောင်းကို ရှဲ့လင်ထံပြောပြလိုက်သည်။


ရှဲ့လင်မပျော်သလိုဖြစ်နေသည်ကိုသူသိနေခဲ့ပြီး ရှဲ့လင်၏လည်ဂုတ်ကိုဖက်တွယ်ကာ အနှီသူကိုစနောက်ရန်ကြိုးစားကြည့်သေးသည်။ သူတို့အခင်အမင်မပျက်ရှိနေသေးသည့်အကြောင်း သူတို့ကထာဝရသူငယ်ချင်းကောင်းများဖြစ်ကြောင်း အနာဂတ်တွင် သူတို့ကသမီးယောက်ဖများအဖြစ်ပင် ဆွေမျိုးတော်သွားတော့မည့်အကြောင်းပြောခဲ့သေး၏။


သူသည်ကား စိတ်ပေါ့ပါးနေခဲ့၏။ ယွိဖေးနှင့်ဒိတ်လုပ်ရုံသာရှိသေးစဥ် ဘယ်လိုလုပ်လက်ထပ်သည့်အဆင့်အထိတွေးနိုင်မည်နည်း။ သူသည်ကား ရှဲ့လင်ကိုနောက်ပြောင်ရုံသာရှိခဲ့သည့်တိုင် ရှဲ့လင်ကသူ့လက်ကိုပုတ်ထုတ်ပြီးထွက်သွားခဲ့သည်။ နောက်ပိုင်း သူနှင့်ယွိဖေးတို့အတူရှိနေသည်ကိုမြင်တိုင်း ရှဲ့လင်ကအမြဲလှည့်ထွက်သွားခဲ့လေ၏။


သူ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ ရှဲ့လင်က သူနှင့်ယွိဖေးတို့တွဲနေသည့်အပေါ် ဘာကြောင့် အလေးအနက်ဖြစ်နေမှန်းမသိခဲ့ရပေ။ ညီမဖြစ်သူကိုကာကွယ်ပေးခြင်းဟုပြောသော်လည်း မဟုတ်သေးပေ။ တဝမ်းကွဲမောင်နှမများကြားမှ ကောင်းမွန်သည့်ဆက်ဆံရေးအကြောင်းကို သူမသိခဲ့ရပေ။


သူသည် ထိုအကြောင်းကို ယွိဖေးနှင့်ဆွေးနွေးခဲ့ပြီး သူမအတွေးကိုသိချင်ခဲ့သည်။ ရှဲ့လင်၏ သဘောထားကြောင့် သူမစိတ်ထိခိုက်သွားမည့်အရေးကိုလည်းစိုးရိမ်ရသေး၏။ ယွိဖေးသည်လည်း ဝမ်းနည်းခဲ့ရသည်။ ရှဲ့လင်ကြောင့်မဟုတ်ဘဲ သူမကိုယ်တိုင်ကြောင့်သာ။


သူမသည် ရှဲ့လင်အပေါ်အပြစ်ရှိသလိုခံစားနေရပြီး ခပ်တိုးတိုးလေးပြောလာခဲ့၏။ 


"ငါ့သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်..."


"ဘာလို့အဲဒီလိုမျိုးပြောနေရတာလဲ..."


ထို့နောက် သူမေးလိုက်မိလေ၏။


"ငါတို့ကသူ့ကို နှင်းတောထဲမှပစ်ထားခဲ့တာမှမဟုတ်တာ...ဘာလို့စိတ်မကောင်းဖြစ်နေရတာလဲ..."


သူသည်ကား အမှန်တကယ် စိတ်ရှုပ်ထွေးခဲ့ရလေသည်။သူရှဲ့လင်၏မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်နိုင်ခဲ့သည်ဟုထင်ခဲ့မိသည်။ ရှဲ့လင်ကိုလျစ်လျူရှုခဲ့ခြင်းမရှိသလို ရှောင်ဖေးနှင့်လည်း နှစ်ယောက်တည်းဒိတ်ခဲ့ခြင်းမျိုးမရှိပေ။ သူတို့သုံးယောက်ကအမြဲအတူရှိခဲ့ကြပြီး သူတို့ဆက်ဆံရေးကိုလည်း တတ်နိုင်သမျှလျို့ဝှက်ထားခဲ့ကြသည်။ ရှောင်ဖေးစိတ်မကောင်းဖြစ်သွားမည်စိုးရိမ်၍ ထိုသူအရှေ့တွင် သိသာအောင်မဖော်ပြခဲ့ပေ။ ဘာကြောင့်ရှဲ့လင်က စိတ်ဆိုးနေမှန်း သူနားမလည်နိုင်တော့ပေ။


"မဟုတ်ဘူး...သူ့ကြောင့်မဟုတ်ပါဘူး...ကျိုးအာ...ငါသူ့အစားတောင်းပန်ပါတယ်.." 


ယွိဖေးအသံမှာ တိုးညှင်းလွန်းနေ၏။

 "ငါ့ကနင့်ကို သူ့လက်ထဲကနေလုခဲ့တာလေ...ငါနားလည်ပါတယ်..ဒါပေမဲ့ ငါကတော့လုံးဝနောင်တမရဘူး..."


"သူ့ဆီကနေလုတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ..." 

သူကပြုံးရင်းဖြင့်နှစ်သိမ့်ပေးလိုက်သည်။


 "ငါတို့ဆက်ဆံရေးကဘယ်လောက်ပဲကောင်းပါစေ...နောက်ကျရင် ငါတို့နှစ်ယောက်လုံး မိသားစုတစ်စုကိုတည်ဆောက်ပြီး စီးပွားရေး​လုပ်ကြမှာလေ..ငါတို့တွေက တသက်လုံးအတူနေသွားလို့မှမရတာ...အဲဒါကစိတ်မကောင်းစရာပဲ..."


သူထိုသို့နှစ်သိမ့်ပေးလိုက်စဥ်က ရှောင်ဖေးသည်ရယ်မောရင်းဖြင့်သာတုံ့ပြန်ခဲ့သည်ကို မှတ်မိနေသေးသည်။


သူနှင့်ရှောင်ဖေးတို့တွဲနေခဲ့သည့်ထိုအချိန်က သူ့ကို ကယ်ရာမဲ့သည့်ခံစားချက်ဖြစ်စေခဲ့ပြီး သူနှင့်ရှဲ့လင်သည်လည်း ယခင်ကလောက်မရင်းနှီးကြတော့ပေ။


သည်လိုနှင့် နှစ်အနည်းငယ်ကြာသွားခဲ့ပြီး သူနှင့်ရှောင်ဖေးတို့လမ်းခွဲလိုက်ရကာ သူကရှန်းရှီကောရှိသည့်နေရာကိုထွက်သွားပြီး စိတ်အပန်းဖြေခဲ့သည်။ ထို့နောက် တရုတ်ပြည်ကိုပြန်လာပြီး ရှဲ့လင်ကသူ့အားလေဆိပ်တွင်လာကြိုခဲ့သည်။သူတို့လမ်းခွဲလိုက်ခြင်းက သူအဖြစ်ချင်ဆုံးအရာဟုပြောခဲ့သည်။


ထိုအချိန်က သူစိတ်ဆိုးဒေါသထွက်ခဲ့ရသည်။ ရှဲ့လင်က တကိုယ်ကောင်းဆန်လွန်းသည်ဟု ထင်ခဲ့သော်လည်း ယခုတော့ ထိုစကားထဲတွင် ပိုမိုနက်နဲသည့်အဓိပ္ပါယ်တစ်ရပ်ကိန်းအောင်းနေခဲ့သည် ။ ရှဲ့လင်ကသူ့မျက်ဝန်းများထဲကိုငေးကြည့်ရင်း အမည်မရှိသီချင်းတစ်ပုဒ်ကိုဆိုပြခဲ့သည်၊၊ ရှောင်ဖေး၏အပြစ်ရှိစိတ် ရှဲ့လင် သူတို့ကိုတွေ့တိုင်းရှောင်ဖယ်ခဲ့မှုများ။


အရာအားလုံးကပေါ်ထွက်လာခဲ့ပြီ။


ယခင်ဘဝက သီချင်းနာမည်မရှိခဲ့ခြင်းမဟုတ်ဘဲ ရှဲ့လင်ကသူ့အားမပြောပြခဲ့ရုံသာ။


ထိုသူက သူ့အား နှစ်ဘဝတိုင်ချစ်မြတ်နိုးနေခဲ့ခြင်းပင်။


ဖုယွမ်ကျိုးနှလုံးသားက ဆိုးဆိုးရွားရွားကိုက်ခဲလာခဲ့သည်။ မျက်လုံးများပင် နီရဲလာပြီး အသက်ရှူပင်ခက်လာရ၏။


"မင်းဘာဖြစ်နေတာလဲ..." 

အစ်မချန်က နောက်ဆုတ်သွားသည်။သူအခုလေးတင်အဆင်ပြေနေခဲ့တာပါ။ ချက်ချင်းကြီးငိုတော့မလို့များလား။


"အစ်မချန်..."


ဖုယွမ်ကျိုးနှာရှုံ့လိုက်ပြီး သူ့အသံကအက်ကွဲနေခဲ့၏။ 

"ရှဲ့လင်အခန်းရဲ့ အပိုသော့ပေးပါလား...ကျွန်တော်သူ့ကိုတွေ့ချင်လာလို့ပါ..."


သူထပ်မစောင့်နိုင်တော့ပေ။ သူအခုချက်ချင်း ရှဲ့လင်ကိုသွားတွေ့လိုက်ချင်သော်လည်း အခုအချိန်ကနောက်ကျနေပြီ။ ရှဲ့လင်လည်းအိပ်နေလောက်ပြီ။ သူအိပ်နေသည်ကို မနှောင့်ယှက်ချင်ပေ။ သည်အတိုင်း တိတ်တဆိတ်သွားတွေ့ချင်ရုံသာ။


အစ်မချန်က နည်းနည်းအံ့ဩသွားသည့်တိုင် သူ့သဘောအတိုင်း အပိုသော့ကတ်ကိုပေးလိုက်သည်။ ကံကောင်း၍ ရှဲ့လင်ကလုံခြုံရေးကြိုးမတပ်ထားသောကြောင့် ဖုယွမ်ကျိုး ကတ်ဆွဲလိုက်သည်နှင့် တံခါးပွင့်သွားခဲ့သည်။


ဖုယွမ်ကျိုး ထိုသူမနိုးသွားရအောင် ခြေလှမ်းဖွဖွနင်းကာ အခန်းထဲသို့ဝင်သွားလိုက်၏။ ရှဲ့လင်က မီးရောင်မှိန်မှိန်လေးထွန်းထားသောကြောင့် ထိုသူမျက်နှာကို ရှင်းရှင်းလင်းလင်းမြင်နိုင်သည်၊၊


 သူနှင့်ရှဲ့လင်သည် နှစ်များစွာမြင်တွေ့လာခဲ့ကြသည့်တိုင် ယခုတော့သူပိုကြည့်လေ သူ့ ကိုပိုသဘောကျလာလေ၊ ပိုကြည့်လေ ပိုချစ်မိလာလေပင်။


ဖုယွမ်ကျိုးက ဖြည်းဖြည်းချင်းဆောင့်ကြောင့်ထိုင်ကာ အိပ်ရာဘေးတွင်ဝင်လှဲလိုက်ရင်း ရှဲ့လင်ကိုကြည့်နေလိုက်၏။ ထိုသူကို အချိန်အတန်ကြာကြည့်နေပြီးနောက်မှ သူ့နှလုံးသားထဲမှနာကျင်မှုကပြေလျော့သွားခဲ့သည်။ သို့သော် ၎င်းမှအခေါင်းပေါက်ထဲတွင် ချိုမြိန်မှုနှင့်သန့်စင်သည့်အချစ်တို့ကပြည့်နေလေ၏။


ကံကောင်းထောက်မစွာဖြင့် ဤတစ်ကြိမ်တွင်သူတို့မလွဲချော်ခဲ့ကြပေ။


ကံကောင်းထောက်မ၍ ဤဘဝတွင် ရှဲ့လင်ကသူ့အားချစ်နေမှန်းသိခဲ့ရပြီး သူ့ဘက်မှလည်းရှဲ့လင်ကိုချစ်လာခဲ့သည်။


သို့တိုင် "ကံကောင်းမှု" ဟုမခေါ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် ရှဲ့လင်ကသူ့အား တစိမ့်စိမ့်နှင့်ချစ်မိလာစေခဲ့၍ပင်။ ရှဲ့လင်ကသူ့ကို ပုံမှန်အတိုင်းချစ်မိခဲ့သည်ဟုဆိုခဲ့​ပြီး သူသည်လည်း ရှဲ့လင်ကိုသဘောကျခဲ့သည်။ ရှဲ့လင်ကဒီလောက်ကောင်းတာ ဘယ်လိုလုပ်သဘောမကျဘဲ နေနိုင်ပါမည်နည်း။


ဖုယွမ်ကျိုးသည် ရှဲ့လင်းအိပ်ပျော်နေသည့်မျက်နှာကိုငေးကြည့်ရင်း ငိုချင်လာရပြီး ရုတ်တရက်နမ်းချင်စိတ်ဖြစ်လာရပြန်၏။


သူသည်ကား ရှဲ့လင်၏နှုတ်ခမ်းအနားသို့ဖြည်းဖြည်းချင်းတိုးကပ်သွားပြီး ထိုသူ၏နှုတ်ခမ်းတို့ကိုမထိမိခင် ရပ်လိုက်သည်။ တခြားသူအိပ်ပျော်နေချိန်တွင် ခိုးနမ်းရန်ကြိုးစားသည့်သူ့အပြုအမူကို သူကိုယ်တိုင်အရှက်ရသွားခဲ့၏၊ ဒါကဘာလဲ။


သူရှဲ့လက်ကိုမနိုးသွားစေချင်ပေ။ သို့ဖြစ်၍ နောက်တဖန်နောက်ဆုတ်လိုက်ပြန်၏။  သူထတော့မည့်အချိန်တွင် လက်တစ်ဖက်က သူ့ခေါင်းအနောက်ဘက်ကိုအုပ်ကိုင်လာပြီး မျက်နှာကိုနိမ့်လာစေကာ သူ၏နူးညံ့သည့်နှုတ်ခမ်းတို့ကိုနမ်းရှိုက်လာလေသည်။


♎️